← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း(127)

လဲ့ရူသို၏အကြောင်းကိုပြောရလျှင် သားရဲလှိုင်းမဖြစ်မီက တုရန်စုန့်တစ်ယောက် အနီးအနားအခြေစိုက်စခန်းတွင် မစ်ရှင်တစ်ခုလုပ်နေချိန်က ရှာတွေ့ခဲ့သော ရှင်ကျန်သူဖြစ်ပေသည်။

သူမကို အသက်ရှင်ကျန်ရစ်သူဟု ပြောဖို့အတွက် အလုံးစုံ မမှန်ကန်ခဲ့ချေ။ သူမကိုရှာတွေ့ခဲ့ချိန်တွင် သူမမှာ ပိတုန်းနက်အုပ်ကြီးထံမှ ဝန်းရံခြင်းခံထားရ၏။

သူမ၏မျက်နှာပေါ်တွင် ကြောက်လန့်နေသော အမူအရာတို့နှင့်ပြည့်နေကာ သူမကိုကယ်တင်ပေးရန် တောင်းဆိုခဲ့လေသည်။

ဤအင်းစက်များက သူတို့၏ ဆန္ဒအရ ပြုမူနေခြင်းမဟုတ်ကြောင်း သူရှာတွေ့ခဲ့၏။ သူတို့တွင် သခင်တစ်ယောက် သို့မဟုတ် ဘုရင်မတစ်ယောက်ရှိနေခဲ့သည်။

ထိုသည်မှာ လင်းကျားဟု အမည်ရသော အမျိုးသမီးဖြစ်ပေသည်။

အင်းစက်မျိုးစပ်တစ်ယောက်..

ဤအမျိုးသမီးက အလွန်ထူးခြားပေ၏။ လဲ့ရူသို၏အဆိုအရ ဤအမျိုးသမီးမှာ အရိုးထဲအထိ အင်းစက်များထံတွင် စားသောက်ခြင်းကို ခံလိုက်ရသည်။

ထိုအင်းစက်များထဲမှ အင်းစက်ဘုရင်မက သူမနှင့်မျိုးစပ်သွားခဲ့သောကြောင့် သူမ၏ဆင့်ကဲပြောင်းလဲမှုအသွင်က သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်တည်း မဟုတ်ဘဲ မရေမတွက်နိုင်အောင်များသော အင်းစက်များဖြစ်နေခဲ့၏။

ဤအကြောင်းက ကြောက်လန့်စရာ၊ စက်ဆုပ်စရာကောင်းလွန်းပေသည်။

လူတစ်ယောက်က အင်းစက်စစ်တပ်ကြီးတစ်ခု ဖြစ်နေပေ၏။ ထိုအမျိုးသမီး၏ သေစေနိုင်စွမ်းကို လူတိုင်း စိတ်ကူးကြည့်နိုင်သည်။

ထိုအချိန်က တုရန်စုန့်နှင့် သူ၏သူငယ်ချင်းက လင်းကျား နေထိုင်သည့်နေရာထဲသို့ မတော်တဆ ဖောက်ဝင်မိခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် မရေမတွက်နိုင်သည့် အင်းစက်များထံမှ ဝန်းရံခြင်းခံထားရ‌သော လဲ့ရူသိုကို ရှာတွေ့ခဲ့သောကြောင့် အင်းစက်များစွာကို မီးရှို့သတ်ပစ်ခဲ့ပြီး လဲ့ရူသိုကို ကယ်တင်ခဲ့ကြလေသည်။

သို့သော်ငြား သူတို့ထွက်ခွာတော့မည့် အချိန်တွင် လင်းကျားက ပြန်ရောက်လာခဲ့၏။

ထို့ကြောင့် ကောင်းကင်အထိ ပြည့်နေသော အင်းစက်စစ်တပ်ကြီးက တုရန်စုန့်၏ အသင်းဖော်များကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့က ဤနေရာကို ကားအဟောင်းတစ်ခုဖြင့် လာခဲ့ခြင်းဖြစ်သောကြောင့် တုရန်စုန့်က လဲ့ရူသိုကို ကားထဲအမြန်ဆွဲသွင်းခဲ့ပြီး ထိုဆိုးဝါးသောနေရာမှ လွတ်မြောက်နိုင်ခဲ့၏။

အင်းစက်လှိုင်းထဲသို့ ကျရောက်သွားခဲ့သည့် သူ၏အသင်းဖော်များအတွက်တော့ သူတို့၏ကံကြမ္မာကို လူတိုင်းမှန်းဆနိုင်ပေသည်။

ထိုနေ့တွင် တုရန်စုန့်က ကားအဟောင်းလေးဖြင့် လဲ့ရူသိုကို ချွမ်းရုန်အခြေစိုက်စခန်းထဲ ပြန်ခေါ်လာခဲ့သည်။

သူတို့၏အသင်းထဲတွင် အင်းစက်၏ပါးစပ်ထဲ၌ သေသွားခဲ့သော အမျိုးသမီးဆင့်ကဲပြောင်းလဲသူ တစ်ယောက်ရှိနေခဲ့၏။ ထို့ကြောင့် လဲ့ရူသိုကို မြို့ထဲခေါ်သွင်းနိုင်ရန် အလို့ငှာ လဲ့ရူသိုမှာ ထိုအမျိုးသမီးဆင့်ကဲပြောင်းလဲသူဖြစ်ကြောင်း လိမ်ခဲ့ရသည်။

သူက သူတို့၏အသင်းထဲတွင် တစ်ယောက်တည်းသော ကျန်နေခဲ့သူဖြစ်သောကြောင့် တခြားသူများထံမှ သံသယများကို မနှိုးဆော်မိခဲ့ချေ။

ထိုအကြောင်းကြောင့် လဲ့ရူသိုက ချွမ်းရုန် အခြေစိုက်စခန်းထဲသို့ ဝင်လာနိုင်ပြီး သူ့ဘေးတွင် အခြေချခဲ့၏။

ဤအချိန်အ‌တောအတွင်း သူတို့နှစ်ယောက်က ချစ်မိသွားခဲ့ကြသည်။

တစ်ညတွင် သူ့ဘက်မှ အတူနေထိုင်ရန်ပြောဆိုခဲ့ပြီး လဲ့ရူသိုကလည်း လိုက်လျောခဲ့သောကြောင့် တုရန်စုန့်နှင့်အတူ အိပ်ယာထဲလူးလှိမ့်ခဲ့လေ၏။

ထိုနေ့မှစ၍ နှစ်ယောက်သားကြားမှ ဆက်ဆံရေးက ပိုမိုကောင်းလာခဲ့သည်။

တုရန်စုန့်က ဤနှစ်တွင် အသက်သုံးဆယ့်ခုနစ်နှစ်ရှိနေပေပြီ။ ကမ္ဘာပျက်ကပ်မတိုင်မှီက ဝိုင်ထုတ်လုပ်စက်ရုံ၏ မန်နေဂျာဖြစ်ခဲ့သည်။

သူ့တွင် ဉာဏ်ကောင်းသောဇနီးသည်နှင့် ချစ်စရာကောင်းသော သားလေးတစ်ယောက် ရှိသော်ငြား သူတို့က ကမ္ဘာပျက်ကပ်တွင် သေေုံးသွားခဲ့၏။

ယခု သူ့အသက်အရွယ်ရလာချိန်တွင် သူ၏ဘေးတွင် ချစ်စဖွယ်ကောင်းသော ဇနီးတစ်ယောက်ရှိနေခဲ့သောကြောင့် လဲ့ရူသိုကို ဖြစ်နိုင်သမျှနည်းများဖြင့် အလိုလိုက်ခဲ့လေသည်။

သူ၏မျိုးရိုးဆက်ခံရန်အတွက် လဲ့ရူသိုကို နောက်ထပ်သားတစ်ယောက် မွေးပေးစေချင်ခဲ့၏။

ချွမ်းရုန်အခြေစိုက်စခန်းက ဆင့်ကဲပြောင်းလဲသူများကို အမြဲတစေဦးစားပေး ဆက်ဆံမှုများပေးခဲ့ပြီး လဲ့ရူသိုကလည်း အသင်းထဲမှ အမျိုးသမီးဆင့်ကဲပြောင်းလဲသူ၏ ကိုယ်ရေးအချက်အလက်ဖြင့် ဟန်ဆောင်ခဲ့သောကြောင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ တိုးမြှင့်ထားသော ရိက္ခာအချိုးအဆကို လက်ခံနိုင်ခဲ့သည်။

သားရဲလှိုင်းပြီးသွားပြီးနောက် သူတို့နှစ်ယောက်က အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့ကြလေ၏။

သို့သော်ငြား ရှူးယန်အသင်း ချွမ်းရုန်အခြေစိုက်စခန်းကို ရောက်လာကတည်းက လဲ့ရူသိုက ကွဲပြားသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤရှူးယန်အသင်း၏ အဖွဲ့ဝင်များက မည်သူများဖြစ်ကြောင်း၊ မည်မျှသန်မာကြောင်းကို ရှိသမျှနည်းလမ်းဖြင့် ကွေ့ပတ်မေးနေခဲ့၏။

အစပိုင်း၌ တုရန်စုန့်အနေဖြင့် သူ၏ချစ်စဖွယ်ဇနီးလေးက သိချင်နေရုံသာဟု ထင်ခဲ့လေသည်။

သူ အနည်းငယ်သဝန်တိုသော်ငြား ထိုအကြောင်းကို များများစားစားမတွေးခဲ့ဘဲ သူမ၏သိချင်စိတ်ကို ကျေနပ်စေခဲ့၏။

သို့သော်ငြား သစ်သားအိမ်ထဲတွင် မတော်တဆမှု ဖြစ်သွားပြီးနောက် လဲ့ရူသိုက အလွန်အမင်းထိတ်လန့်လွယ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။နေ့တိုင်း လင်းကျားက သူမကိုရှာဖွေရန်လာမည်အကြောင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆက်တိုက်ပြောနေခဲ့သည်။

သူမအနေဖြင့် ယခင်က အင်းစက်အုပ်ကြီးဖြင့် အတူနေထိုင်ခဲ့ရသောကြောင့် အင်းစက်များက လူများကိုမည်သို့ စားသောက်ကြောင်း ကောင်းကောင်းသိသည်ဟု ပြောခဲ့၏။

လက်ရှိ ဖြစ်ပျက်သွားသည့် အရာများက လင်းကျား၏လက်အောက်မှ ထိုအင်းစက်များ၏ လုပ်ဆောင်ချက်ဖြစ်ရမည်။

လင်းကျားက သူမ အတွက်လာခဲ့ခြင်းပင်။

တုရန်စုန့်က သူမအတွက် အင်းစက်သတ်ဆေးများ ယူလာခဲ့ပြီး သူ စဥ်းစားနိုင်သည့် နှစ်သိမ့်စကားတိုင်းကို ပြောသော်ငြား ယနေ့ သူပြန်လာချိန်တွင်မူ ရှူးယန်အသင်းနှင့်အတူ ချွမ်းရုန် အခြေစိုက်စခန်းမှ ထွက်ခွာရန် စီစဥ်ထားကြောင်း လဲ့ရူသိုက အလေးအနက်ပြောခဲ့သည်။

သူ၏သားက မမွေးရသေးသော်လည်း သူ၏ဇနီးက ထွက်ပြေးတော့မည်။

တုရန်စုန့်က ဤကိစ္စကိုမည်သို့ လက်ခံနိုင်ပါမည်နည်း?

သူတို့ကြားမှ အချစ်ကသန်မာသည်ဟု ယူဆထားခဲ့ပြီး ကော်နှင့်ကပ်ထားသည့်နှယ် ခွဲမရနိုင်ဟုထင်ထားခဲ့သော်ငြား သူမသိခဲ့သည်မှာ လဲ့ရူသိုက သူ၏အတွေးနှင့် လုံးဝမှ မတူခဲ့ချေ။

ရှင်သန်ရန်နှင့် သူမ၏အစာအိမ်ကို ဖြည့်ရန်အစားအစာတို့အတွက်ကြောင့်သာမဟုတ်လျှင် သူမကိုယ်သူမ လူအိုကြီးတစ်ယောက်နှင့် လွန်ကျူးပြီး သူ့အတွက် ကလေးတစ်‌ယောက်ကို မည်သို့မွေးချင်မည်နည်း။

သူမက မည်သည့်နည်းလမ်းဖြင့် ထွက်ပြေးမည်၊ သူမကိုခေါ်သွားရန် ပိုသန်မာသည့်အမျိုးသားတစ်ယောက် မည်သို့ရှာရမည်ကို အစကတည်းက စီစဥ်ထားနေခဲ့သည်။

သူမ အမှန်တကယ်လည်း ကြောက်နေခဲ့၏။ လင်းကျားက သူမကိုရှာဖွေပြီး အင်းစက်များကို အမိန့်ပေးပြီး သူမကိုစားခိုင်းလာမည်ကို ကြောက်နေခဲ့သည်။

ထိုအချိန်တွင် ရှူးယန်အသင်းက ချွမ်းရုန် အခြေစိုက်စခန်းဆီ ရောက်လာခဲ့၏။

ကျောင်းမောင်နှမနှင့် ကျင်းယန်၏နာမည်ကို ကြားလိုက်သည့်အခိုက် သူမ၏နှလုံးသားက အရိုင်းဆန်စွာ စတင်ခုန်ပေါက်လာခဲ့လေသည်။

သူတို့က သူမအစ်ကို၏ သူငယ်ချင်းကောင်းများဖြစ်ကြ၏..

ပြီးတော့ ကျင်းယန်…..

ထိုအမျိုးသား၏ ချောမောခန့်ညားသောမျက်နှာက သူမ၏နှလုံးသားထဲတွင် ခိုင်မာစွာ ဆွဲထင်နေဆဲပင်။ သူ၏အကြောင်းကို တွေးလိုက်ရုံဖြင့် လဲ့ရူသို၏နှလုံးသားကို ခုန်ပေါက်သွားစေ၏။

သူတို့က ယခုအချိန်တွင် အလွန်သန်မာသော အသင်းတစ်ခုဖြစ်နေပြီး မြို့တော်Z ကဲ့သို့ ကြီးမားသော အခြေစိုက်စခန်းထဲတွင် အကောင်းဆုံးထဲက တစ်သင်းဖြစ်ကြောင်း ကြားခဲ့ရသည်။

ဤကဲ့သို့ သန်မာသောသူများက ချွမ်းရုန်အခြေစိုက်စခန်းမှ အာဏာ၊ အဆင့်အတန်း မရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ထက် သေချာပေါက် ပိုမိုသန်မာလိမ့်မည်။

သူမက ရှူးယန်အသင်း၏နောက်မှလိုက်ပြီး ဤနေရာမှ ထွက်သွားလိုသည့် ဆန္ဒတစ်ခုကသာ အရူးအမူးဖြစ်ခဲ့သည်။

သူမက ပိုကြီးမားပြီး ပိုအောင်မြင်သော အခြေစိုက်စခန်းဆီသွားရန် တောင့်တနေပြီး အင်အားကြီးသည့် အမျိုးသားတစ်ယောက်နှင့် မိသားစုတစ်ခု တည်ထောင်ချင်သည်။

ဤအမည်မသိထောင့်လေးတွင် အသက်ကြီးပြီး သေသွားသည်အထိ တိတ်တဆိတ် မနေချင်ချေ။

“ရန်စုန့် ရှင်နားမလည်ပါဘူး.. ရှူးယန်အသင်းက အဖွဲ့ဝင်တွေက ကျွန်မအစ်ကိုရဲ့ သူငယ်ချင်းကောင်းတွေပဲ..

ရှင်က ကျွန်မကို ကျွန်မရဲ့အစ်ကိုနဲ့ ထာဝရကွဲသွားစေချင်လို့လား? ကျွန်မ ရှင့်ကို အရမ်းချစ်ပါတယ်.. ကျွန်မရဲ့အစ်ကိုကို ရှာပြီးရင် ရှင့်ကိုလည်း မြို့တော်Zဆီကို ခေါ်ပါ့မယ်..

ဒါ့အပြင် ရှင်သာ သန်မာတဲ့ရှူးယန်အသင်းနဲ့ မိတ်ဆွေဖွဲ့နိုင်ရန် ပိုပြီးကောင်းမွန်တဲ့အနာဂတ်ကို သေချာပေါက်ရမှာပဲ”

လဲ့ရူသို၏စကားလုံးများက စိတ်ရင်းမှန်သကဲ့သို့ထင်ရပြီး မျက်လုံးများက မျက်ရည်နှင့်အရည်လဲ့နေဆဲ ဖြစ်သော်ငြား တုရန်စုန့်က တုံ့ဆိုင်းနေခဲ့သည်။

သူက သူ၏လက်မောင်းထဲမှ အမျိုးသမီး၏မျက်နှာကို နမ်းပြီး မပြတ်မသားပြောလိုက်၏။

“ဒီအကြောင်းကို ကိုယ် ထပ်ပြီးစဥ်းစားလိမ့်မယ် .. လိမ္မာတဲ့ကောင်မလေးပဲ လုပ်နော် ရှောင်သို..”

လဲ့ရူသို၏မျက်လုံးထဲ စိတ်မရှည်သည့်အမူအရာများ ဖြတ်ပြေးသွားသော်ငြား သူမက တစ်ဖက်လူကို ချစ်စိတ်များမွှန်နေသကဲ့သို့ ဟန်ဆောင်ပြီး အမျိုးသားကို ပွေ့ဖက်ခွင့်ပြုလိုက်သည်။

သူမ စိတ်ပိုင်းဖြတ်ထားခဲ့၏။ တုရန်စုန့်က သူမကို သွားခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည်ဖြစ်စေ မနက်ဖြန်တွင် ထွက်ပြေးပြီး ရှူးယန်အသင်းနှင့်အတူ ထွက်ခွာသွားလိမ့်မည်။

နောက်ဆုံးတွင်တော့ ဤအမျိုးသားနှင့်အမျိုးသမီး နှစ်ယောက်လုံးက သူတော်ကောင်းယောင်ဆောင်နေကြသူများသာ ဖြစ်ကြပေ၏။

တစ်ယောက်က တစ်ဖက်လူကို သူ့မျိုးဆက် တည်တံ့စေရန်အတွက် သူ၏ကလေးကို မွေးပေးစေချင်ပြီး တခြားတစ်ယောက်ကတော့ ပိုကောင်းမွန်သော နေရာဆီသို့ ထွက်ပြေးရန် စိတ်ယိုင်နေခဲ့သည်။

*

ချွမ်းရုန်အခြေစိုက်စခန်း၏ အပြင်ဘက်၌ သစ်နွယ်များနှင့် အစိမ်းရောင်အပင်များ ဝန်းရံနေသော စွန့်ပစ်အိမ်တစ်ခုထဲတွင် မရေမတွက်နိုင်အောင်များသော ပိတုန်းနက်များရှိနေခဲ့သည်။ ထိုပုတုန်းများက ပတ်ဝန်းကျင်မှ အကြောမာသည့် နွယ်ပင်အားလုံးကို ကျိုင်းကောင်များ ဖြတ်သန်းသွားသည့်နှယ် ၎င်းတို့၏အဆီရွှဲပြီး ချွန်ထက်သောသွားများဖြင့် ဝါးစားနေကြသည်။

အနားမှ အိမ်ထဲတွင် အမျိုးသမီးတစ်ယောက် ထိုင်နေလေ၏။သူမ၏ရှေ့မှ စားပွဲပေါ်တွင် သံသေတ္တာလေးတစ်လုံးရှိပြီး အတွင်း၌ လက်ချောင်းအရွယ် ဖယောင်းတိုင်တစ်ချောင်း လောင်ကျွမ်းနေသည်။

ပျော်ကျသွားသောဖယောင်းများက သံသေတ္တာ၏အောက်ဘက်တွင် စုဆောင်းနေကာ ခဲသွားပြီးနောက် တစ်ဖန်ပြန်အသုံးပြုနိုင်လေသည်။

သူမ၏အသားအရောင်မှာ စက္ကူစနှယ် ဖြူဖပ်နေခဲ့၏။

သူမက သူမ၏ခန္ဓာကိုယ်နှင့် မတော်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာကတော့ အမူအရာကင်းမဲ့နေခဲ့သည်။

တစ်စုံတစ်ယောက်ကသာ အနီးကပ်ကြည့်မည်ဆိုပါက သူမ၏မျက်လုံးများက အသက်ရှင်နေသော အလောင်းကောင်ကဲ့သို့ အတက်အကျတစ်ခုမှပင် မရှိကြောင်း ရှာတွေ့လိမ့်မည်ပင်။

*

All Chapters