အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း (၂၃၃) အေးစိမ့်ကျောက်စိမ်းကုတင်၏ အစွမ်း
ကျန်းဝူကျိသည် အနည်းငယ် အံ့အားသင့်သွားပြီး "တကယ်ကြီး အေးစိမ့်ကျောက်စိမ်းကုတင်လား၊ ကျွန်တော်က ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို ကျင့်ကြံထားတာဆိုတော့ ဒါကြီးကို သုံးလို့ရပါ့မလား" ဟု မေးမြန်းလိုက်သည်။
"ရတာပေါ့၊ ဘယ်သူက မရဘူးလို့ ပြောလို့လဲ"
ရန်ယောင်ချင်းက အသာအယာ ပြုံးလိုက်ပြီး "ရှင်က ဒီနေရာမှာတော့ တကယ် ဗဟုသုတ နည်းတာပဲနော်။ ဒီအေးစိမ့်ကျောက်စိမ်းကုတင်နဲ့ ကိုးပါးနေဝန်း အလင်းစွမ်းအင်က ဆန့်ကျင်ဘက်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အဲဒါက ရှင့်ရဲ့ အတွင်းအားကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်စေမှာပါ" ဟု ဆိုသည်။
"ဟင်.... ယောင်ချင်း၊ အဲဒါ ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော့်ကို ရှင်းပြပါဦး"
ကျန်းဝူကျိသည် ဤအကြောင်းကို အမှန်တကယ်ပင် မသိရှိပေ။ အေးစိမ့်ကျောက်စိမ်းကုတင်နှင့် ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို တွဲဖက်လိုက်ပါက သူ၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားမည်လားဟုပင် စိုးရိမ်မိသည်။
ရန်ယောင်ချင်းက ရယ်မောရင်း "ရှင်းပါတယ်.... ကျွန်မတို့ အတွင်းအား ကျင့်ကြံတဲ့အခါ သွေးလေလည်ပတ်ပုံက သာမန်လူတွေနဲ့ မတူဘူးလေ။ ဒါပေမဲ့ ညဘက် အနားယူတဲ့အခါကျရင် သွေးလေလည်ပတ်မှုက ပုံမှန်အတိုင်း ဖြစ်သွားတတ်တယ်။ အဲဒီအခါကျရင် နေ့ဘက်က ကျင့်ကြံထားသမျှ အတွင်းအားတွေက ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းလောက် ပြန်လျော့သွားတတ်တယ်၊ ဒါဟာ နှမြောစရာ အလဟဿ ဖြစ်တာပဲပေါ့။ အေးစိမ့်ကျောက်စိမ်းကုတင်ရဲ့ အာနိသင်က အဲဒါကို ပြောင်းပြန်ဖြစ်စေတာပဲ" ဟု ရှင်းပြသည်။
"အေးစိမ့်ကျောက်စိမ်းကုတင်ပေါ်မှာ အိပ်စက်တဲ့အခါ ရှင်က မသိစိတ်နဲ့ပဲ အအေးဓာတ်ကို ခုခံဖို့ အတွင်းအားကို နှိုးဆော်မိလိမ့်မယ်။ အဲဒါက ညဘက်မှာလည်း ကျင့်ကြံနေသလိုမျိုး ဖြစ်နေမှာ။ အားအင်တွေ လျော့မသွားတဲ့အပြင် အကျိုးကျေးဇူးက ပိုတောင်များဦးမယ်"
"ဒါ့အပြင် နေ့စဉ် အတွင်းအား ကျင့်ကြံတဲ့အခါ ကိုယ်တွင်းအပူဒဏ်ကို ခုခံရတာက အခက်အခဲကြီး တစ်ခုပဲလေ။ အေးစိမ့်ကျောက်စိမ်းကုတင်ကို သုံးမယ်ဆိုရင် အစွန်းရောက်တဲ့ အအေးဓာတ်က ကိုယ်တွင်းအပူကို မျှချေဖြစ်စေမှာဆိုတော့ ကျင့်ကြံတဲ့ အကျိုးအာနိသင်က ပိုပြီး သိသာလာမှာပေါ့"
"ဒါတွေက သာမန်လူတွေအတွက် ရတဲ့ အကျိုးကျေးဇူးတွေပါ။ ဒါပေမဲ့ ရှင်ကတော့ အပြင်းထန်ဆုံး အပူဓာတ်ဖြစ်တဲ့ ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို ကျင့်ကြံထားတာဆိုတော့ ကျောက်စိမ်းကုတင်ရဲ့ အအေးဓာတ်နဲ့ တွေ့တဲ့အခါ ခုခံမှုက တခြားသူတွေထက် အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ်။ အကျိုးကျေးဇူးကလည်း တခြားသူတွေထက် အဆပေါင်းများစွာ ပိုရမှာပေါ့။ ရှင့်ရဲ့ ပါရမီနဲ့ဆိုရင် ပိုတောင် ပြောစရာ မလိုသေးဘူး"
"ကျွန်မ အနည်းဆုံး ခန့်မှန်းကြည့်ရရင်တော့ ရှင် အသားကျသွားတာနဲ့ တစ်ရက်ကျင့်ကြံတာဟာ တခြားသူတွေ တစ်လကျင့်တာနဲ့ ညီမျှလိမ့်မယ်။ ရေရှည်မှာဆိုရင်တော့ ရှင့်ရဲ့ အတွင်းအားဟာ အဆုံးအစမရှိ တိုးတက်လာမှာပဲ။ ဆရာသခင်ကြီး ကျန်းဆန်းဖုန်း ရဲ့ အတွင်းအားတောင် ရှင့်လောက် မစင်ကြယ်၊ မနက်ရှိုင်းနိုင်တော့ဘူး။ ဒါဟာ တခြားသူတွေ မနာလိုဖြစ်လောက်တဲ့ ကံကောင်းမှုကြီးပဲ"
ရန်ယောင်ချင်းသည် နူးညံ့သောအသံဖြင့် ကျန်းဝူကျိ နားလည်စေရန် အသေးစိတ် ရှင်းပြပေးသည်။ နားထောင်ပြီးနောက် ကျန်းဝူကျိမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိသည်။ စောစောက ကျောက်စိမ်းကုတင်ကို ထိမိလိုက်စဉ်ကပင် သူ၏ ကိုယ်တွင်းရှိ ကိုးပါးနေဝန်း အတွင်းအားက အလိုအလျောက် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နှစ်မျိုးလုံးကို အပြင်းအထန် ခုခံခိုင်းလိုက်ပါက အကျိုးကျေးဇူးမှာ အလွန်ကြီးမားမည်မှာ အမှန်ပင်။
တစ်ခုတည်းသော အခက်အခဲမှာ ကျန်းဝူကျိအနေဖြင့် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်မည် မဟုတ်ခြင်းပင် ဖြစ်သည်။ သို့သော် ကျန်းဝူကျိမှာ သာယာမှုကို မက်မောသူ မဟုတ်သဖြင့် အတွင်းအား တိုးတက်မည်ဆိုပါက ထိုမျှလောက်သော ဒုက္ခကို အရေးမစိုက်ပေ။ ရေရှည်တွင် အသားကျသွားပါက သူ၏ အတွင်းအားမှာ မည်သည့်အဆင့်ထိ ရောက်သွားမည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။
ကျန်းဝူကျိသည် အလွန်စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ဆိုလိုက်သည်။
"ယောင်ချင်းကတော့ ကျွန်တော့်အတွက် တကယ့်ကို ကံကောင်းခြင်း နတ်သမီးလေးပဲ။ နောင်ကျရင် မမ စိတ်တိုင်းကျ ဖြစ်စေရမယ်"
ကျန်းဝူကျိ ပျော်ရွှင်နေသည်ကို မြင်သောအခါ ရန်ယောင်ချင်းလည်း စိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေမိသည်။ သူမ၏ နှလုံးသားတစ်ခုလုံး ကျန်းဝူကျိထံ ပုံအပ်ထားသော်လည်း စကားဖြင့် ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေသဖြင့် ကျန်းဝူကျိအတွက် အကောင်းဆုံး ဖြစ်စေမည့်အရာများကိုသာ အတတ်နိုင်ဆုံး ကူညီပေးနေခြင်း ဖြစ်သည်။
ကျန်းဝူကျိသည် လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး "ဒါဆိုလည်း အချိန်မဆွဲတော့ဘူး၊ အခုကစပြီး ဒီကျောက်စိမ်းကုတင်ပေါ်မှာပဲ အတွင်းအား ကျင့်တော့မယ်။ ပထမ ရက်အနည်းငယ်မှာတော့ ကျွန်တော် အိပ်ပျော်မှာ မဟုတ်ဘူးထင်တယ်" ဟု ဆိုသည်။
ရန်ယောင်ချင်းကလည်း ရယ်မောရင်း "ကျွန်မ ငယ်ငယ်က ဒီကျောက်စိမ်းကုတင်ကို စသုံးတုန်းကလည်း တစ်ကိုယ်လုံး နေလို့မကောင်းဘူးလေ။ ကျင့်ကြံဖို့ နေနေသာသာ အေးလွန်းလို့ ကိုယ်လက်တွေတောင် တောင့်တင်းကုန်တာ။ နောက်မှ တဖြည်းဖြည်း အသားကျသွားတာပေါ့။ ရှင့်ရဲ့ အတွင်းအားက လောကမှာ ရှားမှရှားတဲ့ အဆင့်ဆိုတော့ ဒီလောက်လေးက ဘာမှ မဟုတ်ပါဘူး" ဟု အားပေးသည်။
"အမှန်ပဲ၊ မမ ရှေ့မှာ ကျွန်တော် သိက္ခာကျမခံနိုင်ဘူးလေ"
ကျန်းဝူကျိက အားပါးတရ ရယ်မောလိုက်ပြီးနောက် အေးစိမ့်ကျောက်စိမ်းကုတင်ပေါ်သို့ ခပ်ပေါ့ပေါ့လေး ခုန်တက်ကာ လှဲချလိုက်သည်။ ချက်ချင်းပင် အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဓာတ်က လှိုင်းလုံးကြီးများအလား တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
ကျန်းဝူကျိသည် မသိစိတ်ဖြင့်ပင် အေးလွန်း၍ တွန့်သွားပြီး ကိုးပါးနေဝန်း အလင်းစွမ်းအင်ကို ချက်ချင်း နှိုးဆော်လိုက်သည်။ ထိုအခါ ပြင်းထန်သော အပူဓာတ်များ တစ်ကိုယ်လုံး လည်ပတ်သွားပြီး နွေးထွေးမှုကို ရရှိစေသဖြင့် ကျန်းဝူကျိမှာ အနည်းငယ် သက်သာရာ ရသွားသည်။
သို့သော် ထိုပြင်းထန်သော အတွင်းအားကို သိရှိသွားသည့်အလား ကျောက်စိမ်းကုတင်၏ အအေးဓာတ်မှာလည်း ပိုမိုပြင်းထန်လာပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြန်သည်။ စွမ်းအင်နှစ်မျိုးမှာ ကျန်းဝူကျိ၏ ခန္ဓာကိုယ်ထဲတွင် စစ်တလင်းပြင်အလား အပြင်းအထန် တိုက်ပွဲဝင်နေကြသည်။ ထို့ကြောင့် ကျန်းဝူကျိမှာ တစ်ကိုယ်လုံး ပူလိုက်အေးလိုက်နှင့် ခံစားနေရသော်လည်း သူ၏ စိတ်ဓာတ်နှင့် ခွန်အားမှာမူ အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။
“တကယ်ကို အလုပ်ဖြစ်တာပဲ”
ကျန်းဝူကျိသည် နေရထိုင်ရ ခက်သော်လည်း တကယ်ပင် အသုံးဝင်လှသဖြင့် သည်းခံကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သိုင်းပညာပိုင်းတွင် ကျန်းဆန်းဖုန်း မှလွဲ၍ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ သူ တတ်မြောက်ထားသော နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်၊ လက်ညှိုးသိုင်း နှင့် စကြဝဠာ ရွှေ့ပြောင်းခြင်း တို့မှာ ကျန်းဆန်းဖုန်း၏ ပညာရပ်များထက် မနိမ့်ပါးလှပေ။ သူ ညံ့နေသည်မှာ အတွင်းအား နက်ရှိုင်းမှုအပိုင်းသာ ဖြစ်သည်။
ကျန်းဆန်းဖုန်း၏ အတွင်းအားမှာ မည်မျှအထိ နက်ရှိုင်းသနည်း။ ကျန်းဆန်းဖုန်းသည် ရုတ်တရက် တိုက်ခိုက်ခံရသည့်တိုင်အောင် ပြန်လည် တိုက်ခိုက်နိုင်ပြီး ရန်သူကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်တွင်လည်း မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ခဲ့သေးသည်။ ထိုမျှလောက်သော အတွင်းအားမျိုးမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် အစွမ်းမျိုး ဖြစ်သည်။
ကျန်းဝူကျိအနေဖြင့်မူ ထိုသို့သော တိုက်ခိုက်မှုကို ခံရပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိမည်မှာ အမှန်ပင်။ ဤသည်မှာ အတွင်းအား နက်ရှိုင်းမှု ကွာခြားခြင်းပင် ဖြစ်သည်။ ကိုးပါးနေဝန်း အလင်းစွမ်းအင်သည် အစွမ်းထက်သော်လည်း ကျန်းဝူကျိ ကျင့်ကြံခဲ့သည်မှာ ခြောက်နှစ်ကျော်သာ ရှိသေးသဖြင့် ကျန်းဆန်းဖုန်း၏ နှစ်ပေါင်းတစ်ရာ အတွင်းအားကို ယှဉ်ရန် မဖြစ်နိုင်သေးပေ။ ယခု ဤအေးစိမ့်ကျောက်စိမ်းကုတင်က ထိုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သဖြင့် ကျန်းဝူကျိအတွက် လက်လွှတ်မခံနိုင်သော အခွင့်အရေးပင်။
ကျန်းဝူကျိသည် ကျင့်စဉ်ထဲသို့ အမြန်ဆုံး စီးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ဘေးတွင် အဖြူရောင် အငွေ့အသက်များ ဝန်းရံနေသည်ကို မြင်သောအခါ ရန်ယောင်ချင်းလည်း ကျေနပ်စွာ ခေါင်းညိတ်မိသည်။ ဤသည်မှာ သူမ နှစ်သက်သော ကျန်းဝူကျိပင် ဖြစ်သည်။ စောစောက နောက်ပြောင်နေသော်လည်း အလုပ်ကိစ္စတွင်မူ အလေးအနက် ရှိလှသည်။
သူ ကျင့်ကြံနေသဖြင့် သူမကို အချိန်မပေးနိုင်သော်လည်း ရန်ယောင်ချင်းမှာ စိတ်မဆိုးသည့်အပြင် ပို၍ပင် ဝမ်းသာနေမိသည်။ ကျန်းဝူကျိသည် ကျင့်ကြံခြင်း မပြုမီကပင် ရန်ယောင်ချင်းကို ချိုသာသော စကားများဖြင့် သိမ်းသွင်းထားနိုင်ခဲ့သဖြင့် သူမအနေဖြင့် အလေးထားခံရသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
"နောက်ပိုင်းကတော့ ရှင့်ရဲ့ ဇွဲလုံ့လအပေါ်မှာပဲ မူတည်တော့မယ်"
ရန်ယောင်ချင်းက အသာအယာ ပြုံးလိုက်ပြီးနောက် နံရံရှိ ကြိုးကို ဆွဲကာ တစ်ဖက်နံရံရှိ ချိတ်တွင် ချိတ်လိုက်သည်။ ထို့နောက် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ကြိုးပေါ်တွင် အတိအကျ လှဲလျောင်းလိုက်သည်။ ကြိုးတစ်ချောင်းတည်း ဖြစ်သော်လည်း ရန်ယောင်ချင်းမှာ တည်ငြိမ်စွာ လှဲလျောင်းနေရင်း မျက်လုံးများကို မှိတ်ကာ အနားယူလိုက်တော့သည်။
အခန်း (၂၃၄) ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်း၏ သိုင်းကျမ်းများ
ညတစ်ည ကုန်ဆုံးသွားခဲ့သည်။
ကျန်းဝူကျိအတွက်တော့ ထိုညသည် သက်သောင့်သက်သာရှိလှသော ညတစ်ည မဟုတ်ခဲ့ပေ။ ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ အတွင်းအားကို သူ ပိုမိုနှိုးဆော်လေလေ၊ ကျောက်စိမ်းကုတင်၏ အအေးဓာတ်က ပိုမိုပြင်းထန်လာလေလေ ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။ နောက်ဆုံးတွင် စွမ်းအင်နှစ်ရပ်၏ ခုခံမှုမှာ အလွန်ပြင်းထန်လာပြီး အိပ်စက်အနားယူရမည့်အစား တစ်ညလုံး မီးနှင့်ရေခဲကြားတွင် ရောက်နေသကဲ့သို့ ခံစားခဲ့ရသည်။
မိုးလင်းသောအခါ ကျန်းဝူကျိသည် တစ်ကိုယ်လုံး နုံးချိနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသို့သော ခံစားချက်မျိုး မရရှိခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် အားသာချက်မှာ အတွင်းအား ကျင့်ကြံမှု အကျိုးကျေးဇူးက အလွန်ပင် ကောင်းမွန်လှသည်။ ဤတစ်ညတည်း ကျင့်ကြံမှုမှာ ယခင်က ရက်အတော်ကြာ အားထုတ်ခဲ့ရမှုထက်ပင် သာလွန်ပြီး သူ၏ အတွင်းအားမှာ သိသိသာသာ ပိုမိုပြည့်ဝလာခဲ့သည်။
ကျန်းဝူကျိသည် အေးစိမ့်ကျောက်စိမ်းကုတင်ပေါ်မှ ဆင်းကာ အတွင်းအားကို တစ်ပတ်ပြန်လည် လှည့်ပတ်လိုက်သောအခါ တစ်ကိုယ်လုံးရှိ နုံးချိမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွသော စွမ်းအင်များ ပြည့်လျှံလာတော့သည်။ အတွင်းအား မြင့်မားခြင်း၏ အကျိုးကျေးဇူးမှာ ထိုမျှအထိ သိသာလှပေသည်။
"မနေ့ညက ဘယ်လိုနေလဲ၊ အကျိုးထူးရဲ့လား"
ရန်ယောင်ချင်းက ပြုံးလျက် မေးမြန်းလိုက်သည်။ သူမသည် မနေ့ညက ကျန်းဝူကျိ၏ အခြေအနေကို ရံဖန်ရံခါ အကဲခတ်ခဲ့ရာ သူသည် တစ်ကိုယ်လုံး တုန်ရီသွားလိုက်၊ အတွင်းအားဖြင့် ပြန်လည် ထိန်းချုပ်လိုက်နှင့် ခက်ခဲစွာ ဖြတ်သန်းနေရသည်ကို သတိပြုမိခဲ့သည်။ ထိုအတွေ့အကြုံမှာ အလွန် သာယာလှမည် မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည်။
ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပြီးမှ ပြန်ခါယမ်းကာ "အတွင်းအား ကျင့်ကြံတဲ့ အကျိုးကျေးဇူးကတော့ တကယ် ကောင်းပါတယ်။ ဒါပေမဲ့ တကယ်လည်း ခက်ခဲတာပဲ။ ကံကောင်းတာက ကြိုးစားမှုက အချည်းနှီး မဖြစ်ခဲ့ပါဘူး။ ကျွန်တော် ဒီမှာ ခဏလောက် ဆက်ပြီး ကျင့်ကြံဦးမယ်၊ ဒါဆိုရင် ကျွန်တော့်ရဲ့ အတွင်းအားက အများကြီး တိုးတက်လာမှာ အသေအချာပဲ" ဟု ဆိုသည်။
"ဒီလို တွေးနိုင်ရင်တော့ အကောင်းဆုံးပေါ့"
ရန်ယောင်ချင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီးနောက် "ရှင် နေ့ဘက်မှာတော့ အပြင်းအထန် ကျင့်နေဖို့ မလိုပါဘူး။ ကျွန်မနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့မလား၊ ရှင် စိတ်ဝင်စားမယ့် နေရာမျိုး ဖြစ်မယ်လို့ ကျွန်မ အာမခံတယ်" ဟု ဆိုလိုက်သည်။
ကျန်းဝူကျိ၏ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိသွားပြီး "ကျွန်တော့်ကို ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းရဲ့ သိုင်းပညာတွေကို ပြမလို့လား" ဟု ပြုံးလျက် မေးလိုက်သည်။
"တော်လိုက်တာ...... ရှင့်ကို စကားပြောရတာ ရှီဟော်လုံကို ပြောရတာထက် အများကြီး ပိုလွယ်တယ်"
ရန်ယောင်ချင်းသည် နှင်းထဲက ပန်းကလေးတစ်ပွင့်အလား လှပစွာ ပြုံးလိုက်သည်။ ကျန်းဝူကျိကလည်း ရယ်မောရင်း "ဒါက ခန့်မှန်းရ ခက်တာမှ မဟုတ်တာ။ ဒီဂူသင်္ချိုင်းထဲမှာ ကျွန်တော့်ကို စိတ်ဝင်စားအောင် လုပ်နိုင်တာဆိုလို့ ယောင်ချင်းရယ်၊ နောက်ပြီး သိုင်းပညာရယ်ပဲ ရှိတာလေ။ အခု ယောင်ချင်းက ကျွန်တော့်ဘေးမှာ ရှိနေပြီဆိုတော့ သိုင်းပညာတွေကို ပြဖို့ပဲ ကျန်တော့တာပေါ့" ဟု ဆိုသည်။
ရန်ယောင်ချင်းက "ဒါက ခန့်မှန်းရ လွယ်လို့လား။ ကျွန်မ လောင်းရဲတယ်၊ ရှီဟော်လုံကတော့ ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး" ဟု စနောက်လိုက်သည်။
ကျန်းဝူကျိက နှာခေါင်းရှုံ့ကာ "ရှီဟော်လုံကတော့ ဘယ်ခန့်မှန်းနိုင်ပါ့မလဲ။ တခြားဟာတွေ မပြောနဲ့ သူ ယူထားတဲ့ မိန်းမကိုပဲ ကြည့်လေ၊ ရုပ်ရည်ကလည်း လူနဲ့တောင် မတူဘူး၊ စိတ်ဓာတ်ကလည်း မကောင်းဘူး။ ဘယ်သူ့စကားမဆို ကြားဝင်ပြောတတ်သေးတယ်။ သူ့ရဲ့ အလှအပ စံနှုန်းက ဒီလောက်ဆိုတော့ ဦးနှောက်ကလည်း ဘယ်လိုလုပ် ကောင်းမှာလဲ" ဟု ဆိုလိုက်သည်။
"ခိခိ"
ထိုစကားကို ကြားသောအခါ ရန်ယောင်ချင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ကျန်းဝူကျိက ရှီဟော်လုံကို ဤမျှအထိ ရယ်စရာကောင်းအောင် နှိမ်လိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ကျန်းဝူကျိသည် လူတိုင်းအပေါ် အလိုက်အထိုက် ပြောတတ်သူ မဟုတ်ကြောင်း သူမ ပြန်လည် သတိရလိုက်သည်။ သူသည် ရှီဟော်လုံနှင့် ပထမဆုံး တွေ့ဆုံစဉ်ကတည်းက စကားဖြတ်ပြော တတ်သော ရှီဟော်လုံ၏ ဇနီးကို "ရုပ်ဆိုးမ၊ ပါးစပ်ပိတ်ထား" ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့သူ မဟုတ်ပါလား။
ကျန်းဝူကျိသည် ရုပ်ဆိုးသူများကို အပြစ်မမြင်သော်လည်း ရုပ်လည်းဆိုး၊ စိတ်ထားလည်း မကောင်းဘဲ အရေးကြီးကိစ္စများတွင် ဝင်ပါတတ်သူများကိုမူ လုံးဝ သည်းမခံနိုင်သူ ဖြစ်သည်။
စကားတပြောပြောနှင့် လျှောက်လာကြရင်း ဂူခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာကြသည်။ ဤနေရာမှာ သာမန်ဂူခန်းများထက် အဆပေါင်းများစွာ ကျယ်ဝန်းပြီး လူတစ်ရာခန့်ပင် သက်သောင့်သက်သာ နေနိုင်သည့် မြေအောက် ကွင်းပြင်ငယ်လေးနှင့် တူလှသည်။
ကျန်းဝူကျိက ပတ်ဝန်းကျင်ကို ကြည့်ကာ "ကျွန်တော် နားလည်ပြီ။ ဒါ ယောင်ချင်းတို့ သိုင်းကျင့်တဲ့ နေရာပေါ့၊ အဲဒါကြောင့် ကျယ်နေတာကိုး" ဟု ဆိုသည်။
"ဟုတ်တယ်"
ရန်ယောင်ချင်းသည် ကျောက်ခေါင်းတလား အချို့ရှိရာသို့ လျှောက်သွားရင်း "ကျွန်မတို့ ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းရဲ့ သိုင်းပညာအားလုံးက ဒီခေါင်းတလားတွေထဲမှာ ရှိတာ" ဟု ဆိုသည်။
ကျန်းဝူကျိကလည်း အံ့ဩတကြီးဖြင့် "ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းဆိုတာ တကယ်ကို ထူးခြားတာပဲ။ သိုင်းကျမ်းစာတွေကို ခေါင်းတလားထဲ ထည့်ထားတယ်ဆိုတော့ တကယ်ကို မထင်မှတ်စရာပဲ" ဟု ဆိုလိုက်သည်။
ရန်ယောင်ချင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး "ရှင့်ကို ကျွန်မတို့ ဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကို ပြပေးတာကို ရှင် ကြိတ်ပြီး ဝမ်းသာနေသင့်တာ။ ဒီပညာတွေကို သင်ချင်ပေမဲ့ မသင်ရတဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ ရှင် သိရဲ့လား" ဟု ဂုဏ်ယူစွာ ပြောသည်။
ကျန်းဝူကျိက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် "တကယ်လား..... ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းရဲ့ သိုင်းပညာကို သင်ချင်တဲ့သူတွေ အများကြီး ရှိတာလား။ ကျွန်တော်တော့ မသိဘူး။ အခုခေတ် သိုင်းလောကမှာ ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းအကြောင်း သိတဲ့သူတောင် သိပ်မရှိတော့သလိုပဲ" ဟု ဆိုလိုက်သည်။
ထိုစကားကြောင့် ရန်ယောင်ချင်းမှာ ဆွံ့အသွားရသည်။ သူမ၏ သိုင်းပညာကို ကျန်းဝူကျိက သိပ်ပြီး အထင်မကြီးဟန် ပြနေသဖြင့် သူမက မကျေမနပ်ဖြင့် ဆိုသည်။
"ရှင့်ရဲ့ သိုင်းပညာက ဘယ်လောက်ပဲ မြင့်နေပါစေ၊ ကျွန်မတို့ ဂိုဏ်းရဲ့ သိုင်းပညာတွေက သာမန်ဂိုဏ်းတွေနဲ့ မတူဘူး။ မင်ဂိုဏ်းတို့ ဝူတန်းဂိုဏ်းတို့တောင် မယှဉ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီထဲမှာ ကျွန်မတို့ ဂိုဏ်းတည်ထောင်သူဆရာကြီး လင်းချောင်ရင် ချန်ထားခဲ့တဲ့ ပညာတွေတင်မကဘူး၊ ကျွန်မတို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရန်ကော်နဲ့ သူ့ဇနီး တို့ရဲ့ ပညာတွေ၊ ကိုးပါးယင်ကျမ်း တစ်စောင်လုံးရဲ့ အကြောင်းအရာတွေနဲ့ ချွမ်ကျန်းဂိုဏ်းရဲ့ သိုင်းပညာအားလုံးပါ ရှိနေတာ။ ပြောစမ်းပါဦး၊ လောကမှာ ဘယ်ဂိုဏ်းကများ ဒါကို ယှဉ်နိုင်လို့လဲ"
အခြားသူသာ ဖြစ်ပါက ဤအချက်များကို ကြားလျှင် အလွန်အံ့ဩသွားမည် ဖြစ်သော်လည်း ကျန်းဝူကျိကမူ ဤအကြောင်းများကို သိရှိပြီးသား ဖြစ်သည်။ သူက ခေါင်းခါရင်း "တကယ်ကို အားကျစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက လောကမှာ အနှိုင်းမဲ့တယ်လို့တော့ ပြောလို့မရသေးဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတုန်းက သိုင်းလောကမှာ ရှောင်ယောင်ဂိုဏ်း ဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒီဂိုဏ်းက လောကမှာ ရှိသမျှ သိုင်းပညာအားလုံးကို စုဆောင်းထားခဲ့တာ။ အဲဒီဂိုဏ်းရဲ့ စုဆောင်းမှုနဲ့ ယှဉ်ရင် ရှေးဟောင်းဂူသင်္ချိုင်းဂိုဏ်းက သာမန်လောက်ပဲ ရှိပါသေးတယ်" ဟု ဆိုလိုက်သည်။
ရန်ယောင်ချင်းမှာ မခံချင်စိတ် ဖြစ်သွားရသည်။ သူမသည် ခေါင်းတလားတစ်ခုကို တွန်းဖွင့်လိုက်ပြီး အဝါရောင်ပိတ်စဖြင့် ပတ်ထားသော စာအုပ်တစ်အုပ်ကို ထုတ်ယူကာ "တခြားဟာတွေ ထားပါဦး။ ရှင်က ကျွန်မတို့ ဘိုးဘေး နဂါးလုလင်ကို သိတယ်ဆိုရင် သူ့ရဲ့ နာမည်ကျော် သိုင်းပညာကိုလည်း သိမှာပေါ့" ဟု မေးလိုက်သည်။
ကျန်းဝူကျိက ခေါင်းညိတ်ကာ "သိတာပေါ့။ နဂါးလုလင်မှာ သိုင်းပညာမျိုးစုံ ရှိပေမဲ့ နောက်ပိုင်းမှာ သူကိုယ်တိုင် တီထွင်ခဲ့တဲ့ 'ဝိညာဉ်ကြွေ လက်ဝါးသိုင်း ဆိုတာ ထိပ်တန်း လက်ဝါးသိုင်းပညာတစ်ခုပဲ။ သူ့ရဲ့ စွမ်းအားက နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ချက်ထက် မနိမ့်ပါဘူး" ဟု ဖြေကြားသည်။
"အတိအကျပဲ"
ရန်ယောင်ချင်းက လက်ခုပ်တီးကာ ပြုံးလိုက်ပြီး "ဒါဟာ 'ဝိညာဉ်ကြွေ လက်ဝါးသိုင်း ရဲ့ အနှစ်သာရ ကျမ်းစာပဲ။ ဒါကရော ရှင့်ကို စိတ်ဝင်စားအောင် မလုပ်နိုင်ဘူးလား။ ကြည့်ကြည့်လိုက်လေ" ဟု ဆိုကာ လက်ထဲက စာအုပ်ကို ကျန်းဝူကျိထံသို့ ပစ်ပေးလိုက်သည်။
ကျန်းဝူကျိသည် စာအုပ်ကို ဖမ်းယူလိုက်ပြီး "'ဝိညာဉ်ကြွေ လက်ဝါးသိုင်း " ဟူသော စာတမ်းကို တွေ့လိုက်ရသည်။ စာအုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး နှစ်ပေါင်း ရာချီ သက်တမ်းရှိနေပြီ ဖြစ်ကြောင်း သိသာလှသည်။
"ကောင်းပြီ၊ ကျွန်တော် အရင်ဆုံး ဖတ်ကြည့်လိုက်ဦးမယ်"
ကျန်းဝူကျိသည် မာန်တက်မနေဘဲ ဘေးက ကျောက်ထိုင်ခုံတွင် ထိုင်ကာ 'ဝိညာဉ်ကြွေ လက်ဝါးသိုင်း ၏ အကြောင်းအရာများကို စတင် လေ့လာတော့သည်။ အမှန်စင်စစ် သူသည် ဤလက်ဝါးသိုင်းကို အလွန်ပင် စိတ်ဝင်စားနေမိသည်။ ဤသိုင်းပညာသည် စိတ်ခံစားချက်အပေါ် များစွာ မူတည်နေသဖြင့် ကျင့်ကြံရန် အလွန်ခက်ခဲလှသည်။ နဂါးလုလင် ကိုယ်တိုင်ပင်လျှင် ဇနီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ပြီးနောက်ပိုင်း ဤသိုင်းကို အသုံးပြုရန် ခက်ခဲသွားခဲ့သည် မဟုတ်ပါလား။
("ကြေကွဲဝိညာဉ် လက်ဝါးသိုင်း" ဆိုတာ ဝမ်းနည်းခြင်းကို ခွန်အားအဖြစ် ပြောင်းလဲတဲ့သိုင်း ဖြစ်ပါတယ်။ နဂါးလုလင် ဟာ ဇနီးသည်နဲ့ ပြန်ဆုံပြီး ပျော်ရွှင်သွားတဲ့အခါ အဲဒီဝမ်းနည်းခြင်းတွေ မရှိတော့တာကြောင့် သိုင်းကို အသုံးပြုဖို့ ခက်ခဲသွားခဲ့တာ ဖြစ်ပါတယ်)
ကျန်းဝူကျိသည် ဤလက်ဝါးသိုင်း၏ ပြင်းထန်သော ခွန်အားများမှာ မည်သည့်နေရာမှ လာသနည်းဆိုသည်ကို သိရှိလိုသဖြင့် စူးစိုက်ကြည့်ရှုနေတော့သည်။ သိုင်းလောကသားတစ်ဦးအဖို့ အစွမ်းထက်သော သိုင်းပညာများကို မြင်တွေ့ရခြင်းမှာ အရိုးထဲထိ စွဲလန်းရသော ကိစ္စရပ်ပင် ဖြစ်ပေတော့သည်။