← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း(126)

ယင်ရိလျို ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ဒဏ်ရာကို ဖိပေးရန်ကြိုးစားလိုက်၏။

“ကော ဘာတွေလုပ်နေတာလဲ?”

ကျင်းယန်က သူ၏ဒဏ်ရာကိုထိတော့မည့် ကလေးမလေး၏ နူးညံ့သောလက်လေးကို တားဆီးလိုက်ပြီး ကြည့်ရန် လက်ဟန်ပြလိုက်သည်။

ယင်ရိလျို မျက်မှောင်ကြုတ်ပြီး ကျင်းယန်၏လက်မောင်းပေါ်မှ ဒဏ်ရာကို စိတ်ရှုပ်ထွေးမှုနှင့် ကြည့်လိုက်၏။

သို့သော် မိနစ်ဝက်သာ ကြာပြီးနောက် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။

ကျင်းယန်၏လက်မောင်းပေါ်ရှိ ရှရာနားက အရေပြားဆီမှ ဖျော့တော့သော ရွှေရောင်များ တဖြည်းဖြည်းပေါ်ထွက်လာကာ ဒဏ်ရာအောက်မှ မြေအောက်ရေစီးကြောင်းတစ်ခုနှယ် တက်လာသည်ကို သူမ မြင်လိုက်၏။

ရှရာက မျက်စိဖြင့်မြင်နိုင်သော အရှိန်ဖြင့် လျှင်မြန်စွာပြန်သက်သာသွားလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သွေးထွက်ခြင်းကရပ်တန့်သွားပြီး ဒဏ်ရာမျက်နှာပြင်ပေါ်တွင် ပါးလွှာသောအလွှာတစ်ခု ဖွဲ့စည်းသွားခဲ့၏။

“ဒါက?”

ယင်ရိလျို ကျင်းယန်ကို အံ့အားသင့်လျက် စိုက်ကြည့်လိုက်သည်။ ဤကုသနှုန်းက အလွန် မြန်လွန်းလေ၏။

သို့သော်ငြား ရွှေပေါင်လုံးကြီး၏ အထူးစွမ်းရည်နှင့် သူ၏စဥ်ဆတ်မပြတ် ကုသနေသော ခြေထောက်များအကြောင်း စဥ်းစားကြည့်မိသည့်အတွက် အားလုံးက အဓိပ္ပာယ်ရှိသွားလေသည်။

သူမ တံတွေးမြိုချလိုက်၏။

ထို့ကြောင့် ကျင်းယန်က အမှန်စင်စစ် ရှားပါးသောမျိုးစိပ်ဖြစ်သည်။

ဤလွန်ကဲသောကုသနှုန်းက လူသားနှင့်တိရစ္ဆာန်ကြား အသွင်ပြောင်းနိုင်သည့် သူမ၏စွမ်းရည်ထက် အများကြီးပို၍ အဖိုးတန်လေ၏။

ထိုစွမ်းရည်က အသက်များကို ကယ်တင်နိုင်သော စွမ်းရည်ဖြစ်သည်။

ကျင်းယန်၏ခန္ဓာကိုယ် မျက်နှာပြင်မှ ရွှေရောင်အကြေးခွံများ၊ သူ၏ကုသနှုန်းကို စဥ်းစားပြီးနောက် မြို့တော်B သုတေသနဌာနမှ အထူးဆေးသည်လည်း အရောင်အားဖြင့် ရွှေရောင်အနေဖြင့် ထွက်လာပြီး ဒဏ်ရာများ၏ပြန်လည်သက်သာခြင်းကို အထောက်အကူပြုပေးကြောင်း အမှတ်ရသွားခဲ့၏။

သူမတွင် အတင့်ရဲသော အတွေးတစ်ခုရှိလာရသည်။

“ကျင်းကျဲမှာလည်း ဒီစွမ်းရည်ရှိပေမဲ့ မြို့တော်Bက ဆင့်ကဲပြောင်းလဲသူတွေက သိသွားပြီး သူမကို သုတေသနအတွက် စမ်းသပ်ပစ္စည်းအနေနဲ့ ဖမ်းသွားတယ်လို့ ကောသံသယရှိလို့လား?”

ထိုအထူးဆေးများက ကျင်းရူမန်၏သွေးထဲမှ အမှန်တကယ် ထုတ်ယူထားခြင်းဖြစ်ပါက ထိုအဖြစ်က ဆိုးရွားလွန်းလေ၏။

သုတေသနေဌာက လူသားစမ်းသပ်မှုများ ဦးဆောင်လုပ်ရန် အသက်ရှင်နေသော လူသားများကိုပင် အသုံးပြုခဲ့သည်။ ထောင်နှင့်ချီသော ဆင့်ကဲပြောင်းလဲသူများ အကျိုးရှိစေရန် လူတစ်ယောက်ကို စတေးခြင်းမှာ ကိုယ်ကျင့်တရားမှန်ကန်ပြီး ရိုသေလေးစားဖွယ် ကောင်းသည့်ပုံရသည်။

သို့သော်ငြား ထိုစမ်းသပ်ခံအတွက် မည်မျှ မမျှတကြောင်းကို မတွေးရဲနိုင်ပေ။

ကလေးမလေး၏ မျက်နှာပေါ်မှ စိတ်ပူပန်နေသော အမူအရာကိုမြင်လျှင် ကျင်းယန်မတတ်နိုင်ဘဲ သူမ၏ဆံပင်ကို ဖွလိုက်မိ၏။

“မသေချာပါဘူး.. တခြားတစ်ယောက်ယောက်က ကိုယ်နဲ့တူတဲ့ ဆင့်ကဲပြောင်းလဲစွမ်းရည်ရှိတာလည်း ဖြစ်နိုင်တယ်.. အဆင်ပြေတယ်.. အများကြီးမစဥ်းစားနဲ့.. မြန်မြန်လေး အိပ်ယာဝင်တော့”

ဤကဲ့သို့အကြောင်းကိစ္စမျိုးက ကလေးမလေးတစ်ယောက် စဥ်းစားသင့်သည့်အရာမဟုတ်ချေ။

သူသာ မြို့‌တော်Bသို့ သွားရန်အတွက် အမှန်တကယ် ဆုံးဖြတ်ထားလျှင် သူအနေဖြင့် ကျောင်းမောင်နှမနှင့် ကြိုတင်ဆွေးနွေးရမည်ဖြစ်သည်။

အနာဂတ်၌ ကျင်းရူမန်ထံတွင် အမှန်တကယ် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် သူတို့မည်သို့ ရင်ဆိုင်သင့်သနည်း? ဤအရာအားလုံးကို ရေရှည်အတွက် ထည့်သွင်းစဥ်းစားရမည်ပင်။

“ဒါဆိုလည်း ကောရဲ့လက်ပေါ်က သွေးတွေကိုမြန်မြန်သုတ်ပြီး ပိုးသတ်ဖို့လုပာဦး၊ ကောက ကောရဲ့ခန္ဓာကိုယ်ကို ကိုယ်ပိုင်အသွေးအသားလို့ တကယ်ကြီးမမှတ်ယူတာပဲ”

ယင်ရိလျို သူမကိုယ်သူမ စောင်လေးထဲတိုးဝင်လိုက်ပြီး တတွတ်တွတ်ပြောလိုက်၏။

သူမအနေဖြင့် မျက်လုံးမှိတ်လိုက်သော်ငြား အိပ်မပျော်ခဲ့ချေ။ စိတ်ထဲတွင် အကြောင်းအရာအများအပြားကို တွေးခဲ့မိသည်။

ယခင်ဘဝက ကျင်းယန်မှာ မြို့တော်Bဆီ တစ်ကိုယ်တည်းပြီး အခြေစိုက်စိုက်စခန်းကို ပြောင်းပြန်လှန်ပစ်ခဲ့၏။

ဒါက ကျင်းရူမန်ကြောင့် ဖြစ်နိုင်မလား?

ဟုတ်ခဲ့ရင် ရှန်းယင်ကျိုးနဲ့ လျို့ကျန်းက ဒီကိစ္စမှာ ဘယ်အခန်းဂဏ္ဏကနေ ပါခဲ့တာလဲ? ကျင်းယန် အပြေးအလွှား သွားခဲ့ချိန်မှာ ကျင်းရူမန်က သေသွားတာလား..

ထိုအချိန်မတိုင်ခင် အချိန်အကြာကြီးလိုသေးသည်ဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်၏။

အထူးဆေးကို ဖြန့်ဖြူးရန် စတင်ရုံသာဖြစ်ပြီး ကျင်းယန်က ဤအဖြစ်ကိုကြိုတင် ရှာတွေ့ခဲ့သည်။

ကိစ္စများက သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ချွမ်းရုန် အခြေစိုက်စခန်းက ဘဝအသစ်တစ်ခုကို ကြေညာခဲ့သည်။

ဗိုက်ပြည့်နေသည့် သာမာန်လူများသည်လည်း တဲများထဲတွင် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လျက် ငြိမ်းချမ်းသည့်ညနေခင်းကို ကုန်ဆုံးခဲ့ကြ၏။

သို့သော်ငြား တဲများနှင့် မကွာဝေးသည့် ဆင့်ကဲပြောင်းလဲသူများ၏ နေထိုင်ရာဧရိယာတွင် အိမ်တစ်ခု၏ ဖယောင်းတိုင်မီးရောင်က လင်းနေဆဲဖြစ်ပေသည်။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထိုအိမ်တွင် နေထိုင်ကြလေ၏။အမျိုးသားက ဆိုဖာပေါ်တွင် ဆေးလိပ်သောက်၍ တိတ်ဆိတ်စွာ ထိုင်နေပြီး ဧည့်ခန်းထဲတွင် ဂကျီဂကြောင်လုပ်နေသော အမျိုးသမီးကို မျက်မှောင်ကြုတ်ကြည့်ပြီး မခံနိုင်ဘဲ အော်လိုက်မိသည်။

“ဒါဆို မင်းက ဘာကိုလိုချင်နေတာလဲ?”

ဖယောင်းမီရောင် မှိန်မှိန်လင်း‌နေသည့် အခန်းထဲရှိလေထုမှာ အန်ချင်စဖွယ် ချိုအီသောအနံ့ပြင်းပြင်းဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအနံ့က ဂျီးချွတ်ဆေးအနံ့နှင့် အပေါစားအမွှေးနံ့သာရနံ့တို့ ရောနှောနေခြင်းဖြစ်၏။

အိမ်ထဲမှ ပရိဘောဂများက သိပ်မဆိုးပါချေ။ လက်ရှိအိမ်ပိုင်ရှင်က သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်သည်။

သူက ချွမ်းရုန်အခြေစိုက်စခန်းထဲရှိ သက်လတ်ပိုင်းဆင့်ကဲပြောင်းလဲသူ အနည်းစုထဲမှ တစ်ယောက်ဖြစ်၏။

သားရဲလှိုင်းကို ရင်ဆိုင်ရသည့် စစ်ဆင်ရေးတွင်လည်း ပါဝင်ခဲ့ပြီး အတော်လေးသန်မာလေသည်။

သို့သော်ငြား မည်သူမှ မသိသည်မှာ ဤရိုးသားသည့်အသွင်အပြင်နှင့် အမျိုးသားက အမှန်တကယ်မှာတော့ သူ၏အိမ်ထဲတွင် အမျိုးသမီးတစ်ယောက်ကို ဖွက်ထားလေ၏။

အမျိုးသမီးက အတော်အတန် လှပသည်။ အသက်နှစ်ဆယ် အရွယ်လောက်သာ ရှိပုံရပေ၏။

သို့သော်လည်း အလွန်ပိန်ပါးပြီး ပါးများက ချိုင့်ခွက်နေ၏။ သူမ၏မြူလွှမ်းနေသော မျက်လုံးများက အလင်းမှိန်မှိန်အခန်းထဲကို ဂနာမငြိမ်လျှောက်ကြည့်နေပြီး မျက်နှာပေါ်တွင် ကြောက်လန့်နေသော အမူအရာဆင်မြန်းထားလေသည်။

သူမက ဆိုဖာပေါ်မှ ရှုပ်ပွနေသော အဝတ်အစားများကို အိတ်ကြီးထဲသို့ ထိုးသိပ်ထည့်နေကာ တစ်ခါတစ်ရံ သူမ၏လက်မောင်းကို ပွတ်သပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုကို တတွတ်တွတ် ရေရွတ်နေခဲ့၏။

တစ်ယောက်ယောက်ကသာ လုံလောက်အောင် နီးကပ်သွားလျှင် သူမပြောနေသည့်အရာကို ကြားရမည်ဖြစ်သည်။

“ဒီနေရာကနေ ငါထွက်သွားချင်တယ်.. ထွက်သွားချင်တယ်….”

ဆိုဖာပေါ်တွင် မျက်ခုံးကိုတွန့်ချိုး၊ လက်‌ပိုက်ထိုင်နေသော ဆင့်ကဲပြောင်းလဲသူအမျိုးသား၏ နာမည်က တုရန်စုန့်ဖြစ်၏။

ဤအခိုက်၌ သူက ခရီးဆောင်အိတ်ကို ထုပ်ပိုးခြင်းရပ်တန့်မည် မဟုတ်သည့် အမျိုးသမီးငယ်ကို ကူကယ်ရာမဲ့သောအမူအရာဖြင့် စိုက်ကြည့်နေပြီး သက်ပြင်းချလိုက်သည်။

“ရပ်လိုက်လို့ရမလား? မင်းကို ကယ်ဖို့ တောင်းဆိုတော့လည့် ငါကယ်ခဲ့တယ်လေ.. မင်း ငါ့နောက်လိုက်ချင်တော့လည်း အခြေစိုက်စခန်းထဲက ကန်ထုတ်ခံရမယ့်အရေးကို စွန့်စားပြီး မင်းကိုခေါ်သွင်းခဲ့တယ်.. အခုတော့ မင်းက ထွက်သွားချင်တယ်လို့ ငါ့ကိုလာပြောနေတာလား”

တုရန်စုန့် အလွန်ဒေါသထွက်နေ၏။

ဤမိန်းကလေးတွင် စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ ရှိနေကြောင်းကို သူသိသော်ငြား သူ့အနေဖြင့် မိန်းကလေးကို အမှန်တကယ်သနားပြီး ဤအချိန်အတောတွင်း သူမကိုပင် ချစ်မိသွားခဲ့သည်။

သူ မမျှော်လင့်ထားသည်မှာ သူမက ထွက်သွားရန် ရုတ်တရက်ဆုံးဖြတ်လိုက်မည်ကိုပင်။

“ဒါပေမဲ့ သူမက ကျွန်မနောက်ကနေ လိုက်လာတာလေ.. ကျွန်မကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး…”

အမျိုးသမီးငယ်လေးက စကားပြောနေရင်း သူမ၏စိတ်ထဲ တစ်စုံတစ်ခုကို တွေးမိသွားပြီး သူမ၏အမူအရာက ပို၍ပို၍ပင် ကြောက်လန့်လာလေ၏။

ထို့နောက် သူမက စားပွဲပေါ်မှ ဖြန်းဆေးကို ကောက်ယူပြီး အခန်းထဲရှိ တစ်စုံတစ်ခုကို ကသုတ်ကရက် ဖြန်းလိုက်သည်။ လေထဲမှ စူးရှသောအနံ့သည် ချက်ချင်းပင် သိပ်သည်းလာခဲ့၏။

ဖြန်းဆေးဘူးပေါ်တွင် အင်းစက်ကိုနိုင်နင်းသည့် ဆေးဝါးအချို့၏ ပုံပါရှိသည်။ ဤသည်မှာ အင်းစက်သတ်ဆေးဖြစ်ပြီး စားပွဲပေါ်ရှိ တစ်ဘူး အပြင် ဧည့်ခန်းထဲမှ စားပွဲအောက်တွင် ဘူးအချို့ရှိလေ၏။

တုရန်စုန့်က ရုတ်ခြည်းထရပ်လိုက်ပြီး သူ့ရှေ့မှ အမျိုးသမီးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူမ၏နားနောက်ကို ညင်သာစွာနမ်းပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကိုယ့်ကိုယုံပါ.. ကိုယ် မင်းကို ကာကွယ်မယ်.. ရှောင်သို ကိုယ်တို့က အခု အတူတူရှိနေပြီလေ.. မင်း ကိုယ့်ကို ဒီလိုမျိုး တကယ်ထားသွားမှာလား?”

အမျိုးသမီး၏ပိန်ပါးသော မျက်နှာပေါ်တွင် စိတ်မရှည်သည့်အရိပ်အယောင်‌ ပေါ်လာခဲ့သည်။

ယင်ရိလျိုနှင့် ကျောင်းမောင်နှမသာ ဤနေရာတွင်ရှိပါက အံ့သြမှုဖြင့် အော်မိကြမည်ဖြစ်၏။

အကြောင်းမှာမူ ဤအမျိုးသမီးက ကမ္ဘာပျက်ကပ်အစောပိုင်း၌ သူတို့နှင့်အတူ ခရီးသွားရလုနီးပါးဖြစ်ခဲ့ပြီး သူမ၏ယောက်မဖြစ်သူ လင်းကျာနှင့်အတူ မမျှော်လင့်ထားစွာ ပျောက်သွားခဲ့သည့် လဲ့ရူသိုဖြစ်နေခဲ့သည်။

( t/n: လဲ့ရူသို - လဲ့ဟုန်ရီရဲ့ညီမ၊ မြို့တော်Zကိုသွားချင်လို့ ကျောင်းမောင်နှမနဲ့အတူ ကျင်းယန်ဆီကို လာမေးတဲ့ သုံးယောက်အဖွဲ့ထဲကပါ)

သူမက ယခုအချိန် ချွမ်းရုန် အခြေစိုက်စခန်းတွင် ပေါ်လာခဲ့၏။

သူမက တုရန်စုန့်အပေါ်တွင် မှီခိုနေရဆဲ ဖြစ်ကြောင်းကိုသိသောကြောင့် လဲ့ရူသို အသံကို ပျော့ပြီးပြောလိုက်သည်။

“ရန်စုန့် ကျွန်မလည်း ရှင်နဲ့ခွဲရမှာကို တောင့်မခံနိုင်ပါဘူး ဝဒါပေမဲ့ ရှင်ကိုယ်တိုင် မြင်ခဲ့တာပဲ.. လင်းကျားက ဒီနေရာထိ ကျွန်မရဲ့နောက်က လိုက်လာခဲ့ပြီ.. သူမက ကျွန်မကို တိတ်တိတ်လေး စောင့်ကြည့်နေတာ”

သူမ၏မျက်နှာပေါ်တွင် အကြောက်တရားနှင့် ပြည့်နေပြီး ခန္ဓာကိုယ်က ထိန်းမရနိုင်စွာ တုန်ရီလာခဲ့၏။

“သစ်သားအိမ်ထဲက ကံဆိုးမိုးမှောင်ကျမှုတွေက သူမ အခု ချွမ်းရုန် အခြေစိုက်စခန်းကို ရောက်နေပြီဆိုပြီး ကျွန်မကိုသတိပေးနေတာပဲ ဒီနေရာမှာ ကျွန်မထပ်မနေနိုင်တော့ဘူး”

“မင်းကိုယ်မင်း မခြောက်လှန့်ပါနဲ့.. မတော်တဆမှုတစ်ခုပဲ ဖြစ်မှာပါကွာ…”

တုရန်စုန့် လဲ့ရူသို့ကိုနှစ်သိမ့်ရန် ကြိုးစားလိုက်သော်ငြား သူမက မှုန်တေတေဖြင့် ဖြတ်ပြောလိုက်သည်။

“မဟုတ်ဘူး သူမက ကျွန်မကိုသေစေချင်နေတာ”

အမျိုးသမီး၏ စူးဝါးသောအော်သံက အခန်းထဲ ပဲ့တင်ထပ်သွားခဲ့၏။ တုရန်စုန့်၏နှလုံးသားက နာကျင်သွားခဲ့လေသည်။သူက သူမကို အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်၏။

လဲ့ရူသို တည်ငြိမ်သွားပြီးနောက်တွင်တော့ မျက်ရည်များ စတင်စီးကျလာခဲ့ပြီး သူမ ဆင်းရဲဒုက္ခရောက်ခဲ့ရသော အတွေ့အကြုံကို ထပ်ခါထပ်ခါ ပြန်ပြောလာခဲ့လေသည်။

“အဲဒီမကောင်းဆိုးဝါးက ဘယ်လောင်တောင်ရူးလဲဆိုတာ ရှင်မသိလို့ပါ.. သူမက ကျွန်မရဲ့အမေကို သန္ဓေပြောင်းသားရဲရဲ့ ပါးစပ်ထဲကို တွန်းလွှတ်ခဲ့ပြီး အသက်ရှင်ဖို့ ထွက်ပြေးခဲ့တဲ့သူပဲ..

ကျွန်မရဲ့နောက်ကွယ်မှာ သူမပြောခဲ့တဲ့စကားတွေကြောင့် ကျွန်မကို အချစ်ဆုံးဖြစ်ခဲ့တဲ့ အစ်ကိုကလည်း ကျွန်မကိုမချစ်တော့ဘဲ သူ့ကိုယ်သူ ဒီမိန်းမဆီ နစ်မြုပ်‌ထားခဲ့တယ်..

အဆုံးမှာ ကျွန်မကို မကောင်းတဲ့လူတွေက ပြန်ပေးဆွဲတာကို ခံလိုက်ရပြီး ပိုးကောင်တွေဆီကနေ တစ်စစီဆွဲဖြဲတာခံရလုနီးပါးဖြစ်ခဲ့ရတယ်.. ကျွန်မက ကံကောင်းခဲ့တာကြောင့် မဟုတ်ရင်….”

သူမ ပြောနေရင်းဖြင့် မျက်ရည်များ စီးကျလာခဲ့၏။ တုရန်စုန့်၏ နှလုံးသားက နာကျင်ကိုက်ခဲသွားခဲ့ပြီး သူ၏အသံက ပို၍ပင် နူးညံ့လာခဲ့သည်။

“ထပ်မငိုပါနဲ့တော့.. မင်းအထင်မှားခံခဲ့ရတာကို ကိုယ်သိပါတယ်”

“ကျွန်မ ကံကောင်းခဲ့တာကြောင့် မဟုတ်ရင် အခု မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားတဲ့သူက ကျွန်မဖြစ်နေခဲ့မှာ ဒါပေမဲ့ သူမက ကျွန်မကို လွှတ်ပေးသေးမှာ မဟုတ်ဘူး”

တုရန်စုန့်၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ လက်သွားခဲ့၏။

သူ လဲ့ရူသိုကို မတွေ့ခဲ့လျှင် ဤလောကကြီးထဲ၌ ဤကဲ့သို့ ရက်စက်သောအမျိုးသမီးတစ်ယောက် ရှိနိုင်ကြောင်းကို သူ သိခဲ့လိမ့်မည် မဟုတ်ချေ။

ထိုလင်းကျားက အရက်စက်ဆုံးအမျိုးသမီးတစ်ယောက် ဖြစ်သည်။

သူမက ရှောင်သို၏အမေကို အန္တရာယ်ပေးခဲ့ရုံသာမက ရှောင်သို့ကို ဒုက္ခပေးရန်ပင် စဥ်းစားခဲ့သေးသည်။

*

All Chapters