အခန်း (၂၂၁-၂၂၂)
Vol. 16 Ch. 221-222
အခန်း (၂၂၁) - ဝူဖုန်းနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ကလဲ့စားချေ၍ အမှန်တရားကို ရှာဖွေခြင်း (အပိုင်း ၂)
"မဟုတ်ရင်တော့ ဝူမိသားစုရဲ့ လိုက်လံဖမ်းဆီးတာကို သေချာပေါက် ခံရမှာပဲ"
ကျန်းဖန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ပြီးခဲ့သည့် အကြိမ်က ဝူဖုန်းကို လွတ်ပေးလိုက်မိခြင်းသည် မည်မျှအထိ ဒုက္ခများစေနိုင်ကြောင်း သူ သိထားသည်။
အကယ်၍ ရန်သူသည် သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦးသာဆိုလျှင် ကိစ္စမရှိသော်လည်း ယခုမူ နောက်ခံအင်အားကြီးမားသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်နေသည်။
"ကလေးကို ရိုက်ရင် အကြီးက ပါလာတတ်တယ်" ဆိုသကဲ့သို့ပင် ဤကဲ့သို့သော ကျင့်စဉ်မျိုးနွယ်စုများသည် တစ်စုနှင့်တစ်စုလည်း အမျိုးတော်စပ်နေကြသဖြင့် ဆက်ဆံရေးများမှာ အလွန်ပင် ရှုပ်ထွေးလှသည်။
"ဒါပေမဲ့ ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူး"
"ငါက ယွန်လိုင်းမြို့ကို အခွင့်အရေးရှာဖို့နဲ့ ကျင့်စဉ်အရင်းအမြစ်တွေ ဝယ်ဖို့ပဲ လာတာ။ မြို့ထဲက ဆက်ဆံရေးတွေ ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ... ငါကတော့ ဒီနွံထဲကို ခြေမလှမ်းသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
"ငါသာ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားရင် ဝူမိသားစုနဲ့ ဖြစ်နေတဲ့ ကိစ္စက ဘာမှမဟုတ်တော့ဘူး။ နောက်ဆုံးတော့ အရာအားလုံးကို အင်အားကပဲ ဆုံးဖြတ်မှာပါ"
ကျန်းဖန်၏ မျက်လုံးများထဲတွင် ပြတ်သားသော အလင်းတန်းများ ပေါ်လာသည်။
ဝူမိသားစုက သူ့ကို သတ်ရန် ကြိုးစားနေခြင်းမှာ သူသည် အားနည်းသော ပုရွက်ဆိတ်တစ်ကောင်ဟု ထင်နေကြသောကြောင့်ပင်။ သူသာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာပါက ဝူမိသားစုဘက်ကပင် အလျှော့ပေးရပေလိမ့်မည်။
"ဒါဆိုရင် အရင်ဆုံး ယွန်လိုင်းမြို့ထဲကို သွားကြစို့"
"ကျင့်စဉ်အရင်းအမြစ်တွေ ဝယ်ပြီး 'ချီ' ကျင့်ကြံခြင်း အဆင့် (၉) ကို တက်လှမ်းရမယ်"
ကျန်းဖန်သည် အဆင့် (၉) သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ခံစားမိသည်။
အကယ်၍ သူသာ အဆင့်မြင့်ဆေးလုံး သို့မဟုတ် ဝိညာဉ်အရည် အချို့ကို ဝယ်နိုင်ပါက အတားအဆီးမရှိဘဲ တက်လှမ်းနိုင်မည်မှာ သေချာလှသည်။
သူသည် သစ်သားအိမ်လေးထဲမှ ထွက်ခါ ယွန်လိုင်းမြို့အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
ယွန်လိုင်းမြို့သည် အမှန်တကယ်ပင် ရွှေအမြုတေအဆင့်တို့၏ မြို့တော် ဖြစ်သည့်အတိုင်း မြို့ပြင်ရှိ ဆင်းရဲသားရပ်ကွက်ပင်လျှင် မြစိမ်းတော ဈေးတန်းထက် များစွာ ပိုမိုစည်ကားလှသည်။
ဤနေရာသို့ လာရောက်ကြသော လေလွင့်ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် ရှိနေပြီး သူတို့၏ ပျမ်းမျှအဆင့်မှာလည်း မြင့်မားလှသည်။ နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို နေရာအနှံ့ တွေ့မြင်နေရ၏။
ဝုန်း
ယွန်လိုင်းမြို့အတွင်းသို့ ခြေချလိုက်သည်နှင့် ကျန်းဖန်သည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဝိညာဉ်စွမ်းအားတွေက တကယ် ထူထပ်တာပဲ"
ကျန်းဖန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သောအခါ သူ၏ တန်းထျန် အတွင်းရှိ 'မူလအင်းသန္ဓေ' မှာ အလိုအလျောက် လည်ပတ်ကာ လေထုထဲရှိ ဝိညာဉ်စွမ်းအားများကို လောဘတကြီး စုပ်ယူတော့သည်။
ဤနေရာ၌ ကျင့်ကြံခြင်းသည် အခြားနေရာထက် အကျိုးသက်ရောက်မှု နှစ်ဆခန့် ပိုမိုမြင့်မားပေလိမ့်မည်။ ၎င်းမှာ ယွန်လိုင်းမြို့အောက်ရှိ အဆင့် (၃) ဝိညာဉ် သွေးကြော၏ စွမ်းအားပင်။
ကျန်းဖန်သည် မြို့အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် ဤနေရာရှိ ကုန်စျေးနှုန်းများမှာ မြစိမ်းတော ဈေးတန်းထက် များစွာ သက်သာနေသည်ကို တွေ့ရသည်။
ဝိညာဉ်ဆန်၊ မိစ္ဆာသားရဲအသား နှင့် ဆေးလုံးများမှာပင် ထက်ဝက်ခန့် စျေးသက်သာနေ၏။
သိသာလှသည်မှာ မြစိမ်းတော ဈေးတန်းကို အုပ်ချုပ်သော နေမင်းကြီးဓားဂိုဏ်းမှာ ကျင့်ကြံသူများကို အဆမတန် အမြတ်ထုတ်ခဲ့ခြင်းပင်။
ကျန်းဖန်သည် လမ်းတစ်လျှောက်တွင် သင့်တော်သော ဆိုင်တစ်ဆိုင်ကို ရှာဖွေနေစဉ် 'ဝူမိသားစု ဆေးဆိုင်' ရှေ့သို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ ယွန်လိုင်းမြို့ရှိ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုဖြစ်သော ဝူမိသားစု ပိုင်ဆိုင်သည့် ဆိုင်ပင် ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ဝူဖုန်းနှင့် ရန်ငြိုးရှိထားသဖြင့် ဤဆိုင်ထဲသို့ သူ ဝင်မည်မဟုတ်ပေ။
သို့သော် သူ ဖြတ်လျှောက်သွားစဉ်မှာပင် သူ၏ နိမိတ်ဖတ်အင်း က တုန်ခါလာပြီး သတင်းစကားတစ်ခု ပေးပို့လာခဲ့သည်။
"ကံကောင်းခြင်း အနည်းငယ်"
ဤဆိုင်တွင် ဆေးဝယ်ခြင်းက မမျှော်လင့်ထားသော အခွင့်အရေးအချို့ ရရှိနိုင်ကြောင်း သိလိုက်ရသဖြင့် ကျန်းဖန်သည် မဆိုင်းမတွဘဲ ဆိုင်အတွင်းသို့ ဝင်လိုက်တော့သည်။
"မိတ်ဆွေကျင့်ကြံသူ... ဘယ်လိုဆေးမျိုးကို ရှာနေတာလဲ" ဟု ဆိုင်တာဝန်ခံ ဝူဟွေးက ကျန်းဖန်ကို ဖော်ဖော်ရွေရွေ ကြိုဆိုလိုက်သည်။
ဝူဟွေးသည် 'ချီ' ကျင့်ကြံခြင်း အဆင့် (၈) ကျင့်ကြံသူ ဖြစ်သည်။
ကျန်းဖန်က သူ၏ အရှိန်အဝါကို အဆင့် (၇) အဖြစ် ဖျက်ထားသော်လည်း ၎င်းမှာ နှောင်းပိုင်း ကျင့်ကြံသူ ဖြစ်သဖြင့် ဝူဟွေးအတွက်မူ အဆင့်မြင့် ဖောက်သည်တစ်ဦး ဖြစ်နေသည်။
"ကျွန်တော် ဝိညာဉ်အရည် လိုချင်လို့ပါ။ ဒီမှာ ရှိလား" ဟု ကျန်းဖန်က တိုက်ရိုက်ပင် မေးလိုက်သည်။
ဝိညာဉ်အရည်မှာ ဘေးထွက်ဆိုးကျိုး မရှိသဖြင့် ကျင့်စဉ်တက်ရန် အကောင်းဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။
"ရှိတာပေါ့... ဒါပေမဲ့ ဝိညာဉ်အရည် တစ်စက်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ ကျသင့်မှာပါ"
"ဒါဆို အစက် ၂၀ ပေးပါ"
ကျန်းဖန်သည် ဝိညာဉ်ကျောက်တုံး ၆၀၀၀ ကို ပေးဆောင်ကာ ဝိညာဉ်အရည်များကို ဝယ်ယူလိုက်သည်။
အစက် ၂၀ ဆိုသည်မှာ အတော်လေး များပြားသော ပမာဏဖြစ်သော်လည်း အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ဆွဲဆောင်လောက်သည့် ပမာဏတော့ မဟုတ်ပေ။
ကျန်းဖန် ထွက်သွားပြီးနောက် ဝူဟွေး၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ချက်ချင်းပင် ဆက်သွယ်ရေးအင်းကို အသုံးပြုကာ သူ၏ အစ်ကိုဖြစ်သူ ဝူဖုန်းကို အကြောင်းကြားလိုက်တော့သည်။
သိပ်မကြာမီမှာပင် ဝူဖုန်းသည် ဆိုင်သို့ ရောက်လာခဲ့၏။
"အစ်ကိုဖုန်း... ခုနက လေလွင့်ကျင့်ကြံသူ တစ်ယောက် လာသွားတယ်"
"ဝိညာဉ်အရည်တွေ အတွက် ဝိညာဉ်ကျောက်တုံး ၆၀၀၀ တောင် သုံးသွားတာဗျ။ ဒါ တကယ့် သားကောင်အကြီးစားပဲ။ ဒီကောင်လေးဆီကနေသာ လုနိုင်မယ်ဆိုရင် အစ်ကို့ရဲ့ အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် အများကြီး အထောက်အကူ ဖြစ်မှာ" ဟု ဝူဟွေးက စိတ်လှုပ်ရှားစွာ ပြောပြသည်။
ဝူမိသားစုမှာ တရားဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော်လည်း ချမ်းသာသော လေလွင့်ကျင့်ကြံသူ များကို တွေ့ပါက လျှို့ဝှက်နောက်ယောင်ခံလိုက်ကာ သတ်ဖြတ်လုယူလေ့ ရှိကြသည်။ ဤသို့ဖြင့် သူတို့မိသားစုမှာ ချမ်းသာကြွယ်ဝလာခြင်း ဖြစ်သည်။
"သူ့နောက်ကို လူလွှတ်ထားပြီးပြီလား" ဟု ဝူဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မေးလိုက်သည်။
သူသည် လွန်ခဲ့သော သုံးလက ကျန်းဖန်ကြောင့် သူ၏ အစီအစဉ်များ ပျက်စီးခဲ့ရသည်ကို သတိရကာ ဒေါသထွက်နေဆဲပင်။
"စိတ်ချပါ အစ်ကို... သူ့နောက်ကို လူလွှတ်ထားပြီးပြီ။ သူ ယွန်လိုင်းမြို့က ထွက်တာနဲ့ ငါတို့ သူ့ကို မိမှာပဲ။ ဒီကောင်လေး ဘယ်မှ မပြေးနိုင်ပါဘူး" ဟု ဝူဟွေးက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်လေတော့သည်။
…..
အခန်း (၂၂၂) - အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု ဖြစ်နေရင်ရော ဘာဖြစ်လဲ။ အားလုံး သေရမှာပဲ။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာပြီး နေမင်းမှာ အနောက်ဘက်တောင်တန်းများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်နေပြီ ဖြစ်သည်။
"ဟုတ်တာပေါ့...သားကောင် ပါလာပြီပဲ"
ကျန်းဖန်သည် ယွန်လိုင်းမြို့ အတွင်း၌ အေးအေးဆေးဆေး လမ်းလျှောက်နေဟန် ပြသနေသော်လည်း လမ်းမပေါ်တွင် သူ့နောက်သို့ တိတ်တဆိတ် လိုက်ပါလာသည့် သံသယဖြစ်ဖွယ် လူအချို့ကို သတိပြုမိသည်မှာ ကြာလှပေပြီ။
သိသာလှသည်မှာ သူသည် ဝူမိသားစု ဆေးဆိုင်၌ ဝိညာဉ်အရည် အမြောက်အမြား ဝယ်ယူကာ သူ၏ ကြွယ်ဝမှုကို ထုတ်ပြလိုက်ခြင်းကြောင့် ဤလူမိုက်များကို ဆွဲဆောင်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဟက်... ဒီနေရာက လေလွင့်ကျင့်ကြံသူတွေ အတွက် သုခဘုံလို့ ပြောကြပေမဲ့..."
"အခုကြည့်ရတာတော့ အင်အားမရှိရင် ယွန်လိုင်းမြို့က ပိုတောင် အန္တရာယ်များဦးမယ် ထင်တာပဲ။ နှစ်စဉ်နှစ်တိုင်း ဒီမှာ အသက်ပျောက်နေကြတဲ့ လေလွင့်ကျင့်ကြံသူတွေ မနည်းလောက်ဘူး" ဟု ကျန်းဖန်က မျက်လုံးကို မှေးကာ တွေးလိုက်မိသည်။
အမှန်တကယ်ပင် လေလွင့်ကျင့်ကြံသူ များပြားလှသော နေရာဆိုသည်မှာ စည်းကမ်းမဲ့မှုနှင့် ရှုပ်ထွေးမှုများသာ ရှိတတ်သည်။
လေလွင့်ကျင့်ကြံသူများသည် အရည်အချင်းလည်း နိမ့်ပါးသလို နောက်ခံအင်အားလည်း မရှိကြပေ။
သူတို့အနေဖြင့် ရှေ့သို့ တက်လှမ်းလိုပါက အခြားသော ကျင့်ကြံသူများထံမှ အရင်းအမြစ်များကို လုယူတိုက်ခိုက်ရန်မှာ ရှောင်လွှဲ၍မရသော ကံကြမ္မာပင်။ ရှေ့သို့ လှမ်းလိုက်သော ခြေတစ်လှမ်းတိုင်းမှာ သွေးစွန်းနေတတ်၏။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်အတွက် မည်မျှများပြားသော ကျင့်ကြံသူတို့၏ အရိုးများကို နင်းဖြတ်ခဲ့ရမည်နည်း။
ယွန်လိုင်းမြို့အတွင်း၌ ကျင့်ကြံသူများအချင်းချင်း အငြင်းပွားမှုကို တားမြစ်ထားသော်လည်း မြို့ပြင်ရှိ ဆင်းရဲသားရပ်ကွက်များတွင်မူ သတ်ဖြတ်လုယူမှုများမှာ နေရာအနှံ့ပင်။
'ချီ' ကျင့်ကြံခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ယွန်လိုင်းမြို့၌ အသက်ရှင်ရန်မှာပင် အတော်လေး ရုန်းကန်ရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အခုဆိုလျှင် အဆင့် (၈) ကျင့်ကြံသူ ဖြစ်နေပြီဖြစ်ရာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် မတိုးသရွေ့တော့ ဘာမှစိုးရိမ်စရာ မရှိပေ။
"ဝူမိသားစု ဆေးဆိုင်မှာ ဝိညာဉ်အရည်ဝယ်တာက 'ကံကောင်းခြင်း' လို့ နိမိတ်ဖတ်အင်းက ပြခဲ့တယ်နော်"
"ဒါပေမဲ့ အခုတော့ ဝူမိသားစုရဲ့ လောဘကို ဆွဲဆောင်လိုက်သလို ဖြစ်နေပြီ။ ဒါက တကယ်ပဲ ကံကောင်းတာလား"
"မဟုတ်ဘူး... နိမိတ်ဖတ်အင်းက မှားစရာ အကြောင်းမရှိဘူး။ သားရဲတစ်သောင်း တောင်တန်းမှာ သုံးလကြာခဲ့တာကပဲ သူ့ရဲ့ တိကျမှုကို သက်သေပြနေပြီ။ ကံကောင်းခြင်းလို့ ပြရင် သေချာပေါက် ကံကောင်းတာပဲ ဖြစ်ရမယ်"
"နေဦး... ဒါက ဝူမိသားစုရဲ့ ဆိုင်ဆိုတော့... ဝူဖုန်းကို မျှားထုတ်လိုက်တာများလား"
ကျန်းဖန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းခနဲ ဖြစ်သွားသည်။ ဝူဖုန်းက သူ့ကို သတ်ချင်နေသကဲ့သို့ ကျန်းဖန်ကလည်း ဝူဖုန်းကို သတ်ချင်နေသည်မှာ ကြာလှပေပြီ။
ဤယုတ်မာသော လူစားမျိုးသည် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ရုံတင်မက ဖန့်ဝေတို့ မိသားစုကိုပါ ပျက်စီးစေခဲ့သဖြင့် မည်သို့မျှ ခွင့်လွှတ်၍ မရနိုင်ပေ။
သို့သော် ဝူဖုန်းမှာ ဝူမိသားစုအတွင်း၌ ပုန်းအောင်းနေသဖြင့် ကျန်းဖန်အနေဖြင့် နှိမ်နင်းရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။
ယခုမူ ထိုသူက မိမိဘာသာ အခွင့်အရေးပေးလာကာ ယွန်လိုင်းမြို့ပြင်သို့ ထွက်လာမည်ဆိုလျှင် အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းမှာ ဝူဖုန်းကို မျှားထုတ်လိုက်သည့် ငါးမျှားခြင်း နည်းဗျူဟာပင် ဖြစ်တော့သည်။ အောင်မြင်သွားပါက သူ၏ မိတ်ဆွေ ဖန့်ဝေအတွက်ပါ ကလဲ့စားချေပေးနိုင်မည် မဟုတ်ပါလား။
ကျန်းဖန်သည် ဘာမှမသိသလို ဟန်ဆောင်ကာ မြို့ပြင်သို့ ခပ်သွက်သွက် လျှောက်လှမ်းသွားလိုက်သည်။ သူသည် ဆင်းရဲသားရပ်ကွက် များကို ကျော်လွန်ကာ လူသူကင်းမဲ့သော တောစပ်တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်တော့၏။
ဝုန်း
ထိုခဏတွင်ပင် ကျန်းဖန်၏ ရှေ့၌ လူနှစ်ဦး ပေါ်လာတော့သည်။ သူတို့မှာ ဝူဖုန်းနှင့် ဆိုင်တာဝန်ခံ ဝူဟွေးတို့ပင် ဖြစ်ကြ၏။ သူတို့သည် ကျန်းဖန်၏ လမ်းကို တိုက်ရိုက်ပင် ပိတ်ဆို့လိုက်ကြသည်။
"မင်းတို့... မင်းတို့က ဘယ်သူတွေလဲ"
"နေဦး... မင်းက ခုနက ဝူမိသားစု ဆေးဆိုင်က တာဝန်ခံ မဟုတ်လား။ ဘာလို့ ငါ့လမ်းကို ပိတ်နေတာလဲ"
ကျန်းဖန်သည် အလွန်အမင်း ထိတ်လန့်သွားသော ပုံစံမျိုးကို လုပ်ပြလိုက်သည်။
သို့သော် သူ၏ ရင်ထဲ၌မူ စိတ်လှုပ်ရှားနေ၏။ နိမိတ်ဖတ်အင်းက တကယ်ကို မှန်ကန်လှပေသည်။ ဝူဖုန်းကို တကယ်ပဲ မျှားထုတ်နိုင်ခဲ့ချေပြီ။
"ဟက်... ဘာလို့လဲ ဟုတ်လား။ အထူးတလည် အကြောင်းရင်းတော့ မရှိပါဘူး"
"မင်းမှာ ပိုက်ဆံအမြောက်အမြား ရှိနေတာကိုပဲ အပြစ်တင်လိုက်ပါတော့။ မင်းလို လေလွင့်ကျင့်ကြံသူလေး တစ်ယောက်အတွက် ဒီလောက် ကြွယ်ဝမှုမျိုးက မထိုက်တန်ပါဘူး"
"အခုတော့... သေပေတော့"
ဝူဟွေးသည် ရက်စက်သော အပြုံးဖြင့် ပြောလိုက်၏။ သူသည် ကျန်းဖန်ကို အလွယ်တကူ သတ်ဖြတ်နိုင်မည့် သားကောင်အဖြစ် မှတ်ယူထားသည်။ သူသည် မတိုက်ခိုက်မီ ပတ်ဝန်းကျင်၌ အခြားကျင့်ကြံသူများ ရှိမရှိ သေသေချာချာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ဤနေရာ၌ လေလွင့်ကျင့်ကြံသူ တစ်ဦး သေဆုံးသွားခြင်းမှာ မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။
"စကားတွေ အများကြီး မပြောနေနဲ့တော့၊ အခုချက်ချင်း သတ်လိုက်" ဟု ဝူဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူသည် အချိန်ဆွဲနေရန် ဆန္ဒမရှိဘဲ ကျန်းဖန်ကို အမြန်ဆုံး သတ်ကာ ရတနာများကို လုယူချင်နေပြီ ဖြစ်သည်။
ချက်ချင်းဆိုသကဲ့သို့ ဝူဖုန်းနှင့် ဝူဟွေးတို့သည် ဓားကျင့်ကြံသူများပီပီ သူတို့၏ ဓားပျံများကို ဆွဲထုတ်ကာ ပြင်းထန်လှသော ဓားချီလှိုင်းများဖြင့် ကျန်းဖန်ထံသို့ တရကြမ်း တိုက်ခိုက်လိုက်တော့သည်။
"အားနည်းလွန်းတယ်"
ကျန်းဖန်သည် မလှုပ်မယှက် ရပ်နေရင်း သူ၏ အသက်သွေးကြောအင်း ဖြစ်သော ကာကွယ်ရေးအင်းကို နှိုးဆွလိုက်သည်။
ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိထားသော ဤအင်းသည် ချက်ချင်းဆိုသကဲ့သို့ ကိုးထပ်သော မူလဝိညာဉ်စွမ်းအား ဒိုင်းကို ကျန်းဖန်၏ ပတ်လည်၌ ဖန်တီးပေးလိုက်တော့သည်။ ၎င်းမှာ မည်သည့်ဘက်မှ တိုက်ခိုက်၍ မရနိုင်သော လုံးဝန်းသည့် အကာအကွယ်ကြီးတစ်ခုပင်။
ဒေါင်၊ ဒေါင်၊ ဒေါင်။
ဝူဖုန်းနှင့် ဝူဟွေးတို့၏ ဓားချီလှိုင်းများသည် မူလဝိညာဉ်စွမ်းအား ဒိုင်းနှင့် ထိမှန်သွားသောအခါ ရွှံ့နွံထဲသို့ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားပြီး ဒိုင်း၏ ပထမဆုံး အလွှာကိုပင် မခွဲနိုင်ခဲ့ကြပေ။
ဤမြင်ကွင်းကြောင့် ထိုနှစ်ဦးမှာ အလွန်ပင် တုန်လှုပ်သွားကြတော့သည်။
"မဖြစ်နိုင်တာ... ဒါက ဘာကာကွယ်ရေး ကျင့်စဉ်လဲ။ ငါတို့ရဲ့ ဓားချီတွေက ဘာလို့ ဖောက်လို့မရတာလဲ" ဟု ဝူဖုန်းနှင့် ဝူဟွေးတို့က ကျန်းဖန်ကို မယုံနိုင်သလို စူးစိုက်ကြည့်နေကြလေတော့သည်။
…..