အခန်း (၂၃၄)
Vol. 24 Ch. 234
အခန်း။ ၂၃၄
ခေတ္တအကြာတွင် လုချွမ်း၏ အမိန့်ပေးမှုကြောင့် ရုပ်သေးဇွန်ဘီသည် ဂိုဒေါင်အတွင်းမှ သံမှိုဘူးအချို့ကို သယ်ဆောင်လာခဲ့သည်။
ထိုသံမှိုများမှာ အတော်အတန်ကြီးမားပြီး လက်ညှိုးတစ်ချောင်းစာခန့် ရှည်လျားကာ ထမင်းစားတံစို့ခန့် တုတ်ခိုင်သည်။ ထိပ်ဖျားများမှာလည်း အလွန်ပင် ချွန်ထက်လှသည်။ အကယ်၍ စနစ်တကျ အသုံးချနိုင်မည်ဆိုပါက ၎င်းတို့သည် အလွန်ကောင်းမွန်သော လျှို့ဝှက်လက်နက်များ ဖြစ်လာပေလိမ့်မည်။
လုချွမ်းသည် သံမှိုတစ်ဆုပ်ကို ကျုံးယူ၍ စားပွဲပေါ်တွင် တင်လိုက်ပြီး စာရွက်ပေါ်တွင် ရေးသားလိုက်သည်။
"ချီချီလေး... ဒီသံမှိုတွေကို သုံးပြီး သမီးရဲ့ စွမ်းရည်ကို ပိုကျွမ်းကျင်အောင် လေ့ကျင့်ထားနော်။ ဖေဖေကတော့ သမီးအတွက် မုန့်သွားပြင်ပေးဦးမယ်"
"ဟုတ်ကဲ့ ဖေဖေ"
ကျိရုရွှယ်သည် သံမှိုများကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်သွားပြီး လုချွမ်းကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လုချွမ်းသည် သစ်သီးများ ဆေးကြောရန် ထွက်ခွာသွားခဲ့ရာ၊ ကျန်ရစ်ခဲ့သော ကျိရုရွှယ်သည် စိတ်စွမ်းအင်ဖြင့် သံမှိုအချို့ကို သူမ၏လက်ထဲသို့ ဆွဲယူလိုက်သည်။
သူမသည် ချွန်ထက်သော သံမှိုထိပ်ဖျားလေးကို စမ်းသပ်ကြည့်ရင်း အတွေးများစွာ ပေါ်ပေါက်နေမိသည်။ ဤသံမှိုများသည် သူမ၏ စိတ်စွမ်းအင်ထိန်းချုပ်မှုအတွက် အလွန်ပင် သင့်လျော်လှသည်။ ၎င်းတို့သည် ရှာရလွယ်ကူကာ ပေါ့ပါးပြီး ထို့ထက် ပိုအရေးကြီးသည်မှာ ချွန်ထက်ပြီး ခိုင်မာတောင့်တင်းခြင်းပင်။ ကျိရုရွှယ်၏ စိတ်စွမ်းအင်ကို အသုံးချလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မြားတန်းများအလား ပျံထွက်သွားပြီး ရန်သူကို အပေါက်ပေါင်းများစွာ ဖြစ်သွားစေနိုင်သည်။
စိတ်စွမ်းအင်ထိန်းချုပ်မှုအောက်တွင် သံမှိုတစ်ခုချင်းစီသည် စနိုက်ပါရိုင်ဖယ်တစ်လက်ကဲ့သို့ တိကျစွာ ထိမှန်နိုင်စွမ်း ရှိသည်။ လူသားဆင့်ကဲပြောင်းလဲသူဖြစ်စေ၊ ဆင့်ကဲဇွန်ဘီဖြစ်စေ ဤသံမှိုဖြင့် ဦးခေါင်းကို အချိန်ကိုက် ထိမှန်ခံရမည်ဆိုပါက အသက်ပျောက်ရန်သာ ရှိတော့သည်။ ထို့အပြင် ဤသံမှိုများမှာ သေးငယ်သဖြင့် သူမနှင့်အတူ သယ်ဆောင်သွားရန်လည်း လွယ်ကူလှသည်။
နောင်တစ်ချိန်တွင် ဇွန်ဘီအုပ်ကြီးများ သို့မဟုတ် လူသားဆင့်ကဲပြောင်းလဲသူများ၏ ဝိုင်းရံမှုကို ခံရပါက ဤသံမှိုများသည် ရန်သူကို အငိုက်မိစေမည့် လက်နက်ကောင်းများ ဖြစ်လာပေလိမ့်မည်။ ထို့နောက် ဖခင်ဖြစ်သူ၏ ညွှန်ကြားချက်အတိုင်း ကျိရုရွှယ်သည် သံမှိုများကို သစ်သီးခြံတစ်ခုလုံး အနှံ့ ပျံသန်းစေကာ လေ့ကျင့်တော့သည်။
သံမှိုများ ပိုမိုများပြားလာသည်နှင့်အမျှ ၎င်းတို့သည် တိုက်ခိုက်တော့မည့် ပျားအုပ်ကြီးတစ်အုပ်အလား တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာစေသည်။ ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် သံမှိုတစ်ချို့သည် အုပ်စုထဲမှ ရုတ်ခြည်းခွဲထွက်ကာ အဝေးရှိ သစ်ပင်များဆီသို့ ပြင်းထန်သော အရှိန်ဖြင့် တိုးဝင်သွားကြသည်။ ပြင်းထန်သော စွမ်းအားကြောင့် သံမှိုများသည် သစ်ပင်ကို ဖောက်ထွက်သွားရုံတင်မကဘဲ သစ်သားများကိုပါ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေကာ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာတော့သည်။
ခေတ္တအကြာတွင် လုချွမ်းသည် သစ်သီးပန်းကန်ကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ကျိရုရွှယ်သည် သံမှိုများကို အသိုက်ပြန်သည့် ငှက်ကလေးများနှယ် သေတ္တာထဲသို့ တစ်ခုမကျန် ပြန်လည်သိမ်းဆည်းပြီး ဖြစ်နေသည်။ ဖခင်ဖြစ်သူ လာနေသည်ကို မြင်သည်နှင့် ကျိရုရွှယ်သည် ပျော်ရွှင်စွာ ခုန်ဆင်းလာပြီး သူမ၏ ခြေတံတိုတိုလေးများဖြင့် အပြေးလေး ကြိုဆိုလိုက်တော့သည်။
"ဖေဖေ... သမီး ပန်းသီးစားချင်တယ်"
လုချွမ်း၏ရှေ့သို့ ရောက်သည်နှင့် ကျိရုရွှယ်သည် လက်ကလေးလှမ်းကာ ပန်းကန်ထဲမှ ပန်းသီးတစ်လုံးကို ရအောင်ယူရန် ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။ လုချွမ်းက ပြုံးလိုက်ပြီး သစ်သီးပန်းကန်ကို အထက်သို့ မြှောက်တင်ကာ ချီချီလေး လက်မလှမ်းနိုင်အောင် စနောက်နေမိသည်။
"ဖေဖေနော်"
ကျိရုရွှယ်သည် စိတ်မရှည်သလို အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် လုချွမ်းကို စိုက်ကြည့်နေတော့သည်။ လုချွမ်းလည်း ဆက်မစတော့ဘဲ ပန်းသီးကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ"
ကျိရုရွှယ်သည် မျက်နှာလေး ဝင်းပသွားပြီး ပန်းသီးကို လှမ်းယူကာ နီရဲနေသော အသီးကို ချက်ချင်းပင် ကိုက်စားလိုက်တော့သည်။ ဝါးစားနေသော ချီချီလေး၏ ပျော်ရွှင်နေသည့် မျက်နှာလေးကို ကြည့်ရင်း လုချွမ်း ပြုံးနေမိသည်။
"ဖေဖေ... အန်တီ ကျောက်လင်းက တကယ်လူကောင်းပါ။ သူမကို လွှတ်ပေးလိုက်ပါနော် သမီး တောင်းပန်ပါတယ် ဖေဖေ..."
ပါးစပ်ထဲမှ ပန်းသီးကို မျိုချပြီးနောက် ကျိရုရွှယ်သည် လုချွမ်း၏လက်ကို ဆွဲခါကာ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ရင်း တောင်းဆိုလိုက်ပြန်သည်။ သူမ၏ စွမ်းအားအချို့ကို ထုတ်ပြပြီးပြီဖြစ်ရာ ဖခင်ဖြစ်သူအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိတော့မည်မဟုတ်ဟု သူမ ယူဆလိုက်ခြင်းပင်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ အပြုံးများ မှေးမှိန်သွားပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်ကာ အတွေးထဲ နစ်ဝင်သွားတော့သည်။ ချီချီလေးက ကျောက်လင်းအတွက် ဤမျှမြန်မြန် ထပ်မံတောင်းဆိုလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း ယခုအခါ ချီချီလေးတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်ရာ ကျောက်လင်းကို လွတ်လပ်ခွင့်ပေးရန်မှာ ဖြစ်နိုင်ခြေ ရှိလာခဲ့ပြီဖြစ်သည်။ ထို့အပြင် သမီးဖြစ်သူက ဒုတိယအကြိမ်မြောက် အတင်းအကျပ် တောင်းဆိုနေသည်ကို သူ မငြင်းရက်တော့ပေ။
လုချွမ်းသည် အချိန်အတော်ကြာ စဉ်းစားမနေတော့ဘဲ ချီချီလေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တော့သည်။
လုချွမ်းသည် စာရွက်ပေါ်တွင် ထပ်မံရေးသားလိုက်သည်။
"ချီချီလေးက အန်တီ ကျောက်လင်းကို လွတ်စေချင်တယ်ဆိုတော့လည်း ဖေဖေ သဘောတူပါတယ်။ ကဲ... ဖေဖေနဲ့ လိုက်ခဲ့တော့။"
"ကျေးဇူးတင်ပါတယ် ဖေဖေ"
ကျိရုရွှယ်သည် အတိုင်းမသိ ဝမ်းသာသွားသည်။ သူမ၏ ထင်ကြေးမှာ အမှန်ပင် မှန်ကန်ခဲ့သည်။ ဖခင်ဖြစ်သူမှာ သူမ၏ လုံခြုံရေးအတွက်သာ စိုးရိမ်နေခြင်းဖြစ်ပြီး ထိုစိုးရိမ်စိတ် ပြေပျောက်သွားသည်နှင့် ကျောက်လင်းကို လွှတ်ပေးရန်မှာ ပြဿနာမဟုတ်တော့ပေ။ ထို့နောက်တွင်မူ လုချွမ်းသည် ကျိရုရွှယ်ကို ခေါ်ဆောင်၍ ကစားကွင်းရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
ကစားကွင်းအတွင်း
"အန်တီ ကျောက်လင်း... ဖေဖေ သဘောတူလိုက်ပြီနော် အန်တီကို နောက်ခါ သံကြိုးတွေနဲ့ ချည်မထားတော့ဘူး။ အခု လွှတ်ပေးဖို့ လာကြတာ"
ကျိရုရွှယ်သည် လုချွမ်း၏ ရှေ့မှ အပြေးလေး သွားကာ လျှောစင်ပေါ်တွင် နေပူဆာလှုံနေသော ကျောက်လင်းကို ဝမ်းသာအားရ အော်ဟစ်ပြောပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်လင်းမှာ ဆွံ့အသွားပြီး ဇွန်ဘီဘုရင်နှင့် ချီချီလေးကို မယုံကြည်နိုင်သကဲ့သို့ မော့ကြည့်လိုက်မိသည်။
တကယ်ပဲလား... ဇွန်ဘီဘုရင်က ဒီလောက်လွယ်လွယ်နဲ့ သဘောတူလိုက်တာလား။
ခေတ္တအကြာတွင် ကျောက်လင်းသည် သူမ၏ ကိုယ်ပေါ်မှ သံကြိုးများကို ဇွန်ဘီဘုရင် ကိုယ်တိုင် ဖြုတ်ပေးနေသည်ကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။ အချိန်အတော်ကြာမှ သတိပြန်ဝင်လာချိန်တွင်မူ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိလိုက်သည့် ခံစားချက်ကြောင့် သူမ၏ ရင်ထဲတွင် လှိုက်ဖိုကာ တုန်ရင်သွားရသည်။
"ချီချီလေး... အန်တီ အခု ဒီမှာ ပိတ်လှောင်ခံထားရစရာ မလိုတော့ဘူး"
ကျောက်လင်းသည် အပျော်လွန်သွားကာ ချီချီလေးဆီသို့ ပြေးသွားပြီး သူမကို ပွေ့ချီကာ ပတ်ချာလည် ဝှေ့ယမ်းလိုက်တော့သည်။ သူမ၏ ပျော်ရွှင်မှုများကို အော်ဟစ်ရင်း ဖော်ပြနေမိသည်။ ဆယ်ပတ်ကျော်ခန့် ဝှေ့ယမ်းပြီးမှ ချီချီလေးကို ပြန်ချပေးလိုက်သည်။
သူမ၏ စိတ်ကို အနည်းငယ် ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကျောက်လင်းသည် လုချွမ်းကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"လုချွမ်း... ကျေးဇူးတင်ပါတယ်"
ကျောက်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ရင်ခုန်သံများ မြန်လာပြန်သည်။
ဇွန်ဘီဘုရင်က ငါ့ကို ဘာလို့ ရုတ်တရက် လွှတ်ပေးလိုက်တာလဲ။ ငါ အရင်က ပြောခဲ့တဲ့ စကားတွေက သူ့အပေါ် သက်ရောက်မှု ရှိသွားတာများလား။
ကျောက်လင်းသည် သူမ၏ တောင်းဆိုချက်ကို တစ်ဖက်လူက အမှန်တကယ် လက်ခံလိုက်ပြီလားဟု တွေးတောရင်း ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ သို့သော် လုချွမ်းမှာမူ ကျောက်လင်းအား ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားခဲ့၏။
ကျောက်လင်း၏ မိုက်မဲစွာ ပြုံးနေသော မျက်နှာကို ကြည့်ပြီး ကျိရုရွှယ်မှာ သက်ပြင်းချကာ ခေါင်းခါယမ်းမိတော့သည်။
“ဒီလို အူကြောင်ကြောင် အမျိုးသမီးမျိုး...”
“ချီချီလေး... လာ အန်တီနဲ့အတူ လျှောစီးကြမယ်”
လွတ်လပ်ခွင့် ပြန်လည်ရရှိသွားသော ကျောက်လင်းသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး ဘာမှတုံ့ပြန်ချိန်မရသေးသော ကျိရုရွှယ်ကို ပွေ့ချီကာ လျှောစင်ဆီသို့ ပျော်ပျော်ပါးပါး ခေါ်ဆောင်သွားတော့သည်။
“...”
ကျိရုရွှယ်ခမျာ ဆွံ့အသွားရပြီး သူမလက်ထဲမှ ရုန်းထွက်ရန် ကြံစည်လိုက်သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းကာ အလိုက်သင့်ပင် နေပေးလိုက်တော့သည်။
လုချွမ်းသည် ကျောက်လင်းကို လွှတ်ပေးလိုက်သည်ဆိုသော်လည်း သူမကို အပြည့်အဝ ယုံကြည်သွားခြင်းမျိုး မဟုတ်ပေ။ သူသည် ရုပ်သေးဇွန်ဘီကို အသုံးပြု၍ ကျောက်လင်း၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေဆဲပင်။
ကံကောင်းထောက်မစွာပင် ကျောက်လင်း၏ နောက်ပိုင်းအပြုအမူများမှာ စိတ်ကျေနပ်စရာ ကောင်းနေခဲ့သည်။ သူမသည် ခြံဝင်းအတွင်း လျှောက်သွားခြင်း သို့မဟုတ် တစ်ခုခုကို စုံစမ်းထောက်လှမ်းရန် ကြိုးစားခြင်းမျိုး လုံးဝမပြုလုပ်ခဲ့ဘဲ ကစားကွင်းအနီး၌သာ နေထိုင်ကာ ချီချီလေးနှင့်အတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနေခဲ့သည်။
ရုပ်သေးဇွန်ဘီ၏ အမြင်မှတစ်ဆင့် သူတို့ကို မြင်တွေ့နေရသော လုချွမ်းမှာ ကျေနပ်စွာ ခေါင်းညိတ်မိ၏။ ကျောက်လင်းသည် စည်းကမ်းများကို နားလည်သဘောပေါက်သွားပုံရသည်။ သို့သော် သူမ၏ စရိုက်မှာ မည်သည့်အချိန်တွင် ဒီလောက်အထိ ပြောင်းလဲသွားတာလဲဆိုသည်ကိုမူ သူ စဉ်းစား၍မရနိုင်ပေ။ အရင်ကကဲ့သို့ စူးစမ်းထောက်လှမ်းခြင်း၊ ဇွန်ဘီများကို ရန်သူကဲ့သို့ သဘောထားပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းမျိုး လုံးဝမတွေ့ရတော့သည်မှာ ထူးဆန်းလှသည်။
ဒါတွေက ဟန်ဆောင်မှုတွေ မဟုတ်ဖို့ပဲ မျှော်လင့်ရမှာပဲ...
လုချွမ်းသည် တိတ်ဆိတ်စွာ တွေးတောနေရင်း သူ၏ အကြည့်တို့က ရုတ်တရက် စူးရှသွားသည်။
အကယ်၍ ကျောက်လင်းသာ ထွက်ပြေးရန် ကြံစည်ခဲ့ပါက သူသည် ရက်ရက်စက်စက် အရေးယူရန် ဝန်လေးမည်မဟုတ်ပေ။
အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်တယ်ပေါ့ ဟုတ်လား။ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်ပေါ့။
အဲ့ကျရင် သူမကို ဇွန်ဘီအုပ်ထဲပစ်ချပစ်မယ်။ ပြန်ရှင်လာတိုင်း ဇွန်ဘီတွေအတွက် အစာကျွေးပစ်မယ် ဟွန့်….
အမှန်စင်စစ် ဇွန်ဘီတစ်ကောင်၏ ဗိုက်သည် မည်သည့်အခါမျှ ပြည့်သွားသည်ဟု မရှိပေ။