အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း (၂၅၅) ယင်းလိထင်.....ကျွန်တော်လည်း အိမ်ထောင်ပြုချင်ပါတယ်
ဝူတန်တောင်တန်းသည် စိမ်းလန်းစိုပြည်လျက်ရှိပြီး တောင်ထိပ်များအကြား တိမ်တိုက်နှင့် မြူနှင်းများ ဝဲလည်နေသည်မှာ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။
ဆန်းချင်းခန်းမ၏ နောက်ဘက်ရှိ တိတ်ဆိတ်သော ဝင်းတစ်ခုအတွင်း၌ ယင်းလိထင်နှင့် မော့စိန်ကုတို့ ရှိနေကြပေသည်။ မော့စိန်ကုမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ယင်းလိထင်၏ မျက်နှာထက်၌မူ ရှားရှားပါးပါး အနေခက်ဟန်နှင့် စိုးရိမ်ပူပန်မှုများ အရိပ်ထင်နေသည်။
"သွားကြရအောင် အစ်ကိုရာ၊ အခု အဘိုးဆရာရဲ့ အဆောင်မှာ ကျန်းဝူကျိနဲ့ အစ်ကို သုံး ပဲ ရှိတာပါ၊ တခြားလူစိမ်းတွေ တစ်ယောက်မှ မရှိဘူး၊ ဘာကို ကြောက်နေတာလဲ"
မော့စိန်ကုသည် ယင်းလိထင်၏ ကြောက်ရွံ့နေသော ပုံစံကို ကြည့်ကာ စိတ်မရှည်နိုင်တော့သဖြင့် သူ့ကို အသာအယာ တွန်းလိုက်ပေသည်။
"ဒါဆို... ကောင်းပြီလေ..."
ယင်းလိထင်၏ အမူအရာမှာ တုံ့ဆိုင်းနေဆဲပင် ဖြစ်သည်။ လမ်းတစ်လျှောက်လုံး၌ သူ၏ ရင်ခုန်သံမှာ ပိုမိုမြန်ဆန်လာသည်။ အတိတ်က သင်ခန်းစာမှာ သူ၏ ရင်ထဲ၌ ဒဏ်ရာတစ်ခုကဲ့သို့ ရှိနေသဖြင့် မသေချာမရေရာ ဖြစ်နေရရှာသည်။
ဤခြေလှမ်းကို တစ်ခါလှမ်းပြီးလျှင် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ကြောင်းလည်း သူ သိထားသည်။ သို့သော် မိန်းကလေး ပေကျင့်ယီ နှင့် ထာဝရ အတူရှိနေရမည့် အရေးကို တွေးမိသောအခါ သူ၏ ရင်ထဲ၌ အတိုင်းအဆမရှိသော သတ္တိများ စီးဆင်းလာပြန်သည်။
ယခင်က ကျိရှောင်ဖူသည် နူးညံ့သိမ်မွေ့သော စရိုက်ရှိသော်လည်း အတွင်းစိတ်၌ ခေါင်းမာသူ ဖြစ်သည်။ ယင်းလိထင်သည် သူမကို ချစ်မြတ်နိုးသလို လေးစားခဲ့သည်။ ပေကျင့်ယီ မှာမူ ထိုသို့မဟုတ်ဘဲ ကြင်နာတတ်ပြီး ကလေးဆန်သော ပျော်ပျော်နေတတ်သူ ဖြစ်သဖြင့် သူမနှင့် အတူရှိချိန်တိုင်း ယင်းလိထင်မှာ အလွန်ပင် စိတ်လက်ပေါ့ပါးမှုကို ခံစားရသည်။
သူတို့နှစ်ဦး အတူတူ အချိန်ဖြုန်းခဲ့ကြသဖြင့် သူမကို ယခင်က ကျိရှောင်ဖူထက်ပင် ပို၍ ချစ်မိသွားရသည်။ ယခုကဲ့သို့ အဆုံးအဖြတ်ပေးရမည့် အချိန်တွင် သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
သို့သော် သူသည် သိက္ခာရှိသော ယောကျာ်းတစ်ဦး မဟုတ်ပါလား။ အကယ်၍ ဤကိစ္စကို အဘိုးဆရာအား ပြောပြရန် သတ္တိမရှိလျှင် သူသည် အလွန်ပင် အသုံးမကျသော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ ထိုသို့ တွေးမိသည်နှင့် ယင်းလိထင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျန်းဆန်းဖုန်း၏ အခန်းတံခါးဝသို့ ရောက်သောအခါ လက်ကိုမြှောက်၍ တံခါးခေါက်ရန် ပြင်လိုက်သည်။
"ဝင်ခဲ့ပါ"
သို့သော် သူ တံခါးမခေါက်ရသေးမီမှာပင် ကျန်းဆန်းဖုန်း၏ နူးညံ့တည်ငြိမ်သော အသံမှာ အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
ယင်းလိထင်၏ ကိုယ်လုံးမှာ တောင့်ခဲသွားရသည်။ အဘိုးဆရာ၏ အတွင်းအားမှာ အလွန်နက်ရှိုင်းလှသဖြင့် သူနှင့် မော့စိန်ကုတို့၏ ခြေသံကို ကြားကာ ကြိုတင်သိရှိနေခြင်း ဖြစ်ပေမည်။
"သွားစို့ အစ်ကို ခြောက်"
ယင်းလိထင်မှာ တုံ့ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ မော့စိန်ကုက သူ့ကို တံခါးနှင့် တိုက်မိသွားသည်အထိ တွန်းလိုက်ပြီး အခန်းထဲသို့ အတူဝင်ခဲ့ကြပေသည်။
ထိုအချိန်တွင် အခန်းထဲ၌ လူခြောက်ဦးသာ ရှိပေသည်။ ကျန်းဆန်းဖုန်းနှင့် ကျန်းဝူကျိအပြင် ကျိုးကျစ်လော့၊ ရန်ယောင်ချင်း၊ ယွီတိုက်ယန်နှင့် ကျန်းဆုန်းရှီးတို့ ရှိနေကြသည်။
ကျန်းဝူကျိ ရောက်ရှိလာသဖြင့် သူတို့အားလုံး စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့သည် သိုင်းလောကမှ သေးနုပ်သော ကိစ္စရပ်များကို ရယ်မောကာ စကားစမြည် ပြောဆိုနေကြသည်။ ဝူတန်သူရဲကောင်း ခြောက်ဦးထဲတွင် ဆုန့်ချင်းရှူးကို ထိန်းကျောင်းနေသော ဆုန့်ယွမ်ချောင်နှင့် ကိစ္စရပ်များ ဖြေရှင်းရန် တောင်အောက်သို့ ဆင်းသွားသော ယွီလျန်ကျိုးတို့မှလွဲ၍ ကျန်သူများမှာ ဤနေရာ၌ ရှိနေကြပေသည်။
ယင်းလိထင်နှင့် မော့စိန်ကုတို့ ဝင်လာသည်ကို မြင်သောအခါ ကျန်းဝူကျိက အဓိပ္ပာယ်ပါသော အပြုံးဖြင့် ဆိုလိုက်သည်။
"ဦးလေးတို့ နှစ်ယောက်၊ ကျွန်တော် အခုလေးတင် အဘိုးဆရာတို့နဲ့ ဦးလေးတို့ အကြောင်း ပြောနေတာ၊ အခုပဲ ရောက်လာကြတယ်နော်"
“ဟင်... ငါတို့အကြောင်း ပြောနေတယ် ဟုတ်လား”
ယင်းလိထင်နှင့် မော့စိန်ကုတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကျန်းဝူကျိ ဘာကို ဆိုလိုသည်ကို မသိဘဲ ဖြစ်နေကြသည်။
"ဝူကျိ... မင်းက..."
ယင်းလိထင်သည် မေးရန် ပါးစပ်ပြင်လိုက်သော်လည်း ဘယ်ကစ၍ မေးရမှန်း မသိ ဖြစ်နေရသည်။
ကျန်းဝူကျိကမူ ရယ်မောလျက် "ဦးလေးယင်း... ကျွန်တော့်ရဲ့ အတွင်းအားက နက်ရှိုင်းတယ်ဆိုတာ ဦးလေး မေ့နေတာလား၊ ခုနက ဆန်းချင်းခန်းမမှာ ဦးလေးနဲ့ ဦးလေးမော့တို့ တိုးတိုးလေး ပြောနေကြတာတွေကို ကျွန်တော် အကုန်ကြားလိုက်ရပါတယ်" ဟု ဆိုလိုက်သည်။
"ဟင်"
ယင်းလိထင်နှင့် မော့စိန်ကုတို့မှာ ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားကြသည်။ ထိုစဉ်က ဆန်းချင်းခန်းမထဲ၌ တပည့်များစွာ ရှိနေပြီး သူတို့မှာ မိမိတို့ပင် ပြန်မကြားရလောက်အောင် တိုးတိုးလေး ပြောနေကြခြင်း ဖြစ်သည်။ ကျန်းဝူကျိက ထိုမျှ ဝေးကွာသော နေရာမှနေ၍ မည်သို့ ကြားနိုင်ပါသနည်း။
၎င်းက သူတို့ကို အံ့အားသင့်သွားစေသည်။ ကျန်းဝူကျိ၏ သိုင်းပညာမှာ မည်သည့်အဆင့်သို့ ရောက်နေပြီလဲ၊ အဘိုးဆရာတောင် ဤမျှအထိ မကြားနိုင်ဘူး၊ ဒါဟာ တကယ့်ကို ကြောက်စရာကောင်းလှချေရဲ့ ဟု သူတို့ တွေးတောမိကြသည်။
အမှန်စင်စစ် သူတို့မသိသည်မှာ ကျန်းဆန်းဖုန်း၏ အတွင်းအားမှာ မြင့်မားသော်လည်း သူတစ်ပါးစကားကို ခိုးနားထောင်တတ်သည့် အလေ့အကျင့် မရှိချေ။ မဟုတ်ပါက ယခင် ခုန်းရှန့်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရမည် မဟုတ်ပေ။ ကျန်းဝူကျိမှာမူ ပတ်ဝန်းကျင်ကို အမြဲ သတိထားတတ်သူ ဖြစ်သဖြင့် သူတို့၏ စကားများကို အသေအချာ ကြားလိုက်ခြင်း ဖြစ်သည်။
သတ္တိများ စုဆောင်းလာခဲ့သော ယင်းလိထင်မှာ ယခုအခါ စိတ်မလုံမလဲ ဖြစ်လာပြီး မျက်နှာမှာလည်း နီရဲလာသည်။ သူသည် "ဒုက္ခပါပဲ၊ အဘိုးဆရာကို ပြောမလို့ ရှိသေးတယ်၊ ဝူကျိက အရင် ကြားသွားတာပဲ၊ ရှက်လိုက်တာမှ မြေကြီးထဲသာ တိုးဝင်သွားချင်တော့တာပဲ" ဟု တွေးနေမိသည်။
ကျန်းဆန်းဖုန်းက အသာအယာ ပြုံးလိုက်ပြီး "လိထင်... အများကြီး မတွေးပါနဲ့၊ ဝူကျိက ငါ့ကို အများကြီး မပြောပါဘူး၊ မင်းမှာ မကြာခင် မင်္ဂလာသတင်း တစ်ခုခု ရှိလာနိုင်တယ်လို့ပဲ ပြောတာ၊ အဲဒါကြောင့် ငါတို့က မေးနေကြတာပါ" ဟု မိန့်ကြားလိုက်သည်။
ယွီတိုက်ယန်နှင့် ကျန်းဆုန်းရှီးတို့ကလည်း ယင်းလိထင်ကို ကြည့်ကာ "ဟုတ်တယ် ညီလေး၊ ဝူကျိက မင်းရဲ့ မျက်နှာကို ထောက်ထားလို့ အများကြီး မပြောဘူး၊ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ မင်းရဲ့ သိုင်းပညာ တိုးတက်လာရုံတင်မကဘဲ ပိုပြီးလည်း ပြုံးလာတာကို ငါတို့ သတိထားမိတယ်၊ ဘယ်လို သတင်းကောင်းလဲဆိုတာ ငါတို့ကိုတောင် ပြောလို့ မရဘူးလား" ဟု မေးမြန်းကြသည်။
"ပြောလို့ ရပါတယ်၊ ပြောလို့ ရပါတယ်၊ အစ်ကိုတို့က ကျွန်တော့်ရဲ့ အရင်းနှီးဆုံး လူတွေပဲဟာ၊ အစ်ကိုတို့ကို မပြောရင် ဘယ်သူ့ကို ပြောရမှာလဲ၊ ဒါပေမဲ့ ကိစ္စက အတည်မဖြစ်သေးတော့ အရင်က ပြောဖို့ ရှက်နေတာပါ၊ အခုတော့ ကျွန်တော် အားလုံးကို ပြောပြပါ့မယ်"
ယင်းလိထင်၏ မျက်နှာမှာ နီမြန်းနေပြီး အနေခက်နေသော်လည်း မော့စိန်ကုက ဘေးမှနေ၍ အားပေးသော အကြည့်ဖြင့် ကြည့်နေသည်။ ယင်းလိထင်သည် မိမိနှင့် မိန်းကလေး ပေကျင့်ယီ တို့၏ အနာဂတ်အတွက် သတ္တိကို မွေးလိုက်ပြီး ကျန်းဆန်းဖုန်း၏ ရှေ့တွင် ဝုန်းခနဲ ဒူးထောက်လိုက်ကာ "အဘိုးဆရာ... တပည့်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်" ဟု လျှောက်တင်လိုက်သည်။
ကျန်းဆန်းဖုန်းမှာ ယင်းလိထင် ဤသို့ လုပ်လိမ့်မည်ဟု မထင်ထားချေ။ သို့သော် ယင်းလိထင်သည် အသက်သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း စိတ်ဓာတ်ရင့်ကျက်မှုမှာ လူငယ်တစ်ယောက်ထက်ပင် ပို၍ အားနည်းတတ်ကြောင်း သူ သိထားသည်။ ယခုကဲ့သို့ ဖြစ်နေခြင်းမှာ အလွန်အရေးကြီးသည့် တစ်ခုခုနှင့် ကြုံနေရခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကျန်းဆန်းဖုန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ကြင်နာစွာ ကြည့်လျက် "လိထင်... ထပြီး ပြောစမ်းပါ၊ ငါတို့အားလုံးက မိသားစုတွေပဲ၊ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြောသာပြော၊ အားနာစရာ မလိုပါဘူး" ဟု မိန့်ကြားလိုက်သည်။
အဘိုးဆရာ၏ နူးညံ့သော သဘောထားကို မြင်ရသောအခါ ယင်းလိထင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး စိတ်ကို ငြိမ်အောင် ထားလိုက်ကာ "အဘိုးဆရာ... ဒီနေ့... ကျွန်တော် တွေ့လိုက်ရတာက ဝူကျိက အဘိုးဆရာကို အော့မေ့ဂိုဏ်းထံ မိန်းကလေးကျိုးအတွက် လက်ထပ်ခွင့် တောင်းခိုင်းတာကိုပါ၊ အဲဒါကြောင့် ကျွန်တော်လည်း တစ်ခုခုကို လျှို့ဝှက်မထားသင့်တော့ဘူးလို့ ထင်လို့ လာပြောပြတာပါ၊ အမှန်အတိုင်း ပြောရရင် တပည့်လည်း လက်ထပ်ခွင့် တောင်းချင်တဲ့ ကိစ္စအတွက် လာခဲ့တာပါ" ဟု လျှောက်တင်လိုက်ပေသည်။
“လက်ထပ်ခွင့် တောင်းဖို့ ဟုတ်လား”
ထိုစကား ထွက်ပေါ်လာသည်နှင့် ကျန်းဝူကျိနှင့် မော့စိန်ကုတို့မှလွဲ၍ ကျန်လူအားလုံးမှာ ယင်းလိထင်ကို အံ့ဩစိတ်ဝင်စားစွာ ကြည့်လိုက်ကြသည်။ မည်သည့်အခါမျှ စိတ်လှုပ်ရှားခြင်း မရှိတတ်သော ရန်ယောင်ချင်းပင်လျှင် ယင်းလိထင်ကို စူးစမ်းစွာ ကြည့်လိုက်မိသည်။ စိတ်တည်ငြိမ်သူ မည်သူမဆို သူတစ်ပါး၏ အချစ်ရေး ကိစ္စကို စိတ်ဝင်စားတတ်ကြသည်မှာ လူ့သဘာဝ မဟုတ်ပါလား။
ကျန်းဆန်းဖုန်းသည် ယင်းလိထင်ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်နေပြီး ယွီတိုက်ယန်နှင့် ကျန်းဆုန်းရှီးတို့၏ မျက်နှာတွင်မူ ဝမ်းသာရမလား၊ ဘာဖြစ်ရမလား မသေချာသော အမူအရာများ ပေါ်ပေါက်နေသည်။
အမှန်အတိုင်း ပြောရလျှင် ယင်းလိထင်သည် ကျိရှောင်ဖူ၏ ကိစ္စကြောင့် စိတ်ဓာတ်ကျနေခဲ့ပြီး နှစ်ပေါင်းများစွာ ရန်ရှောင်ကို သတ်ရန်သာ ကြိုးစားရင်း ရူးသွပ်လုမတတ် ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ကွမ်မင်တောင်ထိပ်၌ ကျိရှောင်ဖူသည် ရန်ရှောင်ထံသို့ လိုလိုလားလား ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် လူပိန်းတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။ ကျိရှောင်ဖူနှင့် ရုပ်ချင်းတူလှသော ရန်ပုဟွေ့မှာလည်း ကျန်းဝူကျိ၏ မိန်းကလေး ဖြစ်လာပြီး ရန်ရှောင်မှာလည်း ကျန်းဝူကျိ၏ လက်အောက်ငယ်သား ဖြစ်သွားခဲ့သည်။
ဤသို့ဖြင့် ယင်းလိထင်သည် စေ့စပ်ထားသူဆိုသည့် အဆင့်အတန်း ရှိနေဆဲဖြစ်ပြီး ရန်ရှောင်ကို သတ်လျှင်ပင် မည်သူမျှ ဘာမှ ပြောမည်မဟုတ်သော်လည်း ကျန်းဝူကျိ၏ မျက်နှာကို ထောက်ထားခြင်းနှင့် မိမိကိုယ်တိုင်လည်း ဖြောင့်မတ်သော လူတစ်ဦးဖြစ်ခြင်းကြောင့် ထိုကိစ္စကို လက်လျှော့လိုက်ရသည်။ သူသည် ရန်ရှောင်အား ကျန်းဝူကျိအပေါ် သစ္စာရှိရန်နှင့် ရန်ပုဟွေ့အား ကျန်းဝူကျိကို ကောင်းကောင်း ပြုစုရန်သာ မှာကြားခဲ့ပြီးနောက် ဝူတန်တောင်ပေါ်သို့ ပြန်လာကာ ဝမ်းနည်းမှုများဖြင့်သာ နေ့ရက်များကို ကုန်လွန်စေခဲ့သည် ။
ဘာပဲဖြစ်ဖြစ် တရားဓမ္မများကို နားလည်နိုင်သော်လည်း ခံစားချက်များကို အချိန်တိုအတွင်း မေ့ဖျောက်ရန်မှာ မလွယ်ကူလှပေ။ ယင်းလိထင်၏ စိတ်ဓာတ်မှာ မူလကတည်းက သိပ်မရင့်ကျက်လှရာ ကျိရှောင်ဖူ၏ ကိစ္စမှ မလွတ်မြောက်နိုင်သေးမီ ယခုကဲ့သို့ အကြီးအကျယ် စိတ်ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်ပတ်လုံး သူသည် သိုင်းပညာကိုသာ ကျင့်ကြံနေသော်လည်း စိတ်မကြည်လင်သဖြင့် တိုးတက်မှု မရှိခဲ့ချေ။ သူသည် အခန်းထဲ၌သာ အောင်းနေတတ်ပြီး အပြင်သို့ မထွက်သဖြင့် သူ၏ အခြေအနေမှာ အလွန်ပင် ဆိုးဝါးလှသည်။
၎င်းက ဆုန့်ယွမ်ချောင်နှင့် ယွီလျန်ကျိုးတို့ကို စိုးရိမ်စေခဲ့သည်။ မိမိတို့၏ ညီလေးကို ဤသို့ မြင်ရသည်မှာ စိတ်မကောင်းစရာ မဟုတ်ပါလား။ ယခုခေတ် စကားနှင့် ပြောရလျှင် သူသည် ဆုန့်ချင်းရှူး၏ ပျော့ညံ့သော ပုံစံတစ်ခုကဲ့သို့ ဖြစ်နေပေတော့သည်။
အခန်း (၂၅၆) ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ အပြန်အလှန် အာမခံချက်
ထိုကိစ္စနှင့် ပတ်သက်၍ ဝူတန်ဂိုဏ်းသား စီနီယာကြီးများသည် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ယင်းလိထင် ကမူ စိတ်ဓာတ်ကျနေခဲ့သည်။
နောက်ပိုင်းတွင် မော့စိန်ကုက အကြံတစ်ခု ရရှိခဲ့သည်။ တောင်ပေါ်မှဆင်း၍ ကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ရှုခင်းကြည့်ရင်း စိတ်ပြေလက်ပျောက်ဖြစ်စေရန် ယင်းလိထင်ကို တစ်ပါတည်း ခေါ်ဆောင်သွားခြင်းပင် ဖြစ်သည်။
တောင်အောက်သို့ အကြိမ်အနည်းငယ် ဆင်းပြီးသည့်နောက်တွင်မူ ယင်းလိထင်၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း တက်ကြွလာပြီး ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပျက်လာသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြရာ ၎င်းတို့အားလုံး စိတ်သက်သာရာ ရခဲ့ကြသည်။
မူလက ထိုအကြောင်းရင်းကို မေးမြန်းရန် ကြံရွယ်ထားသော်လည်း မမျှော်လင့်ဘဲ ဆုန့်ချင်းရှူးမှာ စိတ်ဓာတ်ကျဆင်းလာပြီး ၎င်း၏အခြေအနေက ပို၍ပင် ဆိုးရွားနေခဲ့ပြန်သည်။ ထို့ကြောင့် စီနီယာကြီးများ၏ အာရုံမှာ ဆုန့်ချင်းရှူးထံသို့ ရောက်ရှိသွားပြီး ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သော ယင်းလိထင်ကို သတိမမူမိဘဲ ရှိခဲ့ကြသည်။
ယခု ပြန်လည်စဉ်းစားကြည့်ပါက ယင်းလိထင်၏ စိတ်အခြေအနေ ပြောင်းလဲသွားရခြင်းမှာ ဧကန်မလွဲ ဤအကြောင်းကြောင့်ပင် ဖြစ်ပေမည်။
ယွီတိုက်ယန်သည် ရှေ့သို့ တက်လှမ်းလာပြီး ယင်းလိထင်၏ ပုခုံးကို ဖက်လျက် ရယ်မောကာ ပြောဆိုလိုက်သည်။
"မင်းကတော့ လုပ်လိုက်ပြန်ပြီ ညီလေးခြောက်။ ဒီလောက် ဝမ်းသာစရာကောင်းတဲ့ သတင်းကို ငါတို့ကို ကြိုမပြောဘူး။ မြန်မြန်ပြောစမ်းပါဦး။ ဘယ်က မိန်းကလေးကို စိတ်ဝင်စားနေတာလဲ"
ယင်းလိထင်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လျက် ပြန်လည်ပြောကြားသည်။
"အစ်ကို သုံးကလည်း ဘာတွေ ပြောနေတာလဲ။ စိတ်ဝင်စားတယ်ဆိုတာကြီးက ကြားလို့ မကောင်းပါဘူး။ တကယ်တော့ ဒါက... ဒါက..."
သူက ဝန်ခံရန် ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ မော့စိန်ကုက ကြားထဲမှ ဝင်ရောက် ပြောဆိုပေးလိုက်သည်။
"သူက အဲဒီမိန်းကလေးရဲ့ အသက်ကို ကယ်ခဲ့တာဗျ။ ပြီးတော့ သူတို့က အရင်ကတည်းက သိကျွမ်းဖူးတဲ့သူတွေဆိုတော့ အခုလို နီးစပ်သွားကြတာပေါ့"
"အသိအကျွမ်းတွေ ဟုတ်လား။ အသက်ကိုလည်း ကယ်ခဲ့တယ်ဆိုပါလား"
ကျန်းဆုန်းရှီးကလည်း အနီးသို့ ချဉ်းကပ်လာပြီး မေးမြန်းလိုက်သည်။
"ညီလေးခြောက်... ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ မြန်မြန် ပြောစမ်းပါဦး။ ဒါမှမဟုတ် ညီလေးခုနစ်ကိုပဲ ပြောခိုင်းရမလား"
ယင်းလိထင်၏ မျက်နှာမှာ နီရဲသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဖြေကြားသည်။
"သူက... အော့မေ့ဂိုဏ်းက ပေကျင့်ယီပါ"
"ဟင်... အစ်မကြီး ပေလား"
ကျိုးကျစ်လော့မှာ အံ့အားသင့်သွားပြီး ယင်းလိထင် ပြောဆိုသည့်လူမှာ ပေကျင့်ယီ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျန်းဝူကျိနှင့် သူမ လက်ထပ်မည့်သတင်းကို ကြားပြီးမှ ယင်းလိထင်က အဘယ်ကြောင့် ရှေ့ထွက်ပြောဆိုရသည်ကို သူမ ယခုမှ နားလည်သွားတော့သည်။ သူသည် မင်္ဂလာနှစ်ထပ်ကွမ်း ကျင်းပလိုသည့် ဆန္ဒရှိနေခြင်းပင် ဖြစ်သည်။
ထိုအချက်မှာ အမှန်ပင် သင့်လျော်လှပေသည်။
ကျန်းဆုန်းရှီးက ကျိုးကျစ်လော့ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"မိန်းကလေး ကျိုး... အဲဒီ အစ်မကြီး ဆိုတဲ့သူနဲ့ ခင်မင်ပါသလား"
ယင်းလိထင်၏ ဉာဏ်ပညာ အဆင့်အတန်းအရ တစ်ဖက်လူ၏ လှည့်ဖျားမှုကို ခံရမည်ကို ကျန်းဆုန်းရှီးက စိုးရိမ်နေခြင်းမှာ ထင်ရှားလှသည်။
ကျိုးကျစ်လော့သည် ကျန်းဆုန်းရှီးက သူ၏ ညီငယ်အတွက် စိုးရိမ်နေခြင်းကို နားလည်သဖြင့် ခေါင်းညိတ်ပြလျက် ပြောဆိုသည်။
"အစ်မကြီး ပေက အရမ်း စိတ်ထားကောင်းတဲ့သူပါ။ သူက သူတစ်ပါးနဲ့ အပြိုင်အဆိုင် မလုပ်တတ်သလို လုယူတာမျိုးလည်း မရှိဘူး။ စိတ်နေစိတ်ထားကလည်း အနည်းငယ် တက်ကြွဖျတ်လတ်ပါတယ်။ ကျွန်မ အော့မေ့ကို စရောက်တုန်းက အစ်မတော် ပေက ကျွန်မအပေါ် အကြင်နာဆုံးပဲ။ နောက်ပိုင်း ထန်မိန်ကျွင်းက ကျွန်မကို နှိပ်စက်တဲ့အခါမှာလည်း အစ်မကြီး ပေကပဲ အကြိမ်ကြိမ် ကူညီပေးခဲ့တာပါ"
ထိုစကားကို ကြားရသောအခါ လူအများက နားလည်သွားကြသည်။ ထိုမိန်းကလေးမှာ မိန်းမကောင်းတစ်ဦးပင် ဖြစ်ပေမည်။
ကျန်းဝူကျိကလည်း ပြုံးလျက် ပြောဆိုသည်။
"ကျွန်တော်လည်း အနည်းအကျဉ်း သိပါတယ်။ ဒီအစ်မကြီး ပေဟာ အရင်က ဒေါ်လေးကျိနဲ့ အရမ်းခင်မင်ခဲ့တာပါ။ ကျွန်တော်တို့ လိပ်ပြာချိုင့်ဝှမ်းမှာ ရှိစဉ်တုန်းက သီလရှင် မြဲ့ကြွယ်က အမြစ်ပြတ်အောင်ဆိုပြီး ပုဟွေ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ပုဟွေ့နဲ့ ကျွန်တော် လွတ်မြောက်ခဲ့တာမှာ အစ်မကြီး ပေရဲ့ အကူအညီလည်း ပါခဲ့တာပေါ့။ သူက ငယ်ရွယ်တဲ့ ပုဟွေ့ အသတ်ခံရမှာကို မကြည့်ရက်နိုင်လို့ သီလရှင် မြဲ့ကြွယ်ကို လိမ်ညာပြောဆိုခဲ့တာပါ။ သူ့ရဲ့ စိတ်ဓာတ်က တကယ်ကို ချီးကျူးစရာပါပဲ"
ယွီတိုက်ယန်နှင့် ကျန်းဆုန်းရှီးတို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ နှစ်ဦးစလုံးက အာမခံပေးနေသဖြင့် ၎င်းတို့ စိတ်အေးသွားကြသည်။
ယွီတိုက်ယန်က ပြုံးလျက် ဆိုသည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့။ တခြားအရာတွေက ဒုတိယပါ။ ကိုယ်ကျင့်တရားကသာ အဓိကပဲ။ ဝူကျိနဲ့ မိန်းကလေး ကျိုးတို့ကတောင် ဒီလောက် ချီးကျူးနေမှတော့ သူဟာ တကယ့်ကို ကြင်နာတတ်တဲ့ ထူးခြားတဲ့ အမျိုးသမီး ဖြစ်ရမယ်။ ညီလေးခြောက်... မင်းကတော့ တကယ် ကံကောင်းတာပဲ"
ထိုသို့ ပြောဆိုရင်း ယင်းလိထင်၏ ပုခုံးကို ပုတ်ကာ ထပ်မံ ဂုဏ်ပြုလိုက်သည်။
သို့သော် ယင်းလိထင်မှာ ထင်သလောက် မပျော်ရွှင်နိုင်ဘဲ တိုးညင်းစွာ ပြောလိုက်သည်။
"သူ... သူ သဘောတူပါ့မလား မသိဘူး"
ကျန်းဆုန်းရှီးက နားမလည်နိုင်သဖြင့် မေးမြန်းသည်။
"ဘာလို့လဲ ညီလေးခြောက်။ မင်း သူ့ကို မင်းရဲ့ စိတ်ရင်းကို မပြောရသေးဘူးလား"
လူအများကလည်း ဝိုင်းကြည့်လိုက်ကြသည်။ မိန်းကလေးကို ချစ်စကားပင် မပြောရသေးဘဲ လက်ထပ်ခွင့် တောင်းတော့မည်လော။ ထိုသို့ဆိုလျှင် အနည်းငယ် စောလွန်းနေသည် မဟုတ်ပါလား။ ထိုကိစ္စက အသက်အန္တရာယ် မရှိနိုင်သော်လည်း အကယ်၍ သူမက ငြင်းပယ်လိုက်ပါက ဆရာသခင်၏ မျက်နှာ ပျက်ရမည် မဟုတ်ပါလား။
ယင်းလိထင်က ယုံကြည်မှု ကင်းမဲ့စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောရှာသည်။
"ကျွန်တော် သူ့ကို စိတ်ရင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အခြေအနေက အရမ်း အရေးကြီးနေတာ။ ကျွန်တော်တို့ နှစ်ယောက်စလုံး သေတော့မယ်လို့ ထင်နေကြတဲ့ အချိန်မှာ သူက ကျွန်တော့်ကို သဘောတူခဲ့တာပါ။ နောက်ပိုင်း သူ ဒဏ်ရာရသွားလို့ ကျွန်တော်ပဲ အော့မေ့ဂိုဏ်းအထိ ပြန်ပို့ပေးခဲ့တယ်။
ကျွန်တော်တို့ မတွေ့ရတာ နှစ်လကျော်ပြီ။ သူ့ရဲ့ စိတ်ထဲမှာ တကယ် ဘယ်လို ရှိနေမလဲဆိုတာ မသိဘူး။ အဲဒီတုန်းက သေရတော့မယ် ထင်လို့ပဲ မတတ်သာလို့ သဘောတူခဲ့တာလား။ တကယ်ရော လိုလိုလားလား ရှိရဲ့လားဆိုတာ ကျွန်တော် မသိတော့ပါဘူး"
"ဟူး... ညီလေးခြောက်။ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလိုက်တာ။ ငါတို့ သိုင်းလောကသားတွေက အသေးအဖွဲ ကိစ္စတွေကို သိပ်ဂရုမစိုက်တတ်ကြပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သိက္ခာကတော့ အသက်ထက် အရေးကြီးပါတယ်။ အကယ်၍ သူက မင်းကို တကယ် မနှစ်သက်ဘူးဆိုရင် ဘာလို့ သဘောတူပါ့မလဲ။ အဲဒီတုန်းက သဘောတူခဲ့တယ်ဆိုမှတော့ အခုမှ ဘာလို့ ငြင်းစရာ အကြောင်းရှိမှာလဲ"
ကျန်းဆုန်းရှီးက ယင်းလိထင်ကို တိုက်ရိုက်ပင် ဆုံးမလိုက်သည်။ ထိုစကားကို ကြားရသောအခါ ယင်းလိထင် စိတ်သက်သာရာ ရသွားပြီး အစ်ကိုကြီး လေး၏ စကားမှာ အမှန်ပင် ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
ထိုစဉ် ကျန်းဆန်းဖုန်းက ပြုံးလျက် မိန့်ကြားသည်။
"ကဲ... လိထင်။ မင်းနဲ့ မော့စိန်ကုက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို ငါ့ကို ပြောပြကြစမ်း။ အော့မေ့ဂိုဏ်းက မိန်းကလေး ပေကျင့်ယီနဲ့ ဘယ်လို ဆုံခဲ့ကြသလဲဆိုတာ မင်းတို့ ဆရာကို အသေးစိတ် သိပါရစေဦး"
ယင်းလိထင်မှာ အရှက်အကြောက်ကြီးသူဖြစ်သဖြင့် ထိုကဲ့သို့သော အကြောင်းအရာများကို ပြောဆိုရန် ဝန်လေးနေမည်ဖြစ်ကြောင်း ဆရာသခင်က ကောင်းစွာ သိရှိသည်။ မော့စိန်ကုမှာမူ ပို၍ တည်ငြိမ်ပြီး အခြေအနေကို အပြင်လူအဖြစ် မြင်နိုင်စွမ်း ရှိသဖြင့် ၎င်းတို့ နှစ်ဦးစလုံးကို ပြန်လည် ပြောပြခိုင်းခြင်းက ပို၍ သင့်လျော်ပေမည်။
ဆရာသခင် မိန့်ကြားသဖြင့် ယင်းလိထင်နှင့် မော့စိန်ကုတို့သည် အကြောင်းစုံကို ပြန်လည် ပြောပြကြသည်။ ယင်းလိထင် ရှက်ရွံ့၍ မပြောနိုင်သော နေရာများတွင် ထိုစဉ်က အတူရှိနေခဲ့သော မော့စိန်ကုက အသေးစိတ် ရှင်းလင်း ပြောဆိုပေးသည်။
အကြောင်းစုံမှာ မော့စိန်ကုသည် ယင်းလိထင် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ တောင်အောက်သို့ ခေါ်ဆောင်သွားပြီး ကျင်းကျိုးရှိ သာမန်လူထုကို ဒုက္ခပေးနေသော မိစ္ဆာဂိုဏ်းတစ်ခုကို နှိမ်နင်းရန် သွားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လမ်းခရီးတွင် တောင်ပေါ် ဓားပြတစ်စုက အော့မေ့ဂိုဏ်းသား အချို့ကို ဝိုင်းရံထားသည်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြသည်။ ထိုအထဲတွင် ပေကျင့်ယီလည်း ပါဝင်နေခဲ့သည်။
မူလက ထိုဓားပြအုပ်စုမှာ ကြမ်းကြုတ်သော်လည်း ပေကျင့်ယီနှင့် အခြားသူများမှာ သီလရှင် မြဲ့ကြွယ်၏ တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး သိုင်းပညာ အခြေခံ ခိုင်မာကြသဖြင့် ထိုဓားပြများကို နှိမ်နင်းရန် မခဲယဉ်းပေ။ သို့သော် ထိုဓားပြများမှာ အောက်တန်းကျလှသည်။ ၎င်းတို့သည် ကာမစိတ်ဖြင့် အနိုင်ကျင့်ရန် ကြိုးစားသော်လည်း မအောင်မြင်သောအခါ မြင်းစီးလျက် နောက်ဆုတ်သွားပြီး အဝေးမှ မြားဖြင့် လှမ်း၍ ပစ်ခတ်ကြသည်။
ပေကျင့်ယီနှင့် အခြားသူများမှာ သိုင်းပညာ ကောင်းမွန်သော်လည်း မြင်းစီးထားသူများကို အမှီ မပြေးနိုင်ကြပေ။ ဓားပြများ၏ မြင်းပေါ်မှ မြားပစ်စွမ်းရည်မှာလည်း မညံ့ဖျင်းလှသဖြင့် ပေကျင့်ယီနှင့် အခြားသူများမှာ ဒဏ်ရာများ ရရှိကုန်ကြသည်။ အခြေအနေ အရေးကြီးနေစဉ်တွင် ယင်းလိထင်နှင့် မော့စိန်ကုတို့ ရောက်ရှိလာပြီး ဝူတန်၏ တိမ်လွှာလှေကား ကိုယ်ဖော့ပညာဖြင့် ဓားပြများ၏ မြင်းများကို အမှီလိုက်ကာ ၎င်းတို့အား သတ်ဖြတ်လျက် ပေကျင့်ယီတို့ကို ကယ်တင်ခဲ့ကြခြင်း ဖြစ်သည်။
အသက်ကယ်ကျေးဇူးမှာ ပြောနေရန်ပင် မလိုတော့ပေ။ ပေကျင့်ယီသည် ယင်းလိထင်တို့ကို အရင်ကတည်းက သိကျွမ်းထားပြီး ယင်းလိထင်၏ ကံကြမ္မာအပေါ်တွင်လည်း အလွန် ကိုယ်ချင်းစာခဲ့ဖူးသည်။ ယခု ဆုံတွေ့ကြသောအခါ နွေးထွေးစွာ နှုတ်ဆက်ကြသည်။
ယခင်က ပေကျင့်ယီသည် သီလရှင် မြဲ့ကြွယ်နှင့်အတူ ကွမ်မင်တောင်ထိပ်သို့ မလိုက်ပါခဲ့သဖြင့် ဖမ်းဆီးခြင်း မခံခဲ့ရဘဲ ထိုစဉ်က မဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ယခု ပြန်စဉ်းစားကြည့်ပါက သူမသည် ယင်းလိထင်ကို မတွေ့ရသည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိပြီ ဖြစ်သည်။ ထိုစဉ်က ပေကျင့်ယီသည် ကျိရှောင်ဖူနှင့် ယင်းလိထင်တို့ကို စနောက်ခဲ့ဖူးသော်လည်း ယခုမူ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ စိတ်မကောင်းစရာ အတိတ်များကို ပြန်လည် အမှတ်ရမိကြသည်။
ပေကျင့်ယီနှင့် သူမ၏ အပေါင်းအဖော်များမှာ ဒဏ်ရာရထားသဖြင့် သွားလာရန် မလွယ်ကူသောကြောင့် ယင်းလိထင်နှင့် မော့စိန်ကုတို့သည် ၎င်းတို့အား ခေါ်ဆောင်၍ မိစ္ဆာဂိုဏ်းကို သွားရောက် နှိမ်နင်းပြီးနောက် အော့မေ့ဂိုဏ်းသို့ ပြန်လည် ပို့ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သိုင်းလောကသား ချင်းဖြစ်စေ၊ ကျန်းဝူကျိ၏ မျက်နှာကြောင့်ဖြစ်စေ ၎င်းတို့ကို ပစ်ထားခဲ့ရန် မသင့်တော်ပေ။
ပေကျင့်ယီတို့ကမူ ယင်းလိထင်တို့ကို အနှောင့်အယှက် မဖြစ်စေရန် ထိုနေရာမှာပင် နားနေပြီး ဒဏ်ရာကုသရန် ကြံရွယ်ခဲ့ကြသည်။ သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ ဒဏ်ရာပြင်းထန်နေသော လှပသည့် အမျိုးသမီးများသာ ကျန်ရစ်ခဲ့ပါက တစ်စုံတစ်ဦး၏ ရန်ကို ခံရမည် စိုးရိမ်သဖြင့် ယင်းလိထင်တို့ နောက်သို့ လိုက်ပါရန် သဘောတူလိုက်ကြသည်။
ယင်းလိထင်နှင့် မော့စိန်ကုတို့သည် ရထားလုံးတစ်စီး ငှားရမ်းကာ ပေကျင့်ယီတို့ကို တင်ဆောင်လျက် ကျင်းကျိုးသို့ အတူတကွ ထွက်ခွာခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ယင်းလိထင်နှင့် မော့စိန်ကုတို့သည် ထိုမိစ္ဆာဂိုဏ်းကို အမှုမထားသောကြောင့် ဖြစ်သည်။ အသိဉာဏ်မရှိသော သာမန်လူများကိုသာ နှိပ်စက်တတ်သည့် မိစ္ဆာဂိုဏ်းတွင် မည်မျှလောက်သော စွမ်းရည်ရှိမည်နည်း။ ၎င်းတို့သည် ထိုကဲ့သို့သော အဖွဲ့အစည်းပေါင်းများစွာကို ဖျက်ဆီးခဲ့ဖူးပြီး လူအများအား ခေါ်ဆောင်သွားခြင်းမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။ တကယ်တော့ ၎င်းတို့သည် စိတ်ပြေလက်ပျောက် လာခဲ့ကြခြင်းသာ ဖြစ်သည်။
သို့သော်လည်း ကိစ္စရပ်များမှာ ထင်သလို ဖြစ်မလာခဲ့ပေ။ ထိုမိစ္ဆာဂိုဏ်း၏ သိုင်းပညာမှာ အညံ့စားဖြစ်သော်လည်း ၎င်းတို့တွင် ယမ်းမှုန့်များ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိခဲ့ရသည်။