ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်တွင် အမြန်ဆုံးလား
Vol. 24 Ch. 353
သို့သော် လုရှန်ယွမ်သည် ပိုင်ကျီဟန်၏ တုံ့ပြန်မှုမရှိခြင်းကို လုံးဝတခြားစီ အဓိပ္ပာယ်ကောက်ယူလိုက်သည်။
သူ့အထင်တွင် ပိုင်ကျီဟန်သည် တောင့်တင်းသွားခြင်းဖြစ်ပြီး သူ၏ လှုပ်ရှားမှုခြေရာလက်ရာကိုပင် လိုက်မကြည့်နိုင် တော့ခြင်းဖြစ်သည်ဟု ယူဆလိုက်သည်။
ပိုင်ကျီဟန်၏ နောက်ကျောဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်နေစဉ် လုရှန်ယွမ်သည် နောက်ဆုံးတွင် စကားပြောလိုက်သည်။ သူ၏အသံမှာ မောက်မာရိုင်းစိုင်းမှုတို့ဖြင့် အရပ်မျက်နှာအနှံ့မှ ပဲ့တင်ထပ်လာခဲ့သည်။
"ဟက်…ငါ့ရဲ့အရှိန်က မင်းအတွက် များလွန်းနေတာလား?"
ကျေနပ်အားရမှုများ ပြည့်နှက်နေသော အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"မင်းအတွက်တော့ ကံဆိုးတာပဲ... ငါကတော့ သက်ညှာပေးဖို့ စိတ်ကူးမရှိဘူး။"
သူ၏စကားသံများသည် စင်မြင့်ထက်တွင် ပဲ့တင်ထပ်နေပြီး ပုံရိပ်ယောင်အားလုံးထံမှ တစ်ပြိုင်နက် ထွက်ပေါ်လာသကဲ့သို့ပင်။
ပွဲကြည့်ပရိသတ်များမှာလည်း လုရှန်ယွမ်သည် တိုက်ပွဲကို အလုံးစုံ ထိန်းချုပ်လိုက်ပြီဟု ယုံကြည်ကာ စိတ်လှုပ်ရှားလာကြသည်။
"ပိုင်ကျီဟန်ကတော့ လမ်းပျောက်နေပြီဟ”
"စီနီယာအစ်ကိုလုရဲ့ အရှိန်က တကယ့်ကို ရူးချင်စရာပဲ”
"ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အထွတ်အထိပ် ပညာရှင်ပီသပါပေတယ်”
"ဒီပွဲကတော့ ပြီးသွားပြီ”
ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအုပ်စုမှ အကြီးအကဲများသည် ကျေနပ်စွာ ခေါင်းညိတ်နေကြသည်။
သူတို့နှင့် ဆန့်ကျင်ဘက်အုပ်စုမှ အကြီးအကဲများပင်လျှင် လုရှန်ယွမ်၏ အစွမ်းမှာ အစစ်အမှန်ဖြစ်ကြောင်း ဝန်ခံရတော့မည်ဖြစ်သည်။
စင်မြင့်ထက်တွင်မူ လုရှန်ယွမ်သည် ပိုင်ကျီဟန်၏ နောက်ကျောဘက်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။
(ကြည့်ရတာ သူ တကယ်ပဲ ငါ့အရှိန်ကို မလိုက်နိုင်တာပဲ။)
သူ၏ အစောပိုင်းစကားများသည် ရန်စခြင်းသာဖြစ်ပြီး ယခုအချိန်ထိ တိုက်ခိုက်ခြင်းမပြုသေးသည်မှာ ပိုင်ကျီဟန်တွင် တစ်စုံတစ်ရာ ထောင်ချောက်ဆင်ထားခြင်း ရှိမရှိ အကဲခတ်နေခြင်းဖြစ်သည်။
ပိုင်ကျီဟန်ကို မည်မျှပင် အထင်သေးပါစေ၊ ဒေါသထွက်နေပါစေ၊ သူသည် ပေါ့ပေါ့တန်တန် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်
ရန် သတိထားတတ်သူဖြစ်သည်။
သို့သော် လုရှန်ယွမ် ထင်မြင်ချက်အရ ပိုင်ကျီဟန်သည် ကြောင်တောင်တောင်အမူအရာ ရှိနေဆဲဖြစ်ရာ သူ ဘယ်နေရာရောက်နေသည်ကိုပင် သိပုံမရကြောင်း လုရှန်ယွမ် ထင်မြင်ချက်အရအတည်ပြုလိုက်သည်။
သူ၏ ဓားသည် ဝင်းခနဲ လက်သွားပြီး ဝိညာဉ်စွမ်းအင်များသည် ဓားသွားတစ်လျှောက် တဖျပ်ဖျပ် တုန်ခါနေသည်။
သူသည် ခြေလှမ်းကို ပို၍ မြန်အောင် နင်းလိုက်ရာ သူ၏ခြေဖဝါး ထိတွေ့ရာနေရာတိုင်းတွင် ဝိညာဉ်စွမ်းအင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"မင်းက ငါ့ကို စော်ကားရဲသေးတယ်ပေါ့..."
သူ၏အသံသည် စီရင်ချက်ချနေသူတစ်ဦးကဲ့သို့ ယုံကြည်မှုအပြည့် ရှိနေသည်။
"ဒါပေမဲ့ ငါ့ရဲ့အရှိန်အောက်မှာ မင်းက လှုပ်တောင်မလှုပ်နိုင်ဘူးပဲ။"
နောက်ဆုံးတွင်... သူသည် မောက်မာဝင့်ကြွားစွာဖြင့် ပိုင်ကျီဟန်၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။
သူ၏ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင် ၅၀ နီးပါးသည် အပြာရောင်အလင်းလှိုင်းများနှင့်အတူ ပျောက်ကွယ်သွားသည်။
"မင်း မတုံ့ပြန်နိုင်ဘူး မလား?"
လုရှန်ယွမ်သည် ထိုအခိုက်အတန့်ကို အသက်ရှူအောင့်ကာ အရသာခံနေသည်။
ပိုင်ကျီဟန်ကမူ မျက်တောင်လေး တစ်ခတ်သာ လုပ်နေလေတော့သည်။
"ပြီးပြီလား?"
ပိုင်ကျီဟန်သည် ပျင်းရိငြီးငွေ့နေသည့် ပုံစံဖြင့် အလွန်တရာ ရိုးသားစွာ မေးလိုက်သည်။
"ခင်ဗျားပတ်ပြေးနေတာ ကြည့်ရလွန်းလို့ ငါတောင် ကြည့်ရင်းနဲ့ မောလာပြီ"
သူက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
"ခင်ဗျားရဲ့ ဝါသနာက မျောက်တစ်ကောင်လို ဟိုခုန်လွှား ကနေတာလား?"
လုရှန်ယွမ်၏ မျက်နှာမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်သွားသည်။
"မင်း...”
ပိုင်ကျီဟန်သည် လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်၏
"စကားမပြောနဲ့ဦး။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်လိမ့်မယ်။ ခင်ဗျားရဲ့ မျောက်ကကွက်ကို ကပြပြီးသွားတော့ တော်တော်မောနေမှာပေါ့။"
လုရှန်ယွမ်၏ ဒေါသသည် အထွတ်အထိပ်သို့ တစ်ကျော့ပြန် ရောက်ရှိသွားသည်။
"မင်း... ဒီကောင်”
သူ၏ ဒေါသများမှာ ပေါက်ကွဲထွက်လာတော့သည်။
"မင်းတော့ သေပြီသာမှတ်”
ဝူး
လုရှန်ယွမ်၏ ပုံရိပ်သည် တစ်ဖန် ဝေဝါးသွားပြန်ပြီး အလင်းတန်းတစ်ခုသာ ချန်ရစ်ကာ မျက်တောင်တစ်ခတ်အတွင်း ပိုင်ကျီဟန်၏ နောက်ကျောသို့ ရောက်ရှိသွားသည်။
ဤတစ်ကြိမ်တွင်မူ သူ အကဲခတ်မနေတော့ပေ။
ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။
သူ၏ဓားသည် ရက်စက်ကြမ်းကြုတ်သော အဝန်းအဝိုင်းပုံစံဖြင့် အောက်သို့ ခုတ်ပိုင်းချလိုက်ရာ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူတို့အောက်ရှိ ကြွေပြားများကိုပင် လွင့်စင်သွားစေလောက်သော အားအင်များ ပါဝင်နေသည်။
(ရပြီ! မင်းလို မောက်မာတဲ့ကောင် ဒါကို ဘယ်လိုရှောင်မလဲ ကြည့်ရသေးတာပေါ့)
သို့သော် သူ၏ဓားသွားက ပိုင်ကျီဟန်ကို ပိုင်းဖြတ်လိုက်သည့် အချိန်တွင်ပင်
ဝူး
သူ၏ဓားသည် ပိုင်ကျီဟန်ကို ချောချောမွေ့မွေ့ ဖြတ်သန်းသွားသည်။
မည်သည့် ခုခံမှုမျှ မရှိ။ အသားကို ထိမိသည့် အထိအတွေ့မရှိ။ သွေးလည်း ထွက်မလာပေ။
ပုံရိပ်ယောင်တစ်ခုသာ
လုရှန်ယွမ်၏ မျက်ဆန်များမှာ ကျုံ့သွားတော့သည်။
(ဘာလဲ)
သူ့နောက်ကွယ်မှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီလောက် နှေးကွေးလွန်းတဲ့ တိုက်ကွက်နဲ့ ကျုပိ တကယ်ပဲ ထိမယ်လို့ ထင်နေတာလား?"
(နောက်မှာလား?)
လုရှန်ယွမ် အနောက်သို့ လှည့်ရန် ကြိုးစားလိုက်စဉ်
ဖြောင်း
ပြတ်သားပြီး ပြင်းထန်လွန်းသော ရိုက်သံကြီးတစ်ခုသည် ကွင်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
ထို့နောက်တွင်
ဘုန်း!!
လုရှန်ယွမ်သည် ကန်ထုတ်လိုက်သော ဘောလုံးတစ်လုံးကဲ့သို့ စင်မြင့်ထက်တွင် လွင့်ထွက်သွားပြီး ချော်ထွက်သွားကာမြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားတော့သည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွား၏။
လူတိုင်း ဆွံ့အသွားကြသည်။
"..... ဟမ်?"
"နေ... နေဦး၊ စီနီယာအစ်ကိုလုက တိုက်ခိုက်နေတာ မဟုတ်ဘူးလား?"
"ဟုတ်တယ်လေ ဟုတ်တယ်မလား? သူက ပိုင်ကျီဟန်ရဲ့ နောက်မှာ ရောက်နေပြီး တိုက်ခိုက်တော့မယ့် အချိန်လေ”
"ဒါဆို ဘာလို့ သူက ကြမ်းပြင်ပေါ် ရောက်နေတာလဲ?"
တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့ မြင်လိုက်ရသည်မှာ လုရှန်ယွမ်သည် လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီးနောက် ရုတ်တရက်ဆိုသလို သူ၏မျက်နှာပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်ကာ ကြမ်းပြင်ပေါ်သို့ ရောက်ရှိနေခြင်းသာ ဖြစ်သည်။
ရဲရဲနီပြီး ဖူးရောင်နေသော လက်ဝါးရာကြီးတစ်ခု။
အကြီးအကဲများသည် သူတို့၏ ဝိညာဉ်အာရုံများကို အသုံးပြု၍ ဘာဖြစ်သွားသည်ကို ပြန်လည် ဆန်းစစ်ရန် ကြိုးစားရင်း မျက်မှောင်ကြုတ်နေကြသည်။
သူတို့ထဲမှ အများစုမှာပင် ဘာကိုမှ မမြင်လိုက်ရဘဲ ဝေဝါးသွားမှုနှင့် ရိုက်ခတ်သံကိုသာ ကြားလိုက်ရခြင်းဖြစ်သည်။ အာရုံခံစားမှု အလွန်ထက်မြက်သူ သို့မဟုတ် မျက်စိအလွန်လျင်သူများသာ ဘာဖြစ်သွားသည်ကို အမှန်တကယ် ရိပ်မိလိုက်ကြသည်။
ချူကျီယန်အဖို့ လုရှန်ယွမ်သည် ပိုင်ကျီဟန်ကို တိုက်ခိုက်ရန် ကြိုးစားသည်ကို မြင်လိုက်ရသည်။ သူမကိုယ်တိုင်ပင် လုရှန်ယွမ် အောင်မြင်သွားပြီဟု ထင်လိုက်သော်လည်း ထိုအရာမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့သည်။
အစစ်အမှန် ပိုင်ကျီဟန်သည် လုရှန်ယွမ်၏ နောက်ကျောတွင် ပေါ်လာပြီး သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ပိုင်ကျီဟန်သည် လုရှန်ယွမ်၏ နောက်ကျောသို့ မည်သည့်အချိန်တွင် ရောက်ရှိသွားသည်ကိုမူ သူမပင် မြင်လိုက်ရခြင်း မရှိပေ။
"... အရမ်းမြန်လွန်းတယ်"
ချူကျီယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ့်ကို မြန်လွန်းတယ်..."
လုရှန်ယွမ်သည် အမှန်တကယ် မြန်ဆန်သူဖြစ်ပြီး သူမကိုယ်တိုင်လည်း သူနှင့် တိုက်ခိုက်ဖူးသည့်အတွက် ကိုင်တွယ်ရခက်ခဲပုံကို သိရှိထားသည်။
သို့သော် ပိုင်ကျီဟန်၏ အရှိန်သည် ထိုထက်ပင် သာလွန်နေသေးသည်။
အနည်းဆုံးတော့ ချူကျီယန်သည် လုရှန်ယွမ်၏ လှုပ်ရှားမှုများကို မြင်နိုင်သေးသည်။
သို့သော် ပိုင်ကျီဟန်၏ လှုပ်ရှားမှုမှာမူ?
သူမအနေဖြင့် ဘာကိုမျှ လုံးဝမမြင်လိုက်ရချေ။
"ဒီကောင်လေး... သူက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ?"
"သူ့ရဲ့အရှိန်က ငါ့ရဲ့အရှိန်နဲ့တောင် ယှဉ်လို့ရနေပြီပဲ။"
ထိုသို့ပြောဆိုနေသူများမှာ ဗလာသန့်စင်ခြင်းနယ်ပယ်မှ အကြီးအကဲများဖြစ်ပြီး သူတို့သာလျှင် ပိုင်ကျီဟန်သည် လုရှန်ယွမ်၏ နောက်ကျောသို့ ရွှေ့ပြောင်းသွားသည့် အခိုက်အတန့်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
သို့သော် သူတို့ခံစားရသည့် တုန်လှုပ်မှုမှာ ဘာမျှမမြင်လိုက်ရသူများထက် မလျော့ပါပေ။ အမှန်တကယ်ဆိုလျှင် သူတို့က ပို၍ပင် အံ့အားသင့်နေကြသည်။ အကြောင်းမှာ အရှိန်အဟုန်ကို အဓိကအားသာချက်အဖြစ် ပိုင်ဆိုင်ထားသော လုရှန်ယွမ်ထက် ပိုင်ကျီဟန်သည် ဤမျှလောက် ပို၍မြန်နေလိမ့်မည်ဟု သူတို့ထဲမှ မည်သူမျှ မမျှော်လင့်ထားသောကြောင့် ဖြစ်သည်။ ပိုင်ကျီဟန်၏အရှိန်သည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်ထက် များစွာကျော်လွန်နေပြီး ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင်ပင် အထက်တန်းအဆင့်၌ ရှိနေကြောင်း သူတို့ ဝန်ခံကြရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်အုပ်စုသည် ဝမ်းသာအားရ ဖြစ်နေကြသော်လည်း ဂိုဏ်းခေါင်းဆောင် ဆန့်ကျင်ရေးအုပ်စုကြားတွင်မူ သံသယများ စတင်ပျိုးထွက်လာတော့သည်။
ပိုင်ကျီဟန်က တကယ်ပဲ လုရှန်ယွမ်ကို အနိုင်ယူနိုင်မှာလား?
စင်မြင့်ထက်သို့ ပြန်ကြည့်လျှင်
လုရှန်ယွမ်သည် တုန်ရင်နေသော တံတောင်ဆစ်များကို အားပြုကာ ညည်းတွားရင်း ထရန် ကြိုးစားနေသည်။
သူ့နားထဲတွင် မြည်ဟီးနေ၏
မျက်နှာမှာလည်း ပူထူနေသည်။
သူ့ပါးကို သူ ပြန်ကိုင်ကြည့်ကာ နာကျင်မှုကြောင့် တွန့်သွားမိသည်။
ဖြန်း
သူ လက်ဝါးနှင့် အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ပိုင်ကျီဟန်၏ လက်ချက်ပင်။
သို့သော် ပိုင်ကျီဟန် မည်သည့်အချိန်တွင် ရိုက်လိုက်သည်ကို သူ မမြင်လိုက်ရခြင်းဖြစ်သည်— တုံ့ပြန်ဖို့ဆိုသည်မှာ ဝေလာဝေး။
"မဖြစ်နိုင်တာ..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါက သူ့နောက်မှာလေ... ငါက ပိုမြန်ခဲ့တာလေ..."
စင်မြင့်၏ တစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မူလနေရာမှာပင် ရပ်နေဆဲဖြစ်ပြီး ပျင်းရိငြီးငွေ့နေသည့်
အမူအရာမှာလည်း ပြောင်းလဲခြင်း မရှိပေ။
"အို... ဘယ်တုန်းက လဲသွားတာလဲ? ဦးလေးကြီး... သတိထားဦးလေ၊ ဒီစင်မြင့်မှာ မတည်ငြိမ်တဲ့ နေရာတွေ အများကြီးပဲ။ ခင်ဗျားလို အသက်ကြီးတဲ့သူအတွက် ဒီလိုလဲတာမျိုးက အသက်အန္တရာယ်ရှိနိုင်တယ်နော်။"
ပိုင်ကျီဟန်သည် သူ့ကို လှောင်ပြောင်ရမည့် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
"ပိုင်ကျီဟန်..ကံကောင်းလို့ တစ်ချက်ထိသွားတာနဲ့ ပျော်မနေနဲ့ဦး။ ငါ မင်းကို အဆပေါင်းများစွာ ပြန်ပေးဆပ်စေရမယ်”
လုရှန်ယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ပိုင်ကျီဟန်၏ အရှိန်သည် မိမိထက် များစွာ သာလွန်နေသည်ဆိုသောအချက်ကို သူ လက်ခံရန် ငြင်းဆန်နေသည်။
သူ့ဦးနှောက်သည် ထိုအရာကို လုံးဝ လက်မခံနိုင်ပေ။
ထို့ကြောင့် ပိုင်ကျီဟန်မှာ သူ၏ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီးမှ ပြင်ဆင်ထားခြင်းသာ ဖြစ်ရမည်ဟု မိမိကိုယ်ကို ယုံကြည်အောင် လုပ်လိုက်သည်။
မဟုတ်လျှင် ပိုင်ကျီဟန်အနေဖြင့် ထိုကဲ့သို့ တုံ့ပြန်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။
(ငါက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်မှာ အမြန်ဆုံးပဲ... ဗလာသန့်စင်ခြင်းနယ်ပယ် အောက်မှာ ဘယ်သူမှ ငါ့အရှိန်ကို မကျောနိုင်ဘူး..လုံးဝ မဖြစ်နိုင်ဘူး— ပိုင်ကျီဟန်က ငါ့ထက် မြန်နေတယ်ဆိုတာ လုံးဝ လုံးဝ မဖြစ်
နိုင်ဘူး)