အခန်း (၁၂၄)
Vol. 13 Ch. 124
အခန်း(124)
နှစ်ရက်ကြာပြီးနောက် မနက်စောစောတွင် ကျင်းယန်နှင့် တခြားသူများက ချွမ်းရုန် အခြေစိုက်စခန်းထဲရှိ စစ်တပ်ဌာနချုပ်ဆီသို့ သွားခဲ့ကြသည်။
ထိုနေရာမှာ ဤအခြေစိုက်စခန်းထဲတွင် ကျိုထိုက်နှင့် တခြားအမှုထမ်းများ အခြေစိုက်ရာနေရာဖြစ်ပြီး စစ်တပ်ထဲသို့ ဝင်ထားသော ဆင့်ကဲပြောင်းလဲသူများ နေထိုင်ရာလည်းဖြစ်၏။
သူတို့က နောက်ဆုံးသော အချက်အလက်လွှဲပြောင်းခြင်းကို လုပ်ဆောင်ပြီး တာဝန်ကို အဆုံးသတ်ရမည်ဖြစ်ပေသည်။
ကွေ့ပင်းပိုင်က သူတို့ကို နှုတ်ဆက်ရန် ရောက်လာခဲ့လေ၏။
ဤရက်ပိုင်းတွင် ကျိုထိုက်မရှိသောကြောင့် သူက အခြေစိုက်စခန်း၌ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး သဘာဝအလျှောက်ပင် ချွမ်းရုန် အခြေစိုက်စခန်း၏ ယာယီခေါင်းဆောင်ဖြစ်လာခဲ့သည်။
ကျင်းယန်နှင့်တခြားသူများ အမဲလိုက်ခဲ့သော အဆင့်လေးသန္ဓေပြောင်းလူဝံက အလွန်ကြီးမားပေ၏။
ထိုသားရဲကို မြို့တော်သို့ ပြန်ပို့ဆောင်ပြီးနောက် မြို့ထဲမှ သာမာန်လူများကို ဝမ်းမြောက်မှုနှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပွားစေခဲ့သည်။
အချိန်ကြာမြှင့်စွာ ဆာလောင်နေခဲ့ရသောလူများအနေဖြင့် နောက်ဆုံး၌ အစာတစ်နပ်ကို အဝစားနိုင်ပြီဖြစ်၏။
တခြားသန္ဓေပြောင်းတိရစ္ဆာန်များ အတွက်မှာတော့ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ညွှန်ကြားချက်မပါသည့်အတွက် အခြေစိုက်စခန်းကို ဘေးဒုက္ခများ မဖြစ်ပွားစေတော့ပါချေ။
ဤနေရာတွင် စုဝေးနေကြသောသားရဲ အများစုကနေရာမှ ထွက်ပြေးသွားကြပြီဖြစ်သည်။
ထွက်ပြေးသွားသော တိရစ္ဆာန်များ၏နောက်ကို လိုက်ရန်အတွက် ကွေ့ပင်းပိုင် အမိန့်မထုတ်ပြန်ခဲ့ချေ။
ဤသည်က အထက်လူများ၏အမိန့်သာမက ဆင့်ကဲပြောင်းလဲသူ အများစု လိုချင်ခဲ့သည့်အရာနှင့် သဘောထားချင်းတူနေခဲ့သည်။
သားရဲလှိုင်းက သူတို့၏ဘဝဆီသို့ ကြီးမားသော အဆင်မပြေမှုများကို ယူဆောင်ခဲ့သည်။
သူတို့အား အခြေစိုက်စခန်းကို မစွန့်ခွာနိုင်အောင်ပြုလုပ်ပြီး သေလုနီးပါးဖြစ်အောင် ဆာလောင်စေသည်။
သို့သော်ငြား ဤသန္ဓေပြောင်းတိရစ္ဆာန်များက ဖျက်စီးနိုင်သော စွမ်းရည်များရှိနေချိန်ကပင် သူတို့၏ မြို့ကိုမဖျက်စီးခဲ့ကြချေ။
ချွမ်းရုန် အခြေစိုက်စခန်းက မြို့တော့်Aတွင် ကျားကုတ်ကျားခဲ ရှင်သန်နေဆဲဖြစ်သောကြောင့် ဤအကြိမ်၌ လူသားမျိုးနွယ်က ကြီးမြတ်သောအောင်နိုင်မှုနှင့် အနိုင်ရခဲ့လျှင်ပင် ဤတိရစ္ဆာန်များကို သူတို့ အမြစ်ပြတ်မသုတ်သင်သင့်ချေ။
ဤသည်မှာ စေတနာကောင်းခြင်းမဟုတ်ဘဲ မျိုးစိပ်များကြားမှ ဟန်ချက်ကို ထိန်းညှိခြင်းသာဖြစ်သည်။
ကွေ့ပင်းပိုင်က သူ၏ရင်ဘက်တွင် အဖြူရောင်စက္ကူပန်းတစ်ပွင့်ကို ထိုးထားလေ၏။ ချွမ်းရုန် အခြေစိုက်စခန်း၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် လက်နက်ခဲယမ်းများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် တခြားပစ္စည်းအပုံလိုက်ကို ဗဟိုအစိုးရက သူတို့အတွက် ခွဲဝေသတ်မှတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု သူ ကြားခဲ့ရသည်။
ပြီးလျှင် အခြေစိုက်စခန်းကို ဦးဆောင်ရန် အရာရှိတစ်ယောက် စေလွှတ်ခြင်းအစား ချွမ်းရုန် အခြေစိုက်စခန်းကို စီမံခန့်ခွဲရန်အတွက် ကွေ့ပင်းပိုင်၏ရာထူးကိုသာ ကျိုထိုက်၏နေရာဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခဲ့လေသည်။
ကျိုထိုက်မှာ အာဇာနည်တစ်ယောက်အဖြစ် ကြေညာချီးမြှင့်ခံရလိုက်ပြီး သူ၏နောက်ဆုံးဂုဏ်ကျက်သရေဖြင့် အခြေစိုက်စခန်း၏ရှေ့ရှိ မြေထဲတွင် မြှုပ်နှံပေးခံခဲ့ရ၏။
သန္ဓေပြောင်းတိရစ္ဆာန်များက အနံ့ရပြီး သူ့အရိုးကို တူးထုတ်စားသောက်ခြင်းမှ ကာကွယ်ရန် တွင်းကိုနက်နက်တူးခဲ့ကြလေသည်။
ဤအရာအားလုံးကို ကွေ့ပင်းပိုင်က စီစဥ်ခဲ့၏။ တခဏ တိတ်ဆိတ်နေပြီးနောက် သူပြောလာခဲ့သည်။
“ဗိုလ်ကြီးက အမြဲတမ်းမကျေမနပ်ညည်းညူပြီး ထွက်ပြေးချင်တယ်လို့ နောက်ပြောင်နေခဲ့တာ.. လူအများကြီးက အခြေစိုက်စခန်းကနေ ထွက်ပြေးနေပေမဲ့ သူက နောက်ဆုံးအထိနေခဲ့ပြီး အခြေစိုက်စခန်းနဲ့ သေအတူ ရှင်မကွာဖြစ်ချင်ခဲ့တယ်..
အခုတော့ အခြေစိုက်စခန်းက အကယ်ခံလိုက်ရပြီဖြစ်လို့ ဗိုလ်ကြီး စိတ်ချလက်ချ အနားယူလို့ရသွားပါပြီ..
သူက အခြေစိုက်စခန်းနဲ့ အမြဲတမ်းအတူရှိနေမှာပါ..”
ယင်ရိလျို၏ လည်ချောင်းထဲတွင် တစ်ဆို့လာခဲ့၏။ ဤရက်ပိုင်းအတွင် အတော်လေး ဝမ်းနည်းသည်ဟု ခံစားနေရသော်ငြား ကျင်းယန်၏ အသေးစိတ်ဂရုစိုက်မှုအောက်တွင် သူမ၏နှလုံးသားထဲမှ အထုံးက ဖြည်းညှင်းစွာ ပြေသွားလေသည်။
သို့သော် ကျိုထိုက်ကြောင့် ထပ်မံဝမ်းနည်းသွားရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကွေ့ပင်းပိုင်က လက်ကိုဆန့်ထုတ်၍ ရုန်ကျင်းဖင်း၊ ကျင်းယန်တို့နှင့် လက်ဆွဲနှုတ်ဆက်ပြီး လေးနက်စွာ ပြောခဲ့သည်။
“မင်းတို့ အသင်းနှစ်သင်းစလုံးရဲ့ ကြီးမြတ်တဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့အခြေစိုက်စခန်းက ကံဆိုးမိုးမှောင်ကျမှာပဲ..
မင်းတို့ရဲ့ ကူညီမှုက စကားလုံးတွေနဲ့တင် ကျေးဇူးတင်ဖို့ လုံလောက်မှာ မဟုတ်ဘူး”
“ကောင်းပြီ၊ စကားလုံး အလှတွေ သုံးမနေနဲ့တော့.. မစ်ရှစ်ကိုသာ လက်လွှဲပေးရအောင်..ကျွန်တော်တို့လည်း မြို့တော်Bကို ပြန်ကြရမယ်”
ကျင်းဖင်းအသင်းက ဤစစ်ဆင်ရေး၌ ဆင့်ကဲပြောင်းလဲသူ သုံးယောက်ကို ဆုံးရှုံးခဲ့ရ၏။ သူတို့ထဲမှတစ်ယောက်က ထင်းရှုးပင်ကြီးကြောင့် အသေဖိခြေခံလိုက်ရပြီး တခြားနှစ်ယောက်က တိရစ္ဆာန်များကို လှုံ့ဆော်နေချိန်တွင် သန္ဓေပြောင်းတိရစ္ဆာန်များ၏ လက်သည်းအောက်တွင် သေဆုံးခဲ့လေသည်။
ထို့အပြင် အနံ့ကိုအဆတ်မပြတ် ထုတ်လွှတ်ခဲ့ရသည့် ချိုက်ယွီရှု၏ဂလန်းနှင့်ပက်သက်၍ တစ်စုံတစ်ခုမှားသွားခဲ့၏။
ကုသရေးအတွက် အထူးပြုထားသော ဆင့်ကဲပြောင်းလဲဆရာဝန်ကို ရှာဖွေရန်အတွက် သူတို့ စောနိုင်သမျှစောစော မြို့တော်Bသို့ ပြန်သွားရမည်ဖြစ်သည်။
ထိုသို့မဟုတ်လျှင် သူ၏ဆင့်ကဲစွမ်းရည်က ထာဝရဆုံးရှုံးသွားနိုင်လေ၏။
ကျင်းယန်နှင့် ယင်ရိလျိုကို ရုန်ကျင်းဖင်းမြင်သည့်အခိုက် သူတို့ဘက်သို့လေချွန်လိုက်လေသည်။ သူက ကျင်းယန်ကို အထက်အောက်ကြည့်ပြီး စနောက်လိုက်၏။
“မင်းရဲ့ အချက်အလက်က အတုမလား? မင်းရဲ့ခြေထောက်တွေမှာ ဘာပြဿနာမှရှိပုံမရဘူး.. ခြေထောက်တွေက ငါ့ရဲ့ခန္ဓာကိုယ်ထက်တောင်မှ သန်မာနေသေးတယ်”
ပထမဆုံးအကြိမ်အဖြစ် ကျင်းယန်က သူ့ကို အေးစက်စွာဖြင့် လျစ်လျူရှုခြင်းကို မလုပ်ခဲ့ပါချေ။ သူ ပြန်လည် သရော်လိုက်သည်။
“ငါ အလွန်အကျွံသုံးလို့မရဘူး”
“ဒါကသာ ‘အလွန်အကျွံ’ မဟုတ်ရင် ဘာကို ‘အလွန်အကျွံသုံးတယ်’ လို့သတ်မှတ်မှာလဲ? ကောင်းပြီ ငါမင်းနဲ့မငြင်းတော့ဘူး..
မင်းရဲ့ဒဏ်ရာတွေက ဘာလို့အရမ်းမြန်မြန် ပြန်သက်သာလာတာလဲ? မင်းရဲ့ပြန်ကောင်းနှုန်းက မြို့တော်Bက အထူးလိမ်းဆေးအဆီကို သုံးတဲ့ငါ့ထက်တောင်မှ ပိုမြန်နေသေးတယ်”
ကျင်းယန်က ရုန်ကျင်းဖင်း၏ စကားလုံးထဲမှ အဓိကစကားလုံးကို ဖမ်းမိလိုက်သောကြောင့် မေးလိုက်၏။
“မြို့တော်Bက အခု ဆင့်ကဲပြောင်းလဲသူတွေအတွက် အထူးဆေးကို သုတေသနလုပ်နေတာလား?”
ရုန်ကျင်းဖင်း ခေါင်းငြိမ့်ပြီး သူ့အိတ်ကပ်ထဲမှ ဖောက်ထွင်းမြင်နိုင်သော ဖန်ပုလင်းလေး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထိုပုလင်းမှာ သူ၏လက်ချောင်းလောက်သာ ကြီးပုံရပြီး အထဲမှာ ပုလင်းတစ်ဝက်စာ ရွှေရောင်ဖျော့ဖျော့အရည်များရှိနေကာ ဖျော့တော့သော ရွှေနှင့် ဆင်တူနေ၏။
“ဒါကို ငါတို့ရဲ့မြို့တော်B သုတေသနဌာနက ထုတ်တာလေ.. ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် ပျောက်ကင်းစေပြီး စျေးနှုန်းကတော့ အခု မြို့တော်Bမှာ မိုးလောက်မြင့်တယ်..
ပုလင်းသေးလေး တစ်ပုလင်းပေမဲ့ အရင်းအမြစ်မလုံလောက်ဖြစ်နေတော့ အရမ်းစျေးကြီးတယ်နော်.. ရွှေအစစ်ထက်တောင်မှ ပိုစျေးကြီးသေးတယ်”
သူက ပုလင်းကိုဖွင့်ပြီး ကျင်းယန်ကို လက်ဖဝါးဖြန့်ရန် အချက်ပြလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် နာကျင်နေသောအကြည့်ဖြင့် ကျင်းယန်၏လက်ဖဝါးပေါ် တစ်စက်ချပေးလိုက်သည်။
ယင်ရိလျိုကလည်း သိချင်စိတ်ပြင်းပြစွာ ငုံ့ကြည့်လိုက်၏။
ရွှေရောင်ဖျော့ဖျော့ဆေးရည်မှာ အရောင်ဖျော့သော ရွှေရည်နှင့်တူလေသည်။ ဆေးရည်ကိုအနံ့ခံရန် သူမ ငုံ့ကိုင်းလိုက်လျှင် ဆေးနံ့ဖျော့ဖျော့ကို ရလိုက်လေ၏။
သို့သော်ငြား သူမ၏အနံ့ခံအာရုံက အမှန်ပင် ထက်မြက်လှသည်။ ဆေးနံ့၏ဖုံးအုပ်မှုအောက်တွင် သွေးနံ့ဖျော့ဖျော့ကို ရလိုက်သကဲ့သို့ သူမ ခံစားရလေသည်။
ယနေ့တွင် ရုန်ကျင်းဖင်းက သူ၏တောင့်တင်းနေသော လက်ဖျံကိုပေါ်စေသည့် အင်္ကျီလက်တိုတစ်ထည်ကို ဝတ်ဆင်ထားသော်ငြား ထူးဆန်းစွာဖြင့် မည်သည့်ဒဏ်ရာကိုမှ သူတို့မမြင်နိုင်ချေ။
ရှူးယန်အသင်း၏ အသင်းဝင်များက မြို့တော်Bမှ တီထွင်ထားသော အထူးလိမ်းဆေးအဆီကို စိတ်ဝင်စားနေကြောင်းကို မြင်လိုက်ရသောကြောင့် သူ၏အင်္ကျီကိုမလိုက်သည်။
ယင်ရိလျို သတိမပြုလိုက်ခင်မှာပင် ပျားရည်ညိုရောင် ကြွက်သားအမြောင်းများတို့က အမြင်အာရုံထဲ ဝင်ရောက်လာ၏။
သူမအနေဖြင့် ဤသက်လတ်ပိုင်းအန်ကယ်ကြီးက သူ၏ပုံပန်းသွင်ပြင်ကို ကောင်းမွန်စွာထိန်းသိမ်းထားသည့်အတွက် မထိန်းနိုင်ဘဲ အံ့အားသင့်စွာ စုတ်သပ်လိုက်မိသည်။
သို့သော်ငြား ပို၍စိတ်ပူပန်ဖွယ် ကောင်းသည့်အရာမှာ ရုန်ကျင်းဖင်း၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ၏ အခြေအနေဖြစ်၏။ လွန်ခဲ့သည့်နှစ်ရက် သန္ဓေပြောင်းလူဝံနှင့် သူရင်ဆိုင်တိုက်ခိုက်ခဲ့စဉ်က သူ၏ရင်ဘက်နှင့် ကျောပြင်မှဒဏ်ရာများက အရိုးထိအောင်နက်ရှိုင်း လုနီးပါးဖြစ်နေပြီး ကြည့်ရသည်မှာ အလွန်ပြင်းထန်လေသည်။
ထိုဒဏ်ရာများကို ယနေ့ထပ်ကြည့်လိုက်ချိန်တွင်တော့ ဒဏ်ရာများက ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်သက်သာနေခဲ့ပေပြီ။
သူ၏ဒဏ်ရာအများစုက ပျောက်ကင်းသွားပြီး ပန်းနုရောင် အသားနုများက အပြင်ဘက် အသားလွှာအသစ်အဖြစ် ကြီးထွားနေပြီဖြစ်သည်။
ဤပြန်လည်သက်သာသော အရှိန်က တခြားလူများ၏ ပြန်လည်သက်သာအရှိန်ထက် အဆအနည်းငယ် ပိုမြန်လေ၏။
“မြင်ရလား ဒါက အထူးဆေးရဲ့စွမ်းအားပဲ၊ ဒါက သန္ဓေပြောင်းဘက်တီးရီယား ပိုးဝင်တာကို တားမြစ်နိုင်ပြီး ဒဏ်ရာတွေကို အများကြီးပိုမြန်တဲ့နှုန်းနဲ့ ပျောက်ကင်းစေတယ်”
ရုန်ကျင်းဖင်းက မျက်နှာပေါ်တွင် ဂုဏ်ယူနေသော အကြည့်နှင့် မျက်ခုံးပင့်လိုက်သည်။
“မြို့တော်Zအခြေစိုက်စခန်းမှာ ဒီလိုဆေးမျိုး မရှိဘူးမလား? ဒီဆေးက မြို့တော်Bမှာပဲ အထူးသီးသန့် ရှိတာ.. အထောက်အပံ့ပစ္စည်းက အရမ်းကိုမှ နည်းတယ်..
ငါတို့ကြားမှာ ဖြန့်ဝေဖို့တောင် လုံလုံလောက်လောက်မရှိလို့ မြို့အပြင်ကိုဖြန့်ဝေဖို့ ပစ္စည်းအပိုမရှိဘူး.. မင်းတို့ဒီအကြောင်းကိုမသိတာ အံ့သြစရာမရှိပါဘူး”
“ဒါက ဘာလဲ?”
ကျောင်းချီယန်က သိချင်စိတ်များဖြင့် ယားယံနေခဲ့လေ၏။
ယခင်က သူဒဏ်ရာရခဲ့ချိန်က အိမ်တွင်တစ်လတိတိ နာခံစွာလဲလျောင်းနေခဲ့ရသည်။ ယခုအချိန် သူ့နောက်ကျောကို ပတ်တီးအထူကြီးဖြင့် ပတ်ထားရဆဲဖြစ်ပြီး နောက်ကျောမှ ဒဏ်ရာကို ဆုတ်ဖြဲမိမည်ကို ကြောက်သည့်အတွက် လှုပ်ရှားမှုကြီးများ မလုပ်ရဲသေးချေ။
ရုန်ကျင်းဖင်း၏ဒဏ်ရာက နှစ်ရက်တည်းဖြင့် ပျောက်ကင်းစပြုနေသည်ကို မြင်လျှင် သူက အတော်လေးမနာလိုဖြစ်နေခဲ့၏။
“မသိဘူးလေ.. သုတေသနဌာနထဲက အရူးတွေက ဘယ်လိုတွေလုပ်နိုင်သွားလဲဆိုတာ ဘယ်သူသိမှာလဲ ဒါပေမဲ့ အဆင်ပြေနေမှတော့”
သူက သုတေသနဌာနမှ လူများအတွက် ဖော်ပြချက်ကို အနည်းငယ်သာပြောလိုက်ပြီး ဖန်ပုလင်းလေးကို သူ၏အိတ်ကပ်ထဲ ပြန်ထည့်လိုက်သသည်။
“အိုကေ အထဲဝင်ပြီး လွှဲပြောင်းတာကိုလုပ်ရအောင်.. ဒါဆို ငါတို့ ချွမ်းရုန် အခြေစိုက်စခန်းကနေ မနက်ဖြန် ထွက်လို့ရပြီ”
*