← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃) လူတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်ခြင်း

"ကျွန်တော်မျိုး... ကျွန်တော်မျိုး ဆန္ဒရှိပါတယ်ခင်ဗျာ။ အော်... မဟုတ်ပါဘူး။ လက်အောက်ငယ်သား ဆန္ဒရှိပါတယ်"

ကျိုးလောင်ဆန်းသည် ဤစကားကို ကြားလိုက်ရသောအခါ အားငယ်နေသော စိတ်တို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားရသည်။ ၎င်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး ကျန်းဝူကျိ၏ ရှေ့တွင် ကမန်းကတန်း ဒူးထောက်ကာ ဦးချလိုက်သည်။

"လက်အောက်ငယ်သားက ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်" ဟု ကျိုးလောင်ဆန်းက အော်ဟစ်ပြောဆိုသည်။

ကျန်းဝူကျိ မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးလောင်ဆန်းသည် အပြင်ပန်းကြည့်လျှင် လူကြမ်းကြီးဟု ထင်ရသော်လည်း အတော်ပင် အကဲခတ်မြန်သူ ဖြစ်ပေသည်။ ၎င်းသည် မိမိကိုယ်မိမိ ခေါ်ဝေါ်သုံးနှုန်းပုံကို ချက်ချင်း ပြောင်းလဲလိုက်ခြင်းကပင် သာမန်လူများထက် ဦးနှောက်ပိုကောင်းကြောင်း သက်သေပြနေသည်။

ကျန်းဝူကျိသည် ကျိုးလောင်ဆန်းကို အဝေးမှနေ၍ လက်ဟန်ဖြင့် မလိုက်ကာ "ထပါ..... ငါ့လက်အောက်မှာ တိုက်ပွဲဝင်ရတာက အမြဲတမ်း ကောင်းချင်မှ ကောင်းလိမ့်မယ်။ အကယ်၍ မင်းသာ စစ်မြေပြင်မှာ သေသွားခဲ့ရင် ငါ့ကိုတော့ အပြစ်မတင်နဲ့ဦး" ဟု ပြုံးလျက် ပြောလိုက်သည်။

ကျိုးလောင်ဆန်းသည် ခေါင်းကို ကုတ်ကာ ရိုးသားစွာပင် "ရပါတယ်.... ကျွန်တော့်မှာ အားအင်တွေ အများကြီး ရှိပါတယ်။ သာမန်လူတွေ ကျွန်တော့်ကို မနိုင်ပါဘူး။ ဒါ့အပြင် ဒီလို မငြိမ်မသက်ဖြစ်နေတဲ့ လောကကြီးထဲမှာ စစ်မြေပြင်ကို မသွားလည်း ဘယ်အချိန်မှာ ဘေးဆိုးနဲ့ကြုံပြီး သေမလဲ မသိနိုင်ပါဘူး။ အခုလို ဂိုဏ်းချုပ်ကျန်းအတွက် အမှုထမ်းရတာက အရင်ကထက် အများကြီး ပိုကောင်းပါတယ်" ဟု ဆိုသည်။

ကျန်းဝူကျိက ရယ်မောလိုက်ပြီး "မင်းပြောတာ မမှားပါဘူး.... နောင်တစ်ချိန်မှာ လောကကြီး ငြိမ်းချမ်းသွားရင်တော့ မင်းရဲ့ စွမ်းဆောင်ရည်အလိုက် ဆုလာဘ်တွေ ရမှာပါ။ မင်းကိုယ်မင်း အထင်မသေးပါနဲ့။ မင်းရဲ့ ပင်ကိုယ်ခွန်အားက အလွန်ကောင်းတဲ့ အရည်အချင်းတစ်ခုပဲ။ အလံမှူးကျွမ်း မင်း သူ့ကို သိုင်းကွက်အချို့ သင်ပေးလိုက်ပါဦး" ဟု ပြောဆိုလိုက်သည်။

ကျန်းဝူကျိသည် စကားအဆုံးတွင် အလံမှူးကျွမ်းကျန်းကို ကြည့်ကာ ပြောခြင်း ဖြစ်သည်။ ကျွမ်းကျန်းသည် မွေးရာပါ ပင်ကိုယ်ခွန်အား ကြီးမားသူ ဖြစ်သည်။ အတွင်းအား မပါလျှင်ပင် ၎င်း၏ လက်ရုံးအင်အားမှာ သာမန်လူကြီး ခုနစ်ဦး ရှစ်ဦးထက်ပင် သာလွန်ပေသည်။

ထို့ပြင် ၎င်းသည် အတွင်းအားနှင့် အပြင်အား နှစ်မျိုးစလုံးကို ကောင်းမွန်စွာ လေ့ကျင့်ထားသူ ဖြစ်သဖြင့် ရန်ရှောင်ပင်လျှင် ၎င်းကို အနိုင်ယူရန်အတွက် အကွက်ပေါင်းများစွာ အားထုတ်ရပေမည်။ ၎င်းသည် ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များနှင့် အင်အားချင်း တန်းတူရှိရုံမျှမက ပို၍ပင် အစွမ်းထက်နိုင်ပေသည်။

ကျွမ်းကျန်းတွင် ပင်ကိုယ်ခွန်အား ရှိသဖြင့် ကျိုးလောင်ဆန်းအနေဖြင့် ၎င်းထံတွင် သိုင်းပညာသင်ယူခြင်းက အကောင်းဆုံး ရလဒ်များကို ရရှိစေမည် ဖြစ်သည်။ ကျန်းဝူကျိသည် မိမိ၏ လက်အောက်ငယ်သားများအပေါ် အလွန်ပင် စာနာထောက်ထားသူ ဖြစ်ပေသည်။

ဂိုဏ်းချုပ်၏ အမိန့်ကို ကြားသောအခါ ကျွမ်းကျန်းက ချက်ချင်း ခေါင်းညိတ်ကာ "ဂိုဏ်းချုပ် အမိန့်ပေးမှတော့ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု ပြန်လည် ဖြေကြားသည်။

ထို့နောက် ကျွမ်းကျန်းသည် ကျိုးလောင်ဆန်းထံသို့ လျှောက်သွားကာ ၎င်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး "မင်း ငါ့ကို အစွမ်းကုန် ဆွဲကြည့်စမ်း။ မင်းမှာ အင်အား ဘယ်လောက်ရှိလဲဆိုတာ ငါ သိချင်တယ်" ဟု ပြောလိုက်သည်။

ကျိုးလောင်ဆန်းက ခေါင်းညိတ်ကာ အားကုန်သုံး၍ ဆွဲလေသည်။ သို့သော် သာမန်အချိန်တွင် ရေပုံးအများအပြားကို အလွယ်တကူ မနိုင်သည့် မိမိ၏ အင်အားမှာ ကျွမ်းကျန်းကိုမူ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြောင်း တွေ့လိုက်ရသည်။ ရှုံးနိမ့်မှုကို လက်မခံလိုသော ကျိုးလောင်ဆန်းသည် ဂိုဏ်းချုပ်ရှေ့တွင် မျက်နှာမပျက်စေရန်အတွက် မျက်နှာများ နီမြန်းလာသည်အထိ အားစိုက်ကာ ဆွဲပြန်သည်။

သို့သော် ၎င်း၏ အင်အားအားလုံး ကုန်သွားသည့်တိုင်အောင် ကျွမ်းကျန်းမှာမူ ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ မတုန်မလှုပ် ရှိနေဆဲပင်။ ကျိုးလောင်ဆန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ "အလံမှူးကျွမ်း ကျွန်တော့်အင်အားက ခင်ဗျားလောက် မကြီးမားပါဘူး။ ခင်ဗျားက တကယ်ကို တော်တာပဲ" ဟု ဝန်ခံလိုက်ရသည်။

ကျွမ်းကျန်းသည် ကျိုးလောင်ဆန်းကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ ကျန်းဝူကျိဘက်သို့ လှည့်ပြီး "ဂိုဏ်းချုပ် ဒီညီအစ်ကိုကျိုးရဲ့ အင်အားက ကျွန်တော့်ထက် သိပ်မလျော့ပါဘူး။ သူက အသက်အရွယ် နည်းနည်း ကြီးနေပြီမို့ ထိပ်တန်းသိုင်းပညာတွေကိုတော့ သင်ယူဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ အင်အားကို အခြေခံတဲ့ သိုင်းပညာတွေကတော့ သူ့အတွက် အသင့်တော်ဆုံးပါပဲ။ သူ့ကို စစ်မြေပြင်မှာ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်အောင် လုပ်ပေးဖို့က မခက်ခဲပါဘူး" ဟု လျှောက်တင်သည်။

ထို့နောက် ကျွမ်းကျန်းသည် ပြုံးလျက် ကျိုးလောင်ဆန်းကို "ညီအစ်ကိုကျိုး ခုနက ငါ အတွင်းအားကို သုံးထားလို့ မင်း ဆွဲလို့ မရတာပါ။ မဟုတ်ရင်တော့ ငါလည်း အခုလို မတုန်မလှုပ် နေနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ပင်ကိုယ်အရည်အချင်းက တကယ်ကို ကောင်းပါတယ်။ ဒါကြောင့်လည်း ဂိုဏ်းချုပ်က မင်းကို အထူးတလည် ခေါ်ထားတာပေါ့" ဟု အားပေးစကား ပြောလိုက်သည်။

ကျန်းဝူကျိက ခေါင်းညိတ်ကာ "ဒါဆို ဒီကိစ္စကို မင်းလက်ထဲပဲ အပ်လိုက်မယ်" ဟု ဆိုသည်။

ကျွမ်းကျန်းက ချက်ချင်းပင် တည်ကြည်စွာဖြင့် "ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဟု ဖြေကြားသည်။

ကျိုးလောင်ဆန်းသည်လည်း အလွန် ဝမ်းသာသွားရသည်။ သိုင်းပညာ သင်ယူခွင့်ရရုံသာမက ခုနက ဖြစ်ပျက်သွားသည့် ကိစ္စကြောင့်လည်း စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။ ကျွမ်းကျန်း၏ အင်အားမှာ မိမိထက် အဆပေါင်းများစွာ သာလွန်နေသည်ဟု ထင်မှတ်ကာ စိတ်ပျက်နေမိသော်လည်း ယခု အကြောင်းရင်းကို သိလိုက်ရသဖြင့် စိတ်အေးသွားရတော့သည်။

ထိုစဉ် ရွှေစင်အလံ၏ ဒုတိယအလံမှူး ဝူကျင်ချောင်နှင့် ၎င်း၏ လက်အောက်ငယ်သား နှစ်ဦးသည် အသက် ဆယ့်တစ်နှစ်ခန့်ရှိသော လူငယ်လေးတစ်ဦးကို သင်္ဘောပေါ်သို့ ခေါ်ဆောင်လာကြသည်။

၎င်းတို့ ရောက်ရှိလာသည်နှင့် ကျန်းဝူကျိကို ဦးညွှတ်ဂါရဝပြုကာ "ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်။ ကျိုးလောင်ဆန်းရဲ့ သားဖြစ်သူ ကျိုးယွမ်ကို ခေါ်လာပါပြီ" ဟု လျှောက်တင်ကြသည်။

အမှန်တကယ်တွင် ဤလုပ်ရပ်မှာ လူတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်ရန် ကျန်းဝူကျိ၏ အစီအစဉ်ပင် ဖြစ်သည်။ ကျိုးလောင်ဆန်း၏ စိတ်ကိုသာမက မိမိ၏ လက်အောက်ငယ်သား အားလုံး၏ စိတ်ကိုပါ သိမ်းယူလိုက်ခြင်း ဖြစ်ပေသည်။ "ငါ ကျန်းဝူကျိနောက်ကို လိုက်မယ်ဆိုရင် မင်းတို့မှာ အရည်အချင်း သိပ်မရှိရင်တောင် ငါကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပဲ" ဟု အားလုံးကို သိစေချင်ခြင်း ဖြစ်သည်။

ကျန်းဝူကျိသည် ဤကလေးကို မည်သူက တပည့်အဖြစ် လက်ခံမည်နည်းဆိုသည်ကို စဉ်းစားနေသည်။ ဤသည်မှာ ထိုကလေးအတွက် ကောင်းမွန်သော အနာဂတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ မင်ဂိုဏ်းသား အားလုံးမှာလည်း ကျန်းဝူကျိ၏ စေတနာကို မြင်တွေ့ရသဖြင့် အလွန်ပင် ကြည်ညိုလေးစား သွားကြသည်။

"ဂိုဏ်းချုပ်ကျန်းက နည်းနည်းလေး ကူညီခဲ့တဲ့လူအပေါ်မှာတောင် ဒီလောက် ကောင်းမွန်တာပဲ။ နောင်တစ်ချိန်မှာ လောကကြီးကို စည်းလုံးအောင် လုပ်နိုင်ခဲ့ရင် ငါတို့လို အနီးကပ် အမှုထမ်းတွေကို ဘယ်လောက်တောင် ကောင်းကောင်း ဆက်ဆံလိုက်မလဲ" ဟု တွေးတောမိကြကာ အားလုံးမှာ စိတ်ဓာတ်များ တက်ကြွလာကြတော့သည်။

သို့သော် ကျန်းဝူကျိမှာမူ ထိုကလေး၏ နာမည်ကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။ ကျိုးယွမ် ဟုတ်လား။ ငါ့ရဲ့ နတ်ဘုရား နာမည်ပါလား။ ဤနာမည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။

(ထိုကလေး၏ အမည်မှာ ကျန်းဝူကျိအရင်ကဖတ်ခဲ့ဖူးသော ဝတ္ထုတစ်ခုထဲမှ ဇာတ်ကောင်တစ်ဦး၏ အမည် ဖြစ်သောကြောင့်ဖြစ်ပါတယ်)

ကျိုးလောင်ဆန်းသည် မိမိ၏ သားကို မြင်သောအခါ အပြေးအလွှား သွားကြည့်လေသည်။ ကျိုးယွမ်မှာမူ ကျိုးလောင်ဆန်းက ရှဲ့ရွှန်းကဲ့သို့ ဝတ်ဆင်ထားသဖြင့် ပထမတစ်ချက်ကြည့်ရုံဖြင့် ဖခင်ဖြစ်သူကို မမှတ်မိနိုင်ဘဲ ထိတ်လန့်သွားရသည်။

ဝူကျင်ချောင်သည် ကျန်းဝူကျိ၏ ထူးဆန်းသော မျက်နှာပေးကို သတိပြုမိသဖြင့် "ဂိုဏ်းချုပ် ကျွန်တော်မျိုး တစ်ခုခု မှားယွင်းတာ လုပ်မိလို့လားခင်ဗျာ" ဟု စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"အော် ဘာမှမဟုတ်ပါဘူး"

ကျန်းဝူကျိက လက်ယမ်းပြကာ ကျိုးလောင်ဆန်းတို့ဆီသို့ စကားပြောရန် ပြင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဝူကျင်ချောင်ဘက်သို့ လှည့်ကာ "မင်းရဲ့ မျိုးရိုးနာမည်က ရှီ ဖြစ်မယ်ဆိုရင် ပိုပြီး နားဝင်ချိုလိမ့်မယ် ထင်တယ်" ဟု ပြောလိုက်သည်။

ဝူကျင်ချောင်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။ မျိုးရိုးနာမည် ရှီ ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ လူတစ်ယောက်၏ မျိုးရိုးနာမည်မှာ မိဘများက ပေးထားခြင်းဖြစ်ပြီး ဘယ်သောအခါမှ ပြောင်းလဲ၍ မရနိုင်ပေ။ အလွန် ကြီးမားသော ကိစ္စရပ်များကြောင့် ပုန်းအောင်းနေရမှသာ နာမည်ပြောင်းရလေ့ ရှိသည်။ မဟုတ်လျှင်တော့ မည်သူကမှ မျိုးရိုးနာမည် ပြောင်းလိုစိတ် ရှိမည် မဟုတ်ပေ။ သို့သော် ၎င်းသည် နားမလည်သော်လည်း မမေးရဲသဖြင့် ခေါင်းညိတ်ကာ အရိုအသေသာ ပေးလိုက်ရတော့သည်။

ကျန်းဝူကျိက ကျိုးလောင်ဆန်းတို့ကို ကြည့်ကာ "ကျိုးလောင်ဆန်း ငါကတော့ အမြဲတမ်း ကတိတည်တဲ့လူပါ။ ငါတို့ရဲ့ အစီအစဉ် ပြောင်းလဲသွားပေမဲ့ ဒါက မင်းရဲ့ အမှားမဟုတ်ပါဘူး။ မင်းသားလေးက ဘယ်လို သိုင်းပညာမျိုးနဲ့ သင့်တော်မလဲဆိုတာ ငါတို့ ကြည့်ပေးပါ့မယ်။ သင့်တော်တဲ့ လူတစ်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံပြီး သိုင်းပညာတွေ သင်ပေးလိမ့်မယ်" ဟု ပြောလိုက်သည်။

ထိုအခါမှ ကျိုးလောင်ဆန်းသည် ကျန်းဝူကျိက မိမိသားကို အဘယ်ကြောင့် ခေါ်ခိုင်းခဲ့သည်ကို နားလည်သွားတော့သည်။ ၎င်းသည် အလွန် ဝမ်းသာကြည်နူးသွားသဖြင့် မျက်ရည်များပင် ကျလာရသည်။ ၎င်းသည် ကျန်းဝူကျိ၏ ရှေ့တွင် ချက်ချင်း ဒူးထောက်ကာ "လက်အောက်ငယ်သားက ဂိုဏ်းချုပ်ကျန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးအလွန်ကြီးမားလှပါတယ် ဂိုဏ်းချုပ်" ဟု အထပ်ထပ် ပြောဆိုသည်။

မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုလျှင် ၎င်းအနေဖြင့် ငြင်းပယ်ချင် ငြင်းပယ်ပေလိမ့်မည်။ သို့သော် ယခုမှာ မိမိသား၏ အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် ဤကိစ္စကို ဘယ်အရာထက်မဆို အရေးကြီးသည်ဟု ယူဆထားပေသည်။ ထို့ကြောင့် ၎င်းသည် ကျန်းဝူကျိကို ဦးချရင်း ကျိုးယွမ်ကိုလည်း ဒူးထောက်ခိုင်းကာ "ဒါက ငါတို့ တစ်မိသားစုလုံးရဲ့ ကျေးဇူးရှင်ကြီး ဂိုဏ်းချုပ်ကျန်းပဲ။ ဒါ့အပြင် ငါတို့ တစ်မိသားစုလုံးရဲ့ အရှင်သခင်လည်း ဖြစ်တယ်။ ကဲ မြန်မြန် ဦးချစမ်း" ဟု ပြောလိုက်သည်။

ကျိုးယွမ်သည် လိမ္မာသော ကလေးတစ်ဦး ဖြစ်ပေသည်။ ဖခင်ဖြစ်သူက ထိုသို့ ပြောသည်ကို ကြားသောအခါ အနည်းငယ် ကြောက်ရွံ့နေသော်လည်း ကျန်းဝူကျိကို ရိုသေစွာပင် ဦးချလေသည်။ ကျန်းဝူကျိသည် နဂါးဖမ်းလက်သည်းပညာကို အသုံးပြုကာ ၎င်းတို့ကို အဝေးမှနေ၍ မတင်ပေးလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ကျန်းဝူကျိသည် လူများ မိမိကို ဦးချနေသည်ကို သိပ်မကြိုက်ပေ။ ထိုသို့ ပြုလုပ်ခြင်းက စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်စေသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ရှောင်လွှဲ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ကျေးဇူးတင်ကြောင်း ဖော်ပြနေခြင်း ဖြစ်သလို မိမိကလည်း မြင့်မားသော အဆင့်အတန်းတွင် ရှိနေသောကြောင့် ဖြစ်သည်။ အရာရာတိုင်းတွင် အဆင့်အတန်း ခွဲခြားမှုကို ဖျောက်ဖျက်ရန်မှာ မဖြစ်နိုင်ပေ။

ကျန်းဝူကျိက ၎င်းတို့ကို မတင်ပေးလိုက်သည်နှင့် ကျိုးယွမ်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။ ကျိုးယွမ်သည် ရုတ်တရက် သတ္တိမွေးကာ "ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကျန်း ကျွန်တော့်ကိုလည်း အဲဒီပညာလေး သင်ပေးလို့ ရမလားဟင်" ဟု မေးလိုက်သည်။

"စကားကို လျှောက်မပြောနဲ့။ မြန်မြန် ဂိုဏ်းချုပ်ကို တောင်းပန်စမ်း"

ကျိုးလောင်ဆန်းမှာ ထိတ်လန့်သွားရသည်။ မိမိသားက ထိုကဲ့သို့ စကားကို ရဲရဲတင်းတင်း ပြောလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် သွေးပင် ဆောင့်တက်သွားရသည်။ ကျန်းဝူကျိက မည်ကဲ့သို့သော လူမျိုးနည်း။ သိုင်းလောကတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်ဘုရင်ကြီးကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ၎င်းကို မြင်ရသူတိုင်းမှာ အလိုလို တုန်ရင်နေကြရသည်။ ၎င်း၏ စကားတစ်ခွန်းဖြင့် ရှောက်လင်မှ သိုင်းပညာရှင် အမြောက်အမြားမှာပင် နှုတ်ဆိတ်သွားခဲ့ရသည်။ ၎င်းကသာ လူတစ်ယောက်ကို သတ်ချင်သည်ဆိုလျှင် အသက်အရွယ် သို့မဟုတ် ကျား၊ မ ခွဲခြားနေမည် မဟုတ်ပေ။

ကျိုးလောင်ဆန်းသည် မိမိသားကို တပည့်အဖြစ် သွင်းပေးနိုင်ရန် မျှော်လင့်ခဲ့သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင်က သိုင်းပညာ သင်ပေးလိမ့်မည်ဟု မည်သည့်အခါမျှ မတွေးရဲခဲ့ပေ။ ယခုမူ မိမိသားက ဂိုဏ်းချုပ်ကို သွားရောက် စော်ကားမိသလို ဖြစ်နေပြီဟု ထင်မှတ်ကာ စိုးရိမ်နေတော့သည်။

ကျိုးယွမ်သည် ဖခင်ဖြစ်သူ၏ ဆူပူမှုကို ကြားသောအခါ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီး ထပ်မံ စကားမပြောရဲတော့ပေ။

"ဘာအတွက် တောင်းပန်ရမှာလဲ...... စကားပြောမိတာလေးနဲ့ တောင်းပန်စရာ လိုသလား။ ငါ ကျန်းဝူကျိက မြင်သမျှလူတိုင်းကို သတ်နေတဲ့လူလို့ မင်းတို့ တကယ်ပဲ ထင်နေကြတာလား"

ကျန်းဝူကျိသည် ကျိုးလောင်ဆန်း၏ တုံ့ပြန်မှုကို ကြည့်ကာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ ထို့နောက် ကျိုးယွမ်ကို ပြုံးပြလျက် "မင်း ငါ့ရဲ့ သိုင်းပညာကို သင်ချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက သင့်တော်ရဲ့လားဆိုတာ ငါ အရင်ကြည့်ရမယ်။ ဒီကို လာခဲ့စမ်း" ဟု ခေါ်လိုက်သည်။

ကျိုးယွမ်သည် ရှေ့သို့ တိုးသွားရန် တွန့်ဆုတ်နေသဖြင့် ဖခင်ဖြစ်သူကို လှမ်းကြည့်သည်။ ကျိုးလောင်ဆန်းကမူ ကျိုးယွမ်ကို ရှေ့သို့ တွန်းပေးလိုက်သည်။ ကျန်းဝူကျိကသာ ၎င်းတို့ သားအဖကို သတ်ချင်သည်ဆိုလျှင် ဤမျှအထိ ဒုက္ခခံနေမည် မဟုတ်ကြောင်း ၎င်း ကောင်းကောင်း နားလည်သွားပြီ ဖြစ်သဖြင့် မကြောက်တော့ပေ။

အခန်း (၂၀၄) ကျိုးကျစ်လော့၏ လောကီဂုဏ်ပကာသနအပေါ် မက်မောမှု

ကျိုးယွမ်သည် ကျန်းဝူကျိ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်နှင့် ကျန်းဝူကျိသည် ထိုင်ချလိုက်ပြီး ၎င်း၏ ကိုယ်ခန္ဓာ အချိုးအစားနှင့် အရိုးအဆစ်များကို စမ်းသပ်စစ်ဆေးလေသည်။ ကျိုးယွမ်သည် မရုန်းကန်ရဲဘဲ ရိုသေစွာ ရပ်နေပေသည်။

ခဏအကြာတွင် ကျန်းဝူကျိသည် လက်ကို မြှောက်ကာ ကျိုးယွမ်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ခပ်ဖွဖွ တွန်းထုတ်လိုက်သည်။ ဤလက်ဝါးရိုက်ချက်သည် ပျော့ပြောင်းလှသော်လည်း ကျိုးလောင်ဆန်းမှာမူ ထိတ်လန့်တကြား ဖြစ်သွားရသည်။ ၎င်းသည် ကျန်းဝူကျိ၏ သိုင်းပညာ အနက်အဓိပ္ပာယ်ကို နားမလည်သော်လည်း ကျန်းဝူကျိ၏ သိုင်းပညာမှာ သိုင်းလောကတွင် ပြိုင်ဘက်ကင်းပြီး သိုင်းပညာရှင် အမြောက်အမြားကို ဒူးထောက် အရှုံးပေးစေနိုင်သည်ကို သိရှိထားပေသည်။

ယခုနှစ်တွင် အသက် ဆယ့်တစ်နှစ်သာ ရှိသေးသော မိမိ၏ သားလေးမှာ ပင်ကိုယ်ခွန်အား ရှိသည်မှအပ အခြားသိုင်းပညာ ဘာမျှ မတတ်မြောက်သေးပေ။ ထို့ကြောင့် ဤလက်ဝါးချက်၏ နောက်ဆက်တွဲ ရလဒ်ကို တွေးတောရင်း ကျိုးလောင်ဆန်းသည် ရှေ့သို့ ပြေးထွက်ကာ အော်ဟစ်လိုက်တော့သည်။

"ဂိုဏ်းချုပ်ကြီးရယ်..... ကျွန်တော့်သားလေးကို ချမ်းသာပေးပါ"

သို့သော် ကျိုးလောင်ဆန်း၏ အော်ဟစ်သံမှာ နောက်ကျသွားချေပြီ။ ၎င်း၏ အရှိန်မှာ ကျန်းဝူကျိ၏ လက်ဝါးအားထက် မည်သို့မျှ မမြန်နိုင်ပေ။ ၎င်း အော်လိုက်သည်နှင့် တပြိုင်နက် ကျန်းဝူကျိ၏ လက်ဝါးသည် ကျိုးယွမ်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး ဖြစ်သည်။ လေတိုးသံ ခပ်တိုးတိုးနှင့်အတူ ကျိုးယွမ်၏ အဝတ်အစားများ အနည်းငယ် လှုပ်ခတ်သွားရုံမှအပ အခြား မည်သည့် လက္ခဏာမျှ မပြဘဲ ငြိမ်သက်နေချေသည်။

ထိုအချိန်တွင် ကျိုးလောင်ဆန်းမှာ သားဖြစ်သူကို ပြေးဖက်ကာ မျက်ရည်များ ဝဲနေတော့သည်။ သို့သော် ကျိုးယွမ်မှာ ဒဏ်ရာရသည့်ပုံ မပေါ်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ၎င်းလည်း မှင်တက်သွားရသည်။

"ဂိုဏ်းချုပ်ကြီး ကျွန်တော်မျိုးက..."

ကျန်းဝူကျိက ရယ်မောလိုက်ပြီး "မင်းကလည်း အလကားနေရင်း အရမ်းတွေ အဖြစ်သည်းနေလိုက်တာ ငါက ကလေးတစ်ယောက်ကို သတ်မလားကွ" ဟု ပြောဆိုလိုက်သည်။ ထို့နောက် ၎င်းက ကျေနပ်သည့် လေသံဖြင့် "မဆိုးဘူး ဒီကလေးရဲ့ အခြေခံက တကယ်ကောင်းတာပဲ။ သူ့ရဲ့ အရိုးအဆစ်တွေက ထိပ်တန်း အရည်အသွေး ရှိတယ်။ လက်မောင်းအင်အားကလည်း လက်ဝါးနဲ့ လက်ကောက်ဝတ်မှာ စုနေတာဆိုတော့ လက်ဝါးသိုင်း လေ့ကျင့်ဖို့အတွက် ပါရမီရှင်တစ်ယောက်ပဲ။ သူ့ကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံလိုက်မယ်။ ငါကိုယ်တိုင် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ကို သင်ပေးမယ်။ နောက်ဆယ်နှစ်ကြာရင် ငါတို့ မင်ဂိုဏ်းမှာ အစောင့်အရှောက်ဘုရင်တစ်ပါး တိုးလာဦးမှာပဲ" ဟု မိန့်ကြားလိုက်သည်။

ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ရန်ရှောင်သည် ဦးစွာ လက်ယှက်ဂါရဝပြုကာ "ပါရမီရှင် တပည့်တစ်ယောက် ရရှိတဲ့အတွက် ဂိုဏ်းချုပ်ကြီးကို ဂုဏ်ပြုပါတယ်" ဟု ရယ်မောလျက် ပြောဆိုသည်။ ဝေယိရှောက်နှင့် အခြားသူများကလည်း တစ်ညီတစ်ညွတ်တည်း ဂုဏ်ပြုစကားများ ဆိုကြလေသည်။

ကျိုးလောင်ဆန်းမှာသာ ထိတ်လန့်နေခဲ့သော်လည်း အခြားသူများကမူ ထိုသို့ မထင်ကြပေ။ အမှန်တွင် ၎င်းတို့ထဲမှ အချို့သည်လည်း သာမန် အရပ်သားဘဝမှ လာသူများ ဖြစ်ကြပြီး ပါရမီရှိသဖြင့် ဆရာသမားများက တပည့်အဖြစ် လက်ခံကာ သိုင်းပညာ သင်ပေးခဲ့ကြခြင်း ဖြစ်သည်။ ကျန်းဝူကျိ ယခု ပြုလုပ်သည့် ပုံစံမှာ သိုင်းလောကသားများ တပည့်လက်ခံသည့် သာမန် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။

ကျိုးယွမ်သည် ယခုနှစ်တွင် အသက် ဆယ့်တစ်နှစ်သာ ရှိသေးသဖြင့် နောက်ဆယ်နှစ်ဆိုလျှင် အသက် နှစ်ဆယ့်တစ်နှစ်သာ ရှိဦးမည် ဖြစ်သည်။ အသက် နှစ်ဆယ့်တစ်နှစ်အရွယ်တွင် အစောင့်အရှောက် ဘုရင်အဆင့် သိုင်းပညာကို ရရှိနိုင်မည်ဆိုခြင်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ ဤသည်မှာ မင်ဂိုဏ်းအတွက် ကောင်းမွန်သော ကိစ္စဖြစ်သဖြင့် အားလုံးက ဝမ်းမြောက်နေကြ တော့သည်။

ထိုအခါမှ ကျိုးလောင်ဆန်းသည် အခြေအနေကို သဘောပေါက်သွားပြီး အလွန်အမင်း ဝမ်းသာလွန်းသဖြင့် ခေါင်းပင် မူးနောက်သွားရသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ "ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ပါတယ်.... ကျေးဇူးအလွန်ကြီးမားလှပါတယ်" ဟု တုန်ရင်စွာ ပြောဆိုသည်။

ကျိုးယွမ်သည်လည်း လိမ္မာပါးနပ်သူ ဖြစ်သဖြင့် ချက်ချင်း ဒူးထောက်ကာ သုံးကြိမ် ဦးချပြီး "တပည့်က ဆရာသခင်ကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။ သိုင်းလောကသားများတွင် စည်းကမ်းကြီးကြီးမားမား မရှိသဖြင့် ဤတပည့်ခံပွဲမှာ ဦးချခြင်း၊ လက်ဖက်ရည် တိုက်ခြင်းနှင့် ခေါ်ဝေါ်ပုံ ပြောင်းလဲခြင်းတို့ဖြင့်သာ ပြီးမြောက်သွားပေသည်။

တပည့်ခံပြီးနောက် ကျန်းဝူကျိသည် လူလွှတ်၍ ကျိုးလောင်ဆန်း၏ အဝတ်အစားများကို လဲလှယ်စေပြီး ဆံပင်မှ ဆိုးဆေးများကို ဆေးကြောစေသည်။ ဤသို့ဖြင့် ၎င်းသည် အရပ်ရှည်ပြီး သန်မာသော လူတစ်ဦးအဖြစ် ပေါ်ထွက်လာကာ ရှဲ့ရွှန်းနှင့် မည်သို့မျှ မတူတော့ချေ။

ပြင်ဆင်မှုများ ပြီးစီးသောအခါ ကျန်းဝူကျိသည် သင်္ဘောကို ဂျပန်ကျွန်းဆီသို့ ဦးတည်မောင်းနှင်ရန် အမိန့်ပေးလိုက်သည်။ ဤခရီးစဉ်သည် ထောင်ချောက်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်သကဲ့သို့လည်း ဖြစ်နေပေသည်။

ခရီးစဉ်မှာ အတော်အတန် ကြာမြင့်ပေသည်။ သင်္ဘောပေါ်တွင် စားနပ်ရိက္ခာများ အလုံအလောက် ပါရှိသဖြင့် စိုးရိမ်စရာ မရှိချေ။ ကျန်းဝူကျိသည် အားလပ်ချိန်များတွင် တပည့်ဖြစ်သူကို သိုင်းပညာ သင်ပေးရင်း အချိန်ကုန်လွန်စေသည်။ နေ့ဘက်တွင် ကျိုးယွမ်ကို အခြေခံ ခိုင်မာစေရန် အတွင်းအား လေ့ကျင့်ခန်းများ သင်ပေးပြီး ညဘက်တွင်မူ ကျိုးကျစ်လော့ကို အတွင်းအားများ သင်ပေးပေသည်။ ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ စိတ်စွမ်းအား လေ့ကျင့်ခန်းများကို သင်ကြားပေးထားပြီး ဖြစ်သည်။

"ဝူကျိအစ်ကို... ကျွန်မရဲ့ အတွင်းအားက အရင်ကထက် အများကြီး ပိုပြီး နက်ရှိုင်းလာသလို ခံစားရတယ်။ သင်္ဘောစီးရတာ ရက်ပေါင်းများစွာ ကြာပေမဲ့ နွမ်းနယ်တာမျိုး လုံးဝ မရှိဘူး။ ဒီကိုးပါးနေဝန်း အလင်းစွမ်းအင်က တကယ်ကို အံ့သြဖို့ ကောင်းတာပဲ" ဟု ကျိုးကျီလော့က ဝမ်းသာအားရ ပြောဆိုသည်။

ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို ဖက်ထားရင်း "ဒါပေါ့... ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို တတ်မြောက်ထားရင် ခန္ဓာကိုယ် ခွန်အားနဲ့ အတွင်းအားတွေက အများကြီး တိုးတက်လာမှာပဲ။ ဒါမှလည်း ညဘက် အနားယူတဲ့အခါ ငါတို့ နှစ်ယောက်လုံး ပိုပြီး ပျော်ရွှင်နိုင်မှာပေါ့" ဟု ရယ်မောကာ ပြောလိုက်သည်။

ကျိုးကျစ်လော့သည် ဤစကား၏ အဓိပ္ပာယ်ကို နားလည်သဖြင့် မျက်နှာလေး နီမြန်းသွားရသည်။ သူမသည် ကျန်းဝူကျိ၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း ၎င်း၏ ရနံ့ကို တဝကြီး ရှူရှိုက်နေမိသည်။ ကျန်းဝူကျိသည် သူမ ချစ်မြတ်နိုးရသော ပထမဆုံးနှင့် နောက်ဆုံးသော အမျိုးသားပင် ဖြစ်ပေသည်။

ကျန်းဝူကျိ၏ စေတနာများကို တွေးတောရင်း ကျိုးကျစ်လော့၏ စိတ်အစဉ်မှာ နူးညံ့ပျော့ပြောင်းသွားရသည်။ ဝေယိရှောက်၏ လက်မှ ကယ်တင်ပေးခဲ့သည်မှစ၍ ဝမ်အန်းဘုရားကျောင်းတွင် အသက်ဘေးမှ ကယ်တင်ပေးခဲ့ခြင်းနှင့် အော့မေ့ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ပေးခဲ့ခြင်းတို့မှာ ကျိုးကျစ်လော့အတွက် မမေ့နိုင်သော ကျေးဇူးတရားများ ဖြစ်ပေသည်။ ထန်မိန်ကျွင်းက သူမကို အနိုင်ကျင့်ကာ ဂိုဏ်းချုပ်ရာထူးမှ ဖယ်ရှားရန် ကြိုးစားစဉ်ကလည်း ကျန်းဝူကျိကပင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ဤကျေးဇူးတရားများကို သူမအနေဖြင့် တစ်သက်လုံး ဆပ်၍ ကုန်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျိုးကျစ်လော့သည် ကျန်းဝူကျိ၏ အရည်အချင်းနှင့် စရိုက်လက္ခဏာကိုလည်း နှစ်သက်ပေသည်။ သူမသည် ပင်ကိုယ်ကပင် ရည်မှန်းချက် ကြီးမားသော အမျိုးသားများကို မက်မောသူ ဖြစ်သည်။ ကျန်းဝူကျိသည် ယခုအခါ သိုင်းလောက၏ ခေါင်းဆောင်ကြီး ဖြစ်နေပြီး သိုင်းပညာရှင် အားလုံးက ၎င်းကို လေးစားကြောက်ရွံ့နေကြရသည်။

ထို့ပြင် ကျန်းဝူကျိသည် မင်ဂိုဏ်း၏ အရှင်သခင်ဖြစ်ပြီး နောင်တစ်ချိန်တွင် တိုင်းပြည်ကို အုပ်ချုပ်မည့် ဧကရာဇ်မင်း ဖြစ်လာရန် အခွင့်အလမ်း အလွန်များနေပေသည်။ ကျန်းဝူကျိ ဧကရာဇ် ဖြစ်လာပါက သူမသည်လည်း မိဖုရားတစ်ပါး ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ကျိုးကျစ်လော့သည် ၎င်း၏ အနာဂတ် ဂုဏ်ပကာသနများကို တွေးတောရင်း ကျေနပ်နေမိသည်။

ကျိုးကျစ်လော့သည် အော့မေ့ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် သိုင်းပညာ မမြင့်မားသေးသော်လည်း ကုန်းထုံဂိုဏ်းမှ လူကြီးသူမများပင် သူမကို ရိုသေကြသည်မှာ ကျန်းဝူကျိ၏ အရှိန်အဝါကြောင့် ဖြစ်သည်ကို သူမ သိရှိပေသည်။

ဤသို့သော အရှိန်အဝါနှင့် ဂုဏ်ပုဒ်များကို ကျိုးကျစ်လော့သည် အလွန်ပင် နှစ်သက်မြတ်နိုးပေသည်။ သူမသည် နောင်တစ်ချိန်တွင် ရရှိလာမည့် ကြီးကျယ်မြင့်မြတ်သော ဘဝကို စိတ်ကူးယဉ်ရင်း ချစ်လှစွာသော ဝူကျိအစ်ကို၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ မှီတွယ်နေတော့သည်။

All Chapters