ပျောက်ကွယ်နေသော စိန်ခေါ်သူ?
Vol. 24 Ch. 350
လုရှန်ယွမ် နှင့် ပိုင်ကျီဟန်
ဤတိုက်ပွဲသည် တပည့်နှစ်ဦးကြား ယှဉ်ပြိုင်ရုံရုံမျှသာ မဟုတ်ဘဲ တစ်ဂိုဏ်းလုံးကို လှုပ်ခတ်သွားစေသည့် ဖြစ်ရပ်တစ်ခု ဖြစ်နေသည်။ ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွား၏
မိနစ်ပိုင်းအတွင်းမှာပင် အလောင်းအစားများ ပေါ်ပေါက်လာကာ တပည့်များသည်လည်း ၎င်းတို့၏ စုဆောင်းငွေများကို ထုတ်ယူ၍ မည်သူနိုင်မည်နည်းဟု လောင်းကြေးထပ်နေကြသည်။
လောင်းကြေးများသည် လုရှန်ယွမ်ဘက်သို့ သိသိသာသာ အသာစီးရနေသည်။ အကြောင်းမှာ သူသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ဂိုဏ်း၏ သက်တမ်းအရင့်ဆုံးနှင့် အသန်မာဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။
ပိုင်ကျီဟန်သည် ပါရမီထူးချွန်ပြီး နာမည်ကြီးသော်လည်း ငယ်ရွယ်နေသေးကာ လူအများစုအဖို့ သူတိုက်ခိုက်သည်ကို တစ်ခါမျှ မမြင်ဖူးကြချေ။
ပိုင်ကျီဟန်၏ စွမ်းရည်နှင့် ပတ်သက်၍ လူအများ သိထားသည်မှာ ကောလာဟလများသာ ဖြစ်ပြီး ထိုသတင်းများမှာ ချဲ့ကားထားသည်ဟု ထင်မြင်နေကြသည်။
တစ်ဖက်တွင်မူ လုရှန်ယွမ်သည် ချူကျီယန်ကို မည်သို့ အနိုင်ယူခဲ့သည်ဟူသော စွမ်းအားကို လူတိုင်း မြင်တွေ့ထားပြီးဖြစ်သည်။
ပွဲကြည့်စင်မြင့်ထက်တွင်မူ ကာကွယ်ရေး အခင်းအကျင်းများ ရစ်ပတ်ထားသည့် ခမ်းနားသော နန်းဆောင်များ ရှိနေသည်။
ထိုနေရာတွင် ဂိုဏ်း၏ အကြီးအကဲများ၊ ခန်းမသခင်များနှင့် တောင်ထိပ်သခင်များ စီတန်းထိုင်နေကြပြီး နှစ်ပေါင်းများစွာအတွင်း စိတ်လှုပ်ရှားစရာအကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် ဤတိုက်ပွဲကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
၎င်းတို့ထဲတွင် အကြီးအကဲ ဝူဟမ်နှင့် ဂိုဏ်းခေါင်းဆောင် ဆန့်ကျင်ရေးအုပ်စုမှ အရေးပါသော ပုဂ္ဂိုလ်များလည်း ပါဝင်သည်။
သူတို့၏ မျက်နှာတွင် ယုံကြည်ချက်အပြည့်နှင့် ကျေနပ်မှုများ ရှိနေကြပြီး အချို့မှာမူ လုရှန်ယွမ်အနိုင်ရရှိကာ ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူ အရှက်တကွဲ ဖြစ်တော့မည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်ကာ ပြုံးနေကြသည်။
သူတို့နှင့် မလှမ်းမကမ်းတွင်ရှိသော ဂိုဏ်းခေါင်းဆောင် အုပ်စုဝင်များမှာမူ မသက်မသာ ဖြစ်နေကြသည်။
သူတို့သည် စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် တီးတိုး ပြောဆိုနေကြသည်။
ပိုင်ကျီဟန်သည် သူတို့အုပ်စုဝင် မဟုတ်သော်လည်း ၊ မည်သည့်ဘက်ကိုမျှ တရားဝင် မထောက်ခံသော်လည်း သူ ရှုံးနိမ့်သွားပါက ဆန့်ကျင်ဘက်အုပ်စုအတွက် အကြီးအကျယ် အသာစီးရသွားစေမည် ဖြစ်သည်။
၎င်းသည် ဂိုဏ်းအတွင်း ဆန့်ကျင်ဘက်အုပ်စု၏ သြဇာအာဏာကို အရှိန်အဟုန်ဖြင့် မြင့်တက်လာစေမည် ဖြစ်သလို ဂိုဏ်းခေါင်းဆောင်သည် အားနည်းသည်ဆိုသော သူတို့၏ စွပ်စွဲချက်များကို မှန်ကန်ကြောင်း သက်သေပြသလို ဖြစ်သွားပေလိမ့်မည်။
အချို့သောသူများက မကျေမနပ်ဖြင့် တိုးတိုးရေရွတ်နေကြ၏
"ပိုင်ကျီဟန်သာ ရှုံးသွားရင် ငါတို့ ဒုက္ခရောက်တော့မှာ။ အာရုံစိုက်ခံရအောင် လုပ်တဲ့ သူ့အပြစ်ပဲ။"
"ဘာလို့ အခုလို ခက်ခဲတဲ့အချိန်ကျမှ လုရှန်ယွမ်ကို သွားစိန်ခေါ်ရတာလဲ။ သူရှုံးရင် ငါတို့ ဘယ်လောက် ခံစားရမလဲဆိုတာ သူ မသိဘူးလား”
သူတို့အုပ်စု အားနည်းနေခြင်းမှာ ပိုင်ကျီဟန်နှင့် မဆိုင်သော်လည်း လူအများအပြားသည် ထိုကဲ့သို့ပင် တွေးတောနေကြသည်။
ထိုစဉ် ချင်းလန် တောင်ထိပ်သခင်မမှာမူ တည်ငြိမ်နေသည်။
သူမ၏ အကြည့်မှာ စိုးရိမ်ခြင်းလည်း မရှိ၊ မျှော်လင့်ချက်အပြည့်လည်း မရှိဘဲ အေးဆေးတည်ငြိမ်လျက်ပင်။ သို့သော် ထိုတည်ငြိမ်မှုအောက်တွင် တိတ်ဆိတ်သော မျှော်လင့်ချက်တစ်ခု ကိန်းအောင်းနေသည်။
ပိုင်ကျီဟန်သည် နာမည်အရဆိုလျှင် သူမ၏ တပည့်ဖြစ်သည်။
ထို့အပြင် ပိုင်ကျီဟန်သည် စီးဆင်းနေသောလမင်းဂိုဏ်းကပင် လက်ခံခဲ့ရသည့် ပိုင်ရှင်းယွဲ့ ကို အနိုင်ယူခဲ့စဉ်က သူ၏ ထူးခြားသော ပါရမီကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ပိုင်ကျီဟန် အနိုင်ရရန် မဖြစ်နိုင်ဟု သူမ မထင်သော်လည်း လွယ်ကူလိမ့်မည်ဟုလည်း မယူဆပေ။
သူမ၏ ပတ်ဝန်းကျင်တွင် အကြီးအကဲများနှင့် တောင်ထိပ်သခင်များသည် စင်မြင့်ထက်သို့ စိုက်ကြည့်ရင်း စကားဆိုနေကြသည်။
ဝူးးးး
ပင်မစိန်ခေါ်ပွဲစင်မြင့်ထက်ရှိ လေထုထဲတွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားပြီး ကောင်းကင်ယံထက်မှ လျင်မြန်ထက်ရှသော အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။
ဝူးးးး
၎င်းသည် စင်မြင့်ထက်တွင် ရပ်တန့်သွားပြီး ထိုဓားအလင်းတန်းထဲမှ လုရှန်ယွမ် ထွက်လာခဲ့သည်။
ငွေရောင်ဓားအမှတ်အသားများ ထိုးထားသည့် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ တည်ရှိမှုသည် တည်ငြိမ်၍ ထက်မြက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ကောင်းကင်ဓားဂိုဏ်း၏ မျိုးဆက်သစ်တပည့်များထဲတွင် နှစ်ပေါင်းများစွာ ထိပ်ဆုံး၌ ရပ်တည်နေသူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။
သူ့နောက်တွင် သူ၏ အုပ်စုဝင် တပည့်အချို့ လိုက်ပါလာကြပြီး လုရှန်ယွမ်၏ အစွမ်းနှင့် လက်ရှိဂိုဏ်းခေါင်းဆောင်အပေါ် သူ၏ ပြတ်သားသော ရပ်တည်ချက်ကို ကြည်ညိုကြသည့် သစ္စာရှိ နောက်လိုက်များ ဖြစ်ကြသည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ထဲတွင် လှိုင်းလုံးတစ်ခုကဲ့သို့ တီးတိုးပြောသံများ ပျံ့နှံ့သွားသည်။ "စီနီယာ လုရှန်ယွမ်”
"သူ နောက်ဆုံးတော့ ရောက်လာပြီဟေ့”
"သူ့ဆီက အရှိန်အဝါကို ကြည့်ဦး၊ တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ”
"ပိုင်ကျီဟန်တော့ ကြောက်လို့ တုန်နေလောက်ပြီ။"
လုရှန်ယွမ်သည် စင်မြင့်ထက်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး ခြေထောက်အောက်ရှိ မြေပြင်သည် ဝိညာဉ်စွမ်းအားများကြောင့် တုန်ခါသွားသည်။
သို့သော် သူ၏ မျက်နှာအမူအရာမှာမူ လုံးဝ ကျေနပ်နေပုံမရပေ။
သူ့ရှေ့မှ တပည့်များ၏ တီးတိုးပြောသံများ၊ အဝေးမှ ကြည့်နေသော အကြီးအကဲများနှင့် သူ့ကို အားကျမဆုံး ဖြစ်နေသော အမျိုးသမီးကျင့်ကြံသူများကို ကြည့်ရင်း သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
"တောက်”
သူသည် မျက်မှောင်ကြုတ်ကာ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
"အကြီးအကဲ ဝူဟမ်ကြောင့်သာ မဟုတ်ရင်..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "...ငါ ဒီလို အဓိပ္ပာယ်မရှိတဲ့ အလုပ်မျိုးအတွက် အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။"
ဘေးနားရှိ တပည့်တစ်ဦးသည် မြှောက်ပင့်သော အပြုံးဖြင့် အမြန်ပင် ဝင်ပြောလိုက်သည်။
"စီနီယာလု ပြောတာ မှန်ပါတယ်။ အဲဒီ ပိုင်ကျီဟန်က ပါရမီရှိရင် ရှိလိမ့်မယ်၊ ဒါပေမဲ့ စီနီယာနဲ့ ယှဉ်ရင်တော့ သူက နေရာမသိတဲ့ ကလေးတစ်ယောက်ပါပဲ။"
"ဟုတ်တယ်။ သူက ပိုင်မျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံ ရှိနေလို့သာ နာမည်ကြီးနေတာပါ။ ဒီနေ့ စီနီယာ သူ့ကို အနိုင်ယူလိုက်ပြီးရင် ကောင်းကင်ဓားဂိုဏ်းမှာ ဘယ်သူက အသန်မာဆုံးဆိုတာ လူတိုင်း သိသွားပါလိမ့်မယ်”
လုရှန်ယွမ်မ်၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသော်လည်း သူ၏ အထင်သေးစိတ်များမှာ ပျောက်ကွယ်မသွားပေ။
သူ တံခါးပိတ်ကျင့်ကြံခြင်း မပြုခင်က ပိုင်ကျီဟန်နှင့် ပတ်သက်၍ ကြားဖူးခဲ့သည်များကို မှတ်မိနေသည်။ ပိုင်ကျီဟန်မှာ ပြဿနာရှာတတ်ပြီး နာမည်ပျက်ပေါင်းစုံနှင့် ကလေးတစ်ယောက်ဖြစ်သည်။
အစစ်အမှန် စွမ်းအားထက် ဉာဏ်နီဉာဏ်နက်၊ မာန်မာနနှင့် မိသားစု ဂုဏ်ပုဒ်အပေါ်တွင်သာ မှီခိုနေသူဟု သူ ထင်မြင်ထားသည်။
ပိုင်ကျီဟန်၏ ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ လျင်မြန်စွာ ရောက်ရှိလာပုံ၊ မိန်မျိုးနွယ်စုနှင့် ဖြစ်ပွားခဲ့သည့် ရကိစ္စ နှင့် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ရှိသည့် ပိုင်ရှင်းယွဲ့ကို အနိုင်ယူခဲ့သည့် အကြောင်းများကို သူ ကြားသိခဲ့ရသည်။
သို့သော် လုရှန်ယွမ်အတွက်မူ ထိုအရာများသည် ပိုင်ကျီဟန်အပေါ် သူ ထားရှိသည့် အထင်သေးမှုကို မဖျောက်ဖျက်နိုင်ပေ။
"ဟွန်း”
သူက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။
"ငါက လက်ရှိ နဂါးနှင့် ဖီးနစ် ချန်ပီယံ ဖြစ်တဲ့ ပိုင်ရွှယ်ချင်းနဲ့ တိုက်ဖို့ ပြင်ထားတာ။ တောက်! အဲဒီအစား ပိုင်ကျီဟန်က ဘယ်လိုတောင် အရိုက်ခံချင်လွန်းလို့ အခုလို စိန်ခေါ်ရတာလဲ?"
လုရှန်ယွမ်၏ ဘေးမှ တပည့်များကလည်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။
"မှန်ပါတယ် စီနီယာလု၊" တပည့်တစ်ဦးသည် ကြည်ညိုလေးစားစွာ ပြောလိုက်သည်။
"ဒါက စီနီယာနဲ့ မတန်ဘူးလို့ ထင်ရပေမဲ့ ပိုင်ကျီဟန်ကို လူပုံအလယ်မှာ အနိုင်ယူပြလိုက်တာက ပြတ်သားတဲ့ သတင်းစကားတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အုပ်စုရဲ့ သြဇာအာဏာ ပိုကြီးလာလိမ့်မယ်။ ပိုင်ကျီဟန်သာ ကျရှုံးသွားရင် စီနီယာ့ကို ဘယ်သူက ယှဉ်ရဲဦးမှာလဲ?"
အခြားတစ်ဦးကလည်း လှောင်ပြုံးဖြင့် ဖြည့်စွက်ပြောလိုက်သည်။ "ပြီးတော့ ပိုင်ရွှယ်ချင်းနဲ့ တိုက်နေဖို့တောင် မလိုတော့ဘူး။ ပိုင်ကျီဟန်ကို နိုင်တာဟာ ပိုင်ရွှယ်ချင်းကို နိုင်တာနဲ့ အတူတူပါပဲ။"
ထိုစကားကြောင့် လုရှန်ယွမ်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားသော်လည်း သူ၏ မျက်နှာတွင် စိတ်ပျက်သည့်
အရိပ်အယောင်များ ရှိနေဆဲပင်။
သူသည် ဝတ်စုံစကို ခါယမ်းလိုက်ပြီး နဖူးပေါ်သို့ ဝဲကျနေသော ဆံပင်တစ်မျှင်ကို သပ်တင်လိုက်ကာ သူ၏ အသံသည် တည်ငြိမ်သော်လည်း အထင်သေးမှုများ ပါဝင်နေသည်။
"မင်းတို့ ပြောတာ မှန်တယ်။ ဒါက ငါ့အတွက် ခက်ခဲနေလို့ မဟုတ်ဘူး၊ ပျင်းစရာကောင်းနေလို့ပဲ။"
သူ၏ အကြည့်သည် လူအုပ်အထူထပ်ဆုံးနှင့် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေသော စိန်ခေါ်ပွဲစင်မြင့်ထက်သို့ ရောက်ရှိသွားသည်။
"ဒါပေမဲ့ အကျိုးစီးပွားအတွက်တော့ ငါ ဒါကို လုပ်ပေးရမှာပေါ့။"
ဘေးနားရှိ တပည့်များကလည်း ကြည်ညိုလေးစားစွာဖြင့် ဝိုင်း၍ ရယ်မောထောက်ခံကြသည်။
"စီနီယာလုဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ..ဘယ်သူမှ စီနီယာ့လောက် ကိုယ်ကျိုးမစွန့်နိုင်ပါဘူး။ဒီနေ့ပြီးရင် ဘယ်သူမှ စီနီယာ့ကို ဘယ်သူနဲ့မှ ယှဉ်ရဲမှာ မဟုတ်တော့ဘူး။"
လုရှန်ယွမ် ဘာမှထပ်မပြောတော့သော်လည်း သူ၏ မျက်လုံးများသည် အနည်းငယ် ထက်ရှသွားပြီး ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် သူ၏ ဓားပညာကို အဆင့်မြှင့်တင်ရန်နှင့် ဝိညာဉ်ခွဲခြမ်းစိတ်ဖြညခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိစေရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသူ ဖြစ်သည်။
ပိုင်ကျီဟန်ကဲ့သို့သော သူမျိုးအဖို့ မည်မျှပင် ပါရမီရှိစေကာမူ၊ မည်မျှပင် လိမ္မာပါးနပ်စေကာမူ သူနှင့် တစ်ကြိမ်တည်း ထိပ်တိုက်တွေ့ရုံဖြင့် ပြိုလဲသွားလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်ထားသည်။
သူသည် စိန်ခေါ်ပွဲစင်မြင့်ဆီသို့ လျှောက်လှမ်းသွားစဉ် ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံနေသည်။
လူအုပ်ကြီးသည် သူ့အတွက် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် အခြားသူများထက် သာလွန်သည့် အရှိန်အဝါနှင့် အာဏာတို့ ကိန်းအောင်းနေသည်။
တီးတိုး ပြောသံများမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"စီနီယာလု ရောက်ပြီ။ တိုက်ပွဲက စတော့မယ်။"
"ပိုင်ကျီဟန် တကယ် ရောက်လာပါ့မလား?"
"သူကိုယ်တိုင် စိန်ခေါ်ထားတာပဲ မလား? သူ ရောက်မလာရင်တော့ သူ့မျက်နှာ ဘယ်နား သွားထားရမလဲ မသိဘူး။"
ထိုစကားများကြောင့် လုရှန်ယွမ်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
လုရှန်ယွမ်သည် ကျော့ရှင်းတည်ငြိမ်သော အမူအရာဖြင့် ပင်မစိန်ခေါ်ပွဲကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
တီးတိုးပြောနေကြသော လူအုပ်ကြီး၏ အသံသည် ပိုမိုကျယ်လောင်လာပြီး ခန့်မှန်းချက်မျိုးစုံနှင့် မျှော်လင့်ချက်များစွာ ကွဲပြားနေကြသည်။
"စီနီယာလု နိုင်မှာ သေချာပါတယ်။ သူက ဝိညာဉ်ခွဲခြမ်းစိတ်ဖြညခြင်းနယ်ပယ်ရဲ့ ထိပ်ဆုံးမှာ ရောက်နေတာလေ”
"ဒါပေါ့..ပိုင်ကျီဟန်က ပါရမီရှိပေမဲ့ စီနီယာလုကို ယှဉ်ဖို့ဆိုရင် အများကြီး ငယ်သေးတယ်။"
"မှန်ပါတယ်... ဒါပေမဲ့ ပိုင်ကျီဟန်ဆိုတာ သေချာမှုမရှိဘဲ လုပ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ သူ လုရှန်ယွမ်ကို အခုလို ဗြောင်ကျကျ စိန်ခေါ်တယ်ဆိုရင် သူ့မှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိမှာပဲ။"
ထိုစကားကြောင့် အချို့သည် သံသယဖြင့် ကြည့်ကြသော်လည်း အချို့ကမူ ခေါင်းညိတ် ထောက်ခံကြသည်။
အကြောင်းမှာ ပိုင်ကျီဟန်၏ ဂုဏ်သတင်းသည် အလကား အပြောကြီးရုံဖြင့် တည်ဆောက်ထားခြင်း မဟုတ်သောကြောင့်
ပင်။
သူ လှုပ်ရှားလိုက်တိုင်း ပရမ်းပတာ ဖြစ်ရပ်များ နောက်ကွယ်တွင် ပါလာလေ့ရှိသော်လည်း ရလဒ်ကောင်းများလည်း အမြဲ ရရှိခဲ့သည်။
လုရှန်ယွမ်မှ အသာစီးရနေသော်လည်း ပိုင်ကျီဟန် ရှုံးနိမ့်ဖူးသည့် ဖြစ်ရပ် ရှိခဲ့ဖူးသလား?
မရှိခဲ့ပေ။ ထို့ကြောင့် ယခုတစ်ကြိမ်မှာရော ဘာထူးခြားသွားမည်နည်း?
သူ့ စေ့စပ်ထားသူအတွက် လက်စားချေဖို့ စိတ်လွတ်ကိုယ်လွတ်
ဖြစ်နေလို့လား?
ထိုအကြောင်းပြချက်ကို လူတိုင်းက မယုံကြည်ကြချေ။ အထူးသဖြင့် ပိုင်ကျီဟန်၏ အစစ်အမှန် စွမ်းရည်ကို မြင်တွေ့ဖူးသူများက ပို၍ မယုံကြပေ။
လုရှန်ယွမ်သည် တည်ငြိမ်ယုံကြည်မှုရှိသော အကြည့်များဖြင့် ရှေ့သို့တည့်တည့်စိုက်ကြည့်ရင်း စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားသည်။
စိန်ခေါ်ပွဲကွင်းတစ်ခုလုံးသည် သူ၏ လွှမ်းမိုးထားသော အရှိန်အဝါအောက်သို့ ကျရောက်သွားပြီး သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများသည် မမြင်ရသော မုန်တိုင်းတစ်ခုကဲ့သို့ ခပ်ဖွဖွ ဝေ့ဝဲနေသည်။
အသံကို မြှင့်လိုက်ရာ တည်ငြိမ် လေးနက်သော အသံသည် ဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"ပိုင်ကျီဟန်..ထွက်လာပြီး ငါ့ကို ရင်ဆိုင်
စမ်း”
ပရိသတ်အားလုံး အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြသည်။
စက္ကန့်အနည်းငယ် ကုန်ဆုံးသွားသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
မည်သည့် အသံမျှလည်း ထွက်ပေါ်မလာခဲ့ပေ။
ဝတ်ရုံစများ၏ တဖျပ်ဖျပ်မြည်သံနှင့် လေတိုးသံသဲ့သဲ့သာ ကြားနေရသည်။
လုရှန်ယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူ ခဏထပ်စောင့်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ၏အသံမှာ အနည်းငယ် စိတ်မရှည်မှုများ ပါဝင်နေသည်။
"ပိုင်ကျီဟန်..ငါရောက်လာတော့မှ မင်း ကြောက်သွားပြီလား”
သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။
ပွဲကြည့်ပရိသတ်များကြားတွင် စိတ်မသက်မသာ ရယ်မောသံများ ပျံ့နှံ့သွားသည်။
"သူ ဘယ်မှာလဲ?"
"သူ ထွက်ပြေးသွားတာလား?"
"ဘာတွေဖြစ်နေတာလဲ? ပိုင်ကျီဟန်က လုရှန်ယွမ်ကို စိန်ခေါ်ပြီးတော့မှ ထွက်ပြေးသွားတာလား?"
အဝေးမှ စောင့်ကြည့်နေကြသော အကြီးအကဲများပင် ဇဝေဇဝါဖြစ်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။
လုရှန်ယွမ်၏ မေးရိုးများ တင်းမာသွားသည်။
လူပေါင်းထောင်ချီ၏ မျက်လုံးများရှေ့တွင် ရပ်နေပြီးမှ စိန်ခေါ်သူ ရောက်မလာခြင်းသည် သူ့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားရစေသည်။
သူ၏ သည်းခံနိုင်စွမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သည်။
သူသည် နှာခေါင်းမှ လေကို ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်နှာမှာ ပို၍
မှောင်မိုက်လာသည်။
"ဟွန်း! ဒါလား ပိုင်ကျီဟန်ဆိုတာ? ငါ့ကို ရန်စပြီး စိန်ခေါ်ရဲပေမဲ့ တကယ်တိုက်ရမဲ့ အချိန်ကျတော့ ပုန်းနေတာလား?"
အနီးအနားရှိ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအုပ်စုမှ တပည့်များကြားတွင် လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
"ပိုင်ကျီဟန်ရဲ့ သတ္တိက ပါးစပ်ထဲမှာပဲ ရှိပုံရတယ်။ ဟောင်တာပဲရှိပြီး အလုပ်နဲ့ သက်သေမပြနိုင်ဘူး”
"ဟားဟားဟား။ သူ ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ သဘောပေါက်သွားတာ ဖြစ်မှာပါ။ ငါလည်း ပြိုင်ဘက်က စီနီယာလုရှန်ယွမ်သာဆိုရင် ထွက်ပြေးမိမှာပဲ”
လုရှန်ယွမ်၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာပြီး ဝိညာဉ်စွမ်းအားများမှာလည်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
"အသက်ရှူအကြိမ် ၁၀ ကြိမ်အတွင်း သူ ပေါ်မလာဘူးဆိုရင်..." သူက စင်မြင့်ထက်မှနေ၍ အေးစက်စက် အသံဖြင့် ကြေညာလိုက်သည်။
"...သူ့ရဲ့ တိတ်ဆိတ်မှုကို အရှုံးပေးတယ်လို့ ငါ သတ်မှတ်လိုက်မယ်”