အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း (၂၁၃) ချန်ခွန်းနှင့် ရင်ဖွင့်စကားပြောဆိုခြင်း
ကျောက်မိန်သည် ဝမ်ပေါင်းပေါင်းထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ ရက်အနည်းငယ်အကြာတွင် ဝမ်ပေါင်းပေါင်းကိုယ်တိုင် ကျန်းဝူကျိအား ဂါရဝပြုရန် ကွမ်မင်တောင်ထိပ်သို့ ရောက်ရှိလာသည်။
ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိထံ စိတ်ရင်းမှန်ဖြင့် သစ္စာခံပြီးကတည်းက မိမိ၏ အခြေအနေကို ရှင်းလင်းစွာ နားလည်ထားသည်။ သူသည် ကျန်းဝူကျိ၏ ယောက်ဖဖြစ်သည်ဟု ဘဝင်မမြင့်ဘဲ ကျန်းဝူကျိ၏ လက်အောက်ရှိ စစ်သူကြီးတစ်ဦးကဲ့သို့ အလွန်ပင် ရိုသေလေးစားစွာ ဂါရဝပြုလေသည်။
ကျန်းဝူကျိက ဝမ်ပေါင်းပေါင်းအား သူ၏ မြောက်ပိုင်းအောင်နိုင်ရေး စစ်သူကြီးအဖြစ် သတ်မှတ်ထားသည်။ မွန်ဂိုလူမျိုးတစ်ယောက်က ဟန်လူမျိုးတစ်ယောက်အတွက် မြောက်ပိုင်းအောင်နိုင်ရေး စစ်သူကြီးဖြစ်လာပြီး အခြားမွန်ဂိုများကို ပြန်လည်တိုက်ခိုက်နေခြင်းမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်ဟု သူတွေးတောမိသည်။
ဝမ်ပေါင်းပေါင်း၏ ပြောပြချက်အရ သူသည် အရှေ့ပိုင်း ချာဂါတိုင်ခန်နိုင်ငံကို သိမ်းပိုက်ပြီးနောက် အရာအားလုံးကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ယခုအခါ သူ၏ စစ်အင်အားမှာ နှစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ အနောက်ဘက်ဒေသသည် မြင်းကောင်းများ ထွက်ရှိရာအရပ်ဖြစ်သဖြင့် သူ၏လက်အောက်တွင် မြင်းစီးစစ်သည် နှစ်သောင်းကျော် ရှိနေပြီဖြစ်ရာ ဤအင်အားသည် လောကတွင် အတောင့်တင်းဆုံး စစ်အင်အားတစ်ခု ဖြစ်ချေသည်။
အနောက်ပိုင်း ချာဂါတိုင်ခန်နိုင်ငံသည် ဤသတင်းကို ကြားသောအခါ အခွင့်ကောင်းယူ တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း လွန်ခဲ့သော လဝက်ခန့်က ဝမ်ပေါင်းပေါင်းသည် ရန်သူကို ကူချာမြို့အနီးတွင် ထောင်ချောက်ဆင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် အနောက်ပိုင်း ချာဂါတိုင်ခန် စစ်တပ်၏ လူပေါင်းသောင်းချီမှာ ပြိုကွဲသွားခဲ့ပြီး အချို့မှာ သစ္စာခံကာ အချို့မှာ အသတ်ခံလိုက်ရသဖြင့် သူတို့၏ စစ်အင်အားမှာ အကြီးအကျယ် ထိခိုက်သွားခဲ့သည်။
ယခုအခါ ဝမ်ပေါင်းပေါင်းနှင့် အခြားသူများသည် အနောက်ပိုင်း ချာဂါတိုင်ခန်နိုင်ငံကို အပြီးသတ် သိမ်းပိုက်ရန် လုပ်ဆောင်နေကြသည်။ ထိုသို့သိမ်းပိုက်ပြီးပါက အနောက်ဘက်ဒေသတစ်ခုလုံးသည် ဝမ်ပေါင်းပေါင်း၏ လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။ သူ၏ စစ်တပ်နှင့် မြင်းစီးစစ်သည်များသည် လောကတွင် ထိပ်တန်းအဆင့် ဖြစ်လာမည်ဖြစ်ရာ အလယ်ပိုင်းဒေသကို သိမ်းပိုက်နိုင်ရန် အခြေခံအရည်အချင်းများ ပြည့်စုံသွားပေမည်။
အရေးကြီးဆုံးအချက်မှာ ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိအပေါ် အလွန်အမင်း သစ္စာရှိခြင်းပင် ဖြစ်သည်။
ကျန်းဝူကျိ၏ အယူဝါဒများနှင့် ရှေးခေတ်မွန်ဂိုများကဲ့သို့ အရှေ့အနောက် တစ်ခွင်လုံးကို သိမ်းပိုက်မည့် အစီအစဉ်ကြီးကို ကြားသိရပြီးနောက် ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိအား အလွန်အမင်း အထင်ကြီးလေးစားသွားခဲ့သည်။ အင်အားနှစ်သိန်းမျှရှိသော စစ်တပ်ကို လက်ဝယ်ပိုင်ဆိုင် ထားသော်လည်း ဝမ်ပေါင်းပေါင်းတွင် ကျန်းဝူကျိအပေါ် သစ္စာဖောက်လိုသောစိတ် လုံးဝမရှိပေ။
အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်းပေါင်းသည် အခြေအနေကို နားလည်သူဖြစ်သောကြောင့်ပင်။ ကျန်းဝူကျိကို သစ္စာဖောက်ပြီး မိမိကိုယ်ကိုယ် ဧကရာဇ်ဟု ကြေညာလျှင်တောင်မှ ကျန်းဝူကျိပြောသော အစီအစဉ်ကြီးကို သူကိုယ်တိုင် မည်သည့်အခါမျှ အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိပ်တန်း ပါရမီရှင် မဟုတ်သောကြောင့် ဖြစ်သည်။
ကြီးမားသော မဟာဗျူဟာများကို ဖော်ဆောင်ရာတွင် ထိုသူကိုယ်တိုင် ဦးဆောင်ရန် လိုအပ်သည်။ ဤအချက်ကြောင့်ပင် ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိအပေါ် သစ္စာရှိနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ကျန်းဝူကျိကို အကြွင်းမဲ့ အသိအမှတ်ပြုသွားခြင်းပင် ဖြစ်သည်။
သူသည် ပညာရှိသော သခင်နှင့် တွေ့ဆုံရသဖြင့် အသက်ကိုပင် ပေးဝံ့သည့် စိတ်ဓာတ်မျိုး ဖြစ်ပေါ်နေသည်။ ယခုအခါ ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိကို စကားတိုင်းတွင် အရှင်မင်းကြီး ဟု ခေါ်ဆိုကာ ကျေးဇူးသိတတ်မှုနှင့် သစ္စာရှိမှုကို အလေးထားပြသနေသည်။
ကျန်းဝူကျိသည် ဝမ်ပေါင်းပေါင်း၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပေးသလို အားနည်းချက်များကိုလည်း ထောက်ပြကာ နောင်တွင် လုပ်ဆောင်ရမည့် မဟာဗျူဟာများကို အလေးပေး ပြောကြားသည်။ ဝမ်ပေါင်းပေါင်းနှင့် အခြားသူများသည် အနောက်ဘက် စစ်ဆင်ရေးကို အာရုံစိုက်ရန် လိုအပ်သော်လည်း အောင်မြင်မှုများကို အလွန်အမင်း မလိုက်စားရန် သူမှာကြားသည်။
သူတို့သည် အနောက်ဘက်ရှိ ကာဘန်ကဲ့သို့ ဒုက္ခပေးသူများကိုသာ ဟန့်တားရန်၊ အနောက်ဘက်ဒေသကို တည်ငြိမ်အောင်လုပ်ရန်၊ စစ်သည်များကို စုဆောင်းကာ မြင်းများကို ဝယ်ယူရန်၊ ဗျူဟာသစ်များကို ဖော်ဆောင်ရန်နှင့် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ရန်သာ ဖြစ်သည်။ သူတို့၏ အဓိကတာဝန်မှာ မြင်းစီးစစ်သည်များနှင့် သေနတ်၊ အမြောက်များ၏ စွမ်းဆောင်ရည်ကို လေ့လာရန် ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောင်တွင် အလယ်ပိုင်းဒေသ စစ်ပွဲများ၌ လျင်မြန်စွာ တိုက်ခိုက်နိုင်မည့် အခြေခံကောင်းများကို တည်ဆောက်ရန်နှင့် ကျန်းဝူကျိ၏ ကမ္ဘာကြီး ငြိမ်းချမ်းရေး စီမံကိန်းတွင် ကြီးမားသော အထောက်အပံ့ ဖြစ်စေရန် ဖြစ်သည်။
ဝမ်ပေါင်းပေါင်းသည် ကျန်းဝူကျိ၏ မှာကြားချက်အားလုံးကို မှတ်သားထားသည်။ သူသည် ကျန်းဝူကျိ၏ ကြိုတင်သိမြင်နိုင်စွမ်းကို လုံးဝ သံသယမဖြစ်ပေ။ အမှန်တကယ်တော့ အခြားအရာများကို ထားလိုက်ဦးတော့၊ သေနတ်၊ အမြောက်များအကြောင်းကို သူကိုယ်တိုင်လည်း အတော်အတန် သိထားသည်။
ဝမ်ပေါင်းပေါင်းသည် ချာဂါတိုင်ခန်နိုင်ငံကို သိမ်းပိုက်ပြီးနောက် မြောက်ဘက်ရှိ ရွှေရောင်တပ်စုနှင့်လည်း ဆက်သွယ်မှု ရှိခဲ့သည်။ ထိုနေရာမှ သတင်းများအရ ရွှေရောင်တပ်စု၏ အနောက်ဘက်ရှိ နိုင်ငံများတွင် အမြောက်များနှင့် သေနတ်များကို အသုံးပြုနေကြပြီး ၎င်းတို့၏ စွမ်းအားမှာ ဓားများထက် များစွာသာလွန်ကြောင်း သူသိရှိခဲ့သည်။ သို့သော် ထိုနည်းပညာမှာ တည်ငြိမ်မှု မရှိသေးဘဲ ရန်သူကို မသတ်နိုင်မီ မိမိကိုယ်ကိုယ် ပြန်လည် ဖောက်ခွဲမိတာမျိုး ဖြစ်တတ်သည်။
လူအများစုက ထိုအရာများကို ယုံကြည်စိတ်ချ၍ မရဟု ထင်ကြသော်လည်း ဝမ်ပေါင်းပေါင်းသည် စစ်ရေးကျွမ်းကျင်သူဖြစ်သဖြင့် ဤလက်နက်များ၏ ပြင်းထန်သော စွမ်းအားကို ရိပ်မိထားသည်။ ထို့ကြောင့် ဤလက်နက်များသည် နောင်တစ်ချိန်တွင် စစ်မြေပြင်၌ အစွမ်းထက်သော လက်နက်များ ဖြစ်လာမည်မှာ သေချာသဖြင့် သုတေသနကို အရှိန်မြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ ကျန်းဝူကျိ၏ စကားများသည် သူ၏ အတွေးနှင့် ထပ်တူကျနေပေသည်။
ဝမ်ပေါင်းပေါင်းသည် ကွမ်မင်တောင်ထိပ်တွင် တစ်မနက်မျှ နေထိုင်ပြီးနောက် ပြန်လည်ထွက်ခွာ သွားသည်။ သူသည် အနောက်ပိုင်း ချာဂါတိုင်ခန်နိုင်ငံကို အပြတ်အသတ် ချေမှုန်းရန် ရှိသေးသဖြင့် အချိန်အများကြီး မဖြုန်းနိုင်ပေ။
ဝမ်ပေါင်းပေါင်း ထွက်ခွာသွားပြီးနောက် ကျန်းဝူကျိသည် ချန်ခွန်းကို တွေ့ရန် တိုက်ရိုက်သွားလေသည်။ မူလက သူပြန်ရောက်သည်နှင့် ချန်ခွန်းကို ချက်ချင်းသတ်ရန် စီစဉ်ထားသော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း သတင်းများစွာ ရောက်ရှိနေခဲ့သည်။ ဂိုဏ်းချုပ် ပြန်ရောက်လာပြီဟု ကြားသိရသဖြင့် မင်ဂိုဏ်း၏ တော်လှန်ရေး စစ်တပ်အသီးသီးမှ သတင်းများ ပေးပို့လာကြခြင်း ဖြစ်သည်။ ကျန်းဝူကျိသည် ထိုကိစ္စများကို ဖြေရှင်းနေရသဖြင့် ချန်ခွန်းကို သွားမသတ်နိုင်သေးခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချန်ခွန်းမှာ ဤနေရာတွင် ရှိနေပြီး မည်သည့်နေရာသို့မျှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
ယခုမူ ကိစ္စအများစုမှာ ပြေလည်သွားပြီဖြစ်၍ ချန်ခွန်းကို အဆုံးသတ်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။
ဘယ်လိုပဲပြောပြော ရှဲ့ရွှန်းတို့ မျိုးဆက်ထဲတွင် ချန်ခွန်းမှာ အသက်အကြီးဆုံး ဖြစ်သဖြင့် သူတို့၏ အသက်မှာ အတော်ပင် ကွာခြားလှသည်။ ကျန်းဝူကျိမှာ ယခုအခါ အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးပြီး ချန်ခွန်းမှာ ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သည်။
ကျန်းဝူကျိသည် မိမိကိုယ်တိုင်လည်း လူကြီးကို ရိုသေပြီး လူငယ်ကို ကြင်နာတတ်သူဟု ယူဆထားသဖြင့် ချန်ခွန်းအား အမျိုးမျိုးသော နှိပ်စက်မှုများကို မခံစားစေလိုပေ။ သူသည် ချန်ခွန်းကို မသတ်မီ စကားအချို့ ပြောဆိုလိုရုံသာ ဖြစ်သည်။ ၎င်းကို ရင်ဖွင့်စကားပြောဆိုခြင်းဟု သတ်မှတ်ကာ ချန်ယုံလျန် အသတ်ခံရခြင်း၊ သူသည် ရှောင်လင်ဂိုဏ်းမှ နှင်ထုတ်ခံရခြင်း၊ မင်ဂိုဏ်းမှာ ပျက်စီးသွားခြင်း မရှိဘဲ ပိုမိုတိုးတက်လာကာ မိမိကိုယ်တိုင်လည်း သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်လာခြင်း၊ ဂိုဏ်းချုပ်ရန်နှင့် ရန်ကတော်တို့မှာ အတူတူ မြှုပ်နှံခံရခြင်း စသည့် အလာပ သလာပ စကားများကို ပြောပြလိုခြင်း ဖြစ်သည်။
အခြားနည်းလမ်း မရှိပေ။ ကျန်းဝူကျိသည် ထိုမျှအထိ လူကြီးကို ရိုသေပြီး လူငယ်ကို ကြင်နာတတ်သူ ဖြစ်သည်။ အခြားသူများ အမှန်တရားကို မသိဘဲ နေမည်ကို သူ မကြည့်ရက်သဖြင့် ဤကိစ္စများကို ပြောပြရန် လိုအပ်သည်ဟု သူခံစားရသည်။
ကျန်းဝူကျိ ထောင်ထဲသို့ ရောက်သည့်အခါ ချန်ခွန်းကို တွေ့လိုက်ရသည်။
ချန်ခွန်းကို မြင်သည်နှင့် ကျန်းဝူကျိမှာ အနည်းငယ် အံ့အားသင့်သွားသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ချန်ခွန်းကို သူသတိရမိသည်။ ထိုစဉ်က ချန်ခွန်းမှာ အသက်ကြီးသော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး အတွင်းအားမှာ အလင်းတမန်တော် နှစ်ပါးထက်ပင် သာလွန်ကာ လောကတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။
သို့သော် ယခုအခါ ချန်ခွန်းသည် ထောင်ထဲတွင် ဖရိုဖရဲ ဖြစ်နေပြီး ဆံပင်များမှာလည်း ရှုပ်ပွကာ အရင်က ဘုန်းကြီးတစ်ပါးနှင့် လုံးဝ မတူတော့ပေ။ သူသည် မလှုပ်မယှက် လဲလျောင်းနေပြီး အသက်ဆယ်နှစ်ခန့် ပိုအိုစာသွားပုံရသည်။ အကယ်၍ အသက်ရှူနေသည်ကို မတွေ့ရပါက သူ သေသွားပြီဟုပင် ထင်မှတ်ရပေမည်။
အသံကြားသဖြင့် ချန်ခွန်းက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သည်။ သူ၏ အိုမင်းပြီး ဝေဝါးနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ယင်သွားကာ "ကျန်းဝူကျိ" ဟု ခေါ်လိုက်သည်။
သူ၏ စကားသံထဲတွင် အလွန်အမင်း ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများ ပါဝင်နေသည်။
ကျန်းဝူကျိက နောင်တရသလို ခေါင်းခါလိုက်ပြီး "တစ်ချိန်က သိုင်းလောကကို လှုပ်ခတ်စေခဲ့တဲ့ မိုးကြိုးလက်ဝါး ချန်ခွန်းက အခုလို ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု ဆိုသည်။
"မင်းက ဒီစကားပြောထွက်သေးတယ်လား။ ဒါတွေအားလုံးက မင်းကြောင့် မဟုတ်ဘူးလား"
ချန်ခွန်းက ဒေါသတကြီးဖြင့် အံကြိတ်ကာ "ကောင်စုတ်လေး.... မင်းသာ ငါ့ရဲ့ ခြေလက်တွေကို မချိုးခဲ့ဘဲ အတွင်းအားတွေကို မဖျက်ဆီးခဲ့ရင် ဒီနေ့မှာ ငါ ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံရပါ့မလား" ဟု ကျိန်ဆဲလေသည်။
ချန်ခွန်းမှာ တကယ်ပင် မုန်းတီးနေသည်။ ကျန်းဝူကျိသည် သူ၏ ခြေလက်နှင့် အတွင်းအားများကို ဖျက်ဆီးခဲ့သဖြင့် မိမိကိုယ်ကိုယ် သတ်သေရန်ပင် မဖြစ်နိုင်တော့ဘဲ အလွန်အမင်း နာကျင်ခံစားနေရခြင်း ဖြစ်သည်။
ကျန်းဝူကျိက လက်ကို ဖြန့်လိုက်ပြီး "ဘာတတ်နိုင်မှာလဲ.... မင်းရဲ့ စကားတွေက မင်းနဲ့လည်း အတော်လေး လိုက်ဖက်ပါတယ်။ မင်းသာ နေရာအနှံ့ ဒုက္ခတွေ မပေးခဲ့ဘဲ အပြစ်တွေ အများကြီး မလုပ်ခဲ့ရင် ဒီနေ့မှာ ဒီလို ခံစားနေရမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ချန်ခွန်းက မျက်လုံးအစုံ နီမြန်းလျက် "ငါက ကံ ကံ၏အကျိုး ဆိုတာတွေကို လုံးဝ မယုံဘူး" ဟု အော်ဟစ်ကျိန်ဆဲသည်။
ကျန်းဝူကျိက "မင်းက ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပြီးတော့ အပြစ်ဆိုတာကို မယုံဘူးလား။ ဒါပေမဲ့လည်း မင်းကို ခုန်းဝမ်က ရှောင်လင်ကျောင်းတော်ကနေ နှင်ထုတ်လိုက်ပြီပဲလေ။ အခုဆိုရင် မင်းက လူဝတ် ဖြစ်နေပြီဆိုတော့ ကံကံ၏အကျိုးကို မယုံတာလည်း ဖြစ်နိုင်ပါတယ်။ ဪ ဒါနဲ့ ငါ ပြောပြဖို့ မေ့နေတာ တစ်ခု ရှိသေးတယ်။ သိပ်မကြာခင် အချိန်တုန်းက မင်းရဲ့တပည့် ချန်ယုံလျန်က မင်းကိုလာကယ်သေးတယ်လေ။
ဒါပေမဲ့ သူ မအောင်မြင်ဘူး၊ တောင်အောက်ကို ထွက်ပြေးရင်းနဲ့ ဝမ်ပေါင်းပေါင်းရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီ။ ဝမ်ပေါင်းပေါင်းကိုတော့ မင်းသိမှာပါ။ သူက အခု ငါ့ရဲ့ လက်အောက်ငယ်သား ဖြစ်နေပြီလေ၊ စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး အနောက်ဘက် ဒေသတစ်ခုလုံးကို စောင့်ကြပ်နေတာ။ နောက်ပြီးတော့ ဂိုဏ်းချုပ်ရန်ရဲ့ ရုပ်အလောင်းလည်း မြှုပ်နှံပြီးပါပြီ။
သူ့ကို ရန်ကတော်နဲ့အတူတူ မြှုပ်နှံပေးလိုက်တာ။ အစဉ်အလာအရတော့ ဒါက မဖြစ်သင့်ပေမဲ့ ရန်ကတော်က လူကောင်းတစ်ယောက် မဟုတ်ခဲ့ရင်တောင် သူဟာ ဂိုဏ်းချုပ်ရန်ရဲ့ တရားဝင် ဇနီးမယားပဲလေ။ ဂိုဏ်းချုပ်ရန် သေဆုံးသွားပြီးနောက်မှာ သူကိုယ်တိုင် သတ်သေခဲ့တာပဲ။ မင်ဂိုဏ်းတစ်ခုလုံးက သူ့ရဲ့ သစ္စာမရှိမှုတွေကို ခွင့်လွှတ်ပေးပြီး ဂိုဏ်းချုပ်ရန်နဲ့အတူ မြှုပ်နှံခွင့် ပေးလိုက်ကြတယ်" ဟု ဆိုသည်။
“ဗွက်”
ချန်ခွန်းသည် ထိုစကားများကို အဆုံးထိပင် မကြားလိုက်ရဘဲ မျက်လုံးအစုံတွင် သွေးများ စိမ့်ထွက်လာကာ ရင်ထဲတွင် သွေးများ ဆူပွက်လာပြီးနောက် လည်ချောင်းထဲသို့ သွေးညှီနံ့များ တက်လာကာ သွေးများ အစိမ်းလိုက်ပင် အန်ထုတ်လိုက်ရလေတော့သည်။
အခန်း (၂၁၄) ချန်ခွန်း၏ နိဂုံး
"အသက်ကြီးလာရင် ဒီလောက်အထိ ဒေါသမထွက်သင့်ဘူးလေ" ဟု ကျန်းဝူကျိက ကူကယ်ရာမဲ့သည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။ "ကြည့်ဦး မင်းက ဒီလောက်အသက်ကြီးမှ သွေးတွေ ဘယ်လောက်တောင် အန်ဦးမှာလဲ။ အသက်အန္တရာယ် စိုးရိမ်ရရင် ဘယ်လိုလုပ်မလဲ။ မင်းက ကိုယ့်ကိုယ်ကိုယ် တကယ် မနှမြောတတ်တာပဲ"
သူ၏စကားများမှာ လူကြီးသူမကို ရိုသေလေးစားဟန် ပေါက်သော်လည်း နားထောင်ရသည်မှာ ချန်ခွန်းအား သူ၏သားအရွယ် ကလေးတစ်ယောက်ကဲ့သို့ ဆုံးမနေသည့်နှယ် ဖြစ်နေပေသည်။
ချန်ခွန်းမှာ ထိုအဓိပ္ပာယ်ကို နားလည်သဖြင့် ဒေါသတကြီး တုန်ယင်နေသည်။ သူသည် လက်ကိုမြှောက်ကာ ကျန်းဝူကျိအား ညွှန်ပြ၍ ကျိန်ဆဲချင်သော်လည်း သူ၏ခြေလက်များကို ကျန်းဝူကျိက ချိုးထားပြီးဖြစ်သည်။
သူသည် လက်တစ်ဖက်ကိုသာ တစ်ဝက်ခန့် မြှောက်နိုင်သော်လည်း ဖြတ်တောက်ခံထားရသော လက်မှာ အမိန့်မနာခံဘဲ ခွန်အားသုံးနိုင်သော်လည်း ပျော့ပျောင်းစွာ မလှုပ်ရှားနိုင်ချေ။ သူသည် အသက်ရှူပင် မမှန်တော့ဘဲ လက်မှာလည်း ပြန်ကျသွားသည်။
"ကျန်းဝူကျိ... ငါ သေသွားပြီး တစ္ဆေဖြစ်ရင်တောင် မင်းကို လုံးဝ လက်လွှတ်မှာမဟုတ်ဘူး"
ချန်ခွန်း၏ မျက်လုံးအစုံမှာ နီမြန်းနေပြီး သူ၏စကားသံထဲတွင် နာကျည်းမှုများ ပြည့်နှက်နေပေသည်။ သူသည် အမှန်တကယ်ပင် စိတ်ဓာတ်ပြိုလဲနေပြီ ဖြစ်သည်။
သူ၏တစ်သက်တာလုံးတွင် မင်ဂိုဏ်းကို ဖျက်ဆီးရန်နှင့် ထို့နောက်တွင်မှ သူ၏ဂိုဏ်းတူညီမဖြစ်သူ ရန်ကတော်အား တောင်းပန်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်သာ စဉ်းစားခဲ့သည်။ ဤရည်ရွယ်ချက်အတွက် သူသည် ဘဝတစ်ဝက်စာမျှ ကြိုးပမ်းခဲ့ပြီး သူလုပ်သမျှ အရာအားလုံးမှာ ဤကိစ္စအတွက်သာ ဖြစ်ပေသည်။
သို့သော်လည်း အခြေအနေများမှာ သူမျှော်လင့်ထားသည့် ရလဒ်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေချေသည်။ မင်ဂိုဏ်းမှာ ပျက်စီးမသွားသည့်အပြင် ပြန်လည်တိုးတက်လာခဲ့ပြီး ယခုအခါ သိုင်းလောကတွင် အင်အားအကြီးဆုံးအဖွဲ့အစည်း ဖြစ်လာခဲ့သည်။
ဂိုဏ်းချုပ် ရန်တိန့်ထျန်း လက်ထက်ကထက်ပင် ပို၍အင်အားတောင့်တင်းနေသေး၏။ မင်ဂိုဏ်းချုပ် ကျန်းဝူကျိမှာလည်း သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်လာခဲ့ရာ သိုင်းလောကတွင် သူ့အား အသိအမှတ်မပြုသူနှင့် မရိုသေသူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
သူ့ကိုလာကယ်သည့် သူ၏တပည့် ချန်ယုံလျန်မှာလည်း ကွမ်မင်တောင်ခြေတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချန်ယုံလျန်၏ ကိုယ်ကျိုးစွန့်လိုစိတ်မှာ မည်သို့ပင်ရှိစေကာမူ သူသည် နောက်ဆုံး၌ ရောက်လာခဲ့ပြီး ထိုကြောင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဒီထက်ပိုပြီး ဘာပြောစရာ ရှိတော့မည်နည်း။ အဆိုးဆုံးမှာ သူ၏ဂိုဏ်းတူညီမ၏ ရုပ်အလောင်းမှာ ထိုခွေးသူခိုး ရန်တိန့်ထျန်းနှင့်အတူ မြှုပ်နှံခံရခြင်းပင်။ ဤကိစ္စမှာ သူ့အတွက် အကြီးမားဆုံးသော ရိုက်ခတ်မှု ဖြစ်ပေသည်။
ဤအရာအားလုံးမှာ နောက်ဆုံးအခြေအနေသို့ ရောက်ခါနီးမှ ကျန်းဝူကျိက သူ၏အစီအစဉ်ကို ဖျက်ဆီးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ကျန်းဝူကျိသည် ဂိုဏ်းကြီးခြောက်ဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်အနိုင်ယူကာ သူတို့အားလုံး၏ စိတ်နှလုံးကို သိမ်းကျုံးယူခဲ့သည်။ ထို့နောက် မင်ဂိုဏ်းကို ပြန်လည်ဦးမော့စေကာ သူ၏ပြိုင်ဘက်ကင်း သိုင်းပညာဖြင့် သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ နောင်တွင် သူသည် ဧကရာဇ်ရာဇပလ္လင်ပေါ်တွင်ပင် ထိုင်နိုင်ပေသည်။
ဤအခိုက်အတန့်တွင် ချန်ခွန်း၏ ရင်ထဲ၌ သွေးများ ဆူပွက်နေသည်။ ဤအဖြစ်အပျက်အားလုံးမှာ ကျန်းဝူကျိ တစ်ယောက်တည်းကြောင့် ဖြစ်ပေါ်လာရသည်ဟု တွေးတောမိရာ သူ မည်သို့ မမုန်းဘဲ နေနိုင်မည်နည်း။
ကျန်းဝူကျိကမူ ဒေါသထွက်နေသော ချန်ခွန်းကို ကြည့်ကာ ကျေနပ်နေသည်။ သူသည် အနီးရှိ ကျောက်ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး ပြုံးလျက် "မင်းက သေခါနီးလူဖြစ်နေတာတောင် စိတ်က အရမ်းတိုတက်တာပဲ.... ငါ့ကို သေပြီး တစ္ဆေဖြစ်ရင်တောင် လက်မလွှတ်ဘူး ဟုတ်လား။ အဲဒီစကားတွေက ငါ့ကို ခြောက်လှန့်နိုင်ရင် ငါ လူသတ်မှာ မဟုတ်တော့ဘူး။ မင်းက အသက်ကြီးပြီး ယုတ်မာပေမဲ့ မင်းသတ်ခဲ့တဲ့လူအရေအတွက်က ငါသတ်ခဲ့တာလောက် မများပါဘူး" ဟု ဆိုသည်။
ကျန်းဝူကျိသည် ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ဂျပန်ကျွန်းသို့ သွားခဲ့စဉ်က သူ လူပေါင်းမည်မျှ သတ်ခဲ့သည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။ ရန်ရှောင်နှင့် အခြားသူများ လုပ်ဆောင်ခဲ့သမျှမှာလည်း သူ၏အမိန့်ကြောင့်သာ ဖြစ်သည်။ အားလုံးပေါင်းလိုက်လျှင် သောင်းနှင့်ချီ ရှိမည်မှာ သေချာပေသည်။
ချန်ခွန်း မည်မျှပင် ရက်စက်စေကာမူ လူပေါင်းသောင်းချီကို သတ်ရန်မှာ မဖြစ်နိုင်ပေ။ ရှဲ့ရွှန်း သတ်ခဲ့သော လူများနှင့် အခြားသော အစွယ်အပါးများကို ပေါင်းလိုက်လျှင်တောင် ကျန်းဝူကျိ သတ်ခဲ့သည့် အရေအတွက်၏ ထက်ဝက်မျှပင် ရှိမည်မဟုတ်ပေ။ ကျန်းဝူကျိ၏ ရှေ့တွင်မူ ချန်ခွန်း၏ အရည်အချင်းမှာ ဆရာကြီးရှေ့မှောက်က တပည့်ငယ်လေးကဲ့သို့ပင် ဖြစ်နေတော့သည်။
ချန်ခွန်းမှာ မျက်လုံးအစုံတွင် သွေးများ ပြည့်လျှံလာသည်အထိ ဒေါသထွက်နေပြီး ကိုယ်ခန္ဓာမှာလည်း တုန်ယင်နေသည်။ အခြားနည်းလမ်း မရှိတော့ချေ။ ကျန်းဝူကျိနှင့် ရင်ဆိုင်ရသည့်အခါ သူသည် အစစအရာရာ စိတ်ပျက်အားငယ်နေရသည်။ စကားစစ်ထိုးရာတွင်လည်း မနိုင်သလို တိုက်ခိုက်ရာတွင်လည်း မနိုင်ခဲ့ပေ။ အရင်ကလည်း ထိုအတိုင်းဖြစ်ပြီး အခုလည်း ထိုအတိုင်းပင်။
"ကျန်းဝူကျိ..... မင်း ငါ့ကို လာစော်ကားနေတာ ငါသိတယ်။ ငါက မင်းရဲ့ စော်ကားတာကို ခံစားနေရမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်" ဟု ချန်ခွန်းက ဘယ်ကရလာမှန်းမသိတဲ့ အားအင်များဖြင့် အော်ဟစ်လိုက်ပြီးနောက် သူ၏လျှာကို သူကိုယ်တိုင် ကိုက်ဖြတ်လိုက်သည်။ သွေးများဖြင့် စိုရွှဲနေသော လျှာဖျားမှာ ချန်ခွန်း၏ ပါးစပ်ထဲမှ ထွက်ကျလာပြီး ခဏချင်းမှာပင် သွေးများ အရှိန်အဟုန်ဖြင့် စီးကျလာပေသည်။
"ဟင်" ဟု ကျန်းဝူကျိက အံ့အားသင့်သွားကာ အမြန်ပင် နောက်သို့ ဆုတ်လိုက်သည်။ သူ၏အဝတ်အစားပေါ်သို့ သွေးများ မစင်သည်ကို စစ်ဆေးပြီးမှသာ သူ သက်ပြင်းချနိုင်တော့သည်။ ဤအဝတ်အစားမှာ ရှောင်ကျောက်က သူ့အတွက် ကိုယ်တိုင်ချုပ်လုပ်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ ချန်ခွန်း၏ သွေးများ စင်သွားပါက အလွန်နှမြောစရာ ကောင်းပေလိမ့်မည်။
"အဲ့လိုလုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား။ ငါက မင်းကို အဲဒီလိုပဲ သတ်မှာပါ။ သေကွင်းသေကွက်ကို တစ်ချက်ထိုးပြီး အေးအေးချမ်းချမ်း သေခွင့်ပေးမလို့ဟာကို ဘာလို့ လျှာကိုကိုက်ပြီး သတ်သေရတာလဲ။ ပြီးတော့ လျှာကိုကိုက်ရုံနဲ့ လူက မသေဘူးလေ" ဟု ကျန်းဝူကျိက ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ပြောဆိုသည်။ ထို့နောက် သေလုမျောပါးဖြစ်နေသော ချန်ခွန်းအား လက်ညှိုးဖြင့် ခပ်သွက်သွက် လှမ်းထိုးလိုက်သည်။
လက်ညှိုးသိုင်း၏ လေထဲမှ ထိုးနှက်ချက်မှာ ချန်ခွန်းအား ထိမှန်သွားရာ ချန်ခွန်းမှာ ချက်ချင်းပင် မြေပြင်ပေါ်၌ လူးလိမ့်အော်ဟစ်နေတော့သည်။ သူ၏ပါးစပ်မှ သွေးများ ဆက်တိုက်ထွက်ကျနေပြီး ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ကျန်းဝူကျိက ခေါင်းအနည်းငယ် ငြိမ့်ကာ "အင်း ဒါက ကောင်းပါတယ်။ မင်းလည်း တစ္ဆေယင်လက်ညှိုးကို လေ့ကျင့်ခဲ့ဖူးတာပဲ။ ဒီလို သေကွင်းသေကွက်တွေကို ထိုးနှက်ခံရပြီးရင် အလွန်အမင်း ယားယံတာ နာကျင်တာတွေ ခံစားရမယ်ဆိုတာ မင်းသိမှာပါ။ အဲဒီဝေဒနာက ပိုပိုပြီးတော့ ဆိုးလာလိမ့်မယ်။ တစ်နာရီအတွင်း ဘယ်သူမှ မင်းရဲ့ အကြောတွေကို ပြန်မဖွင့်ပေးရင် မင်း သေမှာပဲ။ မင်းလို လူယုတ်မာတစ်ယောက်အတွက် ဒီလိုသေရတာ မဆိုးပါဘူး ဟုတ်တယ်မလား" ဟု ဆိုသည်။
"မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးဆိုတာ စိတ်ချပါ။ အကယ်၍ မင်းကို လွှတ်ပေးလိုက်ရင်တောင်မှ ပထမအဆင့် လက်ညှိုးသိုင်းနဲ့ အကြောကို ဖွင့်ပေးနိုင်တဲ့ သိုင်းပညာရှင်ကို မင်းရှာတွေ့မှာ မဟုတ်ဘူး။ ဒီနေ့ခေတ် လောကကြီးမှာ ငါကလွဲလို့ လက်ညှိုးသိုင်းကို ပထမအဆင့်အထိ လေ့ကျင့်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး" ဟု ဆက်ပြောသည်။
ထိုသို့ပြောပြီးနောက် ချန်ခွန်း လူးလိမ့်အော်ဟစ်နေသည်ကို ကြည့်ကာ ကျန်းဝူကျိမှာ အလွန်ကျေနပ်သွားသည်။ ဤလူယုတ်မာအား ထိုကဲ့သို့သေခွင့်ပေးခြင်းမှာ အမှန်တကယ်တော့ သူ့အတွက် အလွန်သက်သာလှသည်။ သို့သော် ရှဲ့ရွှန်းကိုယ်တိုင် လက်စမသတ်ခဲ့သဖြင့် ကျန်းဝူကျိကသာ သူ၏မွေးစားသားတစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။ ယခုအခါ ရှဲ့ရွှန်းမှာ လောကီကိစ္စများကို စွန့်လွှတ်ပြီးပြီဖြစ်ရာ ဤအမှိုက်များကို သူကိုယ်တိုင်သာ ရှင်းလင်းလိုက်တော့မည် ဖြစ်သည်။
ကျန်းဝူကျိက အနီးရှိ ဂိုဏ်းသားတစ်ဦးအား "ချန်ခွန်း သေသွားရင် သူ့ခေါင်းကို ဖြတ်ပြီး ငါ့ကို လာအကြောင်းကြားပါ" ဟု မှာကြားလိုက်သည်။
"လက်အောက်ငယ်သားက အမိန့်အတိုင်း နာခံပါ့မယ်" ဟု ထိုဂိုဏ်းသားက အလျင်အမြန် ဦးညွှတ်ဖြေကြားသည်။ ဒါဟာ ဂိုဏ်းချုပ်အပေါ် ရိုသေမှုကြောင့်သာမက ဂိုဏ်းချုပ်၏ နည်းလမ်းများအပေါ် ထိတ်လန့်ကြောက်ရွံ့မှုကြောင့်လည်း ဖြစ်ပေသည်။ ငါတို့ရဲ့ ဂိုဏ်းချုပ်ကျန်းက တကယ်ကို နတ်ဘုရားတစ်ပါးလိုပဲ ဟု သူတွေးတောမိသည်။
အမှန်တကယ်တော့ ဤဂိုဏ်းသားတစ်ယောက်တည်းသာ ထိုသို့တွေးခြင်းမဟုတ်ဘဲ ရန်ရှောင်နှင့် အခြားသူများအားလုံးလည်း ထိုအတိုင်းပင် တွေးကြသည်။ ဂိုဏ်းချုပ် ရန်တိန့်ထျန်း သက်ရှိထင်ရှားရှိစဉ်က မင်ဂိုဏ်းမှာ အင်အားကြီးမားသော်လည်း ယနေ့ကဲ့သို့ မည်သူမျှ မစော်ကားရဲသည့် အခြေအနေမျိုး မရှိခဲ့ပေ။
အကြောင်းရင်းမှာ ရန်တိန့်ထျန်း၏ သိုင်းပညာ နိမ့်ပါးခြင်းကြောင့် မဟုတ်ပေ။ အမှန်စင်စစ် ထိုစဉ်က ကျန်းဆန်းဖုန်းမှလွဲ၍ မည်သူက ရန်တိန့်ထျန်းကို ယှဉ်နိုင်မည်နည်း။ သူ၏ သိုင်းလောက အဆင့်အတန်းမှာလည်း ယခု ကျန်းဝူကျိ၏ အဆင့်အတန်းနှင့် ဆင်တူသည်။
သို့သော် ကျန်းဝူကျိနှင့် မတူသည်မှာ ရန်တိန့်ထျန်းသည် ဖြောင့်မတ်သော လူကြီးလူကောင်း တစ်ယောက် ဖြစ်ပြီး အရာရာကို အကျိုးသင့် အကြောင်းသင့် ဆောင်ရွက်လေ့ရှိသည်။ ဥပမာအားဖြင့် ဟန်ချန်းယဲ့ ကိစ္စတွင် ရန်တိန့်ထျန်းသည် သူ၏ကတိကို တည်ရန်အတွက် ရေခဲကန်ထဲ၌ ဟန်ချန်းယဲ့နှင့်အတူ သေဆုံးရန်ပင် ဆုံးဖြတ်ခဲ့သည်။ ဒါက သူ မည်မျှ သူရဲကောင်းဆန်သည်ကို ပြသခြင်းပင် ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ အရမ်းဖြောင့်မတ်လွန်းခြင်းသည် မကောင်းပေ။ လူတွေက အဲဒါကို အခွင့်ကောင်းယူပြီး ကိုယ်ကျင့်တရားနဲ့ ခြိမ်းခြောက်တတ်ကြသောကြောင့် ဖြစ်သည်။
ကျန်းဝူကျိမှာမူ ဤအချက်နှင့် ပတ်သက်၍ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူ့မှာ ကိုယ်ကျင့်တရားဆိုသည့် အနှောင်အဖွဲ့ မရှိသဖြင့် သူ့အား ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်ရန်မှာ မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ဟန်ချန်းယဲ့ ကိစ္စမျိုးတွင် ကျန်းဝူကျိသာ ပါဝင်ခဲ့လျှင် ဟန်ချန်းယဲ့နှင့်အတူ ရေခဲကန်ထဲတွင် သေဖို့နေနေသာသာ ဟန်ချန်းယဲ့က ကလဲ့စားလာချေဖို့တောင် အခွင့်အရေး ရမည်မဟုတ်ပေ။ ဟန်ချန်းယဲ့၏ အဖေကို နှိမ်နင်းစဉ်ကတည်းက ကျန်းဝူကျိသည် နောင်တွင် ပြဿနာမတက်အောင် ဟန်ချန်းယဲ့ကိုပါ တစ်ခါတည်း အပြတ်ရှင်းလိုက်မည်မှာ သေချာသည်။
ဤကဲ့သို့သော အတားအဆီးမဲ့ပြီး ပြတ်သားလှသော နည်းလမ်းများအပြင် သူ၏ ပြိုင်ဘက်ကင်း သိုင်းပညာကြောင့်ပင် ဂိုဏ်းအသီးသီးမှာ ထိတ်လန့်နေကြရပြီး မည်သူမျှ သူ့အား အနည်းငယ်မျှပင် မစော်ကားရဲခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ရန်ရှောင်နှင့် အခြားသူများက ကျန်းဝူကျိအား အလွန်အမင်း ရိုသေကြသလို အနည်းငယ်လည်း ကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ရန်တိန့်ထျန်းကိုမူ သူတို့ အထင်ကြီးလေးစားရုံသာ ရှိခဲ့ပြီး ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
တစ်နာရီအကြာတွင်... ဂိုဏ်းသားက လာရောက်ပြီး ချန်ခွန်း သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ဦးခေါင်းကို ဖြတ်တောက်ပြီးပြီဖြစ်ကြောင်း အစီရင်ခံသည်။ ကျန်းဝူကျိသည် သေချာစေရန်အတွက် ကိုယ်တိုင်သွားရောက် စစ်ဆေးသည်။ ခေါင်းမပါသော ရုပ်အလောင်းကို မြင်သောအခါ သူ ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး ချန်ခွန်း၏ အလောင်းကို တောင်ကမ်းပါးအောက်သို့ ပစ်ချကာ တောရိုင်းတိရစ္ဆာန် များနှင့် လင်းတများကို ကျွေးလိုက်ရန် မှာကြားလိုက်သည်။ ဤလူယုတ်မာမှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံရရန် မထိုက်တန်ပေ။
ဤအရာအားလုံး ပြီးဆုံးသွားသည့်အခါ ကျန်းဝူကျိလည်း သက်ပြင်းချနိုင်တော့သည်။ ချန်ခွန်းကို ရှင်းလင်းပြီးပြီဖြစ်၍ ကွမ်မင်တောင်ထိပ်မှ ကိစ္စများမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ ကမ္ဘာကြီးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဆောင်ရန်သာ ဖြစ်ပေသည်။ အမှန်စင်စစ် ကမ္ဘာကြီးကို မသိမ်းပိုက်မီ သူ သွားလည်ရမည့် နေရာအချို့ ရှိနေပါသေးသည်။ ဥပမာအားဖြင့် ထောက်ဟွားကျွန်း၊ ချွမ်ကျန်းဂိုဏ်း၊ တာ့လီနိုင်ငံနှင့် ကျုန်းနန်တောင်ပေါ်ရှိ ဂူအောင်းသုသာန် တို့ ဖြစ်သည်။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ထူးကဲသော အလှအပ၊ နတ်သမီးတစ်ပါးကဲ့သို့သော အရှိန်အဝါနှင့် နှိုင်းယှဉ်၍မရသော ကိုယ်လုံးကိုယ်ပေါက်ကို သတိရမိရာ ကျန်းဝူကျိ၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူတို့ မဆုံဖြစ်သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ရာ သူသည် သူမအား တကယ်ပင် လွမ်းဆွတ်မိသည်။ ယခုအခါ အားလပ်ချိန် ရနေပြီဖြစ်သဖြင့် သူမအား သွားတွေ့ခြင်းမှာ မဆိုးလှပေ။ တစ်လက်စတည်း ရန်ကော် ချန်ထားခဲ့သော သိုင်းပညာများ ရှိမရှိကိုလည်း သူ သွားရောက် စစ်ဆေးလိုသေးပေသည်။