← Chapters

အခန်း (၁၂၇၇-၁၂၇၉)

Vol. 87 Ch. 1277-1279

အခန်း (၁၂၇၇-၁၂၇၉)

Vol. 87 Ch. 1277-1279

အခန်း (၁၂၇၇) ဒါကို “တုံ့ပြန်ချီးကျူးခြင်း” (Like ပေးခြင်း) ဟု ခေါ်သည်

လူအများအပြား ဟွာရန်ဝမ်တွင် အပြိုင်အဆိုင် အကောင့်ဖွင့်နေကြသည့် အချိန်၌ ဖုန်းယွီသည်လည်း ကိုယ်ပိုင်အကောင့်တစ်ခုကို ဖွင့်လှစ်လိုက်လေသည်။ သူသည် ရှာဖွေရေးကဏ္ဍတွင် စမ်းသပ်ရိုက်နှိပ်ကြည့်ရာ ဝမ်တုန်းကျွင်းကို ချက်ချင်းပင် ရှာတွေ့သွားသည်။ ဤကောင်၏ ပရိုဖိုင်ပုံမှာ မြင်ရသူအပေါင်းအား လက်သီးဖြင့် ပြေးထိုးချင်စရာကောင်းလောက်အောင် အမြင်ကတ်စရာ ကောင်းလှသည်။ သူ၏လည်ပင်းတွင် ရွှေတံဆိပ်များကို အစီအရီ ဆွဲထားပုံမှာ မိမိကိုယ်ကိုယ် ကမ္ဘာ့ချန်ပီယံကြီး တစ်ဦးအလား ထင်မှတ်မှားဖွယ် ပုံဖော်ထားခြင်း ဖြစ်သည်။

တောက်... ဒါတွေက သူများတံဆိပ်တွေဆိုတာ သိသာနေတာပဲကို၊ ဒီကောင်ကတော့ တကယ့်ကို အရှက်တရား ကင်းမဲ့လွန်းတဲ့ မျက်နှာပြောင်တိုက်သူပဲ ဟု ဖုန်းယွီက စိတ်ထဲမှ ပြုံးလျက် ကျိန်ဆဲလိုက်မိသည်။

သူသည် တက္ကသိုလ်မှ အဆောင်ဖော်များကို သူငယ်ချင်းစာရင်းထဲသို့ ထည့်သွင်းလိုက်သည်။ အထက်တန်းကျောင်းမှ သူငယ်ချင်းများထဲတွင်မူ ဝမ်တုန်းကျွင်း၊ ကျန်းဟန်နှင့် လျူခွန်းတို့မှလွဲ၍ ကျန်သည့်သူများနှင့်မူ ထိုစဉ်က ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်ခဲ့သည်။

သို့သော် ဖုန်းယွီသည် ထူးထူးဆန်းဆန်း အတွေးတစ်ခု ဝင်လာကာ သူ၏ အရင်ဘဝက တက္ကသိုလ် အဆောင်ဖော်များကို စမ်းသပ် ရှာဖွေကြည့်လိုက်သည်။ မထင်မှတ်ဘဲ သူငယ်ချင်းတစ်ယောက်ကို အမှန်တကယ် ရှာတွေ့သွားခဲ့သည်။ သူ၏ မှတ်ဉာဏ်အောက်ခြေတွင် ဝေဝါးပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော ထိုမျက်နှာသည် ယခုအခါ ဖန်သားပြင်ထက်တွင် ပြန်လည်၍ ထင်ရှားပြတ်သားလာခဲ့သည်။

နှမြောစရာကောင်းသည်မှာ ဖုန်းယွီက သူငယ်ချင်းအဖြစ် အပ်လိုက်သော်လည်း တစ်ဖက်လူက လက်မခံခဲ့ပေ။ ကြည့်ရသည်မှာ ထိုသူသည် သူစိမ်းများကို အကောင့်ထဲ ထည့်သွင်းရသည်ကို မနှစ်သက်သည့်အကျင့် ရှိနေဆဲ ဖြစ်ပုံရသည်။

သို့သော်လည်း ကိစ္စမရှိပါချေ။ အရင်ဘဝတုန်းကလည်း ထိုတက္ကသိုလ် အဆောင်ဖော်များသည် ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ကြသူများ ဖြစ်သည်။ အနည်းဆုံးတော့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဇနီးနှင့် မိသားစုအတွင်း ကြီးမားသော သောကဗျာပါဒများ ကင်းဝေးခဲ့ကြသည်။

ဒီလူတွေကို ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာပဲ မြှုပ်နှံထားလိုက်တာ ပိုကောင်းပါလိမ့်မယ်၊ သူတို့ရဲ့ လက်ရှိ အေးချမ်းတဲ့ ဘဝလေးကို မနှောင့်ယှက်တော့တာကပဲ အကောင်းဆုံးပါ။ တစ်နေ့နေ့မှာ မတော်တဆ ပြန်ဆုံခဲ့ရင်လည်း အဲဒါဟာ တကယ့်ကို ရေစက်လို့ပဲ သတ်မှတ်ရမှာပေါ့။

ယခုအချိန်တွင် ဟွာရန်ဝမ်၏ ဝက်ဘ်စာမျက်နှာမှာ ရိုးရှင်းနေသေးပြီး လုပ်ဆောင်ချက်များစွာ မရှိသေးပေ။ အဓိက ဆွဲဆောင်မှုမှာ အဆက်အသွယ် ပြတ်နေသူများကို ပြန်လည်ရှာဖွေပေးနိုင်ခြင်း ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် ဤဝက်ဘ်ဆိုက်သည် အရင်ဘဝက “ရှောင်နေး”ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ပင်မစာမျက်နှာ၊ တစ်ဦးချင်းစာမျက်နှာ၊ ဓာတ်ပုံအယ်လ်ဘမ်၊ မိတ်ဆွေများ ၊ မှတ်တမ်းနှင့် မျှဝေခြင်းဟူသော ကဏ္ဍ ခြောက်ခု ပါရှိသည်။ ဤလုပ်ဆောင်ချက်များသည် လူမှုကွန်ရက်တစ်ခုအတွက် အသုံးအများဆုံး အရာများဖြစ်ရာ ဖုန်းယွီက နှိပ်ကြည့်စစ်ဆေးသည့်အခါ အတော်လေး ကောင်းမွန်သည်ဟု ယူဆလိုက်သည်။

တစ်ဦးချင်းစာမျက်နှာသည် OQ Space ကဲ့သို့ပင် မိမိစိတ်ကြိုက် ပြင်ဆင်နိုင်သလို၊ အပြင်အဆင်ပိုင်းတွင်လည်း ပိုမိုလှပအောင် ဖန်တီးထားသည်။ သို့သော် ဖုန်းယွီကမူ မကြာမီတွင် OQ Space သည် ဤအဆင့်သို့ လိုက်မီလာမည်ဟု ယုံကြည်နေသည်။ Tencentဆိုသည်မှာ တကယ်ကို ထူးခြားဆန်းပြားသော ကုမ္ပဏီတစ်ခု မဟုတ်ပါလား။

ဤအချက်တွင် “Tencent” ကုမ္ပဏီသည် ဂျပန်ကုမ္ပဏီအချို့၏ အရိပ်အယောင်ကို ဆောင်နေသည်။ ဂျပန်ကုမ္ပဏီများသည် သူတစ်ပါး၏ ထုတ်ကုန်များကို အတုယူလေ့ရှိသည်ဟု ဝေဖန်ခံရလေ့ရှိသော်လည်း၊ ၎င်းတို့သည် မူရင်းထက် ပိုမိုနုနယ်သိမ်မွေ့ကာ ဝန်ဆောင်မှု ပိုကောင်းအောင် ပြုပြင်နိုင်စွမ်း ရှိကြသည်။ ထိုမှတစ်ဆင့် ဈေးကွက်ကို လုယူကာ မူရင်းဖန်တီးသူကို အနိုင်ယူခြင်း သို့မဟုတ် ဝါးမြိုပစ်ခြင်းတို့ကို လုပ်ဆောင်တတ်ကြသည်။

အရင်ဘဝက “Tencent”တွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံသူများ ရှိခဲ့သော်လည်း၊ ယခုဘဝတွင်မူ ဂျပန်ကုမ္ပဏီများအတွက် နေရာမရှိတော့ပေ။ သို့သော် “Tencent” ကုမ္ပဏီ၏ မူဝါဒမှာ ပြောင်းလဲခြင်း မရှိသည်ကို ဖုန်းယွီ တွေ့ရှိလိုက်ရသည်။ ၎င်းတို့သည် OQ ဆော့ဖ်ဝဲလ်ကို အမာခံထား၍ အသုံးချဆော့ဖ်ဝဲလ် အမျိုးမျိုးကို ဖော်ဆောင်ကြသည်။ တစ်ခုချင်းစီမှ ရရှိသော အမြတ်မှာ မများလှစေကာမူ၊ အားလုံး ပေါင်းစပ်လိုက်သည့်အခါတွင်မူ ထိတ်လန့်စရာကောင်းလောက်အောင် ကြီးမားသော ပမာဏ ဖြစ်လာပေလိမ့်မည်။

သေချာပေါက် ဟွာရန်ဝမ် သည်လည်း အနာဂတ်တွင် ဤနည်းလမ်းအတိုင်းပင် အသုံးချဆော့ဖ်ဝဲလ် အမျိုးမျိုးဖြင့် ငွေရှာရပေလိမ့်မည်။ မဟုတ်ပါက ယခုကဲ့သို့ အခမဲ့ ဝန်ဆောင်မှု ပေးနေခြင်းဖြင့် အရှုံးပေါ်ကာ ဒေဝါလီခံရပေတော့မည်။

ဖုန်းယွီသည် ဝမ်တုန်းကျွင်း မျှဝေထားသော ဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်ရသည်။ ၎င်းမှာ Sohu)ဖိုရမ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပြီး “တရုတ်နိုင်ငံသည် အီလက်ထရွန်နစ် အားကစား ကို ၉၉ ခုမြောက် တရားဝင် အားကစားနည်းအဖြစ် သတ်မှတ်လိုက်ပြီ” ဟူသော သတင်းဆောင်းပါး ဖြစ်သည်။

ဟင်... E-sports ကို ဒီလောက်အစောကြီးကတည်းက အစိုးရက အသိအမှတ်ပြုလိုက်တာလား။

အရင်ဘဝက ဤကိစ္စကို ဘယ်အချိန်တွင် အသိအမှတ်ပြုခဲ့သည်ကို ဖုန်းယွီ သေချာ မမှတ်မိတော့ပေ။ သူ၏ ဂိမ်းကစားနိုင်စွမ်းမှာမူ အင်တာနက်ဆိုင်တွင် သူများနှင့် ပေါင်းဆော့လျှင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသူအဖြစ် အနှိမ်ခံရသည့် အဆင့်သာ ရှိသည်။

ဤဆောင်းပါးသည် ဂိမ်းလောက တိုးတက်မှုအတွက် အလွန်ပင် အထောက်အကူ ဖြစ်စေလိမ့်မည်။ လက်တွေ့တွင်လည်း ဂိမ်းကို အတိုင်းအတာတစ်ခုအထိ ကစားခြင်းသည် အကျိုးရှိလှသည်။ လူတစ်ဦးသည် စားဝတ်နေရေးအတွက်သာ ရုန်းကန်နေရမည်ဆိုပါက အလွန်ပင် သနားစရာကောင်းလှပေသည်။ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေမှု ဆိုသည်မှာလည်း ရှိရပေဦးမည်။

ဂိမ်းသည် စိတ်ပိုင်းဆိုင်ရာ အပန်းဖြေမှု တစ်မျိုးဖြစ်ပြီး အလုပ်ဖိအားများကို လျှော့ချပေးနိုင်ကာ လူကို စိတ်လက်ပေါ့ပါး ပျော်ရွှင်စေနိုင်သည်။ သေချာပေါက် အတိုင်းအတာတစ်ခုအထိသာ ဖြစ်ရမည်ဖြစ်ပြီး အလွန်အကျွံ စွဲလမ်းခြင်းမှာမူ မကောင်းပါချေ။

ဖုန်းယွီသည် ဤဆောင်းပါးကို ချက်ချင်းပင် ပြန်လည်မျှဝေ လိုက်သည်။ သို့သော် သူသည် “တုံ့ပြန်ချီးကျူးခြင်း” (Like) ပြုလုပ်ရန် ရှာဖွေလိုက်သည့်အခါ မည်သည့် Like ခလုတ်မှ မရှိသည်ကို တွေ့လိုက်ရသည်။

အရင်ဘဝက အကျင့်ဖြစ်နေသဖြင့် မိမိနှစ်သက်သော ဆောင်းပါးကို Like ပေးချင်မိခြင်း ဖြစ်သည်။ သို့မဟုတ် မိမိတင်လိုက်သည့် အချက်အလက် သို့မဟုတ် မှတ်တမ်းတစ်ခုကို တစ်စုံတစ်ယောက်က Like ပေးလိုက်လျှင်ပင် စိတ်ထဲတွင် ကျေနပ်မိတတ်သည် မဟုတ်ပါလား။ အကယ်၍ တစ်ယောက်မှ Like မပေးပါက အလွန်ပင် အထီးကျန်သလို ခံစားရပေလိမ့်မည်။

ဖုန်းယွီသည် ချက်ချင်းပင် ဖုန်းကို ကောက်ကိုင်ကာ ရှီတာ့ကျူထံသို့ ဆက်သွယ်လိုက်သည်။ “လောင်ရှီ... အလုပ်ရှုပ်နေလား”

“မရှုပ်ပါဘူး မန်နေဂျာဖုန်း၊ ဘာကိစ္စရှိလို့လဲ”

ရှီတာ့ကျူမှာ သိချင်စိတ် ပြင်းပြနေသည်။ ပုံမှန်အားဖြင့် ဖုန်းယွီသည် အရေးကြီးကိစ္စ မရှိဘဲ သူတို့ထံ ဖုန်းဆက်လေ့ မရှိပေ။ ယခုကဲ့သို့ ကိုယ်တိုင် ဖုန်းဆက်လာခြင်းမှာ တစ်ခုခု ထူးခြားနေ၍ ဖြစ်ပေလိမ့်မည်။ ဟွာရန်ဝမ် မှာ ယခုမှ စတင်လွှင့်တင်ထားခါစဖြစ်ရာ ဝက်ဘ်ဆိုက်တွင် ပြဿနာတစ်ခုခု ရှိနေသလားဟု သူ စိုးရိမ်သွားမိသည်။ သူ ကိုယ်တိုင် တာဝန်ယူထားသည့် ကုမ္ပဏီတွင် ပြဿနာတက်လျှင် အရှက်ကွဲရပေတော့မည်။

“လောင်ရှီ... ဟွာရန်ဝမ် မှာ အကောင့်ဖွင့်ပြီးပြီ မဟုတ်လား”

“ဖွင့်ပြီးပြီပေါ့၊ ကိုယ့်ကုမ္ပဏီ ထုတ်ကုန်ကို ကိုယ်တိုင် အားပေးရမှာပေါ့။ မန်နေဂျာဖုန်း... ဝက်ဘ်ဆိုက်မှာ ချို့ယွင်းချက် တစ်ခုခု တွေ့လို့လား” ရှီတာ့ကျူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

“ချို့ယွင်းချက်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လုပ်ဆောင်ချက်အချို့ကို ထပ်တိုးသင့်တယ်လို့ ထင်လို့ပါ”

ရှီတာ့ကျူ သက်ပြင်းချနိုင်သွားသည်။ ချို့ယွင်းချက် မဟုတ်လျှင် တော်သေးသည်။ အကယ်၍ နည်းပညာရှင် အမြောက်အမြား စမ်းသပ်ထားသည့်ကြားမှ ဖုန်းယွီက အချိန်တိုအတွင်း ချို့ယွင်းချက်ကို တွေ့သွားပါက ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

“ဘယ်လို လုပ်ဆောင်ချက်မျိုးကို ထပ်တိုးစေချင်တာလဲ။ အဟောင်းကို ပြုပြင်မှာလား၊ ဒါမှမဟုတ် အသစ်တစ်ခုခုလား” ဟွာရန်ဝမ်အနေဖြင့် နောင်တွင် ငွေရှာနိုင်ရန် လုပ်ဆောင်ချက်သစ်များ ထည့်သွင်းရမည်ကို သူ သိရှိထားသည်။ လောလောဆယ်တွင် အရာအားလုံးမှာ အခမဲ့ ဖြစ်နေသည် မဟုတ်ပါလား။

“မျှဝေခြင်း၊ ပြန်လည်မျှဝေခြင်းတွေအပြင် တစ်ဦးချင်း စာမျက်နှာပေါ်က မှတ်တမ်းတွေ၊ အယ်လ်ဘမ်တွေမှာ လုပ်ဆောင်ချက် အသစ်တစ်ခု ထည့်ရမယ်”

ရှီတာ့ကျူသည် ဖုန်းကို ညာဘက်လက်မှ ဘယ်ဘက်လက်သို့ ပြောင်းကိုင်လိုက်ပြီး ညာဘက်လက်ဖြင့် သူ၏ ဟွာရန်ဝမ် စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။ ဒီအရာတွေအပေါ်မှာ ဘယ်လို လုပ်ဆောင်ချက်အသစ်မျိုး ထည့်လို့ရမှာလဲ။ သူ ကြည့်သော်လည်း ထိုအရာများကြားမှ တူညီသော အချက်ကို ရှာမတွေ့ခဲ့ပေ။

“မန်နေဂျာဖုန်း... အဲဒီ လုပ်ဆောင်ချက်အသစ်က ဘာလဲဗျ”

“ခင်ဗျား ကြည့်လိုက်လေ... ကျွန်တော်တို့ တခြားလူတစ်ယောက်ရဲ့ စာမျက်နှာကို ဝင်ကြည့်ရင် ကြည့်ရှုသူစာရင်းမှာ ပေါ်နေမှာပဲ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ သူများစာမျက်နှာကို သွားကြည့်တဲ့အခါ အဓိက ကြည့်တာက သူတို့ရဲ့ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ သူတို့ မျှဝေထားတဲ့ သတင်းသစ်တွေကိုပဲ မဟုတ်လား”

“ဟုတ်ပါတယ်၊ ပြီးတော့ အဲဒီလူရဲ့ သူငယ်ချင်း စာရင်းကနေတစ်ဆင့် တခြားလူတွေကိုလည်း သူငယ်ချင်းအဖြစ် အပ်လို့ ရသေးတယ်လေ” ရှီတာ့ကျူက သူသိထားသည်များကို ဖြည့်စွက်ပြောလိုက်သည်။

“လောင်ရှီ... ကျွန်တော် တစ်ခု မေးမယ်။ အကယ်၍ ခင်ဗျားက ဆောင်းပါးတစ်ပုဒ် ရေးလိုက်ရင် တခြားလူတွေဆီက ချီးကျူးမှုကို မလိုချင်ဘူးလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ ဓာတ်ပုံတစ်ပုံကို တင်လိုက်ရင် တခြားလူတွေက လာပြီး ချီးမွမ်းတာကို မလိုချင်ဘူးလား” ဖုန်းယွီက လမ်းစပေးလိုက်သည်။

“ကျွန်တော့်ဓာတ်ပုံကို သူများက ချီးမွမ်းမယ်။ မန်နေဂျာဖုန်း... ကျွန်တော့်ကို နောက်နေတာလား”

ဖုန်းယွီ - “...”

ရှီတာ့ကျူ၏ ရုပ်ရည်မှာ ရော်နယ်ဒင်ညိုထက် အနည်းငယ်သာ သာသဖြင့် သူ၏ ဓာတ်ပုံကို လူတွေက လာပြီး ချီးမွမ်းဖို့မှာ လက်အောက်ငယ်သားများက ဖားသည့်အခါမှလွဲ၍ ခဲယဉ်းလှသည်ကို ဖုန်းယွီ မေ့သွားမိသည်။

“ဒါဆို ဆောင်းပါးကော။ ခင်ဗျား ရေးတဲ့စာ ဒါမှမဟုတ် ခင်ဗျား မျှဝေလိုက်တဲ့အရာကို တခြားလူတွေက လာပြီး အသိအမှတ်ပြုတာကို မလိုချင်ဘူးလား”

“အဲဒါကတော့ အရင်တုန်းကဆိုရင်တော့ လိုချင်မိမှာပေါ့၊ ဒါပေမဲ့ အခုလို အသက်အရွယ်မျိုးမှာတော့ သူများက ချီးကျူးတာ၊ မချီးကျူးတာက သိပ်ပြီး အရေးမကြီးတော့ပါဘူး” ရှီတာ့ကျူက အိုစာသွားသော လေသံဖြင့် ဆိုသည်။

ဒီကောင်နဲ့ စကားပြောရတာ အတော်လေး ခက်ပါလား။

“လောင်ရှီ... ခင်ဗျား မလိုချင်ပေမဲ့ တခြားလူအများအပြားကတော့ လိုချင်ကြလိမ့်မယ်ဆိုတာ ခင်ဗျား လက်ခံလား။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေဆိုရင် ခင်ဗျားရဲ့ ချီးကျူးမှုကို လိုချင်ကြတာပဲ မဟုတ်လား။ အနုပညာရှင်တွေ၊ စာရေးဆရာတွေဆိုရင်လည်း သူတို့ရဲ့ လက်ရာတွေကို လူတွေက လာပြီး ချီးကျူးတာကိုပဲ လိုချင်ကြတာလေ၊ ဝေဖန်တာကို မဟုတ်ဘူး မဟုတ်လား”

“အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့ ဝက်ဘ်ဆိုက်နဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့၊ အများကြီး ဆိုင်ပါတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ လုပ်ဆောင်ချက်တစ်ခု ထည့်ရမယ်၊ အဲဒါကို Like လို့ ခေါ်မယ်။ အကယ်၍ တစ်စုံတစ်ယောက်က မှတ်တမ်းတစ်ခု တင်လိုက်လို့ တခြားလူက ဖတ်ပြီး သဘောကျရင် Like တစ်ချက် ပေးလိုက်မယ်။ ဓာတ်ပုံတစ်ပုံ တင်လိုက်လို့ လှတယ်လို့ ထင်ရင် Like တစ်ချက် ပေးလိုက်မယ်။ အကယ်၍ တစ်ယောက်ယောက်က သန်းခေါင်ယံမှာ အလုပ်လုပ်နေတဲ့ အကြောင်း တင်လိုက်ရင် သူ့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Like တစ်ချက် ပေးလိုက်မယ်။ ဒါကိုပဲ တုံ့ပြန်ချီးကျူးခြင်း လို့ ခေါ်တာပေါ့!”

******

အခန်း (၁၂၇၈) ဟော... Tieba ပါလား

ရက်အနည်းငယ် ကြာပြီးနောက်တွင် သတင်းကောင်းတစ်ခု ထပ်မံရောက်ရှိလာပြန်သည်။ ၎င်းမှာ “Baidu”ကုမ္ပဏီ၏ Tieba ဝန်ဆောင်မှု စတင်အွန်လိုင်းပေါ် ရောက်ရှိလာခြင်းပင် ဖြစ်သည်။

မူလက “Baidu” ကုမ္ပဏီသည် Sohu ကဲ့သို့သော ကုမ္ပဏီများ၏ အွန်လိုင်းဖိုရမ်များ အောင်မြင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ စိတ်ဝင်စားမှု တူညီသူများ အင်တာနက်ပေါ်တွင် စုဝေးကာ အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြသည်မှာ အလွန်ပင် ရေပန်းစားလှသဖြင့် “Baidu” ဝန်ထမ်းများက ဥက္ကဋ္ဌဖြစ်သူ လီရန့်ဟုန်အား မိမိတို့ကုမ္ပဏီအနေဖြင့်လည်း ဖိုရမ်ဝန်ဆောင်မှုတစ်ခု ပြုလုပ်ရန် အကြံပြုခဲ့ကြသည်။

သို့သော် ထိုအကြံပြုချက်ကို လီရန့်ဟုန်က ပယ်ချခဲ့လေသည်။

ဖိုရမ်များသည် အချက်အလက် စီးဆင်းမှု မြန်ဆန်ခြင်း၊ အပြန်အလှန် ဆက်သွယ်မှု အားကောင်းခြင်း စသည့် အားသာချက်များ ရှိသည်မှာ အမှန်ပင်။ သို့သော် ယခုအချိန်တွင် ဖိုရမ်များမှာ အလွန်အမင်း များပြားနေပြီ ဖြစ်သည်။ Sohu သည် ပိုမိုကောင်းမွန်သော အရင်းအမြစ်များကို အသုံးချကာ ဈေးကွက်ဝေစု အများဆုံးကို ရယူထားသလို၊ ၎င်းတို့နောက်တွင်လည်း စီစီ၏၊ “ထျန်းယာ” စသည့် ဝက်ဘ်ဆိုက်အသစ်များ ရှိနေသည်။ ထို့ပြင် Sinaနှင့် NetEase တို့ကလည်း ဖိုရမ်များကိုယ်စီ လုပ်ဆောင်နေကြရာ၊ ဤနယ်ပယ်သည် စစ်ဘုရင်များ အာဏာလုနေသည့် ခေတ်တစ်ခေတ်ကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီ ဖြစ်သည်။

ရှေးလူကြီးများ ပြောခဲ့သည့် စကားတစ်ခွန်း ရှိသည် မဟုတ်ပါလား - “သူတစ်ပါးတွင် မရှိလျှင် ငါ့တွင် ရှိရမည်၊ သူတစ်ပါးတွင် ရှိပါက ငါသည် ပိုမို ထူးချွန်ရမည်၊ သူတစ်ပါး ပိုမို ထူးချွန်သွားပါက ငါသည် လမ်းကြောင်းသစ် ရှာရမည်။

အခြားသူများတွင် ရှိနေရုံတင်မကဘဲ အဆင့်မြင့်ဆုံးသို့ပင် ရောက်ရှိနေသည့် ဈေးကွက်ထဲသို့ ဝင်ရောက်လုယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့ကြောင့် လီရန့်ဟုန်သည် အခြားသော စိတ်ကူးတစ်ခုကို တင်ပြခဲ့သည်။ ၎င်းမှာ Tiebaကို ဖန်တီးရန် ဖြစ်သည်။

“Tieba” နှင့် ဖိုရမ်များကြားမှ အကြီးမားဆုံး ကွာခြားချက်မှာ ကဏ္ဍများ ခွဲခြားထားခြင်း မရှိဘဲ၊ မိမိဘာသာ Barတစ်ခု တည်ဆောက်နိုင်ခြင်း ဖြစ်သည်။ မည်သည့် အကြောင်းအရာကိုမဆို ခေါင်းစဉ်တစ်ခုအနေဖြင့် ဘားတစ်ခု တည်ဆောက်နိုင်ပြီး၊ Baidu၏ အစွမ်းထက်သော ရှာဖွေရေး အင်ဂျင် လုပ်ဆောင်ချက်ကို အခြေခံ၍ ဤလုပ်ငန်းကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် Tiebaသည်လည်း အဖွဲ့ဝင်စနစ်ကဲ့သို့သော နည်းလမ်းများဖြင့် ဝင်ငွေရှာဖွေနိုင်လိမ့်မည်ဟု သူ တွက်ချက်ထားသည်။

ဤကဲ့သို့သော အွန်လိုင်း ဆွေးနွေးမှု ပလက်ဖောင်းသည် အခြားဖိုရမ်များကဲ့သို့ မော်ဒရေတာများ၏ တင်းကျပ်သော ချုပ်ကိုင်မှုများ မရှိသဖြင့် သေချာပေါက် ပိုမိုမြန်ဆန်စွာ တိုးတက်လာမည် ဖြစ်သည်။

ထို့ပြင် ဤအရာကို အခြားကုမ္ပဏီများအနေဖြင့် အလွယ်တကူ အတုမယူနိုင်ပေ။ အကြောင်းမှာ ဤသည်မှာ သော့ချက်စကားလုံးအပေါ် အခြေခံထားသည့် လူမှုအသိုင်းအဝိုင်းဖြစ်ပြီး ရှာဖွေရေးစနစ်နှင့် ခွဲခြား၍မရအောင် ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။ အသုံးပြုသူများ၏ လိုအပ်ချက်ကို တိတိကျကျ ဖမ်းဆုပ်နိုင်ကာ “ဝါသနာ” အတွက်သာ သီးသန့် ဖြစ်တည်လာခြင်း ဖြစ်သည်။

ထိုအချိန်က တရုတ်ပြည်တွင်းတွင် အခြားသော ရှာဖွေရေး အင်ဂျင်များ ရှိသော်လည်း အတိုင်းအတာနှင့် လုပ်ဆောင်ချက်ပိုင်းတွင် “Baidu” ကို မည်သူမျှ မယှဉ်နိုင်ပေ။ ထိုသို့ဆိုလျှင် အဓိက နည်းပညာကို “Baidu” ကုမ္ပဏီကသာ လက်ဝယ် ရှိထားသဖြင့် ဤဈေးကွက်ကို တစ်ဦးတည်း ကြီးစိုးနိုင်မည် ဖြစ်သည်။

ပြိုင်ဘက်မရှိပါက တိုးတက်မှုမှာ သဘာဝကျကျပင် မြန်ဆန်လိမ့်မည်။ နောင်တစ်ချိန်တွင် ဆင်တူသော ထုတ်ကုန်များ ပေါ်ထွက်လာစေကာမူ၊ အသုံးပြုသူများသည် “Baidu” ကို အကျင့်ဖြစ်နေပြီ ဖြစ်သဖြင့်၊ ၎င်းသည်သာ ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နိုင်ပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ Tieba သည် “Baidu” ၏ ကိုယ်ပိုင် ဖန်တီးမှု ဖြစ်သည်။ ပြည်ပရှိ Google သို့မဟုတ် အခြားသော ရှာဖွေရေး အင်ဂျင် ကုမ္ပဏီကြီးများတွင်ပင် ဤကဲ့သို့သော ထုတ်ကုန်မျိုး မရှိပေ။ ဤသည်မှာ “Baidu” အနေဖြင့် ကမ္ဘာ့အဆင့်တွင် ပထမဆုံးအကြိမ် ရှေ့တန်းသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ကမ္ဘာ့အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အမှတ်တံဆိပ် တန်ဖိုးမှာလည်း တဟုန်ထိုး မြင့်တက်လာမည်ဖြစ်ရာ၊ ဤသည်မှာ လာမည့်နှစ်တွင် “Baidu” ကုမ္ပဏီ စတော့အိတ်ချိန်း၌ စာရင်းဝင်ရန်တွက် အလွန်ပင် အကျိုးရှိလှသည်။

မျှော်လင့်ချက် မြင့်မားသော ကုမ္ပဏီဖြစ်လေလေ၊ စာရင်းဝင်ပြီးနောက် ရှယ်ယာစျေးနှုန်း တက်ရိပ်မှာ ပို၍မြန်ဆန်လေလေ ဖြစ်သည်။ ထိုအခါ မူလရှယ်ယာများ ဆုလာဘ်အဖြစ် ရရှိထားသော အမာခံ ဝန်ထမ်းများသည်လည်း အမြတ်အစွန်း အမြောက်အမြားကို ခွဲဝေရရှိကြမည် ဖြစ်သည်။

လီရန့်ဟုန်သည် သူနှင့်အတူ စွန့်ဦးတီထွင်ခဲ့သူများကို ကတိတစ်ခု ပေးခဲ့ဖူးသည်။ နောင်တစ်ချိန်တွင် လူတိုင်းသည် သန်းကြွယ်သူဌေး၊ ကုဋေကြွယ်သူဌေးများ ဖြစ်လာစေရမည်ဟူ၍ ဖြစ်သည်။

ထိုသို့ဖြစ်လာရန် အလွယ်ဆုံးနည်းလမ်းမှာ ကုမ္ပဏီ၏ ရှယ်ယာစျေးနှုန်းကို မြင့်တက်စေကာ ဝန်ထမ်းအားလုံး အကျိုးခံစားခွင့် ရရှိအောင် လုပ်ဆောင်ပေးခြင်းပင် ဖြစ်သည်။ ဝန်ထမ်းများ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီ၏ အကျိုးစီးပွားကို တစ်ထပ်တည်း ကျအောင် ပေါင်းစပ်လိုက်ခြင်းအားဖြင့် အကောင်းဆုံးသော လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်သလို၊ ဝန်ထမ်းများကလည်း ကုမ္ပဏီအတွက် ပိုမို ကြိုးစားလာကြမည် ဖြစ်သည်။

ယခုအချိန်တွင် Tieba သည် အတွင်းပိုင်း စမ်းသပ်မှု ပြီးဆုံးသွားကာ၊ အများပြည်သူ စမ်းသပ်အသုံးပြုနိုင်သည့် အဆင့်သို့ စတင် ရောက်ရှိလာပြီ ဖြစ်သည်။

ဖုန်းယွီသည် ဝက်ဘ်စာမျက်နှာကို ဖွင့်ကြည့်ကာ အတွင်းသို့ ဝင်ရောက်လေ့လာလိုက်ရာ ပြဿနာအချို့ကို တွေ့ရှိလိုက်ရသည်။

ပထမဆုံးအနေဖြင့် Tiebaတွင် ကဏ္ဍခွဲခြားမှု မရှိပေ။ Tiebaသည် မည်သည့် ဝါသနာကိုမဆို ခေါင်းစဉ်တစ်ခုအဖြစ် ထားရှိနိုင်သည့် အွန်လိုင်း အသိုက်အဝန်းဖြစ်သော်လည်း၊ အသုံးပြုသူတစ်ဦးက ဆင်တူသော အကြောင်းအရာများကို ရှာဖွေလိုသည့်အခါ ကဏ္ဍခွဲခြားမှု မရှိပါက အလွန် ခက်ခဲပေလိမ့်မည်။

Tiebaသည် ဖိုရမ်များကဲ့သို့ ကဏ္ဍအလိုက် မော်ဒရေတာများ၏ စီမံခန့်ခွဲမှုကို မလိုအပ်ဟု ဆိုစေကာမူ၊ အမျိုးအစား ခွဲခြားမထားပါက အသုံးပြုရသည်မှာ အဆင်မပြေနိုင်သလို၊ အခြားဖိုရမ်များမှ အသုံးပြုသူများကိုလည်း ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

အခြားတစ်ချက်မှာ “Tieba” ၏ အကောင့်ဝင်ရောက်သည့် စာမျက်နှာမှာ ရှင်းလင်းမှု မရှိသေးပေ။ အထဲသို့ ဝင်လိုက်သည်နှင့် ဖိုရမ်မှ ဧည့်သည် တစ်ဦးကဲ့သို့ ဖြစ်နေသည်။ အသုံးပြုသူများအား အကောင့်ဝင်ပြီးမှ အသုံးပြုသည့် အလေ့အကျင့်ကို ပျိုးထောင်ပေးရမည် ဖြစ်သည်။ ထိုမှသာ နောင်တွင် ဝင်ငွေရရှိမည့် ဝန်ဆောင်မှုများကို မိတ်ဆက်သည့်အခါ အဆင်ပြေမည် မဟုတ်ပါလား။ မဟုတ်ပါက လူတိုင်းက တစ်ပြားမှ မသုံးဘဲ ဝန်ဆောင်မှုများကိုသာ အခမဲ့ သုံးစွဲနေကြမည်ဆိုလျှင် ကုမ္ပဏီမှာ မည်မျှအထိ အရှုံးခံနိုင်မည်နည်း။

...

“ညွှန်ကြားရေးမှူးလီလား... ကျွန်တော် ဖုန်းယွီပါ။ 'Baidu' ရဲ့ Tieba စတင် စမ်းသပ်နေပြီလို့ ကြားလိုက်တယ်။ ဒီထုတ်ကုန်က ကမ္ဘာမှာ ပထမဆုံးပဲနော်၊ ညွှန်ကြားရေးမှူးလီကတော့ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပါပဲ” ဟု ဖုန်းယွီက အစောပိုင်းတွင် ချီးကျူးစကား ဆိုလိုက်သည်။

“မန်နေဂျာဖုန်းကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ဒါက အားလုံးရဲ့ စုပေါင်းစိတ်ကူးပါ၊ ကျွန်တော် တစ်ယောက်တည်းရဲ့ အစွမ်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီထုတ်ကုန်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိကြပါတယ်။ နောင်တစ်ချိန်မှာ ဒီထုတ်ကုန်ဟာ ဖိုရမ်တွေကို အစားထိုးပြီး လူတွေ အသုံးအများဆုံး အွန်လိုင်း ဆွေးနွေးမှုနယ်ပယ် ဖြစ်လာလိမ့်မယ်လို့ ယူဆထားပါတယ်”

လီရန့်ဟုန်သည်လည်း အလွန် မာန်မာနကြီးသူတစ်ဦး ဖြစ်သည်။ သူသည် အမေရိကန်မှ လစာကောင်းသော အလုပ်ကို စွန့်လွှတ်ကာ မိမိနိုင်ငံသို့ ပြန်လာပြီး စွန့်ဦးတီထွင်ခဲ့သူ ဖြစ်သည်။ လမ်းခရီးမှာ အလွန်ပင် ကြမ်းတမ်းခဲ့သော်လည်း ယခုအခါတွင်မူ အောင်မြင်မှု အချို့ကို ရရှိနေပြီ ဖြစ်သည်။

အစပိုင်းတွင် သူ၏ စိတ်ကူးအများစုကို လူအများက မထောက်ခံခဲ့ကြသော်လည်း ဖုန်းယွီကမူ အပြည့်အဝ ထောက်ခံပေးခဲ့သည်။ ဤသည်မှာ “Baidu” ယနေ့ကဲ့သို့ အောင်မြင်လာရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

ဥပမာအားဖြင့် အစပိုင်းတွင် “Baidu” သည် အခြား အင်တာနက် ကုမ္ပဏီများအား ရှာဖွေရေး နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုများကိုသာ ပေးခဲ့ပြီး၊ ဤသည်မှာ ထိုစဉ်က ၎င်းတို့၏ တစ်ဦးတည်းသော ဝင်ငွေလမ်းကြောင်း ဖြစ်သည်။ နောက်ပိုင်းတွင် လီရန့်ဟုန်က သီးခြားခွဲထွက်ကာ ကိုယ်ပိုင် ရှာဖွေရေး အင်ဂျင် ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ရန်နှင့် “လေလံစနစ်ဖြင့် အဆင့်သတ်မှတ်ခြင်း”ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုစဉ်က ကုမ္ပဏီမှ အဆင့်မြင့်အရာရှိ အားလုံးက ဤစိတ်ကူးကို ကန့်ကွက်ခဲ့ကြသည်။ လေလံစနစ်ကို သုံးစွဲပါက ကာလတိုအတွင်း ဝင်ငွေရရှိမည် မဟုတ်သလို၊ အခြားဝက်ဘ်ဆိုက်များမှ ရရှိနေသည့် ဝင်ငွေလမ်းကြောင်းမှာလည်း ပြတ်တောက်သွားမည်ဖြစ်ရာ “Baidu” အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေရာ ရောက်သည်ဟု မြင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဖုန်းယွီကမူ သူ့အား - “စိတ်ကြိုက်သာ လုပ်ပါ၊ ရန်ပုံငွေ မလောက်ရင် ချေးငွေယူမလား၊ ဒါမှမဟုတ် ကျွန်တော် ထပ်ပြီး ရင်းနှီးမြှုပ်နှံပေးရမလား... အဆုံးအထိ ထောက်ခံပေးမယ်” ဟု ပြောဆိုခဲ့သည်။

ထိုအကြောင်းကြောင့်ပင် လီရန့်ဟုန်သည် လျှပ်စီးစီမံချက်ကို အကောင်အထည်ဖော်ကာ အချိန်တိုအတွင်း နည်းပညာပိုင်း၌ Googleကို လိုက်မီရန် သို့မဟုတ် ကျော်တက်ရန် ကြိုးပမ်းခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ အောင်မြင်ခဲ့ကြသည်။

ပြည်တွင်းရှိ ဝက်ဘ်ဆိုက် အများစုမှာ Google၏ နည်းပညာကို အသုံးပြုနေကြသလို၊ အချို့မှာ တောင်ကိုရီးယားနှင့် ရုရှားနည်းပညာများကို အသုံးပြုနေကြသော်လည်း Baidu မှာမူ အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး နည်းပညာပိုင်းတွင် Googleနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပါသည်၊ ဤအတွက်ကြောင့် Baiduကုမ္ပဏီအနေဖြင့် ငွေအမြောက်အမြား အသုံးပြုခဲ့ရသည်။ ဖုန်းယွီ၏ ပံ့ပိုးမှုသာ မရှိခဲ့ပါက “Baidu” မှာ တောင့်ခံနိုင်ရန် မသေချာပေ။

ထိုစဉ်က အကယ်၍ ဖုန်းယွီသာ မထောက်ပံ့ခဲ့ပါက Baidu ကို သူ၏ လက်ဝါးကြီးအုပ်မှုအောက်သို့ အလွယ်တကူ သွတ်သွင်းနိုင်သည့် အခွင့်အရေး ရှိခဲ့သည်။ လီရန့်ဟုန် တစ်ဦးတည်းသာ သိထားသည့်အချက်မှာ Google၏ ရှယ်ယာရှင်ကြီးမှာလည်း ဖုန်းယွီပင် ဖြစ်နေခြင်းကြောင့်ပင်။

ဖုန်းယွီ ယခင်က သူ့အား ပြောခဲ့သည့် စကားကို သူ မှတ်မိနေသေးသည်။ “တရုတ်နိုင်ငံဟာ ရှာဖွေရေး နည်းပညာပိုင်းမှာ ကမ္ဘာ့ထိပ်တန်း အဆင့်ကို ရောက်ရမယ်၊ မင်း ဒါကို လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်” ဟူသော စကားပင် ဖြစ်သည်။ ယခုအခါတွင်မူ သူသည် ဂုဏ်ယူစွာဖြင့် အော်ဟစ် ပြောဆိုနိုင်ပြီ ဖြစ်သည်။ “ကျွန်တော် လုပ်နိုင်ခဲ့ပြီ”

ယခုအခါ “Baidu” သည် ကမ္ဘာကို ကျော်တက်၍ “Tieba” ကို ထုတ်လုပ်လိုက်ပြီဖြစ်ရာ “Baidu” ၏ အနာဂတ်မှာ ပိုမို တောက်ပလာလိမ့်မည်ဟု သူ ယုံကြည်နေသည်။

“ညွှန်ကြားရေးမှူးလီ... နှိမ့်ချမနေပါနဲ့ဦး။ ခုနက ကျွန်တော် ဒီ Tieba ကို စမ်းသုံးကြည့်ရင်းနဲ့ ပြဿနာ အသေးအဖွဲလေး အချို့ တွေ့လို့၊ ခင်ဗျားနဲ့ ဆွေးနွေးချင်လို့ပါ”

“မန်နေဂျာဖုန်း... ပြောပါဦး” လီရန့်ဟုန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အိုင်တီ နည်းပညာပိုင်းကို နားမလည်သည့် ဖုန်းယွီက ပြဿနာကို တွေ့သွားသည်ဆိုလျှင်၊ အတွင်းပိုင်း စမ်းသပ်မှု လုပ်ခဲ့သည့် ပညာရှင်များက ဘာကြောင့် မတွေ့ရသနည်းဟု သူ တွေးမိခြင်း ဖြစ်သည်။

“ပထမဆုံးအချက်ကတော့ Tiebaမှာ အမျိုးအစား ခွဲခြားမှုတွေ မရှိသေးဘူး။ Tiebaက မည်သည့် အကြောင်းအရာကိုမဆို ဆွေးနွေးနိုင်တဲ့ နေရာဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်က စိတ်ဝင်စားတဲ့ ခေါင်းစဉ်တစ်ခုကို သီးသန့် ရှာချင်တယ်ဆိုရင်ရော… ဥပမာ... 'ထိပ်တန်း ကြယ်ပွင့်များ' ပေါ့။ ဒါမျိုးက တခြား ဖိုရမ်တွေမှာ မရှိပေမဲ့ ကျွန်တော်တို့ Tiebaမှာ ရှိနိုင်တယ်လေ။ 'မင်းသား/မင်းသမီး ဘား' တွေကနေတစ်ဆင့် အမာခံ ပရိသတ် တွေကို အများကြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

“ဒုတိယအချက်ကတော့ Tiebaရဲ့ ရှာဖွေရေးစနစ်ကို ပိုပြီး ကောင်းအောင် လုပ်ရမယ်။ အချို့သော 'ဘားပိုင်ရှင်'တွေက ဖိုရမ် မော်ဒရေတာတွေလိုပဲ၊ သူတို့မှာ ထောက်ခံသူတွေ အများကြီး ရှိကြတယ်။ ဒါဆိုရင် ဘာဖြစ်လို့ 'စာရေးသူ အမည်'နဲ့ ရှာလို့မရရမှာလဲ”

“တတိယအချက်ကတော့ အကောင့်ဝင်တဲ့ စာမျက်နှာက မရှင်းလင်းသေးဘူး။ အဲဒီအပေါ်မှာ စာသားတွေနဲ့ ရှင်းပြထားတာတွေက အများကြီးပဲ။ ဒါက အသုံးပြုသူအသစ်တွေအတွက် လမ်းညွှန်တယ်ဆိုပေမဲ့ အရမ်းကို ရှုပ်ထွေးလွန်းနေတယ်။ အသုံးပြုသူတွေကို မိမိဘာသာ လေ့လာခိုင်းတာကလည်း ပျော်စရာတစ်ခုပဲလေ... ဒါတွေကတော့ ကျွန်တော့်ရဲ့ အမြင်အကျဉ်းလေးတွေပါ၊ ညွှန်ကြားရေးမှူးလီ အနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ပါပဲ”

လီရန့်ဟုန်သည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ၊ ဖုန်းယွီ ခုနက ပြောခဲ့သည့် စကားကိုပင် ပြန်လည် အသုံးချ၍ ပြောလိုက်လေသည် -

“မန်နေဂျာဖုန်း... ခင်ဗျားကတော့ တကယ့်ကို ပါရမီရှင်ကြီးပါပဲ!”

******

အခန်း (၁၂၇၉) အိုင်တီလောက၏ ထင်ရှားကျော်ကြားသူများ

“လေးစားအပ်ပါသော လူကြီးမင်းများ၊ ဧည့်သည်တော်များခင်ဗျာ... အားလုံးပဲ မင်္ဂလာညချမ်းပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒုတိယအကြိမ်မြောက် 'Aiwa ဖလား' တရုတ်နိုင်ငံ၏ ထိပ်တန်း အိုင်တီထင်ရှားကျော်ကြားသူ (၁၀) ဦး ရွေးချယ်ပွဲ အခမ်းအနားကနေ ကြိုဆိုပါတယ်။ ယခုအကြိမ်မှာလည်း ဆန်ကာတင်စာရင်းဝင်သူ (၅၀) ဦး ရှိနေပြီး၊ သူတို့ဟာ တစ်နိုင်ငံလုံး အနှံ့အပြားက ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုက်ရိုက်အုပ်ချုပ်ရေး မြို့ကြီးတွေနဲ့ အထူးအုပ်ချုပ်ရေးဒေသတွေကနေ ရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်...”

လုပ်ငန်းကဏ္ဍတစ်ခုကို မည်သို့ နိုးထလာအောင် လုပ်ဆောင်မည်နည်း။ ထိုလုပ်ငန်းတွင် အကျိုးအမြတ်ရှိကြောင်း ပြရုံတင်မကဘဲ ဂုဏ်သိက္ခာရှိကြောင်းကိုပါ လူသားတို့အား မြင်တွေ့စေရန် လိုအပ်လှပေသည်။

လူသားအများစု၊ သို့မဟုတ် အစွန်းရောက်အောင် ပြောရလျှင် လူသားတိုင်းသည်ပင် ဂုဏ်နှင့် ဒြပ်၊ အမည်နှင့် အကျိုးစီးပွားဟူသော ချည်နှောင်မှုများမှ လွတ်မြောက်နိုင်ကြသည် မဟုတ်ပေ။ အချို့သော လုပ်ငန်းများသည် ငွေရသော်လည်း လူအများက လုပ်ကိုင်ရန် ဝန်လေးတတ်ကြသလို၊ အချို့သော လုပ်ငန်းများသည် ဂုဏ်သိက္ခာရှိသော်လည်း လုပ်ကိုင်ရန် စိတ်မပါသူများ ရှိတတ်ကြသည်။

အကယ်၍ လုပ်ငန်းတစ်ခုသည် သင့်အား “ဂုဏ်သိက္ခာ” ရော “အကျိုးအမြတ်” ပါ တစ်ပြိုင်နက်တည်း ပေးဆောင်နိုင်မည်ဆိုပါက၊ ထိုလုပ်ငန်းသို့ ဝင်ရောက်လာသူဦးရေမှာ တဖြည်းဖြည်း များပြားလာမည်ဖြစ်ပြီး ထိုကဏ္ဍသည်လည်း ပိုမိုထွန်းကားပြန့်ပွားလာမည် ဖြစ်သည်။

ယခင်က လူအများစုသည် အိုင်တီလောက အရှိန်အဟုန်ဖြင့် တိုးတက်လာကာ ငွေရှာ၍ ကောင်းကြောင်းကိုသာ မြင်တွေ့ခဲ့ကြသည်။ ကွန်ပျူတာ ထုတ်လုပ်ခြင်းဖြစ်စေ၊ အင်တာနက် ကွန်ရက် ဖော်ဆောင်ခြင်းဖြစ်စေ၊ သို့မဟုတ် ဆော့ဖ်ဝဲလ် ရေးသားခြင်းဖြစ်စေ အားလုံးမှာ ငွေရလွယ်သော အလုပ်များ ဖြစ်ခဲ့သည်။

သို့သော် ထိုစဉ်က ဤလုပ်ငန်းသည် လူမှုပတ်ဝန်းကျင်၏ လေးစားမှုကို ရရှိရန် လိုအပ်နေသေးကြောင်းကိုမူ မည်သူမျှ သတိမပြုမိခဲ့ကြပေ။ “ငါ့သားက ဆော့ဖ်ဝဲလ် ရေးတဲ့သူလေ” ဟု သူတစ်ပါးကို ကြွားဝါသည့်အခါ၊ တစ်ဖက်လူက ဘာကိုဆိုလိုမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေတတ်သည်။

သို့သော် လွန်ခဲ့သည့် နှစ်ကစ၍ ဤအခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ လူအများစုသည် ရုပ်မြင်သံကြား ဖန်သားပြင်ထက်ရှိ ဗဟိုရုပ်သံလိုင်းတွင် ဤပညာရှင်များ၏ ပုံရိပ်များကို မြင်တွေ့ခဲ့ကြရသည်။ နိုင်ငံတော်အဆင့် အရေးပါသော လူကြီးမင်းကိုယ်တိုင် တက်ရောက်၍ ဆုချီးမြှင့်သည်ကို မြင်သောအခါမှသာ ဤလုပ်ငန်းသည် နိုင်ငံတော်အတွက် မည်မျှအထိ အရေးပါကြောင်း လူထုက နားလည်သဘောပေါက်သွားကြခြင်း ဖြစ်သည်။

အရင်ဘဝက တရုတ်နိုင်ငံတွင် ဤကဲ့သို့သော ဆုပေးပွဲမျိုး ရှိခဲ့ဖူးသည်။ ၎င်းသည် လုပ်ငန်းကဏ္ဍ တိုးတက်မှုကို တွန်းအားပေးရန်ဖြစ်သလို၊ ဤနယ်ပယ် တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုရန်လည်း ဖြစ်သည်။ အကယ်၍ ဤပညာရှင်များသာ မရှိပါက၊ ဤလုပ်ငန်းကဏ္ဍကြီးမှာ နိုင်ငံခြားသားများ၏ လက်ဝါးကြီးအုပ်မှုအောက်သို့ ထပ်မံ ရောက်ရှိသွားပေလိမ့်မည်။

ယခုဘဝတွင်မူ ဖုန်းယွီသည် ဤဆုပေးပွဲကို ပြုလုပ်ရန် ပထမဆုံး အကြံပြုတင်ပြခဲ့သူ ဖြစ်သည်။ သူသည် IT လုပ်ငန်းတစ်ခုလုံးကို ပေါင်းစည်းစေလိုသည်။ ကွန်ပျူတာ၊ ဆော့ဖ်ဝဲလ်၊ ကွန်ရက် စသည်ဖြင့် သီးခြားစီ ခွဲမထားဘဲ အားလုံးကို IT ဟူသော ခေါင်းစဉ်အောက်တွင် စုစည်းစေလိုခြင်း ဖြစ်သည်။ အကြောင်းမှာ တစ်ဦးကိုတစ်ဦး ခွဲခြား၍မရသောကြောင့် ဖြစ်သည်။

ဤအရာများကို ထိရောက်စွာ ပေါင်းစပ်ပြီး စက်မှုဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်မှသာ လုပ်ငန်းအားလုံး အရှိန်အဟုန်ဖြင့် တိုးတက်နိုင်မည် ဖြစ်သည်။ ဟာ့ဒ်ဝဲလ်က နောက်ကျနေပါက ဆော့ဖ်ဝဲလ် မည်မျှကောင်းစေကာမူ အသုံးမဝင်ပေ။ ဆော့ဖ်ဝဲလ် ကောင်းသော်လည်း အင်တာနက် ကွန်ရက်မရှိပါက တစ်ကိုယ်တည်းသုံး ဘဝသို့ ရောက်ရှိကာ ပျော်ရွှင်မှုများစွာ လျော့နည်းသွားပေလိမ့်မည်။ ဤအရာများအားလုံးမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဖုန်းယွီ၏ ဤအဆိုပြုချက်သည် လူအများအပြား၏ ထောက်ခံမှုကို ရရှိခဲ့ပြီး အထူးသဖြင့် အထက်လူကြီးများ၏ ပံ့ပိုးမှုကို ရရှိခဲ့သည်။

သိပ္ပံနှင့် နည်းပညာသည် ပထမဆုံးသော ကုန်ထုတ်စွမ်းအား (Fဖြစ်သည်ဟု အထက်လူကြီးများက ယူဆထားကြရာ၊ ၎င်းတို့ အလိုလားဆုံးအရာမှာ တရုတ်နိုင်ငံ၏ နည်းပညာ တိုးတက်မှုပင် ဖြစ်သည်။ အောင်မြင်မှုများ ရရှိလာချိန်တွင် ထိုက်တန်စွာ ဂုဏ်ပြုရမည်မှာ ဓမ္မတာပင်။ ထို့ပြင် အစိုးရအနေဖြင့် ငွေထုတ်စရာ မလိုဘဲ “Aiwaအီလက်ထရွန်နစ်”က စပွန်ဆာပေးထားသည် မဟုတ်ပါလား။

ဆုပေးပွဲတစ်ခု ပြုလုပ်ရန်မှာ ပြောသလောက် မလွယ်ကူပေ။ ပထမဆုံးအနေဖြင့် လူတိုင်း တက်ရောက်နိုင်အောင် စီစဉ်ရမည် ဖြစ်သည်။ လာရောက်သူများအတွက် အသွားအပြန် ခရီးစရိတ်၊ တည်းခိုစားသောက်စရိတ်နှင့် ခမ်းမနေရာများကို ထောက်ပံ့ပေးရမည် ဖြစ်သည်။

ထို့ပြင် မီဒီယာများနှင့် ဆက်သွယ်ကာ သတင်းဖော်ပြခိုင်းရဦးမည်။ မိမိတို့ လူနည်းစု အသိုင်းအဝိုင်းလေးအတွင်း၌တင် ကျင်းပနေသည့် ပွဲမျိုး မဖြစ်စေရန် လိုအပ်သည် မဟုတ်ပါလား။

ဆုဖလားများ ပြုလုပ်ရမည် ဖြစ်သည်။ စျေးပေါသော ဖန်သားဖြင့် ပြုလုပ်သည်ဆိုစေကာမူ အနည်းဆုံးတော့ တစ်ခုခုကို ထင်ရှားစေရမည်။ ထိုအရာမှာ အဘယ်နည်း။ “ဆုကြေးငွေ” ပင် ဖြစ်သည်။

ဘာလဲ... ထိုသူတွေက ဆုကြေးငွေကို ဂရုမစိုက်ဘူးဟု ဆိုလိုတာလား။ ထင်ရှားကျော်ကြားသူများ ဖြစ်လာကြမည့်သူများမှာ သေချာပေါက် ငွေမရှားကြသူများ ဖြစ်သည်။ သို့သော် နည်းလမ်းတစ်ခု ပြောင်းလဲ၍ ရပါသည်။ ၎င်းတို့၏ အမည်ဖြင့် အလှူငွေတစ်ခုကို လှူဒါန်းပေးလိုက်ခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် ဖုန်းယွီသည် “Aiwa အီလက်ထရွန်နစ်” နှင့် “Aiwa လျှပ်စစ်ပစ္စည်း” ကို ပူးပေါင်းစေကာ ဤ “တရုတ်နိုင်ငံ၏ ထိပ်တန်း အိုင်တီထင်ရှားကျော်ကြားသူ (၁၀) ဦး” ဆုပေးပွဲကို စပွန်ဆာပေးစေခဲ့ပြီး ဗဟိုရုပ်သံလိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်စေခဲ့ခြင်း ဖြစ်သည်။

ဤအချက်ကို အထက်လူကြီးများက သဘောတူခဲ့ကြသည်။ နိုင်ငံတော်၏ အမည်နာမကို အသုံးပြုထားသည့် ဆုပေးပွဲကို CCTV က သတင်းမဖော်ပြဘဲ နေ၍ မရပါချေ။ ထို့ပြင် လူကြီးမင်းများအတွက်လည်း လူလုံးပြခွင့် ရရှိသည် မဟုတ်ပါလား။

CCTV က ပါဝင်လာသည့်အခါ Sinaနှင့် Sohuကဲ့သို့သော နာမည်ကြီး ဝက်ဘ်ဆိုက်များကလည်း ၎င်းတို့၏ အင်အားကို ထည့်ဝင်ကြပြီး မဲပေးနိုင်သည့် လင့်ခ်များကို ပြုလုပ်ပေးခဲ့ကြသည်။

သေချာပေါက် သူတို့အတွက်လည်း အရှုံးမရှိပေ။ Sina ၏ မဲပေးသည့် စာမျက်နှာတွင် သူတို့၏ ဥက္ကဋ္ဌ ဝမ်ကျစ်ရှီးကို ကြော်ငြာပေးမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သလို၊ Sohu ကလည်း ကျန်းချောင်ယန်ကို ကြော်ငြာရန် နောက်တွန့်နေမည် မဟုတ်ပေ။

ပင်မသတင်းစာများနှင့် မဂ္ဂဇင်းများကလည်း ဤပွဲအတွက် ဝိုင်းဝန်း ကြော်ငြာပေးခဲ့ကြပြီး ပြည်ပမီဒီယာအချို့ပင် ပါဝင်ခဲ့ကြသည်။

ဟုတ်ပါသည်၊ မဲလက်မှတ်များကိုမူ စာတိုက်မှတစ်ဆင့် ပေးပို့ရသည့် စက္ကူလက်မှတ်များကိုသာ အတည်ပြုခြင်း ဖြစ်သည်။ အင်တာနက်ပေါ်မှ မဲပေးသည့်စနစ်မှာမူ ဤကဲ့သို့သော ပွဲရှိကြောင်း လူသိစေရန်နှင့် မည်သူ့ကို မဲပေးနိုင်ကြောင်း လမ်းညွှန်ရန်အတွက်သာ ဖြစ်သည်။ သို့သော်လည်း ယမန်နှစ်က မဲလက်မှတ်များတွင် မထင်မှတ်ထားသော ဖြစ်ရပ်ငယ်လေးတစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။

၎င်းမှာ ဆန်ကာတင် စာရင်းဝင် ၅၀ ဦးတွင် မပါဝင်သော ပြင်ပလူများကို မဲပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုမဲများကို ပယ်ဖျက်ရမည်လား။ သို့မဟုတ် မိမိတို့ဘက်မှ လူစာရင်း ကျန်ခဲ့သည်ဟု ဝန်ခံရမည်လား။

ထို့ကြောင့် ယခုနှစ်တွင် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ ဆန်ကာတင်ဦးရေကို ၄၀ ဦးသို့ လျှော့ချလိုက်ပြီး၊ အကယ်၍ တစ်စုံတစ်ဦးက ကန့်ကွက်လိုပါက မိမိစိတ်ကြိုက် လူ ၁၀ ဦး၏ အမည်ကို ဖြည့်စွက်ပေးပို့နိုင်ကြောင်း သတ်မှတ်လိုက်ရာ ထိုမဲများသည်လည်း အတည်ဖြစ်စေခဲ့သည်။

ဤသို့လုပ်ဆောင်ခြင်းဖြင့် ဆန်ကာတင်ဦးရေမှာ ၅၀ ထက်မက များပြားသွားပြီး မဲစာရင်း တွက်ချက်မှုမှာလည်း အတော်လေး ခက်ခဲသွားစေသည်။

သို့သော်လည်း ကိစ္စမရှိပါချေ။ ထိပ်တန်း ၁၀ ဦး စာရင်းတွင် လျူချွမ်းကျစ်၊ ဝမ်ကျစ်ရှီး နှင့် လီရန့်ဟုန်တို့ သေချာပေါက် ပါဝင်လာမည်ကို ဖုန်းယွီ ယုံကြည်နေသည်။

ယခုနှစ်တွင်မူ မာယွင်နှင့် ရှီတာ့ကျူတို့အတွက်လည်း အခွင့်အရေး အလွန်ကြီးမားလှသည်။ အကြောင်းမှာ ၎င်းတို့သည်လည်း အိုင်တီလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော စွမ်းဆောင်ချက်များကို ပြုလုပ်ခဲ့ကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။

အခမ်းအနားမှူး၏ အဖွင့်စကားအပြီးတွင် ထုံးစံအတိုင်း လူကြီးမင်းတစ်ဦး စင်ပေါ်သို့ တက်ရောက် စကားပြောကြားသည်။ ယခုနှစ်တွင် တက်ရောက်လာသော လူကြီးမင်းမှာ ရာထူးအဆင့်အတန်း မြင့်မားသူဖြစ်ပြီး ပြင်ဆင်ထားသည့် စာသားများကို မကြည့်ဘဲ တိုက်ရိုက် စကားပြောကြားသွားခဲ့သည်။ အဓိကအားဖြင့် အားပေးစကားနှင့် ကျေးဇူးတင်စကားများပင် ဖြစ်သော်လည်း၊ ဤလူကြီးမင်းသည် နိုင်ငံတော်ကို ကိုယ်စားပြုသူဖြစ်ရာ တက်ရောက်လာသူများအတွက် ဂုဏ်ယူဝံ့ကြွမှုကို များစွာ ဖြစ်ပေါ်စေခဲ့သည်။

ရှေးလူကြီးများ ပြောခဲ့သလိုပင် “ချမ်းသာကြွယ်ဝပြီး မိမိဇာတိသို့ မပြန်ခြင်းမှာ ညဘက်တွင် ပိုးထည်ဝတ်၍ လမ်းလျှောက်နေခြင်းနှင့် တူသည်” (ညဘက်မို့ မည်သူမျှ မမြင်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်)။

၎င်းတို့သည်လည်း ထိုနည်းတူပင်။ အောင်မြင်မှုများ ရရှိနေသော်လည်း မိမိနိုင်ငံသားများက မသိရှိပါက အလားတူ ခံစားချက်မျိုး ဖြစ်နေကြမည် ဖြစ်သည်။ “ငါတို့ဟာ ကမ္ဘာ့ရှေ့တန်းကို ရောက်နေပြီ၊ ကမ္ဘာ့နံပါတ်တစ်တောင် ဖြစ်နေပြီ၊ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီ!” ဟူသော ခံစားချက်မျိုးကို ၎င်းတို့ လိုလားနေကြခြင်း ဖြစ်သည်။

“...ယခုနှစ်တွင် စုစုပေါင်း အတည်ပြုပြီး မဲလက်မှတ် အရေအတွက် (၂၆၃,၅၈၃) စောင် လက်ခံရရှိခဲ့ပါတယ်။ ဤမဲများသည် တစ်နိုင်ငံလုံး အနှံ့အပြားကတင် မကဘဲ ပြည်ပရှိ နိုင်ငံနှင့် ဒေသပေါင်း (၂၇) ခုကနေလည်း ပေးပို့လာကြတာ ဖြစ်ပါတယ်။ ဤအချက်က ကျွန်တော်တို့ရဲ့ဆုပေးပွဲဟာ ဩဇာညောင်းမှု ပိုမိုကြီးမားလာပြီး နိုင်ငံတကာမှာလည်း လူသိများလာပြီဖြစ်ကြောင်း သက်သေပြနေတာပဲ ဖြစ်ပါတယ်...”

အောက်တွင် ထိုင်နေသော ဖုန်းယွီကမူ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်မိသည်။ အထိုက်အလျောက် လူသိများလာပြီလို့ ပြောရင် တော်ကာကျဦးမယ်၊ အလွန်အမင်း ကျော်ကြားနေပါပြီလို့ ပြောဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။ သို့သော်လည်း မိမိမျက်နှာကို ကိုယ်တိုင် ရွှေချနေသည့် ဤကိစ္စကို သူက ဖော်ထုတ်မနေတော့ဘဲ အားလုံး ပျော်ရွှင်နေလျှင်ပင် တော်ပြီဟု မှတ်ယူလိုက်သည်။

လူကြီးမင်းက စင်ပေါ်သို့ တစ်ဖန် တက်လာပြန်သည်။ “ကျွန်တော် အခု ဆုရရှိသူတွေကို ကြေညာပါ့မယ်။ ဒုတိယအကြိမ်မြောက် Aiwa ဖလား တရုတ်နိုင်ငံ၏ ထိပ်တန်း အိုင်တီထင်ရှားကျော်ကြားသူ (၁၀) ဦး ဆုရရှိသူများကတော့... Lenovo (Kingsoft) ဆော့ဖ်ဝဲလ် ကုမ္ပဏီ ဥက္ကဋ္ဌ လေကျင်း (Lei Jun)၊ ဟောင်ကောင် နေရောင်ခြည် ယဉ်ကျေးမှု ကွန်ရက် ရုပ်သံ ကုမ္ပဏီ ဥက္ကဋ္ဌ ရန်လန်၊ ဟွာရန်ဝမ် ဥက္ကဋ္ဌနှင့် ဂျူရန် ကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ရှီတာ့ကျူ၊ Alibaba အုပ်စု ဥက္ကဋ္ဌ မာယွင်၊ Baidu ကုမ္ပဏီ ဥက္ကဋ္ဌ လီရန့်ဟုန်၊ ယင်းခေါ် (PCCW) အုပ်စု ဥက္ကဋ္ဌ လီကျယ်ခိုင် (Richard Li).”

လီကျယ်ခိုင်သည် ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဘာလို့ ငါပါ ပါနေတာလဲ” ဖုန်းယွီက သူ့ကို ဤဆုပေးပွဲ တက်ရောက်ရန် ဖုန်းဆက်ခေါ်သည့်အခါ၊ သူသည် ဟောင်ကောင် အိုင်တီလောကကို ကိုယ်စားပြုသည့်အနေဖြင့် ပွဲ၏ အဆင့်အတန်းကို မြှင့်တင်ပေးရန် ဝတ်ကျေတမ်းကျေ လာခိုင်းသည်ဟုသာ သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

“မင်း ဘာလို့ မပါရမှာလဲ၊ ဒါက လူတွေအားလုံး မဲပေးပြီး ရွေးချယ်ထားတာလေ။ နောက်ကွယ်ကနေ ကြိုးကိုင်ထားတာမျိုး လုံးဝ မရှိဘူးလို့ ငါ အာမခံပါတယ်။ ပြီးတော့ ယင်းခေါ် အုပ်စုဟာလည်း ဟောင်ကောင် အိုင်တီ နည်းပညာရဲ့ ပြယုဂ်တစ်ခုပဲ မဟုတ်လား၊ မင်းကို ရွေးချယ်တာက သဘာဝကျပါတယ်။ ကဲ... စင်ပေါ်တက်ပြီး ဆုသွားယူချေတော့၊ လူကြီးမင်းကလည်း အသက်မငယ်တော့ဘူး၊ သူ့ကို အကြာကြီး စောင့်ခိုင်းထားတာက မယဉ်ကျေးရာ ရောက်လိမ့်မယ်”

ဖုန်းယွီကမူ စိတ်ထဲမှ ရယ်မောနေမိသည်။ ငါကတော့ ကြိုးမကိုင်ပါဘူး၊ ဒါပေမဲ့ လူကြီးမင်းတို့ကတော့ ကြိုးကိုင်ထားတာပေါ့။ မင်းက ဟောင်ကောင်ကို ကိုယ်စားပြုတဲ့သူဖြစ်ပြီး ပြည်ပမှာလည်း ဆုတွေ အများကြီး ရထားတာလေ၊ အကယ်၍ ပြည်တွင်းက ပေးတဲ့ ဒီဆုမှာ မင်းသာ မပါရင် ဒီဆုရဲ့ အရည်အသွေးကို လူတွေက သံသယ ဝင်ကုန်ကြမှာပေါ့။ တကယ်တမ်း မဲစာရင်းအရ ဆိုလျှင်မူ လီကျယ်ခိုင်သည် အဆင့် (၁၁) နေရာတွင်သာ ရှိခဲ့သည်။ ပြည်တွင်းမှ မဲပေးသူ များပြားသဖြင့် အဆင့် (၁၀) နေရာတွင် ရောက်ရှိနေသည့် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ် ရေးသူမှာမူ နိုင်ငံရေးအရ နေရာဖယ်ပေးလိုက်ရခြင်းသာ ဖြစ်ပေတော့သည်။

******

All Chapters