အခန်း (၂၃၂)
Vol. 24 Ch. 232
အခန်း။ ၂၃၂
ချီချီလေး အမှန်တကယ်ပင် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လာခြင်း ရှိမရှိကို ပိုမိုသေချာစေရန် လုချွမ်းက စာရေးကိရိယာများကို အမြန်ဆွဲယူ၍ ရေးသားလိုက်သည်။
"ချီချီလေးရဲ့ စူပါစွမ်းအားက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒါပေမဲ့ ခုနက လှုပ်ရှားမှုက အရမ်းမြန်သွားလို့ ဖေဖေ သေချာမကြည့်လိုက်ရဘူး။ နောက်တစ်ခေါက်လောက် ပြန်လုပ်ပြလို့ ရမလား"
"ရတာပေါ့ ဖေဖေ"
စာရွက်ပေါ်မှ စာသားများကို မြင်သောအခါ ကျိရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ ဖခင်ဖြစ်သူသည် သူမ၏ စွမ်းရည်ကို အတည်ပြုလိုနေမှန်း သူမ ရိပ်မိသည်။ ထို့ကြောင့် သူမတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း သိသာစေရန်အတွက် စွမ်းရည်တစ်ခုကို ထပ်မံပြသရန် ဆုံးဖြတ်လိုက်တော့သည်။
ချက်ချင်းပင် ကျိရုရွှယ်သည် စိတ်ကိုစုစည်းကာ သူမ၏ စိတ်စွမ်းအင်များကို ဒီရေအလား ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်များသည် ရှေ့ရှိ ထမင်းစားပွဲကြီးကို လျင်မြန်စွာ လွှမ်းခြုံသွားပြီးနောက် အထက်သို့ မြှောက်တင်လိုက်တော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လေးလံသော စားပွဲကြီးသည် ကြမ်းပြင်မှ ဖြည်းညှင်းစွာ ကွာထွက်သွားပြီး မျက်နှာကြက်ဆီသို့ မြင့်တက်သွားသည်။ လေထဲတွင် စားပွဲမှာ အလွန်ပင် တည်ငြိမ်နေပြီး အပေါ်ရှိ ပစ္စည်းများမှာလည်း တစ်ချက်ကလေးမျှ ယိမ်းထိုးခြင်း မရှိပေ။ ဤသည်မှာ ကျိရုရွှယ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုမှာ မည်မျှအထိ ရင့်ကျက်နေပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
ထို့နောက် စိတ်လှုပ်ရှားနေသော လုချွမ်း၏ အကြည့်အောက်တွင် ကျိရုရွှယ်သည် စားပွဲကို ကြမ်းပြင်ပေါ်သို့ ပြန်လည်ချထားလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ စားပွဲမှာ ကြမ်းပြင်
နှင့် ထိတွေ့ချိန်တွင် မည်သည့်အသံမျှ ထွက်မလာခြင်းပင်။ ပန်းကန်ပေါ်တွင် တင်ထားသော ထမင်းစားတံစို့များမှာပင် လုံးဝ ရွေ့လျားသွားခြင်း မရှိချေ။
ထိုမျှနှင့်တင် အားမရသေးဘဲ ကျိရုရွှယ်သည် ငှက်ကလေးတစ်ကောင် တောင်ပံဖြန့်သကဲ့သို့ သူမ၏ လက်ကလေးနှစ်ဖက်ကို ဆန့်ထုတ်ကာ လုချွမ်းကို ရယ်မောရင်း ပြောလိုက်သည်။
"ဖေဖေ... ကြည့်ဦး သမီး အခု ငှက်ကလေးလို ပျံလို့တောင် ရနေပြီ"
ပြောပြီးသည်နှင့် ကျိရုရွှယ်သည် လုချွမ်း၏ရှေ့တွင် စတင်ပျံသန်းတော့သည်။ သူမ၏ သေးငယ်သော ကိုယ်ထည်လေးမှာ စိတ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသဖြင့် ကမ္ဘာမြေဆွဲအားကို အံတုကာ အခန်းတွင်း၌ လှည့်ပတ်ပျံသန်းနေသည်။ သူမသည် မျက်နှာကြက်ဆီသို့ ပျံတက်ကာ လက်ကလေးဖြင့် ထိတွေ့လိုက်ပြီးနောက် လုချွမ်း၏ နောက်ကျောဘက်သို့ ပျံဆင်းကာ သူ့ကို ပျော်ရွှင်စွာဖြင့် အကြိမ်ကြိမ် ပတ်ပျံနေတော့သည်။
ခဏအကြာတွင် လုချွမ်း၏ လက်ဟန်ခြေဟန်ဖြင့် ခေါ်ယူမှုကြောင့် ကျိရုရွှယ်သည် လေထဲမှ ပျံဆင်းလာကာ သူမ၏ ထိုင်ခုံတွင် ပြန်လည်နေရာယူလိုက်သည်။
စေ့စေ့စပ်စပ် အကဲခတ်ပြီးနောက် ချီချီလေးတွင် နိုးထလာသော စွမ်းရည်အမျိုးအစားကို လုချွမ်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ မမှားလျှင် ဤသည်မှာ စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်
သည့် စွမ်းအားအမျိုးအစားပင်။ ဤကဲ့သို့သော စွမ်းရည်မျိုးမှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။
ယခုအခါ ချီချီလေး၏ မျက်နှာပေါ်တွင် "သမီးကို ချီးကျူးပေးပါ" ဆိုသည့် အမူအရာလေးကို မြင်တွေ့ရသောအခါ လုချွမ်းသည် အတိုင်းမသိ စိတ်လှုပ်ရှားဝမ်းသာမိသွားသည်။
ကောင်းတယ်... ကောင်းတယ်... အခုတော့ ချီချီလေးက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သွားပြီဆိုတော့ ငါ တကယ်ပဲ စိတ်အေးသွားရပြီ။
နောင်တွင် သူ သူမဘေးနား၌ မရှိနိုင်သည့် အခြေအနေမျိုး၌ပင် ချီချီလေးတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့် စွမ်းအား ရှိနေပေတော့မည်။ အကယ်၍ ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် မယှဉ်နိုင်ပါကလည်း သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ အလျင်အမြန် ထွက်ပြေးလွတ်မြောက်နိုင်မည်။
တစ်ချိန်တည်းမှာပင် ချီချီလေး ဆင့်ကဲပြောင်းလဲသူ ဖြစ်လာခြင်းက လုချွမ်းအတွက် နောက်ဆုံးကျန်ရှိနေသော စိုးရိမ်ပူပန်မှုကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ပင်။ လူသားစစ်တပ်များ လာရောက်
ဝိုင်းရံခဲ့လျှင်ပင် မအောင်မြင်နိုင်ပါက ချီချီလေးကို ခေါ်ဆောင်၍ အမြန်ဆုံး ဆုတ်ခွာနိုင်မည်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ချီချီလေးသည် သာမန်လူသားကလေးငယ်များကဲ့သို့ နုနယ်တော့မည်မဟုတ်ဘဲ အခက်အခဲအချို့ကိုလည်း ကြံ့ကြံ့ခံနိုင်ရည် ရှိလာပေလိမ့်မည်။
"ချီချီလေးက တကယ့်ကို အစွမ်းထက်တာပဲ။ ဒီစူပါစွမ်းအားက စားပွဲကြီးကို မြှောက်နိုင်ရုံတင်မကဘဲ သမီးကိုပါ ပျံသန်းနိုင်စေတာပဲ။ ဒါပေမဲ့... သမီးရဲ့ လက်ရှိအင်အားက လုံလောက်သေးတာတော့ မဟုတ်ဘူး။ နောက်ဆိုရင် ဖေဖေ့ကို ကာကွယ်ပေးနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ရမယ်နော်"
လုချွမ်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး စာရွက်ပေါ်တွင် ဆက်လက်ရေးသားလိုက်သည်။ ချီချီလေးသည် ထူးခြားသော ပါရမီနှင့် အလားအလာရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လာပြီဖြစ်ရာ သူမ၏ စွမ်းရည်များကို အလဟဿ မဖြစ်စေရန် စနစ်တကျ ပျိုးထောင်ပေးရမည်မှာ သဘာဝပင်။
လုချွမ်း၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားပြီး ချီချီလေး၏ စွမ်းအားကို မည်သို့ မြှင့်တင်ပေးရမလဲဆိုသည်ကို စတင်စဉ်းစားလာတော့သည်။
ဆင့်ကဲပြောင်းလဲမှု ဆေးရည်လား။
လုချွမ်း၏ မျက်ဝန်းများမှာ တောက်ပလာတော့သည်။ အကယ်၍ အခွင့်အရေးသာ ရခဲ့မည်ဆိုပါက ချီချီလေး၏ အင်အားကို မြှင့်တင်ပေးရန်အတွက် လူသားတို့၏ ဆင့်ကဲပြောင်းလဲမှု ဆေးရည်များကို ရရှိအောင် သူ ကြိုးစားရမည်။
ထို့အပြင် သွေးဆိုးဓားသိုင်းကိုလည်း ချီချီလေးအတွက် စီစဉ်ပေးရန် သူ ဆုံးဖြတ်လိုက်သည်။ ချီချီလေး၏ စွမ်းရည်မှာ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်သည့် အမျိုးအစားဖြစ်ရာ အနီးကပ်တိုက်ခိုက်မှုတွင် အားနည်းနိုင်သည်။ သွေးဆိုးဓားသိုင်းကိုသာ တတ်မြောက်ထားမည်ဆိုပါက ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် များစွာ အသုံးဝင်လာမည်မှာ အသေအချာပင်။
….
နောက်တစ်နေ့တွင် ချီချီလေး၏ စိတ်စွမ်းအင်ထိန်းချုပ်မှုမှာ ပိုမိုကျွမ်းကျင်လာစေရန်နှင့် ရန်သူများကို တိုက်ခိုက်နိုင်စွမ်းရှိစေရန်အတွက် လုချွမ်းသည် ချီချီလေးနှင့်အတူ လေ့ကျင့်မှုများကို စတင်ခဲ့သည်။
သစ်သီးခြံအတွင်း၌...
လုချွမ်းသည် စားပွဲတစ်ခု၏ ရှေ့တွင် ရပ်နေပြီး ကျိရုရွှယ်မှာမူ ဘေးရှိ ထိုင်ခုံပေါ်တွင် တက်ရပ်နေသည်။ စားပွဲပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော သစ်သီးလှီးဓားများ၊ လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲများနှင့် အပ်ချုပ်အပ်တစ်ပုံကို စီရီထားသည်။
"ဖေဖေ... ဒါတွေက ဟိုအပင်တွေပေါ်မှာ ဆွဲထားတဲ့ စက်ဝိုင်းတွေကို ပစ်ရမှာလားဟင်"
ကျိရုရွှယ်က လုချွမ်းကို မော့ကြည့်ရင်း မေးလိုက်သည်။ သူတို့နှစ်ဦး၏ ရှေ့ မီတာရာဂဏန်းခန့်အကွာရှိ သစ်ပင်ပင်စည်များတွင် သစ်သားပစ်မှတ်ပြားများစွာ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ၎င်းတို့အားလုံးမှာ လုချွမ်းက ရုပ်သေးဇွန်ဘီများကို ခိုင်းစေ၍ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
လုချွမ်းက ခေါင်းညိတ်ပြပြီး ချီချီလေးကို ပြုံးပြရင်း စာရွက်ပေါ်တွင် ရေးသားလိုက်သည်။
"အတိအကျပဲ ချီချီလေး သမီးရဲ့ စူပါစွမ်းအားကို သုံးပြီး ဒီပစ္စည်းတွေကို ထိန်းချုပ်ကာ ဟိုသစ်သားပြားတွေကို တိုက်ခိုက်ကြည့်စမ်း..."
"နားလည်ပြီ ဖေဖေ သမီးကို ကြည့်နေနော်"
ကျိရုရွှယ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြင်းထန်သော စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ စားပွဲပေါ်ရှိ သစ်သီးလှီးဓားများဆီသို့ တိုးဝင်သွားတော့သည်။
ရွှပ်..
သစ်သီးလှီးဓား သုံးလက်သည် စားပွဲပေါ်မှ လျှပ်စီးအလား ပျံတက်သွားပြီးနောက် မီတာရာဂဏန်းအကွာရှိ သစ်ပင်များပေါ်မှ သစ်သားပစ်မှတ်များဆီသို့ အလင်းတန်းများသဖွယ် တိုးဝင်သွားတော့သည်။
ရွှပ်... ရွှပ်... ရွှပ်
ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် ထိုဓားသုံးလက်သည် သစ်သီးပင်များကို လျှင်မြန်စွာ ရှောင်ကွင်းကာ လျှပ်စစ်မီးပွားများအလား ဖြတ်သန်းသွားကြသည်။
ဘုန်း... ဘုန်း... ဘုန်း
တစ်ပြိုင်နက်တည်းမှာပင် ဓားသုံးလက်စလုံးသည် ပစ်မှတ်ပြားတစ်ခုတည်းပေါ်သို့ စိုက်ဝင်သွားတော့သည်။ ထိမှန်မှုအရှိန်ပြင်းထန်လွန်းလှသဖြင့် ထိုဓားဦးဖျားများသည် သစ်သားပြားကို ဖောက်ထွက်သွားရုံတင်မကဘဲ တစ်ပင်လုံးကိုပါ တုန်ခါသွားစေရာ သစ်ပင်ထိပ်ဖျားမှ အရွက်များပင် တရှဲရှဲနှင့် မြေသို့ ကြွေကျကုန်သည်။
"ဖေဖေ... သမီး ဘယ်လောက်တောင် စွမ်းလဲဆိုတာ တွေ့ပြီလား"
ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ထိုစကားဆုံးသည်နှင့် စားပွဲပေါ်ရှိ ကျောက်ခဲများနှင့် အပ်ချုပ်အပ်ပုံကြီးမှာလည်း ကျိရုရွှယ်၏ စိတ်အာရုံနောက်သို့ လိုက်ပါကာ လေထဲသို့ ပျံတက်သွားကြသည်။ ၎င်းတို့သည် သစ်ပင်များကို ကျွမ်းကျင်စွာ ရှောင်ကွင်းရင်း သတ်မှတ်ထားသော ပစ်မှတ်များကို တစ်ခုမကျန် တိကျစွာ ထိမှန်ကြတော့သည်။
အထူးသဖြင့် အပ်ချုပ်အပ်များသည် ရေထဲတွင် ကူးခတ်နေသော ငါးအုပ်ငယ်များအလား သစ်သီးခြံအတွင်း ဝဲပျံနေကြပြီး အဆုံးသတ်တွင် သစ်သားပြားများအတွင်းသို့ အဆုံးတိုင် မြုပ်ဝင်သွားကြသည်။ လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲကြီးနှစ်လုံးမှာမူ သစ်သားပြားကို အရှိန်ပြင်းပြင်းဖြင့် ထိမှန်လိုက်ရာ ပြင်းထန်သော အသံကြီးနှင့်အတူ သစ်သားပြားမှာ တစ်စစီ ဖြစ်သွားတော့သည်။ သစ်ပင်ပင်စည်မှာပင် သိသိသာသာ ချိုင့်ဝင်သွားပြီး သစ်ခေါက်များနှင့် သစ်စအနုမြူများမှာ ဟိုဒီ လွင့်စင်သွားရသည်။
"ချီချီလေးရဲ့ ပါရမီက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ"
သူပေးအပ်သော တာဝန်များကို ချီချီလေးက အားစိုက်စရာမလိုဘဲ လွယ်လွယ်ကူကူ လုပ်ဆောင်ပြနေသည်ကို မြင်ရသောအခါ လုချွမ်းမှာ အံ့ဩချီးကျူးမိခြင်းမှတစ်ပါး အခြားမရှိတော့ပေ။
ပါရမီရှင်... ချီချီလေးသည် ဧကန်မုချ ပါရမီရှင်တစ်ဦးပင်။
သူမသည် ယခင်ဘဝကတည်းက ဤစိတ်စွမ်းအင်ကို အသုံးချခဲ့ဖူးသလားဟု ထင်မှတ်ရလောက်အောင် ကျွမ်းကျင်လှသည်။ အခုမှ စတင်တတ်မြောက်ခြင်းဖြစ်သော်လည်း အခြေခံပိုင်နိုင်မှုမှာ ယုံကြည်နိုင်စရာမရှိအောင်ပင် ကောင်းမွန်လွန်းနေသည်။ ယခုဆိုလျှင် ချီချီလေး၏ ထိန်းချုပ်မှုအောက်တွင် ထိုဓားများ၊ အပ်များနှင့် ကျောက်ခဲများသည် သူမ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကဲ့သို့ပင် ဖြစ်နေပြီး တစ်ဖက်လူ၏ အသက်ကို အလွယ်တကူ ခြွေယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထိုစဉ် လုချွမ်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ထင်ဟပ်လာသည်။ ချီချီလေးသည် ဝတ်ရုံဖြူကို ဆင်မြန်းကာ ပျံသန်းနေသော ဓားမြှောင်တစ်လက်ပေါ်တွင် မတ်တပ်ရပ်လျက် သူမ၏ ဘေးပတ်လည်တွင် ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများက ဝန်းရံထားပြီး ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အရှိန်အဝါမျိုးပင်။
ဤသည်မှာ မိန်းကလေးဗားရှင်း ဓားနတ်ဘုရားတစ်ဦးနှင့်ပင် တူနေတော့သည်။ တကယ့်ကို ခန့်ညားထည်ဝါလှသည်။