အခန်း (၁၂၁)
Vol. 13 Ch. 121
အခန်း(121)
သေဆုံးခြင်းက တိတ်ဆိတ်မှုကို ဖြစ်ပွားစေနိုင်ပြီး လေးလံထိုင်းမှိုင်းမှုနှင့် ဝမ်းနည်းမှုများကိုလည်း ယူဆောင်လာနိုင်၏။
အဆင့်ငါးသန္ဓေပြောင်းနွား၏ ခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းသည်က အလုံးစုံနီရဲနေကာ ခေါင်းကိုခါယမ်း၍ ခေါင်းပေါ်မှ အမျိုးသားကိုမြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီးနောက် ပါးစပ်ထောင့်တွင် စီးကျနေဆဲ သွေးများကိုလျှာထုတ်ကာ လျှက်လိုက်လေသည်။
ဤအခိုက်တွင် ယင်ရိလျို၏စိတ်က ဗလာဖြစ်နေခဲ့၏။ သူမ မျက်မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကြောင့် ပြန်အသိမဝင်သေးချေ။
ပုဂ္ဂိုလ်ရေးအရ သူမက ကျိုထိုက်ကိုမကြိုက်ပါသော်ငြား သင်နှင့်အတူတကွ တိုက်ခိုက်ခဲ့သော ရဲဘော်ရဲဘက်တစ်ယောက်က သင်၏မျက်စိရှေ့မှောက်တွင် သန္ဓေပြောင်းသားရဲများထံတွင် သတ်ခံခဲ့ရခြင်းမှာ အမှန်စင်စစ် ဆိုးဝါးသောအရာဖြစ်သည်။
သူမ နောက်တွင် မတ်တတ်ရပ်နေသော ကျင်းယန်က ကလေးမလေး၏ ကြက်သေသေနေသော အမူအရာကိုတွေ့သည့်အတွက် မထိန်းနိုင်ဘဲ စိုးရိမ်ကြောင့်ကျမှုကို ခံစားလိုက်ရ၏။
“ငြိမ်ငြိမ်လေးနေဦး”
သူက သူမဆီကို တဟုန်ထိုးသွားကာ ကြောက်စရာ မည်သည့်အရာမှမရှိဟု ရှင်းပြလျက် ပွေ့ဖက်ကာနှစ်သိမ့်ချင်လေသည်။
သို့သော် သူရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည့် အခိုက်တွင် ကြီးမားသော လက်သီးတစ်လုံးက သူ၏ရှေ့သို့ ရုတ်တရက် ဆင်းသက်လာခဲ့၏။
သူ၏ဘေးပတ်လည်မှ လူများထံမှ ကျယ်လောင်သော အာမေဍိတ်သံများ ထွက်လာပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် နောက်သို့အလျှင်အမြန်သာ ပြန်ဆုတ်နိုင်သည်။
ရုန်ကျင်းဖင်းက ခြိမ်းခြောက်သည့်အနေဖြင့် သန္ဓေပြောင်းလူဝံကြီးကို ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ကျင်းယန်ဆီသို့ မျက်လုံးထောင့်မှ စိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။
“မင်းဘာလုပ်နေတာလဲ? သေချင်လို့လား?”
ကျိုထိုက်က သူ၏နှာခေါင်းအောက်တွင် သေခဲ့ပြီးဖြစ်၏။ သူ ရှူးယန်အသင်းကို မည်မျှပင် မကြိုက်နှစ်သက်ပါစေ ၊ သူအသိအမှတ်ပြုသည့် ပြိုင်ဘက်တစ်ယောက်ကို သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်၏ ပါးစပ်ထဲတွင် သေသွားသည်ကို သူဘယ်တော့မှ မြင်ချင်မည်မဟုတ်ပေ။
ကျင်းယန် အသက်ပြင်းပြင်းရှူလိုက်၏။
“ဒါကို အဆုံးသတ်လိုက်ရအောင်”
ကျင်းယန် ရှေ့ကိုပြန်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးထဲမှ ရွှေရောင်အဝိုင်းကွင်းများက အရှေ့မှသန္ဓေပြောင်းလူဝံကို အေးစက်စွာစိုက်ကြည့်ကာ ဝင်းလက်လာကြသည်။
သူတို့နှစ်ယောက်က အတွဲညီကြပေ၏။ တစ်ယောက်က သန္ဓေပြောင်းလူဝံ၏ ကိုယ်လုံးတီး သွေးသံရဲရဲ ဝမ်းဗိုက်အပေါ်ကို သားရဲတစ်ကောင်ကဲ့သို့ ခုန်အုပ်ပြီး သူ၏ချွန်ထက်သော သွားများ၊လက်သည်းများနှင့် ကြမ်းကြုတ်စွာကိုက်လိုက်သည်။
နောက်တစ်ယောက်က သူ၏လက်သီးကိုရွှေရောင်အဖြစ်ပြောင်းပြီး အာဖရိကန်ကျားသစ်၏အပေါ်ကို အချိန်ကိုက် တက်နင်းလိုက်သည်။
ကျားသစ်က သူ့ကိုပင့်တင်ပေးပြီးနောက် သူက သန္ဓေပြောင်းလူဝံ၏ ကျောပေါ်ဆင်းသက်လိုက်လေ၏။
အိမ်မြှောင်ကြီးကျောင်းချီယန်က အခွင့်အရေးကို စောင့်နေခဲ့သည်။
သန္ဓေပြောင်းလူဝံက တခြားလူနှစ်ယောက်နှင့် ခက်ထန်သောတိုက်ပွဲတွင် လုံးထွေးနေချိန်တွင် သူ အခွင့်ကောင်းရသောကြောင့် လူဝံ၏အသားတစ်ပိုင်းကို ကိုက်ဖြဲရန် အားဖြင့်တိုက်ခိုက်ပြီး တစ်ချိန်တည်းတွင် အဆိပ်နှင့်ဘက်တီးရီးယား ပမာဏအများအပြားကို သန္ဓေပြောင်းလူဝံ၏ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်၏။
ရှေးကျသော လက်ဗလာတိုက်ပွဲက လွှဲယမ်းမှုများဖြင့်သာ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်မှ သစ်ပင်များကို အဆတ်မပြတ် တိုက်မိစေသောကြောင့် သန္ဓေပြောင်းတိရစ္ဆာန်နှင့် ဆင့်ကဲပြောင်းလဲသူများ၏ ပြင်းထန်သောတိုက်ပွဲကြားတွင် သစ်ပင်များမှာ မြေကြီးပေါ်ကို ကြုံရာကျပန်းလဲကျ ကုန်ကြသည်။
ဘေးဘက်မှ ဆင့်ကဲပြောင်းလဲသူများတွင် ကူညီရန်ရည်ရွယ်ချက်ရှိသော်ငြား ဤတိုက်ပွဲက သူတို့ကြားဝင်နိုင်သည့် တိုက်ပွဲမဟုတ်ကြောင်း အားလုံးနားလည်ကြသဖြင့် ဘေးဘက်တွင်သာ ရပ်နေနိုင်လေ၏။
“မင်းက လူသားမဟုတ်ဘူး.. သားရဲတစ်ကောင်ဆိုတာကို ငါခံစားနိုင်တယ်”
ယင်ရိလျို၏ နားထဲတွင် လျှပ်စီးကြောင်းကဲ့သို့ အသံကိုဖျတ်ခနဲ ကြားလိုက်ရပြီးနောက် အသံလှိုင်းများမှ အနည်းငယ် အသက်ကြီးနေသော အသံထွက်လာခဲ့သည်။
သူမ နောက်သို့လှည့်ကြည့်လိုက်လျှင် ကျိုထိုက်၏သွေးများနှင့်ဖုံးလွှမ်းနေသော သန္ဓေပြောင်းနွားက ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ခါယမ်းပြီး သူမဆီသို့ ဦးတည်၍ ကြည့်နေကြောင်း ရှာတွေ့လိုက်ရ၏။
သန္ဓေပြောင်းနွား၏ခန္ဓာကိုယ်က လက်ပစ်ဗုံးကြောင့် ဆုတ်ပြဲသွားခဲ့ကာ သွေးများက လူသားသွေးနှင့် ရောနှောနေခဲ့သည်။ ခေါင်းပေါ်မှဂျိုကလည်း သွေးနီရောင်လွှမ်းနေပြီး နေရောင်အောက်တွင် ကြည့်ရသည်မှာ အလွန်အမင်း ရက်စက်ပုံပေါ်နေသည်။
ထိုထုံထိုင်းပြီး ရင့်ကျက်သော အသံကို ဤတစ်ကိုယ်တည်းဖြစ်နေသော သန္ဓေပြောင်းနွားမှ ပို့လွှတ်ခဲ့ခြင်းဖြစ်လေ၏။
ယင်ရိလျို ပက်ပင်းတိုးခဲ့သည် တခြားသန္ဓေပြောင်းတိရစ္ဆာန်များနှင့် ယှဥ်လျှင် ဤတစ်ကောင်က ပို၍သိက္ခာရှိသည်။ ဤသန္ဓေပြောင်းနွားဆီမှဆီမှ ဉာဏ်ပညာတည်ရှိမှု အစစ်အမှန်ကို ခံစားနိုင်လေသည်။
သန္ဓေပြောင်းနွားတွင် စဥ်စားနိုင်သည့်စွမ်းရည်ရှိပြီး ဤလူသားများက သူ၏မျက်လုံးထဲတွင် ဖုန်မှုန်းများတွင်ရှိကာ အလွန်စိတ်အေးလက်အေးဖြစ်နေခဲ့၏။ဤအချိန်၌ သူက သစ်ပင်ထိပ်ဖျားကြားတွင် ထိုင်နေသော ယင်ရိလျိုကိုသာ စိတ်ဝင်စားမှုနှင့် ကြည့်နေလေသည်။
“ဒါပေမဲ့ မင်းကလူသားတစ်ယောက်အဖြစ် အသွင်ပြောင်းနိုင်တယ်.. အကောင်ငယ်လေး မင်းကအရမ်းထူးခြားတယ်”
ဤကဲ့သို့ထူးခြားဆန်းပြားသော တည်ရှိမှုနှင့် ပက်ပင်းကြုံတွေ့ရခြင်းမှာ သန္ဓေပြောင်းနွားအတွက် ပထမဆုံးအကြိမ်ဖြစ်၏။
လူသားသားပေါက်တစ်ကောင်နှင့် တူသော်လည်း အမှန်မှာ သားရဲတစ်ကောင်ဖြစ်နေခဲ့သည်။
ဤသတ္တဝါအကြောင်းကို သန္ဓေပြောင်းနွားအနေဖြင့် အနည်းငယ် သိချင်စိတ်ဖြစ်နေလေသည်။
ဤဉာဏ်ကောင်းသော သတ္တဝါ၏အကြည့်အောက်တွင် ဖောက်ထွင်းမြင်ခံနေရသည်ဟု ယင်ရိလျိုခံစားရသော်လည်း သူမ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ စကားမပြောသကဲ့သို့ အသံလှိုင်းများကိုလည်း မလွှတ်ခဲ့ချေ။
အဆင့်ငါးသန္ဓေပြောင်းနွား၏ ခန္ဓာကိုယ်အနှံ့တွင် သွေးများရှိလေ၏။ ထိုနွားက သွေးပေကျံနေသော မျက်လုံးများကို မှေးစင်း၍ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းကဘ ာပဲဖြစ်ဖြစ် လူသားတွေနဲ့ မတူကြောင်းကိုတော့ မင်းမှတ်ကိုမှတ်မိရမယ်.. လူသားမျိုးနွယ်က မင်းကိုလေ့လာဖို့အတွက် သတ်ပစ်ပြီး တစ်စစီဆုတ်ဖြဲပစ်ကြလိမ့်မယ်..
သားရဲတွေဆီကသာ မင်းနဲ့သက်ဆိုင်တဲ့နေရာပဲ.. သေချာ စဥ်းစားကြည့် အကောင်ငယ်လေး”
သန္ဓေပြောင်းနွား၏ စကားလုံးများက မှော်ဆန်စွာဖြင့် ဆွဲဆောင်နိုင်ပြီး နှလုံးသားထဲသို့တန်းတန်းရောက်လေ၏။
အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်များတွင် တစ်ကောင်နှင့်တစ်ကောင် အာရုံခံရန် အထူးနည်းလမ်းတစ်ခုရှိလေသည်။
တခြားတစ်ကောင်၏ ဦးနှောက်လှိုင်းများကို ဆက်သွယ်ရန်နည်းတစ်ခုအနေဖြင့် ခံစားနိုင်လေသည်။
မည်သို့ပင်ဖြစ်စေ ယင်ရိလျိုက မူမမှန်ချေ။ သူမတွင် ယုန်တစ်ကောင်အသွင်အပြင် ရှိသော်ငြား လူသားမျိုးနွယ်တစ်ယောက်အဖြစ် အသွင်ပြောင်းနိုင်နေ၏။
အထူးအသံလှိုင်းများကို အာရုံခံနိုင်ခြင်းသည်က သူမက လူသားမဟုတ်ကြောင်း ဆိုလိုနေခဲ့သည်။
သူမ၏တည်ရှိမှုက လုံးလုံးလျားလျား ဖော်ထုတ်ခံရလျှင် သူမကို ဖမ်းဆီး၊ ခွဲစိတ်စစ်ဆေးပြီး သုတေသနလုပ်ချင်သူများ သေချာပေါက်ရှိမည်ဖြစ်၏။
ဤသန္ဓေပြောင်းတိရစ္ဆာန်က ယင်ရိလျိုကို သတိပေးနေသည်ဟု ပြောချင်ထက် သူမကို သန္ဓေပြောင်းတိရစ္ဆာန်များဘက်မှ မပြတ်မသားသတိပေးမှုတစ်ခုကို ပေးနေသည်ဟု ပြောနိုင်လေသည်။
ကလေးမလေးက သန္ဓေပြောင်းနွား၏ စကားလုံးများကြောင့် ဆွံ့အသွားပုံရ၏။ သူမ၏လက်လေးက သစ်ကိုင်းပေါ်ကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ်ဆူလိုက်သည်။
အဆင့်ငါးသန္ဓေပြောင်းနွား၏ နောက်ဆုံးအသံလှိုင်းက သူမဆီဦးတည်၍ ပျံသန်းလာပြီးနောက် ထိုနွားက သိပ်မဝေးသည့်နေရာမှ အရှုပ်အထွေးဆီ ဦးတည်၍ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။
“အကောင်ငယ်လေး ငါတို့ဘက်ဆီကို ဝင်ဖို့ မင်းကိုအချိန်မရွေး ကြိုဆိုပါတယ်”
ချိုက်ယွီရှုနှင့် ကျောင်းစီဟွေ့၏ဂလန်းများမှအနံ့သည်က သန္ဓေပြောင်းတိရစ္ဆာန်များကို ဒေါသထွက်ပြီး သက်တောင့်သက်သာမဖြစ်မှုကို အမှန်တကယ် ခံစားရစေသော်ငြား မယုံနိုင်လောက်အောင် သန်မာသော အဆင့်လေးနှင့်အဆင့်ငါး သန္ဓေပြောင်းတိရစ္ဆာန်များအတွက် ဤနည်းလမ်းက သူတို့၏သွေးဆာစိတ်ကို ပို၍သာ မြင့်မားလာစေသည်။
သန္ဓေပြောင်းနွား၏ခေါင်းထိပ်မှ ကြွယ်ဝသောသွေးရနံ့က မူလကပျို့အန်ချင်နေသော နွားကို အများကြီး ပိုကောင်းလာစေ၏။ သန္ဓေပြောင်းနွားက ကျိုထိုက်ကို အကြိမ်အနည်းငယ်မြင်ဖူးပြီး ဤပုဂ္ဂိုလ်က လူသားနေထိုင်ရာဒေသ၏ ပိုင်ရှင်ဖြစ်ကြောင်း သိသော်ငြား လူဝံနှင့်လက်ရှိ တိုက်ခိုက်နေသော ဤလူများကိုမူ မည်သည့်အချိန်မှ မမြင်ဖူးချေ။
မျိုးစပ်နှစ်ကောင်ဖြစ်သော ကျားသစ်နှင့် အိမ်မြှောင်မှာ တစ်ကောင်က အလွန်ရန်လိုနေချိန်တွင် တခြားတစ်ကောင် ထုတ်သည့်အဆိပ်များက အကြောသေသည့် သက်ရောက်မှုပြင်းပြင်းကို ဖြစ်ပွားစေနိုင်သည်။
သို့သော်ငြား သတိထားစရာအကောင်းဆုံးမှာ မည်သည့်ဆင့်ကဲပြောင်းလဲမှု အသွင်မှမရှိသည့် လူသားဖြစ်၏။
သူ၏လှုပ်ရှားမှုများက အလွန်ပျော့ပြောင်းလှသည်။ သူ၏အောက်မှသားရဲက သစ်ပင်ပင်စည်ဆီတွငရ မည်မျှပင် ဆောင့်တိုက်ပြီး သားရဲက တုတ်ခိုင်သောလက်ဖဝါးဖြင့် ကိုယ့်ကျောပြင်ကိုယ် သိမ်းကျုံးရိုက်၍ ကျောပြင်ပေါ်မှ အမျိုးသားကို အလဲထိုးရန်ကြိုးစားနေပါစေ သူက တိုက်ခိုက်မှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ရှောင်ရှားကာ သန္ဓေပြောင်းလူဝံ၏ နောက်ကျောတွင် ခိုင်မြဲစွာ ကပ်တွယ်ထားလေ၏။
အာဖရိကန်ကျားသစ်နှင့် အိမ်မြှောင်က တိုက်ခိုက်ရန်ရှေ့တက်လာချိန်တွင် သူက လူဝံ၏ကြွက်သားများကို မြန်ဆန်စွာ ထိုးနှက်လိုက်မည်ဖြစ်သည်။
အဆင့်လေးသန္ဓေပြောင်းတိရစ္ဆာန်၏ အရေပြားနှင့်အသားများက ရှင်းလင်းစွာပင် အလွန်အမင်းကြမ်းတမ်းလေ၏။
ဤအမျိုးသားတွင် မည်သည့် ဆင့်ကဲစွမ်းရည်ရှိကြောင်း မသိရသော်လည်း သူ၏ လက်သီးတစ်စုံနှင့်ပင် အဆင့်လေးသန္ဓေပြောင်းတိရစ္ဆာန်၏ ခန္ဓာကိုယ်ကို နက်ရှိုင်းသောအပေါက်ကြီးများအဖြစ် ထိုးလိုက်နိုင်လေသည်။
သွေးသံယိုယိုအပေါက် တစ်ပေါက်သို့မဟုတ် နှစ်ပေါက်က လူဝံကိုမသတ်နိုင်သော်ငြား စွမ်းအားကိုအဆတ်မပြတ် စုပ်ယူနိုင်ပြီး သွေးရူးသွေးတန်းဖြစ်စေသည်အထိ နာကျင်အောင် ပြုလုပ်နိုင်လေသည်။
ဤဧရာမအဆင့်လေး သန္ဓေပြောင်းတိရစ္ဆာန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရသည့် အရေပြားတစ်နေရာပင်မရှိချေ။လူဝံ၏ရင်ဘက်ပေါ်တွင် ဒဏ်ရာကြီးတစ်ခုပေါက်နေပြီး လည်ပင်းနှင့် ခြေထောက်များက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့၏။ လူဝံက အရှေ့နှင့်အနောက် အမောတကောပြေးနေပြီး သွေးစက်များမှာ မိုးရွာသည့်နှယ် ကျဆင်းနေလေသည်။
သန္ဓေပြောင်းလူဝံက အားအင်ကုန်ခမ်း လုနီးပါး ဖြစ်နေပြီပင်။ သန္ဓေပြောင်းလူဝံ၏ စူးရှသော ဟိန်းဟောက်သံကပင် မသေခင် နောက်ဆုံးရုန်းကန်နေသည့်နှယ် အနည်းငယ်ချည့်နဲ့နေပြီး ခန္ဓာကိုယ်ကြီးက ယိမ်းယိုင်နေလေ၏။
ကျားသစ်မျိုးစပ် ရုန်ကျင်းဖင်းမှာလည်း ပို၍ကောင်းမွန်သော အခြေအနေတွင် မရှိနေပေ။
သူ၏နောက်ကျောနှင့် ဝမ်းဗိုက်တွင် နက်ရှိုင်းသော စုတ်ပြဲဒဏ်ရာများရှိနေသည်။ အဆိုးဝါးဆုံးမှာ ကျောင်းချီယန်ဖြစ်၏။
သူ၏ကျောပြင်မှ အပြည့်အဝ မကောင်းမွန်သေးသည့် ဒဏ်ရာက ပိုဆိုးဝါးလာလေသည်။
ဤအင်အားကြီးသော ဆင့်ကဲပြောင်းလဲသူများက ဤအခြေစိုက်စခန်းမှ သေချာပေါက်မဟုတ်ချေ။
သန္ဓေပြောင်းနွားက မျက်စိမှေးစင်းပြီး လူဝံ၏ကျောပေါ်တွင် ရှိသော ကျင်းယန်ကိုကြည့်လိုက်၏။
ထို့နောက် မြေပြင်ကို ခွာနှင့်တိတ်တဆိတ် နှစ်ကြိမ်ပုတ်လိုက်ပြီး အလွန်တိုးညှင်းသော အသံကိုပြုလုပ်လိုက်သည်။
ဤမှိန်ဖျော့သောအသံကို သွေးရူးသွေးတန်းဖြစ်နေသော သန္ဓေပြောင်းလူဝံက ကြားရလေ၏။
လူဝံ၏ခန္ဓာကိုယ်ကြီးက ရပ်တန့်သွားသောကြောင့် ချက်ချင်းပင် လည်ဂုတ်ပိုးကို နက်ရှိုင်းသော ဒဏ်ရာတစ်ခုဖြစ်အောင် ရိုက်ခြင်းခံရသည်။
သွေးပူပူများက ကျင်းယန်၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ ပက်ဖြန်းသွားပြီး သူ၏မျက်နှာတစ်ခုလုံးတွင် သွေးပျစ်ပျစ်များဖြင့် ဖုံးလွှမ်းနေကာ ငရဲမှတွားသွားထွက်လာသော တစ်စုံတစ်ယောက်နှင့်တူလာခဲ့လေ၏။
သူ၏လက်မောင်းများမှ ရွှေရောင်အကြေးခွံများက အနည်းငယ် အက်သွားလေသည်။
နောက်ဆုံး၌ အဆင့်လေးသန္ဓေပြောင်းသားရဲတစ်ကောင်၏ အင်အားက နိမ့်ပါးသောအရာမဟုတ်ဘဲ ကသုတ်ကရက်သိမ့်ခနဲ လှုပ်ရှားမှုတိုင်းသည်ပင် သူ့ဆီသို့ သေချာသော ပျက်စီးမှုများ ယူဆောင်လာ၏။
ရုတ်တရက်ပင် သူ၏အောက်မှ သတ္တဝါကြီးက တောင့်ခဲသွားပြီး ရုတ်ခြည်း နောက်ပြန်လဲကျသွားခဲ့သည်။
*