← Chapters

တိုက်ခိုက်ခြင်း

Vol. 54 Ch. 803

တိုက်ခိုက်ခြင်း

Vol. 54 Ch. 803

"သွားတိုက်တော့ တ-ခေါင်းဆောင်"

ဗျူဟာကျွမ်းကျင်သည့် လုယန်၏ ပရိယာယ်အောက်တွင် နတ်မယ်၏ဉာဏ်ရည်က မိုးထိထိုးတက်သွားသည်။ တိုက်ပွဲမစမီ အခြေအနေအကဲစမ်းဖို့ လူတစ်ယောက်လွှတ်ရန်လိုကြောင်း သူသိသည်။

"ရှောင်လင်း၊ လျန်ယိ၊ နင်တို့နှစ်ယောက် ရှောင်ယွမ်ရဲ့တိုက်ခိုက်နည်းတွေကို သေချာကြည့်ထားကြ"

ထာဝရအရှင် ငြင်းဆန်ချင်သည်။ သို့သော် ထာဝရအရိယဖလ၏ထိန်းချုပ်မှုအောက် ရောက်နေသူအဖို့ ငြင်းဆန်နေလည်း အကျိုးထူးမည်မဟုတ်။

မည်သို့ဆိုစေ တိုက်ပွဲထဲ ဝင်ပါရမည်သာဖြစ်သည်။

နတ်မယ်စစ်သည်စုပြီး တိုက်ခိုက်ရန်ပြင်နေသည်ကိုကြည့်၍ ကန်ရေလိုတည်ငြိမ်နေသည့် ယွမ်ကျိမျက်လုံးတွင် လှိုင်းများလှုပ်ရှားလာသည်။

နတ်မယ်၏ထိန်းချုပ်မှုကြောင့် အရဲတင်းဆုံးဖြစ်နေသည့် တ-ခေါင်းဆောင်က စတင်တိုက်ခိုက်သည်။

"မဟာလွတ်လပ်ခြင်းလက်ဝါး"

တည်ကြည်ပြတ်သားသည့်အကြည့်ဖြင့် ထာဝရအရှင် လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။ အလင်းရောင်များ လျှပ်စီးကဲ့သို့ ထိုးထွက်သွားသည်။

ထိုအလင်းဖြတ်သွားသည့်နေရာတိုင်း လေဟာနယ်တစ်စစီဖြစ်သွားသည်။ တကယ်လေးစားလောက်သည့် စွမ်းအားဖြစ်သည်။

ယွမ်ကျိက လက်ဝါးတစ်ချက် တန်ပြန်တွန်းထုတ်လိုက်သည်။ ဘေးကြည့်သူတို့အတွက် ဘာတိုက်ခိုက်စွမ်းအား ဘာထူးခြားချက်မှ ရှိသည်မထင်ရ။

တ-ခေါင်းဆောင်သာလျှင် ထိုလက်ဝါးချက်၏ ကြောက်စရာစွမ်းအားကို ခံစားနိုင်သည်။

ယွမ်ကျိ၏လက်ဝါးချက်မထိမီမှာပင် ထာဝရအရှင်၏ မြှောက်ထားသည့်ညာလက်မှစ၍ တစ်ကိုယ်လုံးကြေမွအက်ကွဲလာသည်။

"ပြန်စုစည်းမယ်"

တ-ခေါင်းဆောင် အော်ဟစ်ကြုံးဝါးလိုက်သည်။ ကြေမွသွားသည့်သူ့ဝိညာဉ်က အံ့ဖွယ်ကောင်းလောက်အောင် ပြန်လည်စုစည်းလသည်။

ယွမ်ကျိက တ-ခေါင်းဆောင်လည်ပင်းကို ဖမ်းချုပ်လိုက်သည်။ လည်ပင်းမှစ၍ အေးခဲလာပြီး တစ်ကိုယ်လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားသည်။

တ-ခေါင်းဆောင် တုံ့ပြန်ချိန်ပင်မရလိုက်။ ရေခဲရုပ်ထုအဖြစ်ပြောင်းသွားသည်။

ယွမ်ကျိက ‌ရေခဲရုပ်ထုကို ဘေးသို့လွှင့်ပစ်ပြီးနောက် တည်ငြိမ်စွာပြောသည်။

"နောက်တစ်ယောက်"

အကြပ်အတည်းအခြေအနေကြုံရသော်လည်း ထာဝရနတ်မယ် တည်ငြိမ်နေဆဲဖြစ်သည်။ လက်ကိုဝှေ့ယမ်းလျက် သူ့အဖွဲ့သားများကို အမိန့်ပေးသည်။

"အားလုံး အတူတိုက်ခိုက်ကြ"

အမိန့်ရသည်နှင့် နတ်မယ်၏ စစ်သူကြီးနှစ်ယောက်ဖြစ်သည့် အောင်းလင်းနှင့်ကျန်းလျန်ယိက ရှေ့မှဦးဆောင်ပြေးတက်သွားသည်။

နတ်မယ်ကလည်း ခေါင်းဆောင်အင်ပါယာစိတ်အပြည့်ဖြင့် အရှိန်ကုန်ပြေးတက်သည်။ အောင်းလင်းနှင့်လျန်ယိကိုပင် ကျော်တက်သွားသည်။

"မသေမျိုးလက်သီးစွမ်းအား"

လုယန် နောက်ဘက်မှ စောင့်ကြည့်နေသည်။ နတ်မယ်နှင့်သူ့စစ်သည်တော်နှစ်ယောက် အပြင်းအထန်တိုက်ခိုက်သည်။ တိုက်ခိုက်ပညာမျိုးစုံသုံးသည်။

မကြာခဏ မသေမျိုးအဆင့်မှော်ပညာများ ထုတ်သုံးသည်။ ယွမ်ကျိက ဘေးပတ်လည်မှ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးသည်။ အတော်ကြည့်ကောင်းသည့် မြင်ကွင်းဖြစ်သည်။

လေထုက သေခြင်းရနံ့တို့ဖြင့် လွှမ်းခြုံနေသည်။ နတ်မယ်နှင့် သူ့အဖော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။ မလှုပ်မယှက်သေသွားသည်။

ယွမ်ကျိက ခံစားချက်ကင်းမဲ့သည့်အပြည့်ဖြင့် လုယန်ဆီ လျှောက်လာသည်။ လုယန် ရင်ထိတ်သွားသည်။

"အမယွမ်၊ ကျုပ်သူတို့ဘက်ကမဟုတ်ပါဘူး"

သူ့ရပ်တည်မှုကို ချက်ချင်းကြေညာသည်။ ပဲဝါနိုင်ငံ၏ သစ္စာဖောက်အဖြစ်ကို ခံယူသည်။ အမယွမ်ကျိကိုသာ သစ္စာခံသည်။

"ငါသိပါတယ်"

ယွမ်ကျိလေသံက အတက်အကျမရှိ။

"နတ်မယ်တို့အဖွဲ့ တစ်ကြိမ်သေချင်သေသွားလိမ့်မယ်။ မင်းကိုအဖော်ပြုဖို့ သူတို့ကိုငါထားခဲ့မယ်။ ငါစောင့်မနေတော့ဘူး"

"ဪ"

ခဏအကြာတွင် အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်။ နတ်မယ်နှင့်သူ့အဖော်များ အသက်ပြန်ဝက်လာသည်။ သက်ရှိလောကသို့ ပြန်ရောက်လာသည်။

"သေဟန်ဆောင်ပညာသုံးဖို့ ငါကြိုတင်ပြင်ဆင်ထားခဲ့လို့ တော်သေးတယ်"

တာအိုနှလုံးမပျက်စီးအောင် ရှောင်နိုင်ခဲ့သဖြင့် အားလုံးစိတ်သက်သာရာရကြသည်။

လုယန်စိတ်တွင် ထိုသုံးယောက်သည် တာအိုနှလုံးပျက်စီးသွားလျှင်ပင် ကိစ္စမရှိလောက်ဟု တွေးနေသည်။

"ဒုခေါင်းဆောင်၊ နင်ဘယ်လိုလဲ။ ဒဏ်ရာရသွားသေးလား"

"အာ..ကျုပ် အမယွမ်နဲ့ မတိုက်ခဲ့ဘူး"

သူ့ရပ်တည်မှုကို အတည်ပြုဖို့လိုသည်။ နတ်မယ်စိတ်ရူးပေါက်သည့်ကိစ္စများကို သူဆက်လုပ်ဖို့မလို။

"ဒါဆို ယွမ်ကျိကနင့်ကို ရိုက်ခဲ့တာလား"

"မရိုက်ပါဘူး"

ယွမ်ကျိသာလှုပ်ရှားလျှင် ယခုချိန် နတ်မယ်တို့သုံးယောက်နှင့်အတူ သူလဲလျောင်းနေရလိမ့်မည်။

နတ်မယ်က လက်ခုပ်တီးသည်။

"ဒါဆို နင်လည်း တိုက်ပွဲကို သရေဖြစ်အောင်လုပ်နိုင်ခဲ့တာပဲ။ ငါတို့အဖွဲ့သားအားလုံး ရှောင်ယွမ်နဲ့ သရေကျအောင်တိုက်ခိုက်နိုင်မယ်လို့ ထင်မထားခဲ့ဘူး။ အားတင်းပြီး ရှေ့ကိုဆက်ချီတက်ကြစို့"

လုယန် "..."

...ခင်ဗျားရဲ့ သရေဆိုတဲ့အယူအဆက နည်းနည်းချဲ့ကားလွန်းရာမကျဘူးလား နတ်မယ်...

ထို့နောက် လုယန်က ရေခဲရုပ်ဖြစ်နေသည့် ထာဝရအရှင်ကို လက်ညှိုးထိုးပြသည်။

"အားလုံးသရေမဟုတ်ဘူးလေ။ တ-ခေါင်းဆောင်က ရှုံးသွားတယ်"

နတ်မယ် လက်ခါပြသည်။

"ကိစ္စမရှိဘူး။ သူ့ကို ထာဝရမျိုးဆက်ထဲက ကန်ထုတ်လိုက်ရုံပဲပေါ့။ သူမတိုက်ခိုက်ခဲ့ဘူးလို့ သဘောထားလိုက်မယ်။

အခု ငါစဉ်းစားနေတာ။ ဒီတိုက်ပွဲပြင်ဆင်တာ အလျင်စလိုနိုင်လွန်းသွားတယ်။ နောက်တစ်ခါ သေချာကြိုပြီးပြင်ဆင်သင့်တယ်"

နတ်မယ် ပြန်သုံးသပ်သည်။ အမှားတစ်ခုကို နှစ်ကြိမ်ထပ်မလုပ်ဖို့ သူဆုံးဖြတ်လိုက်သည်။

လုယန်စိတ်ထဲတွင် ကိုယ့်သင်္ချိုင်းဂူနေရာကို ကြိုတင်ပြင်ဆင်ထားလျှင်ကောင်းမလားဟု တွေးနေသည်။ သူ့ဂူသင်္ချိုင်းကမ္ဗည်းစာတန်းက

"ကောင်းကင်ရုံးတော်၏ အဖွဲ့တွင်းပဋိပက္ခကြားတွင် သေဆုံးခဲ့သည့် ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေး"ဟု ဖြစ်ပေလိမ့်မည်။

"ဪ..ဟုတ်ပြီ၊ ဒီပွဲမှာ ဆေးဘုရင်လေးတွေကို ငါတို့မခေါ်ခဲ့မိဘူး"

ဆေးဘုရင်လေးများ၏ တိုက်ခိုက်စွမ်းအားကို အထင်သေး၍မရ။

"သွားစို့၊ ဆေးစိုက်ခင်းကိုသွားကြမယ်"

နတ်မယ်က လုယန်ကို တိုက်တွန်းသည်။

"တ-ခေါင်းဆောင်ကို ဘယ်လိုလုပ်မလဲ"

"ထားလိုက်စမ်းပါ။ ရေခဲက သူ့ဘာသာအရည်ပျော်သွားပါလိမ့်မယ်"

လုယန် ညီမနှစ်ယောက်ကိုခေါ်၍ ဆေးစိုက်ခင်းသို့သွားသည်။

ဆေးစိုက်ခင်းဂိတ်တံခါးတွင် လောင်ပါးလှဲအိပ်နေသည်။ လက်ခံထားသည့်သူတပည့်သစ် ကျောက်ရှင်းအာကို ဘယ်လိုသင်ပြရမလဲဟု စဉ်းစားနေသည်။

သူတပည့်လက်မခံခဲ့သည်မှာ ကြာပြီဖြစ်၍ ဘယ်လိုသင်ရမည်ကို မေ့နေသည်။

"အရင်က လုယန်ကို တူမယွမ်က ဘယ်လိုစသင်ခဲ့တာပါလိမ့်။ ရေစည်ကြီးတစ်လုံးနဲ့ စသင်ခဲ့တာကိုတော့ ငါမှတ်မိတယ်"

ဆေးစိုက်ခင်းဂိတ်တံခါးသို့ လုယန်ရောက်လာသည်။ သူသိပ်မမှတ်မိတော့သည့် အတိတ်အဖြစ်အပျက်များကို လောင်းပါးရေရွတ်နေသံကြားသည်။

"ဪ..လောင်လု..."

လောင်ပါးမျက်လုံးဖွင့်ကြည့်သည်။ လုယန်နောက်တွင်ရပ်နေသည့် အောင်းလင်းနှင့် ကျန်းလျန်ယိကိုမြင်ချိန်တွင် သူအကြီးအကျယ်ထိတ်လန့်သွားပြီး ပက်လက်ကုလားထိုင်ပေါ်မှ ပြုတ်ကျသွားသည်။

နဂါးနဲ့ဖီးနစ်ဘိုးဘေးက ဘာလို့ရောက်လာသည်မသိ။

"အကြီးအကဲလျန်ယိကိုတော့ လောင်ပါးတွေ့ဖူးပြီးသားမို့ မိတ်မဆက်တော့ပါဘူး။ ဒါကတော့ အကြီးအကဲအောင်းလင်းပါ။ သူလည်း ကောင်းကင်ရုံး‌တော်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပါပဲ"

လုယန်ကပြောသည်။

အရှေ့ပင်လယ်မှသတင်းကို လောင်ပါးပြန်သတိရလာသည်။ သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။

လုယန်တွင် ဘယ်လိုဆွဲအားမျိုးပိုင်ဆိုင်သည်မသိတော့။ ပထမဆုံး ဖီးနစ်ဘိုးဘေးကို ကောင်းကင်ရုံးတော်ဂိုဏ်းထဲသို့ သိမ်းသွင်းသည်။ ထို့နောက်ယခု နဂါးမျိုးနွယ် ပေါ်လာသည်။

"ကျုပ်တို့သုံးယောက် ဆေးစိုက်ခင်းထဲ လမ်းလျှောက်ချင်လို့ပါ။ အဆင်ပြေမလား"

မသေမျိုးတစ်ဝက်နှစ်ယောက်၏နောက်ခံရှိသဖြင့် လုယန် အရင်ကထက် ပိုယုံကြည်မှုရှိလာသည်။

"ဆေးမြစ်ခူးမလို့လား"

"မဟုတ်ပါဘူး။ ဆေးဘုရင်လေးတွေနဲ့ စကားသွားပြောမလို့ပါ"

"ဒါဆိုလည်း သွားလေ"

မသေမျိုးမြက်ပင်ကို ဆေးစိုက်ခင်း၏ ဝိညာဉ်စွမ်းအင်အကောင်းဆုံးနေရာတွင် စိုက်ပျိုးထားခြင်းဖြစ်သည်။

(အရှေ့ပင်လယ် ဖန်ရှန်းကျွန်းမှရလာသည် 'ငှက်မသေမျိုးမြက်ပင်'ဖြစ်သည်။ လုယန်က ထောင်ယော်ယဲ့ကို ထိန်းသိမ်းခိုင်းခဲ့သည်။

ငှက်မသေမျိုးမြက်/ငှက်မသေမျိုးဆေးပင် ဖြစ်ပါသည်။ အဆင့်တက်မသေမျိုးမြက်ဟုလည်း ခေါ်သည်။ သူ့အရွက်တစ်ရွက်စားလျှင် ကျင့်စဉ်နှစ်တစ်ရာစာတိုးသည်ဟု ဆိုခဲ့ပါသည်)

"ငါပြောမယ်၊ မင်းတို့ကအရင်ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ထင်မနေနဲ့။ ငါတို့ဆေးဘုရင်တွေဆိုတာ သက်တမ်းနဲ့ဆုံးဖြတ်တာကွ...သက်တမ်းနဲ့"

မသေမျိုးမြက်ပင်က ဂျင်ဆင်းငယ်များကို အထက်စီးလေသံဖြင့်ပြောသည်။

ဂျင်ဆင်းဘုရင်တို့အုပ်စုသည် ရှေးဟောင်းခေတ်နောက်ပိုင်းမှ မွေးဖွားလာသူများဖြစ်၍ မသေမျိုးဆေးပင်ထက် သက်တမ်းပိုနုသည်။

သို့သော် ထိုခွဲခြားမှုစနစ်ကို ဂျင်ဆင်းဘုရင်တို့အုပ်စုကလည်း လက်မခံနိုင်။ သူတို့သက်ရွက်များအမြစ်များကို လှုပ်ခါ၍ လှောင်ပြုံးပြုံးနေသည်။

"တိုက်ကြဟေ့၊ ငါတို့အစွမ်းကို ပြလိုက်ရအောင်"

ဆေးဘုရင်လေးများ အစုလိုက်ပြေးဝင်လာသည်။ မသေမျိုးဆေးပင်ကို အရွက်ဖြင့်ရိုက်သည်။ အမြစ်ဖြင့်ခတ်သည်။ မသေမျိုးဆေးပင် နာကျင်စွာညည်းညူအော်ဟစ်နေသည်။

လုယန်တို့လူစု ဆေးစိုက်ခင်းထဲဝင်လာချိန်တွင် ထိုမြင်ကွင်းကိုမြင်ကြရသည်။

လုယန်စိတ်ထဲတွင် ဝင်ဖြန်ဖြေရမလား၊ ဆေးဘုရင်လေးများ ပညာပြပြီးသည်အထိ စောင့်ကြည့်ရမလား မဝေခွဲနိုင်ဖြစ်နေသည်။

သို့သော် မကြာမီ အဆင်ပြေသွားသည်။ ဉာဏ်အလင်းသစ်ပင်ဘုရင်က လုယန်တို့ကို မြင်သွားသဖြင့် ဆေးဘုရင်များနှင့် မသေမျိုးဆေးပင်တို့ လူစုခွဲလိုက်သည်။

"ရောက်လာပြီလား လူသားကောင်လေး"

ဆေးဘုရင်များက လုယန်ကို နှုတ်ဆက်သည်။

"ဘာလူသားကောင်လေးလဲ။ သူက ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ပါ။ နင်တို့ဆေးဘုရင်လေးတွေ လေးစားမှုနည်းနည်းထားကြစမ်းပါ"

နတ်မယ်က လုယန်ကိုယ်ထဲမှထွက်လာပြီး သူ့ဩဇာကို ထုတ်ပြသည်။

"ခင်ဗျား...ခင်ဗျားကဘယ်သူလဲ"

ထာဝရနတ်မယ်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ မသေမျိုးဆေးပင်များ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဟား...ငါမသေမျိုးက ရှေးဟောင်းမသေမျိုးငါးယောက်မှာ ပထမဆုံးဖြစ်တဲ့ ကောင်းကင်ရုံးတော်သခင် ထာဝရနတ်မယ်ပဲ"

"မသေမျိုးလား"

မသေမျိုးဆေးပင် မင်သက်မိသွားသည်။ လုယန်ကိုယ်ထဲတွင် မသေမျိုးတစ်ယောက်ရှိနေသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။

လုယန်ထိုမျှ တိုက်ခိုက်စွမ်းအားကောင်းသည်မှာ မဆန်းတော့။

"ဒီနေ့ ငါမသေမျိုး တော်ဝင်ကာကွယ်သူနှစ်ယောက်နဲ့ အတူရောက်လာတာ နင်တို့ကို သတင်းကောင်းတစ်ခု ပြောမလို့ပဲ"

"ဘာသတင်းကောင်းလဲ။ ဘာသတင်းကောင်းလဲ"

သုံးလက်မအရှည်ရှိသည့် ဆေးဘုရင်လေးများ စိတ်လှုပ်ရှားစွာဖြင့် လုယန်ဘေးပတ်လည်တွင် ခုန်ပေါက်နေကြသည်။ နတ်မယ်စကားကို နားစွင့်နေကြသည်။

"ခုနကပဲ ငါတို့လေးယောက် ရှောင်ယွမ်နဲ့ တိုက်ခိုက်ခဲ့တယ်။ သရေပွဲနဲ့အဆုံးသတ်ခဲ့တယ်"

နတ်မယ်က ပြောသည်။

"သရေလား။ တကယ်အံ့ဩစရာကောင်းတာပဲ"

ဆေးဘုရင်လေးများက နတ်မယ်ကို လေးစားအားကျရိပ်အပြည့်ဖြင့် ကြည့်နေကြသည်။

"နောက်တစ်ကြိမ်တိုက်ခိုက်တဲ့အခါ နင်တို့ကိုခေါ်သွားရင် တိုက်ပွဲရလာဒ်ကိုပြောင်းလဲနိုင်လိမ့်မယ်လို့ ငါယူတယ်။ နင်တို့တိုက်ပွဲဝင်ချင်လား"

"ဝင်ချင်ပါတယ်...ဝင်ချင်ပါတယ်"

‌ဆေးဘုရင်လေးများ ပြိုင်တူအော်ဟစ်ကြသည်။

နတ်မယ် ခေါင်းငြိမ့်သည်။ ဆေးဘုရင်လေးများ၏ တုံ့ပြန်မှုကို ကျေနပ်သွားသည်။ ထိုစိတ်အားတက်ကြွမှုတစ်ခုတည်းကပင် တ-ခေါင်းဆောင်ထက် သာလွန်သည်။

*************************************

All Chapters