အခန်း (၂၂၃-၂၂၄)
Vol. 16 Ch. 223-224
အခန်း (၂၂၃) - အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု ဖြစ်နေရင်ရော ဘာဖြစ်လဲ။ အားလုံး သေရမှာပဲ (အပိုင်း ၂)
ဝူဖုန်းနှင့် ဝူဟွေးတို့သည် ယခုတစ်ကြိမ်တွင်တော့ "သံပြားကို သွားကန်မိပြီ" ဖြစ်ကြောင်း ဗီဇအတိုင်း သိလိုက်ကြရသည်။
သာမန် 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) ရှိသော လေလွင့်ကျင့်ကြံသူ တစ်ဦးမှာ ဤမျှအစွမ်းထက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ တစ်နည်းအားဖြင့် သူတို့ လှည့်စားခံလိုက်ရခြင်းပင်။
သူတို့ရှေ့ကလူမှာ သားကောင်အဖြစ် ဖမ်းရမည့် သိုးငယ်လေး မဟုတ်ဘဲ လူသားတွေကို ဝါးမြိုမည့် ကြောက်စရာကောင်းသော ကျားသစ်တစ်ကောင် ဖြစ်နေခဲ့ချေပြီ။
"ငရဲကို သွားပေတော့"
ကျန်းဖန်သည် သူ၏ အသက်သွေးကြောအင်း ဖြစ်သော ရွှေရောင်အလင်းအင်းကို နှိုးဆွလိုက်ရာ သူ၏ ကိုယ်တွင်းရှိ မူလဝိညာဉ်စွမ်းအားများမှာ ရွှေရောင်အလင်းတန်းများအဖြစ် အလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှေရောင်ဓားချီများကဲ့သို့ ထက်မြက်လှသော အလင်းတန်းနှစ်ခုမှာ ဝူဖုန်းနှင့် ဝူဟွေးတို့၏ ဦးခေါင်းဆီသို့ တိုးဝင်သွားတော့သည်။
ဝုန်း
ဝူဖုန်းနှင့် ဝူဟွေးတို့မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူတို့၏ ဦးခေါင်းများမှာ ဖရဲသီးတစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူတို့နှစ်ဦးစလုံးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရချေပြီ။
သူတို့ သေဆုံးသွားသည့်တိုင်အောင် မည်သူ့လက်ချက်ဖြင့် သေရသည်ကိုပင် မသိလိုက်ကြပေ။
"နောက်ဆုံးတော့ ကလဲ့စားချေနိုင်ခဲ့ပြီ"
ကျန်းဖန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝူဖုန်း လွတ်သွားကတည်းက သူ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
ယခုမူ ဤကောင်ကို ယွန်လိုင်းမြို့ပြင်သို့ မျှားထုတ်ကာ ကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ရာ ဖန့်ဝေနှင့် အခြားသော လေလွင့်ကျင့်ကြံသူများအတွက်လည်း ကလဲ့စားချေပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ကျန်းဖန်သည် လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ မီးလျှံငယ်တစ်ခု ထွက်ပေါ်လာပြီး အလောင်းနှစ်ခုလုံးကို ပြာအတိ ဖြစ်သွားစေလိုက်သည်။ ထို့နောက် သိုလှောင်အိတ်များကို သိမ်းဆည်းကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာခဲ့တော့သည်။
ဝူမိသားစုက မသိသေးသော်လည်း အချိန်ဆွဲနေလျှင် သဲလွန်စများ ကျန်ရစ်နိုင်သောကြောင့် ဖြစ်သည်။
ထိုညသန်းခေါင်ယံအချိန်တွင် ကျန်းဖန်သည် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ချက်ချင်းဆိုသကဲ့သို့ သူ၏ အသိစိတ်အာရုံထဲသို့ သတင်းစကားတစ်ခု စီးဝင်လာတော့သည်။
"သင်သည် ဝူဖုန်းနှင့် ဝူဟွေးတို့ကို ကိုယ်တိုင်သတ်ဖြတ်ကာ ကလဲ့စားချေနိုင်ခဲ့ပြီး ဘေးဒုက္ခတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် သင်သည် ကံကောင်းခြင်းအမှတ် ငါးထောင်နှင့် သတ္တမအဆင့် အခွင့်အရေးတစ်ခုကို ရရှိသည်။"
ယခုအခါ သူ၏ ကံကောင်းခြင်းအမှတ် စုစုပေါင်းမှာ တစ်သောင်းလေးထောင် (၁၄,၀၀၀) အထိ ရှိသွားခဲ့ချေပြီ။ ၎င်းမှာ မယုံနိုင်စရာကောင်းလောက်သော ပမာဏပင်။
ဝူဖုန်းတို့ထံမှ ကံကြမ္မာအရှိန်အဝါများကိုပါ သူ လုယူနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ထိုအခွင့်အရေးအချက်အလက်ကို နှိပ်ကြည့်လိုက်ရာ -
"နောက်ထပ် ခုနစ်ရက်အကြာ နေ့လည်ခင်းတွင် ယွန်လိုင်းမြို့ ဆင်းရဲသားရပ်ကွက် ၏ အရှေ့တောင်ဘက် မီတာ ၅၀၀ အကွာသို့ သွားပါ။ သင်သည် သတ္တမအဆင့် အခွင့်အရေးကို ရရှိလိမ့်မည်။"
"ယောကျာ်း... ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ" ဟု စုဝေဝေက ကျန်းဖန် ပြန်လာသည်ကို မြင်သောအခါ စိတ်သက်သာရာရစွာ မေးလိုက်သည်။
ကျန်းဖန်က ခုနက ဖြစ်ပျက်ခဲ့သမျှကို အသိပေးလိုက်ရင်း ဝူဖုန်းတို့ဆီက ရလာတဲ့ သိုလှောင်အိတ်တွေကို သူမကို ပေးလိုက်သည်။
"ဝေဝေ... ဒါတွေကို နင့်အတွက် 'ဘဏ္ဍာတိုက်လေး' အဖြစ် သိမ်းထားလိုက်ပါ။ ငါကတော့ အခုကစပြီး တံခါးပိတ် ကျင့်ကြံတော့မယ်"
"ယောကျာ်းက အဆင့်တက်တော့မှာလား" ဟု စုဝေဝေက မျက်လုံးလေးဝိုင်းကာ မေးလိုက်သည်။
"အင်း... ဒီတစ်ခါ ဝယ်လာတဲ့ ဝိညာဉ်အရည်တွေနဲ့ဆိုရင် အဆင့် (၉) ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ဖို့ လုံလောက်ပါတယ်။ အခု ကျင့်စဉ်လောကက မတည်ငြိမ်တော့ဘူးဆိုတော့ ငါတို့ အမြန်ဆုံး အစွမ်းထက်လာဖို့ လိုတယ်"
ကျန်းဖန်သည် သစ်သားအိမ်လေး အတွင်း၌ အသံလုံအင်း နှင့် အရှိန်အဝါဖျောက်အင်းများကို အသုံးပြုကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်လိုက်သည်။ ထို့နောက် ဝိညာဉ်အရည် အစက် ၂၀ စလုံးကို တစ်ခါတည်း သောက်သုံးလိုက်တော့သည်။
ဝုန်း…
ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများမှာ သူ၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်လာပြီး တန်းထျန် အတွင်းရှိ 'မူလအင်းသန္ဓေ' က လောဘတကြီး ဝါးမြိုလိုက်သည်။
ထိုအခိုက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝဲဂယက်ကြီး တစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကိုပါ စုပ်ယူနေတော့သည်။
သူ၏ ကိုယ်တွင်းရှိ ရှစ်သွယ်သော သွေးကြောမကြီးများမှာ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်လျှံနေပြီး ကိုးခုမြောက် သွေးကြောမကြီး၏ အတားအဆီးကို အရှိန်အဟုန်ဖြင့် စတင် ရိုက်ခတ်လိုက်လေတော့၏။
….
အခန်း (၂၂၄) - 'ချီ' ကျင့်ကြံခြင်း အဆင့် (၉) သို့ တက်လှမ်းခြင်းနှင့် အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သုံးဆင့်
ဝုန်း…
ထိုခဏတွင် ကျန်းဖန်သည် တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်သွားသကဲ့သို့ ခံစားလိုက်ရပြီး 'ချီ' ကျင့်ကြံခြင်း အဆင့် (၉) သို့ တက်လှမ်းရန် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ၏ ကိုယ်တွင်းရှိ မူလဝိညာဉ်စွမ်းအားများမှာ ရုတ်တရက် သောင်းကျန်းလာပြီး ကိုးခုမြောက် သွေးကြောမကြီးကို စတင် တိုက်ခိုက်တော့သည်။
ဘုန်း
တစ်ချက်တည်းနှင့်ပင် ကိုးခုမြောက် သွေးကြောမကြီး၏ အတားအဆီးမှာ ပွင့်ထွက်သွားခဲ့ရသည်။ အရာအားလုံးမှာ အလိုအလျောက် ဖြစ်ပျက်သွားသည့် အတိုင်းပင်။
မူလဝိညာဉ်စွမ်းအား အမြောက်အမြားမှာ ကိုးခုမြောက် သွေးကြောမကြီး အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်သွားကြသည်။
'ချီ' ကျင့်ကြံခြင်း အဆင့် (၉)။
သံသယဖြစ်စရာ မလိုဘဲ ကျန်းဖန်သည် ယခုအခါ 'ချီ' ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ သွေးကြောမကြီး ကိုးသွယ်လုံးမှာ သိသိသာသာ ကျယ်ပြန့်လာပြီး ယခင်ကထက် ဝိညာဉ်စွမ်းအားများကို တစ်ဝက်ခန့် ပိုမိုသိုလှောင်နိုင်လာခဲ့သည်။
ဓာတ်ငွေ့မြူခိုးများ ကဲ့သို့သော ဝိညာဉ်စွမ်းအားများမှာ သွေးကြောကိုးသွယ် အတွင်း၌ မြစ်မကြီး ကိုးသွယ် စီးဆင်းနေသကဲ့သို့ အားမာန်အပြည့်ဖြင့် လှုပ်ရှားနေကြတော့သည်။
သူ၏ တန်းထျန် အတွင်းရှိ 'မူလအင်းသန္ဓေ' မှာလည်း ပိုမိုကြီးထွားလာခဲ့ရာ ယခုအခါ ကိုးခုမြောက် 'အသက်သွေးကြောအင်း' ကို ထွင်းထုရန် အဆင်သင့် ဖြစ်နေချေပြီ။
ကျန်းဖန်သည် 'ဓာတ်ကြီးငါးပါး အင်းကျမ်း' ကို လည်ပတ်စေကာ ဝိညာဉ်စွမ်းအားများကို သွေးကြောများအတွင်း အကြိမ်ကြိမ် စီးဆင်းစေလိုက်သည်။
ဤသွေးကြောကိုးသွယ်လုံး တစ်ခုနှင့်တစ်ခု လွတ်လပ်စွာ ဆက်သွယ်သွားနိုင်ပါက 'ချီကျင့်ကြံခြင်း အထွတ်အထိပ်'သို့ ရောက်ရှိမည်ဖြစ်ပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်တော့မည် ဖြစ်သည်။ ၎င်းမှာ "ငါးကြင်းက နဂါးတံခါးကို ခုန်ကူးခြင်း" ကဲ့သို့ အလွန်ခက်ခဲလှသော အဆင့်တစ်ခုပင်။
"နောက်ဆုံးတော့ ကိုးခုမြောက် အသက်သွေးကြောအင်းကို ထွင်းထုရမယ့် အချိန်ရောက်ပြီ"
"အရင်က ငါထွင်းခဲ့တဲ့ အင်း ရှစ်ခုမှာ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ တိုက်ခိုက်ရေးတွေ အကုန်ပါတယ်။ ဒါပေမဲ့ တစ်ခု လိုနေသေးတာကတော့ ဝိညာဉ်အမျိုးအစားအင်းပဲ" ဟု ကျန်းဖန်က မျက်လုံးကို မှေးကာ တွေးလိုက်သည်။
ကျင့်ကြံသူတစ်ဦး အတွက် တိုက်ခိုက်ရေးနည်းလမ်း များပြားလေ ကောင်းလေပင်။
ကြာပြာမြေမီးလျှံအင်းနှင့် ရွှေရောင်အလင်းအင်းတို့မှာ တိုက်ခိုက်ရေးအင်းများ ဖြစ်သော်လည်း ၎င်းတို့မှာ ဓာတ်ကြီးငါးပါး စွမ်းအားများအပေါ် အခြေခံထားသဖြင့် ရန်သူက ခုခံရန် နည်းလမ်းရှိနိုင်သည်။
သို့သော် ဝိညာဉ်အမျိုးအစား အင်းများမှာမူ သာမန် ကာကွယ်ရေးဒိုင်းများကို ဖောက်ထွက်ကာ ရန်သူ၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
၎င်းမှာ အလွန်လျှို့ဝှက်သလို အသက်အန္တရာယ်ကိုလည်း များစွာ ပေးနိုင်စွမ်း ရှိ၏။
ကျန်းဖန်အတွက်မူ သူ၏ အကြီးမားဆုံးသော အရည်အချင်းမှာ ဝိညာဉ်အမြစ် မဟုတ်ဘဲ သူ၏ ဝိညာဉ်စွမ်းအားပင် ဖြစ်သည်။
အကြောင်းမှာ သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်သဖြင့် ဘဝနှစ်ခုစာ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ ဤစွမ်းအားကိုသာ အသုံးချနိုင်မည်ဆိုလျှင် သူ၏ နောက်ဆုံးလက်နက် ဖြစ်လာပေလိမ့်မည်။
"ဒါဆိုရင် ကိုးခုမြောက်အင်းကို 'ဝိညာဉ်တုန်ဟိန်းအင်း' အဖြစ် သတ်မှတ်လိုက်မယ်"
ကျန်းဖန်သည် မဆိုင်းမတွဘဲ သူ၏ ကံကောင်းခြင်းအမှတ် နှစ်ထောင်ကို အသုံးပြုကာ ထိုးထွင်းသိမြင်မှု အခြေအနေသို့ ဝင်ရောက်လိုက်သည်။
မူလအင်းသန္ဓေပေါ်တွင် ဝိညာဉ်စာလုံးများမှာ တစ်လုံးချင်းစီ ပေါ်ပေါက်လာပြီး သူ၏ ဝိညာဉ်စွမ်းအားများကို စတင် စုပ်ယူတော့သည်။
ကံကြမ္မာအရှိန်အဝါ၏ အကူအညီဖြင့် မည်သည့်အမှားအယွင်းမျှမရှိဘဲ 'ဝိညာဉ်တုန်ဟိန်းအင်း' မှာ အောင်မြင်စွာ ထွင်းထုပြီးစီးသွားခဲ့ချေပြီ။
ယခုအခါ သူ၏ မူလအင်းသန္ဓေပေါ်တွင် အသက်သွေးကြောအင်း ကိုးခုစလုံး ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
'ဝိညာဉ်တုန်ဟိန်းအင်း' မှာ အစပြုအဆင့်သာ ရှိသေးသော်လည်း ၎င်းကို လည်ပတ်စေလိုက်သည်နှင့် ပြင်းထန်သော ဝိညာဉ်လှိုင်းများ ထွက်ပေါ်လာကာ ရန်သူကို မူးဝေသွားစေနိုင်သလို ဝိညာဉ်ကိုပါ တိုက်ရိုက် ရိုက်ခွဲပစ်နိုင်စွမ်း ရှိနေတော့သည်။
"ဟား... ကောင်လေး၊ မင်း ဒီလောက်မြန်မြန်ကြီး အဆင့် (၉) ကို ရောက်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
"မင်းမှာ မြေကမ္ဘာဝိဉာဉ်အမြစ် ရှိနေတာ တကယ် ထိုက်တန်တာပဲ။ ငါ့ရဲ့ အရင်သခင်ထက်တောင် ပိုပြီး အစွမ်းထက်ဦးမယ်။ အရင်က ဝမ်ဟွာမှာသာ မင်းလို အရည်အချင်းရှိခဲ့ရင် သူလည်း ဒီလောက် ရုန်းကန်ရမှာ မဟုတ်ဘူး။ 'နတ်ဘုရားအသွင် ပြောင်းခြင်းအဆင့်' ကိုတောင် ရောက်နိုင်လောက်တယ်" ဟု 'သောင်းပြောင်းလဲခြင်း ဆေးပေါင်းဖို' က ချီးကျူးလိုက်သည်။
ကျန်းဖန်၏ အခြေခံမှာ အလွန်ခိုင်မာလှသဖြင့် သန္ဓေတည် ဝိညာဉ်အဆင့် ဂိုဏ်းကြီးများမှ တိုက်ရိုက်တပည့်များပင် သူ့ကို ယှဉ်နိုင်ရန် မလွယ်ကူပေ။
"အခု ငါ့အခြေအနေအရဆိုရင် ဘယ်တော့လောက်မှ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းနိုင်မလဲ" ဟု ကျန်းဖန်က မေးလိုက်သည်။
ဆေးပေါင်းဖိုဝိညာဉ်သည် ဝမ်ဟွာကဲ့သို့သော အရှင်သခင်နောက် လိုက်ခဲ့ဖူးသဖြင့် ကျင့်စဉ်လောက၏ အတွေ့အကြုံများစွာ ရှိမည်မှာ သေချာလှသည်။
"အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ဖို့ဆိုတာ တကယ်တော့ အရမ်းရိုးရှင်းပါတယ်"
"အဲဒါအတွက် 'အသွင်ပြောင်းလဲခြင်း သုံးဆင့်'ပဲ လိုအပ်တယ်..." ဟု ဆေးပေါင်းဖိုက အလေးအနက် ပြန်ဖြေလိုက်လေတော့သည်။
…..