အခန်း (၁၂၈)
Vol. 13 Ch. 128
အခန်း(128)
ထိုအမျိုးသမီး၏ပတ်လည်တွင် တွားသွားနေသော ပိတုန်းနက်များရှိသော်ငြား သူမက ထိုအင်းစက်များကို သတိထားမိပုံမရချေ။
နောက်ဆုံးတွင် သူမက လက်ကိုလွှဲယမ်းပြီး အင်းစက်အားလုံးကို အပြင်သို့ လွှင့်ပစ်လိုက်သည်။
တိတ်ဆိတ်နေသောအိမ်အပြင်မှ တရှဲရှဲအသံများ ထွက်လာလေ၏။ သူမတံခါးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းပင် အပြင်ဘက်မှ မီတာဝက်မျှမြင့်သော ဧရာမအင်းစက်ကြီးတစ်ကောင်က တွားသွားဝင်လာခဲ့လေ၏။
ထိုအင်းစက်ကြီး၏အခွံက တောက်ပကာ ပြီးပြည့်စုံပြီး အလွန်အမင်းမာကျောလေသည်။
အင်းစက်ကြီး၏ ခြေထောက်ပိန်ပိန်များက ချွန်ထက်သော အမျှင်အတက်များနှင့် ဖုံးလွှမ်းနေပြီး အနက်ရောင် မျက်လုံးဝိုင်းဝိုင်းများက အမျှင်များဖြင့် ဖုံးလွှမ်းနေသဖြင့် အလွန်အမင်း ကြောက်စရာကောင်းနေခဲ့၏။
ဤကဲ့သို့သတ္တဝါကြီးကို မြင်သည့်အခိုက်တွင် သာမာန်လူများက အလွန်ကြောက်လန့်သွားမည် ဖြစ်သော်ငြား အမျိုးသမီးက အမူအရာကင်းမဲ့စွာဖြင့် ပိုးကောင်ကြီးကို သူမ၏အနားသို့ ချဥ်းကပ်ခွင့်ပြုလိုက်လေသည်။
ဧရာမအနက်ရောင် အင်းစက်ကြီးတွင် ဇာဂနာကြီး တစ်စုံနှင့်တူသော တမူထူးသည့် ချွန်ထက်သောပါးစပ်အစိတ်အပိုင်းတစ်စုံရှိ၏။
အင်းစက်ကြီးက ဆူဖြိုးသောတွင်းအောင်း သတ္တဝါငယ်လေးနှင့် လူတစ်ယောက်၏ လက်ဖျံလောက် ရှည်သည့် တွန့်လိမ်နေသော ရထားကောင်တစ်ကောင်ကို ပါးစပ်ထဲတွင် ကိုက်ထားလေသည်။
ထိုအင်းစက်ကြီးက ပါးစပ်ကိုဖွင့်လိုက်သည်နှင့် အသက်ရှင်နေဆဲဖြစ်သော သန္ဓေပြောင်းရထားကောင်က အရှေ့မှအမျိုးသမီးကို တိုက်ခိုက်ချင်သော်ငြား နောက်တစ်စက္ကန့်၌ အင်းစက်၏ချွန်ထက်သော ခြေထောက်များဖြင့် ထိုးဖောက်ခံလိုက်ရပြီး လှုပ်ရှားခြင်း ရပ်တန့်သွားရလေ၏။
ပိတုန်း၏ နက်မှောင်ပြီး ကြောက်စရာကောင်းသောမျက်လုံးများက သူ၏ရှေ့မှ အမျိုးသမီးကို စိုက်ကြည့်နေခဲ့ပြီး သားကောင်ကို အမျိုးသမီးဆီသို့ တွန်းပို့လိုက်ချိန်တွင်တော့ အနည်းငယ်လေညက် မျက်နှာချိုသွေးနေသည်ဟု အမှန်တကယ်ပင် ခံစားရလေသည်။
လဲ့ရူသိုသာ ဤနေရာတွင်ရှိလျှင် သူမ သေသည်အထိ ကြောက်လန့်သွားမည်ဖြစ်၏။
အကြောင်းမှာ ဤအမျိုးသမီးသည်က သူမအလွန်ကြောက်နေသည့် လင်းကျားဖြစ်နေသောကြောင့်ပင်။
တစ်ချိန်က ညင်သာပြီး ဂရုစိုက်ပေးတတ်သည့် အမျိုးသမီးက ယခုအချိန်တွင်မျက်နှာပေါ်၌ အေးစက်သော အမူအရာသာ ရှိနေတော့သည်။
သူမက သူမ၏ရှေ့မှအင်းစက်ကို အနည်းငယ်နာကျင်ပြီး စိတ်ထိခိုက်သည့် အကြည့်ဖြင့် ကြည့်လိုက်သော်ငြား အဆုံး၌ လက်ကိုဖြည်းညှင်းစွာ ဆန့်ထုတ်ပြီး ဧရာမပိုးကောင်ကြီး၏ ကျောပြင်ကို ထိတွေ့လိုက်လေ၏။
သူမ၏ခြောက်သွေ့ပြီး ကွဲအက်နေသော နှုတ်ခမ်းထောင့်များက အနည်းငယ်ပွင့်ဟသွားပြီး ကြမ်းရှသည့်အသံက လည်ချောင်းထဲမှ ညှစ်ထွက်လာခဲ့သည်။
“ငါ… ငါရဲ့ကလေးလေး”
ဧရာမအင်းစက်ကြီးက ပျော်ရွှင်မှုဖြင့် ရှေ့တိုးလိုက်ပြီး သူ၏ပတ်လည်မှ အင်းစက်ငယ်များပင် ပို၍လျှင်မြန်စွာ တွားသွားလာခဲ့၏။
သူမ၏နှလုံးသားထဲတွင် စူးရှသည့်ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သူမကို လူသားမျိုးနွယ် တစ်ယောက်အဖြစ် ထပ်မံယူဆ၍ မရတော့ပါချေ။
သန္ဓေပြောင်းတိရစ္ဆာန်များပင် သူမကိုရှောင်သွားကြ၏။ သူမသည်က လောကတစ်ခုလုံးမှ စွန့်ပစ်ခြင်းကို ခံလိုက်ရလေသည်။
တစ်ချိန်က သူမကို စိတ်ပျက်အားငယ်စေခြင်း၊ နာကျင်စေခြင်းများဖြင့် တစ်စစီဆုတ်ဖြဲခဲ့သော ဤအင်းစက်များကသာလျှင် သူမကို မည်သည့်အချိန်တွင်မှ သစ္စာမဖောက်မည့်သူများ ဖြစ်လာခဲ့၏။
ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။
ယခုအချိန်တွင် သူမသည်က အင်းစက်မိခင်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤအရာအားလုံး ယောက်မဖြစ်သူ၏ ကျေးဇူးများကြောင့်ဖြစ်ခဲ့ရ၏။
ထိုအချိန်က အမှန်တရားက မည်သည်နည်း?
လဲ့ရူသိုပြောခဲ့သကဲ့သို့ မဟုတ်ပါချေ။
သူတို့နှစ်ယောက်က ထိုဆင့်ကဲပြောင်းလဲသူများထံမှ ပြန်ပေးဆွဲခြင်းခံရပြီးနောက် စူပါမားကတ်ထဲတွင် အင်းစက်လှိုင်းကို ပက်ပင်းကြုံခဲ့ရပြီး စင်များကြား တွဲလောင်းကျနေသော အဝတ်ပုခက်ပေါ်တွင် ပုန်းနေခဲ့ကြသည်။
မူလက အကုန်အဆင်ပြေခဲ့၏။
အင်းစက်လှိုင်း ဖြတ်သန်းသွားသည့်အချိန်တွင် သူတို့အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။
သို့သော်ငြား အဝတ်ပုခက်က အနည်းငယ် လျှောကျသွားသောကြောင့် သူတို့နှစ်ယောက်လုံး သေလုနီးပါးကြောက်သွားကြရလေ၏။
အင်းစက်အုပ်ထဲသို့ ပြုတ်ကျသွားပြီး အရှင်လတ်လတ် အစားခံရမည်ကို သူတို့ကြောက်ခဲ့ကြသည်။
လင်းကျားက ဤကပ်ဘေးကို သူတို့ရှင်သန်နိုင်မည်ဟု ထုံအစွာ ထင်ခဲ့မိပြီး သေခြင်းရှင်ခြင်း အတူတကွ ကြုံတွေ့ခဲ့ရပြီးနောက် သူမနှင့်လဲ့ရူသိုကြားက သဘောထားကွဲမှုများကို ဖြေရှင်းနိုင်မည်ဟုပင် တွေးခဲ့မိ၏။
တစ်ချိန်ချိန်တွင် သူတို့ လဲ့ဟုန်ရီကို ပြန်တွေ့ရလျှင် သူတို့မိသားစုသည် ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုများနှင့် အတူတကွနေထိုင်နိုင်ကြလိမ့်မည်။
သို့သော်ငြား သူမ မထင်ထားခဲ့သည်မှာ သူတို့၏အနာဂတ်ကို စိတ်ကူးယဥ်နေချိန်တွင်ပင် ရုတ်ခြည်း သူမ၏နောက်မှ အားတစ်ခုက သူမကို ငရဲချောက်ထဲသို့ တွန်းချလိုက်မည်ဟု မမျှော်လင့်ထားမိခဲ့ပါချေ။
အဝတ်ပုခက်ပေါ်မှ ဝန်ကို လျော့ချပြီး သူမ၏ကိုယ်ပိုင်အသက်ကို ကယ်တင်ရန်အလို့ငှာ လဲ့ရူသိုက သူမကိုတွန်းချခဲ့၏ ။သူမ၏ခန္ဓာကိုယ်က သိပ်သည်းသော အင်းစက်လှိုင်းထဲသို့ ပြုတ်ကျသွားသည်အခိုက် လဲ့ရူသို၏ကြောက်ရွံ့နေသော်ငြား စိတ်သက်သာရာရသွားသည့် မျက်လုံးများကို မြင်နိုင်ဆဲဖြစ်သည်။
ထို့နောက် သူမ၏ခန္ဓာကိုယ်၊ မျက်နှာပေါ်နှင့် သူမ၏ခန္ဓာကိုယ်ထဲတွင်….
ထောင်နှင့်ချီသော အင်းစက်များက သူမ၏အသွေးအသားကို ကသုတ်ကရက် ဝါးစားနေကြ၏။
သူမ ငိုချင်သော်ငြား ပါးစပ်ကိုဖွင့်လိုက်သည့်အခိုက်တွင် အင်းစက်များက ရက်စက်စွာဖြင့် သူမ၏ခန္ဓာကိုယ်ထဲ ဖောက်ဝင်ပြီး လည်ချောင်းထဲဆင်းသွားကြပြန်သည်။
ထိုစိတ်ပျက်မှုကို မည်သူကမှ သိနိုင် နားလည်နိုင်မည်မဟုတ်ချေ။
သူမ ချက်ချင်း မသေသွားဘဲ နာကျင်မှုများဖြင့် နားထဲမှ အဆုံးမသတ်သော ကိုက်ဝါးသံများကို နားထောင်ပြီး အဆုံးမရှိသည့် အကြောက်တရားနှင့် နာကျင်မှုကို ခံစားနေခဲ့ရ၏။
တဖြည်းဖြည်းဖြင့် သူမက မည်သည်ကိုမှ မမြင်နိုင် မကြားနိုင်တော့ချေ။ သူမ၏ခန္ဓာကိုယ်မှာလည်း အင်းစက်များဖြင့် ပြည့်နှက်နေသည်။
သေဆုံးပြီးနောက်တွင် ထိုအိပ်မက်ဆိုးမှ လွတ်မြောက်နိုင်ပေပြီဟု ထင်ခဲ့သော်ငြား သူမ ရှင်သန်ခဲ့မည်ဟု မည်သူက ထင်ပါမည်နည်း?
သူမ ကိုယ်တုံးလုံး ထထိုင်လိုက်ပြီး အင်းစက်အုပ်ကြားတွင် အံ့အားသင့်နေချိန်တွင် လဲ့ရူသို၏ ကြောက်ရွံ့နေသော မျက်လုံးများကို မည်သည့်အချိန်တွင်မှ မေ့နိုင်လိမ့်မည်မဟုတ်ချေ။
သူမ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုလေးများ ပေါ်လာသော်ငြား ချက်ချင်းပင် သူမ၏ဗိုက်က ပို၍လေးလံလာပြီး ဝမ်းဗိုက်၏ပတ်လည်မှအသားများက တဖြည်းဖြည်းဖြင့် မရေမတွက်နိုင်အောင်များသော အင်းစက်အသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်ကို တွေ့မြင်ခဲ့ရ၏။
ထို့နောက်တွင် သာမာန်ထက် လွန်လွန်ကဲကဲ ကြီးမားသော ဧရာမအနက်ရောင်အင်းစက်က သူမ၏ဗိုက်ထဲမှ ထွက်လာခဲ့လေသည်။
သူမ စောင့်ကြည့်နေရင်းဖြင့် မျက်နှာကို ဖုံးအုပ်ပြီး ငိုလိုက်မိသည်။
သူမ၏ကလေးက မရှိတော့ကြောင်း ကို သိရှိသွားခဲ့ရပြီပင်။
ထိုနေရာတွင် တစ်ချိန်က ဝမ်းဗိုက်ထဲ၌ မဖွဲ့စည်းရသေးသော သန္ဓေသားလောင်းလေး၊ သူမနှင့် သူမချစ်သူ၏ အသီးအပွင့်လေးရှိနေခဲ့လေ၏
ယခုတွင်တော့ ထိုကလေးမှာ အင်းစက်ဘုရင်မ၏ စားသုံးခြင်းကိုခံလိုက်ရလေပြီ။
ထိုအချိန်က သူမနှင့် ဤအင်းစက်ကြီးကြားမှ သိမ်မွေ့သောဆက်သွယ်မှုကို သူမခံစားရဆဲဖြစ်ကြောင်းကို လဲ့ရူသို မသိခဲ့ပေ။
အင်းစက်ဘုရင်မက သူမ၏ကလေးနှင့် မျိုးစပ်သွားခဲ့ပြီး သူမက အင်းစက်လှိုင်းနှင့် မျိုးစပ်သွားလေသည်။
ယခုချိန်မှစ၍ သူမသည်က တစ်ကိုယ်တည်းမဟုတ်တော့ချေ။ သူမက အင်းစက်များ လက်သင့်ခံခြင်း၊ သိမ်းပိုက်ခြင်းကို လုံးလုံးလျားလျား ခံခဲ့ရပြီး အင်းစက်မိခင်ဖြစ်လာခဲ့၏။
လင်းကျားအနေဖြင့် ‘အင်းစက်’တစ်ကောင် ဖြစ်လာချိန်တွင် လဲ့ရူသိုကို တုံ့ဆိုင်းမှုမရှိ သတ်ပစ်နိုင်မည်ဟု ထင်ခဲ့သော်ငြား မသတ်ခဲ့ပေ။
သူမက နှလုံးသားထဲမှ နူးညံ့ပြီး ရှက်တတ်သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တစ်ခါတည်းသော သတ်ချင်စိတ်နှင့် သတ္တိသည်က အင်းစက်ဖြစ်သွားသော သူမ၏ဗိုက်ထဲမှ ကလေးလေး သူမ၏ ဘေးတွင်မွေးလာသည့်အခိုက် ကွဲကြေသွားခဲ့သည်။
ဤရက်စက်သော အမျိုးသမီးက သူမ‘ကလေး’၏ အဒေါ်၊ သူမခင်ပွန်း၏ ညီမဖြစ်လေ၏။
လဲ့ရူသို၏အမေက သူမကိုကယ်တင်ခဲ့ပြီး ယခုချိန်တွင်တော့ သူမကို အသက် နှစ်သက်ဖြင့် ပြန်ပေးဆပ်ခဲ့သည်။ ဤအမျိုးသမီးကြောင့် အပြစ်ရှိစိတ်ကို ထပ်၍ခံစားရန် မလိုတော့ချေ။
လဲ့ရူသိုကို သူမ၏ဘေးတွင်ထားပြီး စိတ်ပိုင်းဆိုင်ရာအရ သူမကို နှိပ်စက်ခဲ့သည်။
သို့သော် သူမကို သတ်ပစ်ရန် မလုပ်နိုင်ခဲ့ချေ။
*
မနက်ခင်း၌ နေရောင်ခြည်တန်းက ပြတင်းပေါက်ကိုဖြတ်၍ ထွန်းလင်းလာသည့်အခိုက်တွက် ယင်ရိလျိုက မြစိမ်းရောင် ယုန်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီးပြီဖြစ်ပေ၏။ သူမ၏ နားရွက်လေးများက တွဲလောင်းကျလျက် သမ်းဝေနေပြီး သူမ၏အနည်းငယ် နီရဲနေသော မျက်လုံးများကို ပွတ်လျက် အခန်းထဲမှ ထွက်လာခဲ့သည်။
ယနေ့တွင် သူတို့က မြို့တော်Z အခြေစိုက်စခန်းဆီသို့ ပြန်သွားမည်ဖြစ်၏။
သူတို့၏နေ့စဥ်သုံးအသုံးအဆောင် အားလုံးကို ယင်ရိလျို၏နေရာလွတ်ထဲ ထည့်ထားပြီးနောက် ကျောင်းမောင်နှမမှာ အတွင်းထဲတွင် မည်သည့်အရာမှမပါသော်ငြား အမြင်အားဖြင့် ပြည့်ဖောင်းနေသော ကျောပိုးအိတ်များကို သယ်ထားလေသည်။
ထိုအချိန်တွင် ကျင်းယန်က နောက်ကျောပေါ်တွင် တစ်စစီဖြုတ်ထားသော ဝှီးချဲကို သယ်ထားခဲ့သည်။
ထိုသို့ဖြင် အဖွဲ့ကနေရာမှ ထွက်ခွာခဲ့ကြလေ၏။
တံခါးကို သော့ခတ်ပြီးနောက် ကျင်းယန်က ကလေးမလေး၏ နူးညံ့သောလက်လေးကို ဆုတ်ကိုင်ထားခဲ့သည်။
သူမက သူမ၏ပန်းရောင်ယုန်နားရွက်လေးကို လွှဲယမ်းသည်အထိ အဆတ်မပြတ်သမ်းဝေးနေသောကြောင့် ကျင်းယန် မေးလိုက်မိ၏။
“အိပ်ချင်နေလား?”
“အင်း.. အရမ်းအိပ်ချင်နေတယ်”
ယင်ရိလျို ထပ်မံသမ်းလိုက်ပြီးနောက် သူမ၏ဝိုင်းစက်နေသော မျက်လုံးများကိုမှေးကာ ခေါင်းငြိမ့်ခဲ့သည်။
မနေ့ညက သူတို့ နောက်ကျသည်အထိ အပြင်ထွက်ခဲ့ကြပြီးနောက် ယနေ့၌ တစ်ဖန်စောစောထခဲ့ကြ၏။
သူမ၏ခန္ဓာကိုယ်က ကလေးတစ်ယောက်၏ အခြေအနေဖြစ်နေပြီး အရွယ်ရောက်သူတစ်ယောက်ထက် ပို၍အိပ်စက်ရန် လိုအပ်လေသည်။
သူမ၏ အပေါ်မျက်ခွံနှင့် အောက်မျက်ခွံတို့ပ တိုက်ခိုက်နေကြပုံရ၏။
“ဒါဆို ယုန်လေးအဖြစ် ပြောင်းလိုက်လေ.. ကော မင်းကို သယ်သွားမယ်”
ကျင်းယန်ပြောပြီး သူ၏လက်ကို ကလေးမလေးဆီ ဦးတည်၍ဖြန့်ပေးလိုက်သည်။
ယင်ရိလျိုလည်း သူမ၏ခေါင်းလေးကို စောင်းပြီး ဘယ်နှင့်ညာ ကြည့်လိုက်၏။ အနီးနားတွင် မည်သူမှမရှိကြောင်း မြင်လျှင် အမွှေးပွလုံးလေးအဖြစ် ပြောင်းလဲသွားပြီး ကျင်းယန်၏လက်မောင်းထဲ ခုန်ဝင်လိုက်လေသည်။
ထိုအခိုက်တွင် ကျင်းယန် ပိုင်ဆိုင်သော သစ်ကတိုးသားရနံ့က ထုထုကို လွှမ်းခြုံထားခဲ့၏။
သူမ၏ယုန်ပါးစပ်လေးကို နှစ်ကြိမ်ရှုံ့လိုက်ပြီးနောက် ရင်းနှီးသောပွေ့ဖက်မှုထဲ နွေးထွေး၍ဇိမ်ရှိစွာ အိပ်စက်လိုက်လေသည်။
မျက်နှာလေးကို မြုပ်နှံပြီး ကျင်းယန်၏ လက်မောင်းထဲတွင် အိပ်မောကျနေသောကြောင့် သူမ၏ တင်ပါးနောက်မှ အမြီးလုံးလုံးလေးမှာတော့ အပြင်ဘက်ကို မျက်နှာမူနေခဲ့၏။
ကျင်းယန် သူ၏လက်မောင်းထဲမှ လေးလံသော အလေးချိန်ကို ခံစားမိသောကြောင့် မနေနိုင်ဘဲ နှုတ်ခမ်းကိုကော့ညွှတ်ပြီး ပြုံးလိုက်မိကာ သူ၏မျက်လုံးထဲတွင်တော့ နူးညံ့ညင်သာမှု တစ်စွန်းတစ်စ ရှိနေခဲ့သည်။
“သွားကြရအောင်”
*