← Chapters

ဘယ်လိုသဘောရလဲ

Vol. 54 Ch. 806

ဘယ်လိုသဘောရလဲ

Vol. 54 Ch. 806

"ခင်ဗျားတို့နေမင်းဂိုဏ်းက တကယ်သတ္တိကောင်းတာပဲ။ နေတစ်ခုလုံးရဲ့ပတ်လည်မှာ မှော်စက်ဝန်းတည်ဆောက်မယ်ပေါ့။

နေစွမ်းအင်မှာ အပူနဲ့အလင်းနှစ်မျိုးလုံးပါတယ်။ နေမင်းဂိုဏ်းက ဒါကိုလက်ဝါးကြီးအုပ်မယ်။ အဲဒါဆို နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်နဲ့ ဗုဒ္ဓနိုင်ငံတွေက စွမ်းအင်ဘယ်လိုသုံးမှာလဲ။

သူတို့က ခင်ဗျားတို့ဂိုဏ်းကို အမြစ်ဖြုတ်ပစ်မှာ မစိုးရိမ်ဘူးလား။ ပြီးတော့ မြောက်ပိုင်းနယ်မြေရှိသေးတယ်။ လူဦးရေနည်းလို့ ကျင့်ကြံသူမရှိဘူးမထင်နဲ့။

အခုတောင် အဲဒီမှာ အေးခဲနေတာ။ ဒါကို ခင်ဗျားက နေအလင်းကို ယူသွားမယ်ပေါ့။ ဒီကိစ္စက တစ်လောကလုံးနဲ့ ရန်ညှိုးဖွဲ့သလို ဖြစ်နေပြီ။

ပြီးတော့ ဒီလောက်ကြီးမားတဲ့ အစီအစဉ်နဲ့ စွမ်းအင်အားလုံး ခင်ဗျားတို့ တကယ်ယူသုံးနိုင်မှာလား"

လုယန်သက်ပြင်းချသံကြောင့် ချီတုန်ဖန်း စိုးရိမ်ထိတ်လန့်လာသည်။

"ဂိုဏ်းသခင်လု၊ ကျုပ်တို့အစီအစဉ်က ပြဿနာရှိလို့လား"

"နေပတ်လည်မှာကာထားတဲ့ မသေမျိုးအဆင့်မဟာမှော်စက်ဝန်းကြီးနှစ်ခုရှိတယ်။ နေဆီချဉ်းကပ်လာတဲ့လူတိုင်းကို တားဆီးထားတယ်။ ဒီမဟာမှော်စက်ဝန်းတွေကို ဘယ်သူတည်ဆောက်ခဲ့လဲသိလား"

ချီတုန်ဖန်း ခေါင်းခါသည်။ အတော်ကြာအောင် သူတို့စုံစမ်းစစ်ဆေးခဲ့သည်။ ထိုမဟာမှော်စက်ဝန်း၏ဇစ်မြစ်ကို မဖော်ထုတ်နိုင်ဘဲ သူ့လုပ်ဖော်ကိုင်ဖက်များစွာ သေဆုံးခဲ့သည်။

လုယန်က အလေးအနက်လေသံဖြင့် လျှို့ဝှက်ချက်တစ်ခု ထုတ်ပြောသည်။

"ကျုပ်တို့ဂိုဏ်းချုပ်ရဲ့ စုံစမ်းစစ်ဆေးချက်အရ အဲဒီ့မှော်စက်ဝန်းတွေကို ကောင်းကင်သခင်ပထမချန်အင်ပါယာနဲ့ မဟာယုပထမအင်ပါယာဝူယော်တို့က တည်ဆောက်ခဲ့တာ။

မသေမျိုးနှစ်ယောက်ကြား နှစ်တစ်သိန်းကြာအောင် ပဋိပက္ခဖြစ်ခဲ့တာ။ ခင်ဗျားမသိသင့်တဲ့ ဒီထက်နက်ရှိုင်းတဲ့ကိစ္စတွေတောင် ရှိသေးတယ်။

နောက်ထပ်မှောက်စက်ဝန်းတစ်ခု နေပတ်လည်မှာ ထပ်ကာမယ်ဆိုတော့ မသေမျိုးတွေရဲ့ပြဿနာကြားကို ခင်ဗျားဝင်တိုးချင်တာလား"

အရင်က နေမင်းဂိုဏ်း နေဆီသို့လူလွှတ်စူးစမ်းခဲ့သည်ကို အင်ပါယာချန် ဂရုစိုက်မည်မဟုတ်။ သို့သော် နောက်ထပ်မှော်စက်ဝန်းတစ်ခု ထပ်ကာလိုက်လျှင် သူ့ကိုတိုက်ရိုက်ရန်စသည့်သဘော ဖြစ်သွားမည်။

အင်ပါယာချန် နေမင်းဂိုဏ်းကို ဖျက်ဆီးလျှင်လည်း လုယန်ဂရုမစိုက်။ နတ်ဆိုးဂိုဏ်းတစ်ခုလျော့သွားခြင်းသည် ကောင်းသည့်ကိစ္စဖြစ်သည်။

သို့သော် အင်ပါယာချန်က အထိန်းအကွပ်မရှိသောင်းကျန်းပြီး ပြင်းထန်သည့်စွမ်းအားများထုတ်သုံးလျှင် အပြစ်မဲ့သူများ ထိခိုက်မည်ကို လုယန်စိုးရိမ်သည်။

ထိုကိစ္စမျိုးကို အင်ပါယာချန် လုပ်နိုင်သည့်အစွမ်းရှိသည်။

(အင်ပါယာဝူယော်ကို ယွမ်ကျိက သတ်ခဲ့ပြီးဖြစ်သည်။ လုယန်၏ ချင်ဖုန်းဓားသည် ဝူယော်၏ဓားဖြစ်သည်)

ချီတုန်ဖန်း ထိတ်လန့်တုန်လှုပ်သွားသည်။ နေပေါ်တွင် မသေမျိုးမှော်စက်ဝန်းကြီး နှစ်ခုရှိနေသည်။ မသေမျိုးပြဿနာကြားဝင်ပါလျှင် နေမင်းဂိုဏ်းပျက်စီးသွားမည်။ သေသည်ထက်ပင် ဆိုးဝါးသည့်အဆုံးသတ်မျိုးဖြစ်သည်။

"တစ်ခြားတစ်ခုခု လေ့လာထားသေးလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ချီတာဖုန်း အမြန်ပြန်ဖြေပြီး သူ့မှော်လက်စွပ်ထဲ ဆက်ရှာသည်။

ရှာနေရင်းမှ သူပြောသည်။

"မှော်စက်ဝန်းတည်ဆောက်ဖို့ လေ့လာနေရင်း မထင်မှတ်ဘဲ ဘေးထွက်ရလာဒ်လေးတွေ ရခဲ့တယ်။ ဒီလိုဟာမျိုးပေါ့..."

လုယန် ခေါင်းငြိမ့်သည်။ ထိုအချက်က ပို၍ကျိုးကြောင်းဆီလျော်သည်။

သို့သော် ချီတုန်ဖန်းထုတ်လာမည့် ပစ္စည်းကို မမြင်ရမီ သူ့မြင်ကွင်းတစ်ခုလုံး ရုတ်တရက် အမှောင်ကျသွားသည်။

လုယန် ရင်ထိတ်လာသည်။ ချီတာဖုန်းက အခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုဒုက္ခပေးတော့မည်လားဟု ထင်လိုက်သည်။

အသားကင်ဆိုင်ပိတ်ထားပြီးမှ မဟာနတ်ဆိုးဂိုဏ်းသုံးခု စည်းဝေးပွဲလုပ်နေခြင်းဖြစ်သည်။ အခန်းထဲတွင် ညမီးများထွန်းထားခဲ့သည်။

ချီတာဖုန်း၏ပစ္စည်းထုတ်လိုက်သည်နှင့် နတ်ဆိုးလေပြင်းကျသကဲ့သို့ အလင်းအားလုံးပျောက်ကွယ်သွားသည်။

သို့သော် ရှိနေသူအားလုံးသည် အားနည်းသူများမဟုတ်။ အလင်းမရှိသော်လည်း ဝိညာဉ်အာရုံဖြင့် အားလုံးကိုရှင်းလင်းစွာမြင်နိုင်သည်။

"ခင်ဗျားဖယောင်းတိုင်က ဘာလဲ"

ချီတာဖုန်လက်ထဲတွင် အနီရောင်ဖယောင်းတိုင်ကြီးတစ်ခု ရှိနေသည်။ ထိုဖယောင်းတိုင်ပေါ်လာသည်နှင့် အခန်းထဲမှ ဖယောင်းမီးအားလုံး ငြိမ်းသွားသည်။

"ဒါက နေစွမ်းအင်အားဖြည့်ဖယောင်းတိုင်ပါ။ နေ့ခင်းပိုင်းမှာ နေစွမ်းအင်ကိုစုပ်ယူပြီး ညဘက်ကျရင် မီးထွန်းလို့ရပါတယ်"

"ဒါဆို ဒီအခန်းထဲမှာ ရုတ်တရက်အမှောင်ကျသွားတာက..."

"ဒီပစ္စည်းက ဘေးပတ်လည်မှာရှိတဲ့ အလင်းနဲ့အပူအားလုံးကို စုပ်ယူနိုင်တယ်။ ဒီတော့ အလင်းရောင်မကျန်ခဲ့တော့ဘူးပေါ့"

ချီတာဖုန်းက ချက်ကျလက်ကျရှင်းပြသည်။

"...ခင်ဗျားဖယောင်းတိုင်ရဲ့ စုပ်ယူနိုင်စွမ်းက နည်းနည်းမြင့်လွန်းမနေဘူးလား"

ထိုအရာသည် နေကိုမှော်စက်ဝန်းကာဖို့လေ့လာရင်း ရလာသည့် ဘေးထွက်ရလာဒ်လေးသာဖြစ်သည်။ နေစွမ်းအားသာသုံးလျှင် ကျင့်ကြံမှုလောကတစ်ခုလုံး ရေခဲခေတ်နှင့်အမှောင်ခေတ်သို့ တစ်ပြိုင်တည်းရောက်သွားနိုင်သည်။

"စွမ်းရည်မြင့်တာ မကောင်းဘူးလား"

စွမ်းရည်မြင့်လေ ကောင်းလေဟု လူတိုင်းပြောကြသည်။ အမြင့်ဆုံးစွမ်းရည်ကိုရဖို့ ချီတာဖုန်း အပြည့်အဝအားထုတ်ခဲ့သည်။

"စွမ်းရည်လျှော့လိုက်ပါ"

"ကောင်းပါပြီ"

"လောင်ချီ၊ အဲဒီ့နေစွမ်းအင်စုပ်နိုင်တဲ့ဖယောင်းတိုင် သေတ္တာတစ်လုံး ငါတို့ဂိုဏ်းကိုပေးပါ"

မူပိုင်ယိ ထိုဖယောင်းတိုင်ကို အတော်စိတ်ဝင်စားနေသည်။ အတော်ပြောင်မြောက်သည့် တီထွင်မှုဖြစ်သည်။ ထိုဖယောင်းတိုင်များရှိလျှင် သူတို့ဂိုဏ်းအတွက် အမှောင်ထဲတွင် စည်းဝေးပွဲထိုင်စရာမလိုတော့။

လုယန် မူပိုင်ယိ၏ ထူးဆန်းသည့်အကြိုက်ကို အပြည့်အဝနားမလည်။

"တစ်ခြားတွေ့ထားတာရှိသေးလား"

"ရှိပါတယ်။ နေစွမ်းအင်နဲ့ ရေကျိုချက်နိုင်တဲ့နည်းလမ်း တွေ့ခဲ့ပါတယ်"

လုယန် ခေါင်းငြိမ့်သည်။ နေစွမ်းအင်သုံး ရေအပူပေးစက်။ တစ်ချိန်က သူမြင်ဖူးသည်။ တကယ်အသုံးဝင်သည်။

ချီတုန်ဖန်း ဖယောင်းတိုင်ထွန်းလိုက်သည်။ အခန်းတစ်ခုလုံး ပြန်လည်လင်းထိန်သွားသည်။

ချီတုန်ဖန်း သစ်သားစည်ကြီးတစ်ခု ထုတ်သည်။ နောက်ထပ်စမ်းသပ်ရလာဒ်တစ်ခုဖြစ်သည်။ နေ့ခင်းပိုင်းတွင် နေစွမ်းအင်ကို စုပ်ယူနိုင်သည်။

စည်ထဲသို့ သူ‌ရေဖြည့်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း စည်ထဲမှရေများ စတင်ဆူပွက်လာသည်။ အရင်ပစ္စည်းလိုပင် စွမ်းရည်မြင့်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ချီတုန်ဖန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထပ်ပြောသည်။

"ဒီရေကထွက်လာတဲ့ ရေငွေ့ကလည်း စွမ်းအားကြီးပါတယ်။ ရေငွေ့နဲ့ တစ်ခုခုကို မောင်းနှင်ဖို့ သုံးနိုင်လောက်တယ်။

ဒါပေမယ့် အဲဒီ့အပိုင်းမှာတော့ ကနဦးလေ့လာမှုလောက်ပဲ လုပ်ရသေးတယ်။ ထူးခြားတဲ့ရလာဒ် မပေါ်သေးပါဘူး"

လုယန် "..."

...နေစွမ်းအင်နဲ့ ရေနွေးငွေ့စက်မောင်းနှင့်ဖို့ လေ့လာတဲ့လူမျိုး ငါပထမဆုံးမြင်ဖူးတာပဲ...

"ရေနွေးငွေ့ကို မလေ့လာနဲ့တော့။ နေစွမ်းအင်ကိုပဲ အာရုံစိုက်ပါ။ တစ်ခြားတွေ့ထားတာရှိသေးလား"

ချီတုန်ဖန်း အခက်တွေ့ဟန်ဖြင့် ခေါင်းကုတ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း နေပတ်လည်တွင် မှော်စက်ဝန်းကာဖို့သာ အဓိကအာရုံစိုက်ခဲ့သည်။

သို့သော် ထိုကိစ္စကို လုယန်က ငြင်းပယ်သည်။ နေစွမ်းအင်ဖယောင်းတိုင်နှင့် ရေပူစက်များက ဘေးထွက်ရလာဒ်ဖြစ်သည်။

"တစ်ခြားတွေ့ထားတာမရှိတော့ပေမယ့် ကျုပ်တို့ဂိုဏ်းနှစ်ခုပူးပေါင်းမှုကနေ တည်ထောင်လို့ရမယ့် လုပ်ငန်းလမ်းကြောင်းသစ်တစ်ခု စဉ်းစားမိပါတယ်"

"ဘာလုပ်ငန်းလဲ"

ဤတစ်ကြိမ်တွင် မူပိုင်ယိက ရှင်းပြသည်။

"တစ်ချို့နေရာမှာ ရေသင်္ချိုင်းသင်္ဂြိုတဲ့ဓလေ့ရှိပါတယ်။ အလောင်းတွေကို ငါးတွေစားနိုင်အောင် မြစ်တွေ၊ ကန်တွေ၊ ပင်လယ်တွေထဲကိုပစ်ချတယ်။ သဘာဝလောကထဲကို ပြန်ပို့တဲ့သဘောပါ။

ဒီဓလေ့ကို ချဲ့ကားစဉ်းစားရင် အလောင်းတွေကို နေဆီပို့ပြီး သင်္ဂြိုလ်လို့ရပါတယ်။ လောင်ချီပြောတဲ့ သေဆုံးမှုစာရင်းအရဆို စုစည်းခြင်းအဆင့်တွေတောင် နေဆီရောက်ရင် ပြာကျသွားမှာပါ။

ဒီနည်းလမ်းက ရေသင်္ဂြိုလ်တဲ့သဘောနဲ့ အတူတူပါပဲ။ တစ်စမကျန်သေဆုံးတဲ့သဘော ပိုဆန်ပါတယ်။ လူတစ်ယောက်ရဲ့ဝိညာဉ်ဟာ သေပြီးလို့ ခုနစ်ရက်ကြာမှ လွင့်ပါးပျောက်ကွယ်တယ်လို့ ယူဆကြတယ်။

ဝိညာဉ်ချက်ချင်းပျော်မကျအောင် သင်္ဂြိုလ်ချိန်ကို ခုနစ်ရက်ဆိုင်းပြီးမှ စီစဉ်လို့ရပါတယ်"

မူပိုင်ယိ တကယ်စေ့စေ့စပ်စပ် တွေးထားမှန်း သိသာသည်။ ခုနစ်ရက်ကြာ အောက်မေ့ပူဆွေးသည့်ဓလေ့ကိုပင် ထည့်စဉ်းစားထားသေးသည်။

"ဂိုဏ်းသခင်လု၊ ဒီလုပ်ငန်းဖြစ်နိုင်လောက်မယ်ထင်လား"

လုယန် အတော်ကြာအောင် အသံတိတ်နေပြီးမှ ဖြေးညှင်းစွာပြန်မေးသည်။

"တစ်ခြားကိစ္စတွေဘေးဖယ်ထားပါဦး။ အသားကင်ဆိုင်လုပ်ငန်းလုပ်ငန်းလုပ်ရင်း သင်္ဂြိုလ်ဝန်ဆောင်မှုလုပ်ငန်းလုပ်မယ်။ သင်္ဂြိုလ်တာကလည်း မီးနဲ့။ စားသုံးသူတွေက ဘယ်လိုမြင်ကြမယ်ထင်လဲ"

ဂိုဏ်းချုပ်နှစ်ယောက် စဉ်းစားသည်။ နည်းနည်းတော့မသင့်တော်သလိုရှိသည်။

"ကဲ...ခင်ဗျားတို့က နှစ်ဘက်လုံးအကျိုးရှိမယ့်နည်းလမ်းတွေကို အားစိုက်လုပ်ထားတာ သိသာပါတယ်။ ဒါပေမယ့် အတွေးလမ်းကြောင်းက လွဲနေတယ်။ ဆက်ကြိုးစားထားပါ။

ဖယေင်းတိုင်နဲ့ ရေစည်တွေကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရင်တော့ လူကြိုက်များလာမှာ သေချာတယ်"

လုယန်က အကိုကြီးတစ်ယောက်ဟန်ပန်ဖြင့် ဂိုဏ်းချုပ်နှစ်ယောက်ပုခုံးကို ခပ်ကြမ်းကြမ်းပုတ်၍ တိုက်တွန်းအားပေးသည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ အပြန်လမ်းတွင် လုယန်က ရုတ်တရက်မေးသည်။

"အကြီးအကဲတို့၊ နေမင်းဂိုဏ်းရဲ့ လေ့လာမှုရလာဒ်တွေကို ဘယ်လိုသဘောရလဲ"

အကြီးအကဲကျိုးရှင်းက

"သူတို့က ငါတို့သန့်စင်မှုတစ်ရာတောင်ထိပ်နဲ့ လက်တွဲဖို့ သင့်တော်တဲ့လူတွေပဲ"

********************************

All Chapters