← Chapters

အခန်း (၁၂၈၃-၁၂၈၅)

Vol. 87 Ch. 1283-1285

အခန်း (၁၂၈၃-၁၂၈၅)

Vol. 87 Ch. 1283-1285

အခန်း (၁၂၈၃) စလောင်းစက် (Set-top box)

“မန်နေဂျာဖုန်း... ကျွန်တော်တို့ အခု စလောင်းစက်တွေ စလုပ်ရမယ်လို့ ပြောတာလား” ကျူံးချင်းရှန်က မျက်မှောင်ကြုတ်လျက် ဖုန်းယွီကို ကြည့်ကာ မေးလိုက်သည်။ သူ၏ အမူအရာတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

“ဟုတ်တယ်လေ၊ ဘာလို့လဲ... မရဘူးလား” ဖုန်းယွီသည် အံ့သြသလိုဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။ နိုင်ငံတော်သည် ၁၉၉၈ ခုနှစ်ကတည်းက “ကျေးရွာတိုင်း ကေဘယ်လ်တီဗွီ ကြည့်ရှုနိုင်ရေး” စီမံကိန်းကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အချို့သော ဝေးလံခေါင်ဖျားဒေသများတွင် ကိုယ်ပိုင် အင်တင်နာများဖြင့် ဖမ်းယူကြည့်ရှုနေကြဆဲ ဖြစ်သော်လည်း၊ ဒေသအများစုတွင်မူ ကေဘယ်လ်တီဗွီများ ရောက်ရှိနေပြီဖြစ်ကြောင်း သူ တွေးမိသည်။

မြို့ကြီးများတွင်မူ ဂြိုဟ်တုတီဗွီများ ရှိနေပြီဖြစ်သလို စလောင်းစက်အချို့လည်း စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။ ထိုစလောင်းစက်များကို ရုပ်သံထုတ်လွှင့်ရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ် (SARFT) ၏ လက်အောက်ခံ လုပ်ငန်းများက ထုတ်လုပ်ခြင်းဖြစ်သော်လည်း ရောင်းအားမှာမူ သာမန်မျှသာ ရှိသည်။ အဓိက အကြောင်းရင်းမှာ လူအများစုက ဝန်ဆောင်ခ အလွန်ကြီးသည်ဟု ယူဆထားကြခြင်းကြောင့် ဖြစ်သည်။

ယခင် ကေဘယ်လ်တီဗွီများမှာ ကြည့်ရှုရသည်မှာ မဆိုးလှပေ။ တီဗွီကြည့်ရုံသက်သက်အတွက် ချန်နယ်အမြောက်အမြား အဘယ်ကြောင့် လိုအပ်မည်နည်း။ အချို့သော ကေဘယ်လ်တီဗွီများတွင် ချန်နယ် ဆယ်ဂဏန်းကျော်မျှသာ ဖမ်းယူရရှိနိုင်သော်လည်း စျေးနှုန်းမှာမူ အလွန်သက်သာလှသည်။ ချန်နယ်အများအပြား ကြည့်နိုင်သည့် စလောင်းစက်များမှာမူ ဝန်ဆောင်ခက အလွန်ပင် မြင့်မားနေသည်။

ကေဘယ်လ်တီဗွီ၏ အားသာချက်တစ်ခုမှာ “လိုင်းခွဲစက်” (Splitter) တစ်ခုကို အသုံးပြုရုံဖြင့် ငွေတစ်ယောက်စာ ပေးဆောင်ကာ တီဗွီအများအပြားကို ချိတ်ဆက်ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။ သို့သော် စလောင်းစက်မှာမူ ထိုသို့မဟုတ်ပေ။ တီဗွီတစ်လုံးအတွက် စလောင်းစက် တစ်လုံး လိုအပ်သည်။ အကယ်၍ သင့်အိမ်တွင် တီဗွီသုံးလုံးရှိပါက စလောင်းစက် သုံးလုံး လိုအပ်မည်ဖြစ်သလို၊ ဝန်ဆောင်ခကိုလည်း သုံးယောက်စာ ပေးဆောင်ရမည် ဖြစ်သည်။

ငွေတစ်ယောက်စာ ပေးရသည်ကိုပင် လူအများက စျေးကြီးသည်ဟု ယူဆနေကြချိန်တွင်၊ သုံးယောက်စာ ပေးရန်ဆိုသည်မှာမူ ပြောနေစရာပင် မလိုတော့ပေ။

ယခုနှစ်တွင် တရုတ်နိုင်ငံ ရုပ်သံဌာနသည် မြို့ပေါင်း ၄၉ မြို့ကို စလောင်းစက် စမ်းသပ်အသုံးပြုမည့် မြို့များအဖြစ် သတ်မှတ်လိုက်ရာ၊ နှစ်စမှ ယခုအချိန်အထိ စလောင်းစက် အသုံးပြုသူဦးရေမှာ တစ်သိန်းကျော် ရှိနေပြီ ဖြစ်သည်။

သို့သော် ယခုလက်ရှိ အသုံးပြုသူ အများစုမှာ အစိုးရဝန်ထမ်းများနှင့် လုပ်ငန်းခွင်မှ အရာရှိကြီးများသာ ဖြစ်ကြသည်။ သူတို့၏ ဝန်ဆောင်ခများကို လုပ်ငန်းခွင်မှ ပေးဆောင်နေသဖြင့် စျေးကြီးသည်ဟု သူတို့က မခံစားကြရပေ။ သူတို့၏ မိသားစုဝင်များအတွက်မူ ကြည့်ရှုစရာ ချန်နယ်များ ပိုမိုများပြားလာခြင်းက အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။

ထိုသူများ၏ စလောင်းစက်မှာလည်း ဝယ်ယူထားခြင်း မဟုတ်ဘဲ ဒေသတွင်း ဝန်ဆောင်မှုပေးသူများက ကေဘယ်လ်တီဗွီ အသုံးပြုသူများကို အခမဲ့ ပေးအပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် နောင်တွင် ဝန်ဆောင်ခများ ကောက်ခံခြင်းဖြင့် အရင်းပြန်ဖော်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ သေချာပေါက် ဤအသုံးပြုသူများသည် စမ်းသပ်ကာလဖြစ်၍ နောင်တွင် အချို့မှာ ဝန်ဆောင်ခ ဆက်လက်ပေးဆောင်ရန် ငြင်းဆိုကြပေလိမ့်မည်။

သို့သော် လာမည့်နှစ်တွင်မူ စလောင်းစက်ဈေးကွက်မှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာတော့မည် ဖြစ်သည်။ ယခုအခါ အထက်လူကြီးများတွင် ဒီဂျစ်တယ်တီဗွီလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးချဲ့ရန် စီမံချက်များ ရှိနေပြီဖြစ်သည်။ အမေရိကန်နှင့် ဥရောပတွင်မူ ၁၉၉၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီ၏ အရင်ဘဝ မှတ်ဉာဏ်များအရ လာမည့်နှစ်တွင် စလောင်းစက်များသည် အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသများမှသည် စမ်းသပ်မြို့များအထိ မိသားစု သန်းနှင့်ချီသော အိမ်များထဲသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။ ဖုန်းယွီသည် သူ၏ အရင်ဘဝတွင်လည်း ထိုအချိန်၌ပင် စလောင်းစက် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ၏ အိမ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုသူဦးရေ သန်းဂဏန်းနောက်ပိုင်းတွင် ရှိနေသည်ဟု ကြားသိခဲ့ရသဖြင့် ၂၀၀၄ ခုနှစ်တွင် အနည်းဆုံး အသုံးပြုသူ တစ်သန်းခန့် ပေါ်ထွက်လာမည်မှာ သေချာလှသည်။

ထို့ပြင် ကမ္ဘာ့စလောင်းစက် ထုတ်လုပ်ရာ အဓိက အခြေစိုက်စခန်း တစ်ခုဖြစ်သည့် တရုတ်နိုင်ငံမှ စလောင်းစက် အများအပြားမှာ ပြည်ပသို့ တင်ပို့နေခြင်း ဖြစ်သည်။ ထို့ကြောင့် လာမည့်နှစ် စလောင်းစက်ဈေးကွက်၏ ရောင်းအားမှာ အနည်းဆုံး သန်းနှင့်ချီ၍ ရှိနေမည်ဖြစ်ရာ၊ ယခုအချိန်တွင် ဝင်ရောက်လုပ်ကိုင်ခြင်းက အချိန်ကိုက်ပင် ဖြစ်သည်။ အကယ်၍ ထပ်မံစောင့်ဆိုင်းနေမည်ဆိုပါက ဤအခွင့်အရေးကောင်းကြီးကို လက်လွတ်သွားပေလိမ့်မည်။

“မန်နေဂျာဖုန်း... ဒီစလောင်းစက်တွေကို ပြည်ပကိုပဲ အရင်တင်ပို့ဖို့ စဉ်းစားထားတာလား”

ကျူံးချင်းရှန်သည် တရုတ်ပြည်တွင်းရှိ စလောင်းစက်ဈေးကွက်၏ အလားအလာကို မမြင်သေးပေ။ ယခုအချိန်တွင် လူအများအပြားမှာ စလောင်းစက်ဆိုသည်ကိုပင် ကြားဖူးကြလိမ့်မည် မဟုတ်ပေ။

ယခင်က ဖုန်းယွီလျှပ်စစ်ပစ္စည်း ဖြစ်စေ၊ Aiwa လျှပ်စစ်ပစ္စည်း ဖြစ်စေ အားလုံးမှာ ပြည်တွင်းဈေးကွက်ကို အရင်ထိုးဖောက်ကာ အခြေခိုင်ပြီးမှသာ ပြည်ပသို့ တဖြည်းဖြည်း တိုးချဲ့ခဲ့ကြခြင်း ဖြစ်သည်။

ယခု ထုတ်ကုန်မှာမူ ပြည်ပတွင်သာ ဈေးကွက်ရှိနေပြီး ပြည်တွင်းမှာမူ စတင်ကာစ အဆင့်သာ ရှိသေးသဖြင့်၊ ဤတစ်ကြိမ်တွင်မူ ပြည်ပဈေးကွက်ကို အရင်ဆုံး ဖွင့်လှစ်ရမည် ဖြစ်သည်။

ယခင်က မည်သည့် လျှပ်စစ် သို့မဟုတ် အီလက်ထရွန်နစ် ပစ္စည်းကို ထုတ်လုပ်သည်ဖြစ်စေ ပြည်တွင်းဈေးကွက်ကပင် အမြောက်အမြား ဝါးမြိုပေးနိုင်ခဲ့သော်လည်း၊ ယခုမူ ပြည်တွင်းဈေးကွက် မတည်ငြိမ်သေးခင်မှာပင် ပြည်ပတွင် သွားရောက် ရုန်းကန်ရမည်ဆိုပါက ရှုံးနိမ့်ရန် အလွန်လွယ်ကူလှသည်။

အကယ်၍ ထုတ်ကုန်တစ်ခုသာ ပြည်ပတွင် ရှုံးနိမ့်သွားခဲ့လျှင် အမှတ်တံဆိပ်အပေါ် သက်ရောက်မှုမှာ သေးငယ်မည်မဟုတ်ပေ။ Wind and Rain တံဆိပ်သည် ပြည်ပတွင် ကျော်ကြားမှု အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သလို၊ ယခင်ထုတ်ကုန်များ အားလုံးမှာလည်း အောင်မြင်မှု ရရှိခဲ့ကြသည်။

အကယ်၍ ယခင်က ရှုံးနိမ့်မှုများ ရှိခဲ့ဖူးပါက ကိစ္စမရှိသော်လည်း၊ ယခု စလောင်းစက်မှာ ပထမဆုံးသော ရှုံးနိမ့်သည့် ထုတ်ကုန် ဖြစ်သွားမည်ဆိုပါက အရှိန်အဟုန်ဖြင့် တက်လှမ်းနေသည့် Wind and Rainတံဆိပ်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။

“ပြည်တွင်းရော ပြည်ပဈေးကွက်ကိုပါ တစ်ပြိုင်နက်တည်း အလေးထားရမယ်။ ပြည်တွင်းမှာ အခုလောလောဆယ် စလောင်းစက်ကို လူသိနည်းနေသေးတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ နောက်ထပ် သုံးနှစ်အတွင်းမှာတော့ စလောင်းစက်ဟာ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာမှာ သေချာတယ်။ ၂၀၀၆ ခုနှစ်လောက်ကျရင် ပြည်တွင်းမှာ အသုံးပြုသူဦးရေ ဆယ်သန်းထက်မက ရှိလာနိုင်တယ်။ ပိုပြီးတော့ အရေးကြီးတာက အခုအချိန်ဟာ ပြည်ပမှာလည်း စလောင်းစက်တွေ အကြီးအကျယ် ခေတ်စားနေတဲ့ အချိန်မို့လို့ ဒီအခွင့်အရေးကို ကျွန်တော်တို့ လက်လွတ်ခံလို့ မဖြစ်ဘူး”

“ဒါဆို ခင်ဗျားက ကေဘယ်လ်စလောင်း (Cable STB) လုပ်မှာလား၊ ဒါမှမဟုတ် မြေပြင်အခြေစိုက်စလောင်း (Terrestrial STB) လား။ ခင်ဗျားက ဂြိုဟ်တုစလောင်း (Satellite STB) ကိုတော့ လုပ်ဖို့ မရည်ရွယ်ပါဘူးနော်” ကျူံးချင်းရှန်က ဖုန်းယွီ ယခင်က ပြောခဲ့သည့် ဂြိုဟ်တုဝယ်ယူမည့် ကိစ္စကို ရုတ်တရက် သတိရကာ မေးမြန်းလိုက်သည်။

“ဘာလို့ မရရမှာလဲ။ မြေပြင်အခြေစိုက် စလောင်းတွေကတော့ အခုလောလောဆယ် လမ်းစမမြင်ရသေးဘူး၊ ကေဘယ်လ်စလောင်းနဲ့ ဂြိုဟ်တုစလောင်းတွေကတော့ ရောင်းရတာ ပိုလွယ်လိမ့်မယ်။ အဲဒီထဲမှာမှ ဂြိုဟ်တုစလောင်းကိုတော့ အဓိကအားဖြင့် ပြည်ပကို တင်ပို့ဖို့ ရည်ရွယ်ပြီး၊ ကေဘယ်လ်စလောင်းကိုတော့ ပြည်တွင်းဈေးကွက်အတွက် ထားရှိမယ်။ ဒါ့အပြင် ကျွန်တော်တို့က နှစ်ဖက်သွား စလောင်းတွေ၊ အဆင့်မြင့်ကြည်လင်မှုရှိတဲ့ စလောင်းတွေနဲ့ လုပ်ဆောင်ချက် ပေါင်းစုံပါတဲ့ စလောင်းတွေကိုပါ ထုတ်လုပ်သွားမယ်”

ဤစလောင်းစက်များသည် သာမန် ရုပ်သံဖမ်းယူခြင်းအပြင်၊ အရှိန်နှုန်းမြင့် အချက်အလက် ထုတ်လွှင့်ခြင်း၊ အင်တာနက် ချိတ်ဆက်ခြင်း၊ ဆော့ဖ်ဝဲလ် အွန်လိုင်းမှ အဆင့်မြှင့်တင်ခြင်း၊ ဗီဒီယိုဖုန်း ခေါ်ဆိုခြင်း၊ စိတ်ကြိုက် ဗီဒီယိုနှင့် တေးဂီတများ ကြည့်ရှုနားဆင်ခြင်း၊ ဈေးဝယ်ခြင်းနှင့် ဂိမ်းကစားခြင်း စသည့် လုပ်ဆောင်ချက်များစွာ ပါဝင်ရပေမည်။

အနာဂတ်၏ စလောင်းစက်များတွင် လုပ်ဆောင်ချက်များစွာ ရှိလာပေလိမ့်မည်။ ဘီလ်ဂိတ်စ်သည်လည်း မိုက်ခရိုဆော့ဖ်အား စလောင်းစက်ဈေးကွက်သို့ ဝင်ရောက်စေလိုသည့်ဆန္ဒ ရှိနေခဲ့သည်။ သူသည်လည်း ဤကဲ့သို့ လုပ်ဆောင်ချက် ပေါင်းစုံပါသော စလောင်းစက်များကို ထုတ်လုပ်လိုခြင်း ဖြစ်ပြီး၊ အဓိကအားဖြင့် မိုဒမ်(Modem) နှင့် စလောင်းစက်ကို ပေါင်းစပ်ကာ တိုက်ရိုက် အင်တာနက် အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

လူအများအပြားသည် တီဗွီစလောင်းစက်ကြိုး တစ်ချောင်းတည်းဖြင့်ပင် အင်တာနက်ကြိုးအဖြစ်ပါ တွဲဖက်သုံးစွဲခဲ့ကြသည့် အတွေ့အကြုံများ ရှိခဲ့ကြသည် မဟုတ်ပါလား။

“ဒီနည်းပညာကလည်း မလွယ်ကူလောက်ဘူးနော်။ ကျွန်တော်တို့အတွက်ကတော့ သုညကနေ စတင်ရသလို ဖြစ်နေတာဆိုတော့ အချိန်မီပါ့မလား” ကျူံးချင်းရှန် အနည်းငယ် စိုးရိမ်နေမိသည်။

“ဘာလို့ မမီရမှာလဲ။ အမှန်တော့ ဒီအခြေခံ ပတ်လမ်းတွေက သိပ်မခက်ပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းပညာနဲ့ဆိုရင် သူများပစ္စည်းတွေကို ဖြုတ်ပြီး လေ့လာကြည့်လိုက်ရုံနဲ့ ကိုယ်ပိုင်နည်းပညာကို အလွယ်တကူ ဖော်ဆောင်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ စိတ်ကူးသစ်တွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် လုပ်ဆောင်ချက် ပေါင်းစုံပါတဲ့ စလောင်းစက်တွေကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး အဆင့်မြင့်ဈေးကွက်ကို သိမ်းပိုက်နိုင်လိမ့်မယ်။ ချစ်ပ်နဲ့ ဆော့ဖ်ဝဲလ်ပိုင်းကတော့ အနည်းငယ် ခက်ခဲနိုင်ပေမဲ့ ဒါက 'Lenovo'တို့လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာပေါ့”

“ဒါဆိုရင် အရောင်းမြှင့်တင်ရေးကိုကော ဘယ်လိုလုပ်မလဲ”

“ပြည်တွင်းမှာဆိုရင်တော့ Changhong ကိုပဲ လွှဲပေးလိုက်မယ်။ သူတို့က တီဗွီရောင်းတဲ့သူတွေဆိုတော့ စလောင်းစက်ကိုပါ တွဲရောင်းခိုင်းရင် ပြဿနာမရှိနိုင်ပါဘူး။ ပြီးတော့ မမေ့နဲ့ဦး... ချန်ဟုန်ဟာ အထက်လူကြီးတွေက အထူးပံ့ပိုးထားတဲ့ လုပ်ငန်းဖြစ်တော့ သူတို့ကတစ်ဆင့် ရုပ်သံဌာန (SARFT) ကို ရောင်းဖို့က မခဲယဉ်းလှပါဘူး။ လူသိများတဲ့ အမှတ်တံဆိပ်လည်း ဖြစ်နေတော့ ပိုပြီးတော့တောင် ရောင်းကောင်းဦးမှာပါ”

“ပြည်ပဈေးကွက်အတွက်ကတော့ ကျွန်တော်တို့ရဲ့ Wind and Rain တံဆိပ်ရဲ့ ဖြန့်ချိရေး လမ်းကြောင်းတွေနဲ့ဆိုရင် သိပ်ပြီး ခက်ခဲမယ် မထင်ပါဘူး။ အကယ်၍ အဟန့်အတားတွေ ကြုံလာရမယ်ဆိုရင်တော့ ဘီလ်ဂိတ်စ် ဆီကို သွားရမှာပေါ့။ ဒီကိစ္စမှာ သူတို့နဲ့ အချို့သော အစိတ်အပိုင်းတွေမှာ ပူးပေါင်းလို့ ရပါတယ်။ သူတို့မှာလည်း စလောင်းစက် ဆော့ဖ်ဝဲလ် ဖော်ဆောင်ရေးပိုင်းမှာ အတွေ့အကြုံတွေ အများကြီး ရှိနေတာပဲ မဟုတ်လား”

အကယ်၍ ဘီလ်ဂိတ်စ်နှင့် မပူးပေါင်းဘဲ လုပ်နိုင်လျှင်မူ အကောင်းဆုံး ဖြစ်သည်။ မဟုတ်ပါက ဖုန်းယွီတံဆိပ်သည် ဈေးကွက်ကို ကိုယ်တိုင် မကိုင်တွယ်နိုင်သလိုမျိုး ဖြစ်နေပေလိမ့်မည်။

“ဒါဆိုရင်တော့ ကျွန်တော် ဒီစိတ်ကူးကို အောက်ခြေကို လွှဲပြောင်းပေးလိုက်ပါ့မယ်။ ဘယ်ကုမ္ပဏီက ဒီစီမံကိန်းကို တာဝန်ယူချင်လဲဆိုတာ ကြည့်ရမှာပေါ့။ အကယ်၍ ဘယ်သူမှ မယူချင်ဘူးဆိုရင်တော့ အတင်းအကျပ် တာဝန်ပေးရုံပဲ ရှိတော့တာပေါ့”

“ဪ... ဒါနဲ့၊ 'စက်နဲ့ ကတ် သီးခြားခွဲထားတဲ့'ပုံစံမျိုး ထုတ်လုပ်ရမယ်။ ဆိုလိုတာက အဓိကကျတဲ့ စမတ်ကတ်၊ ဆော့ဖ်ဝဲလ်တွေနဲ့ အခြေခံ ဖမ်းယူစက်ပစ္စည်းတွေကို သီးခြားစီ ခွဲထားရမယ်။ ကျွန်တော်တို့က စမတ်ကတ်နဲ့ ဆော့ဖ်ဝဲလ် ဖော်ဆောင်ရေးကိုပဲ အဓိက လုပ်ကိုင်ပြီး၊ အခြေခံ စက်ပစ္စည်းတွေကိုတော့ တခြား စက်ရုံငယ်လေးတွေကို အပြင်စာချုပ် ပေးလိုက်မယ်။ ဒါဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်သလို အသုံးပြုသူတွေရဲ့ ဝန်ဆောင်ခကိုလည်း သက်သာစေမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းက ပိုပြီး မြင့်မားလာမှာပါ”

ကျူံးချင်းရှန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ အကယ်၍ ကုန်ကျစရိတ်ပိုင်းတွင် အားသာချက် ရှိနေမည်ဆိုပါက Wind and Rain တံဆိပ်၏ အရှိန်အဝါနှင့် ပေါင်းစပ်လိုက်လျှင် ဤထုတ်ကုန် အောင်မြင်ရန်မှာ မခဲယဉ်းတော့ပါချေ။

...

******

အခန်း (၁၂၈၄) အမည်နာမ မှည့်ခေါ်ခြင်း

ဖုန်းယွီသည် ပင်းချန်သို့ ပြန်လည်ရောက်ရှိနေသည်မှာ နှစ်ရက်ခန့်သာ ရှိသေးသော်လည်း၊ လီနကို အဖော်ပြုကာ နောက်ထပ်တစ်ကြိမ် ကိုယ်ဝန်ဆောင်စစ်ဆေးမှုအတွက် သူ၏အစ်မဖြစ်သူ ရှိရာ ဆေးရုံသို့ သွားရောက်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အားလုံး သေချာရေရာသွားခဲ့ပြီ ဖြစ်သည်။ “နဂါးနှင့် ဖီးနစ်” အမွှာ (သားတစ်ယောက်၊ သမီးတစ်ယောက်) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ဖုန်းယွီသာမက မိသားစုနှစ်ဖက်လုံးမှာ ပီတိသောမနဿများ ဝေဖြာကာ ပါးစပ်ပင် မစိနိုင်လောက်အောင် ဝမ်းမြောက်နေကြတော့သည်။

ယခုအခါ လီနသည် မိသားစုနှစ်ဖက်လုံး၏ အဖိုးတန်ရတနာတစ်ပါး ဖြစ်လာခဲ့သည်။ မိဘလေးပါးလုံးအပြင် ကြိုတင်ငှားရမ်းထားသည့် အထူးပြုစုစောင့်ရှောက်ရေး အထိန်းတော်ကပါ သူမအား နေ့ညမပြတ် အစစအရာရာ ဂရုစိုက်ပေးနေကြသည်။ သို့သော် လီနသည် ဤကဲ့သို့ အလွန်အမင်း ဂရုစိုက်ခံရခြင်းကိုပင် တစ်မျိုးတစ်မည် မရိုးမရွ ဖြစ်လာခဲ့သည်။

ဖုန်းယွီ ပြန်ရောက်လာပြီးနောက် သူမအနား၌ အမြဲရှိနေကာ နေ့စဉ် လမ်းလျှောက်ဖော်ပြုပေးခြင်း၊ စာဖတ်ပြခြင်းတို့ လုပ်ဆောင်ပေးမှသာ လီန၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် တက်ကြွလာခဲ့သည်။ ယခင်က ကျောင်းတွင် လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားများနှင့် အမြဲတစေ စည်ကားတက်ကြွစွာ နေထိုင်ခဲ့သူ ဖြစ်ရာ၊ ယခုကဲ့သို့ ပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲသွားခြင်းနှင့် ကိုယ်ဝန်ဆောင်သည်ဖြစ်သဖြင့် လှုပ်ရှားမှု ကန့်သတ်ခံရခြင်းတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခြင်းပင်။

“ဖုန်းယွီ... ငါ အလေးချိန် တော်တော်တက်လာပြီ၊ အနည်းဆုံး ပေါင်အနည်းငယ်လောက် ပိုတိုးလာတာ” လီနက ညည်းတွားရင်း မျက်နှာပျက်ပျက်ဖြင့် ပြောသည်။

“အဲဒါ ကောင်းတာပေါ့ မိန်းမရာ။ ဒါမှလည်း ကိုယ်တို့ရဲ့ သားနဲ့သမီးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ပေးနိုင်မှာလေ။ မိန်းမ... မင်း တကယ်ကို ပင်ပန်းနေမှာပဲ၊ ကျေးဇူးတင်ပါတယ်နော်” ဖုန်းယွီက ချော့မော့လိုက်သည်။

“မဖြစ်နိုင်တာ။ ရှင့်ရဲ့အစ်မ ကိုယ်ဝန်ရှိတုန်းကလည်း ဒီလောက်ကြီး မဝလာပါဘူး။ ကျန်းဟန် ကိုယ်ဝန်တုန်းကလည်း ဒီလောက် မတက်ဘူးလေ။ သူတို့ကလေးတွေ မွေးလာတော့ ခုနစ်ပေါင်ကျော်တောင် ရှိတာပဲကို”

“အဲဒါက မတူဘူးလေ။ သူတို့က ကလေးတစ်ယောက်တည်းကိုး၊ ကိုယ်တို့က အမွှာနှစ်ယောက်လေ။ ဒါကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ”

“ဒါပေမဲ့ ငါတက်လာတဲ့ ကိုယ်အလေးချိန်က သူတို့ထက် ဆယ်ပေါင်ကျော် ပိုနေပြီလေ။ ငါ့ကလေးတွေက တစ်ယောက်ကို ဆယ်ပေါင်စီ ရှိနေမှာမို့လို့လား”

“အဲ... အဲဒါက...” ဖုန်းယွီ၏ ဦးနှောက်မှာ အမြန်နှုန်းဖြင့် လည်ပတ်သွားသည်။ သူ ထပ်ပြီး ဆင်ခြေပေးရန် မတတ်နိုင်တော့ပေ။ “အဲဒါက... မင်းရဲ့ မိခင်နို့ကလည်း အလျှံပယ် ရှိနေဖို့ လိုတယ်လေ။ ကလေးနှစ်ယောက်ဆိုတော့ နှစ်ဆ ပိုသောက်ရမှာ မဟုတ်လား”

“အပိုတွေ... ဘာတွေ လာပြောနေတာလဲ” လီနက မျက်စောင်းထိုးရင်း ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

“လာပါ... လာပါ၊ ငါ တစ်ချက်လောက် နားထောင်ကြည့်ဦးမယ်။ သူတို့လေးတွေ အထဲမှာ ဘာလုပ်နေကြလဲလို့”

“လျှောက်ပြောပြန်ပြီ၊ ရှင်က ဘာကြားရမှာမို့လို့လဲ” လီနာက ဤသို့ဆိုသော်လည်း ဖုန်းယွီက သူ၏ ဦးခေါင်းကို သူမ၏ ဝမ်းဗိုက်ပေါ်တွင် ကပ်လျက် နားစွင့်နေသည်ကို ကြည့်ကာ သာယာကြည်နူးသော အပြုံးဖြင့် ငေးကြည့်နေမိသည်။

“ဒါနဲ့... ကိုယ်တို့ သားနဲ့သမီးကို ဘယ်လို နာမည်မှည့်ရင် ကောင်းမလဲ” ဖုန်းယွီ ရုတ်တရက် သတိရသွားသည်။ အမည်နာမ မှည့်ခေါ်ရန်ကိစ္စကို သူ လုံးဝ မစဉ်းစားရသေးပေ။

“အဘိုးကရော ဘာမှမပြောဘူးလား” လီနက မေးသည်။

“ငါတို့အိမ်က မျိုးရိုးစဉ်ဆက် မှတ်တမ်းက ပျောက်သွားတာ ကြာပြီလေ။ မင်းကြည့်လေ... ငါနဲ့ငါ့အစ်မ၊ ပြီးတော့ ငါ့ဝမ်းကွဲအကိုတို့ရဲ့ နာမည်တွေက တစ်ခုမှ မတူကြဘူး။ ငါ့နာမည်ဆိုရင်လည်း 'ဖုန်းတန်ယွီ' လို့ မဟုတ်ဘဲ 'ဖုန်းယွီ' ပဲလေ”

“ဒါဆိုရင်လည်း အဘိုးကို တစ်ချက်လောက် မေးကြည့်ပါဦး။ အဘိုးကို စာလုံးတစ်လုံးလောက် ရွေးခိုင်းရင်တောင် အဘိုး ပျော်နေမှာပါ”

ဖုန်းယွီက ပြုံးလျက် လီန၏ နှာခေါင်းလေးကို အသာအယာ တို့ထိလိုက်ပြီး - “မင်းကတော့ တကယ်ကို ပါးနပ်တဲ့သူပဲ။ ကောင်းပြီ... ခဏနေရင် အဘိုး ကစားကွင်းကနေ စစ်တုရင်ကစားပြီး ပြန်လာရင် ငါသွားမေးလိုက်မယ်”

အမှန်စင်စစ် ဖုန်းယွီသည် သူ၏ မိဘနှစ်ပါး၏ အမည်ပေးနိုင်စွမ်းကို သိပ်ပြီး မယုံကြည်လှပေ။ ထို့ပြင် သူနှင့် လီနတို့၏ အမည်များကို မိဘများက ပေးခဲ့ပြီးဖြစ်ရာ၊ ယခု သူတို့၏ ရင်သွေးများကိုမူ သူတို့ကိုယ်တိုင်သာ အမည်မှည့်လိုကြသည်။ သို့သော် လီန အကြံပေးသကဲ့သို့ အဘိုးကို စာလုံးတစ်လုံး ရွေးခိုင်းခြင်းမှာ အလွန်ကောင်းသော အကြံဖြစ်သည်။ အဘိုးအိုလည်း များစွာ ဝမ်းမြောက်သွားပေလိမ့်မည်။

“ဟွန့်... ဟို 'ရှောင်လျို'ဆိုတဲ့ကောင်ကလေ၊ သိသိသာသာကြီး မြင်းတစ်ကောင်ကို ညစ်ပြီး စားသွားတာကို အခုထိ ဝန်မခံသေးဘူး” အဘိုးအိုသည် ဒရိုင်ဘာက လိုက်ပို့ပေး၍ ပြန်ရောက်လာသည့်တိုင် မကျေမနက် တတွတ်တွတ် ရေရွတ်နေဆဲ ဖြစ်သည်။ “နောက်တစ်ခါတော့ အဲဒီ ကလေးကလားနဲ့ မကစားတော့ဘူး”

အဘိုးအို၏ ပါးစပ်ဖျားမှ “ကလေးကလား ရှောင်လျို” ဆိုသူမှာပင် အသက် ၆၀ ကျော်နေပြီ ဖြစ်သည်။ သို့သော် အဘိုးအိုနှင့် ယှဉ်လျှင်မူ ကလေးငယ်တစ်ဦးကဲ့သို့ပင်။ ဖုန်းယွီ၏ အကြီးဆုံးဘကြီးသည်ပင် ထို “ရှောင်လျို” နှင့် အသက်ချင်း မတိမ်းမယိမ်း ရှိသည်။

“အဖေ... သူ့ကို စိတ်ထဲမထားပါနဲ့၊ အဖေ နိုင်ရင် ပြီးတာပါပဲ” ဖုန်းရှင်းထိုက်က ဝင်ပြောသည်။

“ဖယ်စမ်းပါ... သူက ညစ်နေတာကို မပြောဘဲ နေရမလား!”

လီနာက ချက်ချင်းပင် အနားသို့ တိုးသွားကာ ချိုသာသောလေသံဖြင့် နှုတ်ဆက်လိုက်သည်။ “အဘိုး... ပြန်လာပြီလား”

ဖုန်းယွီက ဘေးမှနေ၍ ခေါင်းခါယမ်းလိုက်မိသည်။ အဘိုးအို ရှုံးလာသည်မှာ ထင်ရှားလှသည်။ အကယ်၍ နိုင်လာခဲ့ပါက “ဟို ရှောင်လျိုက ညစ်တာတောင် ငါ့ကို မနိုင်ပါဘူးကွာ” ဟု ကြွားဝါနေပေလိမ့်မည်။ အဖေဖြစ်သူကတော့ အခြေအနေကို မရိပ်မိဘဲ ဖားတာ လွဲသွားချေပြီ။

လီနကို မြင်လိုက်ရသည်နှင့် အဘိုးအို၏ မျက်နှာမှာ ချက်ချင်းပင် ပြုံးရွှင်သွားကာ ဆိုသည်။ “အေး... ပြန်လာပြီ။ နန... မြန်မြန် ထိုင်၊ သတိထားဦးနော်။ အဘိုးက ကျန်းမာရေးကောင်းတုန်းပါ၊ တွဲစရာ မလိုပါဘူး”

မြစ်ချွေးမလေးကို မြင်ရသည်နှင့် သူ အလွန်ပင် ကျေနပ်သွားရသည်။ မိသားစု မျိုးဆက်သစ်တွေ တိုးပွားတော့မည် မဟုတ်ပါလား။ အမွှာဆိုသည်မှာ အလွန်ပင် ခဲယဉ်းလှသည်။ သူနှင့်အတူ စစ်တုရင်ကစားသည့် အဖွဲ့ထဲတွင် မည်သူ့ချွေးမ၊ မည်သူ့မြစ်ချွေးမမျှ အမွှာမမွေးဖူးကြပေ။

ဟွန့်... သူတို့က ဘာဆေးနည်းရှိလဲလို့ လာမေးကြသေးတယ်။ အဲဒါ ငါတို့ ဖုန်းမိသားစုရဲ့ မျိုးရိုးက ကောင်းလွန်းလို့ကွ ဟု အဘိုးအိုက စိတ်ထဲမှ ကြုံးဝါးနေမိသည်။

“အဘိုး... သူ့လိုလူကို စိတ်ထဲမထားပါနဲ့” လီနက ဆက်ပြောသည်။

“ဟုတ်တယ်၊ ငါက ကလေးတစ်ယောက်နဲ့ အငြင်းအခုန် မလုပ်ချင်ပါဘူး။ နောက်တစ်ခါကျရင် သူ ဘယ်လောက်ပဲ ညစ်ညစ် ငါ မမြင်ချင်ယောင် ဆောင်ပေးလိုက်မယ်၊ ပြီးတော့မှ သူ့ကို တစ်ပွဲတည်းနဲ့ အပြတ်အသတ် နှိမ်နင်းပြလိုက်မယ်!” အဘိုးအိုက ဇွဲရှိရှိ ပြောလိုက်သည်။

“ဟုတ်သားပဲ အဘိုး။ ခုနက ဖုန်းယွီနဲ့ ပြောနေတာလေ... အဘိုးရဲ့ မြစ်ကလေးတွေအတွက် နာမည်ပေးဖို့ကိစ္စလေ၊ အဘိုးက ဘယ်လိုနာမည်မျိုး မှည့်ပေးရင် ကောင်းမလဲဟင်”

“အဘိုးက စာအများကြီး မတတ်ပါဘူးကွာ၊ ပညာလည်း မရှိပါဘူး။ မင်းရဲ့ ဘကြီးနဲ့ မင်းယောက္ခမ နာမည်တွေကိုတောင် လူငှားပြီး မှည့်ခိုင်းခဲ့ရတာ။ ငါတို့အိမ်မှာ မင်းက ပညာအတတ်ဆုံးပဲ၊ မင်းဘာသာ မှည့်လိုက်တာက အကောင်းဆုံးပါပဲ” အဘိုးအိုက ပြုံးလျက် ငြင်းပယ်သည်။

“အဲလိုတော့ မလုပ်ပါနဲ့ အဘိုးရယ်။ အဘိုးက ကလေးတွေရဲ့ ဘိုးဘွားအစဉ်အဆက်ထဲမှာ အကြီးဆုံးပဲလေ၊ ကလေးတွေရဲ့ နာမည်ကို အဘိုးကပဲ အတည်ပြုပေးရမှာပေါ့။ ဒါမှမဟုတ် နာမည်ထဲက စာလုံးတစ်လုံးလောက်ကို အဘိုးက မှည့်ပေးပါလား။ ကျွန်မနဲ့ ဖုန်းယွီက ကျန်တဲ့တစ်လုံးကို ထပ်တိုးပြီး နာမည်တစ်ခု ဖြစ်အောင် လုပ်လိုက်ပါ့မယ်”

“တကယ်လား။ ဒါဆိုရင်တော့ ငါ သေချာ စဉ်းစားရမှာပေါ့” အဘိုးအိုမှာ ပီတိအပြည့်ဖြင့် ပါးစပ်ပင် မစိနိုင်တော့ပေ။ မြစ်ချွေးမလေးက သူ့ကို ဤမျှအထိ ယုံကြည်အားကိုးသဖြင့် သူ အလွန်ပင် ပျော်ရွှင်သွားရသည်။

ဖုန်းယွီက ဘေးမှနေ၍ လီနာ့ကို လက်မထောင်ပြလိုက်သည်။ စကားအနည်းငယ်ဖြင့်ပင် အဘိုးအိုကို ဤမျှအထိ ပျော်အောင် လုပ်နိုင်သည်မှာ မလွယ်ကူပေ။ စိတ္တဗေဒပညာကို လေ့လာထားသူပီပီ လူမှုဆက်ဆံရေး ဉာဏ်ရည် (EQ) မှာ အလွန်ပင် မြင့်မားလှသည်။

ဖုန်းရှင်းထိုက်သည် ဘေးမှနေ၍ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လိုက်ရသည်။ သူလည်း လီနက ပညာတတ်ဖြစ်သဖြင့် အမည်ပေးသည့်ကိစ္စတွင် ဝင်မပါရန် ဆုံးဖြတ်ထားသော်လည်း၊ စာလုံးတစ်လုံးတည်း မှည့်ခိုင်းရမည်ကို သူ မစဉ်းစားမိခဲ့ပေ။ သို့သော် ဤအခွင့်အရေးမှာ အဘိုးအိုထံသို့ ရောက်ရှိသွားပြီဖြစ်ရာ သူက ဝင်လုရန် မဝံ့ပေ။ အဘိုးအို၏ လက်ထဲက တောင်ဝှေးမှာ လှည့်ပတ်၍ ရိုက်နှက်ရန် အသင့်ရှိနေသည် မဟုတ်ပါလား။

ထို့နောက် အဘိုးအိုသည် စာကြည့်ခန်းထဲသို့ ဝင်သွားကာ အတန်ကြာအောင် ရှာဖွေပြီးနောက် “ရှင်းဟွာ အဘိဓာန်” တစ်အုပ်ကို ဆွဲထုတ်လာသည်ကို ဖုန်းယွီ မြင်လိုက်ရသည်။

ဟာ... နာမည်ပေးဖို့ကို အဘိဓာန်အထိ လှန်နေရမှာလား။

ဖုန်းယွီသည် အဘိုးကို စာလုံးတစ်လုံး မှည့်ခိုင်းလိုက်ခြင်းမှာ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်လေမလားဟု စတင်စိုးရိမ်လာမိသည်။ သို့သော်လည်း စာလုံးတစ်လုံးတည်းဆိုတော့ ဘယ်လောက်အထိ လွဲနိုင်မှာမို့လို့လဲဟု ပြန်လည် ဖြေတွေးလိုက်သည်။ အမည်ကောင်းတစ်ခု ဖြစ်လာရန် လီနက သေချာပေါက် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

မိနစ်သုံးဆယ်ခန့်အကြာတွင် ဖုန်းယွီ၏ မိခင်က အဘိုးအိုအား ထမင်းစားရန် လှမ်းခေါ်မှသာ အဘိုးအိုသည် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ လက်ထဲတွင် စက္ကူတစ်ရွက်ကို ကိုင်ထားပြီး လီနာ့ရှေ့သို့ ချပေးလိုက်လေသည်။

“နန... ဒီစာလုံးလေးတွေ အားလုံးက ကောင်းတယ်လို့ ငါထင်တယ်။ အားလုံးက မွန်မြတ်တဲ့ စာလုံးတွေချည်းပဲ၊ မင်း တစ်ချက်ကြည့်ပါဦး ဘယ်ဟာက အသင့်တော်ဆုံး ဖြစ်မလဲလို့”

ဖုန်းယွီသည် လည်ပင်းကို ဆန့်၍ လှမ်းကြည့်လိုက်သည့်အခါ ဟား… စက္ကူတစ်ရွက်လုံး အပြည့် ရေးထားသည့် စာလုံးများကို တွေ့လိုက်ရသည်။ ဤသည်ကို “စာလုံးအနည်းငယ်” ဟု ခေါ်နိုင်ပါဦးမလား။

အဘိုးကတော့ မျိုးဆက်ပေါင်း ဆယ်ဂဏန်းစာအတွက် စာလုံးတွေ အကုန် ရှာထားပုံပဲ။

ဖုန်းယွီသည် လီနကို အားကိုးတကြီး ကြည့်လိုက်သည်။ အဘိုးကို စာလုံးတစ်လုံး တောင်းလိုက်ရာမှ စာလုံးပေါင်း ဒါဇင်ဝက်ခန့် ထွက်လာသည်ဖြစ်ရာ ယခု ဘယ်လိုလုပ်မည်နည်း။

လီနသည် စာရွက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ စာလုံးအချို့ကို လက်ညှိုးထိုးပြကာ အဘိုးကို ပြောလိုက်သည်။ “အဘိုး... ဒီစာလုံးလေးတွေ ဘယ်လိုနေလဲ။ (တည်ဆောက်ခြင်း)၊ (ကိုယ်ကျင့်တရား)၊ (ဖြစ်တည်ခြင်း)၊ (ပညာရှိ/သူတော်စင်)၊ (ကျင့်ကြံခြင်း)၊ (ပညာသင်ယူခြင်း)၊ (အောင်မြင်ခြင်း)၊ (မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်း)။ ဒီစာလုံးတွေကို ဆက်လိုက်ရင် 'ကိုယ်ကျင့်တရားကို တည်ဆောက်၍ သူတော်စင် ဖြစ်စေရန်၊ ပညာကို ဆည်းပူး၍ မိမိကိုယ်ကိုယ် ထိန်းချုပ်ရန်' လို့ အဓိပ္ပာယ် ရပါတယ်။ ဒါဟာ ရှေးဟောင်း ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်တွေပဲ မဟုတ်လား။ နောင်ကျရင် ဒါကိုပဲ ကျွန်မတို့ မိသားစုရဲ့ မျိုးရိုးစဉ်ဆက် မှတ်တမ်းအဖြစ် သတ်မှတ်လို့ ရတာပေါ့”

“ကောင်းတယ်... သိပ်ကောင်းတာပဲ။ ဒီစာလုံးတွေက တကယ်ကို အဓိပ္ပာယ်ရှိတယ်။ မင်းကတော့ တကယ်ကို ပညာရှိတာပဲ။ ငါတို့အိမ်မှာ မျိုးရိုးစဉ်ဆက် မှတ်တမ်းတစ်ခု ရှိလာတော့မယ်” အဘိုးအိုသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာမှာ ရဲတက်လာတော့သည်။

ဖုန်းယွီသည် လီနကို ဘာမှမပြောနိုင်ဘဲ မှင်သက်စွာ ကြည့်နေမိသည်။ မင်းကတော့ တကယ်ကို ချဲ့ကားပြောနိုင်တာပဲ။ သို့သော် ထိုစာလုံးအမြောက်အမြားထဲမှ စာလုံးရှစ်လုံးကို ရွေးထုတ်ကာ အဓိပ္ပာယ်ရှိအောင် ဆက်စပ်ပြနိုင်သည်မှာ မလွယ်ကူလှပေ။ အရေးကြီးဆုံးမှာ အဘိုးအိုကိုပါ ကျေနပ်အောင် လုပ်နိုင်ခြင်း ဖြစ်သည်။

မျိုးရိုးစဉ်ဆက် မှတ်တမ်းကိစ္စမှာမူ အဘိုးအို ပျော်လျှင် ပြီးတာပါပဲ။ ထိုသို့ဆိုလျှင် နောင်တွင် သူ၏ သားနှင့် သမီး၏ အမည်မှာ ဖုန်းလီ...ဟု အစပြုပေတော့မည်။ ဘာပဲဖြစ်ဖြစ် “ဖုန်းကုန်း” (Feng Gong - နာမည်ကြီး ဟာသသရုပ်ဆောင်) ဟု အမည်မတွင်လျှင်ပဲ တော်ပါပြီ။

******

အခန်း (၁၂၈၅) ပြည်တွင်းဖြစ်လည်း အဆင်ပြေပါတယ်

“လာပါ မိန်းမရာ... ပန်းသီးလေး စားလိုက်ဦး”

လီနသည် ဖုန်းယွီ ကမ်းပေးလာသော ပန်းသီးကို ကြည့်ရင်း အံ့အားသင့်သွားမိသည်။ ပန်းသီးတစ်လုံးကို အခွံနွှာလိုက်သည်မှာ အသား၏ ထက်ဝက်ခန့်ပင် ပါသွားလေရာ၊ သူ၏ အခွံနွှာသည့် အတတ်ပညာမှာ တကယ့်ကို အံ့မခန်းပါပေဟု စိတ်ထဲမှ ကျီစယ်လိုက်မိသည်။

“ရှင်ပဲ စားလိုက်ပါတော့၊ ကျွန်မ တကယ်ကို ထပ်စားလို့ မရတော့ဘူး” လီနာက ပြုံးလျက် ငြင်းပယ်လိုက်သည်။

ဖုန်းယွီသည်လည်း အတင်းအကျပ် မလုပ်တော့ဘဲ သူ ကိုယ်တိုင်ပင် ထိုအခွံနွှာပြီးသား ပန်းသီးကို အားရပါးရ နှစ်ချက်၊ သုံးချက်မျှ ဝါးစား၍ အပြတ်ရှင်းလိုက်လေသည်။

“နောက်ရက်အနည်းငယ်ကြာရင် ငါ ရုရှားကို တစ်ခေါက် သွားရမယ်၊ အဲဒီကမှတစ်ဆင့် အမေရိကန်ကိုပါ ဆက်သွားဖို့ ရှိတယ်”

“အင်း... ရှင် အိမ်မှာ ကျွန်မအနားမှာ နေပေးခဲ့တာလည်း တော်တော်ကြာနေပြီပဲ။ စီးပွားရေးကိစ္စတွေမှာ ကျွန်မက ရှင့်ကို မကူညီနိုင်ဘူးလေ” လီနာက နားလည်မှုရှိရှိဖြင့် ပြန်ပြောရှာသည်။

“စိတ်ချပါ၊ အသွားအပြန်က ခဏလေးပါပဲ။ တစ်ပတ်၊ ဆယ်ရက်လောက်ဆိုရင် အားလုံးပြီးမှာပါ”

ရုရှားသို့ သွားရမည့် အကြောင်းရင်းမှာ ကီရီလန်ကို၏ ရင်သွေးငယ် တစ်လပြည့်အထိမ်းအမှတ်ပွဲ ရှိနေသောကြောင့် ဖြစ်သည်။ ရုရှားတွင်လည်း ထိုကဲ့သို့ တစ်လပြည့်ပွဲ ကျင်းပသည့်ဓလေ့ ရှိနေသလားဟု ဖုန်းယွီ တွေးတောနေမိသည်။ ဖြစ်နိုင်သည်မှာ ဟိုဖုန်းရွှေဆရာ၏ အကြံပေးချက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ တစ်လက်စတည်းတွင် ရုရှားရှိ သူ၏ စီးပွားရေး လုပ်ငန်းများကိုလည်း သူ လှည့်လည် ကြည့်ရှုရဦးမည်။ အဲဒီမှာလည်း အွန်လိုင်း ဈေးဝယ်စင်တာလုပ်ငန်းတွေ စတင်နေပြီဖြစ်ရာ မည်မျှအထိ တိုးတက်နေပြီလဲဆိုသည်ကို သူ သိလိုလှသည်။

သေချာပေါက် နိုင်ငံတစ်ခုနှင့်တစ်ခု အခြေအနေချင်း မတူညီနိုင်သဖြင့် ဖုန်းယွီ၏ အတွေ့အကြုံများမှာ အမြဲတမ်း မှန်ကန်နေမည် မဟုတ်သော်လည်း၊ ကီရီလန်ကိုတို့ အဖွဲ့အတွက် အကိုးအကား ပြုနိုင်ရန် အကြံပြုချက်အချို့တော့ သူ ပေးနိုင်မည် ဖြစ်သည်။

အမေရိကန်သို့ သွားရမည့် ကိစ္စမှာမူ ယခုနှစ် NBA (အမေရိကန် ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော လိဂ်) ဖိုင်နယ်ပွဲစဉ်များ ကျင်းပတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ လက်ရှိတွင် Spurs အသင်းနှင့် ၂ ပွဲ ၁ ပွဲ ရလဒ်ဖြင့် ယှဉ်ပြိုင်နေရပြီး ဖိုင်နယ်သို့ တက်လှမ်းရန် မျှော်လင့်ချက် အလွန်ကြီးမားနေသည်။ အရှေ့ဘက်ခြမ်းတွင်မူ Pacers အသင်းသည် Nets အသင်း၏ အနိုင်ယူခြင်းကို ခံရတော့မည့် အခြေအနေတွင် ရှိနေသည်။

ယမန်နှစ်က ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည့် Lakers အသင်းမှာမူ ယခုနှစ်တွင် စပါးစ်အသင်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။ အရင်ဘဝက သမိုင်းကြောင်းအတိုင်း “Super F4” (ကြယ်ပွင့်လေးဦး ပေါင်းစည်းမှု) ကို မြင်တွေ့ရဦးမလားဆိုသည်မှာမူ စောင့်ကြည့်ရပေဦးမည်။

ကီရီလန်ကိုကမူ အရှက်အကြောက်မရှိဘဲ - “ဒီတစ်ခါ ဖိုင်နယ်မှာ ပထမ ၆ ပွဲကို တစ်ဖက် ၃ ပွဲစီ နိုင်အောင် ညှိပြီး ကစားကြရအောင်၊ ကျန်တဲ့ ၇ ပွဲမြောက်ကျမှ တကယ့်အစွမ်းပြပြီး တစ်ပွဲတည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့” ဟု ဟာသလုပ်၍ ဆိုနေသေးသည်။

ထိုသို့ဆိုလျှင် ၇ ပွဲပြည့်အောင် လက်မှတ်ရောင်းရမည်ဖြစ်ရာ အားလုံးအတွက် ဝင်ငွေ ပိုရမည် မဟုတ်ပါလား။ ပွဲက ကြည့်ကောင်းနေသရွေ့ မည်သူမျှ ဝေဖန်နိုင်မည် မဟုတ်ပေ။

အသင်းက ဖိုင်နယ် တက်သွားပြီဖြစ်ရာ၊ ဖုန်းယွီသည်လည်း ကွင်းအတွင်းသို့ ကိုယ်တိုင်သွားရောက်ကာ ကစားသမားများကို အားပေးစကား ပြောကြားရန် ရည်ရွယ်ထားသည်။ အဓိကအားဖြင့်မူ ၎င်းတို့အား လမ်းညွှန်ချက်ပေးရန် ဖြစ်သည်။ “လျှော့ပေးရမည့်အချိန်တွင် လျှော့ပေးရမည်၊ တစ်ဖက်လူက အခွင့်အရေး ပေးလာသည့်အချိန်တွင်မူ အမိအရ ဖမ်းဆုပ်ရမည်” ဆိုသည့်အချက်ပင် ဖြစ်သည်။

ထို့ပြင် ဖုန်းယွီသည် Amazonသို့လည်း သွားရောက် ကြည့်ရှုလိုသည်။ လက်ရှိတွင် Amazonသည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး ကမ္ဘာ့အကြီးဆုံး B2C အွန်လိုင်း ဈေးဝယ်စင်တာကြီး ဖြစ်နေပြီဖြစ်သည်။ Amazonတွင် မည်သည့် အနှောင့်အယှက်မှ မရှိစေရန် ဖုန်းယွီက လိုလားသည်။

Amazon၏ တိုးတက်မှုနှုန်းမှာ အရင်ဘဝကထက်ပင် ပိုမိုမြန်ဆန်နေသည်။ ထို့ပြင် စတော့ဈေးကွက် ပျက်စီးမှုဒဏ်ကိုလည်း မခံစားခဲ့ရပေ၊ အကြောင်းမှာ Amazonသည် ယခုအချိန်အထိ စတော့အိတ်ချိန်းတွင် စာရင်းမဝင်သေးသောကြောင့် ဖြစ်သည်။ ဤအချက်ကပင် ရင်းနှီးမြှုပ်နှံသူများအား Amazon၏ IPO (ရှယ်ယာဦးဦးဖျားဖျား ရောင်းချခြင်း) ကို ပိုမို မျှော်လင့်တကြီး စောင့်စားစေခဲ့ခြင်း ဖြစ်သည်။

Amazonအနေဖြင့် ပြည်ပသို့ နယ်မြေချဲ့ထွင်မည်ဆိုပါက သေချာပေါက် ရှယ်ယာရောင်းချကာ ရန်ပုံငွေ ရှာဖွေရပေလိမ့်မည်၊ မဟုတ်ပါက ရန်ပုံငွေ လုံလောက်မည် မဟုတ်ပေ။ သို့သော် ရင်းနှီးမြှုပ်နှံသူများကမူ Amazonသည် စာရင်းမဝင်ဘဲ သီးသန့်ရန်ပုံငွေရှာမည်ကို စိုးရိမ်နေကြသည်။ သို့သော် ထိုသို့ဖြစ်ရန် အလားအလာ နည်းပါးလှသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေသားအဖြစ် ပြန်လည်ထုတ်ယူလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ အမြတ်ဝေစုကိုသာ ထိုင်စောင့်နေမည်ဆိုပါက ရင်းနှီးထားသည့် အရင်းကျေရန် မည်မျှအထိ ကြာမြင့်မည်နည်း။

ပုံမှန်အားဖြင့် မဲပေးပိုင်ခွင့်ရှိသည့် ရှယ်ယာရှင်များမှလွဲ၍ ကျန်သည့်ရှယ်ယာရှင်အားလုံးမှာ ရှယ်ယာများကို ပြန်လည်ရောင်းချကာ အမြတ်ထုတ်ယူလိုကြသည်မှာ သဘာဝပင်။

ကုမ္ပဏီကို စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းခြင်းသည်သာ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်အစွန်း အမြန်ဆုံးနှင့် အများဆုံး ရရှိနိုင်မည့် လမ်းစပင် ဖြစ်သည်။

Amazonသည် သေချာပေါက် စာရင်းဝင်လာမည် ဖြစ်သော်လည်း၊ အခုချက်ချင်းတော့ မဟုတ်ပေ၊ အနည်းဆုံးတော့ ယခုနှစ်အတွင်း ဖြစ်မည်မဟုတ်ပေ။ ဘီဇော့စ်သည် ခါမီဒါ မာဆာအို၊ ဖုန်းယွီတို့နှင့် တိုင်ပင်ပြီးနောက် လာမည့်နှစ်တွင် စာရင်းတင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကုမ္ပဏီသည် ချေးငွေများဖြင့် နယ်မြေချဲ့ထွင်နိုင်သလို၊ နောက်ပိုင်း စာရင်းဝင်၍ ရရှိလာသော ရန်ပုံငွေများဖြင့် ထိုချေးငွေများကို ပြန်ဆပ်ကာ ကျန်သည့်ငွေဖြင့် ဆက်လက် တိုးချဲ့သွားနိုင်မည် ဖြစ်သည်။

ဈေးကွက်ကို ချုပ်ကိုင်နိုင်ပြီးသည့်အခါ အမြတ်အစွန်းများမှာ သဘာဝအလျောက် စီးဝင်လာပေလိမ့်မည်။ ယခုအချိန်တွင် အမြတ်ကိုသာ အာရုံစိုက်ပြီး ဈေးကွက်ချဲ့ထွင်မှုကို လျစ်လျူရှုထားမည်ဆိုပါက၊ အနာဂတ်တွင် ဈေးကွက်ကို ပြန်လည် လုယူရန်မှာ မလွယ်ကူတော့ပေ။

ပြောရလျှင် လက်ရှိ အကျိုးအမြတ်ကို စွန့်လွှတ်ကာ ရေရှည် အကျိုးစီးပွားကို ရှာဖွေခြင်းပင် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် လောလောဆယ်တွင် အမြတ်ကို မြင်တွေ့ရမည်မဟုတ်သလို၊ ကုမ္ပဏီ၏ အမြတ်နှုန်းမှာလည်း အလွန် နည်းပါးနေပေလိမ့်မည်။

ကံကောင်းသည်မှာ ယခုအချိန်တွင် အင်တာနက် ကုမ္ပဏီအများစုမှာ အရှုံးပေါ်နေကြချိန် ဖြစ်သည်။ Amazonအနေဖြင့် အမြတ်အနည်းငယ်နှင့် အမြတ်နှုန်း တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခြင်းကပင် တကယ့်ကို ခဲယဉ်းလှသော အောင်မြင်မှု ဖြစ်နေသည်။

ဖုန်းယွီသည် ဘီဇော့စ်၏ စီမံခန့်ခွဲမှုအပေါ် အလွန် ကျေနပ်အားရမိသည်။ သေချာပေါက် ဖုန်းယွီသည်လည်း ဘီဇော့စ်အား အပြည့်အဝ ထောက်ခံပေးထားသည်။ အဆင့်မြင့် အရာရှိများကို ရာထူးတိုးပေးခြင်း ကိစ္စရပ်များကို ဘီဇော့စ်ကသာ ဆုံးဖြတ်သည်။ ရဲလ်ဖ်သည် Amazonတွင် ဒါရိုက်တာအဖြစ် အမည်ခံထားစေကာမူ ၎င်းမှာ ဆက်သွယ်ရ လွယ်ကူစေရန်အတွက်သာ ဖြစ်ပြီး၊ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုပိုင်းတွင်မူ မည်သည့်အခါမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။

ဖုန်းယွီ ရုရှားသို့ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် ဒါရိုက်တာဖန်းထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု ရောက်လာသည်။

“မန်နေဂျာဖုန်း... ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား အကူအညီတောင်းထားတဲ့ ကိစ္စက ပြဿနာ အနည်းငယ် ရှိနေတယ်”

“ဘာလဲ... ကျွန်တော့်အတွက် တစ်လုံးလောက် ယူပေးလို့ မရဘူးလား။ ဒါဆိုရင်လည်း ထားလိုက်ပါတော့၊ ကျွန်တော်ပဲ Sinosat ကုမ္ပဏီနဲ့ တိုက်ရိုက် ဆက်သွယ်လိုက်မယ်။ ဂြိုဟ်တု လွှတ်တင်တဲ့ ကိစ္စကိုလည်း နိုင်ငံခြားမှာပဲ လုပ်ခိုင်းလိုက်တော့မယ်”

ဖုန်းယွီ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူသည် အထက်လူကြီးများအား အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးသည် မဟုတ်ပါလား။ ယခု သူ အကူအညီ တစ်ခုလောက် တောင်းသည်ကိုပင် ဘာကြောင့် မရနိုင်ရသနည်း။

“မန်နေဂျာဖုန်း... ကျွန်တော် ပြောတာကို အဆုံးထိ နားထောင်ပါဦး။ ပြဿနာက အထက်လူကြီးတွေက မကူညီချင်တာ မဟုတ်ပါဘူး၊ 'ဆင်းနိုး' ကုမ္ပဏီရဲ့ ဂြိုဟ်တု အော်ဒါတွေက သုံးနှစ်စာလောက် ပြည့်နေလို့ပါ၊ ခင်ဗျားအတွက် ကြားဖြတ် ထည့်ပေးဖို့က မဖြစ်နိုင်လို့ပါ။ နိုင်ငံတော်က မှာထားတဲ့ ဂြိုဟ်တုတွေကလည်း အသုံးပြုမယ့်နေရာတွေ သတ်မှတ်ပြီးသားမို့လို့ ခင်ဗျားအတွက် ဖယ်ပေးလို့ မရဘူးဖြစ်နေတာ။ ဒါပေမဲ့ အထက်က ပြောတာကတော့... ခင်ဗျားကို လှိုင်းနှုန်းစဉ် နှစ်ခုကို စျေးပေါပေါနဲ့ ငှားပေးလို့ ရပါတယ်တဲ့”

“လှိုင်းနှုန်းစဉ် နှစ်ခုပဲလား။ နည်းလွန်းတယ်၊ မလုံလောက်ပါဘူး။ ဒါဆိုရင်တော့ ထားလိုက်ပါတော့၊ ကျွန်တော် တခြားလူဆီမှာပဲ ရှာလိုက်တော့မယ်။ စျေးကြီးရင်လည်း ခံရမှာပေါ့၊ ဒါပေမဲ့ အဆင်ပြေပါတယ်” ဖုန်းယွီသည် ကီရီလန်ကိုအား ထပ်မံအကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ စျေးသက်သာမည် မဟုတ်သော်လည်း ကြားဖြတ် အော်ဒါအဖြစ် ထည့်သွင်းကာ ဂြိုဟ်တုကို စောစီးစွာ လွှတ်တင်နိုင်လိမ့်မည် ဖြစ်သည်။

“မန်နေဂျာဖုန်း... နောက်ထပ် ဒုတိယ နည်းလမ်းတစ်ခု ရှိပါသေးတယ်။ 'တုန်းဖန်းဟုန် အမှတ် (၃)' ဂြိုဟ်တုပါ၊ သူ့မှာ လှိုင်းနှုန်းစဉ်တွေက ပိုများတယ်ဗျ။ ဆင်းနိုး ဂြိုဟ်တုမှာ ၁၄ ခုပဲ ပါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ၁၈ ခု ပါပါတယ်။ ခင်ဗျား စိုးရိမ်နေတာက သူ့ရဲ့ သက်တမ်းက ၈ နှစ်ပဲ ရှိလို့ မဟုတ်လား။ ဒါပေမဲ့ ပြန်တွက်ကြည့်ရင် အတော်လေး တွက်ခြေကိုက်ပါတယ်။ ပြီးတော့ အထက်လူကြီးတွေက ကတိပေးထားပါတယ်... ခင်ဗျားသာ ဒီ 'တုန်းဖန်းဟုန် အမှတ် (၃)' ကို ဝယ်မယ်ဆိုရင်၊ နောက်ကျရင် 'တုန်းဖန်းဟုန် အမှတ် (၄)' ကိုပါ သီးသန့် အော်ဒါမှာခွင့် ပေးပါ့မယ်။ အခု ဂြိုဟ်တု သက်တမ်းကုန်တဲ့အချိန်ကျရင် အမှတ် (၄) က အသင့်ဖြစ်နေမှာဖြစ်ပြီး၊ သူ့ရဲ့ သက်တမ်းကတော့ ၁၅ နှစ် ဖြစ်သွားပါပြီ”

“နောက်ပြီးတော့ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တုကို သုံးမယ်ဆိုရင်၊ ဝန်ဆောင်မှု အားလုံးကို ကျွန်တော်တို့ တာဝန်ယူပေးမှာဖြစ်လို့ နိုင်ငံခြားက ဝယ်တာထက် အများကြီး ပိုတွက်ခြေကိုက်ပါတယ်။ ပစ္စည်းကလည်း အဆင်သင့် ရှိနေတာဆိုတော့၊ ခင်ဗျားသာ သဘောတူရင် လာမည့်လမှာတင် လွှတ်တင်ပေးလို့ ရပါတယ်။ တစ်ရက်စောပြီး သုံးရလေလေ၊ တစ်ရက်စောပြီး ငွေရှာနိုင်လေလေ မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ လွှတ်တင်ခကလည်း နည်းပညာကောင်းတဲ့ နိုင်ငံတွေထဲမှာ အသက်သာဆုံးပဲ။ ဒီတစ်ခါ နိုင်ငံတော်ရဲ့ ဂြိုဟ်တုနှစ်လုံးနဲ့အတူ တွဲပြီး လွှတ်တင်မှာဆိုတော့ အောင်မြင်ဖို့ကလည်း ရာနှုန်းပြည့် သေချာပါတယ်”

ကံကောင်းချင်တော့ နိုင်ငံတော်သည် ဆက်သွယ်ရေး ဂြိုဟ်တုများကို ဆက်တိုက် လွှတ်တင်ရန် ရှိနေသဖြင့် ဖုန်းယွီ၏ ဂြိုဟ်တုကိုပါ “ဒုံးပျံတစ်စင်း-ဂြိုဟ်တုအမြောက်အမြား” စနစ်ဖြင့် တွဲဖက် လွှတ်တင်ပေးနိုင်မည် ဖြစ်သည်။

မူလက ဤဂြိုဟ်တုသည် နိုင်ငံခြား ကုမ္ပဏီတစ်ခုက အော်ဒါမှာထားခြင်း ဖြစ်သော်လည်း၊ ထိုကုမ္ပဏီသည် နောက်ပိုင်းတွင် အမေရိကန် ဂြိုဟ်တုကို ပြောင်းလဲဝယ်ယူခဲ့သဖြင့် ဝန်ဆောင်မှု ပျက်ကွက်ကြေးကို ပေးဆောင်ကာ အော်ဒါကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

သိသာလှသည်မှာ ဤသည်မှာ အမေရိကန် ကုမ္ပဏီများ၏ နောက်ကွယ်မှ နှောင့်ယှက်မှုဖြစ်ပြီး တရုတ်နိုင်ငံ၏ဂြိုဟ်တုလုပ်ငန်းကို အထီးကျန်အောင် လုပ်ဆောင်လိုခြင်း ဖြစ်သည်။

ဤသို့ဖြင့် အမှတ်မထင်ပင်၊ ဂြိုဟ်တု အမြန်လိုချင်နေသော ဖုန်းယွီအတွက် အခွင့်ကောင်းကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီ ခေတ္တမျှ စဉ်းစားလိုက်သည်။ သက်တမ်းမှာ အနည်းငယ် တိုတောင်းစေကာမူ၊ လှိုင်းနှုန်းစဉ် ၄ ခု ပိုမိုပါရှိနေသဖြင့် အမြတ်အစွန်းမှာလည်း သိသိသာသာ ပိုထွက်လာမည် ဖြစ်သည်။ ထို့ပြင် အရင်းအနှီးမှာလည်း ပိုမို သက်သာနေသဖြင့် အရှုံးမရှိပေ။

အရေးကြီးဆုံးအချက်မှာ နိုင်ငံတော်က သူ့အတွက် “တုန်းဖန်းဟုန် အမှတ် (၄)” ကို သီးသန့် ထုတ်လုပ်ပေးရန် သဘောတူထားခြင်းဖြစ်ရာ အနာဂတ်အတွက် စိုးရိမ်စရာ မရှိတော့ပေ။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ရအောင်။ ဒီလမှာ ကျွန်တော် အလုပ်များနေလို့၊ 'ဖုန်းယွီHolding' ရဲ့ ခါမီဒါ မာဆာအိုကိုပဲ စာချုပ်လာချုပ်ခိုင်းလိုက်မယ်။ ဂြိုဟ်တု ကောင်းကင်ပေါ် ရောက်တာနဲ့ ကျန်တဲ့ငွေကို ချက်ချင်း အကျေပေးချေပါ့မယ်”

...

******

All Chapters