လေပြင်းအပြန် မီးအပြန်
Vol. 54 Ch. 796
"ရှင်ဘယ်သူလဲ"
ယွမ်ကျိ ကောင်းကင်မှလူကိုကြည့်ပြီး ကျိတ်၍သက်ပြင်းချသည်။
သူကြိုထင်ထားသည့်အတိုင်း မှန်နေသည်။ သူ့ဂိုဏ်းတူမောင်လေးသည် ထင်မှတ်မထားသည့် အဆင့်မြင့်ပုဂ္ဂိုလ်ကို တကယ်သွားပြဿနာရှာသည်။
အခြေအနေအသေးစိတ်ကိုမသိသော်လည်း နဂါးမျိုးနွယ်ဘိုးဘေးကို မြင်နေရသဖြင့် ဤကိစ္စသည် သူ့မောင်လေးနှင့် မသက်ဆိုင်ဘဲနေမည်တော့မဟုတ်။
သူ့ရှေ့တွင် ရပ်နေသည့် မြူခိုးမသေမျိုးပေါ်လာသည်မှာလည်း သူ့မောင်လေးကြောင့်ပင်ဖြစ်မည်။
ဘိုးဘေးဖန်ဝူယာကို အခက်အခဲကြုံလျှင် အကြောင်းကြားဖို့ ကြိုတင်မှာလိုက်မိ၍ တော်သေးသည်။
ကြိုတင်သိနိုင်သည့် သူ့အာရုံက အတော်တိကျသည်။
....
မြူခိုးမသေမျိုးသည် အပြင်ကမ္ဘာသို့ သိပ်ထွက်လေ့မရှိ။ ယင်ထန်လို ရှေးဟောင်းခေတ်မသေမျိုးများနှင့် အောင်းလင်းလိုလူများသာ သူ့အာရုံကိုဆွဲဆောင်နိုင်စွမ်းရှိသည်။
ယခု ထိုစာရင်းထဲတွင် လုယန်ကို ထပ်ဖြည့်ရမည်ထင်သည်။ သူ့ရှေ့မှမသေမျိုးကို သတင်းပို့ခဲ့သူက အောင်းလင်းဖြစ်မည်။
မသေမျိုးတစ်ဝက်တစ်ယောက်နှင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို အလွယ်တကူဖမ်းဆီးနိုင်မည်ဟု သူထင်ခဲ့သည်။ ယခု ရုတ်တရက် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ဟုကြေညာထားသည့် မိန်းမတစ်ယောက် ရုတ်တရက်ပေါ်လာသည်။
ကျင့်စဉ်စွမ်းအားက သဘာဝစွမ်းအားများနှင့် ချိတ်ဆက်နိုင်လောက်အောင် အဆင့်မြင့်သည်။
ဤကောင်းကင်ရုံးတော်ဂိုဏ်းသည် ဘယ်လိုအဖွဲ့အစည်းမှန်းမသိ။
..မီးနိုင်ငံခေတ်က ကောင်းကင်ရုံးတော်ကို ငါဖျက်ဆီးခဲ့တာပဲ။ ဘာလို့ ဒီအကြောင်းသိတဲ့လူ ရှိနေသေးတာလဲ..
..ကောင်းကင်ရုံးတော်အကြောင်းသိတယ်ဆိုရင်တောင် ငါ့အကြောင်းကို သူတို့မသိနိုင်ပါဘူး...
မြူခိုးများထဲတွင် သူမျက်မှောင်ကျုံ့နေသည်။ ဤကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ထံနှင့် ကြောင်းကျိုးဆက်စပ်မှုမျိုး သူမခံစားရ။
ယွမ်ကျိမေးခွန်းကို သူမဖြေ။ ယခု လုယန်နှင့်အောင်းလင်းကိုသတ်ဖို့သာ အာရုံစိုက်သည်။ ဤကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သည်လည်း သူ့ကိုခြိမ်းခြောက်နိုင်စွမ်းမရှိ။
ယင်ထန်တို့လို ရှေးဟောင်းမသေမျိုးများထက်ပင် သူ့စွမ်းအားက များစွာသာလွန်သည်။ မသေမျိုးလမ်းစဉ်တွင် ထိပ်တန်းအဆင့်ဖြစ်သည်။
"သေလိုက်စမ်း"
သူလှုပ်ရှားလိုက်သည်။ အဖျက်စွမ်းအင်ရောင် အပြည့်ထုတ်သုံးသည်။ လေဟာနယ်ပြိုပျက်သွားသည်။ သေခြင်းတရားနှင့်အဆုံးသတ်ကို ကိုယ်စားပြုသည့် ဓားအလင်းတစ်ခုဖြစ်တည်လာသည်။
မသေမျိုးလျှပ်စီးများ ရစ်ပတ်ဖုံးလွှမ်းနေသည့်ဓားရိပ်က အောင်းလင်းဆီ အရှိန်ပြင်းစွာ တိုးဝင်လာသည်။
အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ဓားရိပ်ဖြစ်သည်။ ထိသည့်အရာမှန်သမျှ ပျောက်ကွယ်သွားသည်။ ဝါးမျိုခြင်းအရိယဖလသန္ဓေလောက်က ထိုစွမ်းအားကို ယှဉ်နိုင်သည်မဟုတ်။
မသေမျိုးခန္ဓာသာပိုင်သည့် အောင်းလင်းမဆိုထားနှင့်။ မသေမျိုးအစစ်ပင် ထိုဓားချက်ကို ထိပ်တိုက်ရင်မဆိုင်ရဲ။
ထိုသို့ဖြစ်လာမည်ကို ကြိုသိနေဟန်ဖြင့် ယွမ်ကျိ ခြေတစ်လှမ်းတိုးလိုက်သည်။ အောင်းလင်းရှေ့သို့ ရောက်သွားသည်။ လက်ဝါးကို အသာအယာတွန်းထုတ်လိုက်သည်။ လေဟာနယ်လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။
လှိုင်းတွန့်များက ဓားအလင်းနှင့်တိုက်မိသည်။ ယွမ်ကျိနှင့် မီးခိုးရောင်မသေမျိုးတို့ မျက်လုံးချင်းဆုံသည်။ အသံတိတ်အားလှိုင်းတစ်ခု ပေါက်ကွဲသွားသည်။ အရှေ့ပင်လယ်တစ်ခုလုံး ပျောက်ကွယ်ပျက်စီးတော့မလို ဖြစ်လာသည်။
ပင်လယ်ပြင် တုန်ခါသွားသည်။ တောင်းတန်းများ လှုပ်ရှားလာသည်။ လှိုင်းများ တဝုန်းဝုန်းထလာသည်။ အရှေ့ပင်လယ်အစွန်တွင် နေထိုင်သည့် မျိုးနွယ်များက ဘာဖြစ်နေမှန်းမသိကြ။ သို့သော် ကပ်ဆိုးတစ်ခုကြုံရတော့မည်ကဲ့သို့ ဖော်မပြနိုင်သည့် အကြောက်တရားကို ခံစားရသည်။
မွေးနေ့ပွဲတက်လာသူများအားလုံး တုန်လှုပ်ခြောက်ခြားနေသည်။ ရှေးဟောင်းခေတ်တွင်သာ မြင််နိုင်သည့် မသေမျိုးတိုက်ပွဲက ယခု သူတို့ရှေ့တွင်ဖြစ်ပေါ်နေသည်။
လုယန်နှင့်အတူ ပြဿနာမျိုးစုံ တွေ့ဖူးကြုံဖူးသည့် မုန်ကျင်းကျိုးပင် မင်သက်မိနေသည်။ အမယွမ်ကိုယ်တိုင် တိုက်ခိုက်သည့်အခြေအနေထိ ရောက်လာမည်ဟု သူထင်မထား။
သို့သော် အအံ့ဩဆုံးလူက နဂါးအိုအင်ပါယာဖြစ်သည်။
ယနေ့ သူ့နှစ်ကိုးထောင်ပြည့် မွေးနေ့။ တောင်သုံးလုံးအရှင်က သူ့ကိုပူးကပ်ဖို့ကြိုးစားသည်။ ဘိုးဘေးအောင်းလင်းပေါ်လာသည်။ မဟာချန်မသေမျိုးတစ်ဝက်ပေါ်လာသည်။ မသေမျိုးတစ်ဝက်သုံးယောက် တိုက်ပွဲဖြစ်သည်။ ယခု မသေမျိုးနှစ်ယောက် တိုက်ခိုက်နေသည်။
မွေးနေ့ပွဲဆိုသည်မှာ အံ့ဩရင်ခုန်စရာကောင်းရမည်ဆိုသော်လည်း ဤအတိုင်းအတာလောက်ထိတော့ မလိုအပ်ပါ။ အသက်ကြီးရင့်ပြီဖြစ်၍ ထိုအံ့ဩရင်တုန်မှုမျိုးကို သူခံနိုင်ရည်မရှိ။
"ကြည့်ရတာ မင်းက အညံ့မခံချင်တဲ့ပုံပဲ"
မြူခိုးမသေမျိုး နှာခေါင်းရှုံ့သည်။ သူ့ကိစ္စတွင် ဆက်ပြီးဝင်ရှုပ်နေလျှင် ထိုမိန်းမကိုသတ်ဖို့လည်း သူဝန်မလေး။
စကားပြောနေရင်းမှာပင် သူ့လက်ထဲမှ မသေမျိုးဓားရိပ်စွမ်းအားက နည်းနည်းမြင့်တက်လာသည်။
ယွမ်ကျိ စကားလုံးတစ်ချို့ကို တည်ငြိမ်စွာရေရွတ်လိုက်သည်။
"ယင်နဲ့ယန် ပြောင်းပြန်လှန်"
အဖျက်စွမ်းအားများပါသည့်ဓားရိပ်မှ အသက်ဓာတ်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ နူးညံ့သည့်အလင်းရောင်တစ်ခု ပေါ်လာသည်။ အဖျက်စွမ်းအားလုံးဝမရှိတော့။
ထိုအလင်းရောင်လွှမ်းခြုံသွားသည့် ကျောက်ဆောင်များ မျက်တောင်တခတ်အတွင်း ရေညှိများ ချက်ချင်းပေါ်လာသည်။
ရွှေရောင်ဖုံးလွှမ်းခံရသည့် ငါးတစ်အုပ် လျင်မြန်စွာ အသက်ကြီးရင့်လာသည်။
လုယန်သင်ထားသည့် ယင်နှင့်ယန်ပြောင်းပြန်လှန်စွမ်းအားနှင့်မတူ။ ဤစွမ်းအားက ယင်နှင့်ယန်ပြောင်းပြန်လှန် နတ်စွမ်းအားပညာအစစ်ဖြစ်သည်။ အဖျက်အလင်းဓားရိပ်ကို ဖန်တီးခြင်းစွမ်းအားအဖြစ် ပြောင်းသည်။
"ကိုးဆမသေမျိုးနဲ့ မင်းဘယ်လိုပတ်သက်လဲ"
မြူခိုးမသေမျိုး အံ့ဩသွားသည်။ ကိုးဆမသေမျိုး ထိုပညာမျိုးသုံးသည်ကို သူမြင်ဖူးသည်။
"ဘာမှမပတ်သက်ဘူး။ ဒါက လူသုံးများတဲ့မှော်ပညာပါ"
ယွမ်ကျိက အတက်အကျမရှိသည့်လေသံဖြင့် ပြန်ပြောသည်။ သာမန်ကိစ္စတစ်ခုကို လုပ်လိုက်သည့်လေသံမျိုးဖြစ်သည်။
"အထက်ကောင်းကင်နဲ့ အောက်မြေပြင်မှာ ငါတစ်ယောက်တည်း အရှင်သခင်ပဲ"
မြူမသေမျိုးကြေညာသည်။ ကောင်းကင်သို့လက်ညှိုးတစ်ချောင်းထိုးသည်။ မြေပြင်သို့လက်ညှိုးတစ်ချောင်းထိုးသည်။
"ဒီလောကကို အဆုံးသတ်မယ်"
ရုတ်တရက် ကောင်းကင်တစ်ဘက်စွန်းဆီမှ ပြင်းထန်သည့်ငရဲတွင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။ မီးနီရောင်တိမ်တိုက်များ ပေါက်ကွဲထွက်လာသည်။ ပူလောင်သည့် မီးမိုးများ ကောင်းကင်မှကျလာသည်။ အရာအားလုံးကို ပြာချသည်။
ညကောင်းကင်က မီးတောက်များကြောင့် နေ့ခင်းဘက်လို လင်းထိန်နေသည်။ သို့သော် နေ့ခင်းဘက်ထက် ပိုပူပြင်းသယောင်ရှိသည်။
လွန်ခဲ့သည့်နှစ်သုံးသိန်းက ဤစွမ်းအားဖြင့် မီးနိုင်ငံကို သူဖျက်ဆီးခဲ့သည်။
ဂိုဏ်းချုပ်ယွမ် ဘယ်လိုတုံ့ပြန်မည်ကို သူကြည့်ချင်သည်။
ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးတစ်ချို့ ကျောက်ရုပ်လိုဖြစ်သွားသည်။ သူတို့ဘာသာ တီးတိုးရေရွတ်နေသည်။
"ကောင်ကင်မီးမိုးရွာတယ်...ဒါဟာ ကမ္ဘာအဆုံးသတ် ကပ်ဆိုးသုံးပါးထဲက မီးကပ်ဆိုးပဲ။ ဗုဒ္ဓဒဏ္ဍာရီမှာ အဲလိုပြောထားတယ်"
တစ်ခြားစုစည်းခြင်းအဆင့်ဘိုးဘေးများ စိတ်ပျက်အားငယ်လာကြသည်။ သူတို့ကျင့်စဉ်အဆင့်နှင့်ပင် ထိုမီးမိုးအငွေ့ထိရုံဖြင့် လောင်ကျွမ်းပြာကျသွားလိမ့်မည်။
ထိုမီးမိုးကျလာလျှင် အရှေ့ပင်လယ်တစ်ခုလုံး လောင်ကျွမ်း၍ ရေများခမ်းခြောက်သွားနိုင်သည်။
"လေပြင်းအပြန်၊ မီးအပြန်"
ယွမ်ကျိ နောက်တစ်ကြိမ်ရေရွတ်သည်။ လက်ကိုဝှေ့ယမ်း၍ မထင်မရှားတံဆိပ်တစ်ခု ဖန်တီးသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်မီးတောက်များ ပျောက်ကွယ်သွားသည်။ အားလုံးငေးကြောင်သွားသည်။ ခုနကဖြစ်ရပ်ကို မေ့သွားကြဟန်ရှိသည်။
နတ်မယ်အကူအညီရထားသည့် လုယန်တစ်ယောက်သာ ဖြစ်စဉ်တစ်ခုလုံးကိုမြင်သည်။
ယွမ်ကျိနှုတ်မှ 'လေပြင်းအပြန်၊ မီးအပြန်'ဟု ရွတ်ဆိုလိုက်သည်နှင့် ပင်လယ်ရေပြင်ကိုထိတော့မည့် မီးတောက်များက ကောင်းကင်သို့ပြန်ဆုတ်သွားခြင်းဖြစ်သည်။ ကြောက်လန့်တကြားထွက်ပြေးသည့် ပင်လယ်မျိုးနွယ်ဘိုးဘေးများလည်း မူလနေရာသို့ ပြန်ရောက်လာသည်။
မြင်ကွင်းတစ်ခုလုံး နောက်ပြန်ဆုတ်၍ မူလအနေအထားသို့ရောက်သည်။
အချိန်နဲ့ပတ်သက်သည့် မဟာနတ်စွမ်းအားဖြစ်သည်။
"သိပ်မဆိုးဘူးပဲ"
မြူခိုးမသေမျိုး မျက်နှာမပျက်။
ယွမ်ကျိ စကားမပြော။ သူ့ခြေလှမ်းများအောက်တွင် ကြာပန်းများပွင့်လာသည်။ လေထဲတွင် ရွှေရောင်ကြာပန်းများပေါ်လာသည်။ သူတို့အလင်းများက လွှမ်းခြုံနေသည့် အနက်ရောင်တိမ်တိုက်များကို ထိုးဖောက်သည်။
ယွမ်ကျိ နောက်လှည့်မကြည့်ဘဲလက်သီးတစ်ချက် ထိုးလိုက်သည်။ လေတိုးသံနှင့်အတူ သူ့လက်သီးက မြူခိုးမသေမျိုးအမြင်အာရုံတွင် ပိုကြီးလာသည်။
"ဘုန်း"
မြူခိုးမသေမျိုး၏မျက်နှာကို တည့်တည့်ထိသည်။
လက်သီးအရှိန်က မြန်လွန်းသဖြင့် သူရှောင်ချိန်မရ။
ယွမ်ကျိက မျက်နှာကိုသာချိန်ရွယ်၍ ဆက်တိုက်ထိုးသည်။ မြူခိုးမသေမျိုး၏ ရုပ်ရည်အမှန်ကို မြင်ချင်သည်။
သူနှင့်ယွမ်ကျိကြားတွင် ကွာဟချက်ရှိနေကြောင်း မြူခိုးမသေမျိုးနားလည်လာသည်။ လက်သီးချက်များက အားပါသည်။ ပြင်းထန်သည်။ ကြယ်ကမ္ဘာတို့၏စွမ်းအား ပါနေသယောင်ရှိသည်။
လက်သီးချက်တိုင်းက သူ့အပေါ် ကြယ်ကမ္ဘာတစ်ခုဖြင့် ထုရိုက်ခံရသလို ခံစားရသည်။
နောက်ဆုတ်ဖို့ သူတွေးလိုက်သည်။ ဤအတိုင်းဆက်သွားလျှင် လုယန်နှင့်အောင်းလင်းကို မသတ်နိုင်သလို သူ့အသက်ပင် အန္တရာယ်ရှိလာနိုင်သည်။
အဆက်မပြတ်တိုက်ခိုက်ခံနေရသဖြင့် မြူများကလည်း မတည်မငြိမ်ဖြစ်လာသည်။ ပျက်စီးပျောက်ကွယ်တော့မည့် အရိပ်မျိုးပေါ်လာသည်။ မြူမသေမျိုးကို နောက်ထပ်ကာကွယ်မပေးနိုင်တော့။
ယွမ်ကျိ၏ ပြင်းထန်သည့်လက်သီးချက် နောက်တစ်ကြိမ်ဝင်လာသည်။ မြူမသေမျိုးမျက်နှာကို ဖုံးကာထားသည့်မြူးများ လွင့်ပြယ်သွားသည်။ မျက်နှာအစစ် ပေါ်လာသည်။
နတ်မယ်၏ဝိညာဉ်အာရုံဖြင့် တိုက်ပွဲကိုကြည့်နေခဲ့သည့်လုယန် မင်သက်မိသွားသည်။
ဖြစ်တောင့်ဖြစ်ခဲ အံ့ဩထိတ်လန့်စိတ်မျိုးပေါ်လာသည်။
ထိုမျက်နှာ တစ်ခြားလူမျက်နှာမဟုတ်။ ထာဝရနတ်မယ်၏မျက်နှာဖြစ်သည်။
**************************************