← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁) ချန်ယုံလျန်၏ မင်ဂိုဏ်းအပေါ် အလစ်အငိုက် တိုက်ခိုက်မှု

ကွမ်မင်တောင်ထိပ်....

"ငါတို့တွေ နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းက ငါတို့ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြတာ။ အခုတော့ ငါတို့ဂိုဏ်းဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဖြစ်လာခဲ့ပြီ။ ဂိုဏ်းချုပ်ဟာလည်း ဘယ်သူမှ မလွန်ဆန်ရဲတဲ့ သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်နေပြီလေ။ ဂိုဏ်းကြီးခြောက်ဂိုဏ်းတောင်မှ ဦးညွှတ်သစ္စာခံနေကြရပြီ မဟုတ်လား"

ကွမ်မင်တောင်ထိပ်သို့ ပြန်ရောက်သည့်အခါ ရန်ရှောင်နှင့် အခြားသူများသည် အလွန်စိတ်အားတက်ကြွနေကြပြီး သက်ပြင်းချကာ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ ဝေယိရှောက်ကလည်း ရယ်မောရင်း

"ဒါဟာ ကောင်းကင်ဘုံက ငါတို့ဂိုဏ်းကို စောင့်ရှောက်ပြီး နှိုင်းယှဉ်လို့မရတဲ့ ဂိုဏ်းချုပ်ကို ပေးသနားခဲ့လို့ပါပဲ။ ဒါမှမဟုတ်ရင် ငါတို့ဂိုဏ်းဟာ အခုလို ပြန်လည်ဦးမော့လာဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲပါလိမ့်မယ်။ ဂိုဏ်းရဲ့ အတက်အကျ အနိမ့်အမြင့်ဟာ ဂိုဏ်းချုပ်တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေတာပါ" ဟု ဆိုလေသည်။

"မင်းတို့နှစ်ယောက် မြှောက်ပင့်နေတာတွေကို နည်းနည်းလောက် နားလိုက်ကြပါဦး"

ကျန်းဝူကျိကလည်း ရယ်မောလျက် "မင်းတို့အားလုံး အိမ်ပြန်ရောက်လို့ ပျော်နေကြတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ထားတာကို သတိမထားမိကြဘူးလား" ဟု မေးလိုက်သည်။

“ဟင်..... တိုက်ပွဲကြီး ဖြစ်ထားတာလား”

ထိုစကားကို ကြားသည်နှင့် ရန်ရှောင်နှင့် အခြားသူများသည် ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်ပတ်ကြည့်ရှုကြရာ အမှန်တကယ်ပင် သဲလွန်စအချို့ကို တွေ့ရှိကြရသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးအချို့တွင် ဓားရာများ ထင်ကျန်နေပြီး တောင်နံရံနှင့် ကျောက်တုံးများပေါ်တွင်လည်း သဘာဝအတိုင်း ပျက်စီးနေခြင်း မဟုတ်ဘဲ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့သည့် ပွန်းပဲ့ရာများကို တွေ့ရသည်။ ထိုအခါ ရန်ရှောင်နှင့် အခြားသူများ၏ မျက်နှာများသည် အနည်းငယ် လေးနက်သွားကြ၏။

“တစ်စုံတစ်ယောက်က ငါတို့ဂိုဏ်းကို လာရောက်ပြီး ဝိုင်းရံတိုက်ခိုက်ရဲတာ တကယ်လား”

ယင်းထျန့်ကျိန်းက "ဒါဟာ အရင်တုန်းက ဂိုဏ်းကြီးအသီးသီးက ကွမ်မင်တောင်ထိပ်ကို ဝိုင်းတိုက်တုန်းက ကျန်ခဲ့တဲ့ အမှတ်အသားတွေ ဖြစ်နိုင်မလား" ဟု မေးသည်။

ကျန်းဝူကျိက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... ဒီအမှတ်အသားတွေက သုံးလထက် မပိုသေးတဲ့ ပုံပဲ။ ဂိုဏ်းကြီးအသီးသီးက လူတွေ ချန်ထားခဲ့တာ မဟုတ်တာတော့ သေချာတယ်" ဟု ဆိုသည်။

"ဒါဆိုရင် တစ်ခုခု ဖြစ်ခဲ့တာလားဆိုတာ သိရအောင် ငါတို့ မြန်မြန်ပြန်ကြည့်သင့်တယ်"

အားလုံးသည် အနည်းငယ် စိုးရိမ်ပူပန်သွားကြသည်။ အကယ်၍ ကွမ်မင်တောင်ထိပ်တွင် တစ်ခုခု ဖြစ်ပွားခဲ့ပါက ကြီးမားသော ဘေးအန္တရာယ်ပင် ဖြစ်ချေမည်။

ကျန်းဝူကျိက ရယ်မောကာ "စိတ်မပူကြပါနဲ့.... မြေအလံတော်ရဲ့ အလံမှူး ယန်ယွမ်နဲ့ မီးအလံတော်ရဲ့ အလံမှူး ဆုန့်ဆန်းဟွေ့တို့က ကွမ်မင်တောင်ထိပ်ကို စောင့်ကြပ်နေတာပါ။ သူတို့လက်အောက်မှာ လက်ရွေးစင်တွေ အများကြီးရှိတာပဲ၊ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ အကယ်၍ ကွမ်မင်တောင်ထိပ်မှာ တစ်ခုခု ဖြစ်ခဲ့ရင် ငါတို့ သတင်းရတာ ကြာလှပြီပေါ့။ သိုင်းလောကတစ်ခုလုံးလည်း ဆူညံပွက်လောရိုက်နေမှာပဲ။ အခုထိ ငါတို့ ဘာလို့ မသိဘဲ နေပါ့မလဲ" ဟု ဆိုသည်။

ကျန်းဝူကျိ၏ စကားများကို ကြားရပြီးနောက် အားလုံး စိတ်အေးသွားကြသည်။ အမှန်တကယ်ပင် မင်ဂိုဏ်း၏ အင်အားသည် ဂိုဏ်းကြီးအသီးသီးထက် သာလွန်နေပြီ ဖြစ်သည်။ ဓာတ်ကြီး ငါးပါးအလံတော်ထဲမှ မည်သည့်အလံတစ်ခုမဆို ဂိုဏ်းကြီးတစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ယခုလည်း ဓာတ်ကြီးငါးပါးအလံတော်၏ အင်အားအများစုမှာ ဤနေရာတွင် ရှိနေပြီး ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှိသော ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့ စောင့်ကြပ်နေသဖြင့် အခြားသူများကိုကြောက်စရာ မလိုပေ။

အားလုံးသည် အခြေအနေကို စစ်ဆေးရန် တောင်ပေါ်သို့ တက်ခဲ့ကြပြီး ဂိုဏ်းဌာနချုပ်သို့ ရောက်ရှိမှသာ စိတ်အေးလက်အေး ဖြစ်သွားကြသည်။ ကွမ်မင်တောင်ထိပ် ပတ်ဝန်းကျင်တွင် ဂိုဏ်းသားများ စောင့်ကြပ်နေပြီး ကင်းလှည့်နေသူများလည်း များစွာ ရှိနေသဖြင့် ဘာမျှ မဖြစ်ခဲ့ကြောင်း ထင်ရှားနေသည်။

"ဂိုဏ်းချုပ်"

ကျန်းဝူကျိနှင့် အခြားသူများကို မြင်လျှင် ထိုဂိုဏ်းသားများသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျန်းဝူကျိအား အရိုအသေ ပေးကြသည်။

"အရိုအသေပေးဖို့ မလိုပါဘူး"

ကျန်းဝူကျိက လက်ဝေ့ယမ်းလိုက်ရာ ဂိုဏ်းသားများသည် အမြန်ပင် ထရပ်ကြသည်။ ထို့နောက် ယန်ယွမ်နှင့် အခြားသူများကို အကြောင်းကြားရန် တစ်စုံတစ်ယောက်က သွားရောက်လေသည်။

မကြာမီ မြေအလံတော်၏ အလံမှူး ယန်ယွမ်နှင့် မီးအလံတော်၏ အလံမှူး ဆုန့်ဆန်းဟွေ့တို့ ရောက်ရှိလာကြပြီး "လက်အောက်ခံတွေက ဂိုဏ်းချုပ်ကို အရိုအသေ ပေးပါတယ်" ဟု ရိုသေစွာ ဂါရဝပြုကြသည်။

"ရပါတယ် အရမ်းကြီးယဥ်ကျေးမနေပါနဲ့"

ကျန်းဝူကျိနှင့် အခြားသူများသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်ကာ အသီးသီး နေရာယူလိုက်ကြသည်။ ဂိုဏ်းချုပ်ခုံတွင် ထိုင်နေသော ကျန်းဝူကျိက "ငါတို့ တောင်ပေါ်တက်လာတုန်းက တိုက်ခိုက်ထားတဲ့ ခြေရာလက်ရာတွေ တွေ့ခဲ့တယ်။ အဲဒါ ဘာကြောင့်လဲ" ဟု မေးလိုက်သည်။

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျန်းဝူကျိကို အရိုအသေပေးကာ "ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ဒီကိစ္စကို အစီရင်ခံပြီး ခွင့်လွှတ်ဖို့ တောင်းပန်မလို့ပါပဲ" ဟု လျှောက်တင်ကြသည်။

“ခွင့်လွှတ်ဖို့ တောင်းပန်တယ် ဟုတ်လား”

သာမန်ကိစ္စဆိုလျှင် ခွင့်လွှတ်ဖို့ တောင်းပန်တယ် ဟူသော စကားမျိုး ပါလာမည်မဟုတ်ကြောင်း အားလုံး သိကြသည်။ ရန်ရှောင်နှင့် အခြားသူများကလည်း တကယ်ပဲ တစ်ခုခု ဖြစ်ခဲ့တာလားဟု တွေးတောမိကြသည်။

ကျန်းဝူကျိက ခေါင်းငြိမ့်ပြပြီး "ပြောပါဦး..... ခွင့်လွှတ်ဖို့ တောင်းပန်တယ် ဆိုတဲ့ စကားလုံးကို သုံးရလောက်အောင် အဲဒါက ဘာကိစ္စလဲဆိုတာ ငါသိချင်တယ်" ဟု ဆိုသည်။

ယန်ယွမ်က ဦးညွှတ်လျက် "လွန်ခဲ့တဲ့ သုံးလလောက်က သူတောင်းစားဂိုဏ်းက ဂိုဏ်းသားတချို့နဲ့ ဘယ်ကမှန်းမသိတဲ့ သူပုန်တချို့ဟာ ကျွန်တော်တို့ဂိုဏ်းရဲ့ လျှို့ဝှက်လမ်းကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြတယ်။ ကျွန်တော်တို့ဘက်က လုံးဝ ပြင်ဆင်မထားမိဘဲ အလစ်အငိုက် မိသွားခဲ့လို့ ဂိုဏ်းသား တစ်ရာကျော် သေဆုံးခဲ့ပါတယ်" ဟု ဖြေကြားသည်။

"သူတောင်းစားဂိုဏ်းက ဂိုဏ်းသားတွေလား"

အားလုံး မှင်တက်သွားကြသည်။ သူတောင်းစားဂိုဏ်းက လူတွေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝေယိရှောက်က အံ့အားသင့်စွာဖြင့် "ရှီဟော်လုံက သူတောင်းစားဂိုဏ်းကို ဦးဆောင်ပြီး ဂိုဏ်းချုပ်ဆီမှာ သစ္စာခံထားတာ မဟုတ်ဘူးလား။ သူတို့က ဘာဖြစ်လို့ ကွမ်မင်တောင်ထိပ်ကို ရုတ်တရက် တိုက်ခိုက်ရတာလဲ။ သူက ဂိုဏ်းချုပ်ကို ဘယ်လိုလုပ် ပုန်ကန်ရဲတာလဲ။ ပြီးတော့ ဂိုဏ်းချုပ်ကလွဲလို့ ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ လျှို့ဝှက်လမ်းကို အဲဒီ သူတောင်းစားဂိုဏ်းသားတွေက ဘယ်လိုလုပ် လမ်းသိနေကြတာလဲ" ဟု မေးသည်။

ယန်ယွမ်က ပြန်လည်ဖြေကြားရန် ပြင်စဉ် ကျန်းဝူကျိက တည်ငြိမ်စွာပင် "ဘာဖြစ်ခဲ့တယ်ဆိုတာ ငါသိတယ်။ အဲဒါ ချန်ယုံလျန်က သူတောင်းစားဂိုဏ်းကို သစ္စာဖောက်ပြီး လက်ပါးစေတစ်စုနဲ့ ပုန်ကန်တဲ့ အဖွဲ့ ဖွဲ့လိုက်တာပဲ ဖြစ်ရမယ်။ သူတို့ကို သူတောင်းစားဂိုဏ်းသားတွေလို့ မသတ်မှတ်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။

“ချန်ယုံလျန် ဟုတ်လား..... အဲဒါ ဘယ်သူလဲ”

ရန်ရှောင်၊ ဝေယိရှောက်နှင့် အခြားသူများသည် ထိုအမည်ကို လုံးဝ မကြားဖူးသဖြင့် နားမလည်နိုင် ဖြစ်နေကြသည်။ သို့သော် ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့မှာမူ အလွန်အံ့အားသင့်သွားကြပြီး "ဂိုဏ်းချုပ်ဟာ တကယ်ကို နတ်ဘုရားလို ကြိုတင်သိမြင်နိုင်စွမ်း ရှိတာပဲ။ အဲဒါ အရင်က သူတောင်းစားဂိုဏ်းဝင်ဖြစ်ခဲ့တဲ့ ချန်ယုံလျန်ပါပဲ၊ သူက ဂိုဏ်းကို သစ္စာဖောက်ပြီး ပုန်ကန်မှုကို ဦးဆောင်ခဲ့တာပါ။ သူတို့ကို သူတောင်းစားဂိုဏ်းသားတွေလို့ သတ်မှတ်လို့ မရတော့ပါဘူး" ဟု အလျင်အမြန် လျှောက်တင်ကြသည်။

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့ နှစ်ဦးစလုံးက အတည်ပြုလိုက်သည်ကို မြင်သောအခါ အားလုံးက ကျန်းဝူကျိကို နတ်ဘုရားတစ်ပါးအလား ကြည့်လိုက်ကြသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း အားလုံးက အတူတူရှိနေပြီး သတင်းများကို ဝေမျှနေခဲ့ကြရာ သူတို့တောင် မကြားဖူးသော ချန်ယုံလျန်အကြောင်းကို ဂိုဏ်းချုပ်က ဘယ်လိုလုပ် အကုန်သိနေရသနည်း။

ရန်ရှောင်က မျက်မှောင်ကြုတ်ပြီး "ဒါပေမဲ့ ဒီချန်ယုံလျန်က ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်လမ်းအကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ" ဟု မေးသည်။

ကျန်းဝူကျိက အေးဆေးစွာပင် "ဒါက နားလည်ရလွယ်ပါတယ်။ ချန်ယုံလျန်ဟာ ချန်ခွန်းရဲ့ တပည့်ပဲ။ ချန်ခွန်းက သူ့ကို လျှို့ဝှက်လမ်းအကြောင်း ပြောပြထားတာ ဖြစ်ရမယ်။ သူတို့ ကွမ်မင်တောင်ထိပ်ကို အလစ်ဝင်တိုက်တာက ချန်ခွန်းကို ကယ်ဖို့အတွက် မဟုတ်လား။

သူတို့ အင်အားအများကြီး ခေါ်လာနိုင်မှာ မဟုတ်ဘူး၊ လူနည်းစု လက်ရွေးစင်တွေပဲ ဖြစ်မှာပါ။ လျှို့ဝှက်လမ်းအကြောင်းကို သိရင်တောင်မှ မင်းတို့သာ သေသေချာချာ စောင့်ကြပ်ခဲ့ရင် အခုလို အလစ်အငိုက် မိမှာ မဟုတ်ဘူး။ ဒါဟာ တကယ်ကို ခွင့်လွှတ်ဖို့ တောင်းပန်ရမယ့် ကိစ္စပဲ" ဟု ဆိုသည်။

"ဂိုဏ်းချုပ်ပြောတဲ့အတိုင်း အတိအကျပါပဲ။ ကျွန်တော်တို့လည်း ဒီအတွက် အရမ်းနောင်တရပြီး ဂိုဏ်းချုပ်ရှေ့မှာ ခွင့်လွှတ်ဖို့ တောင်းပန်တာပါ"

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့က ခါးသက်စွာ ပြုံးလျက် "ချန်ယုံလျန်က ချန်ခွန်းကို လာကယ်တာကို မြင်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး စိုးရိမ်သွားကြတယ်။ ချန်ခွန်းဟာ ရှဲ့ရွှန်းရဲ့ ကလဲ့စားချေမှုအတွက် ဂိုဏ်းချုပ် ဖမ်းဆီးထားတဲ့သူဆိုတာ ကျွန်တော်တို့ သိတာပေါ့။

အခုမှ သူ့ကို ကယ်သွားရင် ဒီနိုင်ငံကြီးထဲမှာ ပြန်ရှာဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့လည်း နောက်မဆုတ်ဘဲ အစွမ်းကုန် ခုခံခဲ့ကြလို့ ဂိုဏ်းသားတွေ အများကြီး သေဆုံးဒဏ်ရာရခဲ့ကြတာပါ။ ဒါဟာ တကယ်တော့ ကျွန်တော်တို့ရဲ့ အမှားပါပဲ" ဟု လျှောက်တင်ကြသည်။

ကျန်းဝူကျိက တည်ငြိမ်စွာဖြင့် "ဒါဆိုရင် လူယုတ်မာ ချန်ခွန်းကို နောက်ဆုံးမှာ ကယ်သွားနိုင်ခဲ့လား" ဟု မေးလိုက်သည်။

ယန်ယွမ်က "မကယ်နိုင်ပါဘူး.... ဂိုဏ်းသား တစ်ရာကျော် သေဆုံးဒဏ်ရာရပြီးတာတောင် လူယုတ်မာ ချန်ခွန်းကို ကယ်သွားနိုင်ခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်ဟာ ဂိုဏ်းချုပ်ကို တွေ့ဖို့ မျက်နှာတောင်ရှိမှာ မဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာကမှ ပိုကောင်းပါဦးမယ်" ဟု အလျင်အမြန် ပြောသည်။

ထိုစကားကို ကြားမှသာ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ ချန်ခွန်းကို ကယ်မသွားနိုင်ခဲ့ဘူး ဆိုလျှင် ပြဿနာမရှိတော့ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဂိုဏ်းသားများစွာ သေဆုံးခဲ့သဖြင့် အားလုံး စိတ်မကောင်း ဖြစ်ရသော်လည်း သူတို့နှင့် နီးစပ်သော ဆွေမျိုးသားချင်းများ မဟုတ်သဖြင့် ဝမ်းနည်းမှုမှာ ခေတ္တခဏသာ ဖြစ်သည်။

ကျန်းဝူကျိကလည်း ခေါင်းအနည်းငယ် ငြိမ့်ပြသည်။ ချန်ခွန်းကို ကယ်မသွားနိုင်သရွေ့ အဆင်ပြေပါသည်။ သို့မဟုတ်ပါက သူသည် သိုင်းပညာ ပြန်မရနိုင်တော့လျှင်တောင် နောက်ကွယ်ကနေ ဒုက္ခပေးနေမည်မှာ အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းလိမ့်မည်။ သို့သော်လည်း ဒါက ကောင်းတဲ့ အခွင့်အရေးပါပဲ။ ချန်ယုံလျန်တို့ နောက်ထပ် ဒုက္ခမပေးနိုင်အောင် လူယုတ်မာ ချန်ခွန်းကို အခုပဲ အပြတ်ရှင်းပစ်လိုက်ဖို့ အခွင့်ကောင်းပင်ဖြစ်သည်။

ကျန်းဝူကျိက နှာခေါင်းရှုံ့ကာ "မင်းတို့ တာဝန်ကနေ လုံးဝ ပျက်ကွက်ခဲ့တာတော့ မဟုတ်ပါဘူး၊ စိတ်မပူကြနဲ့တော့။ ချန်ယုံလျန်တို့ နောက်ထပ် ဒုက္ခမပေးနိုင်အောင် ငါ ခဏနေရင် လူယုတ်မာ ချန်ခွန်းကို သွားသတ်လိုက်မယ်" ဟု အေးစက်စွာ ပြောလိုက်လေသည်။

အခန်း (၂၁၂) ကျန်းဝူကျိ - ဝမ်ပေါင်းပေါင်းလား.... အဲဒါ ငါ့လက်အောက်ငယ်သားလေ

" အဲဒါက... ဂိုဏ်းချုပ်... ချန်ခွန်းကို သတ်လိုက်တာက ပြဿနာမရှိပေမဲ့ ချန်ယုံလျန်ကိုတော့ ကိုယ်တိုင်သွားရှင်းဖို့ မလိုတော့ပါဘူး"

ယန်ယွမ်က ကျန်းဝူကျိကို အနည်းငယ် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လျှောက်တင်လေသည်။

"ဟင်"

ကျန်းဝူကျိက မျက်မှောင်အနည်းငယ် ကြုတ်လျက် သူ့ကို ကြည့်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

ကျန်းဝူကျိကိုယ်တိုင်လည်း အလွန်အံ့အားသင့်သွားရသည်။ အခြေအနေများမှာ အလှည့်အပြောင်းများလှချေသည်။ အစပိုင်းတွင် ချန်ယုံလျန်က ချန်ခွန်းကို ကယ်သွားပြီဟု သူထင်မှတ်ခဲ့သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ယခုလည်း ချန်ယုံလျန်ကို သွားရောက်နှိမ်နင်းရန် ပြောနေစဉ် အခြေအနေက တစ်မျိုးပြောင်းလဲသွားပြီး ယန်ယွမ်က မလိုအပ်တော့ကြောင်း ပြောနေပြန်သည်။

“တကယ်ပဲ နောက်ကွယ်မှာ တခြားတစ်ယောက် ရှိနေတာလား”

ကျန်းဝူကျိ၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ယန်ယွမ်၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး "ဒီလိုပါ ဂိုဏ်းချုပ်.... ချန်ယုံလျန်နဲ့ သူ့လူစုဟာ ကျွန်တော် တို့ဂိုဏ်းသားတွေ ဒီမှာအများကြီး ရှိနေတာကို မြင်တော့ ချန်ခွန်းကို ကယ်ဖို့ မဖြစ်နိုင်မှန်း သိသွားကြတယ်။ ဒါနဲ့ သူတို့လည်း ချက်ချင်း လက်လျှော့ပြီး တောင်အောက်ကို ထွက်ပြေးကြတာပေါ့။ အဲဒီမှာတင် စစ်တပ်ကိုဦးဆောင်လာတဲ့ ဝမ်ပေါင်းပေါင်းနဲ့ တိုးမိပါလေရော။ ချန်ယုံလျန်တို့အဖွဲ့က ကျွန်တော်တို့ဂိုဏ်းကို ဒုက္ခပေးနေတာ သိရတော့ ဝမ်ပေါင်းပေါင်းတို့အဖွဲ့က ချန်ယုံလျန်တို့ကို တိုက်ခိုက်ပါတော့တယ်" ဟု အလျင်အမြန် လျှောက်တင်သည်။

"ဝမ်ပေါင်းပေါင်းရဲ့ ပင်ကိုယ်သိုင်းပညာက ချန်ယုံလျန်ကို မမီပေမဲ့ သူ့ဘေးမှာ သိုင်းလောကက ကျွမ်းကျင်သူ အများကြီးရှိသလို စစ်သည် တစ်ထောင်ကျော်လည်း ပါလာတယ်။ သူတို့က ချန်ယုံလျန်တို့ လူစုကို အပြတ်အသတ် နှိမ်နင်းလိုက်ပြီး ချန်ယုံလျန်ကိုယ်တိုင်တောင် ဝမ်ပေါင်းပေါင်းဆီက အနောက်တိုင်းဘုန်းကြီးတစ်ပါးရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်"

"ဘာ..... ချန်ယုံလျန် သေသွားပြီ ဟုတ်လား"

ကျန်းဝူကျိ မှင်တက်သွားသည်။ ချန်ယုံလျန်တစ်ယောက် ကျူးယွမ်ကျန်းနှင့် နောက်ဆုံး တိုက်ပွဲမနွှဲရသေးခင်မှာပင် ဝမ်ပေါင်းပေါင်း၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သို့သော်လည်း ဒါက ဖြစ်သင့်ဖြစ်ထိုက်သော အကျိုးရလဒ်ပင် ဖြစ်သည်။ ဝမ်ပေါင်းပေါင်း၏ စစ်ရေးစွမ်းရည်မှာ ကျူးယွမ်ကျန်း၏ လက်အောက်ရှိ လူနည်းစုလောက်ကိုသာ မမီခြင်းဖြစ်ပြီး အခြားသူများမှာမူ သူ့ကို ယှဉ်နိုင်ခဲသည်။

သာမန်တိုက်ပွဲဆိုလျှင် ရလဒ်က မသေချာနိုင်သော်လည်း ချန်ယုံလျန်တို့အဖွဲ့မှာ ဤအလစ်အငိုက် တိုက်ခိုက်မှုအတွက် လူနှစ်ရာကျော်သာ ပါဝင်ခဲ့ပြီး ထက်ဝက်နီးပါးမှာ မင်ဂိုဏ်းသားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထိုကျန်ရှိသော လူတစ်ရာကျော်မှာ ဝမ်ပေါင်းပေါင်း၏ စစ်သည်တစ်ထောင်ကျော်ကို ရင်ဆိုင်ရသဖြင့် မရှုံးဘဲ နေမည်မှာ စိတ်ကူးသက်သက်သာဖြစ်ပေမည်။

တစ်ယောက်ကို ဆယ်ယောက်နှုန်းဖြင့် ရင်ဆိုင်ရသည့် ကြောက်မက်ဖွယ် ကွာခြားချက်အောက်တွင် ချန်ယုံလျန်ဘက်မှ လူတိုင်းသည် ထိပ်သီးပညာရှင်များ မဟုတ်ပါက စစ်မြေပြင်တွင် ကျင်လည်နေသည့် မွန်ဂိုစစ်သည် တစ်ထောင်ကျော်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။

ယန်ယွမ်က "ဟုတ်ပါတယ် ဂိုဏ်းချုပ်.... ချန်ယုံလျန် သေသွားပါပြီ။ ဝမ်ပေါင်းပေါင်းကိုယ်တိုင် သူ့ခေါင်းကို ဖြတ်ပြီး ဒါဟာ ဂိုဏ်းချုပ်အတွက် ဂုဏ်ပြုလက်ဆောင်ပါဆိုပြီး လက်အောက်ခံဆီ ပေးခဲ့ပါတယ်" ဟု ဆိုသည်။

"ငါ့ယောက်ဖက တကယ်ကို အစွမ်းအစ ရှိတာပဲ။ ကောင်းတယ်"

ကျန်းဝူကျိက ရယ်မောလိုက်ရင်း ချန်ယုံလျန် သေဆုံးသွားပြီဖြစ်၍ အခြားသူများ၏ အန္တရာယ် မရှိတော့ဟု တွေးတောမိသည်။ ထိုအချိန်ကျမှ သူက ကျူးယွမ်ကျန်းကို ကမ္ဘာကြီးအား သိမ်းပိုက်ခိုင်းပြီး နောက်ဆုံးမှ အသီးအပွင့်ကို သူကိုယ်တိုင် ခူးဆွတ်ရုံပင်။

တကယ်တမ်းတွင် သူသည် ကိစ္စများကို အလွန်အမင်း ဆူညံအောင် မလုပ်လိုပေ။ သူ၏ သိုင်းပညာဖြင့် ကျူးယွမ်ကျန်းကို သတ်ရန်မှာ မခက်ခဲသော်လည်း ကျူးယွမ်ကျန်းကို နောက်ဆုံး အခိုက်အတန့်ကျမှသာ ဖယ်ရှားရမည်။ သို့မဟုတ်ပါက ပြည်တွင်းစစ်ဖြစ်ပွားပြီး ပြင်ပလူမျိုးစုများ အခွင့်ကောင်းယူသွားနိုင်သည်။

အကောင်းဆုံးနည်းလမ်းမှာ ကျူးယွမ်ကျန်းသည် ရန်သူ့လက်ချက်ဖြင့် သေဆုံးသွားသည့်ပုံစံ ဖန်တီးကာ အပြစ်ပုံချပြီး သူ၏နေရာကို အစားဝင်ယူရန် ဖြစ်သည်။ ထိုမှသာ ရွှီတာနှင့် ချန်ယွီချွန်းကဲ့သို့ စစ်သူကြီးများကိုပါ သူ့လက်အောက်တွင် ဆက်လက် အသုံးချနိုင်မည် ဖြစ်သည်။

ထိုအတွက် အစီအစဉ်အချို့ လိုအပ်မည်ဖြစ်သော်လည်း ကျန်းဝူကျိအတွက်မူ စိုးရိမ်စရာ မရှိပေ။ ဤကိစ္စမှာ သူ့အတွက် မခက်ခဲလှပါ။

ထိုစဉ် ယန်ယွမ်က ဇဝေဇဝါဖြင့် "ဂိုဏ်းချုပ်... လက်အောက်ခံက ပွင့်ပွင့်လင်းလင်း လျှောက်တင်တာကို ခွင့်လွှတ်ပေးပါ။ ဝမ်ပေါင်းပေါင်းက မွန်ဂိုလူမျိုးတစ်ယောက်လေ။ သူက ဂိုဏ်းချုပ်နဲ့ ဘယ်လိုလုပ် ပတ်သက်နေရတာလဲ။ အရင်က ဝမ်ပေါင်းပေါင်းကို မေးကြည့်ပေမဲ့ သူက ပြုံးရုံပဲပြုံးပြီး ဘာမှမပြောဘူး။ ဂိုဏ်းချုပ် ကွမ်မင်တောင်ထိပ်မှာ မရှိဘူးဆိုတာ သိရတော့ သူလည်း ပြန်ထွက် သွားပါတယ်" ဟု မေးမြန်းသည်။

အရင်က ဝမ်အန်းဘုရားကျောင်းတွင် တိုက်ပွဲများ မစတင်မီကပင် သူသည် ကွမ်မင်တောင်ထိပ်သို့ ပြန်သွားခဲ့ခြင်းဖြစ်၍ အတွင်းရေးများကို သူ အမှန်တကယ် မသိရှိခဲ့ပေ။

ကျန်းဝူကျိက ရယ်မောလျက် "ငါ ပြောပြီးပြီပဲ... ဝမ်ပေါင်;ပေါင်;က ငါ့ယောက်ဖလေ။ အခုဆိုရင် သူက မင်းတို့လိုပဲ ငါ့ရဲ့ စစ်သူကြီးတစ်ယောက်ပါပဲ။ ငါ့အမိန့်နဲ့ပဲ သူ အနောက်ဘက်ကို စစ်ချီခဲ့တာ။ အရှေ့ပိုင်း ချာဂါတိုင် ခန်နိုင်ငံကို သိမ်းပိုက်ပြီးရင် ငါ့ကိုလာတွေ့ဖို့ ကွမ်မင်တောင်ထိပ်ကို လာမှာပဲလေ၊ ငါနဲ့ မဆုံသွားတာပဲ ရှိတာ။ သူ မင်းတို့ကို ရှင်းရှင်းလင်းလင်း မပြောပြတာက မင်းတို့ရဲ့ သစ္စာရှိမှုကို စမ်းသပ်ချင်လို့ ဖြစ်မှာပါ" ဟု ဖြေကြားလိုက်သည်။

“ဟင်”

ယခုမူ ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့မှာ အံ့အားသင့်သွားရမည့် အလှည့် ရောက်လာချေပြီ။

"ဂိုဏ်း... ဂိုဏ်းချုပ်.. အနောက်မြောက်ဒေသရဲ့ ဒဏ္ဍာရီလာဘုရင်လို့ တင်စားကြတဲ့ ဝမ်ပေါင်းပေါင်းက တကယ်ပဲ ဂိုဏ်းချုပ်ရဲ့ လက်အောက်ငယ်သားလား"

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့သည် မှင်တက်သွားကြသည်။ သူတို့ဂိုဏ်းချုပ်သည် အံ့ဩစရာကောင်းမှန်း သိသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။

ဝမ်ပေါင်းပေါင်းဆိုသည်မှာ မွန်ဂိုလူမျိုးတစ်ဦး မဟုတ်လား။

နောင်တွင် ဟန်လူမျိုး ဧကရာဇ် ဖြစ်လာနိုင်သော သူတို့ဂိုဏ်းချုပ်က မွန်ဂိုတစ်ယောက်ကို ဘယ်လိုလုပ် စည်းရုံးနိုင်ခဲ့သနည်း။ ၎င်းအပြင် ဝမ်ပေါင်းပေါင်းသည် ရုယန်မင်းကြီးနန်းတော်၏ မင်းသားငယ်လေးဖြစ်ရာ သူ့အဆင့်အတန်းအရ ကျန်းဝူကျိထံ သစ္စာခံရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ပြင် သူသည် သာမန် မျိုးရိုးမြင့် မင်းသားတစ်ဦးသာ မဟုတ်ပေ။ ဝမ်ပေါင်းပေါင်းသည် ရှားပါးလှသော စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူသည် ထောင်သောင်းချီသော စစ်သည်များကို ဦးဆောင်ကာ အနောက်မြောက်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ သူသည် အနောက်မြောက်ဒေသ၏ ဘုရင်အဖြစ် နာမည်ကျော်နေသူ ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်က ဂိုဏ်းချုပ်၏ လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေရသည်မှာ တကယ်လား။

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့သည် မယုံနိုင်မှုများနှင့် အထင်ကြီးလေးစားစိတ်များလည်း ဖြစ်ပေါ်လာကြသည်။ သို့သော် ကျန်းဝူကျိကမူ တည်ငြိမ်စွာပင် "ဘာလဲ... အဲဒါက မဖြစ်နိုင်လို့လား" ဟု မေးလိုက်သည်။

ဤတည်ငြိမ်သော စကားတစ်ခွန်းက ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့ကို ဆွံ့အသွားစေပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားကြသည်။

သူတို့က "အာ... ဟုတ်ကဲ့... ဖြစ်နိုင်တာပေါ့" ဟုသာ မသိစိတ်ဖြင့် ဖြေလိုက်မိကြသည်။

"ဒါဆိုရင် ပြီးတာပဲ မဟုတ်လား"

ကျန်းဝူကျိက အနည်းငယ် ပြုံးလျက် "သူက အနောက်မြောက်ဘုရင် ဖြစ်ဖြစ်၊ အရှေ့တောင်ဘုရင် ဖြစ်ဖြစ်၊ ငါ ကျန်းဝူကျိရဲ့ လက်အောက်ငယ်သားပဲ။ အဲဒါထက် မပိုဘူး။ ငါတို့က လူမျိုးစုတွေ ပေါင်းစည်းဖို့ လုပ်နေတာ၊ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်တွေ မရှိသင့်ဘူး။ ဒါကြောင့် အများကြီး တွေးမနေကြနဲ့တော့။ မင်းတို့ သိထားရမှာက ဝမ်ပေါင်းပေါင်းဟာ ငါ့လူပဲ၊ အခု အနောက်မြောက် ဒေသတစ်ခုလုံးဟာ ငါ ကျန်းဝူကျိ အုပ်ချုပ်တဲ့ နယ်မြေဖြစ်နေပြီဆိုတာပဲ။ ဒီလောက်ဆို လုံလောက်ပြီ" ဟု ဆိုသည်။

ကျန်းဝူကျိသည် တစ်ခါတစ်ရံတွင် မောက်မာသော စကားများကို အေးဆေးတည်ငြိမ်စွာ ပြောဆိုတတ်သည်။

ကျန်းဝူကျိကမူ သူပြောသော စကားများမှာ ထူးခြားသည်ဟု မထင်ပေ၊ အမှန်တရားကို ပြောခြင်းသာ ဖြစ်သည်။ သို့သော် အနီးအနားရှိ လူတိုင်းကမူ ကျန်းဝူကျိကို အလွန်အမင်း ရိုသေလေးစားစွာ ကြည့်နေကြသည်။

သူ ကိုယ်တိုင် ဘာမှမလုပ်ဘဲနှင့်တောင် သူ့လက်အောက်ငယ်သားက အနောက်မြောက်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ ဒါဟာ မိုင်ပေါင်းထောင်ချီ အဝေးကနေ ဗျူဟာခင်းပြီး အောင်ပွဲခံလိုက်တာ မဟုတ်ပါလား။

ထို့ပြင် မင်ဂိုဏ်း၏ ပုန်ကန်သော စစ်တပ်အသီးသီးသည်လည်း ယန်ဇီမြစ်တောင်ဘက်ရှိ နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်ခဲ့ကြပြီ။ သူတို့က သီးခြားစီ တိုက်ခိုက်နေကြသော်လည်း အခြေခံအားဖြင့် ကျန်းဝူကျိကို သစ္စာခံထားကြသူများ ဖြစ်သည်။

ကျန်းဝူကျိသည် ထိုကိစ္စများအတွက် ကိုယ်တိုင် ဘာမှမလုပ်ရသေးသော်လည်း တိုင်းပြည်၏ တစ်ဝက်ခန့်ကို ပိုင်ဆိုင်နေပြီဟု ဆိုနိုင်သည်။

"ကဲပါ... ဒီလောက်ပဲ ပြောကြရအောင်။ မင်းတို့နှစ်ယောက် တာဝန်ကျေပွန်မှု မရှိလို့ ဂိုဏ်းသား တစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့ကြတယ်။ ဒါကြောင့် မင်းတို့ကို အပြစ်ပေးရမယ်။ အလံမှူးရာထူးကို ဒုတိယအလံမှူးဆီ ယာယီလွှဲပေးလိုက်ပါ။ မင်းတို့နှစ်ယောက်ဟာ သာမန်စစ်သည်အဖြစ်ကနေ ပြန်စရမယ်။ သုံးနှစ်ကြာလို့ မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးမှ အလံမှူးရာထူးကို ပြန်ပေးမယ်"

ကျန်းဝူကျိက တည်ငြိမ်စွာပင် ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်သည်။ ခန်းမထဲတွင် တိတ်ဆိတ်သွားပြီး မည်သူမျှ ကြားဝင် မပြောရဲကြပေ။

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့ကမူ "ဂိုဏ်းချုပ်ရဲ့ သက်ညှာပေးမှုကို ကျေးဇူးတင်ပါတယ်။ လက်အောက်ခံတွေ အမိန့်ကို နာခံပါ့မယ်" ဟု အလျင်အမြန် လျှောက်တင်ကြသည်။

သူတို့နှစ်ဦးစလုံး ထိုအခိုက်အတန့်တွင် သက်ပြင်းချနိုင်ကြသည်။ ကျန်းဝူကျိက သူတို့ကို သတ်ပစ်မည်ကို တကယ်ပင် ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဒါက အလွန်သက်ညှာသော အပြစ်ပေးမှုသာ ဖြစ်သည်။ သူတို့၏ ပေါ့ဆမှုကြောင့် ဂိုဏ်းသား တစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့သည်။ သူတို့ကို မီးမြှိုက်သတ်ခြင်းဖြင့် တစ်ခါတည်း အပြစ်ပေးလျှင်တောင် လွန်သည်ဟု မဆိုနိုင်ပေ။

ယခုမူ သုံးနှစ်မျှ အလံအုပ်ရာထူးမှ ခေတ္တနားရခြင်းမှာ ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့အတွက် အလွန်ကောင်းမွန်သော ရလဒ်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့သည် အစွမ်းအစ ရှိပြီးသား ဖြစ်သည်။ အလံမှူးရာထူး မရှိသော်လည်း မည်သူကမျှ သူတို့ကို သာမန်စစ်သည်ကဲ့သို့ ဆက်ဆံရဲမည် မဟုတ်ပေ။ သုံးနှစ်ဆိုသော အချိန်မှာလည်း ဘာမျှ မဟုတ်ပေ။

ယန်ယွမ်နှင့် ဆုန့်ဆန်းဟွေ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် စိတ်သက်သာရာရမှုနှင့် ကျေးဇူးတင်မှုများကို တွေ့မြင်ရသည်။

ဘေးအန္တရာယ်မှ လွတ်မြောက်သွားသဖြင့် စိတ်သက်သာရာရကြသည်။ ဂိုဏ်းချုပ်၏ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ကြသည်။

ဂိုဏ်းချုပ်သည် လုပ်ဆောင်ချက်များတွင် အလွန်မျှတပြီး စီမံခန့်ခွဲမှု အတတ်ပညာတွင်လည်း ကျွမ်းကျင်သည်ဟု သူတို့ တွေးတောမိကြသည်။ အပြစ်ပေးမှုမှာ ကြီးလေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ ညှာတာလှသည်။

ဒါကို တွေးမိတော့ သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြသည်။ ဂိုဏ်းချုပ်၏ ကျေးဇူးတရားကို တစ်သက်လုံး ဆပ်လို့ပင် ကုန်နိုင်မည် မဟုတ်ချေ။

All Chapters