← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁) သွားပြီ ငါက အစားထိုးခံ ဖြစ်သွားပြီ

"ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်"

အကျဉ်းသားနှစ်ဦးသည် ကျန်းဝူကျိနှင့် အခြားသူများ မိမိတို့အား ကြည့်နေသည်ကို မြင်သောအခါ ကြောက်ရွံ့တုန်ရင်စွာဖြင့် ချက်ချင်း ဒူးထောက်၍ ဂိုဏ်းချုပ်ကျန်းကို ဦးချကြလေသည်။ ၎င်းတို့သည် ဓားမိုးကာ အသက်ရှင်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်သားများ ဖြစ်ကြသော်လည်း ကျန်းဝူကျိကဲ့သို့ သိုင်းလောက၏ ထိပ်တန်းခေါင်းဆောင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ နေမင်းကို မြင်လိုက်ရသည့် ပိုးစုန်းကြူးများကဲ့သို့ ဖြစ်နေတော့သည်။

ကျန်းဝူကျိသည် ၎င်းတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြီး "ကောင်းတယ် ဒီအစားထိုးတွေကို သေချာ ရွေးချယ်ထားတာပဲ" ဟု ပြောလိုက်သည်။

မှန်ပေသည်၊ ဤလူနှစ်ယောက်သည် ရှဲ့ရွှန်းအတွက် ရှာဖွေထားသော အစားထိုးများပင် ဖြစ်ကြသည်။ ကျိုးလောင်ဆန်းကို အသုံးပြုခြင်းမှာ ခေတ္တအစီအစဉ်သာ ဖြစ်ပြီး ၎င်းတို့ အစားထိုး မရှာဖွေနိုင်မီမှာပင် ခုန်းကျိက သတင်းဖြန့်လိုက်ခြင်းဖြစ်သည်ဟု ကျန်းဝူကျိက တွေးမိသည်။ သို့သော်လည်း အရေးမကြီးပေ၊ အားနည်းချက်ကို အသာစီးရအောင် ပြောင်းလဲလိုက်ရုံသာ ရှိသည်။

သို့သော် ကျိုးလောင်ဆန်းသည် လူဆိုးတစ်ယောက်မဟုတ်သဖြင့် ၎င်းကို ထိုသို့ အသေခံခိုင်းခြင်းမှာ မတရားသလို ဖြစ်နေပေမည်။ ထို့ပြင် ကျိုးလောင်ဆန်းသည် အတွင်းအားမရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် ဂျပန်ကျွန်းသို့ ပို့လိုက်ပါက သိုင်းလောကသားများ လာရောက် ဒုက္ခမပေးမီ ဂျပန်လူမျိုးများ၏ လက်ချက်ဖြင့် အရင် သေဆုံးသွားနိုင်သည်။ ကျန်းဝူကျိသည် ဂျပန်လူမျိုးများ၏ ရက်စက်မှုကို ဘယ်သောအခါမှ သံသယမရှိခဲ့ပေ၊ ၎င်းတို့သည် လူသားမဆန်သည့် သတ္တဝါများသာ ဖြစ်ကြသည်။

ထို့ကြောင့် ကျန်းဝူကျိသည် နည်းလမ်းသစ်တစ်ခုကို ရွေးချယ်လိုက်သည်။ ကျိုးလောင်ဆန်းအနေဖြင့် ဤကိစ္စအတွက် အသေခံရန် မလိုတော့ပေ။ လူယုတ်မာ တစ်ယောက်ကို ရှာဖွေကာ ဂျပန်ကျွန်းသို့ ပို့ဆောင်ပြီး ထိုနေရာတွင် သောင်းကျန်းခိုင်းလိုက်ရုံသာ ရှိသည်။ ထိုအခါမှ အလယ်ပိုင်းဒေသက သိုင်းပညာရှင်များ ပါဝင်လာနိုင်မည် ဖြစ်ပြီး မည်သူက မည်သူမှန်းလည်း သိနိုင်ကြမည် မဟုတ်ပေ။

အဘယ်ကြောင့် ရာဇဝတ်သားများနှင့် လူယုတ်မာများကို ရွေးချယ်ရသနည်းဆိုလျှင် လူဆိုးကို လူမိုက်နှင့် နှိမ်နင်း ဟူသော စကားအတိုင်းပင် ဖြစ်သည်။ ဤသေဒဏ်ကျ အကျဉ်းသားများသည် ဂျပန်လူမျိုးများနည်းတူ အလွန် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ ၎င်းအပြင် ထိုကဲ့သို့သော လူများသည် များသောအားဖြင့် လက်ရဲဇက်ရဲရှိကြပြီး အတွင်းအားလည်း ရှိကြသဖြင့် ဂျပန်ကျွန်းတွင် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြရန် အကောင်းဆုံးပင် ဖြစ်သည်။

ဤရာဇဝတ်သားများကို ရှာဖွေရသည်မှာလည်း အလွန် လွယ်ကူလှသည်။ ကျောက်မိန်၏ အဆင့်အတန်းဖြင့် အနီးနားရှိ ခရိုင်အသီးသီးမှ ထောင်များကို လိုက်လံ စစ်ဆေးရုံသာ ရှိသည်။ အရာရှိများအားလုံးက ကျောက်မိန်ကို အလွန် ရိုသေကြသဖြင့် ဤအလုပ်မှာ အလွန် ချောမွေ့ခဲ့သည်။ လူနှစ်ယောက်ကို ရွေးချယ်ရခြင်းမှာလည်း ထိုသူနှစ်ဦးမှာ အသင့်တော်ဆုံး ဖြစ်နေသောကြောင့်သာ ဖြစ်သည်။

ထိုလူနှစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ ကျိုးလောင်ဆန်းမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး "သွားပြီ ငါက အစားထိုးခံ ဖြစ်သွားပြီ" ဟု တွေးလိုက်မိသည်။ အသက်မသေရတော့သည်မှာ ကောင်းသော်လည်း ဆိုးကျိုးများကလည်း ရှိနေသည်။ ၎င်းတို့က မိမိကို မလိုအပ်တော့လျှင် ဘယ်လိုလုပ်မလဲ၊ မိမိသား၏ ပညာသင်ယူမှုကရော ဘယ်လိုဖြစ်သွားမလဲ၊ မိမိသားက ဘယ်လိုလုပ် နာမည်ကျော်နိုင်တော့မလဲ၊ ဇနီးသည်ကိုလည်း ကောင်းမွန်သော ဘဝတစ်ခု ပေးပါမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလား။ ဤသည်ကို တွေးမိရင်း ကျိုးလောင်ဆန်း၏ စိတ်အစဉ်မှာ ရှုပ်ထွေးသွားရတော့သည်။

ကျန်းဝူကျိသည် ထိုလူနှစ်ယောက်ကို ကြည့်ကာ ရုတ်တရက် "မင်းတို့ နာမည်တွေက ဘယ်သူတွေလဲ" ဟု မေးလိုက်သည်။

"ဒီအစေခံက ဟီတာ ပါ"

"ဒီအစေခံက ရွှီကွန်း ပါ"

ထိုလူနှစ်ယောက်သည် တုန်တုန်ရီရီဖြင့် မိမိတို့၏ နာမည်များကို ပြောကြသည်။ ကျန်းဝူကျိက ခေါင်းအနည်းငယ် ငြိမ့်ပြကာ လက်ဟန်ပြလိုက်ရာ ရှောင်ကျောက်က စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တို့ကို ချက်ချင်း ယူဆောင်လာပေးသည်။

ကျန်းဝူကျိက စုတ်တံကို ညွှန်ပြကာ "မင်းတို့ နာမည်တွေကို ငါကြည့်ဖို့ ရေးပြကြစမ်း" ဟု အမိန့်ပေးလိုက်သည်။

ကျန်းဝူကျိ၏ အမိန့်ကို ကြားသောအခါ ရွှီကွန်းသည် မျက်နှာပျက်သွားပြီး "ဂိုဏ်းချုပ်ကျန်း ဒီအစေခံက ဆင်းရဲတဲ့ မိသားစုက ကြီးပြင်းလာရလို့ ကျောင်းမနေခဲ့ရပါဘူး စာမရေးတတ်ပါဘူး" ဟု ပျာပျာသလဲ ပြောလိုက်သည်။

ဟီတာကမူ ရွှီကွန်း စာမရေးတတ်သည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် "ဂိုဏ်းချုပ်ကျန်း ဒီအစေခံက စာနည်းနည်းပါးပါး ဖတ်ဖူးလို့ ရေးတတ်ပါတယ်" ဟု အမြန်ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ၎င်းသည် ရှေ့သို့ တိုးလာကာ စုတ်တံကို ကိုင်ပြီး စက္ကူပေါ်တွင် မိမိနာမည်ကို ရေးလေသည်။ လက်ရေးမှာ အလွန်ဆိုးဝါးလှသော်လည်း မည်သည့် စာလုံးဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မြင်ရပေသည်။

ဟီတာ စာရေးတတ်သည်ကို မြင်လိုက်ရသောအခါ ရွှီကွန်း၏ စိတ်ပျက်သွားပြီး "သွားပြီ ငါတော့ သေပြီ အပြင်ထုတ်လာလို့ အသက်ရှင်ရတော့မယ် ထင်နေတာ ပညာမတတ်တာကြောင့် ဟီတာကို အသာပေးလိုက်ရပြီ" ဟု တွေးနေတော့သည်။ လာသည့်လမ်းတွင် ကျောက်မိန်နှင့် အခြားသူများက လူတစ်ယောက်သာ လိုအပ်သည်ဟု ပြောနေသည်ကို ၎င်းတို့ ကြားခဲ့ရသည်။ အကယ်၍ ဟီတာက စွမ်းဆောင်ရည် ပြနိုင်လျှင် မိမိတော့ အဆုံးသတ်သွားပေတော့မည်။

၎င်းတို့နှစ်ဦးစလုံးသည် မီးရှို့ လူသတ် လုယက်ခြင်း စသည့် မကောင်းမှု အမျိုးမျိုးကို ပြုလုပ်ခဲ့သည့် တိရစ္ဆာန်ကဲ့သို့ လူများ ဖြစ်ကြသော်လည်း အသက်ရှင်လိုစိတ်ကမူ အလွန် ပြင်းပြကြသည်။ အသက်ရှင်နိုင်ခွင့် ရှိလျှင်တော့ ၎င်းတို့ သေချင်ကြမည် မဟုတ်ပေ။

ရွှီကွန်းက "ဂိုဏ်းချုပ်ကျန်း ဒီအစေခံက စာမတတ်ပေမဲ့ သိုင်းပညာ အမျိုးမျိုးမှာတော့ ကျွမ်းကျင်ပါတယ် သိုင်းပညာကလည်း မဆိုးပါဘူး ဓားသိုင်းမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ် ဂိုဏ်းချုပ်ကျန်းအတွက် အစွမ်းကုန် အလုပ်အကျွေး ပြုပါ့မယ်" ဟု အမြန်ပင် ပြောလိုက်သည်။

သို့သော် ၎င်းကို စိတ်ပျက်သွားစေသည်မှာ ကျန်းဝူကျိက မိမိကို ပြန်မဖြေဘဲ ဟီတာ့ထံသို့ လျှောက်သွားခြင်းပင် ဖြစ်သည်။ ဟီတာက ကျန်းဝူကျိ မိမိထံ လာနေသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး "ဂိုဏ်းချုပ်ကျန်း ကျွန်တော်က" ဟု ပြောရန် ပြင်လိုက်သည်။

ကံဆိုးစွာပင် ၎င်း စကားမဆုံးခင်မှာပင် ကျန်းဝူကျိက ၎င်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ပြင်းထန်သော အားဒဏ်ကြောင့် ဟီတာသည် လွင့်ထွက်သွားကာ လှေပေါ်မှ ပင်လယ်ထဲသို့ ဝုန်းခနဲ ကျသွားတော့သည်။ ၎င်းသည် သွေးအနည်းငယ် အန်ထုတ်ကာ ခန္ဓာကိုယ် တုန်တက်သွားပြီးနောက် ချက်ချင်းပင် သေဆုံးသွားတော့သည်။

ဤကဲ့သို့ ရုတ်တရက် ဖြစ်ပျက်သွားမှုကြောင့် ရွှီကွန်းသည် အလွန် ကြောက်လန့်သွားကာ ခြေထောက်များပင် ပျော့ခွေသွားတော့သည်။ ကျန်းဝူကျိ၏ အကြည့်က ရွှီကွန်းထံသို့ ကျရောက်လာသောအခါ ရွှီကွန်းမှာ ကြောက်လန့်လွန်း၍ နှလုံးပင် ရပ်မတတ် ဖြစ်သွားရသည်။ ၎င်းသည် ချွေးစေးများ ထွက်လာပြီး "ဂိုဏ်းချုပ်ကျန်း ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ဂိုဏ်းချုပ်ကျန်း ကျွန်တော့်အသက်ကို ချမ်းသာပေးပါ" ဟု အမြန်ပင် ဦးချလိုက်သည်။

သို့သော် ကျန်းဝူကျိသည် သူ့ကို မသတ်ဘဲ "မင်း ဓားကို သုံးတာလား" ဟု အေးအေးဆေးဆေးပင် မေးလိုက်သည်။

ရွှီကွန်းက "ဒီအစေခံက အရင်က တောပုန်းဓားပြ လုပ်ခဲ့ဖူးလို့ ဓားသိုင်းနည်းနည်းပါးပါး တတ်ပါတယ် မြင်းစီးပြီး လူသတ်ခဲ့တာလည်း ခဏခဏပါပဲ။ ဂိုဏ်းချုပ်ကျန်းလိုပဲ ဒီအစေခံကလည်း မွန်ဂိုလူမျိုးတွေကို မုန်းပါတယ်။ သူတို့ကိုလည်း အများကြီး သတ်ခဲ့ဖူးပါတယ်" ဟု အမြန်ပင် ဖြေကြားလိုက်သည်။

ဤလူသည် အတော်ပင် ဦးနှောက်ရှိသည်ဟု ပြောရပေမည်။ ၎င်းသည် ဖားစပြုနေပြီ ဖြစ်သည်။ ကျန်းဝူကျိက ခေါင်းအနည်းငယ် ငြိမ့်ပြပြီးနောက် နဂါးဖမ်းလက်သည်းပညာကို အသုံးပြုကာ ကျိုးလောင်ဆန်း၏ လက်ထဲရှိ နဂါးနိုင်ဓား အတုကို မိမိထံသို့ ဆွဲယူလိုက်သည်။ ထို့နောက် ရွှီကွန်းထံသို့ ပစ်ပေးလိုက်ကာ "မင်းရဲ့ ဓားသိုင်းကို ငါ့ကို ပြစမ်းပါဦး" ဟု ပြောလိုက်သည်။

"ဟုတ် ဟုတ်ကဲ့ပါ"

ရွှီကွန်းသည် တုန်တုန်ရီရီဖြင့် ထရပ်ကာ နဂါးနိုင်ဓား အတုကို ကောက်ကိုင်လိုက်သည်။ ဤသည်ကို မြင်သောအခါ ကျန်းဝူကျိက ခေါင်းငြိမ့်ပြသည်။ နဂါးနိုင်ဓားမှာ အတုဖြစ်သော်လည်း အလေးချိန် ပိဿာနှစ်ဆယ်ခန့် ရှိသည်။ ရွှီကွန်းက ဤဓားကို လွယ်လွယ်ကူကူ မနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ သိုင်းပညာ အခြေခံမှာ မဆိုးကြောင်း သိနိုင်ပေသည်။

ရွှီကွန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး "ငါ့အသက်ရှင်ဖို့က ဒါအပေါ်မှာပဲ မူတည်တော့တယ် ဂိုဏ်းချုပ်ကျန်းက ငါ့သိုင်းပညာကို ကြည့်ပြီး ငါ့ကို အသုံးချဖို့ စဉ်းစားနေတာ ဖြစ်မယ်။ ငါ အစွမ်းကုန်ထုတ် ပြရမယ်" ဟု တွေးလိုက်သည်။ ထို့နောက် ၎င်းသည် အသက်ကို ပြင်းပြင်းရှူကာ အစွမ်းကုန် အားထုတ်ပြီး ဓားကို ဝှေ့ယမ်းလေတော့သည်။ ဓားကွက်များကို ဆက်တိုက် ကပြရာတွင် အင်အားကြီးမားပြီး အတော်ပင် အရှိန်အဝါ ရှိလှသည်။

ဤလူတွင် အတွင်းအားပင် အတော်အတန် ရှိနေပြီး မဆိုးလှပေ။ သို့သော် မည်သို့ အသုံးပြုရမည်ကို သေချာ မသိသဖြင့် ပေါင်းစပ်မှုမှာမူ သိပ်မကောင်းလှပေ။

ကျန်းဝူကျိက လင်းနို့ဘုရင် ဝေယိရှောက်ကို ကြည့်ကာ "ဝေယိရှောက် မင်း ဘယ်လို ထင်သလဲ" ဟု မေးလိုက်သည်။

ဂိုဏ်းချုပ်က ခေါ်လိုက်သဖြင့် ဝေယိရှောက်သည် ချက်ချင်း ကျောကို ဆန့်လိုက်ကာ ခေါင်းညိတ်ပြီး "သူ့ဓားသိုင်းက အင်အားကတော့ မဆိုးပါဘူး။ အတွင်းအားကလည်း မဆိုးဘူး စစ်မြေပြင် မှာဆိုရင်တော့ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နိုင်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။

ကျန်းဝူကျိက "အကယ်၍ မင်း သူ့ကို သတ်ချင်တယ်ဆိုရင် ဘယ်နှစ်ကွက် သုံးရမလဲ" ဟု ဆက်မေးလိုက်သည်။

ဝေယိရှောက်က တွန့်ဆုတ်မနေဘဲ "ဆယ်ကွက်အတွင်းဆိုရင် လုံလောက်ပါတယ်" ဟု ပြန်ဖြေသည်။

"အော် အဲဒီလောက်တောင် လွယ်သလား"

ကျန်းဝူကျိက ပြုံးယောင်သန်းလျက် ပြောလိုက်သည်။ ဝေယိရှောက်က "ဒီလူက အတွင်းအား မပျော့ပေမဲ့ ဘယ်လို သုံးရမလဲဆိုတာ မသိဘူး သူ့ဓားသိုင်းက အားပါပေမဲ့ ကျယ်ပြန့်လွန်းတော့ ကျွန်တော့်ရဲ့ နှင်းခဲလက်ဝါးကို မခုခံနိုင်ပါဘူး သူ့ကို သတ်ရတာ တကယ် မခက်ပါဘူး" ဟု ဆက်ပြောသည်။

ကျန်းဝူကျိက ဝေယိရှောက်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။

ရွှီကွန်းမှာမူ ဤစကားကို ကြားသောအခါ သွေးပျက်သွားတော့သည်။ "သူတို့က ငါ့ကို သတ်ဖို့ စဉ်းစားနေကြတုန်းပဲလား" ဟု တွေးမိသည်။

သို့သော် ကျန်းဝူကျိက "သူက အသုံးမချတတ်သေးတော့ ငါတို့ သင်ပေးလိုက်ရုံပေါ့" ဟု ပြောလိုက်သည်။ ထို့နောက် ကျန်းဝူကျိက ရွှီကွန်းကို ကြည့်ကာ ပြုံးပြီး "မင်း ဒီသိုင်းပညာတွေကို ဘယ်က သင်ခဲ့တာလဲ မင်းရဲ့ နောက်ခံက ဘာလဲ" ဟု မေးလိုက်သည်။

ရွှီကွန်းသည် မည်သည်ကိုမျှ မဖုံးကွယ်ရဲဘဲ "ဒီအစေခံက ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတာပါ မိဘတွေလည်း စောစောစီးစီး ဆုံးပါးသွားလို့ လှည့်လည် သွားလာခဲ့ရပါတယ်။ နောက်တော့ ကြင်နာတတ်တဲ့ သိုင်းပညာရှင် တစ်ယောက်က ကျွန်တော့်ကို သနားလို့ အတွင်းအား နည်းနည်း သင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစေခံက ဘယ်လို သုံးရမလဲ မသိဘဲ အင်အားကိုပဲ အားကိုးပြီး မြင်းစီးဓားပြ လုပ်ခဲ့ပါတယ်။

နောက်တော့ လူအယောက် ခြောက်ဆယ်လောက်ကို အုပ်ချုပ်တဲ့ တောပုန်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ် တစ်ခါက တောင်ခြေမှာ မွန်ဂိုလူမျိုးတွေကို တိုက်ခိုက်နေတဲ့ စစ်သူကြီးတစ်ယောက် ဖြတ်သွားတာကို မြင်ခဲ့ပါတယ် သူ့မြင်းက ကောင်းတယ်လို့ ထင်တာနဲ့ ကျွန်တော့်တပည့်တွေကို ချုံခိုတိုက်ခိုက်ခိုင်းပြီး သူ့ကို သတ်ပြီး မြင်းကို လုခဲ့ပါတယ်။ အဲဒီစစ်သူကြီးက ဒဏ်ရာအပြင်းအထန် ရသွားပြီး ကျွန်တော်တို့ ဝိုင်းတိုက်တာကြောင့် သေသွားပါတယ်။

ဒီဓားသိုင်းကို သူ့ဆီက ရခဲ့တာပါ ဒီသိုင်းကို တတ်ပြီးနောက်မှာတော့ ကျွန်တော့်သိုင်းပညာက အများကြီး တိုးတက်လာပြီး သာမန်လူတွေ ကျွန်တော့်ကို မယှဉ်နိုင်တော့ပါဘူး ဒါပေမဲ့ ဒီသိုင်းပညာကို အတွင်းအားနဲ့ ဘယ်လို ပေါင်းစပ်ရမလဲဆိုတာ တကယ် မသိပါဘူး။ နောက်တော့ စစ်တပ်က နှိမ်နင်းတဲ့အခါ ကျွန်တော် အားကုန်တဲ့အထိ တိုက်ခဲ့ပေမဲ့ ရှုံးနိမ့်သွားပြီး အဖမ်းခံခဲ့ရပါတယ် ။ အသတ်ခံရတော့မယ့် အချိန်မှာ ဂိုဏ်းချုပ်ကျန်း ကယ်တင်ပေးတာကြောင့် ဂိုဏ်းချုပ်ကျန်း အတွက်ဆိုရင် နွားလို မြင်းလို အလုပ်အကျွေး ပြုပါ့မယ်။ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်သန်း ပါ့မယ်" ဟု အမြန်ပင် လျှောက်တင်လေသည်။

အခန်း (၂၀၂) ရိုမီယိုနှင့် ဝက်တို့ တစ်ညတာ ကုန်ဆုံးခြင်း

ရွှီကွန်း၏ ဝန်ခံချက်များကို ကြားလိုက်ရသောအခါ ဘေးတွင် ရှိနေကြသော လူအများမှာ မျက်မှောင်ကြုတ်သွားကြပြီး ၎င်းတို့၏ မျက်နှာများတွင် ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ခုနကပင် မွန်ဂိုလူမျိုးများကို တိုက်ခိုက်နေသည့် စစ်သူကြီးအား ခုခံတွန်းလှန်နေသူဖြစ်ကြောင်း အကြီးအကျယ် ကြွားဝါခဲ့သော်လည်း ယခုမူ ထိုစစ်သူကြီးကိုပင် သတ်ဖြတ်ခဲ့ကြောင်း အမှန်အတိုင်း ပြောပြလိုက်ပြီ ဖြစ်သည်။

အမှန်တကယ်ပင် သေဒဏ်ကျ အကျဉ်းသားဆိုသည်မှာ မည်သို့မျှ ကောင်းမွန်သည့်လူ မဟုတ်နိုင်သဖြင့် ၎င်းကို သေအောင်သာ သတ်လိုက်သင့်ကြောင်း လူအများက စိတ်ထဲမှ ကျိန်ဆဲနေကြပြီး ရွှီကွန်းအပေါ် ထားရှိသည့် အထင်အမြင်များမှာလည်း ထိုးဆင်းသွားတော့သည်။

ရွှီကွန်းမှာမူ ချွေးစေးများ ထွက်နေလေသည်။ ဤကိစ္စများကို ထုတ်ပြောရန် အလွန် အန္တရာယ်များသော်လည်း ကျန်းဝူကျိ၏ ပြင်းထန်သော ဖိအားကြောင့် ၎င်းအနေဖြင့် မည်သို့မျှ မလိမ်ညာရဲဘဲ အမှန်အတိုင်း အကုန်အစင် ဝန်ခံလိုက်ရခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောပြလိုက်ခြင်းကြောင့် မိမိ၏ အသက်ဘေးကြုံရမည်ဟု ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ ကျန်းဝူကျိက ကျေနပ်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

ကျန်းဝူကျိက "စစ်တပ်ရဲ့ နှိမ်နင်းခြင်း ခံရတဲ့အထိ မင်း ဘယ်လောက်တောင် ယုတ်မာတဲ့ အမှုတွေ ကျူးလွန်ခဲ့တာလဲ" ဟု ထပ်မံ မေးမြန်းလိုက်သည်။

ရွှီကွန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ကျန်းဝူကျိ၏ အရှိန်အဝါကြောင့် ၎င်းသည် ဆက်လက် မလိမ်ညာရဲတော့ဘဲ "စည်းစိမ်ဥစ္စာတွေကို လုယက်တာအပြင် ဒီအစေခံက မိန်းမတွေကိုလည်း အလွန် မက်မောပါတယ်၊ တောင်ပေါ်မှာ ဓားပြလုပ်တုန်းက ပတ်ဝန်းကျင်က မိန်းကလေး အားလုံးနီးပါးကို ဒီအစေခံက ဖမ်းဆီးခဲ့တာပါ၊ အများစုကို ပျော်ပါးပြီးတာနဲ့ သတ်ပစ်ခဲ့ပါတယ်၊ တစ်ခါက ကျွန်တော် သတ်လိုက်တဲ့ မိန်းမက မြို့စားမင်းရဲ့ တူမဖြစ်နေလို့ စစ်တပ်ရဲ့ ဝိုင်းဝန်းနှိမ်နင်းတာကို ခံခဲ့ရတာပါ" ဟု ရိုးရိုးသားသားပင် ဖြေကြားလိုက်သည်။

ဤစကားများကို ကြားရသောအခါ လူအားလုံးမှာ ပို၍ပင် ဒေါသထွက်သွားကြသည်။ ကျောက်မိန်၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာလေးမှာလည်း ဒေါသကြောင့် နီမြန်းနေတော့သည်။ ဤလူကို စတင် မြင်လိုက်ရစဉ်ကတည်းက မိမိကို စိုက်ကြည့်နေသည်မှာ မဆန်းတော့ပေ၊ ၎င်းသည် ရမ္မက်ကြီးသော လူယုတ်မာတစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလား။ အပြစ်မဲ့သော အမျိုးသမီးများစွာကို ဖမ်းဆီး ပျော်ပါးပြီးမှ သတ်ပစ်သည်မှာ လူသားတစ်ယောက် ပြုလုပ်ရမည့် အလုပ်ပင် မဟုတ်တော့ပေ။ ထိုမိန်းကလေးများ မည်မျှအထိ စိတ်ပျက်အားငယ်ခဲ့ကြမည်ကို တွေးကြည့်ရုံဖြင့်ပင် အလွန် စက်ဆုပ်ဖွယ် ကောင်းလှသည်။

သို့သော် ကျန်းဝူကျိကမူ ပို၍ပင် ကျေနပ်သွားကာ "မဆိုးဘူး မင်းက ဂျပန်လူမျိုးတွေနဲ့ အတော်လေး တူတာပဲ၊ ငါလိုအပ်နေတဲ့ အရည်အချင်းက ဒါမျိုးပဲ" ဟု ပြောလိုက်သည်။ ကျန်းဝူကျိသည် ထိုသို့သော လူယုတ်မာကို ရွံရှာသော်လည်း ၎င်းကဲ့သို့သော လူမျိုးနှင့် ဂျပန်လူမျိုးများကို အချင်းချင်း ပြန်လည် ကိုက်ခိုင်းရန်မှာ အလွန်ပင် သင့်တော်လှသည်ဟု ယူဆသည်။ ကျိုးလောင်ဆန်းကဲ့သို့သော လူကောင်းတစ်ယောက်ကို ထိုကဲ့သို့ အန္တရာယ်ရှိသည့် နေရာသို့ ပို့ဆောင်ပြီး ဂျပန်လူမျိုးများ၏ လက်ချက်ဖြင့် အသေခံခိုင်းရန် ကျန်းဝူကျိ စိတ်မကူးခဲ့ပေ။

ရွှီကွန်းမှာမူ မည်သို့ဖြစ်လာမည်ကို မသိသဖြင့် တုန်ရင်နေသည်။ ကျန်းဝူကျိက "ကဲ စိတ်မပူပါနဲ့ မင်း အသက်မသေရပါဘူး၊ ငါခိုင်းတဲ့ အလုပ်တစ်ခုကို သစ္စာရှိရှိ လုပ်ပေးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ့်အပြင် မင်းကို နယ်မြေတစ်ခုရဲ့ ဘုရင်တစ်ပါးလို နေထိုင်ခွင့် ပေးဦးမှာပါ" ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။

ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို ရရှိသဖြင့် ရွှီကွန်းက "အဲဒါ ဘာအလုပ်လဲခင်ဗျာ၊ ဒီအစေခံက ဂိုဏ်းချုပ်ကျန်းအတွက်ဆိုရင် ဓားတောင်ကို တက်ရတက်ရ မီးပင်လယ်ထဲကို ဆင်းရဆင်းရ လုပ်ဆောင်ပါ့မယ်၊ ဘယ်တော့မှ ကတိမဖျက်ပါဘူး" ဟု အမြန်ပင် မေးမြန်းလိုက်သည်။

ကျန်းဝူကျိက ခပ်ပြုံးပြုံးဖြင့် "ဓားတောင်တက်ပြီး မီးပင်လယ်ထဲဆင်းရမယ် ဟုတ်လား၊ အဲဒါက နည်းနည်းတော့ ပိုလွန်းသွားပြီ" ဟု ဆိုသည်။

ရွှီကွန်းကလည်း "မီးထဲပဲဖြစ်ဖြစ် ရေထဲပဲဖြစ်ဖြစ် ဆင်းရဲပါတယ် ဂိုဏ်းချုပ်ကျန်း" ဟု အပြိုင်အဆိုင် ပြောလိုက်ပြန်သည်။

"ကောင်းပြီ၊ ဒီခရီးက အန္တရာယ်တော့ နည်းနည်းရှိမယ်၊ ဒါပေမဲ့ မီးထဲရေထဲ ဆင်းရတဲ့အထိတော့ မဟုတ်ပါဘူး" ဟု ကျန်းဝူကျိက ပြောပြီးသည်နှင့် တပြိုင်နက် တိမ်လွှာဓားကို ချက်ချင်း ဆွဲထုတ်ကာ ရွှီကွန်း၏ ပါးစပ်အတွင်းသို့ ထိုးသွင်းလိုက်တော့သည်။

ဤဓားကွက်မှာ လျင်မြန် တိကျပြီး ရက်စက်လှသဖြင့် ရွှီကွန်းကဲ့သို့ သိုင်းပညာနိမ့်ပါးသူတစ်ဦး မည်သို့မျှ မရှောင်တိမ်းနိုင်ပေ။ တိမ်လွှာဓားသည် ရွှီကွန်း၏ ပါးစပ်အတွင်းသို့ ဝင်သွားပြီး ၎င်း၏ လျှာကို နှစ်ချက်ခန့် အားပါပါ မွှေလိုက်လေသည်။

"အား"

ရွှီကွန်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ပါးစပ်ကို အုပ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ၎င်း၏ လက်ချောင်းများကြားမှ သွေးများ တောက်လျှောက် စီးကျနေပြီး နာကျင်မှုကြောင့် တစ်ကိုယ်လုံး တွန့်လိမ်နေတော့သည်။ တိမ်လွှာဓားကို ပြန်ကြည့်လိုက်ရာတွင်မူ သွေးတစ်စက်မျှပင် မစွန်းထင်ပေ၊ အမှန်တကယ်ပင် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ဓားတစ်လက် ဖြစ်ပေသည်။

ရွှီကွန်းသည် အနည်းငယ် တွန့်လိမ်နေပြီးနောက် ပါးစပ်ထဲမှ သွေးချင်းချင်းနီနေသော အသားစတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ တိမ်လွှာဓားဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသော ရွှီကွန်း၏ လျှာပင် ဖြစ်သည်။ ကျန်းဝူကျိသည် အဝေးမှနေ၍ လက်ညှိုးဖြင့် ရွှီကွန်း၏ သွေးကြောအမှတ်အချို့ကို ထိုးကာ သွေးတိတ်အောင် ပြုလုပ်ပေးလိုက်သည်။

ရွှီကွန်းသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း လျှာမှာ အရင်းမှ ပြတ်သွားပြီ ဖြစ်သဖြင့် အူအူအဲအဲ အသံများသာ ထွက်ပေါ်လာတော့သည်။ ကျန်းဝူကျိသည် အနက်ရောင် ဆေးပြားလေးတစ်ခုကို ထုတ်ပေးကာ "ဒါကို ပါးစပ်ထဲမှာ ငုံထားလိုက်၊ ဒါက သွေးတိတ်စေပြီး နာကျင်မှုကိုလည်း ပျောက်ကင်းစေလိမ့်မယ်၊ ခဏနေရင် မင်း နေသာထိုင်သာ ရှိသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

ရွှီကွန်း၏ မျက်နှာမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေပြီး နာကျင်လွန်းသဖြင့် ချွေးများလည်း ရွှဲနေလေသည်။ ၎င်းသည် ဆေးပြားကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ရသော်လည်း သွေးများမှာ နှာခေါင်းမှပင် ထွက်လာတော့မတတ် ဖြစ်နေသည်။ ခဏကြာအောင် ရုန်းကန်နေရပြီးမှ ငြိမ်သက်သွားတော့သည်။

ရွှီကွန်း၏ သနားစဖွယ် အခြေအနေကို ကြည့်ပြီး ဒိုက်ချီစီမှာလည်း ကျောချမ်းသွားရသည်။ မိမိ စားခဲ့ရသော ဆေးလုံးမှာ ခါးသော်လည်း ရွှီကွန်း ကြုံတွေ့ရသည့် ဒုက္ခနှင့် ယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။ ၎င်း၏ လျှာမှာ ဓားတစ်ချက်တည်းဖြင့် ပြတ်သွားခဲ့ပြီ ဖြစ်သဖြင့် တစ်သက်လုံး စကားမပြောနိုင်သော လူအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ကဲ နောက်ရက်တွေမှာ မင်းရဲ့ ဒဏ်ရာတွေ အတော်လေး ပျောက်ကင်းသွားလိမ့်မယ်၊ ခရီးစတင်တာနဲ့ ငါမင်းကို သိုင်းပညာအချို့ သင်ပေးမယ်၊ ဂျပန်ကျွန်းကို ရောက်ရင် အဲဒါတွေကို အသုံးချလို့ ရလိမ့်မယ်၊ မင်း ဘာလုပ်ရမယ်ဆိုတာကိုတော့ အဲဒီကျမှ ငါ အသေးစိတ် ပြောပြမယ်"

ကျန်းဝူကျိက ကျေနပ်စွာ ခေါင်းညိတ်သည်။ ဤသည်မှာ သူအလိုရှိသော အခြေအနေပင် ဖြစ်သည်။ ရွှီကွန်း၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ ရှဲ့ရွှန်းနှင့် အတော်လေး ဆင်တူသဖြင့် ဓားသိုင်းပညာ သင်ပေးရန်လည်း သင့်တော်လှသည်။ ၎င်း၏ သိုင်းပညာမှာ အနည်းငယ် နိမ့်ပါးသော်လည်း ပြဿနာ မရှိပေ။ အရေးကြီးဆုံးအချက်မှာ ဤလူသည် စာမရေးတတ်သည့်အပြင် ယခုအခါ စကားလည်း မပြောနိုင်တော့သဖြင့် မည်သည့် သတင်းအချက်အလက်မှ ပေါက်ကြားနိုင်တော့မည် မဟုတ်ပေ။ အရာအားလုံးမှာ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။

ကျိုးလောင်ဆန်းကို အသုံးမပြုဘဲ ဤလူယုတ်မာကို ရွေးချယ်ရခြင်းမှာလည်း ကျိုးလောင်ဆန်းက မိမိ၏ ကိစ္စများကို တစ်ချိန်ချိန်တွင် ထုတ်ပြောမိမည်ကို ကျန်းဝူကျိ စိတ်မချသောကြောင့်လည်း ပါဝင်သည်။ ကျန်းဝူကျိသည် အသက်သုံးဆယ်ကျော်အရွယ်သာ ရှိသေးသော ရွှီကွန်း၏ ရုပ်ရည်ကို ရှဲ့ရွှန်းနှင့် ပိုမိုတူညီသွားစေရန်အတွက် တိမ်လွှာဓားဖြင့် မျက်နှာကိုပါ အနည်းငယ် မွမ်းမံလိုက်သေးသည်။

ဖန့်ယောင်မှာမူ ဤမြင်ကွင်းကို ကြည့်ရင်း မိမိကိုယ်တိုင် ရုပ်ဖျက်ခဲ့စဉ်ကထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးနေမိသည်။ ထို့နောက် ကျန်းဝူကျိသည် ကျိုးလောင်ဆန်းကို ကြည့်ကာ "ကျိုးလောင်ဆန်း မင်းကတော့ ငါ့မွေးစားအဖေအဖြစ် အစားထိုး လုပ်စရာ မလိုတော့ဘူး၊ ဒါက အရင်က ယာယီစဉ်းစားခဲ့တာမို့ အခုတော့ မင်း ဒီအန္တရာယ်ကို ရင်ဆိုင်စရာ မလိုတော့ပါဘူး" ဟု ပြောလိုက်သည်။

ကျိုးလောင်ဆန်းသည် ကျန်းဝူကျိ၏ စကားကို မလွန်ဆန်ရဲသော်လည်း အားငယ်သော လေသံဖြင့် "ဂိုဏ်းချုပ်ကျန်း၊ ချီးမြှင့်တဲ့ ငွေတစ်ထောင်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီအစေခံက ဘာမှလည်း မလုပ်ပေးရသေးတော့ ဒီငွေတွေကို မယူရဲပါဘူး၊ ပြန်ယူပေးပါခင်ဗျာ၊ အင်း ငါတို့ မိသားစုမှာ ကံကောင်းခြင်းတွေ မရှိဘူးထင်ပါရဲ့၊ ခဏနေရင် ကျွန်တော်တို့ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားပါ့မယ်" ဟု ပြောလိုက်သည်။

မိမိကို အသုံးမလိုတော့သဖြင့် ထိုငွေများကို သိမ်းထားရန် ၎င်း မဝံ့ရဲတော့ပေ။ အဆင့်အတန်းလည်း မရှိ၊ အတွင်းအားလည်း မရှိသော မိမိတို့ မိသားစုအတွက် ငွေတစ်ထောင်ဆိုသည်မှာ အသက်အန္တရာယ် ဖြစ်စေနိုင်သည့် ရတနာတစ်ခု ဖြစ်နေပေသည်။ အရင်က ယူခဲ့သည်မှာ မိမိသားသည် မင်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် တပည့်ခံရမည် ဖြစ်သဖြင့် မည်သူမျှ မလုယူရဲသောကြောင့်သာ ဖြစ်သည်။

ကျန်းဝူကျိကမူ ပြုံးလျက် "ငါပေးပြီးသားပစ္စည်းကို ပြန်ယူလေ့မရှိဘူး၊ ပြီးတော့ မင်းကို ငါကိုယ်တိုင် ခေါ်လာတာပဲ၊ ဘာလို့ ထွက်သွားမှာလဲ၊ မင်းမှာ ခွန်အားရှိသလို အရည်အချင်းလည်း ရှိတာကို ငါတွေ့တယ်၊ မင်း အသက်အရွယ်နဲ့ အတွင်းအား သင်ယူဖို့က နည်းနည်း နောက်ကျနေပေမဲ့ အပြင်အား သိုင်းပညာတွေကိုတော့ ငါသင်ပေးမယ်၊ မင်း ငါ့လက်အောက်မှာပဲ စစ်တပ်ထဲဝင်ပြီး စစ်ဗိုလ်အဖြစ် တာဝန်ယူပြီးတော့ ယွမ်စစ်တပ်ကို တိုက်ခိုက်မလား၊ မင်း ဆန္ဒရှိရဲ့လား" ဟု မေးမြန်းလိုက်သည်။

All Chapters