အခန်း (၂၁၉-၂၂၀)
Vol. 16 Ch. 219-220
အခန်း (၂၁၉) - ဝူမိသားစု၏ အလိုရှိစာရင်းနှင့် ယွန်လိုင်းမြို့အထိ ပျံ့နှံ့လာသော ကမောက်ကမဖြစ်မှုများ (အပိုင်း ၃)
အရက်ဆိုင်အတွင်းရှိ လေလွင့်ကျင့်ကြံသူ တစ်စုမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
သူတို့အားလုံးမှာ စိုးရိမ်စိတ်ကိုယ်စီ ရှိနေကြ၏။
ယခုအချိန်တွင် ယွန်လိုင်းမြို့သည် စစ်ပွဲ၏ ဗဟိုချက်မ ဖြစ်သော နေရာနှင့် အနည်းဆုံး ကီလိုမီတာ သုံးထောင်ခန့် ဝေးကွာနေသော်လည်း ထိုနေရာ၏ အခြေအနေမှာ ယွန်လိုင်းမြို့၏ ဘေးကင်းမှုကို အချိန်မရွေး ထိခိုက်စေနိုင်သည်။
အထူးသဖြင့် ယွန်လိုင်းအရှင်သခင် ကိုယ်တိုင်ပင် ဤတိုက်ပွဲအတွင်း ပါဝင်ရန် ကြံစည်နေပုံရသဖြင့် ယွန်လိုင်းမြို့မှာ ရှောင်လွှဲ၍မရသော ကမောက်ကမ ဖြစ်မှုများ အတွင်းသို့ ရောက်ရှိသွားတော့မည်မှာ သေချာလှသည်။
ရာစုနှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော ဤမြို့တော်ကြီးမှာ မည်သည့်အချိန်တွင်မဆို ပျက်စီးသွားနိုင်သည်။
သို့သော်လည်း သူတို့မှာ ကျင့်စဉ်အဆင့်နိမ့်သော ကျင့်ကြံသူများသာ ဖြစ်ကြသဖြင့် မည်မျှပင် စိုးရိမ်စေကာမူ ဖြစ်ပျက်လာမည့် အခြေအနေများကို တားဆီးနိုင်စွမ်း မရှိကြပေ။
သူတို့ လုပ်နိုင်သည်မှာ ကံကြမ္မာ၏ စီးဆင်းမှုအတိုင်း လိုက်ပါရန်သာ ရှိတော့သည်။
"ကြည့်ရတာ ကမောက်ကမဖြစ်မှုတွေက အခုမှ စမယ် ထင်တယ်"
"မကြာခင်မှာ သားရဲတစ်သောင်းတောင်တန်း တစ်ခုလုံးကို ရိုက်ခတ်လာတော့မယ်"
ထိုစကားများကို ကြားရသောအခါ ကျန်းဖန်၏ မျက်နှာမှာ လေးနက်သွားရသည်။ မြစိမ်းတော ဈေးတန်း အကြောင်း သတင်းများကို ဤမျှမြန်မြန် ကြားလိုက်ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း တစ်ဖက်တွင်တော့ သူ စိတ်အေးသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ထိုနေရာမှ အချိန်မီ ထွက်ပြေးလာနိုင်ခဲ့၏။
မဟုတ်ပါက ထို ရွှေအမြုတေအဆင့်များ၏ စစ်တလင်းတွင် 'ချီ' ကျင့်ကြံခြင်းအဆင့်မျှသာ ရှိသော သူသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အလွယ်တကူ နင်းခြေခံရပေလိမ့်မည်။
ထို့ပြင် ဤမတည်ငြိမ်မှုမှာ ပြီးဆုံးသွားဦးမည် မဟုတ်ပေ။ သန္ဓေတည် ဝိညာဉ်အဆင့် ဂူဗိမာန်ကို အပိုင်မစီးနိုင်သရွေ့ ဂိုဏ်းပေါင်းစုံ၏ အားပြိုင်မှုမှာ ဆက်ရှိနေဦးမည် ဖြစ်သည်။
ကျန်းဖန်သည် သူ၏ ကျင့်စဉ်ကို ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ပိုမိုခံစားလိုက်ရသည်။
မဟုတ်ပါက သူသည်လည်း ဖန့်ဝေတို့ မိသားစုကဲ့သို့ပင် ခုခံနိုင်စွမ်းမရှိဘဲ အသက်ပျောက်သွားရပေလိမ့်မည်။
"ဒါနဲ့... ဝူမိသားစုက အကြီးအကဲ ဝူဖုန်း အကြောင်း ကြားပြီးကြပြီလား။ သူ လွန်ခဲ့တဲ့ နှစ်လလောက်က မြစိမ်းတော ဈေးတန်းကနေ အသက်လုပြေးလာရတာတဲ့။ သူ့ရဲ့ ညီအစ်ကို နှစ်ယောက်နဲ့ ဇနီးသည်တောင် အဲဒီမှာ သေခဲ့တယ်ဆိုပဲ" ဟု တစ်ဦးက စကားလမ်းကြောင်းလိုက်သည်။
"ဟဲ... အဲဒီ ဝူဖုန်း အဘိုးကြီးလား။ သူက ဝူမိသားစုရဲ့ အာဏာကို သုံးပြီး ယွန်လိုင်းမြို့မှာ လုပ်ချင်ရာ လုပ်နေတာလေ၊ သူ့ကို မုန်းတဲ့သူတွေမှ အများကြီး။ သူ အခုလို ဖြစ်တာ လူတွေက ဝမ်းသာနေကြမှာပေါ့"
"ကြားရတာတော့ အဘိုးကြီးဝူကို လေလွင့်ကျင့်ကြံသူ လင်မယားနှစ်ယောက်က လုပ်ကြံတာတဲ့။ သူတို့ ထွက်ပြေးတဲ့အချိန်မှာ 'မိစ္ဆာမျှားမြက်' တွေကို ကြဲပက်ခဲ့လို့ အဆင့် (၂) မိစ္ဆာသားရဲကြီး ရောက်လာပြီး ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တာတဲ့။ အဲဒီလင်မယားက အခွင့်ကောင်းယူပြီး လူတွေဆီက ပစ္စည်းတွေကို လုယူသွားကြတာပေါ့။ တကယ့်ကို 'ဓားငှားပြီး လူသတ်တာ' ပဲ၊ အရမ်းကို ရက်စက်တဲ့သူတွေ"
"မဖြစ်နိုင်တာ... ဘယ်လင်မယားက ဒီလောက်တောင် ရက်စက်ရတာလဲ။ အဲဒါသာ အမှန်ဆိုရင် သူတို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရသွားမှာပေါ့နော်"
"တွက်ကြည့်ရင်တော့ ဝိညာဉ်ကျောက်တုံး သောင်းချီ ရသွားလောက်တယ်။ အဲ့ဒါက အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးတောင် ဝယ်နိုင်လောက်တဲ့ ပမာဏပဲ။ အဲဒါကြောင့်လည်း အဘိုးကြီးဝူက ရူးမတတ် ဖြစ်နေတာပေါ့။ ဝူမိသားစုရဲ့ အင်အားကို သုံးပြီး ယွန်လိုင်းမြို့ကို ရောက်လာသမျှ လေလွင့်ကျင့်ကြံသူတွေကို လွန်ခဲ့တဲ့ နှစ်လလုံးလုံး ရှာဖွေစစ်ဆေးနေတာ။ လူတွေကတော့ အတော်လေး ငြိုငြင်တာပေါ့ကွာ၊ ဒါပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ အခုနောက်ပိုင်းမှပဲ ဝူမိသားစုလည်း အနည်းငယ် ငြိမ်သွားတာ"
"တစ်ဖက်လူတွေကလည်း ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရထားပြီး အဘိုးကြီးဝူကိုလည်း ရန်စထားတာဆိုတော့ ယွန်လိုင်းမြို့ကို လာပါ့မလား။ တခြားတစ်နေရာကို ထွက်ပြေးသွားလောက်ပါပြီ"
"အဲဒီကျင့်ကြံသူ လင်မယားကိုသာ တွေ့မယ်ဆိုရင်တော့ ငါတို့လည်း တစ်ခါတည်း ချမ်းသာသွားမှာပဲ" ဟု ကျင့်ကြံသူများက အားကျမနာစွာ ဆွေးနွေးနေကြတော့သည်။
"ဒါက..."
ထိုစကားများကို ကြားရသောအခါ ကျန်းဖန်၏ မျက်လုံးများမှာ မှေးစပြုလာပြီး သူ၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါ အချို့မှာ မသိစိတ်မှ ထွက်ပေါ်လာတော့သည်။
သူ သိထားခဲ့သည်။ ဝူဖုန်း လွတ်သွားခြင်းက သူ့အတွက် ပြဿနာများ သယ်ဆောင်လာလိမ့်မည် ဆိုသည်ကို။
သို့သော်လည်း ဝူဖုန်းက သူ့ကို ဤမျှအထိ လုပ်ကြံဖန်တီးကာ အပြစ်ပုံချလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝူဖုန်းသည် ဝူမိသားစုမှ ဖြစ်သဖြင့် စကားပြောဆိုခွင့်မှာ သူ၏ လက်ထဲ၌ ရှိနေပြီး ကျန်းဖန်ကမူ အားကိုးရာမဲ့သော လေလွင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလား။
…..
အခန်း (၂၂၀) - ဝူဖုန်းနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ကလဲ့စားချေ၍ အမှန်တရားကို ရှာဖွေခြင်း။
"ယောကျာ်း..."
ဘေးနားရှိ စုဝေဝေသည်လည်း ထိုစကားများကို ကြားရသောအခါ စိုးရိမ်တကြီးဖြင့် ကျန်းဖန်ကို ကြည့်လိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် ဆင်းရဲသားရပ်ကွက် အတွင်းသို့ မဝင်ရောက်မီ သူတို့နှစ်ဦးစလုံးသည် ရုပ်ဖျက်ထားခဲ့ကြသည်။ စုဝေဝေမှာမူ အမျိုးသားတစ်ဦး အသွင်ပင် ဖန်တီးထားခဲ့၏။
မဟုတ်ပါက ယွန်လိုင်းမြို့၏ ဆင်းရဲသားရပ်ကွက် အတွင်း၌ လတ်လတ်ဆတ်ဆတ် ရောက်ရှိလာသော လေလွင့်ကျင့်ကြံသူ လင်မယားမှာ ဝူမိသားစု၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားပေလိမ့်မည်။
သူမသည် သူမ ခင်ပွန်းဖြစ်သူ၏ အမြော်အမြင်ရှိမှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဤသို့ ကြိုတင် ပြင်ဆင်ခဲ့ခြင်းကြောင့်ပင် သူတို့သည် ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့"
"နှစ်လတောင် ကြာသွားပြီဆိုတော့ ဝူမိသားစုလည်း အမဲလိုက်တာ ရပ်လောက်ပါပြီ။ ငါတို့ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ" ဟု ကျန်းဖန်က ဝိညာဉ်အာရုံဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သူ၏ အသက်သွေးကြောအင်းဖြစ်သော နိမိတ်ဖတ်အင်းက ဘေးအန္တရာယ်ရှိကြောင်း သတိမပေးသဖြင့် သူတို့ လုံခြုံနေသေးကြောင်း ကျန်းဖန် သိထားသည်။
နေ့စဉ်နှင့်အမျှ ယွန်လိုင်းမြို့သို့ ကျင့်ကြံသူ အမြောက်အမြား လာရောက်နေကြရာ ဝူမိသားစု မည်မျှပင် အာဏာရှိစေကာမူ ကျင့်ကြံသူတိုင်းကို စစ်ဆေးရန်မှာ မဖြစ်နိုင်ပေ။
ထို့ပြင် ဝူမိသားစုမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု ဖြစ်သဖြင့်လည်း နှစ်လကြာအောင် ဘာမှရှာမတွေ့သည့် ကိစ္စတစ်ခုအပေါ်တွင် အချိန်အကန့်အသတ်မရှိ ပေးနေလိမ့်မည် မဟုတ်ပေ။
အကယ်၍သာ လွန်ခဲ့သော နှစ်လကတည်းက သူတို့ ရောက်ရှိလာခဲ့လျှင်မူ ဖော်ထုတ်ခံရနိုင်ချေ ရှိသော်လည်း ယခုမူ မစိုးရိမ်ရတော့ပေ။
နိမိတ်ဖတ်အင်းက ယွန်လိုင်းမြို့သို့ စောစောမသွားရန် အဘယ်ကြောင့် အပြင်းအထန် သတိပေးခဲ့သည်ကို ကျန်းဖန် အခုမှ သဘောပေါက်သွားတော့သည်။
သားရဲတစ်သောင်း တောင်တန်းအတွင်း၌ နှစ်လ၊ သုံးလခန့် အချိန်ဆွဲနေခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
"ငါတို့ ဘယ်မှာ နေကြမလဲဟင်" ဟု စုဝေဝေက ဝိညာဉ်အာရုံဖြင့် ထပ်မံမေးမြန်းလိုက်သည်။
"ဆင်းရဲသားရပ်ကွက်ထဲမှာပဲ နေကြတာပေါ့"
"ယွန်လိုင်းမြို့ထဲမှာ သွားနေတာက အန္တရာယ်ရှိနိုင်တယ်" ဟု ကျန်းဖန်က လေးလေးနက်နက် ဆိုလိုက်သည်။
သူသည် ယွန်လိုင်းမြို့ အတွင်း၌ နေထိုင်ပါက အန္တရာယ်ရှိနိုင်မရှိ နိမိတ်ဖတ်အင်းဖြင့် စမ်းသပ်ကြည့်ရာ "ဘေးအန္တရာယ် အနည်းငယ်" ရှိကြောင်း ပြသနေခဲ့သည်။
သိသာလှသည်မှာ ဝူမိသားစု၏ အရှိန်အဝါသည် မြို့အတွင်း၌ မသေးလှပေ။ သို့သော် ဆင်းရဲသားရပ်ကွက်မှာမူ လူမျိုးစုံ ရောနှောနေသလို အစီရင်ခံအတားအဆီးများလည်း မရှိသဖြင့် တစ်ခုခုဖြစ်ပါက ချက်ချင်း ထွက်ပြေးရန် ပိုမိုလွယ်ကူလှသည်။
သူ့အတွက်မူ မြို့အတွင်းရှိ အဆင့် (၃) ဝိညာဉ်သွေးကြောမှာ နေထိုင်ရန် မလိုအပ်ပေ။ သူ လိုအပ်သည်မှာ မြို့အတွင်း၌ ရောင်းချနေသော ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များသာ ဖြစ်သည်။
ဆင်းရဲသားရပ်ကွက်၌ နေထိုင်ခြင်းဖြင့်လည်း မြို့ထဲသို့ ဝင်ကာ ပစ္စည်းများ ဝယ်ယူနိုင်သည် မဟုတ်ပါလား။
တစ်နာရီခန့် အကြာတွင် ကျန်းဖန်နှင့် စုဝေဝေတို့သည် ဆင်းရဲသား ရပ်ကွက်၏ စီမံခန့်ခွဲရေးရုံးသို့ သွားကာ သစ်သားအိမ်လေး တစ်လုံးကို ငှားရမ်းလိုက်ကြသည်။
ဤနေရာ၌ လေလွင့်ကျင့်ကြံသူများ အဝင်အထွက် များလှသလို သေဆုံးနှုန်းလည်း မြင့်မားသဖြင့် အိမ်လွတ်များမှာ အမြဲရှိနေတတ်သည်။
အိမ်လခမှာလည်း တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၂၀ သာ ကျသဖြင့် သာမန်ကျင့်ကြံသူများပင် တတ်နိုင်ကြသည်။
ဤသည်မှာပင် ယွန်လိုင်းမြို့သည် ကျင့်ကြံသူများ အတွက် သုခဘုံတစ်ခု ဖြစ်နေရခြင်း အကြောင်းရင်းပင်။
ဝုန်း
ထိုခဏတွင် ကျန်းဖန်၏ အသိစိတ်အာရုံထဲသို့ သတင်းစကားတစ်ခု စီးဝင်လာသည်။
"လေလွင့်ကျင့်ကြံသူများ၏ မြို့တော် ယွန်လိုင်းမြို့သို့ ဘေးကင်းစွာ ရောက်ရှိခဲ့ပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည့်အတွက် သင်သည် ကံကောင်းခြင်းအမှတ် လေးထောင်ကို ရရှိသည်။"
သူ၏ နိမိတ်ဖတ်အင်းမှာ တောက်ပလာပြီး သူ၏ ကိုယ်ပေါ်၌ ကံကြမ္မာ အရှိန်အဝါများ ဝန်းရံလာသကဲ့သို့ ခံစားလိုက်ရသည်။ ယခုအခါ သူ၏ ကံကောင်းခြင်း အမှတ်များမှာ စုစုပေါင်း ကိုးထောင်အထိ ရှိသွားခဲ့ချေပြီ။
ကျန်းဖန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ယွန်လိုင်းမြို့သို့ ရောက်ရှိခြင်း အထိမ်းအမှတ် အဖြစ် သူ၏ ကျင့်ဖော်ကျင့်ဖက် စုဝေဝေနှင့်အတူ ချစ်တင်းနှီးနှောကာ အောင်ပွဲခံလိုက်လေတော့သည်။
သုံးရက်ခန့် ကုန်ဆုံးသွားပြီးနောက် ကျန်းဖန်နှင့် စုဝေဝေတို့သည် ယွန်လိုင်းမြို့၏ အခြေအနေကို အတော်လေး နားလည်သွားခဲ့ကြသည်။
ယွန်လိုင်းမြို့အတွင်း၌ ဟန် ၊ ယန် ၊ ကျူး ၊ ကျန်း ၊ လု ၊ ရွှီ ၊ ဟဲ နှင့် ဝူ ဟူသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီး ရှစ်စု ရှိနေ၏။
ထို့ပြင် ယွန်လိုင်းအရှင်သခင်တွင်လည်း အုတ်မြစ်တည်ဆောက်ခြင်း တပည့် ၁၂ ဦး ရှိနေသဖြင့် မြို့တော်တစ်ခုလုံး၌ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ စုစုပေါင်း ၂၀ ခန့် ရှိနေပြီ ဖြစ်သည်။
ဤမျှအင်အားမှာ သာမန် ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခု၏ အင်အားနှင့် မရှေးမနှောင်းပင်။
ဝူမိသားစုတွင်မူ အသက် ၂၀၀ ကျော်နေပြီ ဖြစ်သော ဝူပေ့ရှီး အမည်ရှိ အုတ်မြစ်တည်ဆောက်ခြင်းအင့် ကျင့်ကြံသူတစ်ဦးသာ ရှိတော့သည်။
ထို့ကြောင့် ဝူမိသားစုသည် မျိုးဆက်သစ် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာစေရန် အလွန်ပင် အလောတကြီး ဖြစ်နေကြခြင်း ဖြစ်သည်။
အကယ်၍ မျိုးဆက်သစ် မပေါ်ထွက်လာပါက ဝူမိသားစုသည် ယွန်လိုင်းမြို့မှ နှင်ထုတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
"လေလွင့်ကျင့်ကြံသူတွေရဲ့ မြို့တော်လို့ အမည်တပ်ထားပေမဲ့ တကယ်တမ်းမှာတော့ ကျင့်စဉ်မျိုးနွယ်စုကြီးတွေကပဲ ထိန်းချုပ်ထားတာပဲ"
"ဝူမိသားစုက လေလွင့်ကျင့်ကြံသူတွေကို စစ်ဆေးပိုင်ခွင့်ရှိနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ငါတို့ အထူးသတိထားရမယ်၊ ငါတို့ရဲ့ သရုပ်မှန်ကို ဘယ်တော့မှ အသိပေးလို့ မဖြစ်ဘူး" ဟု ကျန်းဖန်က ကြိတ်၍ တွေးလိုက်မိလေတော့သည်။
…..