← Chapters

ယန်သုံးမျိုးစွမ်းအား

Vol. 54 Ch. 808

ယန်သုံးမျိုးစွမ်းအား

Vol. 54 Ch. 808

အလွန်တရာလျှို့ဝှက်သည့် သူ့အသိုက်အမြုံကို ထိုလူဘယ်လိုရှာတွေ့သည်မသိ။ မြွေနတ်ဆိုး စဉ်းစားမရ။

"အဲ..ငါဘာတွေ့နေပြီလဲ"

မြွေဆိုးမ၏မေးခွန်းကြောင့် ရှန်ထန်မင်သက်မိသွားသည်။ ပစ်မှတ်နေရာကိုတွေ့နေပြီဖြစ်၍ ဘာကြောင့် လမ်းညွှန်မေးနေတော့မည်နည်း။

အရိပ်ထဲမှ လုယန်နှင့်မုန်ကျင်းကျိုးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ စုံစမ်းမေးမြန်းစရာမလိုတော့ဘဲ ရန်သူ့လှိုဏ်ဂူနှင့် တည့်တည့်တိုးသည်။

လေးယောက်လုံး နားမလည်နိုင်ဖြစ်နေသည်။

"ကျင့်ကြံသူလေး...မမနဲ့လာကစားပါ"

နတ်ဆိုးမက ယုတုတုအသံအပြည့်ဖြင့် ဆွဲဆောင်သည်။ နူးညံ့သည့်သူ့ဆံနွယ်များက ဝဲပျံနေသည်။ ညှို့အားပြင်းသည့်မျက်လုံးများက ပိုးသားနှင့်တူသည်။

သူ့အသံက ဆည်းလည်းလိုသာယာသည်။ လက်ညှိုးတစ်ချောင်းကွေးချည်ဆန့်ချည်ပြု၍ ရှန်ထန်ကို ခေါ်သည်။

သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည်။ သူ့အလှ သူ့ညှို့ဓာတ်ပါရမီဖြင့် ဆွဲဆောင်မှုကို အခြေတည်အဆင့်တွင် ဘယ်ကျင့်ကြံသူမှ ဆန့်ကျင်နိုင်စွမ်းမရှိ။

ထိုလူသည် အခြေတည်အဆင့်တက်စသာဖြစ်ကြောင်း သူရိပ်မိသည်။ နုနယ်သည့်အသွင်အပြင်ရှိသည်။ အချစ်တော်အဖြစ်ထားဖို့ ကွက်တိကျသည်။

မြွေနတ်ဆိုး၏ စိတ်ညှို့ပညာက အတော်ကောင်းသည်။ တာအိုရှင်ရှန်ထန်ပင် စက်ကွင်းမိမတတ်ဖြစ်သွားသည်။ သို့သော် သူသည် ကျင့်စဉ်ပြန်စထားသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။

စိတ်ညှို့ပညာကိုခုခံသည့် ကိုယ်ပိုင်နည်းလမ်းများရှိသည်။

"အချိန်မျက်လုံး"

သူ့မျက်လုံးကို တစ်ချက်ပွတ်လိုက်သည်။ စိတ်ညှို့ပညာသက်ရောက်မှု ချက်ချင်းပျောက်ကွယ်သွားသည်။

"အချိန်မျက်လုံးဆိုတာ ဘာလဲ"

လုယန် တွေးမရ။ တစ်ခါမှမကြာဖူးသော်လည်း နာမည်အရ အချိန်နှင့်တစ်ခုခုပတ်သက်နေသည်။ ရန်သူ့လှုပ်ရှားမှုကို ကြိုတင်မျက်နိုင်သည့်အစွမ်းမျိုးလားမသိ။

မုန်ကျင်းကျိုး ခေါင်းခါသည်။ သူလည်း မကြားဖူး။ ရွေးစရာမရှိတော့သဖြင့် သေချာပေါက်သိမည့် နတ်မယ်ကိုသာ လုယန်မေးရသည်။

နတ်မယ်က ရှားရှားပါးပါးလေးနက်သည့်အမူအရာဖြင့် ပြောသည်။

"ဒါက လူတစ်ယောက်အသက်ကြီးရင် ဖြစ်လာမယ့်ရုပ်ရည်ကို ကြိုမြင်နိုင်တဲ့ အချိန်ပညာရပ်တစ်မျိုးပါ"

လုယန် "..."

"ဒါဆိုနတ်မယ်၊ ခင်ဗျား ဒီလိုလုပ်နိုင်လား"

အကျိုးသက်ရောက်မှု ဘယ်လိုရှိမည်မသေချာသော်လည်း စိတ်ညှို့စွမ်းအားကို တကယ်ခုခံနိုင်စွမ်းရှိသည့် ပညာရပ်တစ်မျိုး ဖြစ်ဟန်ရှိသည်။

"ဟင့်အင်း၊ မလုပ်ဘူး။ သင်လည်းမသင်ဘူး"

နတ်မယ်က အပြတ်ပြောသည်။

ရှန်ထန် လက်ဝါးကိုဖျတ်ခနဲခါလိုက်သည်။ "ရှန်ထန်စူးစမ်းခြင်း"ဟု ရေးထွင်းထားသည့် ရွှေတံဆိပ်လေးတစ်ခု ပေါ်လာသည်။

သူ့အသက်နှောင်ရတနာဖြစ်သည်။ အရင်က စုစည်းခြင်းအဆင့်မှော်ရတနာဖြစ်သော်လည်း လက်ရှိ သူ့ကျင့်စဉ်အဆင့်အရ အပြည့်အဝ အသက်မသွင်းနိုင်။

တံဆိပ်၏စွမ်းဆောင်ရည်အများစုကို ချိတ်ပိတ်၍ သူ့ကျင့်စဉ်အဆင့်နှင့် ထိန်းညှိထားရသည်။

"သွား"

ရှန်ထန် အော်ဟစ်အမိန့်ပေး၍ တံဆိပ်ကို မြွေနတ်ဆိုးဆီ ပစ်လွှတ်လိုက်သည်။

တံဆိပ်ငယ်က ရွှေရောင်အလင်းနှင့်အတူ ပြေးဝင်သွားသည်။ မြွေနတ်ဆိုး ခါးကိုယှက်လိမ်၍ ရှောင်တိမ်းရန်ကြိုးစားသည်။

နောက်ကျသွားသည်။ သူ့ခါးကိုရှပ်ထိသွားပြီး နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုပေါ်လာသည်။ နတ်ဆိုးသွေးများ တရဟောစီးကျလာသည်။

"လူသားကျင့်ကြံသူ၊ နင်က သေချင်နေတာပဲ"

မြွေနတ်ဆိုး သွေးဆက်စွမ်းအားကို အသုံးပြု၍ ယာယီသွေးတိတ်အောင်လုပ်သည်။ သို့သော် ဒဏ်ရာကတော့ အပြည့်အဝပျောက်မသွား။

အဆိပ်စွယ်များနှင့် ကြီးမားသည့်မြွေဖြူတစ်ကောင်အဖြစ် သူချက်ချင်းအသွင်ပြောင်းသည်။ ပါးစပ်ကို ကျယ်ကျယ်ဟလျက် ရှန်ထန်ကို လှမ်းဟပ်သည်။

"အခုမှအခြေအဆင့်ရောက်တဲ့ ကျင့်ကြံသူလေးကများ ဒီကိုတစ်ယောက်တည်းလာရဲတယ်ပေါ့"

သူ့အသံက နားကျည်းရိပ်ပြည့်နေသည်။ အချစ်တော်မလုပ်လိုသူသည် အကျဉ်းသားအဖြစ် နေရမည်။

တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူဖြစ်၍ ရှန်ထန် တည်ငြိမ်စွာ နောက်သို့ခြေလှမ်းကျဲကျဲဆုတ်လိုက်သည်။ သူရှိခဲ့သည့်နေရာက မြွေနတ်ဆိုးကြောင့် အက်ကြောင်းတစ်ခုဖြစ်သွားသည်။

ခဏတာတိုက်ခိုက်ပြီးနောက် သူ့ပြိုင်ဘက်သည် ရွှေသန္ဓေအခြေခံအဆင့်ဖြစ်ကြောင်း သိလိုက်သည်။

မြွေနတ်ဆိုးက ဆက်၍ကိုက်ခဲရန် ကြိုးစားနေသဖြင့် ရှန်ထန် လက်တစ်ဘက်ဝှေ့ယမ်းပြီး မှော်ပညာတစ်ခုထုတ်သုံးသည်။ သူ့ရွှေတံဆိပ်က ချက်ချင်းကြီးထွားလာပြီး မြွေနတ်ဆိုးပါးစပ်ထဲပိတ်ဆို့သွားသည်။

"နတ်ဆိုးချုပ်မှော်အဆောင်"

လက်နှစ်ချောင်းပူး၍ လေထဲတွင် မှော်အဆောင်တစ်ခု အမြန်ရေးဆွဲသည်။ မြွေနတ်ဆိုး၏ သေကွင်းသေကွက်နေရာကို တိုက်ခိုက်သည်။

မြွေနတ်ဆိုး နာကျင်လွန်းသဖြင့် အော်ဟစ်ရန်ကြိုးစားသည်။ သို့သော် ပါးစပ်ထဲတွင် ရွှေတံဆိပ်ကဆို့နေသဖြင့် အသံလုံးဝထွက်မလာ။

"ရွှမ်အာ၊ ငါနင့်ကို လာကူမယ်"

လှိုဏ်ဂူအတွင်းပိုင်းမှ အော်သံတစ်ခု ပဲ့တင်ထပ်၍ ထွက်လာသည်။ နောက်ထပ် အသွင်ပြောင်းမြွေနတ်ဆိုးတစ်ကောင်ဖြစ်သည်။ ပထမမြွေနတ်ဆိုးနှင့် ချွတ်စွပ်တူသည်။

"အမွှာလား"

ရန်သူဘက်တွင် တပ်ကူရှိမည်ဟု ရှန်ထန်ထင်မထား။ ထိုမြွေလည်း ရွှေသန္ဓေအခြေခံအဆင့်ဖြစ်သည်။

"ငါတို့နှစ်ယောက် ဒီမှာပုန်းနေတာတောင် ရှာတွေ့တယ်ဆိုတော့ နင့်မှာအစွမ်းနည်းနည်းတော့ ရှိတဲ့ပုံပဲ။ ငါတို့နဲ့အတူ ပျော်ပျော်နေပါလား"

"ဒီလောက်မြင်သာထင်သာရှိတဲ့နေရာမှာပုန်းနေပြီး ငါရှာတွေ့တာကို လာအပြစ်တင်နေတာလား"

ထိုနတ်ဆိုးနှစ်ကောင်သည် သူ့မစ်ရှင်၏ ပစ်မှတ်များဖြစ်ကြောင်း ရှန်ထန်လည်း နားလည်ပြီးဖြစ်သည်။ မြေပေါ်တွင် ပြန့်ကျဲနေသည့် သန်မာကြံ့ခိုင်သည့် ယောက်ျားများသည် ဝမ်မြောင်ရွာမှ ပျောက်ဆုံးသွားသူများဖြစ်သည်။

သူခြေဦးတည့်ရာလျှောက်သွားရုံဖြင့် တွေ့သည့်နေရာကို ထိုအမွှာညီအမက လျှို့ဝှက်သည့်နေရာဟု ဘာကြောင့်ထင်နေသည်မသိ။

မြွေနတ်ဆိုးအကြီးမက ရွှမ်အာကို ခန္ဓာကိုယ်ဖြင့်အတင်းရိုက်ချသည်။ ရွှေတံဆိပ် ပြန်အန်ထွက်လာသည်။

ထို့နောက် မြွေညီအမနှစ်ယောက် တိုင်ပင်စရာမလိုပဲ ရှန်ထန်ကို တစ်ပြိုင်တည်း ဝိုင်းရံတိုက်ခိုက်သည်။

မြွေနှစ်ကောင်စက်ကွင်းထဲမှ ရှန်ထန် အကြိမ်ကြိမ်ဖောက်ထွက်ရန်ကြိုးစားသည်။ သို့သော် သူ့တိုက်ခိုက်မှုများက နူးညံ့သည့် မြွေအကြေးခွံများကြောင့် ပြန်ကန်ထွက်လာသည်။

လေးငါးကြိမ်ခန့်ပင် ရစ်ပတ်ချုပ်နှောင်ခံရမတတ်ဖြစ်သွားသည်။

သေကွင်းသေကွက်များကို သူတိုက်ခိုက်ရန်မကြိုးစားတော့။ မြွေညီအမက ကောင်းကောင်းပြင်ဆင်ထားသည်။ လုံးဝအထိမခံ။ ထို့ကြောင့် ရှန်ထန် အငိုက်ဖမ်းတိုက်ခိုက်သည်။

ရွှေတံဆိပ်ကို လက်ဝါးထဲကိုင်ပြီး ရွှမ်အာ၏ဒန်ထန်နေရာကို ရိုက်ချသည်။

ထိုနည်းလမ်းသည် ရွှေသန္ဓေအဆင့်များကြားတွင် အသုံးများသည့် တိုက်ခိုက်နည်းဖြစ်သည်။ "ရွှေသန္ဓေရိုက်ခါခြင်း"ဟုခေါ်သည်။ ရွှေသန္ဓေအခြေပျက်သွားလျှင် ခန္ဓာကိုယ်နှင့် ခဏတာအဆက်ပြတ်သွားသည်။

ထိုသို့ဖြစ်လျှင် ဟာကွက်ပေါ်လာမည်။

"အာ..ဒီလိုလည်း တိုက်ခိုက်လို့ရတယ်ပေါ့"

လုယန် အကြီးအကျယ်အံ့အားသင့်သွားသည်။ ရွှေသန္ဓေအဆင့်ပြိုင်ဘက်များကို ထိုသို့တိုက်ခိုက်နိုင်သည်ဟု ဘယ်သူမှသူ့ကို သင်မပေးခဲ့ဖူး။

နတ်မယ်သာ သူနှင့်အတူမရှိလျှင် "ရွှေသန္ဓေရိုက်ခါခြင်း"နည်းလမ်းအကြောင်းလည်း သိမည်မဟုတ်။

နတ်မယ်က မျက်လုံးစွေကြည့်သည်။

"နင့်ပြိုင်ဘက်တွေထဲမှာ ရွှေသန္ဓေအဆင့်တွေ ဘယ်နှယောက်များရှိခဲ့လို့လဲ"

လုယန် ခဏစဉ်းစားသည်။ မှန်သည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများနှင့် သူတိုက်ခိုက်ရသည်ဟု သိပ်မရှိခဲ့။

"မဟုတ်ဘူးလေ။ ဒါလည်းမဟုတ်သေးဘူး။ ကျုပ်အခြေတည်အဆင့်ရောက်တော့ နယ်စပ်တောနက်ထဲမှာ ရွှေသန္ဓေအဆင့် နတ်ဆိုးသားရဲအုပ်စုနဲ့ တိုက်ခိုက်ခဲ့တာပဲ"

သားရဲအုပ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း နတ်မယ်က ဤနည်းလမ်းကို လုံးဝမပြောဖူး။

နတ်မယ်က လုယန်၏ကောင်းကျိုးကို ထောက်ထားညှာတာသည့်အကြည့်ဖြင့် ကြည့်၍ပြောသည်။

"ဒီနည်းလမ်းက တကယ်ပါးနပ်တဲ့ တိုက်ခိုက်နည်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းမျိုးတွေသုံးနေရင် ပြိုင်ဘက်ကင်းသန္ဓေမပြောနဲ့။ ပြိုင်ဘက်ကင်းစွမ်းအားမျိုး နင်ဘယ်လို့ကျင့်ကြံနိုင်မှာလဲ"

"...ကျုပ်ကလည်း ပြိုင်ဘက်ကင်းသန္ဓေရဖို့ ကြိုးစားနေတာမှမဟုတ်တာ"

လုယန် သူ့ဘာသာရေရွတ်သည်။

ရွှေသန္ဓေရိုက်ခါခြင်းပညာကြောင့် မြွေညီအမ အငိုက်မိသွားသည်။ သို့သော် သူတို့သည် အတွေ့အကြုံမရှိသူများမဟုတ်။ ရှန်ထန် နောက်တစ်ကြိမ် အလစ်မတိုက်နိုင်စေရန် ဒန်ထန်ကို ချက်ချင်းတည်ငြိမ်အောင်လုပ်သည်။

ရွှမ်အာက ခန္ဓာကိုယ်ကို အမြန်လှည့်၍ အမြီးကိုဆန့်ထုတ်ပြီး ရှန်ထန်ကို ရိုက်ချသည်။ ထိုသို့ဖြစ်မည်ကို ကြိုတွက်ထားပြီးဖြစ်၍ ရှန်ထန် လေထဲသို့ခုန်ရှောင်သည်။

သို့သော် သူလေထဲရောက်နေချိန်တွင် မြွေအကြီးမကလည်း ရှန်ထန်၏ခြေထောက်ကို အမြီးဖြင့်ဖြတ်ရိုက်သည်။

"ဝေါ့"

ရှန်ထန် ကျောက်နံရံနှင့်တိုက်မိသည်။ ဖုန်အလူးလူးဖြင့် ဖရိုဖရဲဖြစ်သွားသည်။

တစ်ယောက်ချင်းတိုက်ခိုက်လျှင် ရှန်ထန် ဘယ်နတ်ဆိုးကိုမှမကြောက်။ သို့သ်ေ နတ်ဆိုးနှစ်ကောင်း ပေါင်းတိုက်ခိုက်နေသည်။

အတွဲညီညီတိုက်ခိုက်နိုင်သည့် ညီအမဖြစ်နေသည်။ တိုက်ပွဲတွင် သူအရေးမလှတော့။

ရှန်ထန်၏ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများစွာပေါ်လာသည်။ ကွင်းပြင်တွင် တိုက်ခိုက်ရန် လှိုဏ်ဂူအပြင်သို့ထွက်ဖို့ ကြိုးစားတိုင်း မြွေညီအမက ပိတ်ဆို့ထားသည်။

ရှန်ထန် အသက်ကိုမောပန်းစွာရှူရှိုက်ရင်း မြွေညီအမနှင့် နည်းနည်းခွာလိုက်သည်။ သူ့စွမ်းရည်တစ်ခုတည်းဖြင့် အနိုင်မရနိုင်ကြောင်း နားလည်သည်။

သူ့အင်္ကျီရင်ဘတ်ထဲမှ အရောင်တောက်နေသည့် ဆေးတစ်လုံးထုတ်သည်။ ကျိုးဆောင်မှတ်တစ်ရာဖြင့် လဲလှယ်ခဲ့သည့် ယန်သုံးမျိုးအားဖြည့်ဆေးဖြစ်သည်။

ဆေးလုံးကို ချက်ချင်းမျိုချသည်။ ပူနွေးသည့်စီးကြောင်းတစ်ခု သူ့ကိုယ်ထဲဝင်လာပြီး ခြေလက်များအထိ ပြည့်နက်သွားသည်။

"တကယ်အလုပ်ဖြစ်တာပဲ"

ကိုယ်ထဲတွင်မြင့်တက်လာသည့်စွမ်းအားကို သူခံစားမိသည်။

သို့သော် ထိုခဏမှာပင် ထိုစွမ်းအားကို သူဆုံးရှုံးသွားသည်။ သူအကြီးအကျယ်အံ့အားသင့်နေသည်။ ပူနွေးသည့်စီးကြောင်းက သူ့ခြေလက်များမှ မြေပေါ်သို့စီးကျပြီး မှော်စက်ဝန်းကြီးတစ်ခုဖြစ်လာသည်။

မှော်စက်ဝန်းမှ ထူထဲသည့်မီးခိုးများ လိမ့်တက်လာသည်။ မီးခိုးများကြား၌ မသဲမကွဲ လူသဏ္ဌာန်နှစ်ခုပေါ်လာသည်။

မီးခိုးများရှင်းသွားချိန်တွင် ထိုလူနှစ်ယောက်၏မျက်နှာကို ရှင်းလင်းစွာမြင်ရသည်။

လုယန်နှင့် မုန်ကျင်းကျိုးဖြစ်သည်။

"ဘိုးဘေး၊ ကျုပ်တို့ကို ခေါ်လိုက်တာလား"

အခြေအနေကို နားမလည်ချင်ယောင်ဆောင်၍ အူတူတူမျက်နှာဖြင့် လုယန်က မေးသည်။ မုန်ကျင်းကျိုးကလည်း အရိုးခံမျက်နှာဖြင့် ကြည့်နေသည်။

"မင်းတို့နှစ်ယောက် ဒီကိုဘယ်လိုရောက်လာတာလဲ။ ငါ့ရဲ့ ယန်သုံးမျိုးစွမ်းအား ဘယ်ရောက်သွားတာလဲ"

ရှန်ထန် အံ့ဩနေသည်။ ဆေးတစ်လုံးစားပြီးနောက် လူနှစ်ယောက် ဘယ်လိုထွက်လာသည်မသိ။

"အဲဒါ ကျုပ်တို့နှစ်ယောက်ပဲလေ။ ကျုပ်က ယိယန်"

လုယန် သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။ ထို့နောက် သူ့ဘေးမှ မုန်ကျင်းကျိုးကို လက်ညှိုးထိုးပြသည်။

"သူ့မှာ သန့်စင်ယန်နတ်ဝိညာဉ်နှစ်ခုရှိတယ်။ ဒီတော့ အာယန်ပေါ့"

***********************************

All Chapters