အခန်း (၁၂၃)
Vol. 13 Ch. 123
အခန်း(123)
တောအုပ်ထဲမှ အော်ဟစ်အောင်ပွဲခံသံများကို ကြားရမှသာ ယင်ရိလျိုက မှိန်းမောနေရာမှ ပြန်အသိဝင်လာခဲ့သည်။
သူမ၏ခြေထောက်အောက်မှ အရှုပ်အပွများ၊ ပတ်လည်မှ သွေးများကို ကြည့်လိုက်ပြီး ရုတ်တရတ် အနည်းငယ် လမ်းပျောက်သွားသည်ဟု ခံစားရ၏။
ကျင်းယန် သွေးအိုင်ထဲမှ လှမ်းထွက်လိုက်ပြီး ကလေးမလေးကို သူ၏သန်မာသော လက်မောင်းများဖြင့် ရစ်ပတ်လျက် လက်မောင်းထဲတွင် တင်းကြပ်စွာဖက်လိုက်သည်။
သူက သူမ၏မျက်နှာပေါ်မှ သွေးများကို ဂရုမစိုက်ခဲ့ချေ။ သူ၏မျက်နှာကို သူမ၏ဆံပင်ထဲတွင် မြုပ်နှံပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
“နောက်တစ်ခါ ကောကို ဒီလိုမျိုးမခြောက်ပါနဲ့”
အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ခန္ဓာကိုယ်ဆီသို့ ယင်ရိလျို ခုန်ဝင်လိုက်ချိန်တွင် သူ၏နှလုံးသားက မည်မျှပြင်းပြင်း ခုန်သွားကြောင်းကို မည်သူမှမသိနိုင်ပါချေ။
ထိတ်လန့်ကြောက်ရွံ့သည့်ခံစားချက်က ယခုလေးတင် သေခြင်းနှင့်နီးကပ်စဥ်က ခံစားခဲ့ရသည်ထက် ပို၍ပင်သန်မာလေသည်။
အမျိုးသား၏ သြရှပြီးကြမ်းတမ်းသည့်အသံက ရေနွေးစီးကြောင်းတစ်ခုနှင့်တူပြီး သူမ၏သန်မာသော ဟန်ပန်ကို ချက်ချင်း ချိုးဖြတ်လိုက်၏။
ယင်ရိလျို နောက်ဆုံးတွင် နှုတ်ခမ်းကိုတင်းတင်းစေ့မိပြီး မျက်လုံးထဲမှ မျက်ရည်များက မထိန်းနိုင်ဘဲ စီးကျလာခဲ့သည်။
သူမ တိတ်တဆိတ်နှာရှုပ်ပြီး မျက်နှာပေါ်မှ သွေးနှင့်မျက်ရည်များကို လက်လေးဖြင့် သုတ်လိုက်သောငြား သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တင်းကြပ်စွာ ရစ်ပတ်နေသောနှလုံးသားထဲမှ စိတ်မလုံခြုံမှုကို မထိန်းထားနိုင်ချေ။
သူမ၏ခြေထောက်က မြေပြင်မှလွတ်သွားပြီး ကျင်းယန်၏ လက်မောင်းထဲတွင် အချီခံလိုက်ရသည်။
ကျင်းယန်က သူ၏အပေါ်အင်္ကျီကို ကြယ်သီးဖြုတ်ကာကလေးမလေးကို အဝတ်ထဲတွင် ထည့်ခြုံလိုက်ပြီးနောက် အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လိုက်လေသည်။
ရုန်ကျင်းဖင်းတစ်ယောက် သူ၏‘သမီး’ကို ချော့မြူရာတွင် အလုပ်ရှုပ်နေသော ကျင်းယန်ကိုကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ပြုံးလိုက်မိ၏။
ဤပေစုတ်စုတ်အမျိုးသားတွင် နူးညံ့သောအကွက်လေးရှိမည်ဟု သူ မမျှော်လင့်ထားချေ။
ကျင်းယန်က ဤကဲ့သို့ ရှုပ်ထွေးသောအမူအရာကို ပြသခြင်းအား သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သို့သော်ငြား ဤကလေးမလေး…
ရုန်ကျင်းဖင်း ယခုလေးတင်က ယင်ရိလျို၏တိကျ၍ ပြတ်သားသော နည်းစနစ်ကို တွေးလိုက်မိလျှင် သူ့ကျောပြင်တစ်လျှောက်ဆင်းသွားသော အေးစိမ့်မှုကိုခံစားရလေ၏။
ဤအကြီးနှင့်အသေး နှစ်ယောက်တွဲနှင့် သွားရှုပ်၍မရချေ။
အထူးသဖြင့် အသေးလေးဖြစ်သည်။ ဤကလေးက စတော်ဘယ်ရီအနှစ်ဖြည့်ထားသော ဆန်းဒဝချ်ကွတ်ကီးဟု မူလက ထင်ထားခဲ့သော်ငြား ထိုအမြင်ကို ပြန်ပြောင်းရန် လိုနေပုံရ၏။
သူ လှုပ်ရှားလိုက်လျှင် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဆွဲဖြဲမိသွားသဖြင့် မထိန်းနိုင်ဘဲ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
သူက ဘေးဘက်တွင် လဲဲနေသော အလောင်းဆီသို့ ဖြည်းညှင်းစွာ သွားလိုက်၏။
ကျိုထိုက်၏ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်တင်းပြီး ခရမ်းရောင်သန်းနေပြီဖြစ်၏။
သူ၏မျက်နှာပေါ်တွင် သူနောက်ဆုံးအခိုက်အတန့်က ခံစားခဲ့ရသည့်ရှုပ်ထွေးမှုနှင့် နာကျင်မှုကို ပြသနေဆဲပင်။
သူ၏ဝမ်းဗိုက်မှ ဒဏ်ရာသည်လည်း သန္ဓေပြောင်းဘက်တီးရီးယားများ၏ တိုက်စားမှုအောက်တွင် ပုပ်လာပြီး နံစော်လာပြီဖြစ်၏။
ရုန်ကျင်းဖင်းက ‘ထိုအမျိုးသား’ကို သူ၏ပုခုံးပေါ်တွင် သယ်သွားရန်အတွက် ငုံ့ကိုင်းလိုက်သည်။ ဆံပင်ဘုတ်သိုက်နှင့် သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်တွင် နာကျင်သည့်အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။
“ငါ့ရဲ့ညီအစ်ကို ၊ အိမ်ကို ပြန်ကြရအောင်”
သက်လတ်ပိုင်းအမျိုးသားက ပုခုံးပေါ်တွင်ရဲဘော်ရဲဘက်ကို သယ်သွားပြီး သူ့ကိုအိမ်ပြန်ခေါ်နေရင်းဖြင့် ကျေးလက်ရိုးရာသီချင်းတစ်ပုဒ်ကို ဆိုညည်းနေခဲ့သည်။
ကမ္ဘာပျက်ကပ်သို့ ရောက်ရှိလာသဖြင့် ပတ်ဝန်းကျင်မှာ ပို၍ကြမ်းတမ်းလာရန် အကြောင်းဖန်လာပြီး ရှင်သန်ခြင်းနည်းလမ်းများသည်လည်း ဆင်းရဲဒုက္ခတွင်းထဲ ထိုးကျလာခဲ့၏။
အရေအတွက်များသော်လည်း အားနည်းသည့် လူသားမျိုးနွယ်များအပေါ် သန္ဓေပြောင်းတိရစ္ဆာန်များက မျက်စိကျနေသောကြောင့် လူသားမျိုးနွယ်မှာ ရှင်သန်ရန်အတွက် နေရာထိုင်ခင်းများကို မြှင့်တင်ရမည်ဖြစ်သည်။
သဘာဝအတိုင်း အလိုက်အသင့်ပြောင်းလဲပြီး အသက်ရှင်ရန်အတွက် အသင့်လျော်ဆုံးဖြစ်၏။
သဘာဝက သတ္တဝါအားလုံးကို တူညီသောစမှတ်ဆီသို့ ဆွဲခေါ်လိုက်ချိန်တွင်တော့် ပြိုင်ဆိုင်မှုက တမူထူးကဲစွာ ရက်စက်လာပြီး ကွဲပြားသောမျိုးစိပ်များက မည်သို့ယှဥ်တွဲနေထိုင်သင့်သလဲဆိုသော မေးခွန်းက အလွန်အမင်းခက်ခဲလာခဲ့သည်။
ထိုည၌ သူရဲကောင်းများအတွက် အခြေစိုက်စခန်းထဲတွင် ကျင်းပသင့်သည့် စားသောက်တည်ခင်းပွဲက ကျိုထိုက်၏သေဆုံးမှုကြောင့် ထိုင်းမှိုင်းနေခဲ့၏။
သူတို့အခြေစိုက်စခန်းခေါင်းဆောင်၏ သေဆုံးမှုကြောင့် ညအချိန်က အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။
ကျင်းယန်နှင့်တခြားသူများ နေထိုင်သောအိမ်၏ အနောက်ဘက်တွင် ထင်းမီးက ပြင်းထန်စွာ တောက်လောင်နေခဲ့ပြီး ရေပူများကို အိုးထဲတွင်တည်ထားလေ၏။
ရေချိုးခန်းထဲ၌ ယင်ရိလျိုတစ်ယောက် သူမကိုယ်သူမ ရေထဲတွင် နှစ်ထားမိသည်။
သူမ၏ခန္ဓာကိုယ်ပေါ်မှ သွေးနှင့်အညစ်အကြေးများကို လုံးလုံးလျားလျား ဖယ်ရှားပြီးပြီဖြစ်၏။ဤအခိုက်အတန့်တွင် မိန်းမောမှုများဖြင့် သူမ၏ဒူးခေါင်းကို ဖက်ထားပြီး နေ့လယ်ခင်းက အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်မှ သူမကို ကြည့်သည့်အကြည့်တို့က စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာခဲ့သည်။
သန္ဓေပြောင်းနွားက သူမကို မျိုးနွယ်တူတစ်ကောင်အဖြစ်မှတ်ယူပြီး အဖွဲ့ဝင်အဖြစ် ခေါ်သွင်းချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သန္ဓေပြောင်းနွားက လူသားမျိုးနွယ်၏ ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့ကာ ကျင်းယန်ကို သတ်ရန်ပင် ကြိုးစားခဲ၏။
ထို့ကြောင့် သူတို့သည်လည်း ဆန့်ကျင်ဘက်တွင် ဖြစ်သွားရလေ၏။
ယင်ရိလျိုက ယုန်တစ်ကောင်ဖြစ်သော်ငြား အဆုံး၌ သူမ၏ဝိညာဥ်က လူသားမျိုးနွယ်တစ်ယောက်ဖြစ်ပေသည်။
သူမအတွက် သန္ဓေပြောင်းတိရစ္ဆာန်များနှင့် ပေါင်းစည်းရန် မဖြစ်နိုင်ပါချေ။
သူမ၏ချွန်ထက်သော လက်သည်းများနှင့် အစွယ်များကို သူမ၏ ရဲဘော်ရဲဘက်များဆီ မချိန်ရွယ်နိုင်ပေ။
ထိုအခိုက်အတန့်တုန်းက ယင်ရိလျို မည်သည့်အရာကိုမှ မတွေးနိုင်ဘဲ ကျင်းယန်ကိုသာ ကယ်တင်ချင်ခဲ့၏။
သို့သော်ငြား သူမ၏ချွန်ထက်သော ဓားသွားများက သန္ဓေပြောင်းနွား၏လည်ချောင်းထဲ အမှန်တကယ် စိုက်ဝင်သွားသည့်အခိုက်တွင် ဤကဲ့သို့ ဆုံးဖြတ်ချက်တစ်ခုကို ချရခြင်းသည်က ခက်ခဲသောအရာတစ်ခု ဖြစ်ကြောင်း သိခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သေခြင်းတရားကိုရင်ဆိုင်ရသည့် မျက်လုံးများကို တစ်ဘဝစာအတွက် မှတ်မိနေပေလိမ့်မည်။
သူမ နှာရှုံ့ကာ မတ်တတ်ရပ်ပြီး သူမကိုယ်သူမ ခြောက်သွေ့သော ပုဝါဖြင့်သုတ်လိုက်သည်။
သူမကို နောက်ထပ်အခွင့်အရေးပေးခဲ့လျှင်ပင် ကျင်းယန်ကိုသာ ခိုင်မာစွာ ရွေးချယ်မည်ဖြစ်၏။
အကြောင်းမှာမူ ဤထူးဆန်းပြီး ရက်စက်သောလောကကြီးထဲတွင် သူသည်သာ သူမတွင်ရှိသော တစ်ဦးတည်းသောသူဖြစ်နေခဲ့သည်မဟုတ်ပါလား။
ယင်ရိလျို ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည့်အခိုက် ကျင်းယန်က အပြင်ဘက်တွင် မျက်မှောင်ကြုတ်လျက် စောင့်နေခဲ့၏။
သူမ ထွက်လာသည်ကို မြင်လျှင် သူမ၏ဆံပင်ကို အမွှေးပွပုဝါဖြင့် ချက်ချင်းသုတ်ပေးခဲ့လေသည်။
“ အေးနေလား?”
ကျင်းယန် ညင်သာစွာ မေးလိုက်၏။
ယင်ရိလျို ခေါင်းခါပြလိုက်သည်။ ခိုအမျိုးသားက ရေကို အလျှင်အမြန် ချိုးခဲ့ကြောင်း သူမ သတိထားမိခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ သွေးအားလုံးကို ဆေးကြောပစ်ပြီး သန့်ရှင်သော အဝတ်အစားများကို လဲဝတ်ထားခဲ့လေသည်။
ဤအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်တွင် လတ်ဆတ်ပြီး ရင်းနှီးသောသစ်ကတိုးရနံ့ ထွက်နေကာလန်းဆန်းပြီး ပူပန်မှုကို ပျောက်ကင်းစေ၏။
ကျောင်းမောင်နှမနှင့် အနက်ရောင်ဝံပုလွေက ဤစစ်ဆင်ရေး၌ ဒဏ်ရာများစွာရခဲ့လေသည်။
ကံကောင်းစွာဖြင့် ယင်ရိလျိုက ချွမ်းရုန် အခြေစိုက်စခန်းသို့ မလာခင် နေရာလွတ်ထဲတွင် ဆေးအများအပြားကို သိုလှောင်ထားခဲ့၏။
ထို့သို့မဟုတ်လျှင် ဤကဲ့သို့ ဆေးလိုအပ်မှုကြီးကို အခြေစိုက်စခန်း၏ ထောက်ပံ့ပစ္စည်းက ထောက်ပံ့နိုင်မည်မဟုတ်ချေ။
လူနှစ်ယောက်နှင့် ဝံပုလွေတစ်ကောင်ပေါ်သို့ လိမ်းဆေးအဆီ လိမ်းပေးပြီးနောက် ကျင်းယန် ချက်ပြုတ်ထားသော ညစာကိုစားလိုက်ကြသည်။
ကျောင်းမောင်နှမက စားသောက်ခြင်းကို မြန်မြန် လက်စသတ်ပြီးနောက် ရေချိုးပြီး အိပ်ယာဝင်သွားခဲ့ကြလေ၏။ အနက်ရောင်ဝံပုလွေက ဖက်ထုပ်တစ်ခုနှယ် ပတ်တီးဖြင့် အပတ်ခံထားရ၏။
ဟေးလန်မှာ အဆင့်သုံးသန္ဓေပြောင်း ဝက်ဝံတစ်ကောင်နှင့် တိုက်ပွဲကြီးကြီးတစ်ခု တိုက်ခိုက်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာအတော်များများကိုလည်း ရရှိခဲ့သည်။
ဤအချိန်တွင် ဟေးလန်က နိုးနိုးကြားကြားမနေနိုင်တော့ဘဲ ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။
တစ်ခဏမျှအိမ်ထဲတွင် အလွန်တိတ်ဆိတ်သွားပြီး ကျင်းယန်နှင့် ယင်ရိလျိုသာ ကျန်နေသကဲ့သို့ပင်။
အိပ်ခန်းထဲရောက်ပြီးနောက် ယင်ရိလျိုက ကျင်းယန်မှ သူမ၏ဆံပင်ကို ခြောက်သွေ့အောင် သုတ်ပေးပြီး ဘီးလေးဖြင့် ညင်သာစွာဖီးပေးမည်ကို လိမ္မာစွာစောင့်နေခဲ့သည်။
ဆံပင်ဖီးပေးသည့် အချက်တိုင်းက အလွန်ညင်သာပြီး သက်တောင့်သက်သာရှိလွန်းသဖြင့် သူမ အိပ်ပျော်လုနီးပါးပင်။
“ဘယ်လိုနေလဲ? ဖီးပေးတာနာလား”
ကျင်းယန် ကလေးမလေး၏ ခြေထောက်များကို စောင်ဖြင့်ဖုံးပေးရင်း မေးလိုက်သည်။
ယင်ရိလျိုခေါင်းရမ်းလိုက်၏။ ယနေ့တွင် ရွှေပေါင်လုံးကြီးက သူမကိုပဲ့ကြွေလွယ်သော ပစ္စည်းတစ်ခုနှယ် ပို၍ဆက်ဆံနေသည်ဟု သူမခံစားရသည်။
သူ သူမကိုစကားပြောသည့် အသံနေအသံထားကပင် အလွန်ဂရုစိုက်ပြီး ညင်သာလေ၏။
သူမ၏ဆံပင်က ခြောက်သွေ့၍ ပွယောင်းယောင်းဖြစ်သွားပြီးနောက် ကျင်းယန်က သူမကို စောင်လေးအောက် ဆွဲသွင်းပြီး ယင်ရိလျိုအတွက် အထူးတလှယ် အမှတ်ဖြင့်လဲလှယ်ထားသော နတ်သမီးပုံပြင်စာအုပ်ကို စားပွဲပေါ်မှ ကောက်ကိုင်လိုက်သည်။
“မင်း ဒီနေ့ ဘာကိုနားထောင်ချင်လဲ?”
ယင်ရိလျို မျက်တောင်ခတ်ပြီး ခေါင်းလေးစောင်းလျက် စဥ်းစားလိုက်၏။
ဤချိုမြိန်သော အချစ်ပုံပြင်များနှင့် ရင်းနှီးခဲ့သည်မှာ ကြာပြီဖြစ်ပြီး တခြားမည်သည့် ပုံပြင်များရှိသေးကြောင်း သူမ အမှန်တကယ် မသိသဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”
ကျင်းယန် ခေါင်းငြိမ်ပြီး “စနှိုးဝှိုက်နှင့် လူပုလေး ခုနှစ်ယောက်” ဆိုသောပုံပြင်ဆီသို့ လှန်လိုက်ပြီး ကလေးမလေးကို သူ၏သြရှပြီး သာယာသောအသံဖြင့် နတ်သမီးပုံပြင်ကို ဖတ်ပြလိုက်၏။ယင်ရိလျို၏အာရုံကြောများက ယနေ့တစ်နေ့လုံး တင်းမာနေခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာခွန်အား အများအပြားကို အသုံးပြုခဲ့သောကြောင့် အလွန်ပင်ပန်းနေခဲ့သည်။
ဤအခိုက်အတန့် ရေပူပူလေးချိုးပြီး ကျင်းယန်၏ နွေးထွေးသောအသံအောက်တွင် သူမ၏အပေါ်မျက်ခွံနှင့် အောက်မျက်ခွံက ပိတ်ရန်တိုက်ခိုက်နေကြပြီး စတင်၍ ငိုက်မြည်းလာခဲ့၏။
နောက်ဆုံးတွင် သူမကြာကြာတောင့်မခံနိုင်တော့ချေ။ သူမက အမွှေးပွပွ ယုန်တစ်ကောင်အဖြစ် ပြောင်းသွားပြီး သူမ၏ခြေထောက်များကို ကွေးလျက် ပျော့အိအိ စောင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။
ဤအဖြစ်အပျက်ကို မြင်လျှင် ကျင်းယန်က ယုန်လေးကိုကိုင်ပြီး အထက်သို့ အနည်းငယ်ရွှေ့လိုက်ပြီးနောက် ယုန်လေး၏မျက်နှာကို ဖုံးနေသော စောင်ကိုဆွဲချလိုက်၏။ မျက်လုံးများကိုပိတ်ပြီး နှာခေါင်းလေးကို အသာအယာရှုံ့နေသည့် သူငယ်ချင်းလေးကို ကြည့်ရနေရင်း သူ၏နှလုံးသားထဲတွင် နူးညံ့သွားခဲ့သည်။
ယနေ့ ယင်ရိလျိုက သူ့ကို မျက်လုံးနီနီများဖြင့် ကြည့်နေခဲ့သည့်မြင်ကွင်းက သူ၏ကျန်ရှိနေသော ဘဝတွင် ဘယ်တော့မှ မမေ့လျော့မည့် မြင်ကွင်းဖြစ်၏။
ကျင်းယန်၏မျက်လုံးအောက်တွင် ထုထုက သူ့ကိုနှစ်ကြိမ်တိတိ ကယ်ခဲ့ပြီးဖြစ်သည်။
ပထမအကြိမ်မှာ လူသူကင်းမဲ့သော ဗီလာထဲတွင်ဖြစ်ခဲ့၏။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်တွင် သူ့ကိုနိုးထစေရန်ရေစက်များကို အသုံးပြုခဲ့ပြီး သူ၏ဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သည်။
ဒုတိယအကြိမ်မှာ ယနေ့ပင်။
မျိုးစိပ်နှစ်ခုအကြားတွင် သူငယ်ချင်းလေးက သူ့ကိုရွေးချယ်ခဲ့သည်။
ထုထုက သန္ဓေပြောင်းတိရစ္ဆာန်ကို ကြည့်ခဲ့သည့်အကြည့်က သူ့ကိုအလွန် စိတ်ပူစေခဲ၏။
သူငယ်ချင်းလေးက နောက်ဆုံးတွင် တိရစ္ဆာန်တစ်ကောင်၊ ယုန်တစ်ကောင်ဖြစ်ကြောင်း သူ့ကို ရုတ်တရက် သတိပေးလာခဲ့သည်။
သူမက အနက်ရောင်ဝံပုလွေနှင့်ပင် ဆက်သွယ်နိုင်ပေ၏။
ဒါဆို အဆင့်ငါးသန္ဓေပြောင်းနွား ပြောတဲ့စကားတွေကိုလည်း သူမနားလည်တယ်လို့ ဆိုလိုတာပဲမလား?
သန္ဓေပြောင်းနွားက ဘာတွေပြောလောက်လဲ?
သူ့ကို စွန့်ပစ်ပြီး တိရစ္ဆာန်တွေဘက်ဆီကို ပြန်လာဖို့ ယုန်လေးကို တောင်းဆိုလောက်လား?
ကျင်းယန် ခန့်မှန်းကြည့်မိသည်။
သို့သော်ငြား မည်သို့ပင်ဖြစ်စေ ထုထုက သူ့ကိုရွေးချယ်ခဲ့၏။
ဤအခိုက်အတန့်၌ ကျင်းယန် မည်သို့ခံစားနေရကြောင်း မပြောနိုင်ချေ။
သူ၏နှလုံးသားထဲတွင် ကြီးထွားနေသော အချဥ်ဓာတ်နှင့် စိတ်လိုက်မာန်ပါဖြစ်မှုမှာ မည်သူကမှ သူမကို သူ့ဆီမှ ခေါ်မသွားနိုင်အောင် သူငယ်ချင်းလေးကို သူ၏ကိုယ်ပိုင်နယ်မြေထဲတွင် လှောင်ပိတ်ထားချင်မိခဲ့ သည်။
သူငယ်ချင်းလေးက ချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာခဲ့ပြီး ကလေးမလေးမဟုတ်တော့သောကြောင့် ကျင်းယန်၏ သောကများ ပြေလျော့သွားခဲ့၏။
မျက်စိမှိတ်ထားသော အမွှေးလုံးလေးကို ကြည့်လိုက်မိလျှင် သူ မနေနိုင်ဘဲ ငုံ့ကိုင်းပြီး ယုန်လေး၏နူးညံ့သော မျက်ခုံးကြားကို ညင်သာစွာဖြင့် အနမ်းတစ်ပွင့် ပျိုးလိုက်မိလေသည်။
သူ သက်ပြင်းချပြီး တစ်စုံတစ်ခု ပြောချင်သော်ငြား အဆုံး၌ ထိန်းထားလိုက်၏။
ထုထုက တစ်နေ့လုံး ကြောက်လန့်ပြီး ပင်ပန်းခဲ့ရသဖြင့် သူမကို နှောင့်ယှက်သင့်ချေ။
ကျင်းယန် ဘေးဘက်လှည့်လိုက်ပြီး အိပ်ယာဘေးမှ ဖယောင်းတိုင်ကိုမှုတ်လိုက်သည်။ အခန်းက ချက်ချင်းပင် အမှောင်ထုထဲ ကျရောက်သွား၏။
ထိုအချိန်တွင် မူလကအိပ်ယာပေါ်တွင် ငိုက်မြည်းပြီး အိပ်ပျော်လုနီးပါး ယင်ရိလျိုမှာ ရုတ်တရက် ယုန်မျက်လုံးလေးများကို ဖွင့်လိုက်လေ၏။
သူမ၏နှလုံးသားလေးက ခုန်ပေါက်နေခဲ့သည်။
သူမ၏မျက်ခုံးကြာကနေရာကို ဂရုတစိုက်ပွတ်လိုက်မိပြီး သားမွှေးက လောင်ကျွမ်းသွားတော့မည်နှယ် ပူလောင်နေသည်ဟု ခံစားလိုက်ရသည်။
ဘုရားရေ!
ဒီနေရာက ရွှေပေါင်လုံးကြီး နမ်းသွားတဲ့နေရာပဲ!
ကျင်းယန်က သူ၏အိမ်မွေးတိရစ္ဆာန်လေး၊ သူ၏’သမီးလေး’ဆီ သူ၏အချစ်ကို ဖော်ပြနေရုံသာဖြစ်ကြောင်းကို သူမ သိသော်ငြား သူမ၏နှလုံးသားက ရင်ဘက်ထဲမှ ခုန်ထွက်လာတော့မည်ဟု ခံစားနေရဆဲပင် ။
*