← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁) ဆုန့်ကိုမွေးရင် ကျန်းကိုဘာလို့မွေးရတာလဲ

ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်ခြည်မှာ တောက်ပနေပြီး နူးညံ့သောလေပြေက တိုက်ခတ်နေသဖြင့် ရာသီဥတုမှာ အလွန်ပင် သာယာလှပနေပေသည်။ သို့သော် ဆုန့်ချင်းရှူးမှာမူ စိတ်ကြည်လင်မှု လုံးဝ မရှိချေ။

သူ၏ မျက်နှာမှာ ညှိုးနွမ်းနေပြီး ဆံပင်များမှာလည်း ဖားလျားကျကာ လောက၏ ဒုက္ခအပေါင်းကို ခံစားနေရသူ တစ်ဦးကဲ့သို့ ဖြစ်နေပေသည်။

"တဖွဲဖွဲရွာနေတဲ့ မိုးရေစက်တွေဟာ အဆုံးမရှိတဲ့ ဝမ်းနည်းမှုတွေလိုပဲ... ပြတင်းပေါက်ကို လာမှန်နေတယ်၊ အသံတိုင်းက နားထဲကို တိုးဝင်လာပေမဲ့ ငါ့ရင်ထဲက နစ်မြုပ်နေတဲ့ အိပ်မက်ကိုတော့ နိုးထအောင် မစွမ်းဆောင်နိုင်ပါလား..."

အခန်းထဲတွင် ဆုန့်ချင်းရှူးသည် ကြေးမှန်တစ်ချပ်ကို ကိုင်ထားပြီး တဖြည်းဖြည်း ပိန်ချောင်လာသော သူ၏ မျက်နှာကို ကြည့်နေမိသည်။ သူ၏ ယခင်က သူရဲကောင်းဆန်သော စိတ်ဓာတ်များမှာ အဆုံးမရှိသော လွမ်းဆွတ်မှုများအောက်တွင် ပျောက်ကွယ်သွားခဲ့ချေပြီ။ သူသည် ဝမ်းနည်းပက်လက်ဖြင့် မိမိကိုယ်ကို ရေရွတ်နေမိသည်။

သူ့ကို ပြုစုစောင့်ရှောက်နေသော ဂိုဏ်းသားကလေးတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ဦးလေးချင်းရှူး... မိုးမရွာတာ တစ်လခွဲရှိပြီဗျ။ ဝမ်းနည်းနေရင်တောင် အရှိကို အရှိအတိုင်းတော့ လက်ခံပါဦး"

"ပါးစပ်ပိတ်ထားစမ်း"

ဆုန့်ချင်းရှူး၏ မိမိကိုယ်ကို သနားနေသော အမူအရာမှာ ချက်ချင်းပင် ပျက်ပြယ်သွားပြီး စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သဖြင့် ထိုကလေးမှာ လန့်ဖျန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူ ကြောက်လန့်သွားသည်ကို မြင်သောအခါ ဆုန့်ချင်းရှူး၏ ဒေါသများမှာ ပြေလျော့သွားပြီး ခါးသီးသော အပြုံးဖြင့် ခေါင်းခါယမ်းကာ

"သာမန် ဂိုဏ်းသားကလေးတစ်ယောက်က ငါ့ရင်ထဲက ခါးသီးမှုကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ" ဟု ဆိုလိုက်သည်။

သူသည် စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်လိုက်ပြီး စုတ်တံကို ကိုင်လိုက်သည်။ စက္ကူဖြူပေါ်တွင် 'ကျိုး' ဟူသော စာလုံးကို ရေးလိုက်သည်။ မင် များမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပြီး သူ၏ ရှုပ်ထွေးနေသော စိတ်အခြေအနေနှင့် အတော်ပင် တူနေပေသည်။

သူ၏ အကြည့်များမှာ အဝေးသို့ ငေးမောနေပြီး တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်ကာ သူ အမြဲအိပ်မက်မက်နေရသူထံသို့ ရောက်ရှိနေသကဲ့သို့ပင်။ လရောင်ကဲ့သို့ အေးမြပြီး မြင့်မြတ်သော ထိုအမျိုးသမီး... ကျိုးကျစ်လော့။ သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှစ၍ သူမသည် သူ၏ ရင်ထဲတွင် ဖျောက်ဖျက်၍မရသော 'အဖြူရောင် လရောင်လေး' ဖြစ်လာခဲ့သည်။

သူမ၏ နတ်သမီးဆန်သော အရှိန်အဝါနှင့် အေးစက်၍ စက်ဆုပ်ရွံရှာသော အကြည့်များကို သူ မေ့ဖျောက်၍ မရနိုင်ပေ။ သူမ၏ အပြုံးနှင့် အမူအရာတိုင်းကို သူ မေ့မရသလို၊ သူမနှင့် ကျန်းဝူကျိတို့ တိတ်တဆိတ် ကတိပြုထားကြသည်ဟူသော အချက်က သူ့ကို ပို၍ပင် နာကျင်စေသည်။

အလွန်ပင် နာကျင်လှပေသည်။

ဆုန့်ချင်းရှူးသည် ဤအကြောင်းများကို တွေးမိတိုင်း နှလုံးသားကို အပ်နှင့် ထိုးသကဲ့သို့ ခံစားရပြီး မရေမတွက်နိုင်သော ညပေါင်းများစွာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ အဆိုးဆုံးမှာ သူသည် ထွက်ပြေး၍ပင် မရခြင်း ဖြစ်သည်။

သူ၏ ဖခင်၊ ဦးလေးများနှင့် အဘိုးဆရာတို့က သူ့ကို တောင်ပေါ်မှ မဆင်းဘဲ ဤနေရာတွင် စိတ်ကို အေးအေးထားကာ ကျင့်ကြံနေရန် ပြောထားကြသည်။ ဘာလဲ... စိတ်အေးအေးထားပြီး ကျင့်ကြံရမည်တဲ့လား။ ရင်ထဲတွင် မဖြေရှင်းနိုင်သော သောကများ ပြည့်နှက်နေပါက မည်ကဲ့သို့ စိတ်အေးနိုင်ပါမည်နည်း။ လောကတွင် မည်သူက ဤမျှ သဘောထားကြီးနိုင်ပါမည်နည်း။

“သူ၏ အဘိုးဆရာလား ”

ဆုန့်ချင်းရှူး ခေါင်းခါလိုက်သည်။ သူ့အမြင်တွင်မူ အဘိုးဆရာသည် သူရဲကောင်းမ ကော်ရှန့်ကို ထင်သလောက် မချစ်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် သူမနောက်သို့ အမြဲမလိုက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။

အဆုံးတွင်မူ လောကကြီး၌ သူ့ထက် ပို၍ သနားစရာကောင်းသောသူ၊ သူ့ထက် ပို၍ နာကျင်ရသူ မရှိဟု သူ ခံစားနေရသည်။ ဤသို့ တွေးမိပြန်သောအခါ ဆုန့်ချင်းရှူး သက်ပြင်းချရင်း

"ဘဝက ဘာလို့ ဒီလောက် မှောင်မိုက်နေရတာလဲ။ မိုးနတ်မင်းက တကယ်ကို မတရားဘူး" ဟု ညည်းတွားမိပြန်သည်။

သူသည် မိမိကိုယ်ကို လောကတွင် အနစ်နာဆုံးနှင့် အသနားစရာအကောင်းဆုံးသူဟု ထင်မြင်နေပြီး ကျန်းဝူကျိအပေါ်တွင်လည်း မကျေနပ်မှုများနှင့် အားငယ်မှုများ ပြည့်နှက်နေသည်။ ကျိုးကျစ်လော့ကို မိမိထံမှ လုယူသွားသည်ဟု ကျန်းဝူကျိကို သူ မုန်းတီးနေသည်။ (အမှန်မှာ ကျိုးကျစ်လော့သည် သူ့အပိုင် တစ်ခါမျှ မဖြစ်ခဲ့ဖူးပါ)။

တစ်ဖက်တွင်လည်း မိမိနှင့် ကျန်းဝူကျိ၏ သိုင်းပညာမှာ အလွန်ပင် ကွာခြားလှသဖြင့် သူ အားငယ်နေရသည်။ ကျန်းဝူကျိနှင့် ယှဉ်လျှင် သူသည် ဒိုင်နိုဆောကြီးတစ်ကောင်ကို စိန်ခေါ်နေသည့် ပိုးမွှားလေးတစ်ကောင်ကဲ့သို့ပင်။

"သိုင်းပညာကလွဲရင် ငါက သူ့ထက် အရာရာ သာလွန်တာပဲ။ ငါ့အချစ်ဦးရယ်... မင်းက ဘာလို့ ဒီလောက် ရိုင်းစိုင်းပြီး စကားပြောမတတ်တဲ့ အဲ့လိုကောင်ကိုမှ ချစ်ရတာလဲ။ ငါ့လို ချောမောတဲ့ သခင်လေးကိုကျတော့ ဘာလို့ လျစ်လျူရှုထားရတာလဲ။ ငါက မင်းအတွက် အသက်တောင် ပေးဝံ့တယ်၊ သူက ပေးဝံ့မှာလား။ မပေးဝံ့ပါဘူး!"

ဆုန့်ချင်းရှူးသည် ဝမ်းနည်းပက်လက်ဖြင့် ဟစ်အော်လိုက်သည်။

"ဆုန့် (ချင်းရှူး) ကို မွေးရင် ကျန်း (ဝူကျိ) ကို ဘာလို့ မွေးရတာလဲ"

သူသည် ယခင်က ကျိုးယွီ ခံစားခဲ့ရသော ဝေဒနာမျိုးကို ယခုမှ နားလည်နိုင်တော့သည်ဟု ခံစားနေရသည်။ အခြေအနေခြင်း မတူသော်လည်း မခံချင်စိတ်မှာမူ အတူတူပင်ဟု သူ ထင်မြင်နေသည်။ ထိုသို့ အော်ဟစ်ပြီးနောက် သူ၏ မျက်နှာတွင် မျက်ရည်များ စီးကျလာလေသည်။

ထိုစဉ် တာအိုဂိုဏ်းသားလေးက မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။

"ဦးလေးချင်းရှူး... စကားပုံက 'ယွီ (ကျိုးယွီ) ကို မွေးရင် လျန် (ကျူးကော့လျန်) ကို ဘာလို့ မွေးရတာလဲ' ဆိုတာပါဗျ။ ဦးလေးက စိတ်မနှံ့တော့တာလား၊ စကားပုံတောင် မှားနေပြီ"

“တောက်... ငါက ခံစားချက်အပြည့်နဲ့ ပြောနေတာကို မင်းက လာပြီး နှောင့်ယှက်ပြန်ပြီ”

ဆုန့်ချင်းရှူးက ဒေါသတကြီး ဆဲဆိုလိုက်သည်။ "မသိနားမလည်တဲ့ ကောင်လေး...ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ထွက်သွားစမ်း"

တာအိုဂိုဏ်းသားလေးမှာ ဆဲဆိုခံရသည်ကို နေသားကျနေပြီ ဖြစ်သည်။ ဆုန့်ချင်းရှူးက ဆဲဆိုပြီး တစ်ခါတစ်ရံ ရိုက်နှက်တတ်သော်လည်း အင်အားဖြင့် အမှန်တကယ် မရိုက်တတ်သဖြင့် သူ သိပ်မကြောက်ပေ။

သူက ဆက်ပြောသည်မှာ "ဦးလေးကြောင့် ကျွန်တော်တို့ ဝူတန်ဂိုဏ်း တံခါးပိတ်ထားတာ တစ်လကျော်ပြီ။ ဒါကြီးက အမြဲတမ်း ဖြစ်နေလို့ မရဘူးလေ။ အဘိုးဆရာနဲ့ တခြားသူတွေရဲ့ မျှော်လင့်ချက်ကို ဒီလိုမျိုး မဖျက်ဆီးပစ်သင့်ဘူး"

သူက မကြောက်မရွံ့ ပြန်ပြောနေသည်ကို မြင်သောအခါ ဆုန့်ချင်းရှူးက ပို၍ ဒေါသထွက်လာပြီး "မင်းက ဘာမို့လို့ ဒီလောက် စကားများနေတာလဲ။ ထွက်သွားစမ်း" ဟု အော်ဟစ်ကာ ဘေးရှိ ထိုင်ခုံကို ကောက်ကိုင်၍ ပစ်ပေါက်ရန် ပြုလိုက်သည်။

တာအိုဂိုဏ်းသားလေးမှာ ကြောက်လန့်တကြားဖြင့် အခန်းထဲမှ ပြေးထွက်သွားရာ အခန်းထဲသို့ ဝင်လာသော ဆုန့်ယွမ်ချောင်နှင့် ထိပ်တိုက် တိုးမိလေတော့သည်။

"အာ... ဂိုဏ်းချုပ်ကြီး"

ထိုကလေးက ဆုန့်ယွမ်ချောင်ကို အမြန် ဦးညွှတ်လိုက်သည်။ ဆုန့်ယွမ်ချောင်သည် ကလေး၏ ပုံစံကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်သွားကာ "ချင်းရှူး အခြေအနေ ဘယ်လိုလဲ" ဟု မေးလိုက်သည်။

ထိုကလေးက အားကိုးရာမဲ့စွာဖြင့် - "ဦးလေးကတော့ အရင်အတိုင်း စိတ်ဓာတ်ကျနေတုန်းပါပဲ။ သူက 'ဆုန့်ကိုမွေးရင် ကျန်းကိုဘာလို့မွေးရတာလဲ' ဆိုပြီး ဘယ်သူမှ နားမလည်တဲ့ စကားတွေကို အော်နေပါတယ်။ ကျွန်တော်က အမှန်ပြင်ပေးတော့ ကျွန်တော့်ကိုတောင် ရိုက်ဖို့ လုပ်နေပါတယ်" ဟု တင်ပြလိုက်သည်။

“ဆုန့်ကိုမွေးရင် ကျန်းကိုဘာလို့မွေးရတာလဲ...”

ဤစကားကို ကြားသောအခါ ဆုန့်ယွမ်ချောင်၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားရသည်။ အခြေအနေကို မသိသူများအတွက် နားမလည်နိုင်သော်လည်း သူကမူ ကောင်းစွာ သိရှိသည်။ ဆုန့်ချင်းရှူးသည် မိမိကိုယ်မိမိနှင့် ကျန်းဝူကျိကို နှိုင်းယှဉ်ပြောဆိုနေခြင်း ဖြစ်သည်။

သူကတော့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တတ်သားပဲ... ဟု ဆုန့်ယွမ်ချောင်က စိတ်ထဲမှ တွေးမိသည်။

သူသည် သားဖြစ်သူကို ချစ်မြတ်နိုးပြီး ဆုန့်ချင်းရှူး၏ အရည်အချင်းများကို ကျေနပ်သော်လည်း ကျန်းဝူကျိနှင့် နှိုင်းယှဉ်လျှင်မူ... ဆုန့်ယွမ်ချောင်က တွေးမိသည်မှာ ကျန်းဝူကျိကသာ ကျူးကော့လျန် ဆိုလျှင် သူ၏ သားမှာ အလွန်ဆုံးရှိလှ ကျူးကော့ကျင်း (ကျူးကော့လျန်၏ အစ်ကို) အဆင့်သာ ရှိပေလိမ့်မည်။ ယခုမူ သူသည် စိတ်ဓာတ်ပြိုလဲနေသဖြင့် မည်သည့်အရာမှ မဟုတ်တော့ပေ။

ဤအချက်က ဆုန့်ယွမ်ချောင်ကို တစ်ခု သတိပြုမိစေသည်။ ဆုန့်ချင်းရှူးသည် စာပေရော သိုင်းပညာပါ တတ်ကျွမ်းသော်လည်း မိမိကိုယ်မိမိ အထင်ကြီးလွန်းသော စိတ်ဓာတ် ရှိနေသည်။ ရိုးရိုးပြောရလျှင် သူသည် အတ္တကြီးသူ တစ်ဦး ဖြစ်သည်။ ဝူတန်၏ တတိယမြောက် မျိုးဆက်တွင် အတော်ဆုံး ဖြစ်ပြီး အနာဂတ် ဂိုဏ်းချုပ်လောင်း ဖြစ်သဖြင့် အခြားသူများကို အထင်သေးတတ်သော စိတ်မှာ သူ၏ ရင်ထဲတွင် ရှိနေခဲ့သည်။

ယခင်က ဆုန့်ချင်းရှူးမှာ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုန့်ယွမ်ချောင်က အလေးအနက် မထားခဲ့ပေ။ သို့သော် ယခုမူ ဆုန့်ချင်းရှူးသည် မိမိကိုယ်မိမိ ကျန်းဝူကျိနှင့် တန်းတူထား၍ နှိုင်းယှဉ်သည်အထိ မာန်မာန ထောင်လွှားနေခဲ့ချေပြီ။ ဤနှိုင်းယှဉ်ချက်မှာ မူလတန်းကျောင်းက ကလေးတစ်ယောက်နှင့် မိုက်တိုင်ဆန်(လက်ဝှေ့ထိုးသူအမည်) တို့ နှစ်ဦးစလုံးမှာ အစွမ်းထက်ကြသည်ဟု ပြောနေသကဲ့သို့ပင် ရယ်စရာကောင်းလှသည်။

ဆုန့်ယွမ်ချောင်၏ ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာသွားသည်။ သူသည် ကျန်းဝူကျိ၏ နည်းလမ်းအတိုင်း ချင်းရှူးကို နှိုးဆော်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။

သူက ပြုံးလျက် "ကောင်းပြီ၊ မင်းလည်း ပင်ပန်းနေပြီ။ သွားနားတော့၊ ချင်းရှူးကို ငါပဲ ကြည့်လိုက်မယ်" ဟု ဆိုလိုက်သည်။

ထိုကလေးမှာ ဝမ်းသာအားရ ထွက်သွားလေတော့သည်။ ဆုန့်ယွမ်ချောင်သည် တံခါးကို တွန်းဖွင့်၍ ဝင်လိုက်သောအခါ ဆုန့်ချင်းရှူးမှာ အခန်းထောင့်တွင် အားကိုးရာမဲ့စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ယခင်က သပ်ရပ်ချောမောသော သူ၏ ပုံစံမှာ ပျောက်ကွယ်သွားပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ မျက်နှာမှာလည်း ဖြူဖျော့နေပေသည်။ မျက်လုံးအိမ်များမှာ ချိုင့်ဝင်နေပြီး မျက်လုံးများမှာလည်း နီမြန်းနေကာ ပင်ပန်းနွမ်းနယ်မှုနှင့် ဇဝေဇဝါဖြစ်မှုများကို ပြသနေသည်။ နှုတ်ခမ်းများမှာလည်း ခြောက်သွေ့ကွဲအက်နေပြီး အသားအရေမှာလည်း ညိုမှိုင်းနေကာ အသက်ဓာတ် ကင်းမဲ့နေသကဲ့သို့ပင်။

မုတ်ဆိတ်မွှေးများမှာလည်း စနစ်တကျမရှိဘဲ ဟိုတစ်စ ဒီတစ်စ ပေါက်နေကာ သူသည် အလွန်ပင် သနားစရာကောင်းနေတော့သည်။ လေတစ်ချက် တိုက်လိုက်ရုံဖြင့် လဲကျသွားမည့်ပုံစံမျိုး ဖြစ်နေသဖြင့် ဆုန့်ယွမ်ချောင်မှာ ရင်ထဲတွင် အတော်ပင် စိတ်မကောင်း ဖြစ်သွားရလေတော့သည်။

အခန်း ( ၂၅၂) ကတိမတည်သောသူသည် တန်ဖိုးမရှိ ၊ ဆုံးမပဲ့ပြင်မှု မရှိသောသားသမီး လူရာမဝင်

ဆုန့်ယွမ်ချောင် ရောက်လာသော်လည်း ဆုန့်ချင်းရှူး၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိချေ။ သူသည် မော့ပင်မကြည့်ဘဲ ထိုင်လျက်သားအတိုင်း ငေးငိုင်နေဆဲပင်။

ဆုန့်ယွမ်ချောင်က အားကိုးရာမဲ့စွာ သက်ပြင်းချရင်း - "ချင်းရှူးရာ... မင်း ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ နှိပ်စက်နေတော့မှာလား။ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပြီး ဘာကို မစွန့်လွှတ်နိုင်ရတာလဲ။ မိန်းကလေးတစ်ယောက်ကြောင့်နဲ့ မင်းဘဝကို ဒီလိုအခြေအနေထိ အောက်ကျနောက်ကျ အဖြစ်ခံတော့မှာလား" ဟု ပြောလိုက်သည်။

ဆုန့်ချင်းရှူး၏ မျက်နှာရိပ်မျက်နှာကဲ အနည်းငယ် ပြောင်းလဲသွားပြီး နာကျင်ပင်ပန်းလှသော အကြည့်ဖြင့် - "အဖေ... အခုချိန်မှာ အဖေ ဘာပြောပြော အပိုပါပဲ။ အဖေ ကျွန်တော့်အရွယ် ရောက်လာတဲ့အခါ နားလည်သွားပါလိမ့်မယ်" ဟု ပြန်ပြောလေသည်။

“ဆုန့်ယွမ်ချောင် .....”

“ဟေ့ကောင်စုတ်လေး... မင်းက ငါ့ကို ကောင်းကင်ကို ဆန့်ကျင်ပြီး စိန်ခေါ်ခိုင်းနေတာလား။ မင်းအရွယ် ရောက်လာရမယ် ဟုတ်လား။ ငါက နောက်ပြန် အသက်ရှင်နေရမှာလား”

ဆုန့်ချင်းရှူး၏ အမူအရာကို ကြည့်ပြီး ဆုန့်ယွမ်ချောင် ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထွက်လာသည်။ ဤသို့ လွှတ်ထား၍ မဖြစ်တော့ချေ။

ထို့ကြောင့် ဆုန့်ယွမ်ချောင်က အေးအေးဆေးဆေးပင် - "ဝူတန်ဂိုဏ်းကို ဧည့်သည်တွေ ရောက်နေတယ်" ဟု ဆိုလိုက်သည်။

"ဧည့်သည်လား .. ဘယ်သူလဲ"

ဤစကားကို ကြားသောအခါ ဆုန့်ချင်းရှူး၏ အသက်မဲ့နေသော မျက်လုံးများထဲတွင် အသက်ဓာတ် အနည်းငယ် ပြန်လည်ဝင်ရောက်လာပြီး သူ၏ဖခင်ကို မော့ကြည့်လာသည်။

သူ အာရုံစိုက်လာသည်ကို သိသဖြင့် ဆုန့်ယွမ်ချောင်က "ဝူကျိက မိန်းကလေးနှစ်ယောက်ကို ခေါ်ပြီး လာလည်တာလေ။ အဘိုးဆရာနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့တဲ့" ဟု ဆက်ပြောသည်။

"ဘယ်သူလဲ... ဘယ်မိန်းကလေး နှစ်ယောက်လဲ"

ဆုန့်ချင်းရှူး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး တုန်ရီသောအသံဖြင့် မေးလိုက်သည်။

သူသည် ကျန်းဝူကျိကို အမြင်မကြည်သော်လည်း ကျန်းဝူကျိ၏ ဘေးနားတွင် အမြဲရှိနေတတ်သော မိန်းကလေးများထဲတွင် ကျိုးကျစ်လော့ ပါဝင်နေသည်ကို သူ သိထားသည်။ သူ၏ဖခင်မှာလည်း သူ၏ စိတ်ဓာတ်ကို သိရှိထားပြီးဖြစ်ရာ ယခုကဲ့သို့ လာပြောခြင်းမှာ ထူးခြားသော အဓိပ္ပာယ် ရှိနေမည်ဟု သူ ယူဆလိုက်သည်။

ဤသို့ တွေးမိသောအခါ ဆုန့်ချင်းရှူး၏ ခန္ဓာကိုယ်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာသည်။ တစ်ဖက်တွင်လည်း ဆုန့်ယွမ်ချောင် ပြောသောသူများထဲတွင် ကျိုးကျစ်လော့ မပါဝင်မှာကို အလွန်ပင် စိုးရိမ်နေမိသည်။

မိမိ၏ တစ်ချိန်က ထက်မြက်လှသော သားဖြစ်သူမှာ မိန်းကလေးတစ်ယောက်ကြောင့် ဤမျှအထိ ပျက်စီးနေသည်ကို မြင်ရသဖြင့် ဆုန့်ယွမ်ချောင် စိတ်မကောင်းဖြစ်သော်လည်း "တစ်ယောက်ကတော့ သူရဲကောင်းကြီးရန်ကော် ရဲ့ မျိုးဆက် မိန်းကလေးရန်ပဲ၊ နောက်တစ်ယောက်ကတော့ အော့မေ့ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် ကျိုးကျစ်လော့ပဲ" ဟု ဖြေလိုက်သည်။

“ဝုန်း...”

နောက်တစ်စက္ကူတွင် ကြမ်းပြင်ပေါ်၌ အားပြတ်နေသကဲ့သို့ လဲလျောင်းနေသော ဆုန့်ချင်းရှူးမှာ ရုတ်တရက် ဝုန်းခနဲ ခုန်ထလိုက်ပြီး မတ်တပ်ရပ်လျက်သား ဖြစ်သွားသည်။

ဤသည်မှာ ဆုန့်ယွမ်ချောင်ကိုပင် လန့်သွားစေသည်။ ဘုရားရေ... ငါ 'တိမ်လွှာလှေကား သိုင်းကို နှစ်ပေါင်းများစွာ ကျင့်ခဲ့တာတောင် ဒီလောက် သွက်သွက်လက်လက် ခုန်နိုင်ပါ့မလား မသေချာဘူး။ ချင်းရှူးက ဘယ်လိုလုပ် ဒီလောက် အားရှိသွားရတာလဲ။ ကျိုးကျစ်လော့မှာ တကယ်ပဲ ဒီလောက်ကြီးမားတဲ့ မှော်အစွမ်း ရှိနေတာလား။

"မိန်းကလေးကျိုး ရောက်နေတာလား.... ကျွန်တော် သူမကို တွေ့ရမယ်။ မဖြစ်မနေ တွေ့ရမယ်"

ဆုန့်ချင်းရှူးမှာ ရူးသွပ်သွားသကဲ့သို့ပင်။ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုနှင့် စိုးရိမ်မှုများ ရောပြွမ်းနေပြီး အပြင်သို့ အရူးတစ်ယောက်ကဲ့သို့ ပြေးထွက်ရန် ပြင်လေသည်။

"ကောင်စုတ်... အဲဒီမှာ ရပ်လိုက်စမ်း"

ဆုန့်ယွမ်ချောင်က ဆုန့်ချင်းရှူးကို လက်တစ်ဖက်ဖြင့် ဆွဲဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

“ဖြောင်း”

ဆုန့်ယွမ်ချောင်သည် အားကို အကုန်သုံး၍ ရိုက်လိုက်ခြင်း ဖြစ်သည်။ ဆုန့်ချင်းရှူးမှာ လွင့်ထွက်သွားမတတ် ဖြစ်သွားပြီး ပါးမှာ ချက်ချင်းပင် ဖူးရောင်လာကာ ခေါင်းတစ်ခုလုံး မူးနောက်သွားရသည်။ သူ သတိပြန်ဝင်လာရန် အချိန်အတော်ယူလိုက်ရသည်။

"အဖေ... ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ"

သတိပြန်ဝင်လာသောအခါ ဆုန့်ချင်းရှူးမှာ နားမလည်နိုင် ဖြစ်နေသည်။ ဆုန့်ယွမ်ချောင်သည် သူ့ကို ယခင်က ရိုက်ဖူးသော်လည်း အကြောင်းမဲ့သက်သက်နှင့် ဤမျှ အရှိန်ပြင်းပြင်း တစ်ခါမျှ မရိုက်ဖူးပေ။ ဆုန့်ချင်းရှူးမှာ မျိုးဆက်သစ်လူငယ်များထဲတွင် ထိပ်တန်းသိုင်းပညာရှင် တစ်ဦး ဖြစ်သော်လည်း ဤတစ်ချက်တည်းနှင့် မူးဝေသွားသည်မှာ ဆုန့်ယွမ်ချောင် မည်မျှ အားထည့်ထားသည်ကို သိသာစေသည်။

"မင်းလို အသုံးမကျတဲ့ကောင်ကို ငါက ဆုံးမတာ။ ဝူကျိနဲ့ ကျိုးကျစ်လော့က ဒီကို ဘာလာလုပ်တာလဲ မင်းသိလား။ ဝူကျိက အဘိုးဆရာကို အော့မေ့ဂိုဏ်းထံ လက်ထပ်ခွင့် တောင်းခိုင်းဖို့ လာတာ၊ သူတို့ မင်္ဂလာဆောင်ကြတော့မယ်"

ဆုန့်ယွမ်ချောင်မှာ ဒေါသကြောင့် တုန်ရီနေသည်။ ဆုန့်ချင်းရှူး၏ လက်ရှိပုံစံဖြင့် အပြင်သို့ ထွက်သွားလျှင် ဝူတန်ဂိုဏ်းအတွက် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်လိမ့်မည်။ သူသည် ဆုန့်ချင်းရှူးကို အသေအချာ ဆုံးမရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဆုန့်ချင်းရှူးကို လက်ညှိုးငေါ့ငေါ့ထိုးကာ - "မင်းရဲ့ လက်ရှိပုံစံကို ကြည့်ဦး... ငေးငိုင်နေပြီး ညစ်ပတ်ပေရေနေတာပဲ။ အရင်က မင်းရဲ့ ဟန်ပန်တွေ တစ်စက်ကလေးတောင် မကျန်တော့ဘူး။ မင်းဟာ ဝူတန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပဲ"

သို့သော် ဆုန့်ချင်းရှူးမှာမူ ဆုန့်ယွမ်ချောင်၏ နောက်ဆက်တွဲ စကားများကို မကြားတော့ချေ။ သူ၏ နားထဲတွင် 'ကျန်းဝူကျိက အဘိုးဆရာကို လက်ထပ်ခွင့် တောင်းခိုင်းပြီး ကျိုးကျစ်လော့နဲ့ လက်ထပ်တော့မယ်' ဆိုသော စကားတစ်ခွန်းတည်းသာ ကြားယောင်နေတော့သည်။

ဤသတင်းသည် ဆုန့်ချင်းရှူးကို အသက်ရှူပင် ကျပ်သွားစေသည်။ သူသည် ကမ္ဘာကြီးတစ်ခုလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော ကလေးငယ်တစ်ဦးကဲ့သို့ မှင်တက်ကာ ရပ်နေမိသည်။ သားဖြစ်သူ၏ ပုံစံကို မြင်ရသောအခါ ဆုန့်ယွမ်ချောင် စိတ်မကောင်း ဖြစ်မိသော်လည်း ပို၍ ပြတ်သားရန် လိုအပ်ကြောင်း သိသဖြင့် - "ချင်းရှူး... သူတို့ လက်ထပ်တော့မှာပဲ၊ ဒီကိစ္စက ဒီမှာတင် ပြီးသွားသင့်ပြီ။ မင်းက ဘယ်လောက်အထိ ဒီလို စိတ်ဓာတ်ကျနေဦးမှာလဲ" ဟု ငေါက်လိုက်သည်။

ဆုန့်ချင်းရှူး မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝေခွဲမရဖြစ်မှုများ နှင့် နာကျင်မှုများ ပြည့်နှက်နေပြီး အသံမှာလည်း အက်ကွဲလျက် - "အဖေ... ကျစ်လော့က... သူမက ကျန်းဝူကျိနဲ့ လက်ထပ်တော့မှာလား" ဟု တိုးတိုးလေး မေးမိသည်။

ဆုန့်ယွမ်ချောင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး "ကျိုးကျစ်လော့နဲ့ ဝူကျိက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ။ မင်းက ဘာလို့ ဒီလောက် စွဲလမ်းနေရတာလဲ။ ဝူတန်သားတစ်ယောက်ဆိုတာ သဘောထားကြီးရမယ်၊ အချစ်ရေးလေး တစ်ခုတည်းနဲ့ ဒီလောက်အထိ ပျက်စီးနေရတာလား။ မင်းဟာ ငါ ဆုန့်ယွမ်ချောင်ရဲ့ သားရော ဟုတ်ရဲ့လား"

ထိုစကားက ဆုန့်ချင်းရှူး၏ အသည်းကို ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာသည်။ "အဖေ မသိပါဘူး... ကျစ်လော့အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ စိတ်က အစစ်အမှန်ပါ။ ကွမ်မင်တောင်မှာ သူမကို ပထမဆုံး မြင်ကတည်းက ကျွန်တော့်အပိုင်လို့ သတ်မှတ်ခဲ့တာ။ ဒါပေမဲ့ အခု သူမက တခြားလူနဲ့ လက်ထပ်တော့မယ်တဲ့... ကျန်းဝူကျိက ကျွန်တော့်မိန်းကလေးကို လုသွားတာ။ ဒါကို အဖေက ကျွန်တော့်ကို ဘယ်လို သည်းခံခိုင်းနေတာလဲ!"

ပြောရင်းနှင့် သူ၏ မျက်လုံးများ နီမြန်းလာကာ မျက်ရည်များ ဝိုင်းလာသည်။

ဆုန့်ယွမ်ချောင်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားသည်။ သူက ဟိန်းဟောက်လိုက်သည်မှာ "ပါးစပ်ပိတ်ထားစမ်း... အဓိပ္ပာယ်မရှိတာတွေ။ မင်းက ဝူတန်ရဲ့ တတိယမျိုးဆက် တပည့်ခေါင်းဆောင် ဖြစ်ပြီးတော့ ဂိုဏ်းရဲ့ သိက္ခာကို ထည့်မတွက်ဘဲ အချစ်ရေးမှာ နစ်မွန်းနေတာလား။ ကျိုးကျစ်လော့နဲ့ ဝူကျိက ငယ်သူငယ်ချင်းတွေ၊ ငယ်ကတည်းက ကတိပေးထားကြသူတွေ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ သူက မင်းမိန်းကလေးကို လုသွားတယ်လို့ မင်းက ဘယ်လို ပြောရဲတာလဲ။"

"မင်းဘာသာ ပြန်စဉ်းစားကြည့်ဦး၊ မင်းတို့ ပထမဆုံး စတွေ့ကတည်းက ကျိုးကျစ်လော့က မင်းကို တစ်ခါလေးတောင် အဖက်လုပ်ဖူးလို့လား။ မင်းက သူမကို 'ကျစ်လော့' လို့ ခေါ်နေတာ မရှက်ဘူးလား။ သူမက ဝူကျိရဲ့ ဇနီးလောင်းပဲ။ မင်းက စီနီယာအစ်ကို တစ်ယောက် ဖြစ်ပြီးတော့ ဒီလောက်တောင် အရှက်မရှိတာ၊ တိရစ္ဆာန်နဲ့ ဘာကွာလို့လဲ။ မင်းရဲ့ လက်ရှိပုံစံကို ကြည့်ဦး၊ ဝူတန်တပည့်ရဲ့ အရှိန်အဝါ တစ်စက်မှ မရှိဘူး။ မင်းဟာ သူတောင်းစား ဖြစ်နေပြီ။ လူရော ခွေးရော ရွံတဲ့ သူတောင်းစား ဖြစ်နေပြီ"

ဆုန့်ချင်းရှူး၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်သွားပြီး သူ လုံးဝ ပြိုလဲသွားတော့သည်။ အမှန်မှာ သူသည် မည်သည့်အခါမှ မပိုင်ဆိုင်ခဲ့ဖူးသောကြောင့် မည်သည့်အရာကိုမျှ ဆုံးရှုံးစရာ မရှိချေ။ သူ ခံစားနေရသည်မှာ တစ်ဖက်သတ် အချစ်ရေး သက်သက်သာ ဖြစ်သည်။

သို့သော် ဆုန့်ချင်းရှူးမှာ အမှန်တရားကို သိသော်လည်း လက်မခံလိုဘဲ ပြန်အော်လိုက်သည်။ "ဂိုဏ်းရဲ့ သိက္ခာကို ကျွန်တော် မသိတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲက နာကျင်မှုကို ဘယ်သူက နားလည်ပေးမှာလဲ။ ကျွန်တော် နေ့ညမပြတ် လွမ်းဆွတ်နေရတာ၊ ဒီလို အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ သိုင်းပညာကလွဲရင် ကျန်းဝူကျိက ကျွန်တော့်ထက် ဘာသာတာလဲ။ ကျွန်တော် လက်မခံနိုင်ဘူး"

“ဖြောင်း”

ဆုန့်ယွမ်ချောင်က ထပ်မံ၍ အားအပြည့်ဖြင့် ဖြတ်ရိုက်လိုက်ပြန်သည်။

"ကောင်စုတ်.... ငါ ဒီနေ့ မင်းကို အသိတရားဝင်အောင် သေတဲ့အထိ ရိုက်မယ်"

ပြောပြောဆိုဆိုနှင့် ဆုန့်ယွမ်ချောင်သည် လက်နှစ်ဖက်လုံးကို သုံး၍ ဖခင်မေတ္တာအပြည့်ဖြင့် အရိုက်အနှက်များကို လက်ဆောင်ပေးလေတော့သည်။ ပါးတစ်ဖက်ကို ရိုက်လိုက်သဖြင့် ယိုင်သွားချိန်တွင် ကျန်လက်တစ်ဖက်ဖြင့် ဆွဲယူကာ နောက်တစ်ဖက်ကို ထပ်ရိုက်သည်။ လုံးဝ ညှာတာခြင်း မရှိပေ။

ဆုန့်ချင်းရှူးမှာ မူလက ဝမ်းနည်းနေသော်လည်း ယခုမူ ဆုန့်ယွမ်ချောင်၏ ရိုက်နှက်ချက်များမှာ အလွန်ပြင်းထန်လှသဖြင့် အော်ဟစ်ငိုယိုကာ တောင်းပန်ရတော့သည်။

"မင်းလို အဆင့်နဲ့ ဝူကျိကို နှိုင်းယှဉ်ရဲသေးတယ် ဟုတ်လား။ ဝူကျိက စာပေရော သိုင်းပညာပါ ပြည့်စုံပြီး သိုင်းလောကတစ်ခုလုံးက လေးစားရသူ။ မင်းမှာ ဘာရှိလို့လဲ။ ကိုယ့်ကိုယ်ကိုယ် သိတာ မင်္ဂလာပဲ။ ကိုယ့်ကိုယ်ကိုယ် မသိတဲ့ မင်းလိုကောင်ကတော့ အခုလို အသေအရိုက်ခံရဖို့ပဲ ထိုက်တန်တယ်"

"ဝူတန်တပည့် ဖြစ်ပြီးတော့ ဒီလောက် စိတ်ဓာတ်သေးသိမ်တာ၊ မင်းဟာ အသုံးမကျတဲ့ ကောင်စုတ်ပဲ အဘိုးဆရာရဲ့ ဆုံးမမှုတွေနဲ့ ထိုက်တန်ရဲ့လား။ ငါနဲ့ မင်းရဲ့ ဦးလေးတွေရဲ့ သင်ကြားမှုကို မင်းက ဒီလို တုံ့ပြန်တာလား။ မင်းကို သေအောင် ရိုက်မယ်"

ဆုန့်ယွမ်ချောင်သည် အချိန်အတော်ကြာအောင် သည်းခံခဲ့ရသည်။ ယနေ့တွင် ဆုန့်ချင်းရှူး၏ အခြေအနေမဲ့သော စကားများကို ကြားရသောအခါ သူ ဆက်၍ သည်းမခံနိုင်တော့ချေ။ ဆုန့်ချင်းရှူး ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ်တောင်းပန်နေသော်လည်း ဆုန့်ယွမ်ချောင်မှာ မရပ်တန့်သေးပေ။

သူ ယခုမှ သဘောပေါက်သွားသည်။ သည်းခံနေခြင်းက အပိုပင် ဖြစ်သည်။ ဤကဲ့သို့သော သားမျိုးမှာ အရှက်မရှိလျှင် လူရာမဝင်နိုင်သလို၊ အရိုက်မခံရလျှင်လည်း လူကောင်းဖြစ်မလာနိုင်ချေ။ ဆုန့်ချင်းရှူး ဤကဲ့သို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အလိုလိုက်ခံခဲ့ရခြင်းကြောင့်ပင် ဖြစ်ပေတော့သည်။

All Chapters