← Chapters

ဘယ်သူမှမလွတ်

Vol. 54 Ch. 809

ဘယ်သူမှမလွတ်

Vol. 54 Ch. 809

"ယန်သုံးခုစွမ်းအားဆိုတာ ဒါလား။ ငါထင်ထားတာနဲ့ မတူသလိုပဲနော်"

ရှန်ထန် စဉ်းစားသည်။ သို့သော် သေချာတွေးကြည့်လျှင် လုယန်ပြောသည့်ရှင်းလင်းချက်ကလည်း အတော်ယုတ္တိကျသည်။

"တစ်ခြားဂိုဏ်းတွေက ဆေးလုံးတွေကို လူအထင်ကြီးလောက်တဲ့ နာမည်မျိုးပေးကြတယ်။ ကျုပ်တို့ဂိုဏ်းက ပိုပြီးရိုးရာဆန်ပါတယ်။ ဆန်းဆန်းပြားပြားနာမည်တွေကို အရေးမစိုက်ဘူး။ အကျိုးသက်ရောက်မှုကိုပဲ အရေးစိုက်တယ်။

နာမည်တွေက ဆေးလုံးတွေရဲ့ အာနိသင်အမှန်ကို ထင်ဟပ်တယ်။ ကျုပ်အရင်က 'ကျွဲဆယ်ကောင်အားဆေး'တောင်သုံးဖူးတယ်။ တကယ်နတ်ဆိုးကျွဲဆယ်ကောင်ကို ဆင့်ခေါ်နိုင်တယ်"

လုယန်က ကိုယ်ပိုင်အတွေ့အကြုံနှင့်နှိုင်း၍ ရှင်းပြသည်။ ယန်သုံးမျိုးစွမ်းအားသည် ဆင့်ခေါ်ဆေးလုံးအစစ်ဖြစ်ကြောင်း သက်သေပြသည်။ သူနဲ့မုန်ကျင်းကျိုး ခိုးကြောင်ခိုးဝှက်လိုက်လာပြီး ဆေးလုံးမှမီးခိုးထွက်အောင်စောင့်နေခြင်းမဟုတ်ကြောင်း ပြောသည်။

"ဪ...အဲလိုလား"

ရှန်ထန် ခေါင်းငြိမ့်သည်။ အတော်စိတ်ကျေနပ်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်း ထိုမျှရိုးရာဆန်သည်ကို သူမသိခဲ့။

သူ့လိုခေတ်ဟောင်းလူတစ်ယောက်အတွက် ရိုးရာကိုသာတန်ဖိုးအထားဆုံးဖြစ်သည်။

သို့သော် သူ့ခေတ်အခါက ထိုမျှဒဲ့ဆန်သည့်ဆေးလုံးများမရှိခဲ့။

"ဟေ့နတ်ဆိုးတွေ၊ အခုချက်ချင်းအညံ့ခံစမ်း"

မုန်ကျင်းကျိုး ဒေါသတကြီးအော်ဟစ်၍ ယန်ချီတောက်ပနေသည့် နတ်ဝိညာဉ်နှစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သည့်အပူရှိန်ထွက်လာသည်။

"နတ်ဝိညာဉ်အဆင့်လား"

နတ်ဆိုးညီအမ ထိတ်လန့််သွားသည်။ ကြောက်လွန်းသဖြင့် နေရာမှ လုံးဝမလှုပ်ရဲ။

မဟာရှားလို ကျင့်ကြံသူပေါများသည့် နေရာမှာပင် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို လွယ်လွယ်တွေ့နိုင်သည်မဟုတ်။

ထို့ပြင် ထိုလူတွင် ဘာကြောင့် နတ်ဝိညာဉ်နှစ်ခု ရှိနေသည်မသိ။

လုယန် နောင်တရသွားသည်။ ဟန်ရေးပြဖို့အခွင့်အရေးကို မုန်ကျင်းကျိုးက လက်ဦးသွားသည်။ တကယ်အရှက်မရှိ။ ယန်သုံးမျိုးဆေးလုံးကိစ္စက သူ့စိတ်ကူးဖြစ်သည်။

သို့သော် ပြန်တွေးကြည့်လျှင် သူ့နတ်ဝိညာဉ်ကိုလည်း လောင်မုန်လိုဟန်ရေးပြဖို့ လွယ်လွယ်ထုတ်မသုံးနိုင်။

မြွေညီအမ ချက်ချင်းပြန်တည်ငြိမ်သွားသည်။

"နင်တစ်ယောက်တည်း တပ်ကူရှိတယ်မထင်နဲ့။ ငါတို့မှာလဲရှိတယ်"

နတ်ဝိညာဉ်ကျင့်ကြံသူများကို သူတို့မယှဉ်နိုင်။ သို့သော် သူတို့လည်း အင်အားကြီးနောက်ခံရှိသည်ဟု ပြောနေသည်။

သူတို့နောက်ခံဆိုသည်ကို လုယန် စိတ်ဝင်စားနေသည်။ ထို့ကြောင့် အကူခေါ်သည်ထိ စောင့်သည်။

အမမြွေနတ်ဆိုးက မြွေကြေးခွံတစ်ခုထုတ်၍ အားဖြင့်ချိုးလိုက်သည်။

မကြာမီ သစ်တောထဲမှ တစ်ဝုန်းဝုန်းအသံများ ထွက်လာသည်။ ကြီးမားသည့်သတ္တဝါတစ်ကောင်ဖြတ်သန်းလာသကဲ့သို့ သစ်ပင်လဲပြိုသံ ကျောက်တုံးလိမ့်သံများ ကြားရသည်။

"ငါ့သမီးကို ဘယ်သူတွေအနိုင်ကျင့်နေတာလဲ"

ကြီးမားသည့်မြွေခေါင်းတစ်ခု လှိုဏ်ဂူတံခါးဝတွင် ပြည့်နက်သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို အေးစက်စက်ကြည့်နေသည်။

"ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းကပါ။ ခင်ဗျားသမီးနှစ်ယောက် ဥပဒေကိုချိုးဖောက်ထားတယ်။ ကျုပ်တို့နဲ့လိုက်ခဲ့ဖို့လိုတယ်"

လုယန်က သူ့ကျောက်စိမ်းတံဆိပ်ကိုထုတ်၍ အကြောင်းရင်းကို ရှင်းပြသည်။

မြွေဖြူက လူသားကဲ့သို့ အေးစက်စက် လှောင်ပြုံးပြုံးသည်။ တာအိုလမ်းစဉ်ဂိုဏ်းဆိုတိုင်း ထိုမျှအထင်ကြီးမည်ထင်နေသလားမသိ။ သူအနိုင်မယူနိုင်လျှင်လည်း လွတ်အောင်တော့ ထွက်ပြေးနိုင်သည်။

ဝတ်ရုံဖြူနှင့် ကျက်သရေရှိသည့် မိန်းမလတ်အသွင်သို့ သူပြောင်းလိုက်ပြီး တံခါးဝမှပြေးဝင်လာသည်။ သူ့သမီးနှစ်ယောက်ကို ဝိညာဉ်ပြောင်းအခြေခံအဆင့်စွမ်းအားဖြင့် ကယ်ထုတ်ရန်ကြိုးစားသည်။

သို့သော် ဝိညာဉ်ပြောင်းအခြေခံအဆင့်ဆိုသည်မှာ လုယန်နှင့်မုန်ကျင်းကျိုးအတွက် စာမဖွဲ့လောက်။ မုန်ကျင်းကျိုးက ခေါင်းသုံးလုံးလက်ခြောက်ခုအသွင်ပြောင်းပြီး တောင့်တင်းသန်မာသည့် သူ့လက်‌မောင်းအားဖြင့် ဝတ်ရုံဖြူမိန်းမကို မြေပေါ်သို့လှဲသိပ်လိုက်သည်။

"ကျုပ်တို့ကို ချမ်းသာပေးပါ"

နောက်ထပ် မြွေနတ်ဆိုးတစ်ယောက် ရောက်လာသည်။ ဝတ်ရုံဖြူမိန်းမ၏ ယောက်ျားဖြစ်သည်။

"ငဲ့ညှာပေးဖို့ သခင်လေးတို့ကို ကျုပ်တောင်းဆိုပါတယ်"

နတ်ဆိုးယောက်ျားက လူသားအသွင်သို့ပြောင်းပြီး တောင်းပန်သည့်အပြုံးမျိုးဖြင့် ပြောသည်။ မဟာရှားသည် တာအိုလမ်းစဉ်ဂိုဏ်း၏နယ်မြေဖြစ်ကြောင်း သူသိသည်။

ထိုဂိုဏ်းကိုဆန့်ကျင်လျှင် ဆိုးဝါးသည့်အကျိုးဆက်များဖြစ်လာမည်။

"ကျေဇူးသိတတ်မှုလက်ဆောင်လို့ သဘောထားပြီး ဒါလေးလက်ခံပေးပါ"

မြွေယောက်ျားက အတော်ပါးနပ်သည်။ အကြမ်းနည်းဖြင့် အလုပ်မဖြစ်နိုင်မှန်းသိသည်။ ဝိညာဉ်ကျောက်သုံးသိန်းပါသည့် သူ့မှော်လက်စွပ်ကို ထုတ်ပေးသည်။

"အဖေ၊ သူတို့ကို ဝိညာဉ်ကျောက်တွေပေးစရာမလိုပါဘူး။ သူတို့ ကျွန်မတို့ကိုဖမ်းစရာအကြောင်းမရှိဘူး။ ဒီလူတွေကို ကျွန်မတို့အတင်းအကြပ်ခေါ်လာတာမဟုတ်ဘူး"

ထိုမြွေညီအမ မဟာရှားတွင်နေထိုင်သည်မှာ အတော်ကြာခဲ့ဟန်တူသည်။ ဥပဒေအကြောင်း ကောင်းကောင်းသိသည်။ လူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းချင်တိုင်းဖမ်း၍မရ။

"သူတို့ကိုအတင်းအကြပ်ခေါ်ခဲ့တာမဟုတ်ဘူးပေါ့"

ရှန်ထန် မြေပြင်ပေါ်တွင် အားပြတ်လဲကျနေသူများကို လက်ယမ်းပြသည်။ ခုနကတိုက်ပွဲသည် အတော်ပြင်းထန်သည်။ သို့သော် ထိုလူများက လုံးဝလှုပ်မလာကြ။

စိတ်ညှို့ထားသဖြင့် အပြင်လောကနှင့် အဆက်ပြတ်နေသည်မှာသေချာသည်။

"ဒါက နည်းနည်းကစားရုံပါ"

မြွေညီအမက နတ်ဆိုးမှော်ပညာသုံး၍ ထိုလူများကို ထိန်းချုပ်မှုအောက်မှ လွှတ်ပေးလိုက်သည်။ အားလုံး သတိပြန်ရလာသည်။

သတိပြန်ရလာသည်နှင့် မြွေညီအမကို အခိုးဝေသည့်မျက်လုံးများဖြင့် ကြည့်နေကြဆဲဖြစ်သည်။ အတင်းအကြပ်ခေါ်ဆောင်ခံရခြင်းဟုတ်မဟုတ် ရှန်ထန် သူတို့ကိုမေးသည်။

အားလုံးက ကိုယ့်သဘောနှင့်ကိုယ်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

"ဒါပေမယ့် ယန်ဓာတ်စုပ်ယူတာဟာလည်း ရာဇဝတ်ဥပဒေကို ချိုးဖောက်တာပဲ"

ရှန်ထန် နောက်ထပ်အကြောင်းပြချက်တစ်ခု ထပ်ပေးသည်။ ယန်ဓာတ်စုပ်ယူခြင်းသည် နတ်ဆိုးကျင့်ကြံသူတို့၏ နည်းလမ်းတစ်ခုဖြစ်သည်။ ဥပဒေဖောက်ဖျက်ရာရောက်သည်။

လမ်းမှန်ဓလေ့က ယင်ယန်အပြန်အလှန်ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့သော် မြွေညီအမသည် ရွှေသန္ဓေအခြေခံအဆင့်ဖြစ်သည်။ သေမျိုးများနှင့် ယင်ယန်ဖြည့်ဆည်းစရာ အကြောင်းမရှိ။

"ဘယ်သူက ယန်ဓာတ်စုပ်ယူတယ်ပြောလဲ"

ရှန်ထန်ပြောမည့်စကားကို မြွေညီအမက ကြိုတွက်ထားဟန်ရှိသည်။

ရှန်ထန် ထိုလူများအခြေအနေကို သေချာစစ်ဆေးသည်။ တကယ်လည်း ယန်ဓာတ်မခမ်းခြောက်။ ပင်ပန်းနွမ်းလျနေခြင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအလွန်အကျွံ ပျော်ပါးခဲ့ခြင်းကြောင့်သာဖြစ်သည်။

အပျော်အပါးလွန်ကဲ၍ ကျောက်ကပ်ချို့ယွင်းခြင်းသည် ဥပဒေနှင့်မငြိစွန်း။

"ဒါဆိုမင်းတို့ဘာလို့ ဒီလောက်ယောက်ျားအများကြီးနဲ့အိပ်ခဲ့တာလဲ"

ရှန်ထန် နားမလည်။

"လိုအင်ဆန္ဒများလို့ပါ"

"..."

"မင်းတို့ဒီနိုင်ငံကို ခိုးဝင်လာတာလား"

"ရယ်စရာကောင်းလိုက်တာ။ ကျွန်မတို့က တရားဝင်မှတ်ပုံတင်ပြီးမှ ဝင်လာတာ"

သူတို့မိသားစုသည် တောင်တန်းတောနက်ထဲတွင် နေရသည်ကို သဘောကျကြသည်။ သို့သော် မဟာရှားသို့ သူတို့ခိုးဝင်လာခြင်းမဟုတ်။

တောကြီးမျက်မည်းတွင် နေထိုင်ရသည်ကို အသားကျနေသောကြောင့်သာဖြစ်သည်။

ရှန်ထန် တကယ်မှင်သက်မိရသည်။ ရွာသားများသည် ပြန်ပေးဆွဲခံရခြင်းမဟုတ်။ ရွာမှထွက်လာချိန် တစ်ခြားရွာသားများကို အသိမပေးခဲ့ခြင်းသာဖြစ်သည်။

တကယ်အပြစ်မရှိလေလားမသိ။

မြွေညီအမက အေးစက်စက်လှောင်ပြုံးပြုံးနေသည်။

..နတ်ဆိုးမျိုးနွယ်ဆိုတိုင်း ဥပဒေကိုနားမလည်ဘူးမထင်နဲ့...သေချာလေ့လာထားတယ်...ဟိုလူတွေဆီက ငွေလည်းမတောင်းဘူး...

ဒီတော့ ပြည့်တန်ဆာမှုနဲ့လည်း မငြိနိုင်ဘူး..

လုယန် သံကြိုးများဆွဲထုတ်၍ ဘာမှရှင်းပြမနေဘဲ မြွေညီအမကို ကြိုးတုပ်သည်။ မြွေညီအမ ထိတ်လန့်သွားသည်။

"ကျွန်မတို့ကို ရှင်ဘာလို့ဖမ်းတာလဲ"

လုယန် တွန့်ပြုံးပြုံးသည်။

"အပြစ်ကင်းသလိုထင်ရပေမယ့် ဒါက သူများသားသမီးကိုဖျက်ဆီးမှုပဲလေ"

မြွေညီအမကို နီးစပ်ရာအစိုးရရုံးသို့ပို၍ ဂုဏ်ပြုလက်မှတ်တစ်ခုရလာလျှင် မစ်ရှင်ပြီးဆုံးပြီဟု ဆိုနိုင်သည်။

ထိုအချိန်တွင် မုန်ကျင်းကျိုးက ယောက်ျားအုပ်စုကို ကြိုးတုပ်သည်။ သားမယားဖျက်ဆီးမှုသည် ဦးဆောင်စီစဉ်သူကိုသာ အပြစ်ပေးသည်။

ထိုလူများက ပါဝင်သူသက်သက်ဖြစ်သည်။ ပြစ်မှုကျူးလွန်သည်ဟု မဆိုနိုင်သော်လည်း ပြစ်ဒဏ်တော့လွတ်မည်မဟုတ်။ အနည်းဆုံး ဆယ်ရက်တော့ အချုပ်ကျမည်။

"ခင်ဗျားလည်း ရုံးတော်ကိုအတူလိုက်ခဲ့"

လုယန်က ဝတ်ရုံဖြူမိန်းမကို ကြိုးတုပ်သည်။

"နင်ဘာလို့ငါ့ကို ကြိုးတုပ်နေတာလဲ။ ငါက ဒီလူတွေနဲ့အိပ်ခဲ့တာမှမဟုတ်တာ။ နင်တို့က တာအိုလမ်းစဉ်ဂိုဏ်းသားဆိုရင်တောင် လူတွေကို ဖမ်းချင်တိုင်းဖမ်းလို့မရဘူး"

ဝတ်ရုံဖြူမိန်းမ ဒေါသူပုန်ထသည်။

လုယန် မျက်ခွံလှန်ကြည့်သည်။ ဥပဒေမသိသူများအား ရှင်းပြရသည်ကို သူအတော်ငြီးငွေ့သည်။

"ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းကပါ၊ တရားဝင်တာဝန်နဲ့လာတာပါလို့ ကျုပ်ပြောခဲ့တယ်။ ဒါတောင်ခင်ဗျားက ကျုပ်တို့ရှေ့မှာတင် လူကိုကယ်ထုတ်ဖို့ကြိုးစားတယ်။ ဒါဟာ ဝတ္တရာနှောင့်ယှက်မှုပဲ"

လုယန် ထိုမိန်းမ၏ယောက်ျားကို လှည့်ကြည့်သည်။

"ခင်ဗျားရော ဘယ်လိုလဲ။ ကျုပ်တို့နဲ့ အသာတကြည်လိုက်မလား။ ဒါမှမဟုတ် ကြိုးတုပ်ပြီးခေါ်သွားရမလား"

"ကျုပ်ဘာလုပ်မိလို့လဲ"

မြွေဆိုးမယောက်ျား နားမလည်နိုင်အောင်ဖြစ်သွားသည်။ ဖြစ်စဉ်အစမှအဆုံးထိ သူဘာမှလှုပ်ရှားခဲ့သည်မဟုတ်။

"လာဘ်ထိုးရန်ကြိုးပမ်းမှုလေ"

ထို့နောက် ငေးကြောင်၍ရပ်နေသည့် ရှန်ထန်ဆီ လုယန်လှည့်ကြည့်သည်။

"ပြီးတော့ ခင်ဗျား"

ရွှမ်အာဟုခေါ်သည့်မြွေနတ်ဆိုးက ဘိုးဘေးရှန်ထန်ကို ကိုယ်လုပ်တော်အဖြစ်သုံးဖို့ အတင်းကြိုးစားခဲ့သည့်အဖြစ်ကို လုယန် ရုတ်တရက် တွေးမိလာသည်။

ဘိုးဘေးက ဆန္ဒမရှိ။ ရွှမ်အာက တိုက်ခိုက်သည်။ ထိုကိစ္စသည် ဗလက္ကာယပြုရန်ကြိုးပမ်းမှု သို့မဟုတ် မဖွယ်မရာပြုမှုမြောက်လောက်သည်။

အစိုးရရုံးတော်က နစ်နာသူထွက်ဆိုချက်တောင်းချိန်တွင် ဘိုးဘေးရှန်ထန် မပြောတတ်မဆိုတတ်ဖြစ်မည်စိုး၍ ကြိုသတိပေးထားလိုသည်။

လုယန်က လူတိုင်းကိုစွဲချက်တင်ပြီးနောက် သူ့ဆီလှည့်ကြည့်လာသဖြင့် တာအိုရှင်ရှန်ထန် ရင်ထိတ်သွားသည်။ တုန်တုန်ရင်ရင်ဖြင့် ပြန်မေးသည်။

"အခုချိန် ကိုယ့်သဘောဆန္ဒအလျောက်အဖမ်းခံလို့ ရသေးလား"

*****************************************

All Chapters