← Chapters

သစ္စာဖောက်

Vol. 43 Ch. 645

သစ္စာဖောက်

Vol. 43 Ch. 645

“အရူးလူသတ်သမား ဟုတ်လား”

တုကျင်းသည် ဤရပ်ကွက်၏ သက်တမ်းအရှည်ဆုံး အိမ်ငှားတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးပေ။ တုကျင်းက မတုံ့ပြန်သဖြင့် ထန်ဟန်လုသည် အားယူရပ်လိုက်ပြီး တံခါးဆီသို့ တွားသွားကာ တံခါးသော့ခတ်ထားကြောင်း အတည်ပြုလိုက်သည်။ ထိုအခါမှသာ နောက်ဆုံးတွင် သူမ စိတ်အေးသွားတော့သည်။

“အဘွား... ဒီနေရာကနေ ဘယ်မှမသွားနဲ့နော်၊ အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ ရဲတွေလာတဲ့အထိ စောင့်ရအောင်”

ထန်ဟန်လု၏ အိမ်သည် ဤအဆောက်အဦးထဲတွင် ရှိသော်လည်း သူမအနေဖြင့် နွေးထွေးမှု အရိပ်အယောင်ကို မခံစားရပေ။ အထပ်တိုင်းက သူမကို ခြောက်ချားစေသည်။ အဆောက်အဦးသည် လူနေအဆောက်အဦးတစ်ခု မဟုတ်ဘဲ ဧရာမ ရင်ခွဲရုံကြီးတစ်ခုဖြစ်သည်။တုကျင်းကို တွေ့လိုက်မှသာ သူမ၏ နှလုံးသားက ခိုနားရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

အခန်းထဲတွင် နွေးထွေးသော အလှဆင်မှုများနှင့် စိတ်အေးချမ်းစေသော အလင်းရောင်များ ရှိနေသည်။ ၎င်းသည် ဆောင်းရာသီတွင် သောက်ရသည့် လက်ဖက်ရည်ပူပူ တစ်ခွက်ကဲ့သို့ပင်။ ထန်ဟန်လုခန္ဓာကိုယ်ပေါ်က နှင်းခဲများကို အရည်ပျော်သွားစေသည်။

“ကောင်းပါပြီ... အဘွားတို့ ဘယ်မှမသွားပါဘူး”

တုကျင်းက ထန်ဟန်လုကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူမသည် ဖျော်ရည်တစ်ခွက် ငှဲ့ကာ ကော်ဖီစားပွဲပေါ်တွင် တင်ပေးလိုက်သည်။

“သမီး အရမ်းကြောက်သွားမှာပဲ၊ သမီးရဲ့ မိသားစုတွေကော ဘယ်မှာလဲ”

“မေမေက အလုပ်မှာပဲ ရှိသေးတယ်၊ သူက အရမ်းအလုပ်များနေတာ”

ကိုယ်အင်္ဂါချွတ်ယွင်းနေသော ကလေးများက မနာလိုစွာ စိုက်ကြည့်နေစဉ်မှာပင် ထန်ဟန်လုသည် စားပွဲပေါ်မှ ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။ သူမ၏ စိတ်ခံစားချက်များက အလွန်ကျဆင်းနေလေသည်။ သူမ မိသားစုကို လိုအပ်နေချိန်တွင် မိခင်ဖြစ်သူက ပေါ်မလာခဲ့ပေ။ သူမကို ကယ်တင်ပေးခဲ့သူမှာ တစ်ခါမှ မဆုံဖူးသည့် သက်ကြီးရွယ်အို အဘွားအို တုကျင်းသာ ဖြစ်သည်။

“အလုပ်များနေတာလား...”

တုကျင်းက နံရံက နာရီကို လှမ်းကြည့်လိုက်သည်။ ညသန်းခေါင်နီးပါး ဖြစ်နေပြီဖြစ်သည်။ အဘွားအိုသည် ခေါင်းကို ခါယမ်းလိုက်ပြီး စောင်ထူထူတစ်ထည်ကို ယူကာ ထန်ဟန်လု၏ ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဘွား”

ဖျော်ရည်၏ အချိုဓာတ်က သူမနှလုံးသားထဲက ကြောက်ရွံ့မှုများကို ငြိမ်သက်သွားစေသည်။ ထန်ဟန်လု မျက်ရည်ဝဲလာပြီး ရုတ်တရက် ငိုချင်စိတ် ပေါက်လာ‌တော့သည်။ ရှစ်ထပ်မှနေ၍ အပေါ်သို့ ပြေးတက်လာခဲ့ရသည်မှာ သူမအတွက် မလွယ်ကူလှပေ။

“ကျေးဇူးတင်စရာ မလိုပါဘူးကွယ်၊ သမီးကိုကြည့်ရတာ အဘွား ငယ်ငယ်တုန်းက ပုံစံနဲ့ တူလို့ပါ”

တုကျင်းက ထန်ဟန်လု၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ သူမ၏ ကြင်နာတတ်သော မျက်လုံးများက လူတို့၏ နှလုံးသားထဲမှ ဒဏ်ရာများကို မြင်နိုင်စွမ်း ရှိပုံရသည်။

“သမီး ဒီမှာ နေချင်သလောက် နေလို့ရပါတယ်၊ ဘယ်သူမှ သမီးကို မောင်းထုတ်မှာ မဟုတ်ဘူး၊ ဒီနေရာကို သမီးအိမ်လိုပဲ သဘောထားလိုက်ပါ”

ကိုယ်အင်္ဂါချွတ်ယွင်းနေသော ကလေးများသည် ထန်ဟန်လုကို စူးစမ်းစွာ ကြည့်နေကြသည်။ သူတို့သည် သူတို့၏ရုပ်ရည်က ကြောက်စရာကောင်းနေမှန်း သိသဖြင့် စားပွဲ၏ အဝေးဆုံး တစ်ဖက်တွင် စုဝေးနေကြသည်။

“ကလေးတို့ ဒီလိုပဲ အမြဲနေလို့ မရဘူးလေ၊ အပြင်လောကကြီးနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားရမယ်လေ”

တုကျင်းသည် ကလေးများထံသို့ အကူညီမဲ့စွာ လမ်းလျှောက်သွားလိုက်သည်။

“လောကကြီးက အရောင်အသွေးစုံပြီး အံ့သြစရာကောင်းပါတယ်၊ ကလေးတို့တွေ အများကြီး ဒုက္ခခံခဲ့ရပြီးပြီ၊ အဘွားကတော့ ကလေးတို့ကို သာမန်ဘဝလေးတစ်ခု ပိုင်ဆိုင်စေချင်တယ်၊ သာမန်ကလေးဘဝလေးကို ခံစားစေချင်တယ်၊ ကလေးတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့ အိမ်ငှားတွေကိုလည်း နောင်တရဖို့ အခွင့်အရေးပေးလိုက်ကြပါ”

ကလေးများသည် စားပွဲတွင် ထိုင်နေကြပြီး မလှုပ်ရဲကြပေ။ သူတို့သည် အလွန်ပင် သတိထားနေကြသည်။ သူတို့အစား ထန်ဟန်လုက တုကျင်းကို ပြန်မေးလိုက်သည်။

“အဘွား... ဒီက အိမ်ငှားတွေက ဒီကလေးတွေကို နာကျင်အောင် လုပ်ခဲ့တာလား”

“ဟုတ်တယ်၊ ဒီကလေးတွေ အကုန်လုံးက မွေးရာပါ ချို့ယွင်းချက်တွေ ရှိနေကြတာလေ၊ အဘွားက သူတို့ကို သာမန်ဘဝမှာ နေသားကျအောင် ကူညီပေးချင်တာပါ၊ ဒါပေမဲ့ အရင်က တိုက်မန်နေဂျာက အဲဒါကို လက်မခံခဲ့ဘူး၊ သူက လူအားလုံးကို စုစည်းပြီး ကလေးတွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့တယ်၊ ဒီကလေးတွေက ဒီက အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ သူက ပြောခဲ့တာ”

တုကျင်းက ခဏစဉ်းစားလိုက်သည်။

“အရင် မန်နေဂျာရဲ့ မျိုးရိုးက ဖူတဲ့၊ သူက မာနကြီးပြီး ခေါင်းမာတတ်တယ်၊ အဘွားကတော့ မန်နေဂျာအသစ်ကို ပိုသဘောကျတယ်၊ သူ့မျိုးရိုးက ဟန်လို့ ထင်တာပဲ၊ သူက လူငယ်လေးတစ်ယောက်ပဲ၊ သူ့နာမည်က ဘာပါလိမ့်... အဘွား ဘာလို့ မမှတ်မိတော့တာလဲ မသိဘူး”

တုကျင်းက သူမနားထင်ကို နှိပ်နယ်လိုက်သည်။ သူမ ဦးနှောက်ကို အသုံးပြုရန် ကြိုးစားလိုက်သည်နှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်လာကာ အလွန်အိုမင်းသွားသည့် ပုံစံ ပေါက်သွားလေသည်။

“အဘွား အရမ်းအိုနေပြီပဲ၊ သမီး ဒီမှာပဲ ခဏနေဦးနော်၊ အဘွား ဆေးသွားသောက်လိုက်ဦးမယ်”

အဘွားအို ထွက်သွားပြီးနောက် ထန်ဟန်လုက စားပွဲတွင် ထိုင်နေခဲ့သည်။ ကလေးများက သူမကို စိုက်ကြည့်နေကြသကဲ့သို့ သူမကလည်း သူတို့ကို ပြန်ကြည့်နေမိသည်။ ခဏအကြာတွင် ကလေးမလေးတစ်ဦးက သူမထံသို့ ဂရုတစိုက် ချဉ်းကပ်လာသည်။ သူမသည် သတင်းစာဟောင်းဖြင့် ခေါက်ထားသော လှေကလေးတစ်စင်းကို ထန်ဟန်လုရှေ့တွင် ချပေးလိုက်၏။

“ဆော့... ပျော်စရာ... ပေးတာ...”

“ကျေးဇူးပါ”

ထန်ဟန်လုသည် ကလေးများနှင့် ပြောဆိုဆက်ဆံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူမသည် အန္တရာယ်မှ ရှောင်တိမ်းရန်သာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သို့သော် ခဏအတူရှိပြီးနောက်တွင် ထိုကလေးများသည် ထူးဆန်းသောရုပ်ရည်မှအပ အလွန်ဖြူစင်သော နှလုံးသားများ ရှိကြကြောင်း သူမ သတိပြုမိသွားသည်။

တုကျင်း ပြန်မလာသေးပေ။ သူမသည် အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ထန်ဟန်လုသည် ကလေးများနှင့်အတူ ဆော့ကစားရင်း သူတို့ကို စတင် သိရှိလာသည်။ ကလေးများတွင် အမည်များမရှိဘဲ နံပါတ်များသာရှိကြောင်း သူမ သိလိုက်ရသည်။ သူမသည် သူတို့၏ စရိုက်များပေါ်မူတည်၍ ချစ်စရာကောင်းသော အမည်ပြောင်များ ပေးလိုက်သည်။ ကလေးအများစုက ထန်ဟန်လုနှင့် ကစားရသည်ကို နှစ်သက်ကြသော်လည်း တစ်ဦးကမူ ချွင်းချက် ဖြစ်နေသည်။ ဝှီးလ်ချဲပေါ်တွင် ထိုင်နေသော ကလေးတစ်ဦးသည် ပြတင်းပေါက်နားတွင် ရှိနေ၏။ ခြေထောက်နှစ်ဖက်နှင့် မျက်လုံးတစ်လုံးကို ဆုံးရှုံးထားသော ထိုကောင်လေးသည် ထန်ဟန်လုကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

သူ၏နံပါတ်မှာ (၀၀၀၂) ဖြစ်သည်။ ထန်ဟန်လုက မည်သို့ပင် ကြိုးစားစေကာမူ ထိုကောင်လေးက စကားတစ်ခွန်းတည်းကိုသာ ပြောနေလေသည်။

“သူတို့တွေ အဲဒါကို ပြန်လာရှာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းနောင်တမရဖို့ မျှော်လင့်ပါတယ်”

ထန်ဟန်လုသည် ထိုကလေးကို အနည်းငယ် ကြောက်မိသည်။ သူမသည် သူနှင့် ခပ်ဝေးဝေးရွေ့ရန် ကြိုးစားသော်လည်း ကောင်လေး၏ အကြည့်များက သူမထံတွင်သာ ကပ်ညှိနေ၏။

ညသန်းခေါင်ယံအချိန်တွင် နာရီက အသံပေးလာသည်။ တစ်ချိန်တည်းမှာပင် ထန်ဟန်လုမိခင်၏ ဖုန်းက မြည်လာလေသည်။ သူမမိခင်၏ လုပ်ဖော်ကိုင်ဖက် လီရှင်းချန်က ဖုန်းခေါ်နေခြင်း ဖြစ်သည်။

“မေမေ ငါ့ကို လာခေါ်တာလား”

ထန်ဟန်လုသည် ဆော့ကစားနေသော ကလေးများကို ဘေးသို့ တွန်းဖယ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ဖုန်းဖြေလိုက်သည်။ သူမမိခင်၏ အသံ ထွက်ပေါ်မလာဘဲ လီရှင်းချန်ဟု ခေါ်သော ထိုအမျိုးသား၏ ကြမ်းတမ်းသော သတိပေးသံသာ ထွက်ပေါ်လာ၏။

“အားဖန်ကို ပြန်ပေးဆွဲသွားတဲ့ ရာဇဝတ်ကောင် ပေါ်လာပြီ၊ သူ့ရဲ့ပစ်မှတ်က နံပါတ် ၂ ပဲ၊ အခုချက်ချင်း ပြောစမ်း... မင်းရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ”

“ရှင် ဘာတွေ ပြောနေတာလဲ”

ထန်ဟန်လု စိတ်ပျက်သွားသည်။ အမေဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့ခြင်း ဖြစ်သည်။

“မင်းကို ဓာတ်ခွဲခန်းမှာ ရှာမတွေ့တော့ဘူး၊ ငါ့ကို ဖြေစမ်း၊ မင်း ဘယ်အိပ်မက်ဆိုးအလွှာထဲကို ကျသွားတာလဲ”

လီရှင်းချန်၏ အသံမှာ ပုံပျက်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းကျသွားတော့သည်။

“ဘယ်အိပ်မက်ဆိုးအလွှာလဲ ဟုတ်လား”

ထန်ဟန်လု၏ စိတ်များ ဝေဝါးလာသည်။ သူမ၏ ပတ်ဝန်းကျင်တွင် စွမ်းအားနှစ်ခု တိုက်ခိုက်နေကြသကဲ့သို့ပင်။

ဖုန်းပြန်မြည်လာသည်။ ဤတစ်ကြိမ်တွင်မူ 'သရဲ' သို့မဟုတ် 'နံပါတ် ၀' က သူမမိခင်ထံ ဖုန်းခေါ်ခြင်း ဖြစ်သည်။ သူမ ဖုန်းကိုင်လိုက်သောအခါ အခန်းထဲရှိ မီးများ မှေးမှိန်သွားသည်။ ထန်ဟန်လုသည် ထိုအသံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။

“ကိုယ့်အခန်းကိုယ် ပြန်သွားစမ်း”

ထိုအသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်နှင့် ပြင်းထန်သော ဖိအားများ ပါဝင်နေသည်။ တုကျင်း၏ အိမ်သည်လည်း သက်ရောက်ခံလိုက်ရသည်။ နွေးထွေးသော အငွေ့အသက်များ ပျက်စီးသွား၏။ နံရံများပေါ်တွင် သွေးကွက်များ ပေါ်လာတော့သည်။ ကလေးများသည် စတင် အော်ဟစ်ငိုယိုလာကြသည်။ အချို့မှာ အတက်ရောဂါ ဖြစ်လာကြသည်။ အခြေအနေက အလွန်အန္တရာယ် များလာသည်။တုကျင်းသည် အိပ်ခန်းထဲမှ အမြန်ပြေးထွက်လာပြီး နေမကောင်းဖြစ်နေသော ကလေးများကို ပွေ့ချီလိုက်သည်။

“မကောင်းတော့ဘူး၊ ဆေးရုံကို အမြန်သွားမှ ဖြစ်မယ်”

“ဟင့်အင်း... အပြင်မှာ လူသတ်သမား ရှိနေတယ်”

အခန်းတစ်ခုလုံးတွင် သွေးများ ပြန့်နှံ့သွားသည်။ အက်ကြောင်းများ ထွက်ပေါ်လာ၏။ အခန်းက ဝေဝါးလာလေသည်။ ဧရာမ စွမ်းအားတစ်ခုက ထန်ဟန်လုကို အပြင်ဆွဲထုတ်ရန် ကြိုးစားနေသော်လည်း ဆန့်ကျင်ဘက်စွမ်းအားတစ်ခုက ၎င်းကို တားဆီးထားသည်။

ထိုစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သွားရာ တုကျင်း၏ အိမ်ရှေ့တံခါးက ဝုန်းခနဲ ပွင့်ထွက်သွားတော့သည်။

လက်ဖဝါးများတွင် သွေးများ ပေကျံနေသော အပြင်ဘက်က လူငယ်သည် ခေါင်းငုံ့ထားပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။

“ဒီလောက် ဝေးနေတာတောင် ငါ့ကို သက်ရောက်နိုင်သေးတယ် ၊ မပြောသင့်သူတွေက အိပ်မက်သရဲထက် ပိုအစွမ်းထက်ကြတာပဲ”

“အရူးလူသတ်သမား ရောက်လာပြီ”

ထန်ဟန်လု အော်ဟစ်လိုက်သည်။

တုကျင်းသည် နေမကောင်းဖြစ်နေသော ကလေးများကို ထန်ဟန်လုထံ လွှဲပေးလိုက်သည်။ သူမက ကြမ်းတိုက်တံကို ဆွဲကိုင်လိုက်သည်။

“ကလေးတွေကို ခေါ်ပြီး ပြေးတော့၊ အဘွား သူတို့ကို ခဏ တားထားပေးမယ်”

တုကျင်းသည် အချိန်ဆွဲပေးရန်အတွက် သူမကိုယ်သူမ စတေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ သူမက ထိုလူငယ်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။

“ပြေး၊ ကလေးတွေကို ခေါ်ပြီး ပြေးတော့”

ထန်ဟန်လု သတိဝင်လာ၏။ သူမသည် ကလေးများကို ခေါ်မသွားခဲ့ပေ။တုကျင်းနှင့် ထိုလူတို့ လုံးထွေးနေစဉ်မှာပင် သူမသည် တံခါးအပြင်သို့ တစ်ယောက်တည်း ပြေးထွက်သွားတော့သည်။

All Chapters