အခန်း (၁၂၅)
Vol. 13 Ch. 125
အခန်း(125)
လူတချို့က ကွေ့ပင်းပိုင်၏နောက်မှ အခြေစိုက်စခန်းသို့ လိုက်သွားကြလေ၏။ ယင်ရိလျိုက ပရိဘောဂများ လိုက်ကြည့်နေရင်း သူမ၏ဘေးမှ ကျင်းယန်ကို စူးစမ်းလိုက်သည်။
သူမ စိတ်ထင်လား မသေချာသော်ငြား ကျင်းယန်မှာပုလင်းထဲက အထူးဆေးကို မြင်ပြီကတည်းက မျက်နှာအမူအရာက များစွာပို၍အေးစက်လာ၏။
ကျင်းယန် သူ၏လက်ချောင်းထိပ်ကြားမှ ရွှေရောင်ဖျော့ဖျော့အရည်ကို အသာအယာပွတ်လိုက်ကာ နှာခေါင်းနားသို့ကပ်၍ အနံ့ခံပြီးနောက်တွင်တော့ သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားလေသည်။
ကျင်းယန်က တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်မောင်းမှဒဏ်ရာများက ဖုံးကွယ်နေသောကြောင့် ထိုဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်းကို မည်သူမှမမြင်နိုင်ချေ။
ထိုနေ့က သူ၏လက်မောင်းတွင်လည်း အမှန်တကယ် ဒဏ်ရာရသွားခဲ့၏။ သူ၏လက်မောင်း မျက်နှာပြင်မှ ရွှေရောင်အကြေးခွံများ အကုန်လုံးအက်သွားခဲ့ပြီး အကြေးခွံများရှိ အက်ရာများမှ သွေးများစဥ်ဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။
သူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်ကို ရုတ်သိမ်းပြီးနောက် သူ၏လက်မောင်းပေါ်မှ အရေပြားက အက်ရာများနှင့် ပြည့်နှက်နေခဲ့ပြီး ထိလိုက်ရုံဖြင့် ကြေမွသွားမည့်နှယ်ပင်။
မူလက ကုသပြီး ပတ်တီးစီးရန်လိုအပ်သော ဤဒဏ်ရာသည်က အခိုက်အတန့်တချို့ကြာပြီးနောက် သူ့အလိုလို သွေးထွက်ရပ်သွားခဲ့၏။ တစ်ညကြာပြီးနောက် သူ၏လက်မောင်းမှဒဏ်ရာက ငါးဖမ်းပိုက်ကွန်နှင့်တူသော စင်းကြောင်းအရာများသာ ကျန်ပြီး အပြည့်အဝ ပျောက်ကင်းလုနီးပါးဖြစ်သွားခဲ့လေသည်။
နောက်တစ်ရက်ကြာပြီးနောက် ထိုမှိန်ဖျော့သော အကြောင်းများပင် ပျောက်သွားခဲ့၏။
သူ၏ခန္ဓာကိုယ်ထဲတွင် အထူးဆင့်ကဲပြောင်းလဲ စွမ်းရည်တချို့ ရှိနေသည်ဟု ကျင်းယန်က အမြဲသံသယဝင်ခဲသည်။
အထူးသဖြင့် တဖြည်းဖြည်းရွှေရောင်ပြောင်းနေသော သူ၏မျက်စံများနှင့် သူ၏ခန္ဓာကိုယ်အနှံ့တွင် တဖြည်းဖြည်း ပျံ့နှံ့နေသော ရွှေရောင်အကြေးခွံများဖြစ်၏။
သူ၏အမည်မသိရသော စွမ်းရည်၏ ပြန်လည်သက်သာနိုင်စွမ်းကြောင့် သူ၏ခြေထောက်များက ယခုချိန်တွင် ပြဿနာမရှိဘဲ ခုနှစ်နာရီကြာအောင် လှုပ်ရှားနိုင်လေသည်။
သို့သော်ငြား ဒဏ်ရာကို အလျှင်အမြန် ကုသနိုင်ပြီး သူကဲ့သို့ ကျိုးနေသော ခြေလက်အစိတ်အပိုင်းများကို ပြန်လည်သက်သာစေနိုင်သည့် ဆင့်ကဲပြောင်းလဲစွမ်းရည်အကြောင်း သူတစ်ကြိမ်မှ မကြားဖူးချေ။
ယခုအချိန်တွက် မြို့တော်Bမှ သွေးနံ့ဖျော့ဖျော့နှင့် ဤရွှေရောင်ဖျော့ဖျော့ အထူးဆေးကို ကြည့်နေလျက် ကျင်းယန်ထံတွင် ဆိုးဝါးသော ကြိုတင်သိစိတ်တို့ ရှိနေခဲ့လေ၏။
ယင်ရိလျို သူ့ဘေးတွင် တီးတိုးပြောလိုက်သည်။
“တစ်ခုခု မှားနေလို့လား?”
ကျင်းယန် အသိပြန်ဝင်လာကာ ခေါင်းအသာအယာ ရမ်းပြီးပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး”
စစ်တပ် အခြေစိုက်စခန်းထဲတွင် အသင်းနှစ်သင်းက အရာအာလုံးကို လွှဲပြောင်းပေးပြီးနောက် သူတို့၏ ဆက်သွယ်ရေးစက်များကို အသုံးပြု၍ မြို့တော်Bနှင့် မြို့တော်Zရှိ အခြေစိုက်စခန်းနှစ်ခု၏ ဌာနချုပ်ဆီ သတင်းပို့လိုက်သည်။
မကြာမီပင် ကျင်းယန်က လီကျန်ကျောင်းထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့၏။
“မစ်ရှင်အောင်မြင်တယ်.. မနက်ဖြန်မနက်ကျ မင်းတို့ကိုလာကြိုဖို့ ရဟတ်ယာဥ်တစ်စင်းလာလိမ့်မယ်.. အဲ့အချိန်ကျ မင်းတို့ကို အရေးပေါ်မစ်ရှင်တစ်ခု တာဝန်ပေးရလိမ့်မယ်.. အခုရှင်းပြဖို့ ခက်ခဲ့တယ် မနက်ဖြန်ကျ တွေ့ကြမယ်”
သေးငယ်သော စခရင်ပေါ်တွင် ရေးထားသော ‘အရေးပေါ်မစ်ရှင်’ ဆိုသောစကားလုံးကို သူမြင်လိုက်ရသည့်အတွက် ကျင်းယန် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်သွားမိသည်။
မူလက မြို့တော်Z အခြေစိုက်စခန်းဆီ ပြန်ရောက်လျှင် ယင်ရိလျိုကို အချိန်တချို့ကြာအောင် အနားယူခိုင်းရန် စီစဥ်ထားခြင်းဖြစ်၏။ ချွမ်းရုန် အခြေစိုက်စခန်းရှိ သားရဲလှိုင်းကို ရင်ဆိုင်ရသည့်စစ်ဆင်ရေးက သူမ၏နှလုံးသားထဲတွင် အထုံးတစ်ခု သေချာပေါက်ကျန်နေလိမ့်မည်။
ယင်ရိလျိုက အပေါ်ယံတွင် ထုတ်မပြသော်လည်း သူ မြင်နိုင်ပေ၏။
လီကျန်ကျောင်းက ဤကဲ့သို့ တိုတောင်းသောအသိပေးစာဖြင့် သူတို့ကို အရေးပေါ်မစ်ရှင်တစ်ခု တာဝန်ပေးလိုက်မည်ဟု သူ မမျှော်လင့်ထားချေ။ ကျင်းယန်က ပုဂ္ဂိုလ်ရေးအရ ထိုတာဝန်ကို မယူချင်သော်ငြား သူစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချက်အလက်လွှဲပြောင်းမှုပြီးနောက် အချိန် နှောင်းသော ဧည့်ခံကျွေးမွေးပွဲကို နောက်ဆုံးတွင် စစ်တပ်အခြေစိုက်စခန်း၏ စုဝေးခန်းမတွင် ကျင်းပခဲ့လေ၏။
သားရဲလှိုင်း ပျောက်ကွယ်သွားပြီးနောက် ချွမ်းရုန် အခြေစိုက်စခန်း၏ပတ်ဝန်းကျင်က ပုံမှန်သို့ပြန်ဖြစ်လာခဲ့သည်။
နောက်ဆုံး၌ မြို့ထဲတွင် နေထိုင်နေသော သာမာန်လူများမှာ သန္ဓေပြောင်း ဟင်းသီးဟင်းရွက်အရိုင်းများ စုဆောင်းရန် မြို့အပြင်သို့ သွားနိုင်ပြီး ဆင့်ကဲပြောင်းလဲသူများသည်လည်း အမဲလိုက်ပြန်ထွက်နိုင်ပြီ ဖြစ်၏။
ထိုသို့အပြင်သို့ ထွက်နိုင်သောကြောင့် ဧည့်ခံပွဲတွင် အစားအသောက် အများအပြားရှိသော်ငြား ကျိုထိုက် မရှိသဖြင့် တက်ရောက်သည့်လူများ၏ စိတ်အခြေအနေက သိပ်မတက်ကြွကြချေ။
အနည်းငယ်လောက် သောက်ပြီးမီသာ လေထုက တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။
ကျင်းယန်က အေးစက်သောမျက်နှာနှင့် အဓိကထိုင်ခုံတွင် ထိုင်နေပြီး ယင်ရိလျို၏ ပန်းကန်ပြားထဲသို့ ဂရုတစိုက် အစားအစာများကို ထည့်ပေးနေခဲ့၏။
မူလက သူ့ကိုအလွန်ကြောက်သောသူများက အရက် အနည်းငယ်မူးလာပြီးနောက် ပို၍သတ္တိရှိလာကြပြီး ခွက်ချင်းတိုက်ဂုဏ်ပြုရန် ဖန်ခွက်များနှင့်အတူ ရှေ့တိုးလာကြလေသည်။
ရွှေပေါင်လုံးကြီးက သူတို့ကို လျစ်လျှူရှုမည်ဟု ယင်ရိလျိုထင်ခဲ့သော်ငြား မမျှော်လင့်ထားစွာ ကျင်းယန်က မည်သူ့ကိုမှ မငြင်းခဲ့ချေ။
သူက ဘီယာတစ်ခွက်ပြီး တစ်ခွက်ကို မထူးမခြားနားသော အမူအရာနှင့် မြင့်ချီနှိမ့်ချီ သောက်နေခဲ့၏။
လူအုပ်ကြီးက အားပေးသံ၊ စကားသံများနှင့် ပေါက်ကွဲသွားလေသည်။
အနည်းငယ်သောက်ထားသောပြောင့် ရုန်ကျင်းဖင်း၏ ခန္ဓာကိုယ်က နွေးလာခဲ့၏။ သူက ကျင်းယန်ကို ပြုံးဖြဲဖြဲဖြင့် ကြည့်ကာ သူ၏မျက်နှာသည်လည်း အရက်ကြောင့် နီရဲနေလေသည်။
“ကျင်းရှုန်းတိ မင်းမှာရှိနေတဲ့ ခေါင်းမာတဲ့လေထုက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ.. မင်းသာ အဲဒီလောက်ကြီး မသန်လို့ကတော့… ဟီး မင်းအကြောင်း သောက်ကျိုးနည်းလုံးဝ ဂရုစိုက်မှာမဟုတ်ဘူး”
ရုန်ကျင်းဖင်းသောက်နေလျက် စကားလုံးများကို ဗလုံးဗထွေးပြောနေပြီး ရုတ်တရက်ပင် စကားဝိုင်းက အရည်အချင်းများဆီသို့ ပြောင်းလဲသွားခဲ့၏။
“ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် မင်းအသင်းရဲ့ အင်အားနဲ့ဆို မင်းမြို့တော်Bကို လာရင် သေချာပေါက်ကို ပိုကောင်းမှာပဲ.. ဒီလိုဆိုဘယ်လိုလဲ ငါတို့မြို့ကို လာဖို့ စဥ်းစားပေးချင်လား?”
သူ၏ဖန်ခွက်ကို ယင်ရိလျိုဆီ မြှောက်ပြလိုက်ပြီး လေချဥ်တက်လိုက်သည်။
“ကလေးမလေး မင်းမြို့တော်B ကိုလာရင် အန်ကယ်က ကိတ်မုန့်အကြီးကြီး ဝယ်ပေးမယ်.. မြို့တော်Z မှာ ကိတ်မုန့်တွေရှိလား? မရှိဘူးမလား?”
သူတို့ခေါင်းဆောင်က မူးနေပြီဖြစ်ကြောင်းကို မြင်လျှင် ရေတကောင်းအပင် မျိုးစပ်၏မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ယောင် သန်းလာလေ၏။
သူမက ရှူးယန်အသင်း၏ အဖွဲ့ဝင်များထံသို့ာ ဖန်ခွက်ကိုမြှောက်ပြလိုက်ပြီး သူတို့ကိုခွက်ချင်းတိုက်လိုက်လေသည်။
ကျင်းယန်က သူ၏ဘီယာကို ထပ်မံ၍တစ်ငုံတည်းဖြင့် လက်စသတ်လိုက်၏။
သူ၏မျက်နှာက မနီရဲခဲ့ပေ။ သူ၏အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သြရှသောအသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်မှာ အခွင့်အရေးရှိရင် မြို့တော်B ကို လာခဲ့မယ်”
ယင်ရိလျိုက ခေါင်းငုံ့လျက် တိတ်တဆိတ် စားနေခဲ့၏။ ကျင်းယန်၏စကားများကို ကြားသည့်အခိုက်တွင် သူမ ခေါင်းကိုမော့ပြီး ဘေးဘက်မှအမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။
ကျင်းယန်က အာလာပသလ္လာပပြောပြီး လောကဝတ်ပြုတတ်သည့် အမျိုးသားတစ်ယောက် မဟုတ်ကြောင်းကို သူမ သိလေ၏။ ထိုသို့ ပြောခဲ့ကတည်းက သူက မြို့တော်Bသို့ သွားရန်အတွေးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဒါပေမဲ့ ဘာလို့လဲ?
စာအုပ်ထဲ၌ ကျင်းယန်က သူ၏ခြေထောက်များ လုံးလုံးလျားလျား ပျောက်ကင်းသွားသည့်အချိန်ဖြစ်သည့် ကမ္ဘာပျက်ကပ်နှောင်းပိုင်းမှသာ မြို့တော်Bတွင် ပေါ်လာခဲ့၏။
ထိုအချိန်၌ ဇာတ်လိုက်နှင့်သူတို့၏အဖွဲ့က မြို့တော်B၌ အမျိုးမျိုးသောအကြောင်းပြချက်များကြောင့် အထူးလေးစားခံရသည့် ဆင့်ကဲပြောင်းလဲသူအသင်း ဖြစ်ပြီးခဲ့ပြီဖြစ်သည်။
ယနေ့ ကျင်းယန်၏ထူးဆန်းသော အပြုအမူများအကြောင်းကို သူမ တွေးတောလိုက်ပြီး ယင်ရိလျို၏နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခုရှိလာခဲ့လေ၏။
ဆင့်ကဲပြောင်းလဲသူတွေအတွက် ထုတ်ထားတဲ့ အထူးဆေးကြောင့်များ ဖြစ်နိုင်မလား?
ပါတီပြီးဆုံးသွားချိန်တွင်တော့ အလွန်နောက်ကျနေပြီပင်။
ရှူးယန်အသင်းဝင်များက သူတို့၏နေထိုင်ရာနေရာဆီသို့ မှောင်မဲနေသော လမ်းပေါ်တွင် လျှောက်၍ပြန်ခဲ့ကြ၏။
အခြေစိုက်စခန်း၏ ဗလာဖြစ်နေသည့်လမ်းများပေါ်တွင် တစ်ယောက်ကိုတစ်ယောက် မှီ၍သီချင်းများဆိုနေသည့် မူးနေသောဆင့်ကဲပြောင်းလဲသူများကို သူတို့ဖြတ်ကျော်ခဲ့ရသည်။
ကွေ့ပင်းပိုင်က လမ်းဘေးနှစ်ဖက်စလုံးမှ မစင်များနှင့်အမှိုက်များကို ရှင်းလင်းရန် လူများကို စီစဥ်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ယခုအချိန် လမ်းများကိုကြည့်ရသည်မှာ ပို၍ရှင်းလင်းလာပြီး အခြေစိုက်စခန်းတစ်ခုလုံးက အစီစဥ်တကျ ပြန်လည်ရောက်ရှိနေပုံရသည်။
အရွယ်ရောက်ပြီး ဆင့်ကဲပြောင်းလဲသူများ၏ ရည်ရွယ်ချက်ရှိရှိ မြှောက်ပင့်ပေးမှုအောက်တွင် အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ကျောင်းချီယန်က ဘီယာအများအပြား သောက်ခဲ့လေ၏။
ဤအခိုက်တွင် သူက ဝက်သေတစ်ကောင်နှယ် မူးနေသောကြောင့် အနက်ရောင်ဝံပုလွေ၏ ကျောပေါ်တွင် သတိမရှိဘဲလဲလျောင်းနေကာ ကျောပိုးသယ်ခံထားရလေသည်။
သူ၏အောက်မှ အနက်ရောင်ဝံပုလွေမှာသူ၏မူးမူးရူးရူး တတွတ်တွတ်လေပေါမှုကြောင့် အလွန်အမင်းအနှောင့်အယှက် ဖြစ်နေပြီး နောက်ဘက်မှ အမြီးကလည်းစိတ်မရှည်စွာ လွှဲယမ်းနေခဲ့၏။
သူတို့၏ အိမ်သို့ပြန်ရောက်ပြီးနောက် ကျောင်းစီဟွေ့က ခရီးဆောင်အိတ်များကို စတင်ထုပ်ပိုးလိုက်သည်။
ယင်ရိလျိုက သူတို့၏နေ့စဥ်အသုံးအဆောင်ပစ္စည်း အများစုကို နေရာလွတ်ထဲပြန်ထည့်လိုက်သောကြောင့် မနက်ဖြန်မနက်တွင် ပို၍ပေါ့ပါးစွာ ခရီးသွားနိုင်လေ၏။
ဆေးကြောပြီး အိပ်ခန်းဆီသို့ပြန်ပြီးနောက်ဘယင်ရိလျိုက အိပ်ယာပေါ်ကို လက်လေးများဖြင့် ကုတ်တက်လိုက်သည်။
သူမ၏နောက်မှ ကျင်းယန်သည်လည်း သူမ၏ခေါင်းပေါ်မှ ဆံထုံးလေးကို ဖြည်လိုက်ပြီး ဆံပင်ကိုဖီးပေးလိုက်၏။
ယင်ရိလျို ရုတ်ခြည်းမေးလိုက်သည်။
“ကောက မြို့တော်Bကို သွားချင်လို့လား?”
ကျင်းယန် အသာအယာ မျက်ခုံးပင့်လိုက်၏။ သူငယ်ချင်းလေးက အလွန်အကဲဆတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ဤကိစ္စကို သူ မဆုံးဖြတ်ရသေးသောကြောင့် တခြားသူများကို မည်သည့်အရာကိုမှ ထုတ်ဖော်မပြသခဲ့ပါချေ။
သို့သော် ယင်ရိလျိုက မေးနေပြီဖြစ်သောကြောင့် ရိုးသားစွာဖြင့် ဖြေရပေလိမ့်မည်။ သူငယ်ချင်းလေးထံမှ ဖုန်းကွယ်ထားစရာ မရှိပါပေ။
“အင်း”
ကျင်းယန်ဖြေလိုက်ပြီး လေးနက်စွာပြောလိုက်သည်။
“ကျင်းရူမန်ဆီမှာ တစ်ခုခု ဖြစ်သွားပြီထင်တယ်”
ကျင်းရူမန်..
အစပိုင်းတွင် ဤနာမည်က အနည်းငယ်သာ ရင်းနှီးနေသော်ငြား မျိုးရိုးနာမည်ကိုကြားပြီး ကျင်းယန်၏မိသားစုဝင်များနှင့် သူ၏ ဆက်ဆံရေးအကြောင်းကို တွေးမိလိုက်သည့်အတွက် သူမ မဝံ့မရဲမေးလိုက်၏။
“ကောရဲ့ ညီမလား?”
“ဟုတ်တယ် အထူးဆေးကို သူမရဲ့ခန္ဓာကိုယ်ကနေ ထုတ်ယူထားတာလို့ သံသယရှိတယ်”
ယင်ရိလျို ဤအကြောင်းကို ကြားလိုက်ရလျှင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။
လိမ်းဆေးအဆီမှ သွေးနံ့ဖျော့ဖျော့ကို သူမ အမှန်ပင်ရခဲ့လေသည်။ သွေးနံ့ကို ဆေး၏ခါးသောအနံ့ဖြင့် ဖုံးအုပ်ထားသော်ငြား သူမတွင် အလွန်ထက်မြက်သော အနံ့ခံအာရုံရှိပြီး အနံ့ကို ခွဲခြမ်းစိတ်ဖြာနိုင်လေ၏။
ဒါပေမဲ့ ကျင်းယန်က ဘာကြောင့် ဒီလိုထင်ရတာလဲ?
ယင်ရိလျို၏နှလုံးသားထဲတွင် သံသယတစ်ခုရှိသောကြောင့် သူမ မေးလိုက်သည်။
ကျင်းယန် တခဏတိတ်ဆိတ်သွားလေ၏။ ထို့နောက်သူက အလင်းမှိန်မှိန်အောက်တွင် အိပ်ယာဘေးမှ စားပွဲပေါ်မှ ဓားမြောင်လေးကို ထုတ်ယူလိုက်ကာ သူ၏လက်မောင်းပေါ်ကို တစ်ချက်လှီးလိုက်သောကြောင့် နီရဲနေသောသွေးများက သူ၏လက်မောင်းတစ်လျှောက်မှ မြေပြင်ပေါ်သို့ ချက်ချင်းစီးကျသွားခဲ့သည်။
*