လုရှန်ယွမ်နှင့် ပိုင်ကျီဟန်။
Vol. 24 Ch. 352
လုရှန်ယွမ်၏ အသက်ရှူသံများသည် ပြတ်တောင်းပြတ်တောင်းနှင့် ထိန်းချုပ်ထားရသော ဒေါသကြောင့် တုန်ယင်နေသည်။
သူ၏ ချီများသည် ပေါက်ကွဲထွက်တော့မည့် မုန်တိုင်းတစ်ခုကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ ဝေ့ဝဲနေ၏။
ကြည့်ရသည်မှာ သူသည် ထိုနေရာ၌ပင် ပေါက်ကွဲထွက်သွားပြီး ပိုင်ကျီဟန်ကို သတ်ဖြတ်လိုသော စိတ်ဖြင့် ပြေးဝင်
တိုက်ခိုက်တော့မည့်အတိုင်းပင်။
သို့သော်
သူ ထိုသို့ မလုပ်ခဲ့ပေ။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏
ထို့နောက် ပြန်ထုတ်လိုက်သည်။
ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ၏ လက်သီးများသည် သွေးကြောများ ထောင်ထနေပြီး တုန်ယင်နေသော်လည်း သူ၏ မျက်လုံးများမှာ ပေါက်ကွဲလုနီးပါး ဒေါသများမှသည် အေးစက်ပြီး ထိန်းချုပ်ထားသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဟင်း..."
လုရှန်ယွမ်သည် ပိုင်ကျီဟန်၏ ရန်စမှုများအောက်တွင် ကျရှုံးမသွားစေရန် သူ၏ မေးစေ့ကို အနည်းငယ် ပင့်လိုက်၏
"တော်တော့”
သူ၏ အသံသည် တည်ငြိမ်နေသော်လည်း ဒေါသကြောင့် အက်ကွဲနေ၏။
"ပိုင်ကျီဟန်..." သူသည် သွားကြိတ်လျက် တစ်လုံးချင်း ပြောလိုက်သည်။ "မင်းရဲ့ ဒီလို ကလေးကလား ရန်စမှုတွေက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ ထင်နေတာလား?"
သူသည် တုန်ယင်နေသော လက်ချောင်းဖြင့် ပိုင်ကျီဟန်ကို ညွှန်းဆို၏
"မင်း ငါ့ကို ဦးလေးလို့ ခေါ်တာ ဒါမှမဟုတ် ငါ့ရုပ်ရည်ကို လှောင်ပြောင်တာတွေက ပြောင်းလဲပစ်နိုင်မယ် ထင်နေတာလား?"
သူ၏ အသံမှာ ပိုမိုနက်ရှိုင်းသွားကာ အေးစက်ပြီး အလွန်အမင်း တည်ကြည်လာသည်။
"ဒီလို အောက်တန်းကျတဲ့ ဆဲရေးမှုတွေက စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေကိုပဲ တုန်လှုပ်စေနိုင်တာ။ တိုက်ပွဲမစခင် ငါ့ကို စိတ်ဓာတ်ကျအောင် လုပ်ဖို့ ကြိုးစားနေတာဆိုရင်တော့ မင်းရဲ့ အားထုတ်မှုတွေကိုသာ ချွေတာထားလိုက်တော့။"
သူသည် အရှက်ရမှုကို ခါထုတ်လိုက်သကဲ့သို့ နှုတ်ခမ်းထောင့်ကို သုတ်လိုက်ချေ၏
"မင်း စိန်ခေါ်ထားတဲ့အတိုင်း ငါ ဒီကို ရောက်နေပြီ။ မင်းမှာ ဒီစကားတွေကလွဲလို့ တခြား ထုတ်ပြစရာ ဘာရှိသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့။"
အခြားတစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် လုံးဝ မမှန်ကန်သော ထိုစွပ်စွဲချက်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားပုံရသည်။
"ရန်စတာ? ခင်ဗျား မျက်နှာကို မှန်ထဲမှာ ပြန်ကြည့်လိုက်ဦး၊ ကျုပ် ဘာလိမ်ပြောလို့လဲ။ ဘယ်ထောင့်က ကြည့်ကြည့် ခင်ဗျားက ဦးလေးကြီးနဲ့ တူနေတာပဲကို။"
ပိုင်ကျီဟန်သည် ထိုသို့ နားမလည်နိုင်သော၊ လေသံဖြင့် ပြောလိုက်သောအခါ လူအများသည် မရယ်ဘဲ မနေနိုင်ကြတော့ပေ။
အထူးသဖြင့် လုရှန်ယွမ်ကို မနာလိုသူများ သို့မဟုတ် မုန်းတီးသူများမှာ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောကြတော့သည်။
ပိုင်ကျီဟန်က ဆက်ပြောသည်။
"ဒါပေမဲ့ ကောင်းပြီလေ၊ စကားတွေ အများကြီး ပြောနေရမယ့် အချိန်ထက် တိုက်ပွဲစရမယ့် အချိန်ဖြစ်နေပြီဆိုတာတော့ မှန်ပါတယ်”
ပိုင်ကျီဟန်၏ စကားများသည် အရှက်ရမှုကို ပိုမို ဆင့်ပွားစေသော်လည်း အနည်းဆုံးတော့ တိုက်ပွဲစတော့မည်ဟု ထင်ရသည်။
လုရှန်ယွမ်ကမူ ပိုင်ကျီဟန်ကို ထိုစကားများ ပြောခဲ့သည့်အတွက် နောင်တရစေမည်ဟု ကျိန်ဆိုလိုက်သည်။
သူသည် လုံးဝ ညှာတာမည် မဟုတ်ပေ—အစကတည်းကလည်း ညှာတာရန် အစီအစဉ် မရှိခဲ့သော်လည်း။
"နောက်ဆုံးတော့”
ပိုင်ကျီဟန်သည် သူ၏ ထုံးစံအတိုင်း ယုံကြည်ချက်ရှိပြီး ထောင်လွှားသော အပြုံးဖြင့် ကွင်းအတွင်းသို့ လမ်းလျှောက်ဝင်လာသောအခါ အားလုံးက ထိုသို့ တွေးလိုက်ကြသည်။
အမျှော်လင့်ရဆုံးသော တိုက်ပွဲတစ်ခု စတင်တော့မည် ဖြစ်သည်။
ပိုင်ကျီဟန်နှင့် လုရှန်ယွမ်တို့သည် ယခုအခါ ကွင်းလယ်တွင် မျက်နှာချင်းဆိုင် ရပ်နေကြပြီ ဖြစ်သည်။
လူနှစ်ယောက်—တစ်ယောက်က တည်ငြိမ်ပြီး ပျင်းရိနေပုံရကာ နောက်တစ်ယောက်မှာမူ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသော ဒေါသများကြောင့် တုန်ယင်နေသည်။
သူတို့ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော တပည့်များသည် အသက်ပင် မရှုဝံ့ဘဲ ရှေ့သို့ တိုးကြည့်နေကြသည်။ စင်မြင့်ပေါ်ရှိ အကြီးအကဲများပင်လျှင် သူတို့၏ ထိုင်ခုံများတွင် ခါးကို မတ်လိုက်ကြသည်။
လူတိုင်း၏ အကြည့်သည် ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာထက်မကသော အရာများကို ဆုံးဖြတ်ပေးတော့မည့် ဤလူငယ်နှစ်ဦးထံ၌သာ ရှိနေတော့သည်။
ထို့နောက် တိုက်ခိုက်သူနှစ်ဦးစလုံး မတော်တဆ သေဆုံးမှု မရှိစေရန် အထူးခန့်အပ်ထားသော ဒိုင်လူကြီး အကြီးအကဲတစ်ဦး ရှိနေသည်။
သို့သော် သူသည် အချိန်မီ ကြားဖြတ် တားဆီးနိုင်ပါ့မလား ဆိုသည်မှာမူ လုံးဝ မေးခွန်းထုတ်
စရာပင်။
ဤတိုက်ပွဲတွင် စည်းကမ်းဟူ၍ လုံးဝမရှိသလောက်ပင်။ တစ်ဖက်ဖက်က အရှုံးပေးကြောင်း ဝန်ခံခြင်း သို့မဟုတ်... သေဆုံးသွားခြင်းမှသာလျှင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်
မည်ဖြစ်သည်။
"ပိုင်ကျီဟန်နဲ့ လုရှန်ယွမ်တို့ရဲ့ စိန်ခေါ်ပွဲကို အခုပဲ စတင်ပါပြီ။"
ဒိုင်လူကြီးက ကြေညာလိုက်သည်။
သို့သော်လည်း ပိုင်ကျီဟန်နှင့် လုရှန်ယွမ်
တို့သည် ချက်ချင်း တိုက်ခိုက်ခြင်းမရှိသေးပေ။
"ဟူး... သက်ကြီးရွယ်အိုတစ်ယောက်ကို အနိုင်ကျင့်ရတာ တကယ်ပဲ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်စေ့စပ်ထားတဲ့သူကို အနိုင်ကျင့်ရဲခဲ့တဲ့အတွက် ဆယ်ဆ ပြန်ပေးဆပ်စေရမယ်။"
ပိုင်ကျီဟန်က ဆိုလိုက်သည်။
"မင်း...”
လုရှန်ယွမ်၏ ဒေါသများမှာ တစ်ကျော့ပြန် ဟုန်းဟုန်းတောက်သွားပြန်သည်။
ဆယ်စုနှစ်များစွာအတွင်း မည်သူကမျှ သူ့ကို ဤကဲ့သို့ လှောင်ပြောင်ခြင်း သို့မဟုတ် ဤအတိုင်းအတာအထိ ရန်စရဲခြင်းမျိုး မရှိခဲ့ဖူးပေ။
သူ၏ ဒေါသသည် ယခင်က တစ်ခါမျှ မခံစားဖူးသည့် အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ စွမ်းအင်အရှိန်အဝါများသည် စူးရှကာ ရန်လိုပြီး ငြင်းမရလောက်အောင်ပင် အားကောင်းမောင်းသန် ဖြစ်ပေါ်လာသည်။
သို့သော် သူ၏ မျက်နှာအမူအရာသည် အပြုံးတစ်ခုနှင့် တူသောအရာအဖြစ်သို့ ရှုံ့မဲ့ပြောင်းလဲသွား၏။
အလွန်တရာ သတ်ဖြတ်လိုစိတ်ပြင်းပြသော အပြုံးမျိုးဖြစ်သည်။
"ပိုင်ကျီဟန်..." သူ၏ လေသံသည် ရုတ်တရက် လူကြီးသူမဆန်သည့် သည်းခံမှုမျိုးကို ပြောင်းလဲယူလိုက်ပြီး - "မင်းက ငါတို့ကြားက ခွန်အားကွာခြားချက်ကို သေချာနားမလည်သေးပုံရလို့..." သူက နောက်ထပ်တစ်လှမ်း တိုးလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် ကျင့်ကြံခြင်းစွမ်းအင်များ ပေါက်ကွဲထွက်လာသည်
၎င်းသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါဖြစ်ပြီး ဗလာသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းအလို အထွက်အထိပ် အဆင့်တွင် ရှိနေခြင်းဖြစ်သည်။
ကြည့်ရှုနေသူများပင်လျှင် လုရှန်ယွမ်မည်မျှအစွမ်းထက်သည်ကို အာရုံခံမိကြသည်။ သူ၏ အစွမ်းသည် အကြီးအကဲ အတော်များများပင်လျှင် ယှဉ်ပြိုင်ရန် ခဲယဉ်းမည့် အနေအထားမျိုးဖြစ်သည်။
လုရှန်ယွမ်သည် ပိုင်ကျီဟန်ကို အစွမ်းထက်လိမ့်မည်ဟု မယုံကြည်ပေ။ အလွန်ဆုံးရှိလှမှ ချူကျီယန်နှင့် တန်းတူလောက်သာ ဖြစ်လိမ့်မည်ဟု ထင်နေသည်။
ပိုင်ကျီဟန်သည် ထိုထက်ပို၍ အစွမ်းထက်နိုင်မည်ဟု သူ လုံးဝ မယုံကြည်ပေ။
အကယ်၍သာ အစွမ်းထက်ခဲ့လျှင်၊ အမှန်တကယ် အစွမ်းထက်သူများအတွက် ဂုဏ်သိက္ခာနှင့် ကျော်ကြားမှု အာမခံချက်ရှိသော နဂါးနှင့် ဖီးနစ် ပြိုင်ပွဲတွင် ပိုင်ကျီဟန် ပါဝင်ခဲ့လိမ့်မည်ဖြစ်သည်။
လုရှန်ယွမ်ကိုယ်တိုင်ပင် သူ၏ခေတ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို မရယူနိုင်ခဲ့သော်လည်း ထိပ်သီး (၃) ယောက်စာရင်းတွင် ပါဝင်ခဲ့ဖူးသည်။
ထိုအောင်မြင်မှုသည် သူ၏ ဂုဏ်သတင်းကို အဆမတန် မြင့်တက်စေခဲ့ပြီး (၁၀) စုနှစ်တစ်ခုကျော် ကြာသည့်တိုင်အောင် သူ၏ ထိပ်သီး (၃) နေရာ ရရှိခဲ့မှုကို သူနှင့် မျိုးဆက်တူသူများကမှတ်မိနေကြဆဲဖြစ်သည်။
ထို့ကြောင့် လုရှန်ယွမ်သည် ပိုင်ကျီဟန်ကို အားနည်းသူတစ်ဦးအဖြစ် အသေအချာ ယုံကြည်နေသည်။
သူသည် ပိုင်ကျီဟန်ကို ခြောက်လှန့်ရန်နှင့်လူမြင်ကွင်းတွင် လူကြောက်တစ်ယောက်ဖြစ်သွားစေရန် သူ၏ အရှိန်အဝါများကို တမင်တကာ ထုတ်ဖော်ပြလိုက်ခြင်းဖြစ်သည်။
"...မင်းကို နုတ်ထွက်ဖို့ ဒီစီနီယာအစ်ကိုကြီးက နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ပေးမယ်။"
သူသည် ပိုင်ကျီဟန်၏ စော်ကားမှုများကို ခံခဲ့ရသော်လည်း ခွင့်လွှတ်ပေးနိုင်သော သဘောထားကြီးသူတစ်ဦးအဖြစ် ပုံပေါ်စေရန် ထိုစကားကို တမင်တကာ ထည့်ပြောလိုက်ခြင်းဖြစ်သည်။
လုရှန်ယွမ်သည် သဘောထားကြီးဟန်ဖြင့် သူ၏ လက်နှစ်ဖက်ကို အနည်းငယ် ဖြန့်
လိုက်၏
"အခု မင်း နောက်ဆုတ်သွားမယ်ဆိုရင် မင်းရဲ့ ဂုဏ်သိက္ခာလည်း မထိခိုက်သလို ဒဏ်ရာရတာမျိုးလည်း မဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငယ်သေးတယ်၊ မသိနားမလည်သေးဘူး၊ သွေးကြွနေတဲ့ အရွယ်ပဲရှိသေးတာကိုး။"
သူ၏ မျက်လုံးများသည် ခေါင်းမာသော ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ ပိုင်ကျီဟန်အပေါ် ဝေ့ဝဲသွားသည်။
"ပြီးတော့ မင်းက လောကကြီးအကြောင်း ဘာမှမသိသေးတာမို့လို့၊ ဒီစီနီယာက မင်းရဲ့ စော်ကားမှုတွေကို... ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးနိုင်ပါတယ်။"
သူ၏ အကြည့်များက စူးရှသွားပြီး - "ရိုးရိုးသားသား တောင်းပန်လိုက်စမ်းပါ၊ ဒါဆိုရင် ငါ ဒါကို ထပ်ပြီး အရေးယူမှာ မဟုတ်ဘူး။"
သူသည် မိမိ၏ တောင်းဆိုချက်မှာ အလွန်ပင် ယုတ္တိရှိလှသည်ဟု ယူဆကာ သဘောထားကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်
ကြည့်ရှုနေသော ပရိသတ်များကြားတွင်မူ အမျိုးမျိုးသော တုံ့ပြန်မှုများဖြင့် ဆူညံသွားတော့သည်။
"သူက... တကယ်ပဲ ပိုင်ကျီဟန်ကို အခွင့်အရေး ပေးနေတာလား?"
"စီနီယာအစ်ကိုကြီး လုက တကယ့်ကို သဘောထားကြီးလွန်းတာပဲ”
"ဒီလောက်တောင် အစော်ကားခံရတာကို သူက ခွင့်လွှတ်ပေးဖို့ အသင့်ရှိနေသေးတယ်လား?"
"စီနီယာအစ်ကိုကြီးဆိုတာ ဒီလိုမှပေါ့။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဂျူနီယာအပေါ်မှာ ငဲ့ညှာပေးနေတုန်းပဲ။ ပိုင်ကျီဟန်အနေနဲ့ ခွန်အားကွာခြားချက်ကို သိပြီး နောက်ထပ် အရှက်မရခင် အရှုံးပေးလိုက်သင့်တယ်။"
ပိုင်ကျီဟန်သည် မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေသည်။
သူသည် စိုက်ကြည့်နေ၏
သူကြားလိုက်ရသောအရာကို အမှန်တကယ်ပင် နားမလည်နိုင်သကဲ့သို့ ခေါင်းကို ဖြည်းဖြည်းချင်း စောင်းလိုက်သည်။
"ခင်ဗျား ကျုပ်ကို လွှတ်ပေးမယ် ဟုတ်လား?"
သူ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
ပိုင်ကျီဟန်၏ အကြည့်များသည်
လုရှန်ယွမ်၏ ကိုယ်ပေါ်တွင် အထက်အောက် ဝေ့ဝဲသွားပြီး တိရစ္ဆာန်တစ်ကောင်ကို အကဲခတ်နေသည့်အတိုင်းပင်။
"ဟင်း..."
သူက မေးစေ့ကို ပုတ်လိုက်၏ " ခင်ဗျား တစ်ခုခုကို မှားယွင်း နားလည်နေပုံရတယ်"
အလွန်အမင်း တည်ငြိမ်ရိုးသားစွာ ပြောဆိုလိုက်ခြင်းက လုရှန်ယွမ်ကို ပိုမို ဒေါသထွက်စေသည်။
"ခင်ဗျားကိုယ်ခင်ဗျား အစွမ်းထက်တယ်လို့ တစ်နည်းနည်းနဲ့ ယုံကြည်အောင် ဖျောင်းဖျထားပုံရတယ်နော်။"
ပိုင်ကျီဟန်သည် လုရှန်ယွမ်ကို ကြည့်လိုက်ရာ သူ၏ ကျင့်ကြံခြင်းစွမ်းအင် များကို မြှင့်တင်ပြီး သူ့ကို ဖိအားပေးရန် ကြိုးစားနေသည်ကို နောက်ဆုံးတွင် သတိပြုမိသွားသည်။
"ကျုပ်ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား? ဒါလေးနဲ့လား?"
သူသည် အမှန်တကယ်ပင် ဇဝေဇဝါဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
ထို့နောက် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏
"ဟုတ်ပြီ... ဟုတ်ပြီ...
တကယ်ပဲ ခြောက်လန့်ဖို့ ကြိုးစားနေတာပဲ။"
ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ
"ကံမကောင်းတာကတော့၊ မင်းက အဲဒီလိုလုပ်ဖို့ အရမ်းအားနည်းလွန်းနေတယ်"
လုရှန်ယွမ်၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအင်များသည် တောမီးကဲ့သို့ ဟုန်းဟုန်းတောက်လာပြီး သူ၏ ဝတ်ရုံများမှာလည်း ပြင်းထန်စွာ တဖျတ်ဖျတ် လွင့်ခါနေတော့သည်။
ပိုင်ကျီဟန်ကို ခြောက်လှန့်ရန် အသုံးပြုခဲ့သော အရှိန်အဝါကို ပိုင်ကျီဟန်က သူ့ကို ပြန်လည်အရှက်ခွဲရန် အသုံးချသွားခဲ့လေပြီ။
သူသည် ပိုင်ကျီဟန်ကို နှိပ်ကွပ်ရန် သူ၏ အရှိန်အဝါကို ထပ်မံမြှင့်တင်လိုက်သည်။ သို့သော်လည်း ပိုင်ကျီဟန်မှာမူ ထိုတိုးမြင့်လာသော ဖိအားများက ဘာမှမဟုတ်သကဲ့သို့ပင် မတုန်မလှုပ် ရှိနေဆဲဖြစ်သည်။
(သူက ငါ့ရဲ့ အရှိန်အဝါရှေ့မှာ တကယ်ပဲ ဘာမှမဖြစ်ဘဲ နေနိုင်တာလား? ဒါမှမဟုတ် သူ့မှာ ကာကွယ်ပေးထားတဲ့ ရတနာတစ်ခုခု ရှိနေလို့လား?)
လုရှန်ယွမ် သံသယဝင်သွားသည်။
အမှန်စင်စစ် သူသည် ပိုင်ကျီဟန်ကို အနည်းငယ်မျှ တုန်လှုပ်သွားစေရန် အစွမ်းရှိသမျှကို ထုတ်လွှတ်နေခြင်းဖြစ်သော်လည်း ပိုင်ကျီဟန်ကမူ မည်သည့် သက်ရောက်မှုမျှ ရှိသည့် အရိပ်အယောင် မပြပေ။
လုရှန်ယွမ်သည် ပိုင်ကျီဟန်ကို ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌သာ ရှိသည်ဟု ယုံကြည်ထားသောကြောင့် ပိုင်ကျီဟန်အနေဖြင့် အနည်းဆုံးတော့ ရုန်းကန်ရခြင်း သို့မဟုတ် ဖိအားအောက်တွင် ဒူးထောက်သွားခြင်းမျိုး ဖြစ်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် လုံးဝ ဖြစ်မလာခဲ့ပေ။
"မင်းလို ထောင်လွှားတဲ့ လူမိုက်လေးကတော့...”
သို့သော် စကားမဆုံးသေးပေ။
ပိုင်ကျီဟန်သည် နောင်တရသလိုမျိုး သက်ပြင်းတစ်ချက်ကို အသာအယာ ထပ်မံချလိုက်၏
"ဦးလေး... အဲလေ စီနီယာ" လူနာတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ ပြန်ပြင်ပြောလိုက်ရင်း "စကားတွေ အများကြီး မပြောဘဲ တိုက်စမ်းပါ။ ဒါပြီးရင် ကျင့်ကြံဖို့ ရှိသေးတယ်။ တချို့လူတွေနဲ့ မတူတာက ကျုပ်အချိန်တွေက ခင်ဗျားလို အမှိုက်မျိုးအတွက် အလဟဿ ဖြုန်းတီးပစ်ဖို့ အရမ်း အရေးကြီးတယ်"
"ကောင်းပြီ! ကောင်းပြီ”
လုရှန်ယွမ်သည် သူကြိုးစားသမျှ ပိုင်ကျီဟန်အပေါ် သက်ရောက်မှုမရှိသည်ကို သတိပြုမိသွားပြီး တိုးတိုးလေး ရေရွတ်
လိုက်သည်။
ယခု သူအားကိုးနိုင်သည့်အရာ တစ်ခုတည်းသာ ရှိတော့သည်—၎င်းမှာ သူ၏ သာလွန်ထူးကဲသော ခွန်အားဖြင့် ပိုင်ကျီဟန်ကို ဒူးထောက်သွားအောင် လုပ်ဖို့ပင်။
ဝူး
လုရှန်ယွမ်၏ ပုံရိပ်မှာ ဝေဝါးသွားတော့သည်။
တစ်ခဏချင်းအတွင်း သူရပ်နေသည့်နေရာမှ ပျောက်ကွယ်သွား၏
ထို့နောက် ပိုင်ကျီဟန်၏ ဘယ်ဘက်တွင် ပြန်ပေါ်လာသည်။
ထို့နောက် ညာဘက်၊ ထို့နောက် နောက်ကျော။
ထို့နောက် အပေါ်ဘက်။
ခြေလှမ်းတိုင်းတွင် ကျင့်ကြံခြင်းစွမ်းအင်များ ပေါက်ကွဲထွက်နေပြီး စင်မြင့်ထက်တွင် ပုံရိပ်ယောင်များ တန်းစီကျန်ရစ်ခဲ့သည်။
ကြည့်ရှုနေသူများအဖို့ လုရှန်ယွမ်မ်သည် အရိပ်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အတိုင်းပင်။
"အရမ်းမြန်တာပဲ”
"စီနီယာအစ်ကိုကြီး လုဆိုတာ မျှော်လင့်ထားတဲ့အတိုင်းပဲ”
"ပိုင်ကျီဟန်က လှုပ်တောင် မလှုပ်နိုင်တော့ဘူး— သူ ဖိအားဒဏ်ကို မခံနိုင်တော့တာ ဖြစ်ရမယ်”အကြီးအကဲများပင်လျှင် ထိုအရှိန်အဟုန်ကို မြင်တွေ့ရပြီး သဘောကျကာ ခေါင်းညိတ်လိုက်ကြသည်။
လုရှန်ယွမ်သည် စင်မြင့်ထက်တွင် တစ်နေရာမှတစ်နေရာသို့ လျှပ်တပြက် ကူးပြောင်းနေရင်း အတွင်းစိတ်၌ ပြုံးလိုက်မိသည်။
(သူ ငါ့ရဲ့ လှုပ်ရှားမှုတွေကို လိုက်တောင် မကြည့်နိုင်ဘူး။ သနားစရာကောင်းလိုက်တာ)
လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် သူသည် ထောင့်မျိုးစုံ ပြောင်းလဲလိုက်ပြီး အရှိန်နှင့် ဖိအားကိုပါ မြှင့်တင်လိုက်သည်။ သူ၏ ဓားဦးသည် လေထုကို ဖြတ်တောက်ကာ ပိုင်ကျီဟန်၏ အာရုံများကို ဝေဝါးစေရန် လေချွန်သံတိုးတိုးဖြင့် ဝေ့ဝိုက်တိုက်ခိုက်နေသည်။
သူသည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားနေသည်ဟု သူကိုယ်တိုင် ထင်နေခဲ့သည်။
ထိုအတောအတွင်း ပိုင်ကျီဟန်မှာမူ ထိုနေရာ၌ပင် ရပ်နေဆဲဖြစ်သည်။
လုံးဝ မလှုပ်မယှက်ပင်။
လက်ကို ဝတ်ရုံစထဲ ထည့်ထား၏
မျက်နှာမှာလည်း မည်သည့် ခံစားချက်မျှ မရှိပေ။
(သူ ဘာတွေ လုပ်နေတာလဲ?)
နောက်ထပ် ပုံရိပ်ဝေဝါးမှုတစ်ခု။
နောက်ထပ် အဓိပ္ပာယ်မရှိသော ကွေ့ကောက်လှုပ်ရှားမှုတစ်ခု။
(သူက ဆေးကြောင်နေတဲ့ မျောက်တစ်
ကောင်လို ပတ်ပြေးနေတာပဲ။)
လုရှန်ယွမ်က အရှိန်ကို ထပ်မြှင့်လိုက်ပြန်သည်။
ဘုန်း! ဘုန်း!
သူသည် ပိုင်ကျီဟန်ကို ဖိအားပေးရန် အစွမ်းကုန် ကြိုးစားလိုက်ရာ သူ၏ ခြေလှမ်းများအောက်ရှိ လေထုသည် ပေါက်ကွဲထွက်ကုန်သည်။
ပိုင်ကျီဟန်အဖို့မူ လုရှန်ယွမ်သည် မြန်ဆန်နေခြင်း မဟုတ်ပေ။
သူသည် ကျင့်ကြံခြင်းစွမ်းအင်များကို အလကား ဖြုန်းတီးနေပြီး ကြည့်ရသည်မှာလည်း ရယ်စရာကောင်းနေသည်။
သို့သော် လုရှန်ယွမ်ကမူ ပိုင်ကျီဟန်၏ တုံ့ပြန်မှု မရှိခြင်းကို အခြားတစ်မျိုး အဓိပ္ပာယ်ကောက်လိုက်လေသည်။