အခန်း (၂၃၅)
Vol. 24 Ch. 235
အခန်း။ ၂၃၅
“ချီချီလေး... လာလေ ဒန်းအတူတူစီးရအောင်”
လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားသော ကျောက်လင်းသည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပြီး ကစားကွင်းအတွင်း၌ အလွန်ပင် ပျော်ရွှင်မြူးထူးနေတော့သည်။ သူမသည် ဒန်းပေါ်တွင် ထိုင်ကာ မျက်နှာထက်၌ အပြုံးကြီးများဖြင့် လျှောစီးနေသော ချီချီလေးကို စိတ်လှုပ်ရှားစွာ လက်လှမ်းပြနေ၏။
ကျိရုရွှယ်သည် လျှောစင်ထက်မှ ဆင်းလာရင်း ကျောက်လင်းကို ကြည့်ကာ အံ့အားသင့်ပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
ဒီအမျိုးသမီးတော့ ရူးသွားပြီလားမသိဘူး...
ကျောက်လင်းသည် မည်သည့်နေရာမှ အင်အားများ ရောက်ရှိလာသည်မသိ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် သူမကိုပါ ဆွဲခေါ်ပြီး ကစားကွင်းတစ်ခုလုံးကို ပတ်ဆော့နေတော့သည်။ သူမသည် မောပန်းနွမ်းနယ်ခြင်း မရှိသည့်အလား အားအင်အပြည့် ဖြစ်နေသည်မှာ နွားနှစ်တွင် မွေးဖွားလာသူတစ်ဦးနှင့်ပင် တူနေတော့သည်။
အစပိုင်းတွင်မူ ကျိရုရွှယ်သည် ကျောက်လင်းအား အချိန်ဖြုန်းသည့်အနေဖြင့် အလိုက်သင့် လိုက်ဆော့ပေးခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့စရာ ဖြစ်လာခဲ့သည်။ သူမအနေဖြင့် ကျောက်လင်းနှင့်အတူ ဤနေရာ၌ အချိန်ဖြုန်းနေရန် မအားလပ်ပေ။
“အန်တီပဲ ဆော့ပါတော့ သမီး အိမ်စာလုပ်စရာ ရှိသေးတယ်”
ကျိရုရွှယ်သည် ခေါင်းခါယမ်းကာ ငြင်းဆိုလိုက်ပြီး အိမ်ထဲသို့ အမြန်လျှောက်လှမ်းသွားတော့သည်။ ချီချီလေး ငြင်းဆိုသွားသည်ကို မြင်သော်လည်း ကျောက်လင်းက ဂရုမစိုက်ပေ။ သူမသည် တစ်ကိုယ်တည်း ဒန်းစီးရင်း တိုက်ခတ်လာသော လေပြေလေညင်းများကို ခံစားကာ ကျေနပ်အားရနေပုံပေါ်သည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ ကျိရုရွှယ်သည် သူမပြောခဲ့သည့်အတိုင်း အိမ်စာလုပ်နေခြင်း မဟုတ်ပေ။ သူမသည် စိတ်ဝိညာဉ်ဆက်သွယ်ခြင်းအတတ်ကို အသုံးပြု၍ ပျားငယ်တစ်ကောင်ကို ထိန်းချုပ်ကာ ကျောက်လင်း၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်ထောက်လှမ်းနေတော့သည်။
ကျိရုရွှယ်အနေဖြင့် ကျောက်လင်းကို လွတ်လပ်ခွင့်ပေးရန် ဖခင်ဖြစ်သူအား တိုက်တွန်းခဲ့ခြင်းမှာ အမှန်စင်စစ် ကျောက်လင်းအပေါ် ထားရှိသည့် နောက်ဆုံးစမ်းသပ်မှု တစ်ခုမျှသာ ဖြစ်သည်။
အကယ်၍ ကျောက်လင်းသည် လွတ်လပ်ခွင့်ရသည်နှင့် တစ်ပြိုင်နက် မကောင်းသော အကြံအစည်များ ကြံစည်ခြင်း သို့မဟုတ် ဖောက်ပြန်သော လက္ခဏာများ ပြသခဲ့ပါက သူမတွင် မကောင်းသော ရည်ရွယ်ချက်ရှိသည်မှာ ထင်ရှားပေလိမ့်မည်။ ထိုသို့ဆိုလျှင်မူ ကျောက်လင်းအား အသက်ချမ်းသာပေးထားရန် အကြောင်းမရှိတော့ပေ။
ကျိရုရွှယ်သည် ကျောက်လင်း၏ အလားအလာကို အသိအမှတ်ပြုထားပြီး သူမ၏ ဆင့်ကဲတိုးတက်မှုမှာ အနာဂတ်အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်သော်လည်း အကယ်၍ ကျောက်လင်းသည် သူမ၏ ဖခင် သို့မဟုတ် ခြံဝင်းအပေါ် အန္တရာယ်ပြုရန် ကြံစည်ခဲ့ပါက သူမကို အမြစ်ပြတ် သုတ်သင်ရန် ဝန်လေးမည်မဟုတ်ပေ။
ယခင်ဘဝတွင် သူမသည် အမြင့်မြတ်ဆုံးသော ဧကရီဖြစ်ခဲ့သည်။ ယခုဘဝတွင်လည်း သူမသည် ထိုရာထူးနေရာကို ပြန်လည်ရယူဦးမည်ဖြစ်ပြီး မည်သူမျှ သူမအား တားဆီးနိုင်လိမ့်မည်မဟုတ်။ သူမအတွက်မူ ကျောက်လင်းဆိုသည်မှာ အသုံးချနိုင်သည့် အလှဆင်ပစ္စည်းတစ်ခုမျှသာ။
တစ်ချိန်တည်းမှာပင် လုချွမ်းသည်လည်း ချီချီလေးကဲ့သို့ပင် ကျောက်လင်းကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်။ သူပိုင်ဆိုင်သော များပြားလှသည့် ရုပ်သေးဇွန်ဘီစစ်တပ်မှာ စုံစမ်းထောက်လှမ်းရေးများအဖြစ် ကျောက်လင်း၏ လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်နေ၏။
သို့သော် ကျောက်လင်းကို စောင့်ကြည့်ရုံသာမက လုချွမ်း၌ လုပ်ဆောင်စရာ အခြားအရေးကြီးသော ကိစ္စရပ်များလည်း ရှိနေသေးသည်။ လူသားဆင့်ကဲပြောင်းလဲသူများ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးနောက် လုချွမ်း၏ အာရုံမှာ ဆင့်ကဲပြောင်းလဲထားသော သားရဲကြီးများကို အမဲလိုက်ရန်ပင်။
အမှန်စင်စစ် ကျန်းနန်မြို့ပြခရိုင်ရှိ ဇွန်ဘီသားဖောက်ရာဌာနမှာ သူတို့ပြန်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ အဆင့်မြင့် ဆင့်ကဲဇွန်ဘီအမြောက်အမြား ထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်ကြွယ်ဝသော ဆင့်ကဲသားရဲများ၏ သွေးမှာ မရှိမဖြစ် လိုအပ်လှသည်။
ယခုအခါ လုချွမ်းသည် ဆင့်ကဲရုပ်သေးဇွန်ဘီများကို အုပ်စုဖွဲ့စေပြီး အဝါရောင်နဂါးတောင်ဆီသို့ ဦးတည်ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။ သို့သော် လူသားဆင့်ကဲပြောင်းလဲသူများ၏ ဘေးအန္တရာယ်မှာ အချိန်မရွေး ပေါ်ပေါက်လာနိုင်သေးသဖြင့် သူပိုင်ဆိုင်သော အဆင့် ၄ ရုပ်သေးဇွန်ဘီအားလုံးကို စေလွှတ်ခြင်းမပြုဘဲ ခြံဝင်းကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဆင့် ၄ ရုပ်သေးဇွန်ဘီ နှစ်ကောင်ကို ချန်ထားရစ်ခဲ့သည်။
အဆင့် ၄ ဆင့်ကဲဇွန်ဘီများ အစောင့်အရှောက်ရှိနေသရွေ့ သာမန်လူသားဆင့်ကဲပြောင်းလဲသူ မည်မျှပင် လာရောက်ကျူးကျော်ပါစေ သေမင်းနှင့် ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိနိုင်ပေ။
ကျောက်လင်းကို စောင့်ကြည့်ခြင်းနှင့် ရုပ်သေးဇွန်ဘီစစ်တပ်ကို အသုံးချကာ သားရဲများအား အမဲလိုက်ခိုင်းခြင်းတို့အပြင် လုချွမ်းသည် ကျန်ရှိသော အချိန်များကို ချီချီလေးအား ပျိုးထောင်ပေးရန်အတွက်သာ အသုံးပြုခဲ့သည်။ ပထမဦးစွာ သူသည် ချီချီလေး၏ စိတ်စွမ်းအငထိန်းချုပ်မှုကို ပိုမိုကျွမ်းကျင်လာစေရန် ကိရိယာမျိုးစုံကို အသုံးပြု၍ စဉ်ဆက်မပြတ် လေ့ကျင့်ပေးခဲ့သည်။
ထို့နောက်တွင်မူ ချီချီလေး၏ တိုက်ခိုက်ရေးစွမ်းရည်များ ထက်မြက်လာစေရန်အတွက် သင့်တော်သော အဆင့် ၁ ရုပ်သေးဇွန်ဘီများကို ရွေးချယ်ကာ သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်စေခဲ့သည်။ အစပိုင်းတွင် တစ်ဦးချင်း တိုက်ခိုက်စေခြင်းမှ စတင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ရန်သူအရေအတွက်ကို တိုးမြှင့်ကာ အုပ်စုလိုက် တိုက်ခိုက်ခြင်းများအထိ လေ့ကျင့်ပေးခဲ့သည်။ ဤသည်မှာ ချီချီလေးအား သူ၏ အစစ်အမှန် လျှို့ဝှက်လက်နက်အဖြစ် ဖန်တီးရန် လုချွမ်း၏ ရည်ရွယ်ချက်ပင်။
အမှန်စင်စစ် ချီချီလေးတွင် ပါရမီများစွာ ရှိနေသော်လည်း တိုက်ပွဲဝင် အတွေ့အကြုံ မရှိပါက အရေးကြုံလာလျှင် ထိရောက်မည်မဟုတ်သည်ကို လုချွမ်း ကောင်းစွာ နားလည်ထားသည်။
...
ကျန်းဟိုင် အခြေစိုက်စခန်း မြို့တွင်းပိုင်းရှိ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမအတွင်း၌...
ကျန်းနန်မြို့ပြခရိုင်တွင် ဖြစ်ပွားခဲ့သော ဆင့်ကဲပြောင်းလဲသူအဖွဲ့ ၃ ဖွဲ့၏ ထူးဆန်းသော ဖြစ်ရပ်များအကြောင်းကို အင်ပါယာမြို့တော်ထံ သတင်းပို့ခဲ့ပြီးနောက် ယနေ့တွင် ထိုနေရာမှ တုံ့ပြန်မှုကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သည်။ ယခုအခါ အခြေစိုက်စခန်း၏ အဆင့်မြင့် အရာရှိကြီးများအားလုံး စုံလင်စွာ တက်ရောက်နေကြပြီး အင်ပါယာမြို့တော်နှင့် ဗီဒီယိုအစည်းအဝေးပြုလုပ်နေကြသည်။
အစည်းအဝေးခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေပြီး တက်ရောက်လာသူတိုင်းသည် အလေးအနက်ထားသည့် အမူအရာဖြင့် ရှေ့မှ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေကြသည်။ မျက်နှာပြင်ပေါ်တွင်မူ ခန့်ညားထည်ဝါသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ပေါ်ထွက်လာပြီး တက်ရောက်လာသူအားလုံးကို တည်ငြိမ်စွာ ကြည့်ရှုနေ၏။
“မင်းတို့ ကျန်းဟိုင် အခြေစိုက်စခန်းက ပေးပို့လာတဲ့ အစီရင်ခံစာကို အင်ပါယာမြို့တော်က နားလည်လက်ခံပြီးပါပြီ။ အစီရင်ခံစာထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့...”
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်လက်ပြောကြားသည်။
“မင်းတို့ဘက်က ဒီအကြောင်းအရာကို တရားဝင် တင်ပြရဲတယ်ဆိုကတည်းက သေချာစဉ်းစားပြီးမှ လုပ်တာလို့ ငါယုံကြည်တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှ ထပ်မပြောတော့ဘူး”
အင်ပါယာမြို့တော်၏ တုံ့ပြန်မှုသည် ကျန်းဟိုင်အခြေစိုက်စခန်းရှိ အရာရှိများအတွက် မျှော်လင့်ချက်ရော စိုးရိမ်ပူပန်မှုပါ ဒွန်တွဲနေစေခဲ့သည်။
“အင်ပါယာမြို့တော်ရဲ့ ဆုံးဖြတ်ချက်ကို အခု အသိပေးမယ်။ မင်းတို့ ကျန်းဟိုင်အခြေစိုက်စခန်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်ပါယာမြို့တော်က အခြေအနေမှန်ကို စစ်ဆေးဖို့ အင်အားကြီးတဲ့ အထူးလက်ရွေးစင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အချက်အလက်တွေက မှန်ကန်တယ်လို့ အတည်ပြုနိုင်တာနဲ့ သူတို့က ဇွန်ဘီဘုရင်ကို သုတ်သင်တဲ့ စစ်ဆင်ရေးမှာ မင်းတို့ကို ကူညီပေးလိမ့်မယ်”
ဗီဒီယိုမျက်နှာပြင်ပေါ်ရှိ အလယ်အလတ်အရွယ် အမျိုးသားသည် စူးရှသောအကြည့်များဖြင့် အလေးအနက် ပြောကြားနေသည်။ တက်ရောက်လာသူများမှာ အင်ပါယာမြို့တော်၏ အထူးတပ်ဖွဲ့ လာမည်ဆိုသောကြောင့် ဝမ်းသာသွားကြသည်။ ထိုတပ်ဖွဲ့၏ အင်အားကို အသုံးချကာ ဇွန်ဘီဘုရင်က ဇွန်ဘီလှိုင်းလုံးကြီးကို မဖန်တီးနိုင်ခင် ခြံဝင်းအတွင်း၌ပင် အမြစ်ပြတ် ချေမှုန်းနိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။
သို့သော် ထိုအမျိုးသား၏ အသံမှာ ရုတ်တရက် အေးစက်သွားပြီး ဆက်လက်ပြောကြားသည်။
“ဒါပေမဲ့ အရမ်းစောပြီး ဝမ်းမသာကြနဲ့ဦး။ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ အကယ်၍ စစ်ဆေးကြည့်တဲ့အခါ မင်းတို့ပေးပို့တဲ့ သတင်းအချက်အလက်တွေက မှားယွင်းနေမယ်။ ကျန်းနန်မြို့ပြခရိုင်မှာ ဇွန်ဘီဘုရင်ဆိုတာ တကယ်မရှိဘူးဆိုရင်တော့... အင်ပါယာမြို့တော်က မင်းတို့စခန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရုံတင်မကဘဲ တက်ရောက်လာတဲ့ အရာရှိတစ်ဦးချင်းစီကိုပါ တာဝန်ယူခိုင်းလိမ့်မယ်။ ဇွန်ဘီဘုရင်ဆိုတာ လူသားထုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ဘူး အားလုံး နားလည်လား”
ထိုစကားကြောင့် အဆင့်မြင့်အရာရှိကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိုးရိမ်စိတ်များ ဝင်လာကြသည်။
ခြံဝင်းထဲတွင် ရှိနေသည်မှာ ဧကန်မုချ ဇွန်ဘီဘုရင် ဖြစ်သင့်သည်။ သို့သော် အင်ပါယာ၏ အကူအညီရခြင်းက ပို၍အရေးကြီးသဖြင့် စခန်း၏ အမြင့်ဆုံးဗိုလ်ချုပ်က တရားဝင် ပြန်လည်ဖြေကြားလိုက်သည်။
“နားလည်ပါပြီ ဆရာ သတင်းမှားယွင်းခဲ့ရင် ကျန်းဟိုင်စခန်းအနေနဲ့ ဘယ်လိုအပြစ်ပေးမှုကိုမဆို လိုလိုလားလား လက်ခံပါ့မယ်”