အသည်းအသန် စည်းရုံးခြင်း
Vol. 24 Ch. 357
ကောင်းကင်ဓားဂိုဏ်း၏ လေထုမှာ လုံးဝပြောင်းလဲသွားခဲ့ချေပြီ
"လုရှန့်ယွမ်က တောင်းပန်တိုးလျှိုးတဲ့အထိ အရိုက်ခံလိုက်ရတာ မင်းကြားပြီးပြီလား။"
"ငါအရင်က သူ့ကို လေးစားအားကျခဲ့တာ၊ ဒါပေမဲ့ သူက ကျင့်စဉ်အဆင့်မြင့်တာကိုပဲ အားကိုးတတ်တဲ့ လူဖျင်းတစ်ယောက်ပဲကိုး။"
"ရှူး..တိုးတိုးပြောစမ်းပါ။ အဲဒီနေ့က အကြီးအကဲ လုထျန်း တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဒေါသထွက်နေတာ။"
"ဟူး... ချူကျီယန်ကို ဘယ်သူက သွားထိခိုင်းလို့လဲ။ အဲဒီမိစ္ဆာက သူ့လူကိုထိရင် လုံးဝလက်မလွှတ်တမ်း နှိပ်စက်တတ်တာ မင်းတို့မသိဘူးလား။"
"တချို့လူတွေကတော့ ကိုယ်တိုင်ခံစားရမှပဲ သင်ခန်းစာရကြတာလေ။"
ထိုစိန်ခေါ်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် တပည့်များမှာ လက်ဟန်ခြေဟန်များဖြင့် ပြန်လည်ပြောပြနေကြရာ တစ်ယောက်ထက်တစ်ယောက် ပို၍စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်။
မမြင်ဖူးသူများမှာလည်း မျက်လုံးအဝိုင်းသားဖြင့် နားထောင်ရင်း ထိုမြင်ကွင်းကို ပုံဖော်ရန် ကြိုးစားနေကြသည်။
လုရှန့်ယွမ်ဆိုသည်မှာ တပည့်များထဲတွင် အချိန်အတော်ကြာ အသန်မာဆုံးဟု သတ်မှတ်ခံထားရသူ မဟုတ်ပါလော။
သို့သော် ထိုတိုက်ပွဲသည် ကြည့်ရှုခဲ့သူအားလုံး၏ စိတ်ထဲတွင် လုရှန့်ယွမ်၏ ပုံရိပ်ကို အစအနမကျန် ဖျက်ဆီးပစ်လိုက်သည်။
တစ်ရက်အတွင်းမှာပင် ထိုတိုက်ပွဲအကြောင်းသည် တစ်ဂိုဏ်းလုံး ပျံ့နှံ့သွားခဲ့ပြီး လုရှန့်ယွမ်၏ ရှုံးနိမ့်မှုကို မည်သူကမျှ ဂုဏ်သိက္ခာရှိသော ရှုံးနိမ့်မှုဟု မယူဆကြပေ။
အကြီးအကဲ လုထျန်းသည် မျိုးရိုးနာမည်ကို အရှက်ခွဲမှုကြောင့် လုရှန့်ယွမ်ကို ရိုက်နှက်ဆုံးမခဲ့ပြီး ဗလာသန့်စင်ခြင်းနယ်ပယ်သို့ မရောက်မချင်း တံခါးပိတ်ကျင့်ကြံစေသည့် ပြစ်ဒဏ်
ပေးလိုက်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။
ပိုင်ကျီဟန် နာမည်မှာလည်း တစ်ဂိုဏ်းလုံးတွင် ဟိန်းထွက်သွားခဲ့ပြီး သူသည် မည်သူမျှ သွားမရှုပ်သင့်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း တစ်ဖန် သက်သေပြလိုက်ပြန်သည်။
နေရာတိုင်းတွင် သူ့နာမည်ကသာ လွှမ်းမိုးနေတော့သည်။
အချို့က ရိုသေကြောက်လန့်စွာဖြင့် တိုးတိုးတိတ်တိတ် ပြောကြသည်။ အချို့ကမူ ကြောက်လန့်တကြား သို့မဟုတ် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့အကြောင်းကို ပေါ့ပေါ့တန်တန် မပြောဆိုရဲကြတော့ပေ။
လုရှန့်ယွမ်ကို အနိုင်ရလိုက်ခြင်းသည် အဓိက သက်ရောက်မှုမဟုတ်ပေ။
ပိုင်ကျီဟန် သန်မာသည်မှာ လူတိုင်းသိထားပြီးသား ဖြစ်သည်။
အဓိကမှာ တိုက်ပွဲပြီးနောက် ဖြစ်ပျက်သွားသည့် အရာသာဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့၏ ကြယ်ပွင့်တပည့်ဖြစ်သော လုရှန့်ယွမ်တစ်ယောက် တုန်တုန်ရင်ရင်ဖြင့် တောင်းပန်ပြီး အသနားခံနေရသည့် မြင်ကွင်း...၎င်းမှာ ပိုင်ကျီဟန်၏ ကြောက်စရာအကောင်းဆုံး အချက်ဖြစ်သည်။
သူသည် ရန်သူကို လုံးဝမျှော်လင့်ချက်မဲ့စေပြီး အရှက်တကွဲ ဖြစ်စေသူဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့မှ တပည့်များသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ခေါင်းငုံ့နေခဲ့ကြရသည်။
ထိုအခြေအနေသည် ဂိုဏ်းခေါင်းဆောင်ဘက်တော်သားများကို အသက်ရှူချောင်စေခဲ့သော်လည်း ၎င်းတို့၏ ဩဇာအာဏာ တိုးတက်လာခြင်းမျိုး မဟုတ်ဘဲ ပိုင်ကျီဟန်၏ ဩဇာကသာ ကောင်းကင်ဓားဂိုဏ်းအတွင်း ကြီးထွားလာခြင်းဖြစ်သည်။
ထို့ပြင် ပိုင်ကျီဟန် တစ်ဂိုဏ်းလုံးကို ပေးခဲ့သည့် သတိပေးချက်ကို မည်သူက မေ့နိုင်
မည်နည်း။
၎င်းမှာ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့ကိုသာ မဟုတ်ဘဲ ဂိုဏ်းချုပ်အဖွဲ့နှင့် ကြားနေသူများကိုပါ ပေးခဲ့သည့် သတိပေးချက်
ဖြစ်သည်။
မိမိပိုင်ဆိုင်သည့်အရာကို လာထိပါက မည်သူ့ကိုမဆို ရန်မူမည်ဖြစ်ကြောင်း ပိုင်ကျီဟန်က ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင်။
ပိုင်ကျီဟန်၏ ခြံဝင်းအတွင်း
သူ့ကိုယ်ပိုင်ခြံဝင်းထဲတွင် ဧည့်သည်တစ်ယောက် ရောက်နေပုံရသည်။
"ကောင်းပါပြီ... ဒါပေမဲ့ သေချာလေး ပြန်စဉ်းစားပေးပါ။ မင်းရဲ့ ဘယ်လိုဆန္ဒမျိုးကိုမဆို ငါတို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။"
ခြံဝင်းအဝင်တွင် ရပ်နေသူမှာ ဂိုဏ်းခေါင်းဆောင်အဖွဲ့မှ အကြီးအကဲအဆင့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူ၏ တောင့်တင်းနေသော မျက်နှာပေးအရ ၎င်းမှာ မထွက်ခွာမီ နောက်ဆုံးကြိုးစားကြည့်ခြင်း ဖြစ်ကြောင်း သိသာသည်။
စကားလုံးဖြင့် ပြောစရာပင်မလို... သူ ငြင်းပယ်ခံလိုက်ရပြီဆိုသည်မှာ ထင်ရှားနေတော့သည်။
အံ့ဩစရာတော့ မရှိပေ။
ပိုင်မျိုးနွယ်စုသည် ဂိုဏ်း၏ အတွင်းရေးနိုင်ငံရေးကိစ္စများတွင် ဝင်ရောက်ခဲလှသည်။
ရှေးရိုးစဉ်ဆက်အရ ၎င်းတို့သည် လိုအပ်မှသာ ပါဝင်ပတ်သက်လေ့ရှိပြီး ကျန်အချိန်များတွင် မည်သည့်ဘက်မှ မလိုက်ဘဲ ကြားနေအဖြစ်သာ နေထိုင်ကြသည်။
သို့သော် ယခုအကြိမ်တွင်မူ ဂိုဏ်းခေါင်းဆောင်ဘက်တော်သားများက ဦးဦးဖျားဖျား လှုပ်ရှားလာပြီး ပိုင်ကျီဟန်ထံ တိုက်ရိုက်ချဉ်းကပ်ခဲ့ကြသည်။
အကြောင်းမှာ ပိုင်ကျီဟန် ရရှိထားသည့် ကြီးမားသော ဩဇာအာဏာကို ၎င်းတို့ မြင်တွေ့သွားသောကြောင့် ဖြစ်သည်။
ပိုင်ကျီဟန်သာ သူတို့ဘက်တွင် ရှိနေပါက ၎င်းတို့၏ ဩဇာအာဏာသည် ကောင်းကင်သို့ ထိုးတက်သွားမည်ဖြစ်သည်။
ပိုင်မျိုးနွယ်စုသည် ကြားနေအဖြစ် ဆက်လက်ရှိနေဦးမည် ဆိုလျှင်တောင် ပိုင်ကျီဟန် တစ်ယောက်တည်းနှင့်တင် ကြိုးစားရကျိုး နပ်နေပြီဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် အကောင်းဆုံးသော ကမ်းလှမ်းချက်များကို ထုတ်ပေးခဲ့ကြသည်။
သူတို့အဖွဲ့သို့ ဝင်ရောက်မည်ဆိုပါက—သူအလိုရှိသမျှ အရာအားလုံး၊ အရင်းအမြစ်များမှစ၍ ရာထူးအဆင့်အတန်းအထိ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် ပိုင်ကျီဟန်က မဆိုင်းမတွပင် ငြင်းပယ်ခဲ့သည်။
ဘာကြောင့်လဲ?
သူ့အတွက် အကျိုးအမြတ်နည်းပြီး ခေါင်းခဲစရာ ပိုများမည့်ကိစ္စမျိုးတွင် သူ အပိုအားအင် မစိုက်ထုတ်ချင်သောကြောင့်ပင်။
သူသည် လုံးဝစိတ်မဝင်စားသည်တော့ မဟုတ်သော်လည်း လောလောဆယ်တွင် ရှုံးနိမ့်နေသော အုပ်စုတစ်စုထဲသို့ ဝင်ရန်
အတွက် ခိုင်လုံသော တွန်းအားမရှိသေးပေ။
ကိုယ်စားလှယ်ဖြစ်သူက သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး လက်အုပ်ချီကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"မင်း စိတ်ပြောင်းသွားမယ်ဆိုရင်..." သူက ဂရုတစိုက် ပြောလိုက်သည်။ "အချိန်မရွေး ငါတို့ကို ဆက်သွယ်လို့ရပါတယ်။"
ထိုသို့ပြောပြီးနောက် သူသည် ခြံဝင်းအတွင်းမှ ထွက်ခွါသွားခဲ့ပြီး မျက်နှာပေးမှာ မပြောင်းလဲသော်လည်း ပခုံးများသည် သိသိသာသာ လေးလံနေပုံရသည်။
တံခါး ပြန်ပိတ်သွားခဲ့ချေပြီ။
ပိုင်ကျီဟန်၏ ခြံဝင်းအတွင်း၌ တိတ်ဆိတ်မှုက ပြန်လည်စိုးမိုးလာသည်။
ခြံဝင်းအတွင်း အေးဆေးစွာ ထိုင်နေသော ပိုင်ကျီဟန်မှာမူ ဖြစ်ပျက်သမျှ ကိစ္စရပ်အားလုံးကို ခဏတာ အနှောင့်အယှက်လေးတစ်ခုထက် မပိုသကဲ့သို့ သဘောထားနေပုံရသည်။
ထိုသူ ထွက်သွားပြီး မကြာမီမှာပင် ခုန်းကျန်းဟုန်သည် အမောတကောဖြင့် ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာသည်။
"သခင်လေးပိုင်..." သူက လျင်မြန်စွာ ပြောလိုက်သည်။ "အကြီးအကဲ ဝူဟမ်ရောက်နေပြီး သခင်လေးနဲ့ တွေ့ချင်နေပါတယ်။"
ပိုင်ကျီဟန်က အံ့ဩသည့် အရိပ်အယောင်ပင် မပြပေ။
"သူ့ကို ဝင်ခိုင်းလိုက်”
ခုန်းကျန်းဟုန်သည် ဦးညွှတ်ပြီး ပြန်ထွက်သွားသည်။ စက္ကန့်ပိုင်းမျှအကြာတွင် အကြီးအကဲ ဝူဟမ်သည် ခြံဝင်းထဲသို့ ဝင်လာသည်။
အကြီးအကဲ၏ မျက်နှာမှာ တင်းမာနေပြီး မျက်လုံးများမှာ စူးရှနေသော်လည်း အသိသာဆုံးမှာ ပိုင်ကျီဟန်ကို ကြည့်နေသည့် အေးစက်သော အကြည့်များပင် ဖြစ်သည်။ ၎င်းမှာ အထင်အမြင်သေးခြင်း၊ ဝေဖန်ခြင်းနှင့် မကျေနပ်ခြင်းတို့ ရောပြွမ်းနေသည်။ ပိုင်ကျီဟန်သည် သူ သေချာစီစဉ်ထားသည့် အစီအစဉ်ကို ဖျက်ဆီးလိုက်ခြင်းကြောင့်သာ မဟုတ်ဘဲ...
သူ့ကို အနည်းငယ်မျှ ရိုသေမှုမရှိဘဲ တည်ငြိမ်အေးစက်သော အကြည့်ဖြင့် ထိုင်ကြည့်နေသောကြောင့်လည်း ဖြစ်သည်။
အကြီးအကဲ ဝူဟမ်ကို သာမန်လူတစ်ယောက်ကဲ့သို့သာ သဘောထားနေသယောင်။ ပိုင်ကျီဟန်သည် သူဝင်လာချိန်တွင် နှုတ်ဆက်ခြင်းပင် မပြုခဲ့ပေ။
သူသည် အကြီးအကဲ ဝူဟမ်ထက် အဆင့်အတန်း ပိုမြင့်သည့်အလားပင်။
အကြီးအကဲ ဝူဟမ်၏ မေးရိုးများ တဆတ်ဆတ်တုန်သွားပြီး ဒေါသများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသော်လည်း မိမိကိုယ်ကို အတင်းထိန်းချုပ်လိုက်ရသည်။
သူသည် ပို၍ကြီးမားသော ရည်မှန်းချက်ကို မိမိကိုယ်ကိုယ် ပြန်လည်သတိပေးလိုက်သည်။ ဤနေရာတွင် စိတ်လိုက်မာန်ပါ ဖြစ်လိုက်ပါက ဘာရလဒ်မျှထွက်လာမည် မဟုတ်ပေ။
သူသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စကားမပြောမီ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ပိုင်ကျီဟန်..." အကြီးအကဲ ဝူဟမ်သည် တည်ငြိမ်ပြီး စနစ်ကျသော လေသံဖြင့် စတင်ပြောဆိုသည်။ "ငါတို့အဖွဲ့က မင်းရဲ့ အစွမ်းနဲ့ အလားအလာကို အသိအမှတ်ပြုပါတယ်။ မင်းသာ ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်မယ်ဆိုရင် အမြင့်ဆုံးသော အထူးအခွင့်အရေးတွေကို ပေးဖို့ ငါတို့ အသင့်ရှိနေပါတယ်။"
သူက ဆက်ပြောသည်။
"ငါတို့နဲ့ဆိုရင် မင်းက ကျင့်စဉ်အရင်းအမြစ်တွေကို ဦးစားပေး ရရှိမှာဖြစ်သလို၊ အဆင့်တက်ဖို့အတွက်လည်း တိုက်ရိုက် လမ်းညွှန်မှုတွေနဲ့ နိုင်ငံရေးအရ ထောက်ခံမှုတွေကို ရမှာပါ။ မင်း ဘာပဲလိုချင်လိုချင် ငါတို့ ဖြည့်ဆည်းပေးနိုင်ပါတယ်။"
သူသည် အနည်းငယ် ရှေ့သို့ ကိုင်းလိုက်၏
"ငါတို့အဖွဲ့က အင်အားတောင့်တင်းပြီး ပိုပြီးတော့လည်း ကြီးထွားလာနေတာ။ မင်းရဲ့ ပါရမီနဲ့ ငါတို့ရဲ့ ပံ့ပိုးမှုသာ ပေါင်းစပ်လိုက်ရင် မင်းဟာ ဘယ်သူ့ထက်မဆို ပိုပြီး မြင့်မားတဲ့နေရာကို ရောက်သွားမှာပါ။"
အကြီးအကဲ ဝူဟမ်သည် ရာထူးအဆင့်အတန်း၊ ဩဇာအာဏာ၊ ကျင့်စဉ်နှင့် အနာဂတ်အာဏာ စသည့် ဖြစ်နိုင်သမျှ အကျိုးကျေးဇူးအားလုံးကို အသုံးချကာ ရိုးရိုးသားသားဖြင့် စည်းရုံးနေခြင်းဖြစ်သည်။
ပိုင်ကျီဟန် လုပ်ဆောင်ရန် လိုသည်မှာ သဘောတူလိုက်ရုံပင်။
"ဟမ်? ဒါပဲလား..."
ပိုင်ကျီဟန်သည် လှောင်ပြောင်သလို မေးလိုက်သည်။
သာမန်တပည့်တစ်ဦးအတွက်မူ ဤသည်မှာ အလွန်ကောင်းမွန်သော ကမ်းလှမ်းချက် ဖြစ်နိုင်သော်လည်း ပိုင်ကျီဟန်ကဲ့သို့ လူတစ်ယောက်အတွက်မူ ဘာမှမဟုတ်ပေ။
အကြီးအကဲ ဝူဟမ် ပြောသမျှ အရာအားလုံးကို သူ ပိုင်ဆိုင်ထားပြီးသား ဖြစ်ရာ မိမိတွင် ရှိပြီးသားအရာများအတွက် အဘယ်ကြောင့် အပိုအားစိုက်ထုတ်နေရမည်နည်း။
ကျင့်စဉ်နည်းစနစ်၊ အရင်းအမြစ်၊ အဆင့်အတန်း—ပိုင်မျိုးနွယ်စု၏ အမွေဆက်ခံသူတစ်ယောက်အနေဖြင့် သူ့တွင် မရှိတာ
ဘာမှမရှိပေ။
အမှန်အတိုင်းပြောရလျှင် ကောင်းကင်ဓားဂိုဏ်းအနေဖြင့် ပိုင်ကျီဟန် အမှန်တကယ် စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်သည့်အရာ တစ်ခုမှ မရှိချေ။
အကြီးအကဲ ဝူဟမ် မျက်မှောင်ကြုတ်သွားသည်။
"ဒါက ငါတို့ပေးနိုင်တဲ့ အမြင့်ဆုံး အကျိုးခံစားခွင့်တွေပဲ။ ဒါပေမဲ့ မင်းအလိုရှိတာ တစ်ခုခုရှိရင်လည်း တောင်းဆိုနိုင်ပါတယ်။ ငါတို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာပါ"
အကြီးအကဲ ဝူဟမ်က ဆိုသည်။
ပိုင်ကျီဟန်ကို သူတို့အဖွဲ့ထဲသို့ ဆွဲဆောင်နိုင်ခြင်းမှာ မည်သည့်အရာကို စတေးရသည်ဖြစ်စေ တန်ဖိုးရှိမှန်း သူ ကောင်းကောင်းသိသည်။
ပိုင်ကျီဟန်က စဉ်းစားခန်း ဝင်သွားသည်။ဝေဖန်ရလျှင် သူသည် အလေးအနက် စဉ်းစားနေသည့် ပုံစံမျိုး ဖမ်းနေခြင်းသာဖြစ်ပြီး တကယ်တမ်းတွင်မူ သူ့ကို ဆွဲဆောင်နိုင်လောက်သည့် အရာမှာ အစကတည်းက မရှိခဲ့ပေ။
"ဟင်း... ပထမဆုံးအနေနဲ့ ကျွန်တော်ကို အဖွဲ့ထဲဝင်ခိုင်းဖို့ ခင်ဗျားတို့မှာ ဖြစ်နိုင်ခြေကော ရှိလို့လား။ ကျွန်တော်သာ ဝင်လိုက်ရင် ရှန်မျိုးနွယ်စုက မကျေမနပ် ဖြစ်မသွားဘူးလား။"
ပိုင်ကျီဟန်က နောက်ပြောင်သလိုမျိုး မေးလိုက်သည်။
မည်သို့ပင် ဖြစ်စေ ရှန်မျိုးနွယ်စုသည် ပိုင်ကျီဟန်ကို ရှင်းလင်းပေးမည်ဟု သဘောတူညီချက်ရရှိထား၍သာ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့ကို ထောက်ခံနေခြင်း မဟုတ်ပါလော ..အနည်းဆုံးတော့ ခုန်းကျန်းဟုန်ဆီမှ ပိုင်ကျီဟန် ရရှိထားသည့် သတင်းအချက်အလက်များအရ ထိုသို့ဖြစ်သည်။
ထို့ကြောင့် ပိုင်ကျီဟန် သူတို့အဖွဲ့ထဲဝင်လာခြင်းက အကျိုးကျေးဇူး ရှိနိုင်သော်လည်း ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့ဝင် အားလုံးက သဘောတူမည်မဟုတ်ပေ။ အထူးသဖြင့် ရှန်မျိုးနွယ်စုက ပို၍ပင် သဘောတူမည်မဟုတ်ပေ။
အကြီးအကဲ ဝူဟမ်သည် သူ၏လျှို့ဝှက်ချက် အဖော်ထုတ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်အံ့ဩသွားသည်။
သူသည် ပိုင်ကျီဟန်ကို ကြည့်လိုက်ရာ ထိုစကားမှာ ခန့်မှန်းပြောဆိုနေခြင်းမျိုး မဟုတ်သည်မှာ သိသာနေသည်။
"အဟမ်း..မင်းဘာကို ပြောနေတာလဲဆိုတာ ငါနားမလည်ဘူး။ ဒါပေမဲ့ မင်းသာ သူတို့ကို စိတ်ပူနေတာဆိုရင်တော့ မပူပါနဲ့။ အတိတ်ကကိစ္စတွေက အတိတ်မှာပဲ ထားခဲ့ရမှာပေါ့”
အကြီးအကဲ ဝူဟမ်က ဆိုသည်။
ပိုင်ကျီဟန်က ရယ်လိုက်၏
"ကောင်းပြီလေ... အတိတ်က အတိတ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ အတိတ်မှာ ကျန်ခဲ့မယ့်လူ မဟုတ်ဘူး။ အာ... ကျွန်တော်မှာ အကြံကောင်းတစ်ခု ရပြီ”
ပိုင်ကျီဟန်က ဆက်ပြောသည်။
"ဒီလိုလုပ်ရင် ဘယ်လိုလဲ... ရှန်မျိုးနွယ်စုကို အမြစ်ပြတ်ဖျက်ဆီးပေးလိုက်၊ အဲဒါဆိုရင် ခင်ဗျားတို့အဖွဲ့ထဲဝင်ဖို့ စဉ်းစားပေးမယ်။"
ပိုင်ကျီဟန်က ကြေညာလိုက်သည်။
သူသည် ရှန်မျိုးနွယ်စုကို ဖျက်ဆီးပစ်ရန် ပြောနေသည်မှာ အရုပ်တစ်ခုကို ချိုးဖျက်ပစ်မည့်အကြောင်း ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင်။
အကြီးအကဲ ဝူဟမ်၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။
သူသည် ဖြစ်နိုင်သမျှ အခြေအနေအားလုံးကို ကြိုတင်စဉ်းစားခဲ့သော်လည်း ပိုင်ကျီဟန်သည် ဤကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သူတို့သည် ပိုင်ကျီဟန်၏ ထောက်ခံမှုကို အသည်းအသန် လိုအပ်နေခြင်းမျိုး မဟုတ်သော်လည်း ပိုင်ကျီဟန်အနေဖြင့် တစ်ဖက်အဖွဲ့နှင့် ပူးပေါင်းသွားမည်ကို ပို၍ စိုးရိမ်နေကြခြင်းဖြစ်သည်။ ထိုသို့မဖြစ်စေရန်အတွက် သူတို့သည် ရှန်မျိုးနွယ်စုနှင့် စေ့စပ်ညှိနှိုင်းပြီး ပိုင်ကျီဟန်အပေါ် ထားရှိသည့် လက်စားချေလိုစိတ်ကို စွန့်လွှတ်ရန် တိုက်တွန်းဖို့အထိပင် ပြင်ဆင်ထားကြသည်။
သို့သော် ပိုင်ကျီဟန်သည် ဤမျှ ရယ်စရာကောင်းသော တောင်းဆိုချက်ကို တင်ပြလာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ဤတောင်းဆိုချက်မှာ အလွန်အကျွံဖြစ်ပြီး အဓိပ္ပာယ်မရှိလှပေ။ ထို့ပြင် သူတို့ ဖျက်ဆီးချင်သည်ဆိုလျှင်ပင် ဖျက်ဆီးနိုင်စွမ်းမရှိပေ။
ရှန်မျိုးနွယ်စုဆိုသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ပိုင်ကျီဟန် ဖျက်ဆီးခဲ့သည့် မိန်မျိုးနွယ်စုကဲ့သို့သော အသေးအဖွဲ မဟုတ်ပေ။
၎င်းတို့မှာ ချူမျိုးနွယ်စုကဲ့သို့ပင် ကောင်းကင်အင်ပါယာ၏ ထိပ်တန်းမျိုးနွယ်ကြီး ၃ ခု၏ အောက်တွင်သာ ရှိသည့် အရှိန်အဝါကြီးမားသော မျိုးနွယ်စုဖြစ်သည်။
ထို့ပြင် သူတို့ကို အကြီးအကျယ် ထောက်ခံနေသည့်အဖွဲ့ကို အဘယ်ကြောင့် ဖျက်ဆီးရမည်နည်း။
"မင်း အတည်ပြောနေတာလား။"
ပိုင်ကျီဟန်သည် တကယ်ပဲ အဓိပ္ပာယ်မရှိတာကို တောင်းဆိုနေတာလား ဒါမှမဟုတ် သူ့ကို လှောင်ပြောင်နေတာလားဆိုတာ အကြီးအကဲ ဝူဟမ် မဝေခွဲနိုင်တော့ပေ။
"ခင်ဗျားကိုယ်တိုင်က ဘာကမ်းလှမ်းချက်ရှိလဲလို့ မေးတာလေ။ ကျွန်တော်ကို ဝင်စေချင်ရင် ဒါက ကျွန်တော်ရဲ့ ကမ်းလှမ်းချက်ပဲ။" ပိုင်ကျီဟန်က ဆိုသည်။
အကြီးအကဲ ဝူဟမ်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အသက်ပြင်းပြင်း ရှူလိုက်
သည်။
"ကြည့်ရတာ မင်းက ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘူးပဲ။ ဒါဆိုရင်တော့ ငါပြန်တော့မယ်။ ဒါပေမဲ့ ငါ့ရဲ့ ကမ်းလှမ်းချက်ကို စိတ်ထဲမှာ မှတ်ထားပေးပါ၊ စိတ်ပြောင်းသွားရင် ငါ့ကို ဆက်သွယ်ပါ။"
အကြီးအကဲ ဝူဟမ်သည် ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။
"မင်းက ထက်မြက်တဲ့သူတစ်ယောက်ဆိုတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်။"