အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း (၂၃၁) တစ်ခန်းတည်း အတူနေထိုင်ခြင်း
"ယောင်ချင်းကတော့ ကျွန်တော့် အပေါ် အကောင်းဆုံးပါပဲ။ နောက်ကျရင် ကျွန်တော်သိသမျှ အတတ်ပညာအားလုံးကို မမကို အကုန်သင်ပေးမယ်"
ကျန်းဝူကျိသည် အားနာနာဖြင့် ငြင်းဆန်ခြင်းမပြုဘဲ ရန်ယောင်ချင်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ နုနယ်ချောမွတ်သော အထိအတွေ့သည် ကျောက်စိမ်းကဲ့သို့ အေးမြနေသော်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။ သူသည် ရန်ယောင်ချင်း ဦးဆောင်ရာနောက်သို့ လိုက်ပါရင်း လက်ကလေးကို ဖွဖွလေး ညှစ်ကြည့်ကာ ထိုနုညံ့မှုကို ခံစားရင်း အလွန်ကျေနပ်နေမိသည်။ ရန်ယောင်ချင်းသည်လည်း ကျန်းဝူကျိ၏ အပြုအမူကို သိရှိသော်လည်း မသိကျိုးကျွံပြုနေလိုက်သည်။
ဤသည်မှာ နှစ်သက်သဘောကျမှုရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ အနည်းငယ် အသားယူခြင်းကို သူမက အရေးမစိုက်ပေ။ အကယ်၍ အခြားသူသာ ဖြစ်ပါက သူမ၏ လက်ဝါးချက်ဖြင့် ရိုက်ထုတ်ခံရသည်မှာ ကြာပေပြီ။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကျန်းဝူကျိသည် ပတ်ဝန်းကျင်နှင့် အသားကျလာသည်။ ပတ်ဝန်းကျင်ရှိ အလင်းဖျော့ဖျော့ကို ကြည့်ရှုရင်း သူက ဆိုသည်။
"ယောင်ချင်း၊ မမရဲ့ အသားအရေက ဘာလို့ ဒီလောက်ဖြူဝင်းနေတာလဲဆိုတာ မဆန်းတော့ဘူး။ နေရောင်မရတဲ့ ဒီလိုနေရာမျိုးမှာ တစ်နေကုန် အချိန်ကုန်ဆုံးနေရတော့ ဖြူနေတာ အဆန်းမှမဟုတ်တာပဲ"
ရန်ယောင်ချင်းက အသာအယာ ပြုံးလိုက်ပြီး ပြန်လည်ပြောဆိုသည်။
"ဒီနေရာက ရှေးဟောင်းဂူသင်္ချိုင်းလေ။ တစ္ဆေတွေ ရှိနေတာ သဘာဝပဲ မဟုတ်လား။ နာမည်ကျော် သိုင်းလောက မဟာမိတ်ခေါင်းဆောင်ကြီး၊ လောကမှာ နံပါတ်တစ် သူရဲကောင်းကြီးက တစ္ဆေကြောက်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
ကျန်းဝူကျိသည် နောက်ပြောင်လိုစိတ်များ ပေါ်ပေါက်လာပြီး ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် တကယ်ကြောက်တာ"
"မယုံပါဘူး"
ရန်ယောင်ချင်းသည် နှင်းဆီပန်းလေး ပွင့်လန်းလာသကဲ့သို့ တခိခိ ရယ်မောလိုက်ရာ အခြားသော ပန်းအပေါင်းတို့ပင် အရှုံးပေးရမတတ် လှပလွန်းလှသည်။ ထိုမြင်ကွင်းကြောင့် ကျန်းဝူကျိမှာ ခဏတာ မှင်သက်သွားပြီး ရန်ယောင်ချင်းအပေါ် ထားရှိသည့် ရမ္မက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
စကားတပြောပြောနှင့် လျှောက်လာကြရင်း ဂူအခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာကြသည်။ ထိုအခန်းထဲတွင် ရိုးရှင်းသော ကျောက်ကုတင်၊ ကျောက်စားပွဲငယ်နှင့် ကျောက်ထိုင်ခုံတို့မှလွဲ၍ အခြား ဘာမျှမရှိပေ။
ရန်ယောင်ချင်းက "အခု ညနေစောင်းပြီဆိုတော့ ဒီည ဒီမှာပဲ အိပ်လိုက်ပါ၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့" ဟု ဆိုကာ လှည့်ထွက်သွားရန် ပြင်သည်။
"ဟေ့.... ဟေ့ ယောင်ချင်း၊ မမ အဲဒီလို လုပ်လို့မရဘူးလေ"
ကျန်းဝူကျိသည် ချက်ချင်းပင် တံခါးဝသို့ ရောက်သွားပြီး ရန်ယောင်ချင်းကို တားဆီးလိုက်သည်။ ရန်ယောင်ချင်းက ပြုံးချင်စိတ်ကို အောင့်ထားရင်း “ဘာဖြစ်လို့လဲ” ဟု မေးမြန်းသည်။ ကျန်းဝူကျိက မျက်နှာငယ်လေးဖြင့် ဆိုသည်။
"ကျွန်တော့်ကို ဘာလို့ ဒီမှာ တစ်ယောက်တည်း ထားခဲ့တာလဲ။ ဒီရှေးဟောင်းဂူသင်္ချိုင်းက အခန်းတွေလည်း အများကြီး၊ လမ်းတွေကလည်း ရှုပ်ထွေးလွန်းတော့ ကျွန်တော် တကယ် မျက်စိလည်နေတာ။ ဒီမှာကလည်း ဘာမှမရှိဘူး။ မမက ကျွန်တော့်ကို ဒီမှာ တကယ်ကြီး ထားပစ်ခဲ့တော့မှာလား"
ရန်ယောင်ချင်းသည် မျက်နှာသေလေးဖြင့်ပင် ပြန်ပြောသည်။
"မနက်ဖြန်ကျရင် လိုအပ်တဲ့ ပစ္စည်းတွေ လာပို့ပေးပါ့မယ်။ ကျွန်မစကား နားထောင်ပြီး လာရှာတဲ့အတွက် ရှင့်ကို ကျွန်မနှင်မထုတ်ပါဘူး။ ဒီမှာ ရက်အနည်းငယ်လောက် နေလို့ရပါတယ်"
သူမသည် မူနေခြင်းသာ ဖြစ်ကြောင်း ကျန်းဝူကျိ ရိပ်မိလိုက်သည်။ စောစောကမှ ရှက်သွေးဖြာနေပြီး အခုကျမှ ဟန်ဆောင်နေသည်မှာ အမြင်ကတ်စရာ ကောင်းလှသော်လည်း နားလည်ပေး၍ ရပေသည်။ မိန်းကလေးဆိုသည်မှာ သိက္ခာကို ငဲ့ရသည် မဟုတ်လား။ သူမ၏ စိတ်နေစိတ်ထားက တည်ငြိမ်သော်လည်း လူသားတစ်ယောက် ဖြစ်သည့်အတွက် စိတ်ခံစားချက်နှင့် ဆန္ဒများ ရှိနေမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းဝူကျိကပင် စတင်လှုပ်ရှားရတော့မည်။
ကျန်းဝူကျိသည် ချက်ချင်းပင် မျက်နှာညှိုးငယ်စွာဖြင့် "ယောင်ချင်း၊ မမလည်း ကျွန်တော့် အကြောင်း သိသားပဲ။ ကျွန်တော် တစ္ဆေကြောက်တယ်လို့ ပြောပြီးပြီလေ။ ဒါက ရှေးဟောင်းဂူသင်္ချိုင်းကြီးလေ။ မမသာ ကျွန်တော့်ဘေးမှာ မရှိရင် ကျွန်တော် တစ်ယောက်တည်း ဘယ်လိုနေရဲပါ့မလဲ" ဟု ဆိုသည်။
ရန်ယောင်ချင်းက သူ့ကို တစ်ချက်ကြည့်ကာ "ဒါဆို ရှင်က ဘာဖြစ်ချင်တာလဲ" ဟု မေးသည်။
ကျန်းဝူကျိက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရယ်ကျဲကျဲဖြင့် ပြန်ပြောသည်။
"လွယ်လွယ်လေးပါ။ ကျွန်တော် ငယ်ငယ်က လူသူကင်းမဲ့တဲ့ ရေခဲမီးကျွန်းမှာ နေခဲ့ရတာ။ အဲဒီတုန်းက တစ္ဆေကြောက်ရင် အမေက ကျွန်တော့်ကို ပွေ့ဖက်ပြီး အိပ်ပေးတာလေ။ အခုလည်း ယောင်ချင်း မမက အဲဒီလိုပဲ ကျွန်တော့်ကို ပွေ့ဖက်ပြီး အိပ်ပေးပါလား။ မမရဲ့ ရင်ခွင်ထဲမှာ ကျွန်တ်ော့ခေါင်းလေး ဝှက်ထားရင် ကျွန်တော် မကြောက်တော့ဘူး"
"အို.... ရှင် ဒါမျိုးကို ဘယ်လိုများ ပြောထွက်ရတာလဲ"
ရန်ယောင်ချင်းသည် ရှက်ကိုးရှက်ကန်းဖြင့် "ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မ မသိဘူး မထင်နဲ့" ဟု ဆိုသည်။
အမှန်စင်စစ် ရန်ယောင်ချင်းသည် ကျန်းဝူကျိကို သူမ၏ အခန်းတွင် လာအိပ်ရန် သူမကိုယ်တိုင် မပြောရဲပေ။ ထို့ပြင် ကျန်းဝူကျိကိုလည်း နောက်ပြောင်ချင်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ ဤအခန်းတွင် အိပ်ခိုင်းခြင်း ဖြစ်သည်။ သို့သော် ကျန်းဝူကျိက သူမ ထင်ထားသည်ထက် ပို၍ ပွင့်လင်းလွန်းနေသည်။ ရင်ခွင်ထဲ ခေါင်းဝှက်အိပ်မည်ဟူသော စကားမှာ တကယ် ကြောက်လို့ ပြောခြင်းလော သို့မဟုတ် အခွင့်အရေး ယူခြင်းလော ဆိုသည်မှာ သိသာလှသည်။
ရန်ယောင်ချင်း၏ တည်ငြိမ်သော စိတ်နှလုံးသည်ပင် ကျန်းဝူကျိ၏ စကားအနည်းငယ်ကြောင့် လှုပ်ခတ်သွားရသည်။ သူမ တစ်ယောက်တည်း ရှိနေစဉ်က စိတ်လှုပ်ရှားမှုများ မရှိခဲ့သော်လည်း ကျန်းဝူကျိနှင့် ရှိနေချိန်တွင်မူ တစ်ခါတစ်ရံ စိတ်ဆိုးရသည်၊ တစ်ခါတစ်ရံ ပျော်ရွှင်ရသည်၊ တစ်ခါတစ်ရံ စိတ်ကောက်ရသည်နှင့် သူမ၏ ခံစားချက်များက ပို၍ စုံလင်လာရပေသည်။
ကျန်းဝူကျိကမူ အပြစ်ကင်းစင်သည့် ဟန်ဖြင့် "ဒါက အထင်လွဲတာပါ။ ကျွန်တော့်လို ကလေးတစ်ယောက်မှာ ဘာမကောင်းတဲ့ စိတ် ရှိမှာလဲ။ ကျွန်တော် တကယ် ကြောက်လို့ပါ" ဟု ဆိုသည်။
ရန်ယောင်ချင်းက နှာခေါင်းရှုံ့ကာ "ရှင်က ကလေးလား" ဟု ပြန်မေးသည်။
ကျန်းဝူကျိက အတည်အပေါက်ဖြင့် "ကလေးပေါ့.... မမထက် အနည်းဆုံး ငါးနှစ် ခြောက်နှစ်လောက် ငယ်တာပဲ။ ကလေး မဟုတ်လို့ ဘာလဲ" ဟု ဆိုလိုက်သည်။
အမျိုးသမီးတစ်ဦး၏ ရှေ့တွင် အသက်အကြောင်း ပြောဆိုခြင်းသည် အန္တရာယ်ရှိသော ကိစ္စဖြစ်ကြောင်း အချက်အလက်များက သက်သေပြနေသည်။ ကျန်းဝူကျိ ထိုသို့ ပြောလိုက်သည်နှင့် ရန်ယောင်ချင်း၏ မျက်နှာမှာ ချက်ချင်းပင် မသာမယာ ဖြစ်သွားသည်။ ထိုအပြောင်းအလဲကို ကျန်းဝူကျိ ရိပ်မိသွားပြီး ချက်ချင်းပင် စကားပြန်ပြင်လိုက်သည်။
"ဒါကြောင့် မမရှေ့မှာဆို ကျွန်တော်က ကလေးလေးပါပဲ။ ကျွန်တော်က အစ်မကြီးတွေကို အချစ်ဆုံးလေ။ အဲဒါကြောင့် မမကို ကျွန်တော်က အချစ်ဆုံးပေါ့"
"စကားတတ်လွန်းတယ်"
ရန်ယောင်ချင်း၏ မျက်နှာမှာ ပြန်လည် ဝင်းပလာပြီး စိတ်ဆိုးခြင်း မရှိတော့ပေ။ ကျန်းဝူကျိကလည်း "စကားတတ်တာ မဟုတ်ပါဘူး။ ကျွန်တော်ပြောတာ ဘာများမှားလို့လဲ ။ အဲ့လိုမဟုတ်ဘူးဆိုရင် ကျွန်တော် ဘာတွေးနေလဲဆိုတာ မမပဲ ပြောပြလေ" ဟု ဆိုသည်။
ရန်ယောင်ချင်းသည် သူ့ကို စိုက်ကြည့်သော်လည်း ထိုစကားကို ထုတ်မပြောရဲဘဲ "ရှင် တွေးနေတာတွေက တောင်အောက်က လူရှုပ်လူပွေတွေ တွေးသလိုမျိုးပဲ။ အမှန်အတိုင်း ပြောအောင် အရိုက်ခံရဖို့ ကောင်းတယ်" ဟု သာ ဆိုလိုက်သည်။
ကျန်းဝူကျိက ခေါင်းညိတ်လက်ခံကာ "ဟုတ်တယ်၊ ကျွန်တော်လည်း အရိုက်ခံရဖို့ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမဲ့ ယောင်ချင်း၊ မမလည်း အရိုက်ခံရဖို့ ကောင်းတာပဲ" ဟု ပြန်ပြောသည်။
ရန်ယောင်ချင်းက နားမလည်နိုင်သဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးသည်။
ကျန်းဝူကျိက ရယ်မောရင်း "ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းရဲ့ စည်းမျဉ်းကို မမေ့နဲ့လေ။ မမ ကျွန်တော့်ကို ဒီမှာ လာခွင့်ပေးကတည်းက ကျွန်တော်က မမရဲ့ ခင်ပွန်းပဲ။ ကိုယ့်ခင်ပွန်းကို ဒီလောက် ရက်ရက်စက်စက် ပြောရက်တယ်ဆိုတော့ မမလည်း အရိုက်ခံရဖို့ မကောင်းဘူးလား" ဟု ဆိုသည်။
"ဘယ်က ခင်ပွန်းလဲ.... လျှောက်မပြောနဲ့"
ရန်ယောင်ချင်းသည် မျက်နှာလေး နီမြန်းကာ ကျန်းဝူကျိကို မကြည့်ရဲတော့ပေ။ သူမသည် ရှောင်လုံနွဲ့ကဲ့သို့ စိတ်ခံစားချက် ကင်းမဲ့သူ မဟုတ်ပေ။ ကျန်းဝူကျိ၏ စနောက်မှုများအောက်တွင် သူမသည် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ပင် ရှက်သွေးဖြာနေရပြီ ဖြစ်သည်။
ကျန်းဝူကျိက ဆက်လက်ပြောဆိုသည်။
“ကျွန်တော် လျှောက်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် မမကို အရမ်းချစ်တာ။ ဒီဘဝမှာ မမသာ ကျွန်တော့်ဘေးမှာ မရှိရင် ကျွန်တော်ဟာ လူသေတစ်ယောက်လိုပဲ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် မမကိုပဲ ဖက်တွယ်ထားတော့မယ်။ မမသာ ကျွန်တော့်ကို လက်မထပ်ရင် ကျွန်တော် ဒီရှေးဟောင်းဂူသင်္ချိုင်းမှာပဲ တစ်သက်လုံး နေသွားတော့မယ်"
ထိုစကားများကြောင့် ရန်ယောင်ချင်း၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး ဘာမျှ ပြန်မပြောနိုင်ဘဲ ရှက်သွေးဖြာကာ နှုတ်ဆိတ်နေရတော့သည်။ ကျန်းဝူကျိကမူ ဆက်လက်၍ "အဲဒါကြောင့် မမလည်း အရိုက်ခံရဖို့ ကောင်းတယ် မဟုတ်လား။ အဲဒီတော့ မမက ကျွန်တော့်ကိုရိုက်၊ ကျွန်တော်က မမကိုပြန်ရိုက်နဲ့ နှစ်ယောက်လုံး ပျော်သွားတာပေါ့။ ချွေးတွေထွက်အောင် အော်ဟစ်လိုက်ရရင် စိတ်ထဲက အဖုအထစ်တွေလည်း ပြေပျောက်သွားမှာပဲ မဟုတ်လား" ဟု နောက်ပြောင်လိုက်သည်။
"မဟုတ်တာ..... ရှင် ပြောသမျှ အကုန်မှားနေတာပဲ"
ရန်ယောင်ချင်းသည် နှာခေါင်းရှုံ့လိုက်သော်လည်း ကျန်းဝူကျိ တစ်ခုခု ထပ်ပြောမည်ကို စိုးရိမ်သဖြင့် "ဒါပေမဲ့ ရှင်က အခုမှ ရောက်လာတာဆိုတော့ ကျွန်မအခန်းမှာပဲ လာအိပ်ပါ။ ဒါပေမဲ့ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဘူးနော်။ မဟုတ်ရင် ကျွန်မ တကယ် စိတ်ဆိုးမှာ" ဟု အလျင်အမြန် ဖြတ်ပြောလိုက်သည်။
"ကောင်းတယ်.... ကောင်းတယ်။ အကောင်းဆုံးပဲ"
ကျန်းဝူကျိသည် ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ သူမ၏ အိပ်ဆောင်ထဲတွင် အိပ်ခွင့်ရခြင်းမှာ ခင်ပွန်းတစ်ယောက်ကဲ့သို့ ဆက်ဆံခံရခြင်းပင် ဖြစ်သည်။ ထိုခေတ်အခါက အမျိုးသမီးတစ်ဦး၏ အိပ်ဆောင်ထဲသို့ ဝင်ရောက်ခွင့်ရခြင်းမှာ အလွန်ပင် ကြီးမားသော ကိစ္စရပ် ဖြစ်ပေသည်။ ကျန်းဝူကျိသည် ဝါဂွမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုနောက်သို့ လိုက်ပါသွားသည်။
သူမ၏ အခန်းသည် ရိုးရှင်းသော်လည်း စောစောက အခန်းထက် အဆပေါင်းများစွာ သာလွန်ကာ အမျိုးသမီးတစ်ဦး၏ အသုံးအဆောင်များ စုံလင်စွာ ရှိနေသည်။ ကျန်းဝူကျိက "ဒီအခန်းလေးက မမရဲ့ စရိုက်နဲ့ လိုက်ဖက်တယ်" ဟု ပြောဆိုကာ ကုတင်ပေါ်သို့ တက်ထိုင်လိုက်သည်။ ထိုသို့ ထိုင်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အပေါ်သို့ လွင့်တက်သွားပြီး 'တိမ်လွှာလှေကား' ကိုယ်ဖော့ပညာကို မသိစိတ်ဖြင့် အသုံးပြုကာ လူနှစ်ရပ်စာခန့် မြင့်အောင် ခုန်တက်သွားမိသည်။
ထိုမြင်ကွင်းကြောင့် ရန်ယောင်ချင်းမှာလည်း ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် နားလည်သွားသည်။ ကျန်းဝူကျိ ထိုင်လိုက်သည့် နေရာမှာ ရှေးဟောင်းဂူသင်္ချိုင်း၏ အေးစိမ့်ကျောက်စိမ်းကုတင် ဖြစ်နေခြင်းကြောင့်ပင်။ ကျန်းဝူကျိ၏ 'ကိုးပါးနေဝန်း အလင်းစွမ်းအင်' သည် ပြင်းထန်သော အပူစွမ်းအင် ဖြစ်သည့်အတွက် အလွန်အေးမြလှသော ကျောက်စိမ်းကုတင်နှင့် ထိတွေ့မိသောအခါ သူ၏ ကိုယ်တွင်းအားက အန္တရာယ်ဟု ယူဆကာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
အခန်း (၂၃၂) ရန်ယောင်ချင်း၏ နှလုံးသားတံခါး
"ဒါက ဘာကြီးလဲ"
ကျန်းဝူကျိသည် မြေပြင်ပေါ်သို့ ယိုင်နဲ့စွာ ဆင်းသက်ရင်း ညည်းညူလိုက်သည်။ စောစောက အလန့်တကြား ခုန်တက်လိုက်စဉ် အရှိန်လွန်၍ ခေါင်းမှာ အမိုးနှင့် တိုက်မိမတတ် ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အတွင်းအားမှာ နက်ရှိုင်းလှသဖြင့် လေထဲတွင် ခန္ဓာကိုယ်ကို အတင်းအကျပ် ထိန်းကျောင်းကာ မြေပြင်ပေါ်သို့ အဆင်ပြေပြေ ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ရှေးဟောင်းဂူသင်္ချိုင်း၏ အမိုးကို ခေါင်းဖြင့် တိုက်မိ၍ပေါက်ထွက်သွားလျှင် ကြည့်မကောင်းစရာ မြင်ကွင်း ဖြစ်ပေတော့မည်။
ရန်ယောင်ချင်းသည် မအောင့်နိုင်ဘဲ တခိခိ ရယ်မောမိသွားသည်။ ခဏကြာမှ သူမက ဆိုသည်။
"ဒါက ကျွန်မတို့ ရှေးဟောင်းဂူသင်္ချိုင်းရဲ့ အေးစိမ့်ကျောက်စိမ်းကုတင်လေ။ ရှင်ကျင့်ကြံထားတဲ့ ကိုးပါးနေဝန်း အလင်းစွမ်းအင်က အလွန်ပြင်းထန်တဲ့ အပူဓာတ်ဖြစ်ပြီး ဒီကျောက်စိမ်းကုတင်ကတော့ အစွန်းရောက်တဲ့ အအေးဓာတ် ဖြစ်နေတာ။ အဲဒါကြောင့် သဘာဝချင်း ဆန့်ကျင်ပြီး တုံ့ပြန်မှုက အဲဒီလောက် ပြင်းထန်သွားတာပေါ့"
"ဒါက အေးစိမ့်ကျောက်စိမ်းကုတင်လား။ ဘာလို့ အပေါ်က ဖုံးထားရတာလဲ။ ကျွန်တော်လည်း မမြင်မိဘူး"
ကျန်းဝူကျိသည် အေးစိမ့်ကျောက်စိမ်းကုတင်အကြောင်းကို ကောင်းစွာ သိရှိထားပေသည်။ ၎င်းမှာ အတွင်းအား ကျင့်ကြံရာတွင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး မဟုတ်ပါလား။ သို့သော် သူ၏ ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် ဤကျောက်စိမ်းကုတင်မှာ ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် အသုံးပြု၍ ရပါ့မလားဟု သူ သံသယဝင်မိသည်။
ရန်ယောင်ချင်းက ရယ်မောရင်း "အိပ်တဲ့နေရာဆိုတော့ အိပ်ရာခင်း ဖုံးထားတာ ဘာဆန်းလို့လဲ။ ဘယ်သူက သေချာမကြည့်ဘဲ တက်ထိုင်ခိုင်းလို့လဲ" ဟု ဆိုသည်။
ကျန်းဝူကျိ တစ်ယောက် အကြံအိုက်နေသည်ကို မြင်ရသောအခါ ရန်ယောင်ချင်းမှာ သဘောကျကာ မရပ်မနား ရယ်မောနေတော့သည်။ အမြဲအေးစက်နေတတ်သည့် သူမ၏ မျက်နှာတွင် ရှားရှားပါးပါး ပျော်ရွှင်မှုများ ဝင်းပနေသည်မှာ အလွန်ပင် လှပလွန်းလှသည်။ ကျန်းဝူကျိမှာ မအောင့်နိုင်တော့ဘဲ ရန်ယောင်ချင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်သည်။
နုနယ်ပြီး ပြည့်ဖြိုးသည့် ခန္ဓာကိုယ်လေးမှာ ကျန်းဝူကျိ၏ လက်မောင်းအတွင်း ရောက်ရှိသွားသည်။ သူသည် မသိစိတ်ဖြင့် ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်မိပြီး နှစ်ယောက်သား တစ်သားတည်း ဖြစ်သွားသည်အထိ ဖိကပ်ထားချင်မိသည်။ ရန်ယောင်ချင်းမှာ အသက်ရှူမှားသွားရသည်။ ကျန်းဝူကျိက ရုတ်တရက် ဆွဲဖက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားသဖြင့် အငိုက်မိသွားကာ အတင်းရုန်းကန်တော့သည်။
"ငြိမ်ငြိမ်လေးနေစမ်းပါ" ဟု ကျန်းဝူကျိက သူမ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
ထို့နောက် ရန်ယောင်ချင်းကို ဆက်လက်၍ မြဲမြံစွာ ဖက်ထားကာ ရင်ခွင်ထဲက ကျောက်စိမ်းကဲ့သို့ နုနယ်လှပသည့် မိန်းမပျို၏ အထိအတွေ့ကို ခံစားရင်း အလွန်ပင် ကျေနပ်နေမိသည်။
"ကျွန်မကို လွှတ်စမ်း"
ရန်ယောင်ချင်း၏ အသံမှာ အေးစက်သွားပြီး အဆက်မပြတ် ရုန်းကန်သည်။ သို့သော် သူမ၏ ကျင့်စဉ်မှာ ကျန်းဝူကျိလောက် မမြင့်မားသည့်အပြင် ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ ခွန်အားမှာလည်း အဆမတန် ကြီးမားလှသည်။ သူမအနေဖြင့် ရုန်းထွက်နိုင်ခြင်း မရှိသည့်အပြင် ရုန်းကန်မှုများက ကျန်းဝူကျိကို ပို၍ပင် သာယာမှု ပေးနေသကဲ့သို့ ဖြစ်နေသည်။
နှင်းထဲက ပန်းကလေးတစ်ပွင့်ကဲ့သို့ အေးစက်လှပနေသည့် သူမ၏ မျက်နှာလေးကို ကြည့်ရင်း ကျန်းဝူကျိမှာ မနေနိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းဖူးလေးကို ငုံ့နမ်းလိုက်တော့သည်။ နှုတ်ခမ်းချင်း ထိတွေ့သွားသည်နှင့် ရန်ယောင်ချင်း၏ ကိုယ်လေး တုန်ရင်သွားသည်ကို ကျန်းဝူကျိ သိလိုက်သည်။ သူမသည် ကျန်းဝူကျိကို နှစ်ပိုင်းပိုင်းပစ်ချင်သည့်အလား ပိုမိုပြင်းထန်စွာ ရုန်းကန်လာသည်။ ကျန်းဝူကျိကမူ မလျှော့သော ဇွဲဖြင့် သူမ၏ နှုတ်ခမ်းထက်က အချိုဓာတ်ကို စုပ်ယူရင်း လက်လွှတ်မခံဘဲ နမ်းရှိုက်နေသည်။
မကြာမီမှာပင် ရန်ယောင်ချင်းမှာ ရုန်းမရတော့သဖြင့် ငြိမ်ကျသွားပြီး ကျန်းဝူကျိ၏ အနမ်းများကို အလိုက်သင့် ပြန်လည် တုံ့ပြန်လာတော့သည်။ အတန်ကြာမှ နှစ်ဦးသား ခွာလိုက်ကြသည်။ ကျန်းဝူကျိသည် ရှက်သွေးဖြာကာ နီမြန်းနေသည့် ရန်ယောင်ချင်းကို ကြည့်ရင်း အလွန်ကျေနပ်သွားကာ "ယောင်ချင်း၊ မမ တကယ် လှတာပဲ" ဟု ဆိုလိုက်သည်။
ရန်ယောင်ချင်းက သူမ၏ နှုတ်ခမ်းထောင့်က တံတွေးများကို သုတ်ရင်း သူ့ကို မျက်စောင်းထိုးကာ မေးသည်။
"ဂိုဏ်းချုပ်ကျန်းက တခြားမိန်းကလေးတွေကိုလည်း ဒီလိုပဲ ဆက်ဆံတာလား"
ကျန်းဝူကျိက ခေါင်းခါရင်း "မဟုတ်ပါဘူး။ တခြားမိန်းကလေးတွေက ကျွန်တော့်ကို အသေအလဲ ချစ်ကြတာ။ မမတစ်ယောက်ပဲ ကျွန်တော့်နှလုံးသားကို အပြည့်အဝ ပုံအောပြီး ကြိုးစားနေရတာ" ဟု ပြန်ပြောသည်။
ရန်ယောင်ချင်းက နှာခေါင်းရှုံ့ကာ "ဂိုဏ်းချုပ်ကျန်းရဲ့ မိန်းမ ဖြစ်ချင်တဲ့သူတွေ လောကမှာ အများကြီးပါ။ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး" ဟု ဆိုသည်။
ကျန်းဝူကျိက ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ရင်ခွင်ထဲကို အတင်းတိုးဝင်လာတဲ့ မိန်းကလေးတွေ သောင်းနဲ့ချီ ရှိရင်တောင် မမရန်ယောင်ချင်းရဲ့ ဆံပင်တစ်ပင်စာလောက်တောင် တန်ဖိုးမရှိပါဘူး"
ကျန်းဝူကျိ၏ စကားမှာ အလွန်စစ်မှန်လွန်းလှသဖြင့် ရန်ယောင်ချင်းပင် ယုံကြည်သွားမိသည်။ သူမ၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားသော်လည်း ဘာမျှ မပြောပေ။ အမှန်အတိုင်း ပြောရလျှင် ကျန်းဝူကျိ၏ ရုတ်တရက် တိုက်စစ်ကြောင့် သူမ စိတ်လှုပ်ရှားနေမိသည်။ ရန်ယောင်ချင်းအတွက် ဤသည်မှာ ပထမဦးဆုံး အနမ်းဖြစ်သဖြင့် ရင်ခုန်သံများမှာ မရပ်မနား မြန်ဆန်နေရသည်။
သူမ၏ စိတ်ထဲတွင် ကျန်းဝူကျိကို အလွန်နှစ်သက်နေသော်လည်း အဆင်သင့် မဖြစ်သေးသဖြင့် စိတ်ကောက်ချင်နေမိသည်။ သို့သော် ကျန်းဝူကျိ၏ ချိုသာသော စကားများကြောင့် စိတ်ကောက်နေမှုများမှာ ပျောက်ကွယ်သွားပြီး အချစ်စိတ်များသာ ကျန်ရစ်တော့သည်။ သူမ၏ လူကဲခတ်မှုအရ ကျန်းဝူကျိသည် ရည်မှန်းချက်ကြီးပြီး စွမ်းဆောင်ရည် မြင့်မားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ မိန်းမများပြားသည့်တိုင်အောင် တစ်ခါသုံးပြီး ပစ်ထားမည့်သူမျိုး မဟုတ်ကြောင်း သူမ ယုံကြည်သည်။ ထို့ကြောင့်ပင် သူမ၏ အချစ်စိတ်များ ပေါ်ပေါက်လာခြင်းကို တားဆီးခြင်း မပြုခဲ့ခြင်း ဖြစ်သည်။
ကျန်းဝူကျိက အသာအယာ ပြုံးရင်း ဆိုသည်။
"စဉ်းစားကြည့်ပါ၊ ကျွန်တော်က သိုင်းလောက မဟာမိတ်ခေါင်းဆောင် ဖြစ်သလို တော်လှန်ရေးတပ်ကြီးရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ကျွန်တော် လုပ်စရာတွေ အများကြီး ရှိပေမဲ့ မမဆီကို လာခဲ့တာက မမဟာ ကျွန်တော့်နှလုံးသားထဲမှာ ဘယ်လောက် အရေးပါလဲဆိုတာ ပြနေတာပဲ။ အနည်းဆုံးတော့ တိုင်းပြည်အရေးထက် မမရဲ့ အပြုံးလေးတွေက ကျွန်တော့်အတွက် ပိုအရေးကြီးတယ်"
တိုင်းပြည်ထက် အလှအပကို ပိုမိုမက်မောခြင်းမှာ ရှေးယခင်ကပင် ကဲ့ရဲ့ခံရသည့် ကိစ္စဖြစ်သော်လည်း ချစ်သူမိန်းကလေးများအတွက်မူ ဤစကားသည် အကြီးမားဆုံးသော ချစ်သက်သေပင် ဖြစ်သည်။ အထူးသဖြင့် ကျန်းဝူကျိကဲ့သို့ တိုင်းပြည်ကို အမှန်တကယ် အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူထံမှ ကြားရခြင်းမှာ ပို၍ပင် ရင်ခုန်စရာ ကောင်းလှသည်။ ရန်ယောင်ချင်း၏ မျက်ဝန်းများတွင် နူးညံ့မှုများ ပြည့်လျှံလာသည်။
"ကောင်းပါပြီ၊ ရှင်က ထူးခြားတဲ့သူမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ သိုင်းလောကက လူအားလုံးက ရှင့်ကို အားကိုးနေကြတာ။ ကျွန်မကြောင့်နဲ့ တိုင်းပြည်အရေးကို လျစ်လျူမရှုပါနဲ့။ မဟုတ်ရင် ကျွန်မတို့ နှစ်ယောက်စလုံးဟာ နောင်တစ်ချိန်မှာ ကဲ့ရဲ့ခံရမယ့်သူတွေ ဖြစ်ကုန်လိမ့်မယ်"
ရန်ယောင်ချင်းက နူးညံ့စွာ ပြုံးရင်း ရှေ့သို့ တိုးလာကာ ကျန်းဝူကျိ၏ အပေါ်ဝတ်ရုံကို ချွတ်ပေးပြီး သစ်သားစင်ပေါ်တွင် သေသေချာချာ ချိတ်ပေးသည်။ သူမ၏ အပြုအမူမှာ နူးညံ့သိမ်မွေ့သည့် ဇနီးသည်တစ်ဦးကဲ့သို့ပင်။ ကျန်းဝူကျိက ပြုံးလျက် ဆိုသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်က တိုင်းပြည်ကိုရော မမကိုရော နှစ်ခုလုံးကို ချစ်တာပါ။ အနာဂတ်မှာ ကျွန်တော်တို့ တိုင်းပြည်ကို အတူတူ အုပ်ချုပ်ကြမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ဟာ သမိုင်းမှာ စံပြဖြစ်မယ့် ဘုရင်နဲ့ မိဖုရား ဖြစ်လာကြမှာပါ"
ရန်ယောင်ချင်းသည် ကျန်းဝူကျိ၏ ခန့်ညားသော မျက်နှာကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။ ထို့နောက် သူမက အသာအယာ ပြုံးရင်း ပြောလိုက်သည်။
"ကောင်းပါပြီ၊ ရှင့်ရဲ့ သိုင်းပညာက မြင့်မားပေမဲ့ အတွင်းအားပိုင်းမှာတော့ ရှင့်ရဲ့ ဆရာသခင်ကြီး ကျန်းဆန်းဖုန်း ကို မမှီသေးဘူး။ ရှင့်ရဲ့ အတွင်းအားကို အချိန်တိုအတွင်း နှစ်ဆလောက် တိုးတက်လာအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်မမှာ ရှိတယ်။ စမ်းကြည့်မလား"
"ဟင်... အဲဒီလို နည်းလမ်းမျိုး ရှိတာလား"
ကျန်းဝူကျိ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး "အမြန်ပြောပါဦး" ဟု ဆိုသည်။ သို့သော် သူ တစ်ခုခုကို သတိရသွားပြီး ဘေးက ကျောက်စိမ်းကုတင်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။
"ယောင်ချင်း၊ မမ ပြောတဲ့ နည်းလမ်းက ဒီအေးစိမ့်ကျောက်စိမ်းကုတင်ကို ပြောတာတော့ မဟုတ်ပါဘူးနော်"
ရန်ယောင်ချင်းက ပြုံးလျက် ခေါင်းညိတ်ကာ "ရှင်က တကယ် တော်တာပဲ။ ဟုတ်တယ်၊ အဲဒါ အေးစိမ့်ကျောက်စိမ်းကုတင်ပဲ" ဟု ဆိုလိုက်တော့သည်။