အခန်း (၂၃၁)
Vol. 24 Ch. 231
အခန်း။ ၂၃၁
လုချွမ်းနှင့် စကားပြောဆိုပြီးနောက် ကျောက်လင်းသည် အချိန်အတော်ကြာ ဆက်မနေတော့ဘဲ လုချွမ်းနှင့် ချီချီလေးကို နှုတ်ဆက်ကာ ကစားကွင်းရှိရာသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဧည့်ခန်းအတွင်း၌ ကျန်ရစ်ခဲ့သော လုချွမ်းမှာမူ ကျောက်လင်း၏ စကားများကို ပြန်လည်တွေးတောရင်း မျက်ဝန်းများမှာ လှုပ်ရှားနေမိသည်။ သူသည် ဘေးနားရှိ ချီချီလေးကို ခဏခဏ လှမ်းကြည့်နေမိပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချရန် အားယူနေဟန်ရှိသည်။
ဖြစ်နိုင်တာက... ကျောက်လင်း ပြောတာ မှန်နေမလားပဲ။
ဇွန်ဘီဆိုသည်မှာ လူသားမှ အသွင်ပြောင်းလာခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ နှစ်ဖက်လုံးမှာ မတူညီသော မျိုးစိတ်နှစ်ခု ဖြစ်နေပြီဖြစ်သည်။ သူက ချီချီလေးကို မည်မျှပင် အလိုလိုက်ကာ ဘေးကင်းစွာ ကြီးပြင်းစေပါစေ သူမသည် အဆုံးသတ်တွင် လူသားတစ်ဦးသာ ဖြစ်နေဦးမည်ပင်။
ကျိရုရွှယ်သည် သူမ၏ ထိုင်ခုံတွင် လိမ္မာပါးနပ်စွာ ထိုင်နေရင်း နွားနို့ဘူးကို ပိုက်ဖြင့်စုပ်သောက်ကာ ဖခင်ဖြစ်သူ၏ အမူအရာကို အကဲခတ်နေသည်။ ဖခင်ဖြစ်သူက သူမအား ခဏခဏ လှမ်းကြည့်နေသည်ကို မြင်သောအခါ သူသည် ကျောက်လင်း တင်ပြခဲ့သည့် ပြဿနာကို အလေးအနက် စဉ်းစားနေပြီဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။
ဖခင်ဖြစ်သူသည် သူမအပေါ် အလွန်ကောင်းမွန်ပြီး သူမ၏ ကြီးထွားမှုဖြစ်စဉ်ကို အထူးဂရုစိုက်သူ ဖြစ်သည်။ သူမအား ဇွန်ဘီများကြားတွင် မကြီးပြင်းစေလိုသည့် စိုးရိမ်စိတ်များ ရှိနေသည်မှာ အမှန်ပင်။ ဇွန်ဘီများကြားတွင် နေထိုင်ရခြင်းက သူမ၏ စိတ်ဓာတ်ကို မထိခိုက်နိုင်ကြောင်း သူမ သိသော်လည်း ဖခင်ဖြစ်သူကမူ ထိုသို့ မသိနိုင်ချေ။ ထို့ကြောင့် သူ အမှန်တကယ် စိုးရိမ်နေမည်မှာ သေချာသည်။
လူသားလူ့အဖွဲ့အစည်းသို့ ပြန်သွားရမည့်အရေးကို ကျိရုရွှယ် လုံးဝ မလိုလားပေ။ ထို့ကြောင့် သူမသည် ဖခင်၏ အတွေးစများကို ဖြတ်တောက်ရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။
"ဖေဖေ... အန်တီ ကျောက်လင်းကို နောက်ခါ သံကြိုးတွေနဲ့ ပြန်မချည်ထားရင်ရော မကောင်းဘူးလားဟင်။ သူမက သမီးတို့ကို ဒုက္ခပေးမယ့်ပုံ မပေါ်ပါဘူး"
ကျိရုရွှယ်သည် စားပွဲပေါ်တွင် လက်ထောက်ကာ သူမ၏ မျက်နှာလေးကို လုချွမ်းအနားသို့ တိုးကပ်လိုက်ပြီး မျက်တောင်လေးများ ခတ်လျက် တောင်းဆိုလိုက်သည်။လိုက်သည်။ သူမအနေဖြင့် ကျောက်လင်း၏ ရည်မှန်းချက်ကို အသိအမှတ်ပြုသော်လည်း လူသားခေါင်းဆောင်ဖြစ်လာမည်ဟူသော စကားကိုမူ အပြည့်အဝ မယုံကြည်နိုင်သေးပေ။ ထိုစကားမှာ အလွန်ပင် ချဲ့ကားပြောဆိုနေသကဲ့သို့ ခံစားနေရသောကြောင့်ပင်။
အမှန်စင်စစ် မည်သူမဆို လေလုံးထွားနိုင်ကြသော်လည်း ထိုစကားများမှာ အမှန်တကယ် ဟုတ်မဟုတ်ကို ခွဲခြားရန်မှာ ခက်ခဲလှသည်။
ကျောက်လင်းနှင့် ပတ်သက်၍မူ သူမအား သံကြိုးများမှ အပြီးတိုင် လွှတ်ပေးပြီးနောက် ထူးခြားသော လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမရှိကို ဆက်လက် စောင့်ကြည့်စစ်ဆေးရန် လိုအပ်
သည်ဟု ကျိရုရွှယ် ခံစားနေရဆဲပင်။
သမီးဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် လုချွမ်း အံ့အားသင့်သွားမိသည်။ ကျောက်လင်း အမြဲတမ်း အချုပ်အနှောင်ခံထားရသည်ကို မြင်တွေ့နေရသော ချီချီလေးမှာ သူမအပေါ် သနားကရုဏာသက်ကာ အသနားခံပေးနေခြင်းဖြစ်သည်ဟု သူ ယူဆလိုက်သည်။
သို့သော်လည်း လုချွမ်းအနေဖြင့် ဤတောင်းဆိုချက်ကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ သူသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်တော့သည်။
ယနေ့တွင် ကျောက်လင်း ပြောဆိုခဲ့သော အချက်များမှာ ယုတ္တိရှိပြီး သူမ၏ ရည်မှန်းချက်မှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသော်လည်း လုချွမ်းအနေဖြင့် သူမကို အပြည့်အဝ ယုံကြည်သွားပြီဟု မဆိုလိုပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် စွမ်းရည်
ရှင်တစ်ဦးဖြစ်ပြီး တစ်ချိန်က သူ၏ရန်သူ ဖြစ်ခဲ့သူပင်။
သူ၏ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အချိန်အတော်ကြာ ပိတ်လှောင်ထားမှုများအပေါ် သူမ၏ ရင်ထဲတွင် အာဃာတများ ကိန်းအောင်းနေမည်မှာ အသေအချာပင်။ မည်သူမျှ အတတ်မပြောနိုင်ပေ။
သံကြိုးများ ဖြုတ်ပေးထားလျှင်ပင် သူမအနေဖြင့် ရုပ်သေးဇွန်ဘီများ၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်ချက်ရှိသော်လည်း အကယ်၍ ကျောက်လင်းသည် အညှိုးအတေးဖြင့် အရာရာကို စွန့်လွှတ်ကာ ချီချီလေးကို ပစ်မှတ်ထားလာခဲ့လျှင်…..
သူမသည် ချီချီလေးကို အန္တရာယ်ပြုခြင်း သို့မဟုတ် ချီချီလေးကို ဓားစာခံလုပ်ကာ သူ့အား ခြိမ်းခြောက်လာခြင်းမျိုးကို သူ လုံးဝ လက်ခံနိုင်မည်မဟုတ်ပေ။ မည်သို့သော အခြေအနေမျိုးတွင်မဆို ချီချီလေးအား ဘေးအန္တရာယ်အတွင်းသို့ သူ အရောက်ခံမည်မဟုတ်ပေ။
"လူ့မျက်နှာ အကဲခတ်ရလွယ်သလောက် လူ့စိတ်ကို သိဖို့ခက်သည်" ဆိုသကဲ့သို့ ကျောက်လင်းသည် ချီချီလေးကို ချစ်ခင်ဟန် ပြသနေသော်လည်း ဤသည်မှာ သူ့အား လှည့်ဖြားရန် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် ဘယ်သူက သိနိုင်မှာလဲ။ လုချွမ်းအနေဖြင့် ထိုမျှကြီးမားသော လောင်းကစားမျိုးကို မလုပ်ဝံ့ပေ။
ဖခင်ဖြစ်သူက ငြင်းဆိုလိုက်သည်ကို မြင်သောအခါ ကျိရုရွှယ်မှာ စိတ်ပျက်သွားပြီး နှာခေါင်းလေးရှုံ့ကာ အားမလိုအားမရ ဖြစ်သွားမိသည်။ ကျောက်လင်းအား လွတ်လပ်ခွင့်ပေးရန် ဖခင်ဖြစ်သူကို စည်းရုံးရခြင်းမှာ ခက်ခဲနေဆဲဖြစ်သော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို သူမ နားလည်သည်။
ယခင်က ကျန်းနန်မြို့ပြခရိုင်တွင် ကျောက်လင်းသည် သူမ၏ ဖခင်ကို တိုက်ခိုက်ခဲ့ဖူးပြီး ဖခင်
ဖြစ်သူအား အကျပ်ရိုက်အောင်ပင် လုပ်ဆောင်နိုင်ခဲ့သည်။
အမှန်စင်စစ် ယခင်က ကျောက်လင်းအား ဖခင်ဖြစ်သူ အကျပ်ရိုက်အောင် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ သူမ၏ ကူညီမှုလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့်လည်း ဖခင်ဖြစ်သူသည် ကျောက်လင်းနှင့် အလွန်အကျွံ နီးနီးကပ်ကပ် မနေရန် သူမကို အမြဲသတိပေးလေ့ရှိသည်။ ကျောက်လင်းက သူမအား ရုတ်တရက် အန္တရာယ်ပြုမည်ကို စိုးရိမ်သောကြောင့်ပင်။ ဖခင်ဖြစ်သူသည် ကျောက်လင်းအပေါ် မည်မျှအထိ သံသယပွားနေသည်မှာ သိသာလှသည်။
ချီချီလေး၏ စိတ်ပျက်နေသော မျက်နှာလေးကို မြင်သောအခါ လုချွမ်းသည် အားနာသကဲ့သို့ ကြည့်ကာ သူမ၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်မိသည်။
ချီချီလေး... ဖေဖေက သမီးရဲ့ တောင်းဆိုမှုကို မလိုက်လျောချင်လို့ မဟုတ်ပါဘူး။ ဖေဖေက သမီးရဲ့ လုံခြုံရေးကိုပဲ ရှေ့တန်းတင်ထားလို့ပါ။
အကယ်၍ ကျောက်လင်းကသာ ချီချီလေးကို အမှန်တကယ် အန္တရာယ်ပြုခဲ့မည်ဆိုလျှင် သူ နောင်တရချိန် ရတော့မည်မဟုတ်ပေ။ ထိုစဉ် ကျိရုရွှယ်၏ မျက်ဝန်းလေးများ ဝင်းလက်သွားပြီး အကြံကောင်းတစ်ခု ရရှိသွားဟန်ရှိသည်။
ဖခင်ဖြစ်သူက သူမ၏တောင်းဆိုမှုကို ငြင်းဆိုခြင်းမှာ သူမ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်
သောကြောင့်ပင်။ အကယ်၍ သူမအနေဖြင့် ဖခင်ဖြစ်သူ၏ရှေ့တွင် သူမ၏ စွမ်းအားအချို့ကို ထုတ်ပြလိုက်ပြီး မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း သိအောင်လုပ်နိုင်ခဲ့လျှင် ကျောက်လင်း၏ကိစ္စကို ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။ ထို့နောက် ဖခင်ဖြစ်သူ၏ စိတ်ကို အနည်းငယ် ပျော့ပြောင်းအောင်လုပ်ပြီး အတင်းအကျပ် တောင်းဆိုမည်ဆိုပါက သူ သဘောတူလာနိုင်သည်။
ထိုသို့တွေးမိသည်နှင့် ကျိရုရွှယ်သည် ကျေနပ်သွားကာ မျက်နှာလေးမှာ အပြုံးများဖြင့် ဝေစည်သွားတော့သည်။ ချီချီလေး ရုတ်တရက် ပြုံးလိုက်သည်ကို မြင်သောအခါ လုချွမ်းကလည်း လိုက်ပြုံးမိပြီး သူမ၏ ပါးဖောင်းဖောင်းလေးများကို ဆွဲညှစ်ကာ ဘေးသို့ ဆွဲဆန့်လိုက်သည်။ တစ်ခဏချင်းမှာပင် ချီချီလေး၏ ချစ်စရာကောင်းသော မျက်နှာဝိုင်းဝိုင်းလေးမှာ မုန့်ပြားဝိုင်းကြီးကဲ့သို့ ဖြစ်သွားတော့သည်။
"ဖေဖေ"
ကျိရုရွှယ်သည် စိတ်တိုတိုဖြင့် ညည်းညူလိုက်ကာ လုချွမ်း၏ လက်ထဲမှ အမြန်ရုန်းထွက်လိုက်သည်။ သူမသည် ခေါင်းကို အနောက်သို့ ဆုတ်လိုက်ပြီး ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် မျက်နှာလေးမှာ နီမြန်းနေတော့သည်။
လုချွမ်း၏ အပြုံးများမှာ ပိုမိုတောက်ပလာသည်။
"ဟွန့်... ဖေဖေက အရမ်းဆိုးတာပဲ။ ဖေဖေနဲ့ မဆော့တော့ဘူး။ အန်တီ ကျောက်လင်းဆီပဲ သွားတော့မယ်"
ကျိရုရွှယ်သည် စားပွဲပေါ်မှ နွားနို့ဘူးကို ကောက်ယူကာ လုချွမ်းကို တစ်ချက်မျက်စောင်းထိုးလိုက်ပြီး ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ တံခါးဝဆီသို့ အပြေးလေး ထွက်ခွာသွားတော့သည်။
လုချွမ်းသည် ချီချီလေး၏ ကျောပြင်ကို ကြည့်ရင်း သူ၏ အပြုံးများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ ချီချီလေးအတွက်ကြောင့်ပင် ကျောက်လင်း၏ အစီအစဉ်များကို သူ ပို၍ စိတ်ဝင်စားလာမိသည်။ အောင်မြင်နိုင်ခြေ အလွန်နည်းပါးသည်ဟု သိထားသော်လည်း သူမ အောင်မြင်ပါစေဟု သူ ဆုတောင်းနေမိသည်။ အနာဂတ်တွင် ချီချီလေးအနေဖြင့် ကျောင်းတက်ခွင့်ရကာ ရွယ်တူချင်းသူငယ်ချင်းများ ဝိုင်းရံလျက် သာမန်လူသားကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်စွာ ကြီးပြင်းလာသည်ကို သူ အမှန်တကယ် မြင်တွေ့လိုသည်။
နောက်တစ်နေ့ နံနက်ခင်း ထမင်းစားပွဲတွင် လုချွမ်းသည် ချီချီလေးအတွက် အလွန်
ကောင်းမွန်သော နံနက်စာကို ပြင်ဆင်ပေးထားသည်။ ကျိရုရွှယ်သည် သမ်းဝေရင်း မျက်လုံးလေးများကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး သူမ၏ ထိုင်ခုံပေါ်သို့ ကျွမ်းကျင်စွာ တက်ထိုင်လိုက်သည်။
စားပွဲပေါ်ရှိ အရသာရှိသော နံနက်စာကို မြင်သောအခါ ကျိရုရွှယ် ပြုံးလိုက်ပြီး ဇွန်းလေးကို ကိုင်ကာ စားရန် ပြင်လိုက်သည်။ သို့သော် မနေ့က ဆုံးဖြတ်ချက်ကို သတိရသွားသဖြင့် ဇွန်းကို ပြန်ချလိုက်ကာ လုချွမ်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
"ဖေဖေ... သမီးမှာ စူပါစွမ်းအားတွေ နိုးထလာပြီထင်တယ်။ နောက်ဆိုရင် ဖေဖေ့ကို ကူညီပြီး လူဆိုးတွေကို တိုက်ပေးလို့ ရပြီ"
ပြောပြီးသည်နှင့် ကျိရုရွှယ်သည် သူမ၏ ပန်းရောင်လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှေ့သို့ ထိုးနှက်ဟန် လုပ်ပြလိုက်သည်။
"..."
လုချွမ်း ဆွံ့အသွားရသည်။
စူပါစွမ်းအား ဟုတ်လား။
သူ သတိပြန်ဝင်လာချိန်တွင် ချီချီလေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုစဉ် ကျိရုရွှယ်က စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များကို လက်ညှိုးထိုးပြလိုက်ရာ ၎င်းတို့မှာ စားပွဲပေါ်မှ ရုတ်ခြည်း မြောက်တက်လာပြီး လုချွမ်း၏ ရှေ့တွင် ရှေ့တိုးနောက်ငင် လှုပ်ရှားလာတော့သည်။
ဆက်လက်၍ ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် ပန်းကန်ခွက်ယောက်များသည် လေထဲ၌ လျှင်မြန်စွာ ကွဲကွာသွားပြီး ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ကခုန်နေကြသည်။ မိနစ်ဝက်ခန့်အကြာတွင် အမဲသားဆန်ပြုတ်အပြည့်ပါသော ကြွေပန်းကန်လုံးသည် စားပွဲပေါ်သို့ ဘေးကင်းစွာ ပြန်လည်ကျရောက်သွားပြီး ထမင်းစားတံစို့တစ်စုံမှာလည်း ကြွေပန်းကန်ပေါ်တွင် လျှင်မြန်စွာ ပြန်လည်နေရာယူလိုက်သည်။
ကျိရုရွှယ်က လုချွမ်းကို ဂုဏ်ယူစွာ ကြည့်ရင်း "ဖေဖေ... ကြည့်ဦး သမီးရဲ့ စွမ်းအားက အံ့ဩဖို့မကောင်းဘူးလား" ဟု ပြောလိုက်သည်။
ဤအခြင်းအရာကို မျက်မြင်တွေ့လိုက်ရသဖြင့် လုချွမ်း နားလည်သွားသည်။
ချီချီလေးက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သွားပြီလား။
လုချွမ်းသည် လူကြီးဆင့်ကဲပြောင်းလဲသူများကိုသာ အမြဲတွေ့ဖူးခဲ့ရာ ကလေးများပါ ဆင့်ကဲပြောင်းလဲသူ ဖြစ်နိုင်သည်ကို သူ မသိခဲ့ပေ။ သို့သော် လူကြီးများတွင် ဖြစ်နိုင်ပါက ကလေးများတွင်လည်း ဖြစ်
နိုင်မည်ပင်။
သူတို့အားလုံးမှာ တူညီသော လူသားများပင်။