အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
အခန်း (၂၅၃) ယင်းလိထင်တွင် အချစ်သစ်ရှိနေခြင်း
ဆန်းချင်းခန်းမအတွင်း၌ ကျန်းဆန်းဖုန်းသည် အနည်းငယ် ပြင်ဆင်ပြီး အထက်နေရာတွင် ထိုင်နေပေသည်။ ကျန်းဝူကျိနှင့် အခြားသူများမှာမူ သူ၏ ဘေးနားတွင် ရပ်နေကြသည်။
ထူးဆန်းလှချေလား... အစ်ကိုကြီးက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ ဟု ယင်းလိထင်က ဆုန့်ယွမ်ချောင် ကြာမြင့်နေသည်ကို ကြည့်ကာ သိချင်စိတ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
မော့စိန်ကုသည် သူ၏ ဘေးနားမှနေ၍ "ချင်းရှူးကို ပြင်ဆင်ပေးနေလို့ ဖြစ်မှာပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။ "ဖရိုဖရဲဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့ လူရှေ့ထွက်ခိုင်းလို့မှ မရတာ၊ အခု ကျန်းဝူကျိတို့ ရောက်နေတာဆိုတော့ ဆုန့်ချင်းရှူးလည်း စိတ်သက်သာရာ ရသွားနိုင်တာပဲ" ဟုလည်း ဆိုပေသည်။
"အင်း အတိအကျပါပဲ" ဟု ယင်းလိထင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျန်းဝူကျိနှင့် အခြားသူများ ရယ်မောကာ စကားပြောနေသည်ကို ကြည့်ပြီး "နေပါဦး ညီလေး ခုနှစ် ၊ ကျန်းဝူကျိတို့က ဘာလို့ ဒီအချိန်မှ ရောက်လာတာလို့ မင်းထင်လဲ၊ တစ်ခုခု လုပ်စရာရှိလို့များလား" ဟု မေးမြန်းလိုက်သည်။
မော့စိန်ကု၏ မျက်နှာမှာ တည်ငြိမ်နေပေသည်။ သူသည် ကျန်းဝူကျိနှင့် အခြားနှစ်ဦးကို ကြည့်ပြီးနောက် "ငါတို့ မမေးရသေးပေမဲ့ ကျန်းဝူကျိက အဘိုးဆရာကို အော့မေ့ဂိုဏ်းထံ လက်ထပ်ခွင့် တောင်းခိုင်းဖို့ လာတာ ဖြစ်လိမ့်မယ်၊ မိန်းကလေးကျိုးနဲ့ ကိစ္စကို အပြီးသတ်ချင်ပုံရတယ်" ဟု ဆိုလိုက်သည်။
"ဟင် မင်းက ဘယ်လိုလုပ် သိတာလဲ" ဟု ယင်းလိထင်က ထူးဆန်းစွာ မေးမြန်းလိုက်သည်။ မော့စိန်ကုသည် အသက်ငယ်သော်လည်း အလွန်အကဲခတ် တော်သူဖြစ်ကြောင်း သူ သိထားသော်လည်း အားလုံး အတူတူ ရောက်လာကြခြင်း ဖြစ်ရာ ကျန်းဝူကျိနှင့် စကားပင် အများကြီး မပြောရသေးချေ။ သို့ဖြစ်ပါလျက် မော့စိန်ကုက မည်သို့ ခန့်မှန်းနိုင်သနည်း။
မော့စိန်ကုက နှုတ်ခမ်းကို အသာစေ့ကာ "ငါ ခန့်မှန်းကြည့်တာပါ" ဟု ဆိုသည်။ "ပထမဆုံးအနေနဲ့ အစ်ကိုကြီးက ငါတို့အားလုံးကိုရော အဘိုးဆရာကိုရော ခေါ်ခိုင်းတယ်၊ ဒါဟာ ဘာကြောင့် ဖြစ်မလဲ၊ အရေးကြီးတဲ့ ကိစ္စတစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်" ဟု ရှင်းပြသည်။
"ပြီးတော့ ဒုတိယအချက်က..." ဟု မော့စိန်ကုက ကျိုးကျစ်လော့ကို ကြည့်ကာ ပြောလိုက်သည်။ "မိန်းကလေးကျိုးက အဘိုးဆရာနဲ့ စကားပြောတုန်းက ဘယ်လို ခေါ်တယ်ဆိုတာ မင်း သတိထားမိလား" ဟု မေးလိုက်သည်။
"အခေါ်အဝေါ်လား" ဟု ယင်းလိထင် ခဏမျှ မှင်တက်သွားပြီးမှ စဉ်းစားကြည့်ကာ "သူမက ကျန်းဝူကျိလိုပဲ ဆရာဖိုးဖိုးလို့ ခေါ်တာ မဟုတ်လား၊ အဲဒါ ဘာဖြစ်လို့လဲ" ဟု ပြန်မေးသည်။
" အစ်ကို ခြောက် ရယ်... ဒါကိုတောင် မင်း မခန့်မှန်းနိုင်ဘူးလား" ဟု မော့စိန်ကုက ဆိုသည်။ "မိန်းကလေးကျိုးက အော့မေ့ဂိုဏ်းချုပ်လေ၊ သူမ လက်မထပ်ရသေးခင်မှာ အဘိုးဆရာကို ဘယ်လိုလုပ် ဆရာဖိုးဖိုးလို့ ခေါ်မှာလဲ၊ ဒါဟာ အရေးကြီးတဲ့ ကိစ္စက သဘောတူညီမှု ရပြီးသားမို့လို့ အခေါ်အဝေါ်ကို ပြောင်းလိုက်တာပဲ ဖြစ်ရမယ်" ဟု ရှင်းပြလိုက်ပေသည်။
မော့စိန်ကု၏ ဉာဏ်မှာ ယင်းလိထင်ထက် များစွာ ထက်မြက်လှပေသည်။ ယင်းလိထင်မှာ သဘာဝအတိုင်း အနည်းငယ် ကြောက်ရွံ့တတ်ပြီး ရိုးအသူဖြစ်သဖြင့် အသက်ကြီးသော်လည်း စိတ်ဓာတ်ရင့်ကျက်မှုမှာ မော့စိန်ကုကို မမီချေ။
"ဟုတ်သားပဲ ညီလေး ခုနှစ် ၊ မင်း ရှင်းပြမှပဲ ငါ နားလည်တော့တယ်" ဟု ယင်းလိထင်က မျက်လုံးများ တောက်ပလာပြီး လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ "ဒါကြောင့်လည်း ဒီလောက် အခမ်းအနားကြီး လုပ်နေတာကိုး၊ ကျန်းဝူကျိက မင်ဂိုဏ်းချုပ် ဖြစ်နေပေမဲ့ သူ့မှာရှိတဲ့ လူကြီးသူမဆိုလို့ အဘိုးဆရာနဲ့ ငါတို့ပဲ ရှိတာလေ၊ ငါတို့ကပဲ လက်ထပ်ပွဲကို စီစဉ်ပေးတာ အသင့်တော်ဆုံးပဲ၊ ဒီတစ်ခါတော့ ငါတို့ ဝူတန်ဂိုဏ်းနဲ့ အော့မေ့ဂိုဏ်း သတင်းကောင်း ကြားရတော့မယ်" ဟု ဝမ်းသာအားရ ဆိုပေသည်။
"အတိအကျပဲပေါ့" ဟု မော့စိန်ကုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြုံးစစဖြင့် " အစ်ကိုရော အနာဂတ်ရဲ့ ခြောက်ယောက်မြောက် မရီးအကြောင်းကို အဘိုးဆရာကို ဘယ်တော့ ပြောမှာလဲ" ဟု မေးလိုက်သည်။
"လျှောက်မပြောနဲ့ ဘာမရီးလဲ၊ ဘာမှ အတည်မဖြစ်သေးဘူး" ဟု ယင်းလိထင်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး လက်ကာပြကာ ပြောလိုက်သည်။
မော့စိန်ကုက ထူးဆန်းသော အမူအရာဖြင့် " အစ်ကိုက ဦးလေးအရွယ်လေ၊ အခု မြေးဖြစ်တဲ့ ကျန်းဝူကျိတောင် မိန်းကလေးကျိုးနဲ့ လက်ထပ်တော့မယ်၊ အစ်ကိုက အခုထိ တွန့်ဆုတ်နေတုန်းလား" ဟု ဆိုသည်။ "သူတို့ နှစ်ယောက်လုံးက အော့မေ့ဂိုဏ်းကပဲလေ၊ အစ်ကိုလည်း အဘိုးဆရာကို အခွင့်အရေးရတုန်း ပြောလိုက်ပါလား၊ ဒါဆိုရင် ငါတို့ ဝူတန်ဂိုဏ်းအတွက် နှစ်ထပ်ကွမ်း မင်္ဂလာပေါ့၊ မကောင်းဘူးလား၊ အချိန်ဆွဲနေရင် တကယ်ပဲ အနှောင့်အယှက်တွေ ပေါ်လာလိမ့်မယ်" ဟု သတိပေးလိုက်သည်။
မူလက ရှက်ရုံသာ ရှက်နေသော ယင်းလိထင်မှာ မော့စိန်ကု၏ စကားကြောင့် အနည်းငယ် ထိတ်လန့်သွားရသည်။ တကယ်ပဲ အချိန်ဆွဲနေရင်း အနှောင့်အယှက်တွေ ပေါ်လာရင် ငါ ဘာလုပ်မလဲ ဟု တွေးတောမိသည်။
ယခင်က ကျိရှောင်ဖူနှင့် ကိစ္စတွင် ရန်ရှောင်က ကြားဖြတ်လုယူသွားကတည်းက ယင်းလိထင်၏ စိတ်ဓာတ်မှာ ပြိုလဲခဲ့ရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်မှသာ အမျိုးသမီးတစ်ဦးအပေါ် ခက်ခက်ခဲခဲ သံယောဇဉ် တွယ်မိခြင်း ဖြစ်ပေသည်။ အကယ်၍ ထပ်မံ အလုခံရပါက သူ အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။
ယင်းလိထင်သည် မိမိ၏ ရုပ်ရည်နှင့် စရိုက်အပေါ် ယုံကြည်မှုရှိသော်လည်း မိမိ၏ စရိုက်မှာ အနည်းငယ် ကြောက်ရွံ့တတ်ပြီး အစ်ကိုများကဲ့သို့ မပြတ်သားသည်ကိုလည်း သိထားသည်။ အမျိုးသမီးများက မိမိကဲ့သို့သော လူကို မကြိုက်ကြသည်မှာ သဘာဝကျလှပေသည်။ အထူးသဖြင့် ရန်ရှောင်ကဲ့သို့သော လူစားမျိုးနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပေသည်။
ယင်းလိထင် ဂုဏ်ယူနိုင်သည်မှာ ဝူတန်ဂိုဏ်းဝင် ဖြစ်ခြင်း၊ ချောမောသော ရုပ်ရည်ရှိခြင်းနှင့် သိုင်းလောကတွင် ပြိုင်ဘက်ကင်းသော သိုင်းပညာရှိခြင်းတို့ပင် ဖြစ်သည်။ သို့သော် ထိုအားသာချက်များမှာ ရန်ရှောင်နှင့် တွေ့သောအခါ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။
ဝူတန်ဂိုဏ်း၏ ဂုဏ်သတင်းမှလွဲ၍ ကျန်အချက်များတွင် ရန်ရှောင်ကို မမီခဲ့ချေ။ ထို့ကြောင့် နောက်ထပ် ရန်ရှောင်တစ်ယောက် ထပ်ပေါ်လာပြီး သူ၏ ဒုတိယမြောက် အိပ်မက်လှလှလေးကို ဖျက်ဆီးသွားမှာကို သူ အလွန်ပင် ကြောက်လန့်နေမိသည်။
ယင်းလိထင်၏ မျက်နှာရိပ်မျက်နှာကဲမှာ အနည်းငယ် ပြောင်းလဲသွားပြီး " ညီလေး ခုနှစ် ၊ အနှောင့်အယှက်ဆိုတာ ဘာကို ပြောတာလဲ၊ အရင်က ကျိရှောင်ဖူလိုမျိုး ထပ်ဖြစ်မှာလား" ဟု တုန်ရီစွာ မေးလိုက်သည်။
" အစ်ကိုရာ... စကားကို ကောင်းကောင်းပြောစမ်းပါ" ဟု မော့စိန်ကုက ယင်းလိထင်၏ ကြောက်ရွံ့နေသော ပုံစံကို ကြည့်ပြီး စိတ်ပျက်စွာ ဆိုသည်။ "မင်းတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာပဲ၊ ဘာလို့ မကောင်းတာတွေ တွေးနေရတာလဲ၊ မင်းက ဝူတန်ရဲ့ ဆဋ္ဌမမြောက် သူရဲကောင်း ယင်းလိထင်ပဲ၊ ဘာကို ကြောက်နေတာလဲ" ဟု အားပေးသည်။ "အကယ်၍ အစ်ကို မပြောရဲရင် ငါပဲ နောက်မှ အဘိုးဆရာကို ပြောပေးမယ်၊ ဒါမှ ဝူတန်နဲ့ အော့မေ့ နှစ်ထပ်ကွမ်း မင်္ဂလာဖြစ်မှာ" ဟု ဆိုပေသည်။
"မဖြစ်ဘူး လုံးဝ မဖြစ်ဘူး" ဟု ယင်းလိထင်က ထိတ်လန့်တကြား တားမြစ်လိုက်သည်။ "ငါ့ကိစ္စကို ညီလေးက ဘယ်လိုလုပ် ပြောလို့ ရမှာလဲ၊ ငါက အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့၊ ပြီးတော့ မိန်းကလေးတစ်ယောက်က ငါ့အပေါ် ဘယ်လို သဘောထားလဲဆိုတာ ငါ မသေချာသေးဘူး၊ လူပုံအလယ်မှာ ပြောလိုက်ရင် သူမရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကုန်မှာပေါ့၊ အဲဒီလိုဆိုရင် ငါလည်း နောက်ဆုတ်လို့ မရတော့ဘူး၊ ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး" ဟု ဆိုလိုက်သည်။
မော့စိန်ကုသည် ယင်းလိထင်၏ စကားကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးမှ "မင်းပြောတာလည်း ဟုတ်တုတ်တုတ်ပါပဲ" ဟု ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ မင်းတို့ နှစ်ယောက်က ဒုက္ခတွေကို အတူတူ ဖြတ်ကျော်လာခဲ့တာပဲ၊ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဘိုးဆရာက ဒီတစ်ခါ အော့မေ့ဂိုဏ်းကို ကိုယ်တိုင် သွားမှာဆိုတော့ ငါတို့ အားလုံး အတူတူ သွားကြမယ်၊ အဘိုးဆရာကို အရင် ကြိုပြောထားပြီး မိန်းကလေးရဲ့ စိတ်နေစိတ်ထားကိုပါ အကဲခတ်ကြတာပေါ့၊ ဘယ်လိုလဲ" ဟု အကြံပြုလိုက်သည်။
"အင်း အဲဒါ ကောင်းတယ်" ဟု ယင်းလိထင်က စဉ်းစားကြည့်ပြီး ပို၍ စိတ်ချရသည်ဟု ထင်သဖြင့် သဘောတူလိုက်လေသည်။
ကျန်းဝူကျိသည် ယင်းလိထင်၏ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာနီမြန်းနေသော ပုံစံကို ဘေးမှ မြင်သောအခါ အနည်းငယ် အံ့ဩသွားရသည်။ ယင်းလိထင်မှာ တကယ်ပဲ အချစ်သစ် ရှိနေသည်လား ဟု တွေးတောမိသည်။
သူ၏ အတွင်းအား ကျေးဇူးကြောင့် ယင်းလိထင်နှင့် မော့စိန်ကုတို့ တိုးတိုးလေး ပြောနေကြသော်လည်း သူ၏ နားထဲသို့ အတိုင်းသား ကြားနေရပေသည်။
ကျန်းဝူကျိက ရှေ့သို့ တိုး၍ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဆုန့်ယွမ်ချောင်သည် ဆုန့်ချင်းရှူးကို ခေါ်ဆောင်၍ ခန်းမထဲသို့ ဝင်လာလေသည်။
"ကိစ္စအချို့ကြောင့် နောက်ကျသွားရတာ ခွင့်လွှတ်ကြပါ" ဟု ဆုန့်ယွမ်ချောင်က ပြုံးလျက် ဆိုသည်။ သို့သော် သူသည် ဆုန့်ချင်းရှူး၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် လက်ဖဝါးချင်း ယှက်၍ ဂါရဝမပြုနိုင်ချေ။
ကျန်းဝူကျိ၏ မျက်လုံးများမှာ တောက်ပသွားပြီး "အစ်ကိုကြီးဆုန့် မတွေ့တာ ကြာပြီနော်၊ နှစ်နှစ်အတွင်းမှာ ဘာလို့ ဝလာတာလဲ၊ အရင်ကလောက် မချောတော့ဘူး" ဟု ရယ်မောကာ ပြောလိုက်သည်။
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ဆုန့်ယွမ်ချောင်နှင့် ဆုန့်ချင်းရှူးတို့၏ နှုတ်ခမ်းများမှာ တုန်ရီသွားကြသည်။ အမှန်စင်စစ် ဆုန့်ချင်းရှူးမှာ စိတ်ဓာတ်ကျနေသဖြင့် အစားအသောက် ပျက်ယွင်းကာ ပိန်ချောင်နေခြင်း ဖြစ်ပေသည်။ ယခု သူ ဝနေသည်ဟု ထင်ရခြင်းမှာ ဆုန့်ယွမ်ချောင်က သူ့ကို ရိုက်နှက် ထားသောကြောင့် ဖြစ်သည်။ ဆုန့်ယွမ်ချောင်က ဆေးထည့်ပေးထားသဖြင့်သာ ဤမျှသာ ဖြစ်နေခြင်း ဖြစ်ပြီး မဟုတ်ပါက ဖူးရောင်နေသော ပုံစံ ဖြစ်နေပေလိမ့်မည်။
ကျန်းဝူကျိသည် ဤအချက်ကို ခန့်မှန်းမိပုံရသဖြင့် တမင်သက်သက် လာရောက် နောက်ပြောင်ခြင်း ဖြစ်ပေသည်။
သို့သော် ဆုန့်ယွမ်ချောင်ကမူ အလေးအနက် မထားဘဲ ကျန်းဝူကျိသည် ဆုန့်ချင်းရှူးကို တမင် စိတ်ဆွပေးနေခြင်း ဖြစ်သည်ဟု ယူဆကာ ကျေးဇူးပင် တင်နေမိသည်။ ဆုန့်ချင်းရှူး၏ စိတ်ဓာတ်ကျနေသော အခြေအနေကို ကုသပေးနိုင်လျှင် ဘာမဆို ဖြစ်နိုင်သည်ဟု သူ ယူဆပေသည်။
ဆုန့်ချင်းရှူးမှာမူ အတင်းပြုံးနေရပြီး ကျိုးကျစ်လော့ကို မသိမသာ လှမ်းကြည့်လိုက်သည်။ သို့သော် ဆုန့်ယွမ်ချောင်က သူ၏ လက်ကို တင်းတင်းဆုပ်ညှစ်လိုက်သဖြင့် ဆုန့်ချင်းရှူးမှာ လက်ဖဝါမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် ဘာမှ ထပ်မပြောရဲတော့ဘဲ အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကာ ကျန်းဝူကျိကို ဟန်ဆောင်ပြုံး ပြလိုက်ရပေသည်။
ဝူတန်တပည့်များ အားလုံး ရှေ့၌ ယခုကဲ့သို့ အရှက်ခွဲခံရခြင်းမှာ ဆုန့်ချင်းရှူးအတွက် လွန်စွာ ခံရခက်လှပေသည်။ ငယ်စဉ်ကတည်းက ထက်မြက်သူဟု အမွှမ်းတင်ခံခဲ့ရသော်လည်း ကျန်းဝူကျိ ရှေ့၌မူ သူသည် အမြဲတမ်း အရာမရောက်သူ တစ်ဦးကဲ့သို့ ဖြစ်နေရသဖြင့် အလွန်ပင် သိက္ခာကျလှသည်ဟု သူ ခံစားနေရပေတော့သည်။
"ဟားဟား မင်းတို့အားလုံးက လူငယ်တွေပဲ၊ တစ်ဂိုဏ်းတည်းက ညီအစ်ကိုတွေပဲဟာ၊ တစ်ယောက်ကိုတစ်ယောက် နောက်မနေကြနဲ့တော့" ဟု ကျန်းဆန်းဖုန်းက အားရပါးရ ရယ်မောကာ မတ်တပ်ရပ်လိုက်သည်။ "ဒီနေ့ ငါတို့ ဝူတန်ဂိုဏ်းသားအားလုံးကို စုခိုင်းတာက အရေးကြီးတဲ့ ကိစ္စတစ်ခု ကြေညာဖို့ပါ၊ ဒါဟာ ငါတို့ ဝူတန်ဂိုဏ်းမှာ မရှိတာ ကြာပြီဖြစ်တဲ့ မင်္ဂလာသတင်းပဲ" ဟု ပြုံးလျက် ဆိုလိုက်ပေတော့သည်။
အခန်း (၂၅၄) ဆုန့်ချင်းရှူး..... ငါ တကယ်ပဲ တိုးတက်ချင်ပြီ
"အရေးကြီးတဲ့ ကိစ္စ... မင်္ဂလာသတင်း ဟုတ်လား"
ဝူတန်ဂိုဏ်းသားအားလုံးမှာ သိချင်စိတ်ဖြင့် ပြည့်နှက်သွားကြသည်။ အဘိုးဆရာကိုယ်တိုင် ဤကဲ့သို့ မိန့်ကြားသည်ဆိုလျှင် မည်မျှကြီးကျယ်သော ကိစ္စမျိုး ဖြစ်နိုင်သနည်း။ ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အားလုံးက ကျန်းဆန်းဖုန်းကို မျှော်လင့်တကြီး ကြည့်လိုက်ကြပေသည်။
ကျန်းဆန်းဖုန်းက ကြည်လင်ပြတ်သားသော အသံဖြင့် ဆိုလေသည်။
"မင်းတို့လည်း ဝူကျိတို့ ရောက်လာတာကို ကြည့်ပြီး အနည်းအကျဉ်းတော့ ခန့်မှန်းမိကြမှာပါ။ ဟုတ်ပါတယ်... ငါ့ရဲ့ မြေးဖြစ်သူ ကျန်းဝူကျိနဲ့ အော့မေ့ဂိုဏ်းက မိန်းကလေး ကျိုးကျစ်လော့တို့ဟာ တစ်ဦးပေါ်တစ်ဦး မေတ္တာမျှနေကြပြီး အိမ်ထောင်ပြု ပေါင်းဖက်ကြတော့မှာ ဖြစ်တယ်။ မကြာခင်မှာ ငါကိုယ်တိုင် အော့မေ့ဂိုဏ်းကို သွားပြီး လက်ထပ်ခွင့် တောင်းပေးမယ်။ အဲဒီအချိန်ကျရင် ဝူတန်တောင်တစ်ခုလုံး ခမ်းခမ်းနားနား ဆင်နွှဲကြရမယ်"
ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီးကြား၌ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အားလုံးက ကျန်းဝူကျိနှင့် ကျိုးကျစ်လော့ထံသို့ ဂုဏ်ပြုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဝူတန်တောင်ပေါ်ရှိ လူအများစုမှာ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ ပတ်သက်မှုကို သိရှိထားကြပြီးသား ဖြစ်သည်။ သိုင်းလောကတစ်ခုလုံး၌လည်း ထိုသတင်းမှာ ပျံ့နှံ့နေပြီးသား ဖြစ်သဖြင့် သူတို့၏ ဂုဏ်ပြုစကားများမှာ ရိုးသားဖြူစင်လှပေသည်။
ဘာပဲဖြစ်ဖြစ် ကျန်းဝူကျိသည် မင်ဂိုဏ်းချုပ် ဖြစ်ရုံသာမက သူတို့ ဝူတန်ဂိုဏ်း၏ တတိယမြောက် မျိုးဆက်တပည့်လည်း မဟုတ်ပါလား။
ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့သည် ဘေးချင်းယှဉ်ရပ်နေကြပြီး မျက်နှာထက်၌ ပျော်ရွှင်သော အပြုံးများဖြင့် လူအုပ်ကြီးကို ဝါစဉ်အလိုက် ဂါရဝပြု နှုတ်ဆက်ကြပေသည်။
လူအုပ်ထဲ၌ရှိသော ဆုန့်ချင်းရှူးမှာမူ ထိုသတင်းကို ကြားသည်နှင့် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာမှာ ဖြူလျော့သွားရာမှ ချက်ချင်းပင် နီမြန်းလာသည်။ သူ ဆုပ်ကိုင်ထားသော ဆုန့်ယွမ်ချောင်၏ လက်မှာလည်း ဒေါသကြောင့် တုန်ရီနေပေသည်။ သူသည် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ကို စိုက်ကြည့်နေမိပြီး ရင်ထဲ၌ မနာလိုဝန်တိုစိတ်များမှာ မီးဟုန်းဟုန်းတောက်နေကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
ဆုန့်ယွမ်ချောင်က သူ့ကို ကြိုတင်ပြင်ဆင်ပေးထားသော်လည်း အဘိုးဆရာကိုယ်တိုင် လူပုံအလယ်တွင် ကြေညာလိုက်သည်ကို မြင်ရသောအခါ၊ ဝူတန်ဂိုဏ်းသားအားလုံးက ဝမ်းသာအားရ ဂုဏ်ပြုနေကြသည်ကို တွေ့ရသောအခါ၊ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ ဤမျှ ပျော်ရွှင်နေကြသည်ကို မြင်ရသောအခါ သူ အမှန်တကယ်ပင် ဆောက်တည်ရာမရ ဖြစ်သွားရသည်။
သူသည် ကျိုးကျစ်လော့ကို နှစ်သက်မြတ်နိုးခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ လက်ထပ်တော့မည်ဟူသော သတင်းမှာ သူ၏ ရင်ကို ဓားဖြင့် မွှန်းသကဲ့သို့ ခံစားရစေသည်။ သို့သော် ဖခင်ဖြစ်သူ ဆုန့်ယွမ်ချောင်က ဘေးမှ တင်းမာစွာ ကြည့်နေခြင်း၊ မိမိကိုယ်တိုင်လည်း အရိုက်အနှက်ခံထားရသဖြင့် နာကျင်နေခြင်းတို့ကြောင့် တစ်ခွန်းမျှ မဟရဲချေ။ အကယ်၍ တစ်ခုခု လျှောက်လုပ်မိပါက ဖခင်ဖြစ်သူက မိမိငယ်စဉ်က မရခဲ့သော ဖခင်မေတ္တာ အရိုက်အနှက်များကို ထပ်မံ ဖြည့်ဆည်းပေးမည်ကို သူ စိုးရိမ်နေမိသည်။
ကျန်းဆန်းဖုန်းက သူ၏ မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်ကာ အားရပါးရ ရယ်မောလိုက်သည်။
"ဒီလို မင်္ဂလာကိစ္စမျိုးကို ငါကိုယ်တိုင် ဂုဏ်ပြုပေးရမှာပေါ့။ ကျစ်လော့လေးက ထက်မြက်သလို သိုင်းပညာမှာလည်း ထူးချွန်ပြီး အခုဆို အော့မေ့ဂိုဏ်းချုပ်တောင် ဖြစ်နေပြီ။ ဝူကျိအကြောင်းကတော့ ပြောနေစရာတောင် မလိုပါဘူး။ သိုင်းလောကမှာ သူ့ကို မလေးစားတဲ့သူ မရှိသလောက်ပဲ။ သူဟာ မွန်ဂိုတွေကို နှင်ထုတ်ပြီး ဟန်လူမျိုးတွေရဲ့ အချုပ်အခြာအာဏာကို ပြန်လည် ထူထောင်ပေးနေတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ဝူကျိလို လူမျိုး ငါတို့ ဝူတန်မှာ ရှိတာဟာ ဂုဏ်ယူစရာပဲ။ အခု သူတို့ နှစ်ယောက် ပေါင်းဖက်ရမှာဟာ ကောင်းကင်က ဖန်တီးပေးတဲ့ ဖူးစာဖက်တွေပါပဲ"
"ကောင်းကင်က ဖန်တီးပေးတဲ့ ဖူးစာဖက်တွေ... ဖူးစာဖက်တွေ..."
တစ်စုံတစ်ယောက်က စတင်အော်ဟစ်လိုက်ပြီးနောက် အခြား ဝူတန်တပည့်များကလည်း လိုက်လံ အော်ဟစ်ကာ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့ကို ဂုဏ်ပြုကြပေသည်။
ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့က ချက်ချင်းပင် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။ ဆုန့်ချင်းရှူးမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ၌ ပေါက်ကွဲလုမတတ် ခံစားနေရသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်သည်းများမှာ လက်ဖဝါးထဲသို့ နစ်ဝင်နေသော်လည်း နာကျင်မှုကို အောင့်ထားရသည်။ အဘိုးဆရာနှင့် ကျန်းဝူကျိတို့ အော့မေ့သို့ သွားမည့်ကိစ္စများကို တိုင်ပင်နေကြသည်ကို သူစိမ်းတစ်ယောက်ကဲ့သို့ ငေးကြည့်နေရရှာသည်။
"ချင်းရှူး... မင်း ခံစားနေရတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့လက်ကို ညှစ်နေတာလွှတ်ဦးလေ"
ထိုစဉ် ဆုန့်ယွမ်ချောင်က ဆုန့်ချင်းရှူး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ ဆုန့်ချင်းရှူး တောင့်ခဲသွားပြီးမှ သူ ဆုပ်ကိုင်ထားသည်မှာ မိမိလက်မဟုတ်ဘဲ ဖခင်ဖြစ်သူ ဆုန့်ယွမ်ချောင်၏ လက်ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူ စိတ်လွတ်သွားစဉ်က လက်သည်းဖြင့် ဖိညှစ်လိုက်သည်မှာ ဖခင်၏ လက်ဖဝါး ဖြစ်နေပေသည်။
ဆုန့်ချင်းရှူးသည် အားနာလှသဖြင့် ဖခင်၏ လက်ကို ချက်ချင်း လွှတ်ပေးလိုက်ရပေသည်။ သူသည် ပို၍ပင် စိတ်ဓာတ်ကျသွားရသည်။
မိမိ ချစ်မြတ်နိုးရသူက အခြားတစ်ယောက်နှင့် လက်ထပ်တော့မည်ကို မိမိ၏ အဘိုးဆရာ၊ ဖခင်၊ ဦးလေးများနှင့် ဝူတန်ဂိုဏ်းသားအားလုံးက ဂုဏ်ပြုနေကြသည်ကို သူ ငေးကြည့်နေရသည်။ သူသည် အပယ်ခံတစ်ယောက်ကဲ့သို့ ခံစားနေရပြီး အားကိုးရာမဲ့ ဖြစ်နေရှာသည်။
ငယ်စဉ်ကတည်းက သူ့ကို တန်ဖိုးထားခဲ့သူအားလုံးမှာ ရန်သူ့ဘက်သို့ ပါသွားကြပြီဟု သူ ထင်မြင်နေမိသည်။ သူသည် အရူးတစ်ယောက်ကဲ့သို့ ရပ်ကြည့်နေရရုံတင်မကဘဲ အများနည်းတူ လက်ခုပ်ပင် လိုက်တီးပေးရပေဦးမည်။ မဟုတ်ပါက သဘောထားသေးသူဟု အထင်ခံရပေလိမ့်မည်။
မင်္ဂလာသတင်း ကြေညာခြင်းကိစ္စ ပြီးဆုံးသွားသောအခါ ဆုန့်ချင်းရှူးကို ဆုန့်ယွမ်ချောင်က ပြန်ခေါ်သွားလေသည်။
ဤအတောအတွင်း ကျန်းဝူကျိက ဆုန့်ချင်းရှူးကို ဘာမှ လိုက်လံ ရန်မစချေ။ ဘာကြောင့်ဆိုသော် ဤမျှနှင့်ပင် လုံလောက်ပြီဟု သူ သိထားသောကြောင့် ဖြစ်သည်။ အမှန်စင်စစ် ကျန်းဝူကျိသည် ဆုန့်ချင်းရှူးကို ဒုက္ခပေးနေခြင်း မဟုတ်ဘဲ မူလဝတ္ထုထဲတွင် ဆုန့်ချင်းရှူး တစ်ဦးတည်းသော သားဆိုးသားမိုက် ဖြစ်ခဲ့ရသည်ကို ကယ်တင်ပေးနေခြင်း ဖြစ်သည်။
အခန်းထဲသို့ ပြန်ရောက်သည်နှင့် ဆုန့်ချင်းရှူး၏ မျက်နှာမှာ မည်းမှောင်သွားပြီး စားပွဲကို လက်ဝါးဖြင့် အရှိန်ပြင်းပြင်း ရိုက်ချလိုက်ရာ စားပွဲမှာ တစ်စစီ ကွဲထွက်သွားသည်။ ထူးဆန်းသည်မှာ သူ ယခင်က ဤလက်ဝါးသိုင်းကို ဤမျှအထိ မကျွမ်းကျင်ခဲ့သော်လည်း ယနေ့ ဒေါသကြောင့် သိုင်းပညာ တိုးတက်သွားခြင်းပင် ဖြစ်သည်။
၎င်းကို မြင်သောအခါ ဆုန့်ယွမ်ချောင်က မျက်နှာပျက်သွားပြီး "မင်း ဘာလုပ်တာလဲ၊ စားပွဲကို ရိုက်ခွဲတော့ ဘာထူးမှာလဲ၊ အရာရာက ပြောင်းလဲသွားမှာ မဟုတ်ဘူး" ဟု ငေါက်လိုက်သည်။
"မဟုတ်ဘူး... ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး"
ဆုန့်ချင်းရှူးက လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ အားပြတ်စွာ လဲကျသွားသည်။
"မင်း..."
ဆုန့်ယွမ်ချောင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးတိုးပင် တက်ချင်လာသည်။ သို့သော် ဆုန့်ချင်းရှူး၏ မျက်ရည်များ ဝိုင်းလာသည်ကို မြင်သောအခါ "အဖေ... အပြင်ကို ခဏ ထွက်ပေးပါ။ ကျွန်တော် တစ်ယောက်တည်း စဉ်းစားပါရစေ။ အဖေနဲ့ အဘိုးဆရာရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် ဖျက်ဆီးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အချိန်ခဏလေးတော့ ပေးပါ" ဟု ပြောလာသဖြင့် ဆုန့်ယွမ်ချောင် စိတ်ပျော့သွားရသည်။
"ကောင်းပြီ... မင်း သေချာ စဉ်းစားပြီးရင် ငါ့ဆီ လာခဲ့ပါ"
သားဖြစ်သူ သတိဝင်လာသည်ကို မြင်ရသဖြင့် ဆုန့်ယွမ်ချောင် ဝမ်းသာသွားသည်။ ယောက်ျားကောင်းဆိုသည်မှာ ပြတ်သားရမည် ဖြစ်သော်လည်း ဆုန့်ချင်းရှူးအတွက်မူ အချိန်လိုအပ်သည်မှာ သဘာဝကျလှပေသည်။ ထို့ကြောင့် ဆုန့်ယွမ်ချောင်သည် အပြင်သို့ ထွက်သွားပြီး တံခါးကို သေချာ ပြန်ပိတ်ပေးခဲ့လေသည်။
ဆုန့်ယွမ်ချောင် ထွက်သွားသည်နှင့် ဆုန့်ချင်းရှူး၏ မျက်လုံးများမှာ တောက်ပလာသည်။
သူသည် မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။
"မင်းက ကျန်းဝူကျိနဲ့ လက်ထပ်တော့မှာ ဖြစ်ပေမဲ့ ငါ့ရဲ့ ခံစားချက်တွေကိုတော့ မင်းကို ပြောပြရလိမ့်မယ်။ အကယ်၍ မင်းက ငါ့အပေါ် ဘာစိတ်မှ မရှိဘူးဆိုရင်တော့ ငါ လုံးဝ လက်လျှော့လိုက်ပါ့မယ်။ ငါဟာ ဝူတန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ မင်းမရှိလို့ ငါ မသေနိုင်ပါဘူး"
ဆုန့်ချင်းရှူးသည် ကျိုးကျစ်လော့ကို သူ၏ ရင်ထဲရှိ စကားများအားလုံးကို အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ငြင်းပယ်ခံရလျှင်ပင် မိမိကိုယ်ကိုယ် နှိပ်စက်နေရသည်ထက် သာလွန်သည်ဟု သူ ယူဆလိုက်သည်။
သူသည် ကျန်းဝူကျိကဲ့သို့ သိုင်းပညာနှင့် အဆင့်အတန်း ရှိနေပါက ကျိုးကျစ်လော့ကို အလုခံရမည် မဟုတ်ဟုလည်း တွေးမိသည်။ တစ်ချိန်တည်းမှာပင် မိမိ၏ ပုံစံမှာ အဘိုးဆရာနှင့် ဖခင်တို့အတွက် အရှက်ရစရာ ဖြစ်နေသည်ကို သူ သိမြင်သွားသည်။ သူသည် ဝူတန်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည့်သူ ဖြစ်သဖြင့် ဤမျှအထိ သနားစရာကောင်းအောင် မနေသင့်တော့ချေ။
သူသည် သိုင်းပညာနှင့် စာပေကို ကြိုးစားအားထုတ်ပြီး တစ်နေ့တွင် ကျန်းဝူကျိထက် ပို၍ ထက်မြက်ကြောင်း သက်သေပြမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျိုးကျစ်လော့ကို နောင်တရစေရမည်ဟုလည်း ကြုံးဝါးလိုက်သည်။ နောင်တစ်ချိန်တွင် ကျိုးကျစ်လော့ နောင်တရနေမည့် မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်ရင်း ဆုန့်ချင်းရှူးမှာ သိုင်းကျင့်ရန်နှင့် စာဖတ်ရန် စိတ်အားထက်သန် လာတော့သည်။
ဆုန့်ချင်းရှူးက "ငါ တကယ်ပဲ တိုးတက်ချင်ပြီ" ဟု ရေရွတ်လိုက်ပေတော့သည်။