← Chapters

ယာယီဂိုဏ်းချုပ်ရာထူးအတွက်ယှဉ်ပြိုင်ပွဲ

Vol. 54 Ch. 801

ယာယီဂိုဏ်းချုပ်ရာထူးအတွက်ယှဉ်ပြိုင်ပွဲ

Vol. 54 Ch. 801

လွန်ခဲ့သည့်နှစ်သုံးသိန်းအတွင်း မသေမျိုးများကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ သို့သော် ယခုလို လူအများရှေ့တွင်ဖြစ်သည့်တိုက်ပွဲမျိုး မရှိခဲ့ဖူး။

အရှေ့ပင်လယ်အဖြစ်အပျက်သတင်းက တောမီးပမာပျံ့နှံ့သွားသည်။ အချိန်တိုအတွင်း လမ်းကြိုလမ်းကြားများအထိ ရောက်လာသည်။

"ဘယ်သူတွေးမိမှာလဲ။ ဖီးနစ်ဘိုးဘေးနိုးထလာတာ မကြာသေးဘူး။ အခု နဂါးဘိုးဘေးပါနိုးထလာပြီပေါ့"

"ဒါဆို ချီလင်မသေမျိုးရဲ့ဇနီးနှစ်ယောက်လုံး ထွက်လာတဲ့သဘောပေါ့"

"နဂါးဘိုးဘေးရှိတဲ့နေရာကို ရှာတွေ့ခဲ့တာ တောင်သုံးလုံးအရှင်တဲ့။ သူက နဂါးအိုအင်ပါယာအံ့ဩသွားအောင် မွေးနေ့ပွဲမှာ လက်ဆောင်ပေးခဲ့တာလို့ပြောတယ်"

"ထူးဆန်းတယ်။ ငါကြားတာတော့ တောင်သုံးလုံးအရှင်က နဂါးအိုအင်ပါယာကို ပူးကပ်ဖို့ကြိုးစားခဲ့တာတဲ့။ သူ့အစီအစဉ် အမှားအယွင်းဖြစ်သွားတယ်။

သူအလစ်တိုက်ခိုက်ဖို့ကြံတာ မအောင်မြင်အောင် နဂါးဘိုးဘေးကတားလိုက်တာလို့ပြောတယ်"

"ငါလည်းအဲလိုပဲကြားတယ်။ မဟုတ်ရင် နောက်ပိုင်း သူတို့ချင်းဘာလို့တိုက်ခိုက်ကြမှာလဲ"

"နဂါးဘိုးဘေးက နှစ်ယောက်တစ်ယောက်တိုက်ခဲ့တာတဲ့။ မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်ကို တစ်ကိုယ်တော်အနိုင်ယူခဲ့တာ။ တကယ်စွမ်းအားကြီးတာပဲ"

"အရှင်ကျူးထန်က မသေမျိုးတွေအောက်မှာ စွမ်းအားအကြီးဆုံးလို့ ကြွေးကြော်ခဲ့တာမဟုတ်လား။ သူက နဂါးဘိုးဘေးလောက်စွမ်းနိုင်လို့လား"

"သေချာမသိဘူး"

"နောက်ပိုင်းပေါ်လာတဲ့မသေမျိုးက ဘယ်သူလို့ထင်လဲ။ နဂါးဘိုးဘေးကိုသတ်ဖို့ကြိုးစားပြီး ကောင်းကင်ရုံးတော်သခင်နဲ့တောင် တိုက်ခိုက်ခဲ့တယ်တဲ့"

"ရှေးဟောင်းကောင်းကင်ရုံးတော်နဲ့ ရှေးဟောင်းမသေမျိုးလေးယောက်က ပြိုင်ဘက်တွေလို့ပြောတယ်။ ဟိုမသေမျိုးက ရှေးဟောင်းမသေမျိုးလေးယောက်ထဲကများဖြစ်မလား"

"ဒါလည်းမဟုတ်လောက်ဘူးကွ။ ရှေးဟောင်းမသေမျိုးလေးယောက်ထဲကဆိုရင် ချီလင်က ဒီအတိုင်းကြည့်နေပါ့မလား"

"ဒါဆို ဘယ်သူဖြစ်နိုင်မယ်ထင်လဲ"

"ပထမအင်ပါယာချန်ဖြစ်နိုင်တယ်"

"အဲဒါတော့မဖြစ်နိုင်ဘူး။ ဟိုမသေမျိုးက တောင်မြစ်သခင်ကိုတောင်သတ်ခဲ့တာမဟုတ်လား"

"သူက တောင်မြစ်သခင်ကိုသတ်ဖို့ အကြာကြီးကြံစည်ခဲ့လို့ဖြစ်မှာာပေါ့။ ဒီတော့ တစ်ချက်တိုက်ခိုက်ရုံနဲ့ သတ်နိုင်တာ အံ့ဩစရာမရှိပါဘူး"

"အင်း...မင်းပြောမှပဲ ‌တွေးမိတယ်။ အဲလိုပဲဖြစ်လောက်တယ်"

.....

ချုန်းချီမျိုးနွယ်။

အရှေ့ပင်လယ်တွင် နဂါးဘိုးဘေးပေါ်လာသည့်သတင်းကြောင့် ချုန်းချီခေါင်းဆောင် ဝစီပိတ်နားမှ ချက်ချင်းခွာ၍ နတ်ဆိုးနယ်မြေသို့ အမြန်ပြန်သည်။

ရှေးဟောင်းဂူသင်္ချိုင်းသို့မဝင်မီ ကျင်းချိုင်ဝေ၏ ဒေါသပေါက်ကွဲသံကို သူကြားလိုက်ရသည်။

"သောက်ရေးထဲ၊ သူတို့ဘာလို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပေါ်လာတာလဲ"

ချုန်းချီခေါင်းဆောင် ရှေးဟောင်းဂူသင်္ချိုင်းထဲဝင်လိုက်သည်။ ကျင်းချိုင်ဝေ ဒေါသအကြီးအကျယ်ထွက်နေသည်ကို သူမြင်ရသည်။

အနီးအနားမှ ကူးဖြတ်ခြင်းအဆင့် ချုန်းချီများလည်း ဘယ်လိုနှစ်သိမ့်ဖျောင်းဖျရမှန်း မသိကြ။

သူ့ကိုဖျောင်းဖျနိုင်စရာ နည်းလမ်းလည်းမရှိ။ ကျန်းလျန်ယိပေါ်လာချိန်က သူ့ရည်မှန်းချက်ကို မဟာကပ်အပြိုင်အဆိုင်ကာလ၏ ထိပ်တန်းဆယ်နေရာမှ ထိပ်တန်းဆယ့်တစ်နေရာသို့ အဆင့်လျှော့ချခဲ့ရသည်။

နောက်ထပ် သူ့အသိအကျွမ်းများ ထပ်ပေါ်လာလျှင် မဟာကပ်တွင် ယှဉ်ပြိုင်နေလည်း အကျိုးထူးမည်မဟုတ်တော့။

ထို့ပြင် သူဒေါသထွက်ရသည့် နောက်ထပ်အကြောင်းရင်းရှိသေးသည်။ ချီလင်၏ဇနီးနှစ်ယောက်လုံး ပေါ်လာပြီဖြစ်၍ သူ့အတွက် ဘာနေရာရနိုင်တော့မည်နည်း။

"ကျင်းချွဲ့၊ နင်ဘာလို့ပြန်လာတာလဲ"

ချုန်းချီခေါင်းဆောင်ရောက်လာသည်ကို ကျင်းချိုင်ဝေ သတိထားမိသွားသည်။

ကျင်းချွဲ့စိတ်ထဲ ကျင်းချိုင်ဝေဒေါသက သူ့အပေါ်ပုံကျလာမည်ကို စိုးရိမ်သည်။ သို့သော် သူဘာမှမ‌ပြောရဲ။

"မဟာရှားမှာ ကျုပ်ရဲ့အကိုကြီးတစ်ယောက်ရှိတယ်။ သူက ထူးခြားတယ်။ မိတ်ဆွေကွန်ယက်လည်း ကျယ်ပြန့်တယ်။ သူ့အဆက်အသွယ်တွေ အလယ်ပိုင်းတိုက်နယ်တစ်ခုလုံးမှာရှိတယ်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေအားလုံးက သူ့ကိုရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်။ သူက တကယ်လူချစ်လူခင်များပါတယ်"

ကျင်းချွဲ့က ဝစီပိတ်အကြောင်း အဆက်မပြတ်အမွှမ်းတင်သည်။

"သူကနေတစ်ဆင့် တာအိုလမ်းစဉ်ဂိုဏ်းနဲ့ ကျုပ်ဆက်သွယ်နိုင်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းမှာ လေဟာနယ်အရိယဖလသန္ဓေပိုင်ရှင် ပင်လယ်တာအိုသခင်ရှိတယ်။ မသေမျိုးတစ်ဝက်တွေကြားမှာတောင် သူကထိပ်တန်းပါ။

ဘိုးဘေး၊ မဟာကပ်မှာ ကျုပ်တို့နေရာတစ်ခုဖန်တီးနိုင်အောင် တာအိုလမ်းစဉ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ရင် အဆင်ပြေမယ်ထင်လား။ ပြီးတော့ မိတ်ဆွေတစ်ယောက်တိုးရင် ရန်သူတစ်ယောက်လျော့တာပါပဲ။

နောင်တစ်ချိန် ရန်သူပိုနည်းသွားတာဟာလည်း ကောင်းတာပဲလေ"

ကျင်းချိုင်ဝေ ငြိမ်ကျသွားသည်။ ကျင်းချွဲ့ပြောသည့်စကား ယုတ္တိကျသည်။

သို့သော် လွတ်လွတ်လပ်လပ်သာနေခဲ့သည်။ တစ်ခြားလူများနှင့် ပူးပေါင်းရသည်ကိုမကြိုက်။

"ငါသေချာစဉ်းစားကြည့်ပါဦးမယ်"

.......

ကျူးထန် တော်ဝင်ထိုင်ခုံတွင် ထိုင်နေသည်။ သူ့မျက်နှာက အတော်အကြပ်ရိုက်နေပုံရသည်။

"အမအောင်းလင်းတောင် အသက်ရှင်နေသေးတာလား။ ထိပ်တန်းနေရာယူပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ဒီလောက်တောင်ခက်တာလား"

နောက်တစ်ကြိမ်ပြန်၍ ဂူအောင်းအိပ်စက်ဖို့ သူအလေးအနက် စစဉ်းစားမိလာသည်။

"အကိုလုကို အလျဉ်းသင့်အောင်ပေါင်းရင်ရော အဆင်ပြေလောက်မလားပဲ။ သူဘာတွေလိုအပ်လဲ ငါသေချာမသိဘူး။ မိန်းမလှနှစ်ယောက်လောက် ပို့ကြည့်ရင်ကောင်းမလား"

.....

လူတိုင်းက အောင်းလင်းဘယ်ရောက်နေသည်ကို ခန့်မှန်းဆွေးနွေးနေချိန်တွင် လူတစ်ယောက် တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးသို့ ချဉ်းကပ်လာသည်။

ထိုလူက ဂိတ်တံခါးထဲ လှမ်းဝင်သွားသည်။ မြစ်ဝိညာဉ်ကို အကြည့်တစ်ချက်ဖြင့် ခြိမ်းခြောက်ပြီး ဂိုဏ်းအတွင်းပိုင်းနယ်မြေသို့ ရောက်လာသည်။

သက်တောင့်သက်သာဖြင့် ကောင်းကင်ဂိတ်တောင်ထိပ်သို့ တက်သွားသည်။ လေ့ကျင့်နေသည့်လုယန်ကို မြင်သည်။ နဂါးမြီးကိုပွေ့ဖက်၍ မြေပြင်ပေါ်လှဲအိပ်နေသည့် အောင်းလင်းကိုမြင်သည်။

ထိုလူ လက်တစ်ဘက်မြှောက်လိုက်သည်။ ကြောက်စရာဝိညာဉ်စွမ်းအားက သူ့လက်ဝါးတွင် စတင်စုစည်းလာသည်။

အောင်းလင်းက လူတစ်ယောက်အလစ်တိုက်ခိုက်ရန် ကြိုးစားနေသည်ကို အာရုံခံမိသဖြင့် ဖျတ်ခနဲ မျက်လုံးပွင်လာသည်။ နဂါးမြီးကိုတစ်ချက်ခါ၍ ထရပ်ပြီး ကျူးကျော်သူထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အောင်းလင်း၏လက်ဝါးရွေ့လျားမှုက ပိုမြန်ဆန်သည်။ အရင်ထိသည်။ လက်ဝါးနှစ်ဘက်ဆုံတွေ့မှုကြောင့် ကျူးကျော်သူ၏ခေါင်းဆောင်းဝတ်ရုံ လွင့်တက်သွားသည်။ လုယန်အတော်ရင်းနှီးသည့် လှပသည့်မျက်နှာတစ်ခု ပေါ်လာသည်။

"အမလျန်ယိ"

"ကျန်းလျန်ယိ၊ နင်ဆိုတာ ငါသိသားပဲ။ တစ်ခြားဘယ်သူမှ ငါ့ကိုဒီလိုအလစ်တိုက်ခိုက်ဖို့ ကြိုးစားမှာမဟုတ်ဘူးလေ"

အောင်းလင်းက ရယ်မောနေသည်။

ကျန်းလျန်ယိက အောင်းလင်းကို မမြင်ချင်ယောင်ဆောင်၍ လုယန်ကိုဦးညွှတ်သည်။ ယခုချိန် အောင်းလင်း တာအိုလမ်းစဉ်ဂိုဏ်းတွင်ရှိနေမည်ကို သူခန့်မှန်းထားပြီးဖြစ်သည်။

"အကိုလုယန်ကို ဂါရဝပြုပါတယ်"

ထို့နောက် အောင်းလင်းကို မပွင့်တပွင့်ပြုံး၍ သူလှည့်ကြည့်သည်။

"ညီမရှောင်လင်း၊ ကိုယ့်အမကို ဒီလိုနာမည်တပ်ပြီးခေါ်ရဲတယ်ပေါ့။ ဒါမယဉ်ကျေးဘူးလေ"

အောင်းလင်းက အရေးမစိုက်။

"အမည်မခံတဲ့တပည့်ချင်းပဲလေ။ အကြီးအငယ်ခွဲနေစရာမှမလိုတာ"

"အကိုလုယန်၊ ဆုံးဖြတ်ပေးပါဦး။ အကို့ကို အကိုကြီးအဖြစ် ကျွန်မအရင်အသိအမှတ်ပြုခဲ့တာပါ။ ကျွန်မက ရှောင်လင်းထက် ဝါစဉ်ပိုကြီးသင့်တယ်မဟုတ်လား"

"အကိုလုယန်၊ ပြောပါဦး။ ကျွန်မရော လျန်ယိရော မသေမျိုးအမရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းမမီဘူး။ ဒီတော့ အကို့ကို အကိုကြီးလို့ခေါ်တာဟာ ကျွန်မတို့ဘက်ကဘောင်ကျော်တာပါ။

ဒီတော့ ကျွန်မတို့နှစ်ယောက်မှာ ဘယ်သူအကြီးဘယ်သူအငယ်ဆိုတာ မခွဲသင့်ဘူးမဟုတ်လား"

လုယန် ခေါင်းကိုက်လာသည်။

...အမအောင်းလင်း...အဲလိုမပြောပါနဲ့။ ကျုပ်ကြက်သီးထလွန်းလို့ပါ...

အမယွမ်ကို ယခုချက်ချင်းပြန်လာစေချင်မိသည်။

သို့သော် ယွမ်ကျိက နဂါးပုံလက်ကောက်ကို ပြုပြင်ဖို့ထွက်သွားသည်။ တော်တော်နှင့်ပြန်လာမည်မဟုတ်။

အမယွမ်မရှိသော်လည်း ဤကိစ္စဖြန်ဖြေပေးမည့် ထာဝရနတ်မယ်ရှိနေသေး၍သာ တော်တော့သည်။

နတ်မယ်က သိစိတ်နယ်မြေမှ ပျံထွက်လာသည်။

"ရှေးဟောင်းခေတ်ကတည်းက စွမ်းအားကြီးတဲ့လူကို ရိုသေလေးစားခဲ့ကြတာပဲလေ။ နင်တို့နှစ်ယောက် လက်ရည်စမ်းကြည့်ပါလား။ နိုင်တဲ့လူက အမကြီးနေရာကိုယူပေါ့"

လုယန် နားထောင်ရင်း ကြောက်ချွေးပြန်လာသည်။

...နတ်မယ်၊ ခင်ဗျားလည်း ဝင်မစွက်ပါနဲ့တော့လား...

"ကျုပ်တို့ထာဝရမျိုးဆက်က သဟဇာတဖြစ်တာကို အားလုံးထက်ပိုတန်ဖိုးထားပါတယ်။ တိုက်ခိုက်လောက်ဖို့အထိ မလိုပါဘူး"

လုယန် အမြန်ဝင်၍ အကြံပေးသည်။ ထိုဘိုးဘေးနှစ်ယောက် တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် တိုက်ခိုက်လျှင် ပင်လယ်တာအိုသခင်ပင် တားနိုင်မည်မဟုတ်။

တိုက်ပွဲနောက်ဆက်တွဲအပျက်အစီးကို ထည့်မပြောသေး။

တာအိုလမ်းစဉ်ဂိုဏ်း၏အကိုကြီးဖြစ်၍ လုယန်ကို နဂါးနှင့်ဖီးနစ်ဘိုးဘေးမျက်လုံးထဲတွင် အတော်လေးစားမှုထားသည်။ မတိုက်ခိုက်ကြတော့။

ကျန်းလျန်ယိက နောက်ထပ်ဝှက်ဖဲတစ်ခု ထုတ်သုံးသည်။ အောင်းလင်းလည်း တာအိုလမ်းစဉ်ဂိုဏ်း၏ ဧည့်သည်အကြီးအကဲဖြစ်ပြီးလောက်ပြီဟု သူယူဆထားသည်။

"ဧည့်သည်အကြီးအကဲအောင်း၊ ငါကနင့်ထက်အရင် အကြီးအကဲဖြစ်တာဆိုတော့ ဂိုဏ်းထုံးစံအရငါ့ကို ဂိုဏ်းတူအမလို့ ခေါ်သင့်တယ်"

အောင်းလင်းကလည်း ထိုစကားမျိုးပြောလာမည်ကို ကြိုတွက်ထားပြီးဖြစ်၍ နှာခေါင်းတစ်ချက်ရှုံ့သည်။

"နင်မသိဘူးထင်တယ်။ ငါက ကျိုးဆောင်မှတ်နဲ့လဲပြီး ယာယီဂိုဏ်းချုပ်လုပ်လို့ရတယ်လေ။ အကြီးအကဲကျန်းတောင် ယာယီဂိုဏ်းချုပ်စကားကို နားထောင်ရမှာ"

ကျန်းလျန်ယိ အရှိုက်ထိသွားသည်။ ကျိုးဆောင်မှတ်ဖြင့် ဂိုဏ်းချုပ်ရာထူးလဲနိုင်သည့်အကြောင်း သူမသိခဲ့။ အရေးမစိုက်မိခဲ့။

"မသေမျိုးအမ၊ ကျိုးဆောင်မှတ်တွေကို ကျွန်မဘယ်လိုနည်းနဲ့ရနိုင်မလဲ"

ဤကိစ္စတွင် သူ့ထက်ပိုသိထားသူကို ကျန်းလျန်ယိကမေးသည်။

"ကျိုးဆောင်မှတ်ဆိုမှတော့ နာမည်အတိုင်းပဲလေ။ ဂိုဏ်းအတွက်အကျိုး‌ဆောင်ရင် ရမှာပေါ့။ မကောင်းတာတွေအများကြီးလုပ်ထားတဲ့ စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ငါဖမ်းခဲ့တုန်းက ယာယီဂိုဏ်းချုပ်ရာထူး သုံးရက်ထမ်းဆောင်ရတယ်"

ကျန်းလျန်ယိမျက်လုံးများ အရောင်လက်လာသည်။ ထိုကိစ္စက ထင်သလောက်ခက်မည်မဟုတ်။

"ငါပြန်ရောက်ရင် အရှင်ကျူးထန်ကို မကောင်းတဲ့စုစည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်လောက်ဖမ်းခိုင်းပြီး အကိုလုယန်ကို လက်ဆောင်ပေးမယ်"

အောင်းလင်း ‌အေးစက်စက်နှာခေါင်းရှုံ့သည်။

"ငါလည်းအရှေ့ပင်လယ်ကိုသွားပြီး နဂါးမျိုးနွယ်ကို ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူနှစ်ယောက်လောက် ဖမ်းခိုင်းပြီး အကိုလုယန်ကို လက်ဆောင်ပေးမယ်"

"ငါက ကျူးထန်ကို စုစည်းခြင်းအဆင့်ဆယ်ယောက်ဖမ်းခိုင်းလို့ရတယ်"

"ငါလည်း ဆယ်ယောက်ဖမ်းနိုင်ပါတယ်"

"ငါက ရှေးဟောင်းခေတ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ဖမ်းနိုင်တယ်"

"ငါလည်းဖမ်းနိုင်တာပဲ။ နှစ်ယောက်တောင်ဖမ်းနိုင်တယ်"

"ငါက နတ်ဆိုးနယ်မြေကို အကိုလုအတွက် ကျူးထန်ကို လက်ဆောင်ပေးခိုင်းလို့ရတယ်"

"ငါလည်း အရှေ့ပင်လယ်ကိုသိမ်းပိုက်ပြီး အကိုလုကိုလက်ဆောင်ပေးနိုင်တာပဲ"

လုယန် နားထောင်ရင်း မင်သက်မိနေသည်။ ဘာကြောင့် ပြောနေသည့်စကားများက သူ့ကိုနတ်ဆိုးနယ်မြေနှင့်အရှေ့ပင်လယ်အဖြစ် အပ်နှင်းသည့်အခြေအနေ ရောက်လာသည်မသိတော့။

******************************************

All Chapters