လုရှန်ယွမ်၏ ကျဆုံးခြင်း
Vol. 24 Ch. 355
"ငါ... ငါ နိုင်သေးတယ်”
သူသည် သွားကြိတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
မိမိကိုယ်ကိုယ် အတင်းအကျပ် ပြန်ထလိုက်ရာ ချီစွမ်းအင်များသည် ပြင်းထန်စွာ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သည်လည်း အရှိန်အဟုန်နှင့် ဒေါသတို့ကြောင့် တုန်ရင်နေသည်။
နောက်ထပ် တိုက်ကွက်တစ်ခု— နောက်ထပ် အခွင့်အရေးတစ်ခု။
ပိုင်ကျီဟန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေသည်။
လုရှန်ယွမ်၏ နောက်ထပ် တိုက်ခိုက်မှု မည်မျှပင် မြန်ပါစေဦးတော့၊ တူညီသော ကံကြမ္မာနှင့်သာ ဆုံတွေ့ရရန် ကန့်သတ်ခံထားရပြီးသား ဖြစ်သည်။
ဖြန်း
လုရှန်ယွမ်သည် လွယ်လွယ်နှင့် အရှုံးပေးရန် အစီအစဉ်မရှိပေ။ သူသည် ပိုင်ကျီဟန်ကို ဖြိုလှဲရန်အတွက် သူ၏ နည်းဗျူဟာများကို ပြောင်းလဲကာ အခြားနည်းလမ်းတစ်ခုဖြင့် ကြိုးစားရန် ပြန်လည် ထရပ်လိုက်ပြန်သည်။
လုရှန်ယွမ်သည် သူ၏ အတွေ့အကြုံများ၊ လှည့်ကွက်များ၊ ဓားသိုင်းနည်းစနစ်များအားလုံးကို အသုံးချရန် ကြိုးစားခဲ့သော်လည်း ပိုင်ကျီဟန်၏ ရှေ့မှောက်တွင် အရာအားလုံးမှာ အဖတ်မတင်ဘဲ ပျက်စီးသွားရသည်။
ပို၍ ဆိုးရွားသည်မှာ ပိုင်ကျီဟန်ကို သိကျွမ်းသူများအဖို့ ဓားဆန္ဒရည်ရွယ်ချက်ကိုပင် အသုံးမပြုရသေးကြောင်း သိနေကြခြင်းပင်။ ထိုအစွမ်းသည် တိုက်ပွဲ၏ အခြေအနေကို လုံးဝပြောင်းလဲပစ်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သော်လည်း ပိုင်ကျီဟန်သည် ယခုတိုက်ပွဲကို မည်မျှအေးအေးဆေးဆေး ကိုင်တွယ်နေသည်ကိုသာ သက်သေပြနေသည်။
နောက်ထပ် တိုက်ကွက်တစ်ခု! နောက်ထပ် အရှက်ခွဲခံရမှုတစ်ခု!
လုရှန်ယွမ်သည် ယိုင်တိုင်တိုင်ဖြင့် ပြန်ထလာပြန်သည်။ သူ၏ ခြေထောက်များသည် တုန်ယင်နေပြီး မျက်နှာတွင်လည်း ထပ်နေသော လက်ဝါးရာနီနီကြီးများကြောင့် ဖူးယောင်နေပြီ ဖြစ်သည်။ ဆံပင်များသည် ဖရိုဖရဲဖြစ်နေကာ ဝတ်ရုံများမဗာလည်း စုတ်ပြဲပြီး အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
"ပိုင်ကျီဟန်” သူသည် အက်ကွဲသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။ "မင်းကို ငါသတ်
မယ်! ငါ”
သူ စကားမဆုံးပေ
အကြောင်းမှာ ပိုင်ကျီဟန် လှုပ်ရှားလိုက်သောကြောင့် ဖြစ်သည်။
ဝှူး
မျက်တောင်တစ်ခတ်အတွင်း သူသည် လုရှန်ယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ဂျွတ်
ပြတ်သားသော ခြေကန်ချက်တစ်ခုသည် လုရှန်ယွမ်၏ ခြေထောက်များကို ရိုက်ခတ်သွား၏
လုရှန်ယွမ်သည် ဘေးတိုက် လွင့်ထွက်ကာ အသက်ရှူကျပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ ပြန်ထရန် မစဉ်းစားနိုင်ခင်မှာပင်
ဒုတ်
ပိုင်ကျီဟန်၏ ခြေထောက်သည် သူ၏ ရင်ဘတ်ပေါ်သို့ အသာအယာ ဖိချလိုက်ကာ ဆိုးသွမ်းသော ခွေးတစ်ကောင်ကို နှိမ်နင်းထားသကဲ့သို့ပင်။
ဤသည်မှာ ပါရမီရှင် နှစ်ဦးကြားမှ တိုက်ပွဲနှင့် မတူဘဲ လမ်းဘေးမှ လူမိုက်တစ်ယောက်သည် အစွမ်းမရှိသူ တစ်ဦးကို အနိုင်ကျင့်နေသကဲ့သို့သာ မြင်နေရသည်။
ကြည့်ရှုနေသူအားလုံးကို သဘောပေါက်သွားစေသည်မှာ ပိုင်ကျီဟန်သည် လုရှန်ယွမ်ကို လုံးဝ အလေးအနက်မထားခဲ့ခြင်းပင် ဖြစ်သည်။
အစမှ ယခုထိ ပိုင်ကျီဟန်တွင် တိုက်ပွဲကို အဆုံးသတ်ရန် သို့မဟုတ် လုရှန်ယွမ်မ်ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် အခွင့်အရေးများစွာ ရှိခဲ့သော်လည်း သူသည် တိုက်ပွဲကို နိုင်ရန်ထက် လုရှန်ယွမ်ကို အရှက်ခွဲရန်သာ ပို၍ အာရုံစိုက်နေပုံရသည်။
ထို့ပြင် သူတို့အားလုံးအတွက် ထိတ်လန့်စရာ အချက်တစ်ချက်ကိုလည်း ရှာဖွေတွေ့ရှိသွားသည်မှာ ပိုင်ကျီဟန်သည်လည်း ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်သို့ ရောက်ရှိနေခြင်းပင်။
ပိုင်ကျီဟန်သည် အစွမ်းကို ထိန်းချုပ်ထားဆဲ ဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲနေခြင်း ဖြစ်သည်။
သို့သော် ဖြစ်ပျက်သမျှကို ကြည့်ခြင်းအားဖြင့် ပိုင်ကျီဟန်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မဟုတ်ဘဲ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်တွင် ရှိနေသည်ဟု မည်သူမဆို ပြောနိုင်ပေသည်။
ထိုသို့မဟုတ်ပါက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော လုရှန်ယွမ်ကို ဤမျှအထိ အရုပ်တစ်ခုလို ကစားနိုင်မည် မဟုတ်ပေ။
၎င်းအဆင့်သည် နဂါးနှင့်ဖီးနစ်ပြိုင်ပွဲ၏ ချန်ပီယံဖြစ်ပြီး ပိုင်ကျီဟန်ထက် အသက်ကြီးသော ပါရမီရှင် ပိုင်ရွှယ်ချင်းပင်လျှင် ယခုလေးတင်မှ ရောက်ရှိထားသည့် အဆင့်ဖြစ်သည်။
"ပိုင်ကျီဟန်က... ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်မှာ ရောက်နေတာလား?"
"သူ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်မှာ ရှိမနေရင် မဖြစ်နိုင်ဘူး။ မဟုတ်ရင် လုရှန်ယွမ်ကို ဒီလိုမျိုး ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ?"
"ပိုင်ကျီဟန်က လုရှန်ယွမ်ကို နိုင်သွားတယ်ဆိုတဲ့ အချက်ထက် အဲ့ဒီအဆင့်ကို ရောက်နေတယ်ဆိုတာက ပိုကြောက်ဖို့ မကောင်းဘူးလား? ပိုင်ကျီဟန်က အသက် ၂၀ တောင် မပြည့်သေးဘူးလေ။ အသက် ၂၀ ပြည့်ဖို့ နှစ်နှစ်တောင် လိုသေးတာ”
"တောက်! သူက ဘယ်လိုမျိုး နတ်ဆိုးသတ္တဝါလဲ?"
တပည့်များသည် စတင်ဆွေးနွေးလာကြပြီး ပို၍စဉ်းစားလေလေ ပို၍ ရူးသွပ်စရာကောင်းသည်ဟု ထင်ရသည်။
အသက် ၂၀ အောက်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရန်ပင် အလွန်ခက်ခဲပြီး ရှားပါးလှသည်— သို့သော် ဝိညာဉ်
ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်လား? ကောင်းကင်အင်ပါယာသမိုင်းတွင် ထိုကဲ့သို့သော သာဓကမျိုး မရှိခဲ့ဖူးပေ။
မသေမျိုးဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး အသက် ၁၈ နှစ်မပြည့်မီ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သို့ ရောက်ရှိခဲ့သော ပိုင်ရှင်းယွဲ့ကို ချန်လှပ်ထားလျှင်ပေါ့။
သို့သော် ၎င်းမှာ မသေမျိုးဧကရာဇ်၏ အမွေအနှစ်ကြောင့် ဖြစ်သည်ဟု လူတိုင်းသိကြသည်။
သို့သော် ပိုင်ကျီဟန်မှာမူ မည်သည့်အမွေအနှစ်မှမပါဘဲ ဤအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းသည် သူ၏ပါရမီ မည်မျှကြီးမားသည်ကို သက်သေပြနေခြင်းပင်။
"ပိုင်ကျီဟန်က ငါတို့ဘက်က ကူညီမယ်ဆိုရင် အကြီးအကဲဝူနဲ့ တခြားသူတွေ တပည့်တွေအပေါ်မှာ လွှမ်းမိုးမှု အများကြီးရမှာ မဟုတ်တော့ဘူး။"
"ဒါပေမဲ့ ပိုင်ရွှယ်ချင်းက ငြင်းလိုက်ပြီလေ၊ ပိုင်မျိုးနွယ်စုက ဂိုဏ်းရဲ့ရေးရာတွေမှာ ဝင်မပါချင်ကြဘူးဆိုတာလည်း လူသိများတယ်လေ။"
ဂိုဏ်းခေါင်းဆောင်ဘက်တော်သားများမှာ အတော်လေး ယုံကြည်ချက်ရှိလာကြပြီး ပိုင်ကျီဟန်ကို သူတို့အဖွဲ့ထဲသို့ ဝင်လာစေရန် ယခင်ကထက် ပိုမိုလိုလားလာကြသည်။
ပိုင်ကျီဟန်သာ ရှိနေမည်ဆိုပါက သူတို့အား ဆန့်ကျင်ရဲမည့် တပည့် များများစားစား ရှိမည်မဟုတ်ပေ။
ထို့ပြင် ပိုင်ကျီဟန်သည် ဂိုဏ်းခေါင်းဆောင်ဘက်တော်သားဟု လူအများက ထင်မြင်သွားပါက တပည့်များစွာသည်လည်း သူတို့ဘက်သို့ ဝင်ရောက်လာရန် စိတ်အားထက်သန် လာကြမည်ဖြစ်သည်။
တစ်စုံတစ်ယောက်သည် သူတို့အဖွဲ့ဝင်တစ်ဦးကို လာရောက်နှောင့်ယှက်ပြီး ပိုင်ကျီဟန်သာ ရှေ့ထွက် ကာကွယ်ပေးမည်ဆိုလျှင် မည်သူက ဆန့်ကျင်ရဲမည်နည်း?
ထိုအချက်တစ်ခုတည်းနှင့်ပင် ပိုင်ကျီဟန်အား တိုက်ရိုက်ဆန့်ကျင်မည့် အဖွဲ့ထဲသို့ ဝင်ရန် လူအများက နှစ်ခါပြန် စဉ်းစားကြမည်ဖြစ်သည်။
ပိုင်ကျီဟန် ပြသနေသည့် အစွမ်းများကြောင့် သူနှင့် ရန်သူဖြစ်ရန်မှာ မကောင်းသော အကြံဉာဏ်ဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။
ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ဘက်တော်သား အကြီးအကဲများသည် ပိုင်ကျီဟန်ကို သူတို့အဖွဲ့ထဲ ရောက်လာစေရန် အစွမ်းကုန် ကြိုးစားရမည်ဟု နားလည်လိုက်ကြသည်။
လုရှန်ယွမ်သည် ဖုန်မှုန့်များနှင့် သွေးများကို အန်ထုတ်ရင်း ပိုင်ကျီဟန်၏ ခြေထောက်သည် သူ၏ရင်ဘတ်ကို ဖိထားသဖြင့် မှင်သက်နေသည်။
သူ၏ ခြေလက်များမှာ ကြိုးပြတ်သွားသော ရုပ်သေးရုပ်ကဲ့သို့ သနားစရာကောင်းလောက်အောင် တွန့်လိမ်နေသည်။
သို့သော် ပိုင်ကျီဟန်သည် သူ၏ခြေထောက်ကို ပြန်မလိုက်သည့်အချိန်— ထိုဖိအားကွယ်ပျောက်သွားသည့် ခဏတွင် လုရှန်ယွမ်၏ စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားတော့သည်။
အရှုံးမပေးလိုသော ဇွဲကြောင့် မဟုတ်ဘဲ အလွန်အမင်း ကြောက်လန့်သွားခြင်းကြောင့်သာ ဖြစ်သည်။
ပိုင်ကျီဟန်သည် ပြင်းထန်သော နည်းစနစ်များကို အသုံးမပြုဘဲ သူ့ကို အဆုံးသတ်နိုင်ပါလျက်နှင့် ရှောင်ကြဉ်နေခဲ့သည်။
လုရှန်ယွမ်ကမူ ပိုင်ကျီဟန်သည် သူ့ကို လျှော့တွက်ထားသည်ဟု ထင်မှတ်ကာ မိမိတတ်သမျှ အစွမ်းကုန်အသုံးပြုပြီး တစ်
ကြိမ်လေးသာ အနိုင်ရရန် ကြိုးစားခဲ့သည်။
သို့သော် သူ၏ခန္ဓာကိုယ် မပျက်စီးမီ သူ၏စိတ်ဓာတ်သည် အရင်ဆုံး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုစိတ် မရှိတော့ပေ။ ကာကွယ်စရာ မာနလည်း မကျန်တော့ပြီ။ သူ အလိုချင်ဆုံးအရာမှာ ဤငရဲခန်းမှ လွတ်မြောက်ရန်သာ ဖြစ်သည်။
သူသည် ကျိုးပဲ့နေသော ကြွေပြားများပေါ်တွင် လက်ဝါးများ ချော်ရင်း အသက်ရှူသံများ တုန်ရီလျက် ခြေလေးဖက်ထောက်ကာ နောက်သို့ ဆုတ်ခွာသွားတော့သည်။
"မ... မလုပ်နဲ့”
သူသည် အက်ကွဲသောအသံဖြင့် အမောတကော ပြောလိုက်သည်။
သူသည် ထောင့်ပိတ်မိနေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသည်းအသန် တွားသွားရင်း ခြေထောက်များကို ရမ်းခါကာ ဆုတ်ခွာနေတော့သည်။
ပိုင်ကျီဟန်သည် သူ့နောက်သို့ လိုက်မလာပေ။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပျင်းရိငြီးငွေ့နေသည့် ပုံစံဖြင့် ထိုနေရာတွင်ပင် ရပ်နေသည်။ ကန်ကျောက်ခံလိုက်ရသဖြင့် ထွက်ပြေးသွားသော လမ်းဘေးခွေးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
လုရှန်ယွမ်၏ ပုံစံသည် ပိုင်ကျီဟန်အတွက် လိုက်လံရိုက်နှက်ရန်ပင် အလွန်သနားစရာ ကောင်းနေသည်။ ထိုအချက်ကပင် အခြေအနေကို ပို၍ ဆိုးရွားစေသည်။
အဘယ်ကြောင့်ဆိုသော် လုရှန်ယွမ်သည် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ပြေးနေသောကြောင့် ဖြစ်သည်။
သူသာ နောက်လှည့်ကြည့်လိုက်ပါက ပိုင်ကျီဟန်သည် သူ့နောက်သို့ လိုက်မလာကြောင်းနှင့် ဤမျှ အသည်းအသန် တွားသွားထွက်ပြေးနေရန် မလိုကြောင်း သိသွားပေလိမ့်မည်။
ထို့ကြောင့် မည်သူမျှ လိုက်မဖမ်းဘဲနှင့် သူကိုယ်တိုင် တွားသွားထွက်ပြေးနေသည့် ပုံစံမှာ ပိုင်ကျီဟန် တကယ်လိုက်ဖမ်းသည်ထက်ပင် ပို၍ ကြည့်ရဆိုးနေတော့သည်။
မီတာအနည်းငယ်ခန့် တွားသွားပြီးနောက် သူသည် နောက်ဆုံးတွင် မတ်တတ်ရပ်နိုင်ခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းတိုင်းလည်း ပိုင်ကျီဟန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက်ပေါ်လာပြီး သူ့ကို မြေကြီးထဲရောက်အောင် ပြန်ရိုက်မလားဆိုသည့် အတွေးဖြင့် ခေါင်းကို လှည့်ကြည့်နေမိသည်။
သို့သော် ပိုင်ကျီဟန်က တစ်ချက်ကလေးမျှ မလှုပ်ရှားခဲ့ပေ။
လုရှန်ယွမ်သည် သူ လွတ်မြောက်သွားပြီဟု ထင်သည့်အချိန်ကျမှ နောက်သို့ လှည့်ကြည့်လိုက်ရာ ပိုင်ကျီဟန်သည် သူ့နောက်သို့
လိုက်ပင်မလာသည်ကို သတိပြုမိသွားသည်။
ထိုအချက်ကို သိလိုက်ရချိန်တွင် သူ ခံစားလိုက်ရသည်မှာ—စိတ်သက်သာရာရမှုပင် ဖြစ်သည်။
သူ၏ ရင်ဘတ်သည် တင်းကျပ်သွားပြီး ဒူးများမှာလည်း ခွေကျလုနီးပါး ဖြစ်သွားကာ မျက်ဝန်းထောင့်တွင် ကြောက်ရွံ့မှု၊ မောဟိုက်မှုနှင့် စိတ်ဓာတ်အကြီးအကဲ ပျက်စီးသွားမှုတို့ အထင်အရှား မြင်နေရသည်။ အရိုက်ခံထားရသော ခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးပုံကို လူပေါင်းထောင်ချီ ကြည့်နေကြသည်ကိုပင် သူဂရုမစိုက်တော့ပေ။
သူ၏ ဂုဏ်သိက္ခာများ ပျက်စီးသွားခြင်း သို့မဟုတ် လူရဲဘောကြောင်တစ်ယောက်ကဲ့သို့ တွားသွားထွက်ပြေးနေသည့် သူ၏သနားစရာပုံစံကိုပင် သူ မစဉ်းစားနိုင်တော့ပေ။
တပည့်များက သနားစိတ် သို့မဟုတ် လှောင်ပြောင်သရော်မှုများဖြင့်တီးတိုး ပြောဆိုနေကြသည်ကိုလည်း သူ လျစ်လျူရှုထားသည်။
ပါရမီရှင်ဟု သတ်မှတ်ထားသူတစ်ဦးသည် သိက္ခာမဲ့စွာ ထွက်ပြေးနေရသည်ကို အဖွဲ့သားများ ကြည့်နေရလည်း သူ ဂရုမစိုက်နိုင်တော့ပေ။
ပိုင်ကျီဟန် သူ့နောက်သို့ လိုက်မလာသည်ကိုသာ သူ စိတ်သက်သာရာ ရနေတော့သည်။
ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့ မှ လူများ၏ မျက်နှာမှာမူ မဲမှောင်နေချေသည်။
၎င်းမှာ တိုက်ပွဲမစမီက အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
အကြီးအကဲ ဝူဟမ်၏ လက်များသည် တင်းတင်းဆုပ်ထားသဖြင့် အရေပြားပေါ်တွင် အကြောများပင် ထောင်ထွက်
နေသည်။
သူသည် ဒေါသကြောင့် တုန်တုန်ရင်ရင် ဖြစ်နေရသည်။
"လုရှန်ယွမ်..ဒီအရူးကောင်”
သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ၏ အစီအစဉ်များနှင့် အောင်မြင်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သော လုရှန်ယွမ်ကို ဆဲဆိုအပြစ်တင်နေမိသည်။
လွန်ခဲ့သော ရက်သတ္တပတ်များစွာက ဂိုဏ်းခေါင်းဆောင် ဆန့်ကျင်ရေးအဖွဲ့ဝင်များသည် အလွန်စွမ်းအားကြီးပြီး သန်မာသည်ဟူသော အယူအဆကို တပည့်များကြား ရိုက်သွင်းရန် ကြိုးစားခဲ့ကြသည်။
သူတို့အဖွဲ့မှ တပည့်များသည် အခြားအဖွဲ့ဝင်များထဲမှ သြဇာညောင်းသူများကို လိုက်လံနှိမ်နင်း အနိုင်ယူခဲ့ကြသည်။
ချူကျီယန်ကို လုရှန်ယွမ် အနိုင်ယူနိုင်ခဲ့ချိန်တွင် သူတို့၏ အစီအစဉ်မှာ များစွာ အထမြောက်ခဲ့သည်။
လုရှန်ယွမ်သာ ယခုတိုက်ပွဲတွင် ထပ်မံအနိုင်ရခဲ့ပါက ကောင်းကင်ဓားဂိုဏ်း၏ အသန်မာဆုံးတပည့်သည် သူတို့ဘက်မှ ဖြစ်သည်ဟု တပည့်အားလုံးကို သိစေကာ အစီအစဉ်ကို ပြီးပြည့်စုံစေမည် ဖြစ်သည်။
သို့သော် အနိုင်ယူရန် လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားသော ပိုင်ကျီဟန်သည် လုရှန်ယွမ်ကို အေးအေးဆေးဆေး နှိမ်နင်းလိုက်သည့်အခါ အရာအားလုံး ပြောင်းလဲသွားတော့သည်။
သူတို့၏ အစီအစဉ်မှာ ကျရှုံးသွားခဲ့ချေပြီ။ အခြားရလဒ်တစ်ခုကို မျှော်လင့်နေသော်လည်း လုရှန်ယွမ်သည် ပိုင်ကျီဟန်ကို ယှဉ်နိုင်စွမ်းမရှိကြောင်း အကြီးအကဲ ဝူဟမ် ကောင်းကောင်းနားလည်လိုက်သည်။
ရိုးရိုးတန်းတန်း ရှုံးနိမ့်သွားခြင်းသည် အစီအစဉ်ကို နှောင့်နှေးစေရုံသာရှိပြီး
၉၅ ရာခိုင်နှုန်းခန့် ပြီးမြောက်နိုင်သေးသဖြင့် အခြေအနေမှာ သိပ်မဆိုးလှပေ။
သို့သော် လုရှန်ယွမ်သည် ကြောက်လန့်တကြားဖြင့် စိတ်ဓာတ်ပျက်ပြားကာ ဤကဲ့သို့ ပြုမူနေခြင်းကမူ...
လုရွှမ်ယွမ်၏ ပုံရိပ်ကိုသာမက ဂိုဏ်းခေါင်းဆောင် ဆန့်ကျင်ရေးအဖွဲ့၏ တပည့်များ ကြံ့ခိုင်သန်မာသည်ဆိုသော ပုံရိပ်ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးလိုက်သည်။
သာမန်ရှုံးနိမ့်မှုကပင် ယခုထက် များစွာ ပိုကောင်းပါလိမ့်မည်။ယခုမူ လုရှန်ယွမ်၏ သူရဲဘောကြောင်သော အပြုအမူနှင့် ပိုင်ကျီဟန်၏ အေးဆေးတည်ငြိမ်သော အမူအရာတို့ကြောင့် ကောင်းကင်ဓားဂိုဏ်း၏ အစစ်အမှန် အသန်မာဆုံးတပည့်မှာ မည်သူဖြစ်ကြောင်း အားလုံးအတွက် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းတစ်ခုတည်းကပင် လွန်ခဲ့သော ရက်သတ္တပတ်များစွာက သူတို့ ကြိုးစားတည်ဆောက်ခဲ့သမျှ အောင်မြင်မှုအားလုံးကို အချည်းနှီး ဖြစ်သွားစေသည်။
ဤအချက်ကပင် ထိုအောင်မြင်မှုများရရန် ကြိုးစားခဲ့သော အကြီးအကဲ ဝူဟမ်ကို အကြီးအကျယ် ဒေါသထွက်စေခြင်း ဖြစ်သည်။