အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း (၂၂၃) ကျန်းဝူကျိနှင့် ထျန်းကန်း ပေတုံ အစီအရင်
"မှန်တယ် ဒီလိုမှပေါ့"
ဂိုဏ်းချုပ်ကျန်းသည် အားရပါးရ ရယ်မောလိုက်ပြီးနောက် "ကျွန်တော်က မိန်းကလေးရန်ကို တွေ့ချင်တယ် ခင်ဗျားတို့က ခွင့်မပြုဘူးဆိုတော့လည်း အင်အားချင်းယှဉ်ပြီး အဖြေရှာကြတာပေါ့။ ဒါက ရန်ငြိုးရန်စ ရှိလို့မဟုတ်ပါဘူး။ ဘယ်သူ့လက်သီးက ပိုကြီးသလဲဆိုတာ ယှဉ်ပြိုင်ကြည့်ရုံ သက်သက်ပါပဲ သိုင်းလောကသားတွေအတွက် တိုက်ခိုက်ရတာထက် ရိုးရှင်းတာ ဘာရှိဦးမှာလဲ" ဟု ဆိုလေသည်။
"ဂိုဏ်းချုပ်ကျန်း ပြောတာ မှန်ပါတယ် ဒီလိုပဲ ဖြစ်သင့်တာပေါ့"
ဝမ်ယန်တယ်မင်သည် ကျန်းဝူကျိ၏ တက်ကြွနေသော တိုက်ခိုက်လိုစိတ်ကို မြင်သောအခါ သူ၏အတွင်းစိတ်ထဲ၌ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော စိတ်အားထက်သန်မှုများ ပြန်လည်နိုးထလာတော့သည်။ သူက "ထျန်းကန်း ပေတုံ အစီအရင်" ဟု ဟစ်ကြွေးလိုက်လေသည်။
သူ၏ အသံဆုံးသည်နှင့်တစ်ပြိုင်နက် လူရိပ်အချို့သည် ဝဲဘက်တွင် လေးယောက် ယာဘက်တွင် သုံးယောက်စီဖြင့် နေရာယူကာ ထျန်းကန်း ပေတုံ အစီအရင်ကို ခင်းကျင်းလိုက်ကြ၏။
"ကောင်းတယ်"
ကျန်းဝူကျိသည် ပြုံးလျက် လက်ခုပ်တီးကာ ထိုလူခုနစ်ယောက်၏ အစီအရင်နှင့် ခြေလှမ်းများကို အကဲခတ်နေမိသည်။ သူတို့သည် တိုက်ခိုက်ခြင်း မပြုရသေးသော်လည်း အစီရင်မှာ စနစ်တကျရှိလှပြီး တစ်ဦးချင်းစီ၌လည်း ထူးကဲသော အရှိန်အဝါများနှင့် အားကောင်းသော အတွင်းအားများ ရှိနေကြသည်မှာ သိသာလှပေသည်။
ကျန်းဝူကျိသည် ဤအစီအရင်၏ သဘောတရားကို နားမလည်သော်လည်း အင်အားဖြင့်သာ အရာရာကို ချေဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးကာ လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။ ထိုလက်ဝါးရိုက်ချက်မှာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ 'လုရွှင်ပင်းကျိ' ဖြစ်ပြီး ပျော့ပြောင်းမှုနဲ့ မာကျောမှု နှစ်မျိုးစလုံး ပေါင်းစပ်ထား၏။ ဤရိုက်ချက်မှာ ပြင်းထန်ခြင်းမရှိဘဲ စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံသူများသည် လူရိပ်များ ဝေ့ဝဲကာ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်ကြပြီးနောက် ထျန်းကန်း ပေတုံ အစီအရင် မပျက်စေရန် စနစ်တကျ ပြန်လည်နေရာယူလိုက်ကြလေသည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ"
ကျန်းဝူကျိသည် သဘောကျစွာဖြင့် တဟားဟား ရယ်မောလိုက်၏။
"စော်ကားမိရင် ခွင့်လွှတ်ပါ"
ဝမ်ယန်တယ်မင်က အော်ဟစ်လိုက်ပြီးနောက် ပထမဆုံး ဓားကို ဆွဲထုတ်လိုက်လေသည်။ သူနှင့်အတူ ကျင့်ကြံသူ လေးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသလို ချင်းကျင်ကျီနှင့် ကျန်ရှိသူများကလည်း နောက်ကွယ်မှနေ၍ ဓားများကို ကျန်းဝူကျိထံသို့ အရှိန်အဟုန်ဖြင့် ထိုးနှက်လာကြတော့သည်။
နှစ်ဖက်စလုံး၏ ပေါင်းစပ်ညှိနှိုင်းမှုမှာ အလွန်ပင် ကောင်းမွန်လှပြီး ဓားသွားခုနစ်စင်း ရှစ်စင်းခန့်က ကျန်းဝူကျိကို ဝိုင်းရံထားသဖြင့် လွတ်မြောက်ရန် လမ်းမရှိသလောက်ပင် ဖြစ်နေချေသည်။
ကျန်းဝူကျိသည် ထိုခုနစ်ဦး၏ ကျွမ်းကျင်လှသော ဓားသိုင်းညှိနှိုင်းမှုကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးနောက် ခြေထောက်ကို ခပ်ဖွဖွဆောင့်ကာ အမြင့်သို့ ပျံတက်လိုက်လေသည်။ သူ၏ လျင်မြန်လှသော အရှိန်ကြောင့် ဝမ်ယန်တယ်မင်နှင့် တပည့်များမှာ အံ့အားသင့်သွားကြရပြီး ဓားချက်များအားလုံး လွဲချော်ကုန်တော့သည်။
"တိမ်လွှာလှေကား "
ဝမ်ယန်တယ်မင်က ချီးကျူးလိုက်မိ၏။ ဤပညာမှာ ဝူတန်ဂိုဏ်း၏ ထိပ်တန်းကိုယ်ဖော့ပညာဖြစ်သော 'တိမ်လွှာလှေကား' ဖြစ်မှန်း သူ ချက်ချင်းသိလိုက်သည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်လိုစိတ်မှာ လျော့ပါးမသွားဘဲ ဓားများကို ဝေ့ယမ်းကာ ကျန်းဝူကျိကို ထပ်မံတိုက်ခိုက်ကြပြန်သည်။
ကျန်းဝူကျိသည် ထျန်းကန်း ပေတုံ အစီအရင်၏ စွမ်းဆောင်ရည်ကို သိလိုသဖြင့် ချက်ချင်း တုံ့ပြန်ခြင်း မပြုသေးဘဲ ကိုယ်ဖော့ပညာကို အသုံးပြုကာ ရှောင်တိမ်းနေလေသည်။ တစ်ခါတစ်ရံ အကျပ်အတည်းနှင့် ကြုံရပါက စကြဝဠာ ရွှေ့ပြောင်းခြင်း ပညာဖြင့် ဓားချက်များကို လမ်းကြောင်းလွှဲလိုက်ရာ ဓားသွားများမှာ အရပ်မျက်နှာ အနှံ့သို့ ရောက်ရှိသွားကြတော့သည်။
အစပိုင်းတွင် သူတို့သည် ကျန်းဝူကျိ၏ စကြဝဠာ ရွှေ့ပြောင်းခြင်း ပညာကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြရသည်။ ဝမ်ယန်တယ်မင်ဆိုလျှင် "ဒီကောင် ချင်းကျင်ကျီက ဘာလို့ ငါ့ကို လာတိုက်နေတာလဲ" ဟုပင် တွေးလိုက်မိသေးသည်။ သို့သော် ကျန်းဝူကျိ၏ လက်ဝါးက အသာအယာ လှည့်လိုက်သည်နှင့် ချင်းကျင်ကျီ၏ ဓားမှာ ထိန်းချုပ်မရဘဲ ဖြစ်သွားသည်ကို မြင်ရသောအခါမှ ကျန်းဝူကျိ၏ ထူးခြားလှသော အတွင်းအားကြောင့် ဖြစ်ကြောင်း နားလည်သွားတော့သည်။
ဒါက ဝမ်ယန်တယ်မင်နှင့် အပေါင်းအပါများကို အခက်တွေ့စေသည်။ ကျန်းဝူကျိ၏ ထူးကဲသော ကိုယ်ဖော့ပညာနှင့် ဆန်းပြားလှသော အတွင်းအားအောက်တွင် သူတို့မှာ တိုက်စစ်ဆင်ရန်ရော ခုခံရန်ပါ ခက်ခဲနေတော့သည်။ မူလက လူခုနစ်ယောက်၏ အင်အားဖြင့်ဆိုလျှင် ဤမျှအထိ ဆော့ကစားခံရမည် မဟုတ်သော်လည်း ကျန်းဝူကျိ၏ အတွင်းအားမှာ သူတို့ထက် များစွာ သာလွန်နေပေရာ ပထမတန်းစား သိုင်းသမား ခုနစ်ယောက်စလုံးမှာ ကျန်းဝူကျိ၏ အလိုကျသာ လိုက်ပါနေရတော့သည်။
အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း မအောင်မြင်သဖြင့် ချင်းကျင်ကျီက "ကျန်းဝူကျိ ခင်ဗျားမှာ သတ္တိရှိရင် ဒီလို မိစ္ဆာဆန်တဲ့ အတွင်းအားတွေကို မသုံးနဲ့လေ" ဟု အော်ပြောလိုက်၏။
ဤစကားမှာ အလွန်ပင် ကလေးဆန်လှပေသည်။ အတွင်းအားဆိုသည်မှာ အဆင့်အတန်းဖြင့်သာ ဆုံးဖြတ်ရသည် မဟုတ်ပါလား။ အတွင်းအားသာလွန်နေသရွေ့ အခြားသူများက အညံ့ခံရမည်သာ ဖြစ်သည်။ သိုင်းလောကတွင် နေရာရဖို့ဆိုသည်မှာ အားကောင်းသော အတွင်းအားရှိရန်သာ လိုအပ်ပြီး ချင်းကျင်ကျီ ပြောသကဲ့သို့ မိမိထက် သာလွန်သော အတွင်းအားကို မသုံးရန် တားမြစ်ခြင်းမျိုး မရှိခဲ့ဖူးပေ။
ဝမ်ယန်တယ်မင်မှာလည်း သူ၏ ထုံအလှသော ဂိုဏ်းတူညီငယ်ကြောင့် မျက်နှာကိုပင် လက်ဖြင့် အသာအုပ်ထားချင်စိတ် ပေါက်သွားရလေသည်။
"ကောင်းပြီလေ"
လူတိုင်းကို အံ့အားသင့်စေသည်မှာ ကျန်းဝူကျိက ခေါင်းညိတ်လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ 'ကျန့်ကျင်းပိုင်လီ' ကို အသုံးပြု၍ ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ထိုလက်ဝါးရိုက်ချက်မှာ ချင်းကျင်ကျီထံသို့ တိုက်ရိုက် ဦးတည်နေ၏။ အစီရင် ပြောင်းလဲသွားချိန်တွင် ကျန်းဝူကျိသည် မြောက်ကြယ်၏ နေရာကို သိမ်းပိုက်လိုက်ပြီး လက်ဝါးဖြင့် နှစ်ချက်ဆင့် ရိုက်လိုက်ရာ ခုနစ်ယောက်စလုံး၏ ထျန်းကန်း ပေတုံ အစီအရင်မှာ ချက်ချင်း ပျက်စီးသွားတော့သည်။
ဝမ်ယန်တယ်မင်နှင့် ကျန်သူများမှာ အလွန်ပင် ထိတ်လန့်သွားကြပြီး "ကျန်းဝူကျိက ထျန်းကန်း ပေတုံ အစီအရင်အကြောင်းကို ဘယ်လိုများ ဒီလောက်နှံ့စပ်နေရတာလဲ သူက မြောက်ကြယ်နေရာကို ယူပြီး အစီရင်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လား" ဟု တွေးနေကြတော့သည်။
အမှန်စင်စစ်တွင် ကျန်းဝူကျိသည် အရာရာကို ကြိုတင်သိမြင်နေသူ ဖြစ်သဖြင့် ထျန်းကန်း ပေတုံ အစီအရင်အကြောင်းကိုလည်း အထိုက်အလျောက် သိရှိထားပြီးသား ဖြစ်သည်။
မူလဝတ္ထုထဲတွင် ကော်ကျန့်သည် မြောက်ကြယ်နေရာကို သိမ်းပိုက်ခြင်းဖြင့် ထျန်းကန်း ပေတုံ အစီအရင်ကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြထားဖူးပေသည်။ ကျန်းဝူကျိသည် အစပိုင်းတွင် ဤအစီအရင်၏ နက်နဲမှုကို အပြည့်အဝ သဘောမပေါက်သေးသော်လည်း တိုက်ကွက်များစွာကို ယှဉ်ပြိုင်ကြည့်ပြီးနောက်တွင် မြောက်ကြယ်၏ တည်နေရာကို သိမြင်သွားကာ တစ်ချက်တည်းဖြင့် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ ဝမ်ယန်တယ်မင်နှင့် အပေါင်းအပါများမှာ ကျန်းဝူကျိ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေကြရတော့သည်။
အဓိကအချက်မှာ သူတို့၏ အတွင်းအား မလုံလောက်ခြင်း သို့မဟုတ် ကျန်းဝူကျိက အလွန်အမင်း အစွမ်းထက်နေခြင်းကြောင့် ဖြစ်၏။ အကယ်၍ သူတို့သာ သာမန် ပထမတန်းစား သိုင်းသမားများ ဖြစ်ပါက မြောက်ကြယ်နေရာကို သိမ်းပိုက်ရန် မလွယ်ကူသော်လည်း ကျန်းဝူကျိ၏ နဂါးနိုင်လက်ဝါးကို မည်သူက ခုခံနိုင်ပါမည်နည်း။
သို့သော်လည်း သူတို့သည် ပထမတန်းစား သိုင်းသမားများ ဖြစ်ကြသည့်အတိုင်း သူတို့၏ သိုင်းကွက်များမှာ ပြိုင်စံရှားလှပေသည်။ ဝမ်ယန်တယ်မင်က "အစီအရင် ပြောင်းလဲစေ" ဟု အမိန့်ပေးလိုက်ပြန်သည်။
လူရိပ်ခုနစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားပြီး ကျန်းဝူကျိ၏ အာရုံကို နှောက်ယှက်ရန် ဝဲပျံတိုက်ခိုက်ကြတော့သည်။ ဝမ်ယန်တယ်မင် ချင်းကျင်ကျီနှင့် ကျန်သူများသည် ကျန်းဝူကျိထံသို့ တည့်တည့်တိုးဝင်လိုက် ပြန်လည် ဆုတ်ခွာလိုက်ဖြင့် မျက်စိလည်မတတ် ကစားနေကြလေသည်။
သို့သော်လည်း ကျန်းဝူကျိက ထိုအစီအရင်၏ လျှို့ဝှက်ချက်ကို မြင်နေပြီးသား ဖြစ်သည်။ သူတို့ ခုနစ်ယောက်လုံး ပရမ်းပတာ လှုပ်ရှားနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ထျန်းကန်း ပေတုံ အစီအရင်၏ အမြင့်ဆုံး အတွင်းအားသဘောတရားအတိုင်း လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ကျန်းဝူကျိက အကဲခတ်နေပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးကာ မြောက်ဘက်တိုက်စစ်နေရာကို ဝင်ယူလိုက်၏။ ထိုအခါ ချင်းကျင်ကျီနှင့် ကျန်သုံးဦးမှာ ကျန်းဝူကျိထံသို့ ကျောပေးထားသကဲ့သို့ ဖြစ်သွားတော့သည်။ ဝမ်ယန်တယ်မင်တို့မှာ "မကောင်းတော့ဘူး" ဟု တွေးကာ သူ့ကို တားဆီးရန် ကြိုးစားကြသော်လည်း ကျန်းဝူကျိက တောင်ဘက်တိုက်စစ်နေရာသို့ တစ်ဖန် ကူးပြောင်းသွားပြန်သဖြင့် သူတို့မှာ ရှေ့ရောနောက်ပါ အတိုက်ခံနေရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ကျန်းဝူကျိကဲ့သို့သော သိုင်းအကျော်အမော်တစ်ဦးနှင့် ရင်ဆိုင်နေရချိန်တွင် ချွမ်ကျန်းဂိုဏ်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြသော ဝမ်ယန်တယ်မင်တို့မှာ အလွန်ပင် စိတ်ဖိစီးနေကြရသည်။ သိုင်းပညာရှင်ချင်း တိုက်ခိုက်ရာတွင် အမှားအယွင်း အနည်းငယ်ကြောင့်ပင် အကုန်ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းဝူကျိ၏ တိုက်ကွက်များအောက်တွင် သူတို့မှာ အစီအရင်ကိုသာ အသည်းအသန် ပြောင်းလဲနေကြရတော့သည်။
အကြိမ်ပေါင်းများစွာ လဲလှယ်တိုက်ခိုက်ပြီးနောက်တွင် ကျန်းဝူကျိက လန်းဆန်းနေဆဲ ဖြစ်သော်လည်း ဝမ်ယန်တယ်မင်တို့မှာမူ မူးနောက်နေကြပြီ ဖြစ်သည်။
သူတို့၏ အတွင်းအားမှာ ကျန်းဝူကျိကို မယှဉ်နိုင်ပေ။ ဆက်တိုက်ဆိုသလို အစီရင် ပြောင်းလဲနေရသဖြင့် သူတို့မှာ ကျန်းဝူကျိ၏ အလိုကျ အဆွဲခံနေရသည့် နွားများသဖွယ် ဖြစ်နေလေသည်။
"ထျန်းကန်း ပေတုံ အစီအရင်က တကယ်ပဲ နက်နဲပါတယ် ဒါပေမဲ့ ခင်ဗျားတို့ကတော့ ဒီအစီအရင်ရဲ့ စွမ်းအားတွေကို အပြည့်အဝ မထုတ်ဖော်နိုင်သေးတာ နှမြောဖို့ကောင်းတယ်"
ကျန်းဝူကျိက ခေါင်းကို အသာအယာ ခါလိုက်၏။ အကယ်၍ ရန်ရှောင်နှင့် ဖန့်ယောင် ကဲ့သို့သော သိုင်းပညာရှင် ခုနစ်ဦးသာ ဤအစီအရင်ကို ခင်းကျင်းမည်ဆိုလျှင် သူပင်လျှင် အနိုင်ရရန် လွယ်ကူမည်မဟုတ်ကြောင်း ကျန်းဝူကျိ သိလိုက်သည်။ သို့သော် ယခု ကျင့်ကြံသူ ခုနစ်ဦးမှာမူ အတွင်းအား မညီမညာ ဖြစ်နေကြသည်။
အင်အားအကောင်းဆုံးဖြစ်သော ဝမ်ယန်တယ်မင်သည် ရန်ရှောင်နှင့် ဖန့်ယောင်တို့ကို ယှဉ်နိုင်စွမ်းရှိပြီး ချင်းကျင်ကျီသည်လည်း အစောင့်အရှောက် ဘုရင်လေးပါး အဆင့်သို့ နီးစပ်နေသော်လည်း ကျန်သူများမှာမူ သိသိသာသာ အားနည်းနေကြသည်။ အားအနည်းဆုံးသူဆိုလျှင် သီလရှင် မြဲ့ကြွယ်သာ သတ်မည်ဆိုပါက တိုက်ကွက်တစ်ဆယ်ပင် ခံနိုင်မည်မဟုတ်ပေ။
သူတို့သည် ပထမတန်းစား သိုင်းသမားများဖြစ်ကြသော်လည်း အတွင်းအား ကွာဟချက်မှာ ကြီးမားလွန်းလှသလို တိုက်ပွဲ အတွေ့အကြုံလည်း နည်းပါးလှသဖြင့် ထျန်းကန်း ပေတုံ အစီအရင်၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ဘဲ ကျန်းဝူကျိကို ရှုံးနိမ့်ကြရတော့မည်သာ ဖြစ်ချေသည်။
အခန်း (၂၂၄) ချွမ်ကျန်းဂိုဏ်းအား ပညာပေးခြင်း
ကျန်းဝူကျိ၏ နှမြောတသဖြစ်မိသည့် စကားများကို ကြားရသောအခါ ဝမ်ယန်တယ်မင်နှင့် ဂိုဏ်းသားများမှာ ရှက်စိတ်နှင့် ဒေါသတို့ ဒွန်တွဲကာ မိမိကိုယ်ကိုယ်ပင် အဆုံးစီရင်လိုစိတ်များ ပေါက်သွားကြရသည်။
အမှန်စင်စစ် သူတို့တစ်ဦးချင်းစီ၏ သိုင်းပညာမှာ သိုင်းလောကတွင် ထိပ်တန်းအဆင့်၌ ရှိကြပေသည်။ သူတို့ခုနစ်ဦး ပေါင်းစပ်ခင်းကျင်းထားသော ထျန်းကန်း ပေတုံ အစီရင်မှာ တိုက်ပွဲအတွေ့အကြုံ နည်းပါးသည်မှအပ အလွန်ပင် အစွမ်းထက်လှရာ ဤလောကတွင် ခုခံနိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
သို့သော်လည်း ယနေ့တွင်မူ သိုင်းပညာ၊ အမြင်နှင့် အတွင်းအား အဘက်ဘက်မှ သာလွန်လွန်းသည့် ကျန်းဝူကျိနှင့် လာရောက်တိုးမိသဖြင့် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိတော့ချေ။
ကျန်းဝူကျိသည် သူ၏ သာလွန်လှသော အတွင်းအားကို အသုံးပြုကာ ထိုခုနစ်ဦးကို နွားအိုကြီးများအား လယ်ထွန်ခိုင်းသကဲ့သို့ စိတ်ကြိုက် ခြယ်လှယ်နေတော့သည်။ သူတို့မှာ မည်သို့မျှ ရုန်းမထွက်နိုင်ဘဲ ကျန်းဝူကျိ၏ အလိုကျသာ လိုက်ပါနေကြရသည်။
ဝမ်ယန်တယ်မင်နှင့် အပေါင်းအပါများသည် မူးနောက်လာကြပြီး ဤအတိုင်းသာ ဆက်သွားပါက မလွဲမသွေ ရှုံးနိမ့်တော့မည်ကို ရိပ်မိလိုက်ကြသည်။ သို့သော်လည်း သူတို့သည် အစီရင်ကို မဖျက်ရဲကြသေးဘဲ အံကြိတ်ကာ တောင့်ခံနေကြရ၏။ အကယ်၍ တစ်ဦးတစ်ယောက်သာ လဲပြိုသွားပါက သို့မဟုတ် အစီရင် ပျက်ပြားသွားပါက ကျန်းဝူကျိကို ယှဉ်နိုင်စွမ်း လုံးဝ ရှိတော့မည်မဟုတ်ပေ။
"ခင်ဗျားတို့ရဲ့ ဇွဲကတော့ အသိအမှတ်ပြုစရာပါပဲ ဒါပေမဲ့ အင်အားချင်းကတော့ အများကြီး ကွာနေတုန်းပဲ"
ကျန်းဝူကျိက ခေါင်းကို ခါယမ်းလိုက်ပြီး "ကဲ တော်ပြီ ပျင်းဖို့ကောင်းလာပြီ ဆက်ကစားမနေတော့ဘူး" ဟု ဆိုလိုက်လေသည်။
ထို့နောက် ကျန်းဝူကျိသည် သူ၏စွမ်းအင်များကို စုစည်းကာ လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။ ထိုလက်ဝါးရိုက်ချက်တွင် ကျားဟိန်းသံနှင့် နဂါးဟောက်သံကဲ့သို့ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများ ပါရှိနေပြီး ၎င်းမှာ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ 'ကျန့်ကျင်းပိုင်လီ' ပင် ဖြစ်သည်။
ဝမ်ယန်တယ်မင်နှင့် ဂိုဏ်းသားများသည် ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ကျန်းဝူကျိသည် စောစောက ထျန်းကန်း ပေတုံ အစီရင်ကို လေ့လာချင်ရုံသက်သက်ကြောင့်သာ တိုက်ခိုက်ခြင်းမပြုခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်မူ အစွမ်းကုန် ထုတ်ဖော်လိုက်ပြီဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
သို့သော်လည်း ကျန်းဝူကျိ၏ အစွမ်းမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့နည်းတူ ကျန်းဝူကျိမှာလည်း အံကြိတ်ကာ တောင့်ခံနေရသည်ဟုသာ မှတ်ထင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုလက်ဝါးရိုက်ချက်သည် ဝမ်ယန်တယ်မင်ထံသို့ တည့်တည့် ဦးတည်လာရာ ချင်းကျင်ကျီနှင့် ကျန်သူများသည် အစီရင်ကို အမြန်ပြောင်းလဲကာ သူတို့၏ အတွင်းအားအားလုံးကို ဝမ်ယန်တယ်မင်ထံသို့ စုစည်းပေးလိုက်ကြသည်။ ဝမ်ယန်တယ်မင်သည် လူခုနစ်ယောက်၏ အတွင်းအားကို စုစည်းကာ ကျန်းဝူကျိ၏ လက်ဝါးချက်ကို ပြန်လည် တုံ့ပြန်လိုက်တော့သည်။
ပြင်းထန်သော အသံကြီးနှင့်အတူ လက်ဝါးနှစ်ခု ထိတွေ့သွားကြသည်။ ကျန်းဝူကျိသည် ကြီးမားသော အင်အားတစ်ခု မိမိထံသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသော်လည်း သူသည် အနည်းငယ်မျှ နောက်ဆုတ်ခြင်းမရှိဘဲ အတွင်းအားကို ထပ်ဆင့်ကာ တွန်းထုတ်လိုက်လေသည်။
ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် နဂါးနိုင်လက်ဝါးတို့ကို ပေါင်းစပ်ထားသည့် ကျန်းဝူကျိကို သူတို့ မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ကျန်းဝူကျိသည် ဖိအားအနည်းငယ်ကိုသာ ခံစားရသော်လည်း ဝမ်ယန်တယ်မင်နှင့် အပေါင်းအပါများမှာမူ ကျန်းဝူကျိ၏ အစွမ်းကုန် ရိုက်ချက်ကို အတင်းအဓမ္မ ခုခံလိုက်ရသဖြင့် အသက်ရှူရ ခက်ခဲသွားကြရသည်။ ဝမ်ယန်တယ်မင်၏ လက်မောင်းမှာလည်း ထုံကျင်သွားကာ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်သွားချေပြီ။
ထိုအချိန်တွင် ကျန်းဝူကျိက ထပ်ဆင့်အတွင်းအားဖြင့် ထိုးနှက်လိုက်ရာ ဝမ်ယန်တယ်မင်နှင့် ဂိုဏ်းသား ခုနစ်ယောက်စလုံးမှာ သွေးများ အန်ထွက်ကာ လွင့်စင်သွားကြတော့သည်။
ထျန်းကန်း ပေတုံ အစီရင်မှာ ပျက်စီးသွားပြီး ခုနစ်ယောက်စလုံး ရှုံးနိမ့်သွားကြရပြီ ဖြစ်သည်။
ကျန်းဝူကျိသည် ထိုးနှက်ရာတွင် အချိန်အဆဖြင့်သာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ချွမ်ကျန်းဂိုဏ်းနှင့် သူသည် ရန်ငြိုးရန်စ မရှိသဖြင့် သတ်ဖြတ်လိုစိတ် မရှိပေ။ ထို့ကြောင့် နောက်ဆုံးရိုက်ချက်တွင် 'နဂါးပျံလွန်ကဲ နောင်တစွဲ' ကို အသုံးပြုကာ အင်အားအများစုကို ထိန်းချုပ်ထားခဲ့သည်။ ဝမ်ယန်တယ်မင်တို့မှာ ကြည့်ရဆိုးနေသော်လည်း ဒဏ်ရာမှာ အလွန်အမင်း ပြင်းထန်ခြင်း မရှိဘဲ ခေတ္တမျှ တိုက်ခိုက်နိုင်စွမ်း မရှိတော့ရုံသာ ဖြစ်သည်။
ကျန်းဝူကျိက ပြုံးလျက် "ဘယ်လိုလဲ အခုတော့ လက်ခံပြီလား ကျွန်တော် ရှေးဟောင်းဂူသင်္ချိုင်းကို သွားတော့မယ် ခင်ဗျားတို့ တားကြဦးမလား" ဟု မေးလိုက်လေသည်။
ဝမ်ယန်တယ်မင်သည် ခံတွင်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး ခါးသီးစွာ ပြုံးလျက် "ကျွန်တော်ကတော့ ထျန်းကန်း ပေတုံ အစီရင်က ဘယ်သူ့ကိုမဆို အနိုင်ရနိုင်မယ် ထင်ထားခဲ့တာ ဒါပေမဲ့ ဒီနေ့တော့ အလွယ်တကူပဲ ရှုံးနိမ့်သွားခဲ့ရပြီ။ တကယ်တော့ ကိုယ့်ထက်သာတဲ့သူ အမြဲရှိနေတာပဲ ချွမ်ကျန်းဂိုဏ်းကတော့ ဒီနေ့ သိက္ခာတွေ အကုန်ကျကုန်ပါပြီ" ဟု ဆိုသည်။
ကျန်းဝူကျိက ခေါင်းကို ခါယမ်းလိုက်ပြီး "သိက္ခာကျစရာ ဘာရှိလို့လဲ ကျွန်တော့်ရဲ့ မင်ဂိုဏ်းလည်း အရင်က ကွမ်မင်တောင်ထိပ်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာ ခံခဲ့ရတာပဲ။ ဒါပေမဲ့ အခု ကျွန်တော်က သိုင်းလောကရဲ့ မဟာမိတ်ခေါင်းဆောင် ဖြစ်နေပြီ မဟုတ်လား။ ယာယီ အနိုင်အရှုံးကိုပဲ ကြည့်နေရင် ခင်ဗျားက ဘယ်လိုလုပ် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နိုင်မှာလဲ" ဟု ပြန်ပြောလိုက်၏။
သို့သော် ဝမ်ယန်တယ်မင်က "နိုင်တာက နိုင်တာပဲ...... ရှုံးတာက ရှုံးတာပါပဲ ပြောနေစရာ မလိုတော့ပါဘူး။ ချွမ်ကျန်းဂိုဏ်းက ဂိုဏ်းချုပ်ကျန်းကို ရှုံးနိမ့်ခဲ့တာမှာ အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူရဲကောင်းကြီးနဲ့ ကတိကဝတ် ထားခဲ့ပြီးသားပါ ချွမ်ကျန်းဂိုဏ်းသားတွေ တစ်စစီ ဖြစ်သွားရင်တောင် ကတိကို ဖျက်ပြီး သစ္စာမဖောက်ရဲပါဘူး" ဟု စိတ်ဓာတ်ပြတ်သားစွာ ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ချွမ်ကျန်းဂိုဏ်းသားအားလုံးမှာ စိတ်ဓာတ်များ တက်ကြွလာကြပြီး သူတို့၏ ဂိုဏ်းချုပ်မှာ ရှုံးနိမ့်ခဲ့သော်လည်း ဂုဏ်သိက္ခာကိုမူ ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်း တွေးမိကာ ဂုဏ်ယူနေကြတော့သည်။ အသက်သာ အသေခံမည် သိက္ခာမူ မအယွင်းခံနိုင် ဆိုသည့် စိတ်ဓာတ်များ ကိန်းအောင်းလာကြ၏။
ကျန်းဝူကျိသည် ဒေါသထွက်ခြင်း မရှိဘဲ သက်ပြင်းချကာ "ခင်ဗျားတို့ရဲ့ သစ္စာရှိမှုကတော့ အားရစရာပါပဲ ဒါပေမဲ့ သိုင်းပညာကတော့ မလုံလောက်သေးဘူး ခင်ဗျားတို့ ခုနစ်ယောက်လုံး ပေါင်းတာတောင် ကျွန်တော့်ကို မနိုင်တာ ဘာများ ဆက်လုပ်နိုင်ဦးမှာလဲ" ဟု မေးလိုက်သည်။
ဝမ်ယန်တယ်မင်၏ မျက်နှာမှာ တည်ကြည်သွားပြီး "ကျွန်တော်တို့ ချွမ်ကျန်းဂိုဏ်းမှာ တပည့်ပေါင်း ရာချီရှိသေးတယ် ဆက်ပြီး တိုက်ခိုက်နိုင်ပါသေးတယ် အကယ်၍ ဂိုဏ်းချုပ်ကျန်းက ရှေးဟောင်းဂူသင်္ချိုင်း ထဲကို အတင်းဝင်သွားမယ်ဆိုရင် ချွမ်ကျန်းဂိုဏ်းသား အားလုံးကို အရင်ဆုံး အနိုင်ယူသွားပါ" ဟု ဆိုလိုက်လေသည်။
ဝမ်ယန်တယ်မင်၏ မူလအစီအစဉ်မှာ အဝါရောင်ဝတ်စုံနှင့် မိန်းကလေး ရောက်လာသည်အထိ စောင့်ဆိုင်းရန် ဖြစ်သော်လည်း ကျန်းဝူကျိကို ရှုံးနိမ့်သွားပြီးနောက်တွင်မူ အရှုံးကို ရင်ဆိုင်ရင်း သေမင်းကို မကြောက်သော သူရဲကောင်းစိတ်ဓာတ်များ နိုးထလာတော့သည်။ သိက္ခာကျမည့်အစား အသက်စွန့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ချွမ်ကျန်းဂိုဏ်းသည် ကျန်းဝူကျိကို ကြောက်ရွံ့သဖြင့် သူရဲကောင်းကြီးနှင့် ထားရှိခဲ့သော ကတိကဝတ်ကို ဖျက်ဆီးသည်ဟု သိုင်းလောကက သိသွားပါက သူတို့မှာ လှောင်ပြောင်ခြင်း ခံရပေလိမ့်မည်။ သိုင်းလောကသားများအတွက် အသေခံရခြင်းထက် သိက္ခာကျခြင်းကို ပို၍ ကြောက်ရွံ့ကြပေသည်။
သူတို့သည် မွန်ဂိုအစိုးရထံ အညံ့ခံခဲ့ခြင်းကြောင့် သိုင်းလောကတွင် အနှိမ်ခံနေရပြီးသား ဖြစ်ရာ ယခုတစ်ကြိမ်တွင်ပါ သိက္ခာကျပါက ဆက်လက် ရှင်သန်နေထိုင်ရန် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
ဤစိတ်ဓာတ်မှာ ဝမ်ယန်တယ်မင် တစ်ဦးတည်း၌သာမက ချွမ်ကျန်းဂိုဏ်းသား အားလုံးထံသို့ ကူးစက်သွားတော့သည်။ ဂိုဏ်းသားအားလုံးသည် ဓားများကို ဆွဲထုတ်ကာ "ဘယ်တော့မှ နောက်မဆုတ်ဘူး" ဟု တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြလေသည်။
ကျန်းဝူကျိမှာမူ ထိုသူများကို ကြည့်ကာ အံ့အားသင့်သွားရသည်။ "ဘယ်တော့မှ နောက်မဆုတ်ဘူး" ဟု ဟစ်ကြွေးနေကြသည်မှာ စစ်မြေပြင်သို့ ရောက်နေသည်ဟု မှတ်ထင်နေကြပုံရသည်။
သူက "ခင်ဗျားတို့က တကယ်ပဲ ဒီလိုလုပ်ကြမှာလား ကျွန်တော်က မိန်းကလေးရန်နဲ့ ကတိရှိထားပြီးသားလို့ ပြောခဲ့ပြီးပြီပဲ ခင်ဗျားတို့က ဘာလို့ ဒီလောက် ခေါင်းမာနေကြတာလဲ" ဟု မေးလိုက်၏။
သို့သော်လည်း ချွမ်ကျန်းဂိုဏ်းသားများမှာ ဒေါသနှင့် ဝမ်းနည်းမှုတို့ လွှမ်းမိုးနေကြပြီ ဖြစ်သည်။ တစ်ဦးတည်းကို ခုနစ်ဦးနှင့် တိုက်ခိုက်သော်လည်း ရှုံးနိမ့်ခဲ့ရခြင်းမှာ ချွမ်ကျန်းဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သဖြင့် သူတို့သည် အညံ့မခံဘဲ အသက်စွန့်ရန် ပြင်ဆင်ထားကြပြီ ဖြစ်သည်။
"ဘယ်တော့မှ နောက်မဆုတ်ဘူး"
ချွမ်ကျန်းဂိုဏ်းသားများသည် တစ်ဖန် ဟစ်ကြွေးလိုက်ကြပြီး ကျန်းဝူကျိကို အသေအကြေတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ကျန်းဝူကျိသည် ထိုလူမိုက်များကို ကြည့်ကာ ရယ်ချင်စိတ် ပေါက်သွားပြီး "ကောင်းပြီလေ ခင်ဗျားတို့ ကျင့်ကြံသူတွေ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့" ဟု ဆိုကာ ရှေ့သို့ တိုးဝင်သွားလေသည်။ သူသည် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထဲမှ 'နဂါးပျံလွန်ကဲ နောင်တစွဲ' ကို အသုံးပြု၍ လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်၏။
ရှေ့ဆုံးမှ ချွမ်ကျန်းဂိုဏ်းသား ဆယ်ဦးခန့်မှာ ကျန်းဝူကျိ၏ ပြင်းထန်သော လက်ဝါးလေအဟုန်ကြောင့် သွေးများ အန်ကာ လွင့်စင်သွားကြတော့သည်။
ကျန်ရှိသော တပည့်များသည် ထိတ်လန့်သွားကြသော်လည်း "ကြောက်ရင် ကြောက်မယ် ဒါပေမဲ့ နောက်မဆုတ်ဘူး" ဆိုသည့် ပုံစံဖြင့် ဆက်လက် တိုက်ခိုက်လာကြသည်။
ကျန်းဝူကျိမှာမူ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏ အနှိုင်းမဲ့ အတွင်းအားကို အသုံးပြုကာ လက်ဝါးချက်များဖြင့် ရိုက်နှက်လိုက်ရာ ချွမ်ကျန်းဂိုဏ်းသားများမှာ တုတ်ဖြင့် အရိုက်ခံရသော မြက်ပင်များသဖွယ် လွင့်ထွက်သွားကြတော့သည်။ လက်ဝါးတစ်ချက် ရိုက်လိုက်တိုင်း လူဆယ်ယောက်ခန့် လွင့်စင်သွား၏။
ထိုသို့ တိုက်ခိုက်ရာတွင်လည်း ကျန်းဝူကျိသည် အချိန်အဆဖြင့်သာ လုပ်ဆောင်ခဲ့သည်။ ထိုသူများသည် ဒဏ်ရာ အနည်းနှင့်အများ ရရှိသွားကြသော်လည်း တစ်ဦးမျှ သေဆုံးခြင်း မရှိပေ။
ကျန်းဝူကျိသည် အဝါရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်နှာကို ထောက်ထားသောကြောင့် ဖြစ်သည်။ ချွမ်ကျန်းဂိုဏ်းနှင့် ဂူဗိမာန်မှာ ယခုအခါ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးနေသည့် အခြေအနေမျိုး ဖြစ်နေသဖြင့် သူသာ ချွမ်ကျန်းဂိုဏ်းသားများကို သတ်ဖြတ်လိုက်ပါက မိန်းကလေးရန်နှင့် ရန်သူ ဖြစ်သွားနိုင်ပေသည်။
မိမိ၏ မိန်းကလေးကို လေးစားသော ယောက်ျားကောင်း တစ်ယောက်အနေဖြင့် ကျန်းဝူကျိသည် လက်ကို လျှော့ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချွမ်ကျန်းဂိုဏ်းသားများမှာ သူ့ကို အရှုံးပေးသွားကြမည် ဖြစ်သလို၊ မည်သူမျှ သေဆုံးခြင်းမရှိသဖြင့် ရန်ငြိုးရန်စလည်း ဖြစ်လာမည်မဟုတ်ချေ။