လူငယ်လမ်းစဉ်လိုက်မည်
Vol. 54 Ch. 810
"ဘိုးဘေးမှာ ပြစ်မှုတစ်ခုခုဝန်ခံစရာရှိလို့လား"
ဘိုးဘေးရှန်ထန်စကားကို လုယန်လုံးဝနားမလည်။ အတော်ဂဏာမငြိမ်ဖြစ်နေသည်ကိုတော့ သူရိပ်မိသည်။
သူမသိသည့် ပြစ်မှုတစ်ခုခုများ ဘိုးဘေးကျူးလွန်ထားသလားမသိ။
တာအိုရှင်ရှန်ထန် အသဲအသန်စဉ်းစားသည်။ သူသည် မဟာယုခေတ်ကတည်းက ရိုးရိုးသားသားနေထိုင်ခဲ့သူဖြစ်သည်။
ကျင့်စဉ်ပြန်စပြီးနောက်တွင် ပို၍ပင်အပြစ်ကင်းအောင်နေသည်။ ဘာအမှားမှလုပ်မထား။
တွေးတွေးဆဆဖြင့် သူပြောသည်။
"အဲ...တာအိုလမ်းစဉ်ဂိုဏ်းကိုတည်ထောင်ခဲ့တာကရော..."
မုန်ကျင်းကျိုးမျက်လုံးပြူးသွားပြီး ရှန်ထန်ဆီ အမြန်လျှောက်၍ ပါးစပ်ကိုပိတ်လိုက်သည်။
"အဲလိုကိစ္စတွေကို လက်လွတ်စပယ်မပြောရဘူးလေ"
ဝမ်မြောင်သည် ကျင်းနွီမြို့အပိုင်နယ်ထဲတွင်ရှိသည်။ ထို့ကြောင့် မြွေနတ်ဆိုးမိသားစုမိသားစုနှင့် အလှအပ၌ယစ်မူးခဲ့ကြသည့် ရွာသားများကို ကျင်းနွီမြို့တော်ရုံးသို့ခေါ်သွားသည်။
ကျင်းနွီအစိုးရရုံးတော်သို့ရောက်ချိန်တွင် လုယန်က သူတို့ဂိုဏ်းတံဆိပ်ထုတ်ပြသည်။ မြို့တော်သခင် တစ်ခြားအလုပ်များကိုပစ်ထားပြီး ကိုယ်တိုင်လာတွေ့သည်။
"ဝိညာဉ်ပြောင်းအခြေခံအဆင့် နတ်ဆိုးနှစ်ယောက်နဲ့ ရွှေသန္ဓေအစောပိုင်းအဆင့် နတ်ဆိုးနှစ်ယောက်လား"
လုယန်၏စွမ်းဆောင်ရည်ကြောင် မြို့တော်သခင် အံ့အားသင့်သွားသည်။ ကျင်းနွီမြို့တော်တွင် ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ကျင့်ကြံသူတစ်ယောက်သာရှိသည်။
သူမြို့တော်သခင်သက်တမ်း ဆယ်နှစ်ကျော်အတွင်း ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်နှင့် ပတ်သက်သည့်အမှုမျိုး ဤတစ်ကြိမ်သာကြုံဖူးသည်။
ဤတာအိုလမ်းစဉ်ဂိုဏ်းတပည့်က ရောက်ရောက်ချင်း ဝိညာဉ်ပြောင်းနှစ်ယောက်ကို ဖမ်းခေါ်လာသည်။
"အပြစ်မရှိတဲ့ နတ်ဆိုးတစ်ယောက်ကို မင်းတို့မစွပ်စွဲနဲ့။ ငါဘယ်သူ့ကိုမှ လာဘ်မထိုးဘူးကွ"
မြွေနတ်ဆိုးယောက်ျားက အော်ဟစ်ငြင်းဆန်သည်။ လုယန်တိုက တမင်ချောက်ချခြင်းဖြစ်ကြောင်းပြောသည်။
ဝမ်မြောင်ရွာမှလူများက ယခု ဦးနှောက်မကြည်လင်သေးသဖြင့် ထွက်ဆိုချက်မပေးနိုင်။ မြွေနတ်ဆိုးမိသားစုအမှုကို ဆိုင်းငံ့ထားရသည်။
မြွေနတ်ဆိုးယောက်ျားအတွက် အခွင့်ကောင်းဖြစ်နေသည်။ မည်သို့ဆိုစေ လုယန်တို့သုံးယောက်၏ ထွက်ဆိုချက်က မြွေနတ်ဆိုးယောက်ျားပြောသည့်စကားနှင့် ဆန့်ကျင်နေသည်။
ထိုထွက်ဆိုချက်သည် ပြည့်စုံသည့် သက်သေကွင်းဆက်ကို မဖန်တီးနိုင်။ စွဲချက်တင်ဖို့မလုံလောက်။
မုန်ကျင်းကျိုးက မှတ်တမ်းဖန်လုံးတစ်ခု တည်ငြိမ်စွာထုတ်လိုက်သည်။ တာအိုရှင်ရှန်ထန် သူတို့ကိုဆင့်ခေါ်ချိန်မှစ၍ မြွေနတ်ဆိုးမိသားစုကိုဖမ်းသည့်အချိန်ထိ ဖြစ်စဉ်တစ်ခုလုံး မှတ်တမ်းတင်ထားသည်။ မြွေနတ်ဆိုးယောက်ျား ပါးစပ်ပိတ်သွားသည်။
သက်သေအခိုင်အမာရှိနေသဖြင့် ဆက်ငြင်းဆိုရန်ပြင်ထားသည့် ဝတ်ရုံဖြူမိန်းမလည်း ဘာမှမတတ်နိုင်တော့။
လုယန် ခန့်မှန်းထားသလိုပင် အစိုးရရုံးတော်က တာအိုရှင်ရှန်ထန်ကို သီးခြားခေါ်ထုတ်ပြီး နစ်နာသူထွက်ဆိုချက်ကို မှတ်တမ်းယူသည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့က မျက်မြင်သက်သေအဖြစ် ထွက်ဆိုသည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
မြို့တော်သခင်က သူတို့သုံးယောက်နှင့် လက်ဆွဲနှုတ်ဆက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်သည် စလှုပ်ရှားသည်နှင့် အံ့ဖွယ်စွမ်းရည်ကိုပြသခဲ့သည်။
ဝမ်မြောင်ရွာသားများပျောက်ဆုံးမှုကို ကူညီဖြေရှင်းခဲ့သလို ဝိညာဉ်ပြောင်းအခြေခံအဆင့် မြွေနတ်ဆိုးနှစ်ကောင်ကိုလည်း ဖမ်းဆီးခဲ့သည်။
ထူးခြားသည့်စွမ်းဆောင်ရည်ဟု သတ်မှတ်နိုင်သည်။
မြွေနတ်ဆိုးနှစ်ကောင်ကို မြို့တော်သခင်တစ်ယောက်တည်း မထိန်းချုပ်နိုင်သဖြင့် အနီးအနားမြို့တော်များမှ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူသုံးယောက်ကို ချက်ချင်းအကူအညီတောင်းသည်။
ပြီးမှ သူစိတ်အေးသွားသည်။
ထို့နောက် လုယန်တောင်းဆိုချက်အတိုင်း ကျင်းနွီမြို့တော်၏ရုံးတံဆိပ်ပါသည့် ဂုဏ်ထူးဆောင်လက်မှတ်တစ်ခု မြို့တော်သခင်က ပေးသည်။
တာအိုရှင်ရှန်ထန် တာဝန်ပြီးမြောက်ကြောင်း အတည်ပြုရမည့်သက်သေဖြစ်သည်။
ယခု သူတို့တာဝန်ပြီးဆုံးပြီဖြစ်၍ လုယန်တို့နှစ်ယောက် ဘိုးဘေးရှန်ထန်ကို ဂိုဏ်းသို့ပြန်ခေါ်သွားရန်ပြင်သည်။
သို့သော် ရှန်ထန်က ဤနေရာထိရောက်လာပြီးမှ ဒေသထွက်ပစ္စည်းတစ်ချို့ လက်ဆောင်ဝယ်သွားလျှင်ကောင်းမည်ဟုတွေးသည်။
တာအိုလမ်းစဉ်ဂုဏ်းတွင် ဘိုးဘေးထံမှလက်ဆောင်ကို လက်ခံရဲသူမရှိလောက်ပါဟု လုယန်ပြောလိုက်ချင်သည်။
သို့သော် ဘိုးဘေး၏ဆန္ဒကု သူမပယ်ရှားနိုင်သဖြင့် အဖော်ပြုပေးရသည်။
"ဒီရွှေနွားရုပ်လေးရော မကောင်းဘူးလား..."
လုယန်က ဆိုင်ထဲမှ ရွှေနွားရုပ်လေးကု လက်ညှိုးထိုး၍မေးသည်။ သို့သော် သူလှည့်ကြည့်ချိန်တွင် တာအိုရှင်ရှန်ထန်ကို မတွေ့ရတော့။
"သူဘယ်ရောက်သွားတာလဲ"
လုယန်နှင့်မုန်ကျင်းကျိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ အတူလျှောက်လာရင်းက ဘယ်လိုပျောက်သွားသည်မသိ။
"ဘိုးဘေးဆရာပျောက်သွားလို့တော့ လုံးဝမဖြစ်ဘူးနော်"
လုယန် စိုးရိမ်နေသည်။
မုန်ကျင်းကျိုးက ပျော်ပျော်နေတတ်သည့် အကောင်းမြင်ဝါဒီသမားဖြစ်သည်။
"အဲလိုတွေးလို့မရပါဘူး။ ဘိုးဘေးကိုရှာတွေ့ခဲ့တာလည်း ငါတို့ပဲလေ။ အခုငါတို့နဲ့အတူလာရင်း သူပြန်ပျောက်သွားပြီ။ ဒါဆိုကျေပြီပေါ့"
"...မင်းစိတ်ထဲ အဲလိုတကယ်တွေးနိုင်တယ်ပေါ့"
"မတွေးနိုင်ဘူး"
"ဒါဆို လေရှည်မနေနဲ့။ လိုက်ရှာရအောင်"
နာရီဝက်ကြာအောင် အသဲအသန်ရှာပြီးနောက် ခေါက်ဆွဲဆိုင်တစ်ခုတွင် ခေါက်ဆွဲစားနေသည့် တာအိုရှင်ရှန်ထန်ကိုတွေ့သည်။
"ဘိုးဘေးက ခေါက်ဆွဲစားဖို့ ဒီကိုလာတာလား"
လုယန် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချသည်။
ရှန်ထန်က နည်းနည်းရှက်နေဟန်ဖြင့် ခေါင်းကိုကုတ်လျက်
"ဘယ်လိုဖြစ်သွားလဲမသိဘူး။ ငါလမ်းလျှောက်နေရင်းနဲ့ မင်းတို့နှစ်ယောက်ကို မျက်ခြေပြတ်သွားတယ်"
ထို့နောက် ရှန်ထန်က ဘေးပတ်လည်ကိုတစ်ချက်ကြည့်ပြီး လုယန်တို့ကို ဝင်ထိုင်၍ခေါက်ဆွဲစားရန် အချက်ပြသည်။
ထို့နောက် သူပြောသည်။
"ခုနက ခြေညောင်းလို့ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဝင်ထိုင်တယ်။ လက်ဖက်ရည်သောက်နေတုန်းမှာ ငါ့ဘေးစားပွဲကလူတွေက နှလုံးမဲ့ဂိုဏ်းအကြောင်းပြောနေတာ ငါကြားလိုက်တယ်"
"နှလုံးမဲ့ဂိုဏ်း"
လုယန် မျက်ခုံးတစ်ချက်ခါသွားသည်။ သူ့ဘိုးဘေး၏ကံကြမ္မာက အတော်ထူးခြားသည်။ နှလုံးမဲ့ဂိုဏ်းအကြောင်း သူသတင်းလုံးဝမရခဲ့။
သို့သော် ဘိုးဘေးဆရာက လမ်းပျောက်၍လမ်းလျှောက်ရင်း သဲလွန်စတစ်ခုတွေ့သည်။
ရှန်ထန် ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ ငါ့ဘေးက ကျင့်ကြံသူတစ်ယောက်ပြောနေတာကြားတယ်။ ဒီအနီးအနားမှာ နှလုံးမဲ့ဂိုဏ်းရဲ့ အခြေစိုက်စခန်းတစ်ခုရှိတယ်တဲ့။
သူတို့က နောက်လိုက်တွေစုဆောင်းနေပုံရတယ်။ ငါ့ဘေးစားပွဲကကျင့်ကြံသူက အဲဒီဂိုဏ်းကိုဝင်ဖို့ စဉ်းစားနေတာ။
ငါမင်းတို့ကို အဲဒီ့အကြောင်းပြောမလို့ပဲ။ ဒါပေမယ့် မင်းတို့ကို ငါလိုက်မရှာနိုင်ဘူးလေ။ ဒါကြောင့် ငါတစ်ယောက်တည်း သူတို့နောက်ကို ခြေရာခံလိုက်ဖို့ တွေးထားတာ"
မနီးမဝေးမှ ဆိုင်တစ်ခုဆီ သူလက်ညှိုးထိုးပြသည်။
"သူတို့က ဟိုဆိုင်ထဲမှာ"
အပ်ချုပ်ဆိုင်တစ်ခုဖြစ်သည်။ ရိုးရှင်းသည့်အဝတ်အစားနှင့် ကျင့်ကြံသူနှစ်ယောက် ထွက်လာသည်။ နှလုံးမဲ့ဂိုဏ်းသို့ဝင်လိုသည့်လူများဖြစ်သည်။
"နောက်ကလိုက်ရအောင်"
ရှန်ထန် ခေါက်ဆွဲပန်းကန်ကို အမြန်လက်စသပ်သည်။ ဟင်းရည်ကိုလည်း သောက်သည်။ ပါးစပ်သုတ်ပြီးနောက် လုယန်တို့ကို သူနှင့်အတူလိုက်ခဲ့ဖို့ မျက်ရိပ်ပြသည်။
ထိုကျင့်ကြံသူနှစ်ယောက်က အခြေတည်အဆင့်သာရှိသည်။ လုယန်နှင့်မုန်ကျင်းကျိုးက ရှန်ထန်ကို ကူညီပေးနေသဖြင့် ထိုလူနှစ်ယောက်ရိပ်မိမည်ကို စိုးရိမ်စရာမလို။
"ဘိုးဘေးဆရာ၊ စခန်းရောက်သည်အထိ သူတို့နောက်ကို ဘိုးဘေးတစ်လမ်းလုံး ခြေရာခံလိုက်ဖို့မလိုပါဘူး။ ဒီလိုကိစ္စမျိုးတွေကို ကျုပ်နဲ့လောင်မုန် ဖြေရှင်းနိုင်ပါတယ်"
လုယန် အကြံပေးသည်။ နတ်ဆိုးဂိုဏ်းအခြေစိုက်စခန်းများကို ခြေရာခံသည့်နေရာတွင် သူနှင့်လောင်မုန်က အတော်အတွေ့အကြုံရှိသည်။
တာအိုရှင်ရှန်ထန်က ခေါင်းခါ၍ စိတ်အားထက်သန်စွာပြောသည်။
"မင်းတို့နှစ်ယောက် ထာဝရဂိုဏ်းကို သူလျှိုဝင်ခဲ့တဲ့အကြောင်း ငါကြားပြီးပြီ။ နှစ်လလောက်ခိုနေပြီး နောက်ဆုံးကျမှ ဌာနချုပ်တွေကို ဖျက်ဆီးပစ်တယ်။
သူတို့ဂိုဏ်းထိပ်သီးအားလုံးကို အပြတ်ရှင်းပစ်တယ်တဲ့။ မင်းတို့နှစ်ယောက်က ငါတို့ဂိုဏ်းရဲ့ ဂုဏ်ဆောင်တွေပါ"
အားလုံးကို အပြတ်မရှင်းခဲ့ကြောင်း၊ ထာဝရဂိုဏ်း၏ထိပ်သီးများသည် ယခုထိ တာအိုလမ်းစဉ်ဂိုဏ်းတွင် အသားကင်လုပ်ငန်းလုပ်နေကြောင်း လုယန် ပြောလိုက်ချင်သည်။
"ငါက တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထောင်ခဲ့ပေမယ့် ဂိုဏ်းအောင်မြင်ဖို့ သိပ်မစွမ်းဆောင်နိုင်ခဲ့ဘူး။ မင်းတို့က ငါ့ကိုအလေးထားဆက်ဆံတယ်။ ငါ့ကိုယ်ငါ မထိုက်တန်ဘူးလို့ ခံစားရတယ်။
မင်းတို့နှစ်ယောက်ကို အတုယူပြီး နှလုံးမဲ့ဂိုဏ်းကို သူလျှိုအဖြစ်ဝင်မယ်။ ပြီးရင် အားလုံးကိုအပြတ်ရှင်းမယ်"
သူတော်စင်များကို အတုယူသည်ဟုသာ လုယန်ကြားဖူးသည်။ လူငယ်မျိုးဆက်ကို အတုယူသည်ဟု တစ်ခါမှမကြားဖူး။
"အား..ဒါက အရမ်းအန္တရာယ်များတယ်နော်"
မုန်ကျင်းကျိုး စိုးရိမ်လာသည်။ သူတို့ဘိုးဘေးဆရာသည် တကယ်စိတ်ကူးရဲလွန်းသည်။ တစ်ခုခုအမှားအယွင်းဖြစ်လျှင် ဂိုဏ်းသို့ပြန်ရောက်သည်နှင့် သူတို့နှစ်ယောက်ရင်ဆိုင်ရမည်က အရိုက်ခံရရုံလောက်ဟုတ်မည်မထင်။
ရှန်ထန်က လက်ခါပြသည်။ ဆုံးဖြတ်ထားပြီးဟန်ရှိသည်။
"အန္တရာယ်မရှိရင် စွန့်စားတယ်လို့ ဘယ်ခေါ်နိုင်တော့မလဲ။ ငါဆုံးဖြတ်ထားပြီးပြီ။ ဖျောင်းဖျဖို့ မကြိုးစားကြနဲ့တော့"
လုယန် လက်ခံရုံသာရှိတော့သည်။ သူနှင့်လောင်မုန် ဘိုးဘေးကို လျှို့ဝှက်ကာကွယ်ပေးနေလျှင် ဘာအမှားအယွင်းမှမဖြစ်နိုင်လောက်ဟု တွေးနေသည်။
ဤနေရာမျိုးတွင် နှလုံးမဲ့ဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းထိပ်သီးများလည်း မရှိလောက်ပါ။
နှလုံးမဲ့ဂိုဏ်း၏ ဂိုဏ်းထိပ်သီးများ ရောက်လာလျှင်ပင် တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း အဆင့်မြင့်ကျင့်ကြံသူများ မရှိသည်မဟုတ်။
ထိုသို့တွေးကြည့်လျှင် ဘိုးဘေးဆရာအခြေအနေက အတော်ဘေးကင်းသလိုရှိသည်။
သူတို့သုံးယောက် မြို့တော်ခြောက်ခုကိုဖြတ်၍ ခြေရာခံလိုက်လာသည်။ နောက်ဆုံးတွင် နှလုံးမဲ့ဂိုဏ်း၏ လျှို့ဝှက်စခန်းသို့ ရောက်လာသည်။
**********************************