← Chapters

ရှေးဟောင်းမသေမျိုးလေးယောက်၏ ကြိုးပမ်းမှုရလာဒ်

Vol. 54 Ch. 797

ရှေးဟောင်းမသေမျိုးလေးယောက်၏ ကြိုးပမ်းမှုရလာဒ်

Vol. 54 Ch. 797

"အဲ...သူက ငါနဲ့ချွတ်စွပ်ကိုတူနေတာပဲ"

နတ်မယ် အတော်အံ့ဩနေသည်။ တွေးမရဖြစ်နေသည်။

လုယန် ကောင်းကင်ကို မော့ကြည့်၍ မချိပြုံးပြုံးလိုက်သည်။

ရှေးဟောင်းမသေမျိုးလေးယောက် ဘယ်လိုလူကို အသက်သွင်းခဲ့သနည်း။

နတ်မယ်ကိုပြန်အသက်သွင်းဖို့ မီးနိုင်ငံတည်ထောင်သည့်အကြောင်း အောင်းလင်းပြောခဲ့သဖြင့် အခြေအနေကို အကြမ်းဖျင်းသူခန့်မှန်းမိသည်။

မသေမျိုးလေးယောက်သည် မီးနိုင်ငံကို အားကြိုးမာန်တက် တည်ထောင်ခဲ့သည်။ နှစ်တစ်သိန်းကြာခဲ့သည်။ အကျိုးတစ်စုံတစ်ရာတော့ ရှိခဲ့မည်မှာ မလွဲပေ။

ယုံကြည်မှုစွမ်အားကျင့်ကြံခဲ့သည့် တောင်သုံးလုံးအရှင်၏အဖြစ်နှင့် နှိုင်းယှဉ်၍ တွေးကြည့်နိုင်သည်။ နှစ်တစ်သိန်းအတွင်း မွေးထုတ်ခဲ့သည့် မသေမျိုးတစ်ဝက်အဆင့်များ ဘယ်လောက်များမည်နည်း။

ရလာဒ်တစ်စုံတစ်ရာ ပေါ်ခဲ့သည်ဆိုလျှင် ဘယ်လိုရလာဒ်ဖြစ်မည်နည်း။

ဘိုးဘေးအောင်လင်းစကားအရ ငရဲကိုးထပ်ဖန်တီးခဲ့သည့် ရည်ရွယ်ချက်က နတ်မယ်၏ အရိယဖလကို ပြန်ဖန်တီးဖို့ဖြစ်သည်။ ထိုကိစ္စ မအောင်မြင်ခဲ့သည်မှာ သေချာသည်။

အောင်မြင်ခဲ့လျှင် နတ်မယ်ကို အသက်သွင်းဖို့ လုယန်အလှည့်ရောက်လာမည်မဟုတ်။

ချီလင်နှင့်တိုက်ခိုက်ခဲ့သည့် မသေမျိုးသည် ဖျက်ဆီးခြင်းအရိယဖလပိုင်ရှင်ဖြစ်သည်။ နတ်မယ်တစ်ချိန်က စွန့်ပယ်ခဲ့သည့် အရိယဖလအမျိုးအစားဖြစ်သည်။

ဖျက်ဆီးခြင်းအရိယဖလသည် တည်ဆောက်ဖို့ အလွန်တရာခက်ခဲသည်ဟု နတ်မယ်ပြောခဲ့သည်။ ရှေးဟောင်းခေတ်တွင် ဘယ်သူမှမအောင်မြင်ခဲ့။

ထို့ပြင် မီးနိုင်ငံမှ ဖျက်ဆီးခြင်းအရိယဖလပိုင်ရှင်တစ်ယောက် ရုတ်တရက်ပေါ်လာဖို့လည်း မဖြစ်နိုင်လောက်

ကံအကြောင်းတိုက်ဆိုင်၍ ငရဲကိုးထပ်က ဖျက်ဆီးခြင်းအရိယဖလကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်မည်။

ကောင်းကင်ရုံးတော်တည်ထောင်ရသည့် ရည်ရွယ်ချက်က ယုံကြည်မှုစွမ်းအားဖြင့် မသေမျိုးရုပ်ခန္ဓာတည်ဆောက်ဖို့ဖြစ်သည်။

မသေမျိုးခန္ဓာသည် နတ်မယ်နှင့် အသွင်အပြင်တူပေလိမ့်မည်။

တစ်နည်းဆိုသော် မီးနိုင်ငံတည်ထောင်သည့်ကိစ္စတွင် အကျိုးရလာဒ်တစ်ခု ရှိခဲ့သည်ဆိုလျင် နတ်မယ်နှင့်တူသည့် မသေမျိုးတစ်ယောက် မွေးဖွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဖျက်ဆီးခြင်းအရိယဖလပိုင်ရှင်ဖြစ်သည်။

မီးခိုးမြူမသေမျိုး။ သို့မဟုတ်...ပဲပြာအရှင်။

('ပဲဝါ'အရှင်နှင့်လည်း နှိုင်းယှဉ်ရာရောက်အောင် 'ပဲပြာ'အရှင်ဟု ဘာသာပြန်ပါသည်)

ပဲပြာအရှင်၏ လုပ်ရပ်များကလည်း လုယန်၏ခန့်မှန်းချက်ကို အားဖြည့်ပေးသည်။

သူ့ခန့်မှန်းချက် မှန်ကန်သည်ဟုဆိုနိုင်သည်။ ထို့ကြောင့်လည်း ပဲပြာက သူ့ကိုသတ်လိုခြင်းဖြစ်သည်။

ထိုလုပ်ရပ်ကြောင့် နောက်ကိစ္စတစ်ခုလည်း ရှင်းလင်းလာသည်။

မီးနိုင်ငံဖြစ်တည်မျှုကို ဖျက်ဆီးနေသည့် ပဲပြာသည် မီးနိုင်ငံအကြောင်း ဖျောက်ဖျက်လိုခြင်းမဟုတ်။ သူ့အကြောင်းကို ဘယ်သူမှမသိစေလိုခြင်းဖြစ်သည်။

မည်သို့ဆိုစေ သူသည် မီးနိုင်ငံခေတ်၏ ကောင်းကင်ရုံးတော်သခင်ဖြစ်သည်။ မီးနိုင်ငံမှလူတိုင်း သူ့ကိုသိကြသည်။

ပဲပြာဘာကြောင့်ထိုအတိုင်းအတာထိ အလွန်အကျွံလုပ်နေသည်ကိုတော့ သူနားမလည်။ ပဲပြာ ဘာလိုချင်သည်မသိ။

"တောင်သုံးလုံးအရှင်လိုပဲ ယုံကြည်မှုစွမ်းအားနဲ့ ထိန်းချုပ်ခံရလို့ ယုံကြည်မှုရင်းမြစ်ကနေ ခွဲထွက်ချင်တာများလား"

အကျိုးသင့်အကြောင်းသင့် လုယန် စဉ်းစားကြည့်သည်။

နတ်မယ်က ခေါင်းခါသည်။

"မသိဘူး။ အဲလိုဖြစ်နိုင်ခြေတော့ရှိတယ်။ ယင်ထန်တို့သာ အသက်ရှင်နေသေးရင် ယုံကြည်မှုရင်းမြစ်လက်ကျန်ဆိုလို့ သူတို့လေးယောက်နဲ့ ရှောင်လင်းပဲရှိတော့တာလေ။

သူတို့ကျင့်စဉ်အဆင့်က မြင့်တယ်။ သူတို့လွှမ်းမိုးနိုင်စွမ်းက ကြီးမားတယ်။ သူတို့ကိုသတ်ပြီး အချုပ်အနှောင်ကနေရုန်းထွက်ဖို့ကြိုးစားတာက ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် သူကနင့်ကို ဘာလို့သတ်တာလဲ"

ထိုမေးခွန်း မေးသင့်သည်ဟု လုယန်ယူဆသည်။ သူသည် ပဲပြာအရှင်ကို လုံးဝယုံကြည်သူမဟုတ်။

အကြောင်းသိရုံဖြင့် သူယုံကြည်လာအောင် ပဲဝါအရှင်မလုပ်နိုင်။ ထိုသို့သာယုံကြည်ကိုးကွယ်ရရလျှင် ပုဂ္ဂိုလ်စွဲဖြင့် ယုံကြည်ခိုင်းသလို ဖြစ်နေလိမ့်မည်။

သူ့ကိုယ်ထဲတွင် တရားဝင်ကောင်းကင်ရုံးတော်သခင် ပဲဝါအရှင်ရှိသည်။

မဟုတ်သေး၊ ပဲပြာအရှင်၏ အစောပိုင်းက အပြုအမူအမူက နတ်မယ်၏စရိုက်နှင့် အတော်တူနေသည်။ ပုဂ္ဂိုလ်စွဲသဘော ဆန်သည်။

ထို့ပြင် ပဲဝါအရှင်၏အမြင်အရ သူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်သာဖြစ်သည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက်က မသေမျိုးတစ်ယောက်ကို ယုံကြည်ကိုးကွယ်သည့်ကိစ္စသည် မဖြစ်နိုင်သည်တော့မဟုတ်။

သို့သော် တစ်ခုခုမူမမှန်ဟု လုယန်ခံစားနေရဆဲဖြစ်သည်။

'ငါ့အကြောင်းသိနေတဲ့မင်းလည်း သေရမယ်'ဟု ပဲပြာအရှင်ပြောခဲ့သည်။

ပဲပြာအကြောင်း သူခန့်မှန်းမိသည့်ကိစ္စကို ပဲပြာဘယ်လိုသိသနည်း။ ဝိညာဉ်အာရုံဖြင့် သိခြင်းလော...

နတ်မယ်ကို ထိုမေးခွန်းမေးကြည့်သည်။ သို့သော် နတ်မယ်လည်း တွေးရခက်ဟန်ဖြင့် ပြန်ကြည့်နေသည်။

"ဟုတ်သားပဲ။ နင်ကသူ့ကိုမှ မကိုးကွယ်တာ။ သူဘယ်လိုအာရုံခံနိုင်တာလဲ"

လုယန်ခေါင်းငြိမ့်သည်။ သူထင်သည့်အတိုင်းပင် နတ်မယ်ကိုလည်း အားကိုး၍မရနိုင်။ ကိုယ့်ဘာသာ စဉ်းစားခြင်းက ပိုကောင်းသည်။

ပဲပြာမသေမျိုး၏ မျက်နှာအစစ်ကိုကြည့်၍ အောင်းလင်းလည်း ကြောင့်တက်တက်ဖြစ်နေသည်။

ပဲပြာမသေမျိုးကို သူ့ယောက်ျား အနိုင်မယူနိုင်သည်မှာ မဆန်းတော့။

ပဲပြာက သူ့အကြောင်း လောကကြီးကိုမသိစေချင်။ မီးခိုးမြူများ သူ့မျက်နှာကို ချက်ချင်းပြန်လည်လွှမ်းခြုံသွားသည်။ မြင်ကွင်းဝေဝါးသွားသည်။

"ဟိုမသေမျိုးရဲ့မျက်နှာကို မြင်လိုက်ကြလား"

ထိုကိစ္စကို ဟေးယုအရှင်က စိတ်အဝင်စားဆုံးဖြစ်သည်။ သို့သော် လှည့်ပတ်မေးမြန်းကြည့်သော်လည်း ဘယ်သူမှ သေချာမမြင်လိုက်ကြောင်း သိရသည်။ ယွမ်ကျိ၊ နတ်မယ်အာရုံဖြင့်ကြည့်နေသည့် လုယန်၊ မသေမျိုးအမြင်အာရုံ ယာယီပိုင်ဆိုင်ထားသည့် အောင်းလင်းတို့သာ ပဲပြာ၏ရုပ်သွင်ကို မြင်ကြသည်။

ဖန်ဝူယာပင် မမြင်လိုက်။

"တိမ်ဆင်းလက်ဝါး"

ယွမ်ကျိ လက်သီးကို လက်ဝါးအဖြစ်ပြောင်းသည်။ အဆက်မပြတ်ပြောင်းလဲနေသည့် တိမ်ဖြူလက်ဝါးတွင် အံ့ဖွယ်စွမ်းအားများပြည့်နေသည်။ လက်သီးတစ်ချက်ထိပြီးနောက် ပဲပြာအရှင် သွေးအန်သည်။ သူ့သွေးများက မီးခိုးမြူအတွင်းသို့ ပျံ့နှံ့သွားသည်။

ပဲပြာအရှင် မယုံနိုင်အောင်ဖြစ်နေသည်။ ရှေးဟောင်းခေတ်ကတည်းက မသေမျိုးလမ်းစဉ်တွင် စွမ်းအားအကြီးဆုံးဖြစ်သည့် သူ့အနေဖြင့် တန်းတူပြိုင်ဘက်ဟူ၍ တစ်ယောက်မှ မတွေ့ခဲ့ဖူး။ ရှေးမသေမျိုးလေးယောက်ပင် သူ့ကိုမယှဉ်နိုင်။ သို့သော်ယခု သူအပြတ်အသတ်နှိပ်ကွပ်ခံနေရသည်။

"မသေမျိုးလမ်းစဉ် သတ်ဖြတ်ခြင်းလက်သီး"

ပဲပြာအရှင်တွင် ကိုယ်ပိုင်လက်သီးပညာများရှိသည်။ လက်သီးချက်များက ပြိုင်ဘက်ကင်းသည်။ မိုးမြေကို အရောင်ပြောင်းနိုင်သည်။ ဖျက်ဆီးခြင်းအရိယဖလစွမ်းအားက အဆုံးအစမရှိကျယ်ပြန့်သည်။ မမြင်နိုင်သည့်ဖိအားတစ်ခု တောင်းတန်းများကဲ့သို့ ထိုးကျလာသည်။ လေထုကို ဖြိုခွဲသည်။

ထိုလက်သီးပညာဖြင့် ကိုးဆမသေမျိုးကို သွေးအန်သည်အထိ နှိပ်ကွပ်ခဲ့သည်။

ယွမ်ကျိက အမူအရာမပျက်။ နောက်ထပ်လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။

လက်သီးနှင့်လက်ဝါး ရင်ဆိုင်တွေ့သည်။ နဂါးနန်းတော်အထက်မှ ဝိညာဉ်စွမ်းအင်များ ချက်ချင်းဆူပွက်လာသည်။ ကြီးမားသည့်စွမ်းအင်ပေါက်ကွဲမှုတစ်ခုဖြစ်သည်။ ကြည့်နေသည့်ကျင့်ကြံသူများ၏ ဝိညာဉ််သန္ဓေကိုလည်း ဆွဲယူသည်။

အားလုံး ရွေးချယ်စရာမရှိဘဲ တင်ပျဉ်ခွေထိုင်၍ သွေးကြောများအတွင်းမှ လှုပ်ရှားနေသည့်စွမ်းအင်များကို တည်ငြိမ်အောင်ထိန်းရသည်။

"ဘုန်း"

စွမ်းအင်ပေါက်ကွဲမှုကြားမှ လူတစ်ယောက် လွင့်ထွက်လာပြီး သွေးများအဆက်မပြတ်အန်နေသည်။

ပဲပြာအရှင်ဖြစ်သည်။

ယွမ်ကျိနှင့် ဝေးကွာသွားသည့်အခြေအနေကို အခွင့်ကောင်းယူ၍ သူထွက်ပြေးသည်။

သူ့တိုက်ခိုက်မှုအားလုံးကို ယွမ်ကျိက ချေဖျက်ခဲ့သည်။ အနီးကပ်တိုက်ပွဲတွင် အသာစီးမရ။ ပြိုင်ဘက်က သူ့မျက်နှာကို မြင်သွားသည်။ သူ့သားကောင်များကို သတ်နိုင်တော့မည့်ပုံမပေါ်။ မြန်မြန်ထွက်ပြေးခြင်းက ပိုကောင်းသည်။

အစကတည်းက ယွမ်ကျိကို အနိုင်ယူဖို့ သူလုံးဝစိတ်မကူးခဲ့။ မသေမျိုးအဖျက်လက်သီးသုံးသည်ကလည်း ထွက်ပြေးဖို့အခွင့်အရေးရရန်သာဖြစ်သည်။

ပြေးမလွတ်လျှင် အရှေ့ပင်လယ်၌ သူအသက်ဆုံးရှုံးသွားနိုင်သည်။

ဤကောင်းကင်ရုံးတော်သည် ဘယ်ကပေါ်လာသနည်း။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ဟူသည့် ဤယွမ်မုန်မုန်သည် ဘယ်သူနည်း။

ယွမ်ကျိက ပဲပြာအရှင်ကို လွယ်လွယ် ထွက်ပြေးခွင့်မပေး။ 'အရိပ်ခြေရာခံပျံသန်းခြင်း'ပညာသုံးသည်။ တစ်လက်မမြေချုံ့ပညာထက်ပင် ပို့အဆင့်မြင့်သည့် ပညာရပ်တစ်ခုဖြစ်သည်။ မိုးမြေကြားတွင် လေဟာနယ်ခုန်ကူး၍ သွားလာနိုင်သည်။

မသေမျိုးအာရုံမှတစ်ဆင့် ယွမ်ကျိ ထပ်ချပ်မကွာလိုက်လာကြောင်း ပဲပြာအရှင်အာရုံခံမိသည်။ ဒေါသကြောင့် သူ့မျက်နှာတင်းမာသွားသည်။ စိတ်ကိုတင်းလိုက်သည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်၊ မင်းက ငါ့ကိုဖိအားပေးနေတာပဲ"

"ကောင်းကင်နတ်ဆိုး အသွင်ခွဲစွမ်းအား"

"ဓာတ်ငါးမျိုး လွတ်မြောက်ခြင်းစွမ်းအား"

ဒဏ်ရာအပြင်းအထန်ရမည်ကို အရေးမစိုက်ဘဲ ပညာရပ်နှစ်ခု တစ်ဆက်တည်းထုတ်သုံးသည်။ ဓာတ်ငါးမျိုးအစိတ်အပိုင်းများအဖြစ် အသွင်ပြောင်း၍ လောကနှင့်တစ်သားတည်းပေါင်းစည်းပြီး အဝေးသို့ထွက်ပြေးသည်။

"လေပြင်းအပြန်၊ မီးအပြန်"

ယွမ်ကျိ အချိန်ကို နောက်ပြန်ရစ်သည်။ ပဲပြာအသွင်ခွဲပညာမသုံးမီကအချိန်ကို ပြန်ရောက်သွားသည်။

ပဲပြာက လက်မလျှော့။ ကောင်းကင်နတ်ဆိုးအသွင်ခွဲပညာ ထပ်သုံးသည်။ သို့သော် အကျိုးမထူး။ အချိန်နောက်ပြန်ဆုတ်သွားပြန်သည်။

ပဲပြာ အံတင်းတင်းကြိတ်၍ ဖျက်ဆီးခြင်းအရိယဖလကို ထုတ်သုံးသည်။

"အချိန်ကန့်သတ်ချက်ကို ဖျက်ဆီးမယ်"

ကန့်သတ်ချက်တစ်ခုကို ခဏတာ သူဖျက်ဆီးနိုင်သည်။ အချိန်ကန့်သတ်ချက်ကို ဖျက်ဆီးလိုက်သဖြင့် အချိန်နောက်ပြန်ရစ်သည့်မှော်စွမ်းအား အသုံးမဝင်တော့။

"ကောင်းကင်နတ်ဆိုးအသွင်ခွဲစွမ်းအား။ ဓာတ်ငါးမျိုးလွတ်မြောက်ခြင်းစွမ်းအား"

ထို့နောက်တွင် ယွမ်ကျိ၏လက်ဝါးထဲမှ သူလွတ်မြောက်သွားသည်။

သူမသက်သာခဲ့ အသက်ရှူကြပ်သလို ခံစားရသည်။ ကောင်းကင်ရုံးတော်သခင်ဖြစ်သည့် သူ့ကို ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်က လိုက်ဖမ်းခြင်းခံခဲ့ရသည်။

ရာထူးအဆင့်အရ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သည် ကောင်းကင်ရုံးတော်သခင်လက်အောက်တွင် ရှိရမည်။

*****************************************

All Chapters