အခန်း (၂၃၈)
Vol. 24 Ch. 238
အခန်း။ ၂၃၈
ကျောက်လင်းသည် သူမအား စူးစိုက်ကြည့်နေသော ချီချီလေးကို မြင်သောအခါ မျက်ဝန်းထဲမှ သံသယရိပ်တို့ကို အမြန်ဖျောက်ဖျက်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကျင့်စဉ်မှာ ချီချီလေးက အန္တရာယ်ကြားမှ သူမအတွက် စေတနာသက်သက်ဖြင့် ခိုးယူပေးလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကျင့်စဉ်မှာ အတုအယောင်ပင် ဖြစ်နေပါစေဦးတော့ ချီချီလေး၏ စေတနာကို ငဲ့ညှာသောအားဖြင့် သူမ အနည်းဆုံး တစ်ကြိမ်တော့ စမ်းသပ်ကြည့်ရမည်။
"ချီချီလေး... ဒီကျင့်စဉ်ကို သမီးက တကယ်နားလည်လို့လား"
ချီချီလေးက သူမအား လမ်းညွှန်ပေးမည်ဟု ပြောခဲ့သဖြင့် ကျောက်လင်းသည် လက်ထဲမှ ကျင့်စဉ်စာအုပ်ကို ဖွင့်လှစ်ကာ ဖတ်ရှုလိုက်သည်။ တစ်ခဏချင်းမှာပင် သူမသည် နတ်ဘုရားတို့၏ လျှို့ဝှက်စာသားများကို ဖတ်နေရသကဲ့သို့ ခံစားလိုက်ရ၏။
စာလုံးတစ်လုံးချင်းစီကို သူမ သိသော်လည်း ထိုစာလုံးများ စုစည်းလိုက်သောအခါတွင်မူ အဓိပ္ပာယ်ကို လုံးဝ နားမလည်နိုင်တော့ပေ။ ထို့ကြောင့်လည်း သူမ အံ့ဩသွားရသည်။ ဤမျှ ခက်ခဲနက်နဲသောအရာကို ကလေးမလေးဖြစ်သူ ချီချီလေးက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။
"အန်တီ ကျောက်လင်း... အစကတော့ သမီးလည်း နားမလည်ပါဘူး။ ဒါပေမဲ့ ဖေဖေ့ကို မေးကြည့်တော့ ဖေဖေက အရင်က ဒါကို လေ့လာဖူးတယ်လို့ ပြောတယ်။ အဲဒီတုန်းက ဖေဖေ့ပုံစံက ဒါကို သိပ်တန်ဖိုးထားပုံမရဘူး အဲဒါကြောင့်လည်း သမီးက ခိုးထုတ်လာတာပေါ့"
ကျောက်လင်း၏ ရှေ့တွင် ထိုင်နေသော ကျိရုရွှယ်က အထာကျကျပင် ပြောလိုက်သည်။
ချီချီလေး၏ စကားကို ကြားသောအခါ ကျောက်လင်း၏ ရင်ထဲတွင် "ဒါကတော့ အတုပဲ ဖြစ်ရမယ်" ဆိုသော အတွေးက ပိုမိုခိုင်မာလာသည်။ ဇွန်ဘီဘုရင်ကိုယ်တိုင် လေ့လာဖူးပြီးမှ စာအုပ်ဟောင်းပုံထဲ ပစ်ထားခဲ့သည်ဆိုလျှင် အဓိပ္ပာယ်မှာ တစ်ခုတည်းသာ ရှိသည်။
ဒါက ဘာမှ အသုံးမကျတဲ့ ကျင့်စဉ်မို့လို့ပဲ ဖြစ်ရမယ်။
ဇွန်ဘီဘုရင် ကဲ့သို့သော အစွမ်းထက်သူတစ်ဦးပင် ဤကျင့်စဉ်ကို နားလည်ပါလျက် တိုးတက်မှုမရှိဘဲ ပစ်ထားခဲ့သည်ဆိုလျှင် ဘာမှမသိနားမလည်သော သူမအဖို့ တစ်စုံတစ်ရာ ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုသို့ တွေးမိသည်နှင့် ကျောက်လင်း၏ ရင်ထဲတွင် အနည်းငယ် စိတ်ပျက်သွားရသည်။ သို့သော်လည်း ဤအရာမှာ ချီချီလေး၏ စေတနာအစစ်အမှန် ဖြစ်သောကြောင့် ကျောက်လင်းသည် အလွယ်တကူ လက်မလျှော့ရန် ဆုံးဖြတ်လိုက်ပြီး ချီချီလေး၏ ရှင်းပြချက်အတိုင်း စတင်စမ်းသပ် ကျင့်ကြံကြည့်တော့သည်။
အချိန်များသည် တစ်စက္ကန့်ချင်း ကုန်လွန်သွားရာ နာရီဝက်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ စာအုပ်ငယ်ထဲတွင် ပါဝင်သော အကြောင်းအရာမှာ အလွန်အမင်း မများလှသဖြင့် ကျိရုရွှယ်၏ စနစ်တကျ ရှင်းလင်းပြသမှုနှင့် လမ်းညွှန်မှုအောက်တွင် ကျောက်လင်းသည် ကျင့်စဉ်၏ အခြေခံသဘောတရားကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့သည်။
တစ်နာရီအကြာတွင် ကျိရုရွှယ်၏ စောင့်ကြည့်မှုအောက်၌ ကျောက်လင်းသည် မျက်လုံးကိုမှိတ်၍ စိတ်ကိုတည်ငြိမ်စေကာ သူမ၏ ပထမဆုံးသော ကျင့်ကြံခြင်းအဆင့်သို့ စတင်ဝင်ရောက်ခဲ့သည်။
ကျောက်လင်းသည် ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရပ်မျက်နှာအသီးသီးမှ စွမ်းအင်ဓာတ်များသည် သူမ၏ထံသို့ စုပြုံတိုးဝင်လာပြီး ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကြတော့သည်။ တဖြည်းဖြည်းနှင့် ကျောက်လင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီလာပြီး သူမ၏ ထံမှနေ၍ အသစ်တစ်ဖန် ပြန်လည်နိုးထလာသော သက်စောင့်အားအရှိန်အဝါများ ထွက်ပေါ်လာ၏။ သူမသည် အတွင်းပိုင်းမှ အပြင်ဘက်အထိ တစ်ကိုယ်လုံး ဆေးကြောသန့်စင်ခြင်းကို ခံယူနေရသကဲ့သို့ပင်။
"တကယ်... တကယ်ကျင့်လို့ရတာပဲ"
ချက်ချင်းဆိုသလို ကျောက်လင်းသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ လေထုထဲမှ ဆန်းကြယ်သော စွမ်းအားတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး တစ်ကိုယ်လုံးတွင် ပုရွက်ဆိတ် ထောင်သောင်းချီ၍ တွားသွားနေသကဲ့သို့ စိမ့်စိမ့်တုန်သော ခံစားချက်မျိုးကို သူမ အထင်အရှား ခံစားလိုက်ရခြင်းဖြစ်သည်။
ဒါက တကယ်ကြီး ဇွန်ဘီဘုရင်ရဲ့ ဘိုးဘွားစဉ်ဆက် ကျင့်စဉ်လား။ ကမ္ဘာပေါ်မှာ ဒီလောက်တောင် အံ့ဩဖို့ကောင်းတဲ့ ကျင့်စဉ်မျိုး ရှိနိုင်ပါ့မလား။ ငါ ဘာလို့ အရင်က ဒါမျိုး တစ်ခါမှ မကြားဖူးခဲ့တာလဲ။ ဒီ လုချွမ်းဆိုတဲ့လူက တကယ်တော့ ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ မသိဘူး။
ချီချီလေး ပြောပြချက်အရ ကိုးပါးသောဓာတ် စွမ်းအင်သန့်စင်ခြင်း ကျင့်စဉ်သည် ဇွန်ဘီဘုရင်၏ မိသားစုအမွေအနှစ် ဖြစ်သည်။ ဤကဲ့သို့သော ထူးခြားသည့်ကျင့်စဉ်မျိုးကို ပိုင်ဆိုင်ထားသည့် မိသားစုဆိုပါက သာမန်နောက်ခံမျိုး ဖြစ်နိုင်ရန် အလွန်ခဲယဉ်းလှသည်။
အကယ်၍ ဒီကျင့်စဉ်က တကယ်အစစ်အမှန်ဆိုရင်...
လုချွမ်းက ဘာလို့အောင်မြင်အောင် မကျင့်နိုင်ခဲ့တာလဲ။ တစ်ခုခု ကန့်သတ်ချက်များ ရှိနေလို့လား။
ကျောက်လင်း၏ အတွေးများကို ကျိရုရွှယ်က တစ်ဖက်မှ အကဲခတ်နေခဲ့သည်။ ကျောက်လင်းသည် ဤမျှတိုတောင်းသော အချိန်အတွင်း တိုးတက်မှုရရှိလာသည်ကို မြင်သောအခါ ကျိရုရွှယ်ပင် အနည်းငယ် အံ့အားသင့်သွားရ၏။ ကျောက်လင်းကို အပေါ်အောက် အသေအချာကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများတွင် ကျေနပ်သည့်အရိပ်အယောင်များ ပေါ်လွင်လာသည်။
မထင်မှတ်ထားဘဲ ဤအမျိုးသမီးသည် ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။ ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ထူးခြားသော ပါရမီစွမ်းရည်ရှိနေခြင်းက ကျင့်စဉ်များကို ကျင့်ကြံရာတွင်လည်း ပါရမီပါမည်ဟု မဆိုလိုပေ။ သို့သော် ယခုမူ ကျောက်လင်းသည် ထူးကဲသော စွမ်းရည်ရှိရုံတင်မကဘဲ ကျင့်ကြံခြင်းတွင်လည်း ပါရမီရှင်ဖြစ်နေသဖြင့် သူမ၏ အလားအလာမှာ ကျိရုရွှယ် ခန့်မှန်းထားသည်ထက်ပင် ပိုမိုကြီးမားလာခဲ့ပြီဖြစ်သည်။
"ချီချီလေး... အန်တီ အောင်မြင်သွားပြီ"
ကျောက်လင်းသည် သူမ၏ အံ့ဩမှုများမှ သတိပြန်ဝင်လာကာ ချီချီလေးကို ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် အန်တီ ကျောက်လင်း။ အန်တီက တကယ်ကို တော်တာပဲ။ ဒီလောက်မြန်
မြန်ကြီး အောင်မြင်အောင် ကျင့်နိုင်လိမ့်မယ်လို့ သမီးမထင်ထားဘူး"
ကျိရုရွှယ်ကလည်း ဝမ်းသာအားရဖြင့် ပြန်လည်ချီးကျူးလိုက်သည်။
"ဒါတွေအားလုံးက ချီချီလေး ကျေးဇူးကြောင့်ပါ။ ချီချီလေးက သေချာလမ်းညွှန်ပေးလို့သာ အန်တီ ဒီလောက်မြန်မြန် တတ်မြောက်သွားတာ"
ကျောက်လင်းသည် ပြုံးရွှင်စွာဖြင့် ချီချီလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ရင်း နွေးထွေးစွာ ပြောလိုက်သည်။
သူတို့နှစ်ဦး အတန်ကြာ စကားပြောဆိုဖြစ်ကြသည်။ ချီချီလေးက ဤလျှို့ဝှက်ချက်ကို မပေါက်ကြားစေရန် ထပ်မံမှာကြားရာ ကျောက်လင်းကလည်း အလေးအနက် ခေါင်းညိတ် ကတိပေးပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
အခန်းထဲတွင် ကျန်ရစ်ခဲ့သော ကျိရုရွှယ်သည် ထွက်ခွာသွားသော ကျောက်လင်း၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ အရောင်တောက်လာသည်။
"အန်တီက သမီးကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."
ကျိရုရွှယ်၏ အမြင်တွင်မူ ကျင့်စဉ်ကို သင်ကြားပေးလိုက်ပြီ ဖြစ်သောကြောင့် ကျောက်လင်းသည် သူမ၏ တပည့် တစ်ဦးသဖွယ် ဖြစ်သွားခဲ့ပြီဖြစ်သည်။ အကယ်၍ ကျောက်လင်းသာ သစ္စာဖောက်ခဲ့ပါက ဂိုဏ်း၏ စည်းကမ်းအတိုင်း ရှင်းလင်းရမည်ဖြစ်ပြီး ပေးသမျှအရာအားလုံးကို တစ်ခုမကျန် ပြန်လည်သိမ်းဆည်းရပေလိမ့်မည်။
အိမ်ထဲမှ ထွက်လာပြီးနောက် ကျောက်လင်းသည် ပျော်ရွှင်မြူးထူးစွာဖြင့် ကစားကွင်းဆီသို့ ဦးတည်သွားခဲ့သည်။ သူမသည် လျှောစင်အောက်ရှိ နေရာလွတ်တွင် ထိုင်ကာ ကိုးပါးသောဓာတ် စွမ်းအင်သန့်စင်ခြင်း ကျင့်စဉ်ကို စိတ်အားထက်သန်စွာ စတင်ကျင့်ကြံတော့သည်။
လုချွမ်းသည် ရုပ်သေးဇွန်ဘီမှတစ်ဆင့် ကျောက်လင်း၏ ထူးဆန်းသော အပြုအမူကို သတိထားမိသော်လည်း ဇဝေဇဝါဖြစ်ရုံမျှသာရှိပြီး အရေးတယူ မစဉ်းစားခဲ့ပေ။ ချီချီလေးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိလာခြင်းနှင့် ခြံဝင်း၏ ခံစစ်ကို အဆင့်မြှင့်တင်ထားခြင်းတို့ကြောင့် လုံခြုံရေးအတွက် သူ စိတ်အေးနေခဲ့သည်။ လက်ရှိတွင် သူ၏ အာရုံစိုက်မှုအားလုံးမှာ အဝါရောင်နဂါးတောင်ဆီ၌သာ ရှိနေပြီး လူသားများ ထပ်မံကျူးကျော်ခြင်းမပြုမီ အဆင့် ၄ ရုပ်သေးဇွန်ဘီ အမြောက်အမြား ထွက်ပေါ်လာစေရန် ကြိုးပမ်းနေသည်။
ဤသုံးရက်အတွင်း ကျောက်လင်းသည် သူမ၏ အချိန်အတော်များများကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားခဲ့သည်။ ကစားကွင်းအစွန်းရှိ သစ်ပင်ကြီးတစ်ပင်အောက်မှ ကျောက်တုံးပေါ်တွင် ထိုင်ကာ ကျင့်စဉ်ကို လည်ပတ်နေစဉ် ပတ်ဝန်းကျင်ရှိ စွမ်းအင်ဓာတ်များသည် သူမထံသို့ ရေစီးသန်သော မြစ်တစ်စင်းအလား တိုးဝင်လာကြသည်။
ကျောက်လင်း၏ ခန္ဓာကိုယ်မှာ စွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် အနည်းငယ် တုန်ရီနေပြီး အချိန်နှင့်အမျှ သူမ၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
ဝုန်း…
နောက်ဆုံးတွင် အထွတ်အထိပ် အမှတ်သို့ ရောက်ရှိသွားသည့်အလား ကျောက်လင်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူမ၏ အရှိန်အဝါများမှာ အထက်သို့ ဟုန်ခနဲ ထိုးတက်သွားတော့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုမှာ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။
“ကောင်းတယ်... ကောင်းတယ်... နောက်ဆုံးတော့ ငါ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့ပြီ”
ကျောက်လင်း မျက်လုံးဖွင့်လိုက်ချိန်တွင် သူမ၏ မျက်ဝန်း၌ ဝမ်းသာပီတိများ ပြည့်နှက်နေသည်။ ဤကျင့်စဉ်သည် တကယ့်ကို အဖိုးတန်ရတနာတစ်ခုပင်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်စီးဆင်းရာ လမ်းကြောင်းများကို စဉ်ဆက်မပြတ် ပြုပြင်တည်ဆောက်ပေးကာ ပိုမိုကျယ်ပြန့်ပြီး ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးနိုင်သည်။
အမှန်စင်စစ် သူမ အဆင့် ၃ သို့ ဤမျှမြန်မြန် ရောက်ရှိသွားခြင်းမှာ ကျင့်စဉ်ကြောင့်သာမကဘဲ ခြံဝင်းအတွင်း၌ နေ့စဉ်စားသောက်နေရသော ဆင့်ကဲသားရဲအသားများ ကြောင့်လည်း ပါဝင်သည်။ ထိုအသားများမှ ရရှိသော အင်အားများသည် သူမ၏ ခန္ဓာကိုယ်အတွင်း စုဆောင်းမိနေခြင်းပင်။
ဤသည်မှာ ချီချီလေး၏ ကျေးဇူးကြောင့် ရရှိလာသော အခွင့်ထူးခံ ဘဝပင်။
သူမသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အဆင့် ၃ ၏ အင်အားကို ခံစားရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူမ၏ မျက်ဝန်းများမှာလည်း ယုံကြည်မှုများဖြင့် တောက်ပနေတော့သည်။
ဒီလိုမျိုး နတ်ဘုရားဆန်တဲ့ ကျင့်စဉ်ကို ပိုင်ဆိုင်ထားမှတော့... ငါ့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်နိုင်စရာ ဘာအကြောင်းရှိတော့မှာလဲ။