မြောက်ပိုင်းခံစစ်ကြောင်း
Vol. 24 Ch. 361
ကောင်းကင် အင်ပါယာသည် ပြိုင်ဘက်နိုင်ငံ အမြောက်အမြားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း မြောက်ဘက်ပိုင်းမှာမူ ထူးခြားနေသည်။
ထိုနေရာသည် မည်သည့်အင်ပါယာ၏ ပိုင်နက်မှ မဟုတ်ပေ။ မည်သူကမျှ မလိုချင်၍ မဟုတ်ဘဲ၊ မည်သူကမျှ ပိုင်ဆိုင်အောင် မလုပ်နိုင်သောကြောင့် ဖြစ်သည်။
မြောက်ဘက်နယ်စပ်၏ တစ်ဖက်ခြမ်းတွင် တောအုပ်ကြီးများ၊ မတ်စောက်သော တောင်ထိပ်များနှင့် မိစ္ဆာသားရဲများ ဖုံးလွှမ်းနေသည့် အဆုံးမဲ့နယ်မြေဖြစ်သည့် မဟာတောရိုင်းမြေ ရှိနေသည်။
၎င်းသည် မိစ္ဆာသားရဲများ၏ ဘုရင်နိုင်ငံဖြစ်ပြီး သန်မာသူက လွတ်လပ်စွာ အမဲလိုက်ကာ အားနည်းသူက ကရုဏာမဲ့စွာ ဝါးမြိုခံရသည့် နေရာဖြစ်သည်။
နိုင်ငံအသီးသီးမှ ခေတ်အဆက်ဆက် ဧကရာဇ်များသည် ထိုနေရာကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အားလုံး ရှုံးနိမ့်ခဲ့ကြသည်။
အမှန်တကယ်တွင် သိမ်းပိုက်နိုင်ခဲ့သည့် မဟာတောရိုင်းမြေ အစိတ်အပိုင်းအချို့မှာ တန်ဖိုးမရှိသလို အဆက်မပြတ် စီးဝင်လာသည့် မိစ္ဆာသားရဲများကြောင့် ကြာရှည်စွာ မထိန်းသိမ်းနိုင်ခဲ့ကြပေ။
အကယ်၍ မဟာတောရိုင်းမြေ၏ အစိတ်အပိုင်းတစ်ခုကို ရယူလိုလျှင် တစ်ခုလုံးကို သိမ်းပိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။ သို့မဟုတ်ပါက မိစ္ဆာသားရဲများလက်သို့ ပြန်လည်ဆုံးရှုံးသွားမည်သာ ဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ရန်မှာ မဖြစ်နိုင်
သလောက်ပင်။
နှစ်ပေါင်းထောင်ချီ မှတ်တမ်းများအရ မဟာတောရိုင်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးများ ရှိနေသည်ဟု ဆိုကြသည်။ ထိုမိစ္ဆာသားရဲများသည် အလွန်သက်တမ်းရင့်ပြီး အစွမ်းထက်လှရာ ၎င်းတို့၏ ခွန်အားသည် အထွတ်အထိပ် အင်မော်တယ်အဆင့် သို့မဟုတ် ထိုထက်မက မြင့်မားနိုင်သည်ဟု ဆိုကြသည်။
၎င်းသည် အမှန်တရားလား သို့မဟုတ် ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ္ဍာရီလားဆိုသည်ကို မည်သူမျှ မသိပေ။ သို့သော် မအောင်မြင်ခဲ့သော စစ်ဆင်ရေးတိုင်းတွင် စီးကျခဲ့သည့် သွေးများက အချက်တစ်ခုကို သက်သေပြနေပြီး မဟာတောရိုင်းမြေကို သိမ်းပိုက်ရန်မှာ မဖြစ်နိုင်ပေ။
မည်သည့်အင်ပါယာကမျှ မြောက်ဘက်သို့ နယ်မြေမချဲ့ထွင်တော့ပေ။
ယင်းအစား ၎င်းတို့သည် ခံစစ်များကို တည်ဆောက်ခဲ့ကြသည်။
တံတိုင်းများ၊ ခံတပ်မြို့များ၊ ကင်းမျှော်စင်များ၊ ထောက်ပံ့ရေးလမ်းကြောင်းများနှင့် စစ်စခန်းများ။
ထိုအထဲတွင် အရေးအကြီးဆုံးမှာ
မြောက်ပိုင်းခံစစ်ကြောင်းပင် ဖြစ်သည်။
၎င်းသည် နယ်စပ်တစ်လျှောက်တွင် ကြီးမားသော အမာရွတ်ကြီးတစ်ခုကဲ့သို့ သွယ်တန်းနေပြီး အစွမ်းထက်သော အခင်းအကျင်းအထပ်ထပ်ဖြင့် ကာကွယ်ထားသည်။
၎င်းသည် တံတိုင်းတစ်ခုသက်သက် မဟုတ်ဘဲ မည်သည့်အခါမှ အိပ်စက်ခြင်းမရှိသော စစ်မြေပြင်တစ်ခု ဖြစ်သည်။
ယခုအခါ ထိုစစ်မြေပြင်သည် ယခင်က မကြုံတွေ့ဖူးသည့် အတိုင်းအတာဖြင့် စစ်သံများ ဟိန်းဟောက်နေသည်။
အံ့သြစရာကောင်းသည်မှာ ထိုခံစစ်ကြောင်းသည် ပြိုလဲခြင်းမရှိဘဲ ခံနိုင်ရည်ရှိနေဆဲပင်။
ဆယ်ရက်ကျော်ကြာအောင် သားရဲလှိုင်းသည် အဆုံးမရှိသော မုန်တိုင်းတစ်ခုကဲ့သို့ မြောက်ပိုင်းခံစစ်ကြောင်းကို ရိုက်ခတ်နေခဲ့သည်။
မိစ္ဆာသားရဲ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးပြီ။
စစ်သားထောင်ပေါင်းများစွာ ကျဆုံးခဲ့ပြီးပြီ။
သို့သော်လည်း ရှေ့တန်းမျက်နှာစာသည် ပြိုလဲမသွားသေးပေ။
ဒဏ်ရာရစစ်သားများကို နောက်တန်းသို့ ပို့ဆောင်နေစဉ် မီးရှူးတိုင်များက ညကောင်းကင်ယံကို လင်းထိန်စေသည်။ ၎င်းတို့နေရာတွင် အစားထိုးရန် စစ်သည်သစ်များက ရှေ့သို့ တိုးထွက်လာကြသည်။
ထောက်ပံ့ရေးတွန်းလှန်ယာဉ်များသည် ခံတပ်လမ်းကြောင်း များမှတစ်ဆင့် အဆောင်လက်ဖွဲ့ များ၊ ဆေးလုံးများ၊ မြှားများနှင့် ရိက္ခာများကို အဆုံးမရှိသော တိုက်ပွဲဆီသို့ အပြေးအလွှား ပို့ဆောင်ပေးနေကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေသည်။
စစ်မြေပြင်ကို အပေါ်မှ စီးမိုးမြင်နေရသော ခံတပ်မျှော်စင်ပေါ်တွင် စစ်သူကြီး ဝေကျုံးယွမ် သည် သွေးစွန်းနေသော ချပ်ဝတ်တန်ဆာနှင့် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။
သူ၏ ပင်ပန်းနွမ်းနယ်မှုကို သူ၏မျက်လုံးတစ်ဝိုက်ရှိ အနည်းငယ်မျှသော မောပန်းရိပ်များတွင်သာ မြင်တွေ့နိုင်သည်။
သူသည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်တွင် ရှိနေသော်လည်း ရက်ပေါင်းများစွာ ဆက်တိုက် တိုက်ခိုက်ခဲ့ရသဖြင့် မောပန်းနွမ်းနယ်မှု ဒဏ်ကို မလွဲမသွေ ခံစားနေရပြီဖြစ်သည်။
စစ်သားတစ်ဦး ချဉ်းကပ်လာပြီး သွေးစွန်းနေသော လက်သီးဖြင့် အလေးပြုလိုက်သည်။
"တပ်မှူးကြီး... တတိယတပ်ရင်း နောက်တန်းကို ဆုတ်ခွာပြီးပါပြီ။ မြို့စောင့်တပ်က အင်အားသစ်တွေ နေရာယူထားပြီးပါပြီ။"
ဝေကျုံးယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ သူတို့ကို သုံးစုခွဲပြီး လှုပ်ရှားခိုင်းလိုက်။ အင်အားအားလုံးကို တစ်ပြိုင်နက်တည်း မထုတ်နဲ့”
"ဟုတ်ကဲ့ပါ အရှင်”
အမိန့်များသည် ကွပ်ကဲမှုစင်မြင့်မှတစ်ဆင့် ပျံနှံ့သွားပြီး အမိန့်တော်ပို့ဆောင်သူများသည် တံတိုင်း၏ ရှုပ်ထွေးသော စင်္ကြံလမ်းများတစ်လျှောက် အပြေးအလွှား သွားရောက်ပေးပို့ကြသည်။
ဤအချက်မှာ မြောက်ပိုင်းခံစစ်ကြောင်း ပြိုလဲမသွားရသည့် အကြောင်းရင်းပင် ဖြစ်သည်။
၎င်းသည် ကြမ်းတမ်းသော ခွန်အားကြောင့် မဟုတ်ပေ။
၎င်းတို့ကို ရှင်သန်စေခဲ့သည်မှာ ဗျူဟာဖြစ်သည်။
စစ်သားအားလုံးကို တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲအတွင်း ပစ်ထည့်ခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းသာဖြစ်ကြောင်း ဝေကျုံးယွမ်က ကြိုတင်သဘောပေါက်ခဲ့သည်။
သားရဲလှိုင်းမှာ အဆုံးမရှိသော်လည်း သူ၏လက်ထဲတွင် ရှိသော စစ်အင်အားသည် သားရဲလှိုင်း၏ ဆယ်ပုံတစ်ပုံပင် ရှိချင်မှရှိမည်ဖြစ်သည်။
ထို့ကြောင့် သူသည် ထူးခြားသော နည်းလမ်းတစ်ခုဖြစ်သည့် အလှည့်ကျ တိုက်စစ်ဆင်ခြင်းကို အသုံးပြုခဲ့သည်။
တစ်နေရာတည်းတွင် ရပ်တည်ကာ အသေခံတိုက်ခိုက်မည့်အစား သူ၏စစ်သားများသည် တိုတောင်းပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်ကြသည်။
စစ်သည်တစ်စုသည် အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးထွက်ကာ ကိုယ်ခံပညာနည်းစနစ်များ၊ အဆောင်လက်ဖွဲ့များနှင့် တိုက်ပွဲဝင်ပုံစံများကို အစွမ်းကုန် အသုံးပြု၍ သားရဲအမြောက်အမြားကို ချက်ချင်းသုတ်သင်ကြသည်။
ထို့နောက် သားရဲလှိုင်းက ၎င်းတို့၏ အရေအတွက်အသာစီးဖြင့် ပြန်လည်မတိုက်ခိုက်နိုင်မီ...
၎င်းတို့သည် တံတိုင်းများနောက်ကွယ်သို့ အမြန်ဆုတ်ခွာကြသည်။
ခဏအကြာတွင် အခြားစစ်သည်တစ်စုက ၎င်းတို့နေရာတွင် အစားထိုးကာ ထိုသံသရာအတိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်ကြသည်။
ဤနည်းဖြင့် ၎င်းတို့သည် အကျအဆုံးနည်းပါးစွာဖြင့် သားရဲလှိုင်း၏ အရှိန်ကို လျှော့ချနိုင်ခဲ့သည်။ ဝေကျုံးယွမ်အနေဖြင့် အဆင့်မြင့်သားရဲလှိုင်းကို ယနေ့တိုင် ခုခံနိုင်ခြင်းမှာ ဤကြောင့်ဖြစ်သည်။
သို့သော် သူသည် အမှန်တရားကိုလည်း သိထားသည်။ သူ၏ဗျူဟာ အောင်မြင်နေခြင်းမှာ မိစ္ဆာသားရဲများဘက်မှ အဆင့် ၁၀ သားရဲများကို စေလွှတ်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
အကယ်၍ ၎င်းတို့သည် အဆင့် ၁၀ သားရဲ ၅ ကောင်ခန့်သာ စေလွှတ်လိုက်ပါက သူတို့ ကြိုးစားထိန်းသိမ်းထားသော ခံစစ်ကြောင်းမှာ တစ်နာရီအတွင်း ပြိုလဲသွားပေလိမ့်မည်။
အခြားစစ်သားတစ်ဦးသည် ကျောက်လှေကားများပေါ်သို့ အမောတကော တက်လာကာ သူ၏ ချပ်ဝတ်တန်ဆာမှာ ကွဲအက်နေပြီး ဖုန်မှုန့်များနှင့် သားရဲသွေးများ ပေကျံနေသည်။
သူက ဒူးတစ်ဖက် ထောက်လိုက်၏
"တပ်မှူးကြီး... အရေးပေါ် အစီရင်ခံစာပါ”
ဝေကျုံးယွမ်၏ မျက်နှာထားမှာ တင်းမာသွားသည်။
"ပြောစမ်း”
ထိုစစ်သားသည် စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုတို့ကြောင့် တုန်ရီနေသော အသံဖြင့် သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"တပ်စု လေးသုံး... သုတ်သင်ခံလိုက်ရပါပြီ။"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ကွပ်ကဲမှုစင်မြင့်ထက်ရှိ အရာရှိအချို့သည် ခေါင်းငိုက်စိုက်ကျသွားကြသည်။
ဤကဲ့သို့သော စစ်မြေပြင်မျိုးတွင် သေခြင်းတရားသည် မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း၊ တပ်စုတစ်စုလုံးကို ဆုံးရှုံးလိုက်ရခြင်းမှာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။
ဝေကျုံးယွမ်သည် ခဏမျှ မျက်လုံးများကို မှိတ်ထားလိုက်သည်။
(တပ်စု ၄၃... မင်းတို့ရဲ့ ပေးဆပ်မှုတွေက အလဟဿ မဖြစ်စေရဘူး)
တပ်မှူးကြီး၏ မေးကြောများ တင်းသွားသည်။
"တောက်”
အလှည့်ကျ တိုက်စစ်ဆင်ခြင်းဗျူဟာသည် အကျအဆုံးကို လျှော့ချပေးနိုင်ခဲ့သော်လည်း လုံးဝမရှိအောင်တော့ မလုပ်နိုင်ခဲ့ပေ။
သူတို့ တိုက်ခိုက်နေရသည်မှာ မိစ္ဆာသားရဲများ မဟုတ်ပါလော
အမှားတစ်ခု...
စက္ကန့်ပိုင်းမျှ နှေးကွေးမှု...
ထိုအရာလေးကပင် တပ်စုတစ်စုလုံးကို လောကကြီးထဲမှ ပျောက်ကွယ်သွားစေနိုင်သည်။
သူသည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပြီး အေးစက်သော ဒေါသများမှာ ရင်ထဲတွင် တငြိမ်ငြိမ် လောင်မြိုက်နေ၏။
"ဒီအတိုင်းဆိုရင်..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "...ငါတို့လည်း တဖြည်းဖြည်းနဲ့ အင်အားကုန်ခမ်းသွားတော့မှာပဲ။"
သူပြောသည်မှာ မမှားပေ။
ပြီးပြည့်စုံသော ဗျူဟာ၊ စည်းကမ်းရှိသော ဆုတ်ခွာမှုနှင့် စနစ်ကျသော တိုက်ပွဲဝင်ပုံစံများ ရှိနေလင့်ကစား
သူတို့ တိုက်ခိုက်နေရသည်မှာ လှိုင်းလုံးကြီးတစ်ခု ဖြစ်သည်။
မိမိဘက်က မည်မျှသေဆုံးသွားသည်ကို ဂရုမစိုက်သော လှိုင်းလုံးကြီး ဖြစ်သည်။
သေဆုံးသွားသော သားရဲတိုင်း၏ နေရာတွင် နောက်ကွယ်မှ တိုးထွက်လာသော သားရဲဆယ်ကောင်က အစားထိုးဝင်ရောက်လာမြဲ ဖြစ်သည်။
စစ်ဦးစီးအရာရှိတစ်ဦး ရှေ့သို့တက်လာပြီး တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
"တပ်မှူးကြီး... အခြေအနေက ထူးမခြားနားဘဲ ဆက်သွားနေမယ်ဆိုရင် ခံစစ်ကြောင်း ခိုင်မြဲနိုင်စွမ်းက သုံးရက်ထက် မပိုနိုင်တော့ပါဘူး။"
"ဒါတောင်မှ..." အခြားတစ်ဦးကလည်း ခက်ထန်စွာ ဝင်ပြောသည်။ "အဆင့် ၁၀ မိစ္ဆာသားရဲတွေ ပေါ်မလာဘူးဆိုတဲ့ အချက်ပေါ်မှာ မူတည်နေတာပါ။"
ဝေကျုံးယွမ်၏ အကြည့်သည် မြေပြင်တစ်ခုလုံး လှုပ်ရှားနေသကဲ့သို့ ထင်မှတ်ရသည့် ဝေးလံသော မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားသည်။
အကယ်၍ ထိုမိစ္ဆာကြီးများသာ ပါဝင်လာခဲ့လျှင်... သုံးကောင်လောက်ဆိုလျှင်ပင် တံတိုင်းကြီးသည် တစ်နာရီအတွင်း ပြိုလဲသွားပေလိမ့်မည်။
သူသည် နှာခေါင်းမှတစ်ဆင့် လေကို ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။
"မြို့တော်ကလာမယ့် စစ်ကူတွေ ဘယ်မှာလဲ"
သူ့အသံသည် တည်ငြိမ်နေသော်လည်း ထိုအသံနောက်ကွယ်ရှိ ဖိအားကို လူတိုင်းကြားနိုင်ကြသည်။
စစ်သည်အများအပြား ကျဆုံးခဲ့ရပြီး ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသော်လည်း အင်အားကြီးမျိုးနွယ်စုများနှင့် ဂိုဏ်းများထံမှ စစ်ကူများ ရောက်မလာသေးပေ။
"အင်ပါယာတပ်ဖွဲ့တွေနဲ့ မျိုးနွယ်စုကြီးတွေ စတင်ချီတက်နေပြီဆိုတဲ့ သတင်းစကားတွေတော့ ရထားပါတယ်။ ဒါပေမဲ့ တပ်မှူးကြီး... အင်ပါယာတစ်ခုလုံးရဲ့ ထောက်ပံ့ပို့ဆောင်ရေးက အချိန်ယူရပါတယ်။ သူတို့ အရှိန်အကုန်
မြှင့်ပြီး ချီတက်လာရင်တောင်မှ..."
"ဘယ်လောက်ကြာဦးမလဲ" ဝေကျုံးယွမ်က ပြတ်သားစွာ မေးလိုက်သည်။
အရာရှိမှာ တုံ့ဆိုင်းသွား၏
"သူတို့က ကျွန်တော်တို့ကို ခုနစ်ရက်ကြာအောင် တောင့်ခံထားဖို့ ပြောခဲ့ပါတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်ရက်ကပါ"
ဝေကျုံးယွမ်၏ မျက်နှာသည် မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။
ငါးရက်
သူတို့တွင် အကောင်းဆုံး ခန့်မှန်းလျှင်ပင် သုံးရက်ခန့်သာ အချိန်ရှိတော့သည်။
တပ်မှူးကြီး၏ အသံမှာ နိမ့်ဆင်းသွားပြီး ခါးသီးစွာ ရေရွတ်လိုက်သည်။
"အကယ်၍ မြို့တော်ကသာ အမြန်မလာရင် သူတို့ စစ်ကူပေးဖို့ မြောက်ပိုင်းခံစစ်ကြောင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
ရှည်လျားသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
အောက်ဘက်တွင်မူ တိုက်ပွဲသည် ပြင်းထန်နေဆဲဖြစ်သည်။ အော်ဟစ်သံများ၊ မိုးချိန်းသံကဲ့သို့ ဟိန်းဟောက်သံများ၊ ပေါက်ကွဲနေသည့် အဆောင်လက်ဖွဲ့များနှင့် သံမဏိချင်း ထိခတ်သံများမှာ မရပ်မနား၊ မလျော့ပါးဘဲ ကြားနေရသည်။
ဝေကျုံးယွမ်သည် ပြတ်သားသော မျက်ဝန်းများဖြင့် စစ်မြေပြင်ကို စိုက်ကြည့်နေမိသည်။
"ငါတို့ ဒီမှာ ကျရှုံးသွားရင်... နောက်ထပ် သေရမယ့်သူတွေက စစ်သားတွေ မဟုတ်တော့ဘူး"
ဤခံစစ်ကြောင်း၏ နောက်ကွယ်တွင် မြို့များ၊ ရွာများ၊ လယ်ကွင်းများနှင့်...မိသားစုများ၊ကလေးငယ်များ၊
ဓားတစ်ချောင်းကိုပင် မည်သို့ကိုင်ရမည်မှန်း မသိသော အရပ်သားများ ရှိနေသည်။
"သားရဲတွေသာ တံတိုင်းကို ဖောက်ထွက်သွားရင်" ဝေကျုံးယွမ်သည် တိုးတိုးလေး ပြောလိုက်သည် "...သူတို့တွေက မြောက်ပိုင်းနယ်မြေတွေဆီကို တန်းတန်းမတ်မတ် သွားပြီး သတ်ဖြတ်ကြလိမ့်မယ်"
ဆယ်ဂဏန်း မဟုတ်။
ရာဂဏန်း မဟုတ်ချေ။
လူပေါင်း သိန်းနှင့်ချီ၍ သေဆုံးကြပေလိမ့်မည်။
ထိုစဉ် အရာရှိတစ်ဦးသည် ဦးထုပ်ကို လက်ကြားတွင် ညှပ်ကာ ကျောက်လှေကားများပေါ်သို့ အပြေးအလွှား တက်လာပြီး
သူ၏မျက်နှာတွင် ဖုန်မှုန့်များနှင့် ချွေးများ ရောထွေးနေ၏။
သူသည် အလေးပင် မပြုနိုင်တော့ပေ။ သူ၏ မျက်ဝန်းထဲမှ အရေးတကြီးဖြစ်မှုကပင် လုံလောက်နေပြီဖြစ်သည်။
သူသည် ဝေကျုံးယွမ်၏ ရှေ့တွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူရင်း အသည်းအသန် ပြောလိုက်သည်။
"တပ်မှူးကြီး... မြို့တော်က စစ်ကူတွေ ရောက်လာပါပြီ”