← Chapters

နေမင်းဂိုဏ်း၏အောင်မြင်မှုများ

Vol. 54 Ch. 805

နေမင်းဂိုဏ်း၏အောင်မြင်မှုများ

Vol. 54 Ch. 805

နတ်မယ်က အဆင့်တက်ခါစ လုယန်၏အပျော်များကို ဖျက်ဆီးလိုက်သည်။

ထိုအဖြစ်ကိုသတိထားမိသဖြင့် နတ်မယ်က အမြန်နှစ်သိမ့်ရသည်။

"ဒုခေါင်းဆောင်၊ နတ်ဝိညာဉ်နောက်ဆုံးအဆင့်ကို ရောက်တယ်ဆိုတာနဲ့တင် နင်တကယ်ထူးခြားနေပါပြီ။ စဉ်းစားကြည့်လေ။

နင်အပြင်မှာရန်သူတွေ့တိုင်း စုစည်းခြင်းအဆင့်တွေချည်းတော့မဟုတ်ပါဘူး"

လုယန် သူတွေ့ခဲ့သည့်ရန်သူများကို ပြန်တွေးကြည့်သည်။

အင်ပါယာဝူယွီထောင်။

လေဟာနယ်အရှင်။

အိပ်မက်ဆိုးအဓိပဓိ။

ပဲပြာအရှင်။

မှန်သည်။ တစ်ယောက်မှ စုစည်းခြင်းအဆင့်များမဟုတ်။

အတိတ်အောင်မြင်မှုများအကြောင်း သူပြန်စဉ်းစားနေချိန်တွင် သူ့ရင်ဘတ်ထဲမှ တံဆိပ်တစ်ခု ရုတ်တရက်ပူနွေးလာသည်။ သူထုတ်ကြည့်လိုက်သည်။

နေမင်းဂိုဏ်းက သူ့ကိုဆက်သွယ်လာခြင်းဖြစ်သည်။

တံဆိပ်ပေါ်မှစာအရ နေမင်းဂိုဏ်းသည် မကြာသေးမီက နေစွမ်းအင်လေ့လာမှုတွင် အောင်မြင်မှုတစ်ချို့ရခဲ့သည်။ ဂိုဏ်းသခင်လုကို လာရောက်လမ်းညွှန်မှုပေးစေလိုခြင်းဖြစ်သည်။

အရင်တွေ့နေကျနေရာဟောင်းဖြစ်သည် ယန်ကျင်းကောင်တီ အသားကင်ဆိုင်။ နောက်တစ်ခေါက် ပင်မအသားကင်ဆိုင်။

စာထဲတွင် ကောင်းကင်ရုံးတော်ဂိုဏ်းအတွက်ရမည့် အသားကင်ဆိုင်အမြတ်အစွန်းခွဲတမ်းပေးဖို့ကိစ္စလည်း ပြောထားသည်။

လက်ရှိတွင် တစ်ခြားလုပ်စရာလည်းမရှိသဖြင့် လုယန် သွားဖို့ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းမွေခံလုန်ကျင်းကျိုးက တံခါးပိတ်ကျင့်နေဆဲဖြစ်သည်။

ဘယ်အချိန်ကျမှ ထွက်လာမည်မသိ။

ဤအသေးအဖွဲကိစ္စလောက်ကို အမယွမ်ကိုယ်တိုင်လိုက်ပေးစရာမလို။ ထို့ကြောင့် ‌ကောင်းကင်ဘုရင်များနှင့် လုယန်သွားဆွေးနွေးသည်။ အားလုံးက လိုက်ပါလိုကြသည်။

ကောင်းကင်ရုံးတော်ဂိုဏ်း ခမ်းခမ်းနားနားထွက်ခွာသည်။

....

အသားကင်ဆိုင်ဌာနချုပ်တွင် နေမင်းဂိုဏ်းချုပ်ချီတုန်ဖန်းနှင့် ကိုးငရဲဂိုဏ်းချုပ်မူပိုင်ယိတို့ အတော်ဂဏာမငြိမ်ဖြစ်နေကြသည်။

သူတို့ကြိုဆိုရမည့်လူက တန်းတူအဆင့်မဟုတ်။ လာရောက်စစ်ဆေးမည့် အထက်လူကြီးဖြစ်သည်။

ဂိုဏ်းချုပ်နှစ်ယောက် ကြောက်နေသည်မှာလည်း သဘာဝကျပါသည်။ အရှေ့ပင်လယ်မသေမျိုးတိုက်ပွဲက သူတို့စိတ်အပေါ် များစွာလွှမ်းမိုးထားသည်။

မသေမျိုးများကြားမှာပင် စွမ်းအားအဆင့်အတန်းကွာခြားကြောင်း သူတို့သိလာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သည် တစ်ဘက်မသေမျိုးထက် ပိုစွမ်းအားကြီးကြောင်း သိလာသည်။

ထို့ပြင် အရှေ့ပင်လယ်မှ အောင်းလင်း၏ ထူးခြားသည့်စွမ်းရည်။ ကောင်းကင်ပဲဝါအရှင်၏ ကျော်ကြားသည့် ဂုဏ်သတင်း။

ထိုအဖြစ်အားလုံးက အချက်တစ်ခုတည်းကို ရည်ညွှန်းနေသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းသည် လောကတွင် အင်အားအကြီးဆုံးဖြစ်သည်။

"ဟားဟား မတွေ့ရတာကြာပြီနောက် ဂိုဏ်းချုပ်တို့"

လုယန် နှစ်လိုဖွယ်အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ဂိုဏ်းချုပ်နှစ်ယောက် စိတ်သက်သာရာရသွားသည်။ စိတ်ဖိအားလျော့သွားသည်။ ဂိုဏ်းချုပ်ယွမ်နှင့် ပဲဝါအရှင်တို့ ပါမလာ။ နဂါးဘိုးဘေးနှင့်ဖီးနစ်ဘိုးဘေးတို့လည်း ပါမလာသောကြောင့်ဖြစ်သည်။

သို့သော် ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးကို ရင်ဆိုင်ရသည်ဖြစ်၍ သူတို့မပေါ့ဆရဲ။

ဂိုဏ်းသခင်လု ထိုင်ခုံတွင် ဝင်ထိုင်သည်။ ကောင်းကင်ဘုရင်ငါးယောက်က သူ့နောက်တွင် ရပ်နေကြသည်။ ဂိုဏ်းချုပ်နှစ်ယောက်က လုယန်အတွက် ကိုယ်တိုင်လက်ဖက်ရည်ငှဲ့ပေးသည်။

"ဂိုဏ်းသခင်လေး၊ ဒါက ပြီးခဲ့တဲ့နှစ်အတွင်းက အသားကင်ဆိုင်ရဲ့ဝင်ငွေနဲ့ ရသုံးငွေမှတ်တမ်းတွေပါ"

မူပိုင်ယိက သတိဖြင့်ပြောသည်။ မှော်လက်စွပ်ကို လုယန်ဆီ ထိုးပေးသည်။ မှော်လက်စွပ်အတွင်းမှ ဝိညာဉ်ကျောက်ပမာဏက အတော်များသည်။

ထိုဝိညာဉ်ကျောက်များဖြင့် မူပိုင်ယိ သိပ်မခွဲချင်။

လုယန်က မျက်လုံးဖြင့် အချက်ပြသည်။ ပဥ္စမအကြီးအကဲကျိုးရှင်းက မှော်လက်စွပ်ကိုယူ၍ ဝိညာဉ်အာရုံဖြင့် စစ်ဆေးသည်။ ထို့နောက် ရိုရိုသေသေဦးညွှတ်၍ လုယန်ကိုပြောသည်။

"စာရင်းဇယား မှန်ကန်ပါတယ် သခင်လေး"

လုယန်က ညည်းငွေ့ဟန်ဖြင့် သမ်းတစ်ချက်ဝေသည်။

"ဒါဆိုလည်း လက်ခံလိုက်တာပေါ့"

မူပိုင်ယိ ရင်နာသွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းမှလူများသည် ထိုငွေပမာဏလောက်ကို လုံးဝအရေးမစိုက်ကြ။ ဝိညာဉ်ကျောက်ဘယ်လောက်ရှိသည်ကိုပင် မစစ်ဆေးကြ။

"ဂိုဏ်းချုပ်မူ ရောက်လာတာ ဝိညာဉ်ကျောက်လို အသေးအဖွဲ့ကိစ္စအတွက်တော့ မဟုတ်ဘူးမို့လား"

လုယန်က လက်ဖက်ရည်သောက်ရင်း မူပိုင်ယိအတွေးကိုရိပ်မိဟန်ဖြင့် ပြုံး၍ပြောသည်။

မူပိုင်ယိ မချိပြုံးပြုံးသည်။

"ဂိုဏ်းသခင်လေးက အမြင်စူးရှပါတယ်။ ကိစ္စတစ်ခု ကျုပ်နားမလည်လို့ လမ်းညွှန်ပေးစေလို့ပါတယ်"

"ဘာကိစ္စလဲ"

လုယန်မျက်နှာကို အကဲခတ်လျက် မူပိုင်ယိ စကားလုံးကို သေချာရွေးချယ်ပြီးပြောသည်။

"သခင်လေးတို့ဂိုဏ်းက ရှေးဘိုးဘေးအောင်းလင်းဟာ နဂါးအင်ပါယာရဲ့ မွေးနေ့ပွဲမှာတုန်းက 'ဒီသေမျိုးတွေက ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲကို မသိကြတော့ဘူး'လို့ ပြောခဲ့တယ်လို့ ကျုပ်ကြားမိတယ်။

အဲဒီ့ 'ကိုးငရဲ'ဆိုတာက ဘာကိုဆိုလိုတာလဲသိချင်ပါတယ်'

ထိုသို့မေးမည်ကို လုယန် ကြိုရိပ်မိပြီးဖြစ်သည်။ သူ့မျက်လုံးတွင် အပြုံးရိပ်တစ်ခုဖြစ်နေသည်။

"ဘာလဲ၊ ခင်ဗျားက ကျုပ်ပြောခဲ့တာတွေ မေ့သွားပြီလား။ ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ခင်ဗျားတို့ကိုးငရဲဂိုဏ်းဟာ ရှေးခေတ်ကတည်းက အချိတ်အဆက်ရှိခဲ့တယ်လို့ အရင်ကတည်းက ကျုပ်ပြောပြီးပြီပဲ"

မူပိုင်ယိ နှလုံးခုန်နှုန်းမြန်လာသည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်များ ဖုံးဖိမရပေါ်လာသည်။

"ဒါဆို ဒီကိုးငရဲက တကယ်..."

"မြေအောက်ငရဲနဲ့ ပြန်မွေးဖွားမှုကို ထိန်းချုပ်တဲ့ ရှေးဟောင်းနေရာပါ။ အရာအားလုံးက ကောင်းကင်(ရုံးတော်)အောက်မှာရှိတယ်။ သေပြီးတဲ့နောက်မှာတော့ သေမျိုးဝိညာဉ်တွေက မြေအောက်လောကကိုဝင်ပြီး ပြန်မွေးဖွားခြင်းလမ်းခြောက်သွယ်ကို ဖြတ်ကျော်ရတယ်"

လုယန် မူပိုင်ယိကို လိမ်နေခြင်းမဟုတ်။ အောင်းလင်းပြောပြခဲ့သည့် မြေအောက်လောကသည် ထိုအတိုင်းအမှန်ဖြစ်သည်။

မူပိုင်ယိရော ကိုးငရဲဂိုဏ်းနှင့်သိပ်အကြောမတည့်သည့် ချီတုန်ဖန်းပါ မျက်လုံးပြူးသွားသည်။

အောင်းလင်းပြောခဲ့သည့် ကိုးငရဲဟူသည့်စကား၏ အဓိပ္ပါယ်ကို ကျင့်ကြံသူလောကမှ လူအတော်များများ ခန့်မှန်းနေကြသည်။

သို့သော် ဘယ်သူမှ ကိုးငရဲအကြောင်း ရှင်းရှင်းလင်းလင်းမသိကြ။

ကောင်းကင်ဘုရင်ငါးယောက်လည်း ထိုအကြောင်း ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သို့သော် လုယန် တမင်လှိမ့်နေမှန်းသိသဖြင့် သိပ်ပုံမပျက်ကြ။

မူပိုင်ယိမျက်နှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းက ရှေးဟောင်းခေတ်မှ သံယောဇဉ်ကို အလေးထားသဖြင့် ကံကောင်းသည်။

ထိုသို့မဟုတ်လျှင် အသားကင်ဆိုင်လို လုပ်ငန်းကောင်းမျိုး ကိုးငရဲဂိုဏ်းလက်ထဲသို့ ရောက်လာနိုင်စရာမရှိ။

ထို့ပြင် ဂိုဏ်းသခင်လု တစ်ခါကပြောခဲ့သည်။ ကိုးငရဲဂိုဏ်းအနေဖြင့် မဟာကပ်တွင် ထင်ပေါ်လိုလျှင် တဖြေးဖြေးစီစဉ်ရမည်။ နတ်ဆိုးနိုင်ငံနှင့် အရှေ့ပင်လယ်ကို မဟာမိတ်ဖွဲ့ဖို့ ပြောခဲ့သည်။

ယခု နဂါးမျိုးနွယ်က အရှေ့ပင်လယ်ကိုစုစည်းပြီးဖြစ်၍ ထိုစကား မကြာမီ အမှန်ဖြစ်လာတော့မည်။

ထိုနေ့က ဂိုဏ်းသခင်လုပြောခဲ့သည့်စကား တဖြေးဖြေး အကောင်အထည်ပေါ်လာသည်။

အလွန်တရာ ဉာဏ်ရည်ထက်မြက်၍ သေချာကြိုတင်အစီအစဉ်ချနိုင်သူဖြစ်သည်။

ထိုအချက်သည် ဂိုဏ်းသခင်လု၏ အံ့မခန်းအရည်အသွေးကို သက်သေပြနေသည်။

"ဂိုဏ်းချုပ်ချီ၊ ခင်ဗျားတို့ဂိုဏ်းဘာတွေလေ့လာနေလဲဆိုတာ ကျုပ်ကြည့်ချင်ပါတယ်"

လုယန် စိတ်ဝင်တစားမေးသည်။

ရလာဒ်ပေါ်ဖို့ တစ်နှစ်ကျော်ကြာသည်။ ထိုအချိန်အတိုင်းအတာသည် နှေးသည်ဟုမဆိုနိုင်။ နေစွမ်းအင်အလင်း နေစွမ်းအင်ရေပူစက်လို့အရာများသည် ကျင့်ကြံသူလောကတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူး။

နေမင်းဂိုဏ်းအတွက် စမ်းသပ်လေ့လာရုံသာမက အများပြည်သူကြားတွင် ဖြန့်ချီနိုင်အောင် ကုန်ကျစရိတ်လျှော့ချဖို့လည်းလိုသည်။ ထိုကိစ္စသည် လွယ်ကူသည်မဟုတ်။

ချီတုန်ဖန်း မှော်လက်စွပ်ထဲမှ စာရွက်လိပ်တစ်ခုထုတ်သည်။

စာလိပ်ကို ဖြန့်သည်။ နေတစ်လုံးဘေးတွင် မည်သည့်ပစ္စည်းဖြင့်လုပ်ထားမှန်းမသိသည့် ဘောင်ကွက်(မှန်ကူကွက်)များ ဝန်းရံထားသည့်ပုံဖြစ်သည်။

နေအရွယ်အစားနှင့်ယှဉ်၍ကြည့်လျှင် ထိုဘောင်ကွက်များသည် အလွန်တရာကြီးမားကြောင်း သိသာသည်။

ဘောင်ကွက်များတွင် ရှုပ်ထွေးသည့်မှော်စက်ဝန်းများ ရေးထွင်းထားသည်။ လုယန်က မှော်စက်ဝန်းအကြောင်းဘာမှမသိသဖြင့် ဘာအတွက်သုံးမှန်းနားမလည်။

မှော်စက်ဝန်းပညာကျွမ်းကျင်သည့် ကောင်းကင်ဘုရင်လောင်ပါးထံမှ စုပ်သပ်သံသဲ့သဲ့ထွက်လာသည်။

"ဂိုဏ်းချုပ်ယွမ်...ဒါက..."

လုယန် နားလည်သလို ဟန်ဆောင်နေဖို့မလို။ ထိုမှော်စက်ဝန်းမျိုးက စုစည်းခြင်းအဆင့်ကျင့်ကြံသူသာ နားလည်နိုင်လောက်သည့်အရာဖြစ်သည်။

ကိုယ်ကျွမ်းကျင်သည့်နယ်ပယ်အကြောင်း မေးမြန်းခံရသဖြင့် ချီတုန်ဖန်း အ‌တော်စိတ်လှုပ်ရှားလာသည်။

"ဂိုဏ်းသခင်လု နေစွမ်းအင်အကြောင်းပြောကတည်းက ဒီစွမ်းအင်ကို အပြည့်အဝအသုံးချဖို့နည်းလမ်းတွေ ကျုပ်တို့တစ်ဂိုဏ်းလုံး တက်တက်ကြွကြွ လေ့လာနေခဲ့တာပါ။

ဒါပေမယ့် လေ့လာရင်းတန်းလန်းမှာ ပြဿနာတစ်ခုကြုံရတယ်။ တိုက်နယ်ကြီးခြောက်ခုက သေတ္တာတစ်လုံးလိုဖြစ်နေတယ်။ ကျုပ်တို့အလယ်ပိုင်းတိုက်နယ်က မျက်နှာပြင်တစ်ခုတည်းပဲရှိတယ်။

ဒီတော့ နေစွမ်းအင်ကိုဘယ်လိုနည်းနဲ့သုံးသုံး ခြောက်ပုံတစ်ပုံပဲ သုံးနိုင်တယ်။ ကျန်တဲ့ငါးပုံက အချည်းအနှီးဖြစ်နေတယ်"

"အဲတော့"

စာလိပ်ထဲမှအချက်အလက်များကို လုယန်ခန့်မှန်းမိလာသည်။

"ဒီတော့ နေစွမ်းအင်စုစည်းဖို့ နေမျက်နှာပြင်ပတ်လည်မှာ မှော်စက်ဝန်းတစ်ခုတည်ဆောက်ဖို့ စီစဉ်နေတယ်။ အဲလိုမှပဲ နေစွမ်းအင်ကို အလေအလွင့်မရှိအောင် ကာကွယ်နိုင်မှာပါ။

ပြီးရင် စုစည်းထားတဲ့စွမ်းအင်တွေ ဒီဘက်ကိုလွှဲပြောင်းယူတယ်။ မှော်စက်ဝန်းပညာတွေ လေ့လာရတာကိုက အတော်ခက်ခဲပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မလို့ ကျုပ်တို့ကြိုးကြိုးစားစားအလုပ်လုပ်ပြီး နောက်ဆုံးမှာ နည်းဗျူဟာအခက်အခဲတွေကို ကျော်လွန်နိုင်ခဲ့ပါတယ်။

ဒီစာလိပ်ပေါ်က မှော်စက်ဝန်းဟာ ကျုပ်တို့လေ့လာမှုရဲ့ အသီးအပွင့်ပါပဲ"

လုယန် "..."

..ခင်ဗျားတို့လှမ်းတဲ့ခြေလှမ်းက ကျယ်လွန်းမနေဘူးလား"

**********************************

All Chapters