အခန်း (၃၀၉-၃၁၀)
Vol. 23 Ch. 309-310
အပိုင်း(၃၀၉)
လက်ရှိ အခြေအနေအရ ကျန်ဉာဏ်ရည်တု လူသား နှစ်ဦး၏ သတင်းကို မသိရသေးသော်လည်း S-277 မှာမူ သာမန်လူသားတစ်ဦးကဲ့သို့ပင် ကိုယ်ပိုင် စဉ်းစားဉာဏ်နှင့် စိတ်ခံစားမှုများ အပြည့်အဝ ရှိနေပုံရသည်။
ဉာဏ်ရည်တု လူသား တစ်ဦးအနေဖြင့် ကြည့်လျှင် သူမသည် မကြုံစဖူး ထူးကဲသည့် အောင်မြင်မှု ပြယုဂ်တစ်ခု ဖြစ်နေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ပြဿနာက တစ်ခုတည်းသာ ရှိသည်။ ဒုတိယအသုတ် ဉာဏ်ရည်တု လူသားများသည် စမ်းသပ်ဆဲအဆင့်သာ ဖြစ်ပြီး အမှားအယွင်းများကို ရှာဖွေရန်သာ အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။ အသုံးပြုထားသည့် ဖလော်ဆိုဖာ ကျောက်တုံးများမှာလည်း အဆင့်နိမ့်ထက် အနည်းငယ်မျှသာ သာလွန်သဖြင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် အီသာ စီးဆင်းမှုမှာ စံချိန်စံညွှန်း မမီခဲ့ချေ။
မှန်ပါသည်။ ထိုမပြည့်စုံမှုဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်သည်။ မည်မျှပင် အရည်အသွေးနိမ့်သည့် ဖလော်ဆိုဖာ ကျောက်တုံး ဖြစ်ပါစေ၊ ၎င်းတို့၏ အီသာ စုပ်ယူနိုင်စွမ်းမှာ သာမန် သဘာဝလွန် စွမ်းအားရှင်များထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။
အကယ်၍သာ အပြစ်အနာအဆာကင်းသော ဖလော်ဆိုဖာ ကျောက်တုံးမျိုးနှင့် အစားထိုးလိုက်မည်ဆိုလျှင်မူ... S-277 သည် အောင်မြင်သည့် စမ်းသပ်ချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ပြီးပြည့်စုံသည့် လူသားတစ်ဦးအဖြစ် တစ်ဖန် ပြန်လည် မွေးဖွားလာပေလိမ့်မည်။
'ရွှံရုပ်တုလေးကတော့ တောက်ပတဲ့ ရတနာတစ်ပါးဖြစ်လာတော့မှာပဲ…’
အင်ဒရူးသည် မချိတင်ကဲ သက်ပြင်းချမိသည်။
အမှန်တရားအသင်းတော်၏ ပညာရှင်တစ်ဦးအနေဖြင့်လည်းကောင်း၊ ဤစီမံကိန်းတစ်ခုလုံးတွင် ပါဝင်ကြီးကြပ်ခဲ့သူတစ်ဦးအနေဖြင့် လည်းကောင်း သူသည် ဂုဏ်ယူ ကျေနပ်မှုကို မဖုံးဖိနိုင်အောင် ခံစားလိုက်ရသည်။
'တကယ့်ကိုပဲ... မစ္စတာလင် တစ်ယောက်ပဲ တခြားသူတွေ မမြင်နိုင်တဲ့ ရတနာလေးကို ဖော်ထုတ်နိုင်တာ…'
အကယ်၍ S-277 သို့မဟုတ် 'မွန်း' သာ ဓာတ်ခွဲခန်းထဲမှာပဲ ကျန်ရစ်ခဲ့မည်ဆိုလျှင် သူမသည် ဖျက်ဆီးခြင်း ခံရဖို့က များလှပေသည်။
အင်ဒရူး၏ ပညာရှင်စိတ်ဓာတ်သည် လင်ကျဲအပေါ် လေးစားကြည်ညိုမှုများ ပိုမို တိုးပွားလာခဲ့သလို တစ်ချိန်တည်းမှာပင် သူ၏ ယခင်က မိုက်မဲခဲ့မှုများအတွက် ကိုယ့်ကိုယ်ကိုယ် နာကျည်းစိတ်မှာလည်း ပြင်းထန်လာခဲ့သည်။ စာအုပ်ဆိုင်ရှင်၏ စွမ်းဆောင်ရည်ကို သံသယဝင်ခဲ့မိသည့် မိမိ၏ ရဲတင်းမှုကို ပြန်တွေးမိတိုင်း သူ ရှက်ရွံ့နေမိတော့သည်။
အင်ဒရူး နေရာတစ်ခု ရှာဖွေကာ ထိုင်လိုက်၏။ စောင့်ဆိုင်းနေစဉ်အတွင်း သူ၏ စိတ်ထဲ၌ အတွေးများစွာက လှည့်ပတ်နေသည်။
'ကြည့်ရတာ... မစ္စတာလင်က အဲဒီအချိန်ကတည်းက အရာအားလုံးကို သိနေခဲ့တာပဲ…'
'မဟုတ်ဘူး...'
အင်ဒရူး မိမိ၏ မိုက်မဲမှုကို ရုတ်တရက် သတိပြုမိသွား၏။
'မစ္စတာလင် မသိတဲ့အရာဆိုတာ ရှိလို့လား…'
စာအုပ်ဆိုင် ပိုင်ရှင်မှာ အရာအားလုံးကို သိထားသည်။ မီးလျှံဓားလမ်းစဉ် ပဲဖြစ်ဖြစ်၊ တခြား မည်သူပဲ ဖြစ်ဖြစ်…
အဆိုပါ အဖွဲ့အစည်းသည် တစ္ဆေတစ်ကောင် ကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပါစေ… အဖွဲ့အစည်း အတော်များများထဲသို့ မရိပ်မိအောင် ထိုးဖောက်ဝင်ရောက်နိုင်သော စွမ်းရည်ရှိနေပါစေ... မစ္စတာလင်အတွက်တော့ ဘာမှမဟုတ်ချေ။
မိမိကိုယ်မိမိ အထွတ်အထိပ်သို့ မရောက်သေးကြောင်း သိသော်လည်း ထိုအထွတ်အထိပ်ကို လှမ်းမြင်နိုင်သူတစ်ဦးဟု အထင်ရောက်နေခဲ့သည့် အင်ဒရူးသည် ယခုမှပင် ထိုတောင်ထိပ်များ၏ နောက်ကွယ်၌ ပို၍ မြင့်မားသည့် တောင်တန်းကြီးများ ရှိနေကြောင်းနှင့် ထိုနေရာများတွင် မည်သူမျှ မသိနိုင်သည့် အစွမ်းထက် သတ္တဝါကြီးများ ပုန်းအောင်းနေကြောင်း နားလည်သွားတော့သည်။
ရာထူးအာဏာ ကြီးမားသူတစ်ဦးဖြစ်သည့် အင်ဒရူးအတွက်မူ ဤသည်က အစွန်းကုန် ထိတ်လန့်စရာပင်။
သို့သော်လည်း… မစ္စတာလင်၏ မျက်စိအောက်မှ ဘာမှလွတ်မြောက်နိုင်ခြင်း မရှိချေ။ မီးလျှံဓားလမ်းစဉ် မည်မျှပင် လျှို့ဝှက်နေပါစေ၊ သူ့အတွက်တော့ အညတရ လူပြက်လေးများသာ ဖြစ်သည်။
နောက်ကွယ်မှနေ၍ လျှို့ဝှက်စွာ လှုပ်ရှားနေပြီး ယခုထက်ထိ လူကိုယ်တိုင် ထွက်မလာသေးသော ထို 'အခရာအဆင့်' ပုဂ္ဂိုလ်ကြီးကပင် မစ္စတာလင်ကို လက်ဆောင် ဆက်သခဲ့ရသည် မဟုတ်ပါလား။
ထို 'အခရာအဆင့်' ပုဂ္ဂိုလ်ကြီးသည် မစ္စတာလင်၏ အမိန့်တော်ကို ကြားသိသွား၍သာ ဂျရုမ်းကို သုတ်သင်ပြီး ဖလော်ဆိုဖာ ကျောက်တုံးအဖြစ် ပြောင်းလဲ၍ အင်ဒရူးမှတစ်ဆင့် စာအုပ်ဆိုင်သို့ ပြန်လည် ပေးပို့ခိုင်းလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ တာဝန်ခွဲဝေမှုတစ်ခုဖြစ်ကြောင်း အလွန်ပင် ရှင်းလင်းလှသည်။
'ဒါတွေအားလုံးက မစ္စတာလင် စီစဉ်ထားတာ မဟုတ်ဘူးဆိုရင် ငါ အဆင့်နိမ့် ဖလော်ဆိုဖာ ကျောက်တုံး တစ်သုတ်လုံးကို ပါးစပ်ထဲထည့်ပြီး ဝါးစားပစ်လိုက်မယ်…’
အင်ဒရူး တွေးတောရင်း ကောင်တာနောက်ကွယ်၌ စက်ပစ္စည်းမျိုးစုံကို အသုံးပြုကာ နို့ပုလဲလက်ဖက်ရည် ဖျော်စပ်နေသည့် မွန်းကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။
'နေဦး…’
ဦးနှောက်ထဲ၌ ခေါင်းလောင်းသံ တစ်ချက် မြည်သွားသကဲ့သို့ တစ်စုံတစ်ခုကို သူ ရုတ်တရက် တွေးမိသွား၏။
ထို 'အခရာအဆင့်' ပုဂ္ဂိုလ်ကြီးရဲ့ ပုန်းခိုရာ နေရာ...။
မှန်ပေသည်။ သူတို့ မစဉ်းစားမိသည့် ပုန်းစရာ နေရာတစ်ခု ကျန်သေးသည်။
မက်ရှင်းလု… သို့မဟုတ် စက်မှုကွင်းပြင်
ထိုနေရာသည် အမှန်တရားအသင်းတော်၏ ဓာတ်ခွဲခန်းများနှင့် စက်ရုံများ တည်ရှိရာ နေရာ ဖြစ်သည် အဆင့်နိမ့် ဖလော်ဆိုဖာ ကျောက်တုံးများနှင့် ဉာဏ်ရည်တု လူသား စမ်းသပ်ချက်များ ပြုလုပ်ရာ နေရာဖြစ်သည်။ ထို့ပြင် S-277 ကို ဖန်တီးခဲ့သည့် နေရာလည်း ဖြစ်သည်။
ဤကာလအတွင်း အမှန်တရားအသင်းတော် တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး သူလျှိုဖြစ်နိုင်ခြေရှိသူ မှန်သမျှကို စစ်ဆေးခဲ့သော်လည်း ထိုသူလျှိုများကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။
မူလကတော့ အခွင့်အရေးကို စောင့်ဆိုင်းရန်သာ ရည်ရွယ်ထားသော်လည်း ဂျရုမ်း သေဆုံးသွားခြင်းက အင်ဒရူး၏ အစီအစဉ်များကို ပျက်ပြားစေခဲ့သည်။ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူထံတွင် အစီအစဉ်သစ်များ ရှိနေပါက အစားထိုးမည့်သူတစ်ဦးကို စေလွှတ်လာမည်မှာ သေချာသည်။
ထိုအချိန်သည် သူတို့ကို ဖမ်းဆီးရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း… ရှေ့တွင်ရှိနေသည့် မွန်းနှင့် တဖျတ်ဖျတ် ပေါ်လာသည့် မှတ်ဉာဏ်ဟောင်းများက အင်ဒရူးကို အသိတရား ရလာစေသည်။
မက်ရှင်းလု အတွင်းတွင် စက်ရုံများနှင့် ဓာတ်ခွဲခန်းများအပြင် စွန့်ပစ်ထားသည့် အပျက်အစီးများစွာ ရှိနေသေးသည်။ ယခု အသုံးပြုနေသည့် နေရာမှာ မက်ရှင်းလု၏ အပေါ်ယံဟုပင် ဆိုနိုင်သည်။
မက်ရှင်းလုသည် နော်ဇင် ဗဟိုခရိုင်၏ အောက်ဘက်တွင် တည်ရှိပြီး အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်တို့ကို ဆက်သွယ်ထားသည်။ မြို့တော်၏ အနိမ့်ဆုံး ဖြစ်သည့် ထိုနေရာမှာ အောက်ပိုင်းခရိုင်၏ တံခါးပေါက်များ ဖြစ်ကြပြီး လုံခြုံရေး အလွန်တင်းကျပ်သည်။ ရိုး မြေအောက် သယံဇာတ ဖွံ့ဖြိုးရေးမှ ဝန်ထမ်းများသာ ဝင်ထွက်ခွင့် ရှိကြသည်။
ထိုပုဂ္ဂိုလ်ကြီး အနေဖြင့် မက်ရှင်းလု အတွင်းရှိ မည်သည့် အစိတ်အပိုင်းအား အသုံးပြုနိုင်သည်ကိုတော့ မည်သူမျှ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် ဧရိယာ အတော်များများကို ပိတ်သိမ်း စွန့်ပစ်ထားသောကြောင့် ဖြစ်သည်။ ယခင်က အန္တရာယ်ရှိသည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သဖြင့် ထိုနေရာမှာ လူသူမနီးသော မြေရိုင်းလွင်ပြင် ဖြစ်သွားကာ ခြေချခွင့်ကိုပါ ပိတ်ပင်ထားခဲ့သည်။
ထို့ပြင် မက်ရှင်းလု ကို နော်ဇင်မြို့နှင့်အတူ တစ်ပြိုင်တည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ တစ်ခုတည်းသော ပုံစံပြမြေပုံ (ဘလူးပရင့်) မှာ ပညာရှင်ကြီး ဝိညာဉ်ဉာဏ်အလင်း ရာဇီယယ်နှင့်အတူ အဇီး၏ တစ်နေရာရာတွင် မြှုပ်နှံထားခဲ့ပြီဟု ဆိုကြသည်။
ရာဇီယယ်မှအပ ဤလောကတွင် မက်ရှင်းလု ၏ မြေပုံတစ်ခုလုံးကို သိရှိနိုင်သူ မည်သူမျှ မရှိနိုင်တော့ချေ။
ထို့ကြောင့်ပင် ၎င်းမှာ လျှို့ဝှက်စွာ လှုပ်ရှားလိုသူများအတွက် အကောင်းဆုံးသော ပုန်းခိုရာ ဖြစ်ပေသည်။
'ပိတ်ထားတာ ကြာပြီဖြစ်တဲ့ အတွက် အဲဒီနေရာတွေရဲ့ အခြေအနေမှန်ကို ဘယ်သူမှ မသိဘူး… အဲဒီမှာ အန္တရာယ် ရှိနေသေးသလားဆိုတာကိုလည်း ငါတို့ အစအနတောင် မသိဘူး… နောက်ပြီး အဲဒီနေရာတွေက အခု အသုံးပြုနေတဲ့ ဧရိယာတွေထက် အဆမတန် ကျယ်ဝန်းတာ…’
'အကယ်၍ အဲဒီမှာ လူတွေ ပုန်းနေကြမယ်ဆိုရင်ရော...'
ပုန်းခိုရာအဖြစ် အသုံးပြုနိုင်ရုံသာမက ပိတ်သိမ်းထားသည့် အရင်းအမြစ် အမြောက်အမြားကိုလည်း မည်သူမျှ မရိပ်မိအောင် အသုံးပြုနိုင်ပေလိမ့်မည်။
'ဟုတ်တာပေါ့... ဒါဟာ အလင်းအောက်က အမှောင်ထုပဲ…'
အင်ဒရူး၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ပျံလာသည်။
သူတို့ အနေဖြင့် နှာခေါင်းအောက် တည့်တည့်မှာရှိသော ထိုနေရာကြီးကို လျစ်လျူရှုခဲ့မိကြသည်။ အကယ်၍ တစ်စုံတစ်ဦးကသာ ထိုပိတ်ထားသော ဧရိယာများကို အမှန်တကယ် သိမ်းပိုက်ထားမည်ဆိုလျှင် မိမိတို့သည် ရန်သူနှင့် နံရံတစ်ချပ်သာ ခြားပြီး နှစ်ပေါင်းများစွာ အတူတူ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုအကြောင်း တွေးမိရုံနှင့်ပင် စက်ဆုပ်ထိတ်လန့်ဖွယ် ကောင်းလှသည်။
"ဒီမှာရှင်... နို့ပုလဲလက်ဖက်ရည်…"
မိန်းကလေးတစ်ဦး၏ အသံက အင်ဒရူး၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်ပြီး နို့ပုလဲလက်ဖက်ရည် တစ်ခွက်မှာ သူ၏ ရှေ့သို့ ရောက်ရှိလာသည်။
"ဟင်... ဪ... ကျေးဇူးတင်ပါတယ်…"
အင်ဒရူးသည် သတိပြန်ဝင်လာကာ လေကို ဝဝရှူရင်း နို့လက်ဖက်ရည်ခွက်ကို ဂရုတစိုက် လှမ်းယူလိုက်၏။
"ဟူး..."
သူသည် သက်ပြင်းတစ်ချက်ကို အားပါပါ မှုတ်ထုတ်လိုက်သည်။ ထို့နောက်… ခေါင်းမော့ကာ တဖြည်းဖြည်း ဝေးကွာသွားသော မွန်း၏ ကျောပြင်ကို ကြည့်ရင်း စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်၏။
အကယ်၍ S-277 ကို တစ်ဖန် ပြန်မတွေ့ခဲ့ရလျှင် သူသည် မက်ရှင်းလု အကြောင်းကို ဤမျှ မြန်မြန်ဆန်ဆန် စဉ်းစားမိမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူတို့၏ အတွေးထဲတွင် ကွယ်ပျောက်နေသော ဘလိုင်းစပေါ့ (မျက်ကွယ်) တစ်ခု ဖြစ်နေသောကြောင့်ပင်။
အမှန်စင်စစ် မစ္စတာလင် သူ့အား စာအုပ်ကဖေးသို့ လာခိုင်းခြင်းမှာ ရန်သူ၏ ပုန်းခိုရာနှင့် ပတ်သက်ပြီး အရိပ်အမြွက် ပေးလိုသောကြောင့်ဖြစ်ပေလိမ့်မည်။ ၎င်းကပင် သူ့အတွက် အလုပ်များစွာ သက်သာသွားစေခဲ့သည်။
'မစ္စတာလင်ဆီကနေ ဒါမျိုးပဲ မျှော်လင့်နိုင်တာပေါ့…’’
***
အပိုင်း(၃၁၀)
'မစ္စတာလင်ဆီကနေ ဒါမျိုးပဲ မျှော်လင့်နိုင်တာပေါ့…’’
အင်ဒရူး အတွေးများစွာနှင့် အတူ လက်ထဲမှ နို့ပုလဲလက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
"ဟင်..."
ရုတ်တရက်... သူ၏ ပါးစပ်ထဲတွင် ပုလဲလုံးလေးများမှာ တွန့်လိမ်လှုပ်ရှားနေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ မှင်တက်သွားမိသည်။
အင်ဒရူးသည် ခွက်ထဲမှ 'ပုလဲလုံး' လေးများကို ငုံ့ကြည့်လိုက်ရာ ၎င်းတို့မှာ မျက်လုံးများ အပြူးသားဖြင့် ကြည့်နေကြပြီး သွယ်လျလျ နှာမောင်းတံလေးများစွာ ထွက်ပေါ်လာကာ နို့လက်ဖက်ရည်ထဲတွင် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေကြလေတော့သည်။
"..."
အင်ဒရူး၏ မျက်လုံးအစုံမှာ ပြင်းထန်စွာ တုန်ရင်သွားက ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွား၏။
စာအုပ်ဆိုင်အတွင်း၌ သူ မြင်ခဲ့ရသည်မှာ စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ကြောင်း သူ ရုတ်တရက် သတိရသွားသည်။ လင်ကျဲ၏ နို့လက်ဖက်ရည်ခွက်ထဲမှ ထင်ရှားလှသော မဟူရာရောင် ပုလဲလုံးလေးများသည် မျက်လုံးများအလား တူညီနေခဲ့ခြင်းမှာ အမြင်မှားခြင်း မဟုတ်ပေ။ ၎င်းတို့မှာ အမှန်တကယ်ပင် မျက်လုံးများ ဖြစ်ကြသည်။
ထူးခြားသည်က ထိုအမည်မသိ သတ္တဝါငယ်လေးများသည် မစ္စတာလင်၏ လက်ထဲတွင်ရှိစဉ်က သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ဖုံးကွယ်ကာ 'ပုလဲလုံး' ပုံစံဖြင့် ငြိမ်သက်စွာ ဝပ်တွား နေခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက်တွင်မှ မစ္စတာလင်၏ ဝါးစားခြင်းကို ခံရသည့် မုန့်ပဲသရေစာများ ဖြစ်သွားကြသည်။
သို့သော်လည်း… ယခုမူ ဤနို့လက်ဖက်ရည်ခွက်မှာ မစ္စတာလင်၏ လက်ထဲ၌ မဟုတ်ဘဲ အင်ဒရူး၏ လက်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အင်ဒရူး၏ စိတ်ထဲတွင် မည်မျှပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော အတွေးများ ရှိနေပါစေ၊ ထို ပုလဲလုံးလေးများကမူ ဂရုစိုက်ပုံမရချေ။
၎င်းတို့သည် နို့လက်ဖက်ရည်ထဲ၌ လွတ်လပ်စွာ ကူးခတ်လျက် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေကြပြီး တွန့်လိမ်နေသည့် ပင်လယ် မှော်ပင်များကဲ့သို့ သေးငယ်သည့် နှာမောင်းတံလေးများကို နို့လက်ဖက်ရည်ထဲ၌ ဖြန့်ကျက်ထားကြသည်။
ပွင့်လာသည့် မျက်လုံးများမှာ ကြောင်မျက်လုံးများကဲ့သို့ ဒေါင်လိုက် သူငယ်အိမ်ရှိသည့် ဝါဖျော့ဖျော့ အရောင် ဖြစ်ကာ အဆုံးမရှိသည့် ဂါထာမန္တန်များကဲ့သို့ ရှုပ်ထွေးလှသော ပုံစံများဖြင့် မှုန်ရီဝေဝါးနေလေ၏။
ငရဲဘုံအဆင့် ပညာရှင်တစ်ဦး၏ အမြင်အာရုံဖြင့် ကြည့်လျှင် အင်ဒရူးသည် ထိုအရာများ၏ ထူးဆန်းသော တည်ဆောက်ပုံကိုပင် မြင်တွေ့နေရသည်။ ထူထပ်လှသည့် ဆူးတောင်လေးများနှင့် စုတ်ခွက်လေးများသည် ဖန်ခွက်၏ မျက်နှာပြင်ပေါ်တွင် လက်ဗွေရာများအလား ကပ်ငြိနေကြသည်။
ထိုပုံရိပ်မှာ အင်ဒရူး၏ စိတ်ထဲ၌ စွဲထင်သွားပြီး သူ့အား အစွန်းကုန် ထိတ်လန့်သွားစေတော့သည်။
သို့သော် ပို၍ ကြောက်စရာကောင်းသည်က… အင်ဒရူး အနေဖြင့် ထိုနို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးဖြစ်ကာ သူ၏ ပါးစပ်ထဲတွင်လည်း အကြွင်းအကျန်အချို့ ရှိနေသေးခြင်းပင်...။
ထိုထိတ်လန့်မှုမျိုးက ပန်းသီးတစ်လုံးကို တစ်ဝက်ခန့် ကိုက်စားပြီးမှ အတွင်း၌ လောက်ကောင်ကို တွေ့လိုက်ရသည့် အတွေ့အကြုံနှင့် အတူတူပင် ဖြစ်သည်။
ယခုအခါ သူ၏ ပါးစပ်ထဲတွင် 'ပုလဲလုံး' နှစ်လုံးခန့် ရောက်ရှိနေပြီး ၎င်းတို့သည် သူ၏ အာခေါင်နှင့် လျှာပေါ်တွင် လျှောက်သွားနေကြသည်။ ဖန်ခွက်ထဲတွင် သူ မြင်ခဲ့ရသော နှာမောင်းတံလေးများသည် ဆူးတောင်လေးများကို အသုံးပြုကာ သူ၏ အာခေါင်၌ အခြေကုပ်ယူလျက် လည်ချောင်းထဲသို့ တဖြည်းဖြည်း တိုးဝင်ရန် ကြိုးစားနေကြသည်။
မှန်ပါသည်။ ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါရပ်များထဲတွင် အိမ်ဖွဲ့ရန်အတွက် အတင်းအကြပ် တိုးဝင်နေကြခြင်း ဖြစ်သည်။
အင်ဒရူး၏ မျက်နှာမှာ အလွန် ဖြူလျော်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ကျူးကျော်ဝင်ရောက်လာသော အရာများကို အလိုလို ပြန်လည် ခုခံနေမိသည်။
သူသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းသော ပညာရှင်တစ်ဦး ဖြစ်သော်လည်း ငရဲဘုံအဆင့် အစွမ်းရှိသည့် သဘာဝလွန် စွမ်းအားရှင်တစ်ဦးလည်း ဖြစ်ပေသည်။
အယ်ခီမီပညာသည် အလွန် ကျယ်ပြန့်ပြီး ကဏ္ဍစုံနှင့် ဆက်စပ်နေသော ပညာရပ်တစ်ခု ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ၎င်းမှာ ဘက်စုံတတ် ပညာရပ် ဖြစ်သော်လည်း အပေါ်ယံ သိရုံနှင့် မရဘဲ အခြားသော ပညာရပ်များစွာကိုပါ နှံ့စပ်ရန် လိုအပ်သည်။
အင်ဒရူး၏ ခန္ဓာကိုယ်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားပြီးဖြစ်ကာ ဆေးရည်များစွာကိုလည်း သောက်သုံးထားသူ ဖြစ်သည်။ အကယ်၍ သူသာ အလိုရှိပါက အီသာစွမ်းအင်ကို အသုံးပြု၍ ဤ 'ပုလဲလုံး' များကို ချေမှုန်းပစ်ရန်မှာ မခက်ခဲလှချေ။
ဤအရာများမှာ ဘာမှန်း သူ သေချာမသိသော်လည်း ၎င်းတို့မှာ သိပ်အစွမ်းမရှိသော၊ အားနည်းလှသော ကပ်ပါးသတ္တဝါလေးများ ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။
ရုတ်တရက် အင်ဒရူး ရပ်တန့်သွား၏။ အဘယ်ကြောင့်နည်း။ မစ္စတာလင်၏ အပြုံးနှင့် သူ ပြောခဲ့သော စကားများကို သတိရသွားသောကြောင့်ပင်။
"ဟိုဘက်ဆိုင်က နို့ပုလဲလက်ဖက်ရည်ကိုလည်း သောက်ကြည့်ဦးနော်..."
"ပထမဆုံး ခွက်တစ်ရာအတွက်ပဲ ကန့်သတ်ထားတာ..."
'မစ္စတာလင်ရဲ့ ရည်ရွယ်ချက်က ငါ့ကို ဒီနို့လက်ဖက်ရည် သောက်စေချင်တာပဲ… ဒီပထမဆုံး ခွက်တစ်ရာ လျှော့စျေးဆိုတာက လူတွေကို ရွေးချယ်တဲ့ စနစ်တစ်ခုလား … ပြီးတော့ ဒီ ပုလဲလုံးတွေကရော... မစ္စတာလင် စီစဉ်ထားတဲ့ အရာတွေလား…’
'ဟုတ်တာပေါ့... မစ္စတာလင်က ငါ့ရှေ့မှာ နို့လက်ဖက်ရည် သောက်ပြနေတာ သိသာလွန်းတဲ့ အရိပ်အမြွက်ပဲ...'
'ငါ... ငါ... လုပ်သင့်တာက...'
အင်ဒရူး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သူ၏ ပါးစပ်ထဲတွင် တွန့်လိမ်လှုပ်ရှားနေသော ပုလဲလုံးများကို လက်ခံရန် အရှိန်သတ်လိုက်သည်။ သူ၏ အကြည့်မှာ ကောင်တာဘက်မှ မွန်းထံသို့ ကျရောက်သွားသည်။
စိတ်နှင့် ခန္ဓာကိုယ်ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသော်လည်း ဗီဇအရ ရုန်းကန်မှုမှာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ဖြူစင်သည့် အလင်းရောင်တစ်ခု တဖြည်းဖြည်း တောက်ပလာပြီး ရုန်းကန်မှုများကို စွန့်လွှတ်ကာ ကြည်ညိုလေးစားပြီး အေးချမ်းသော အမူအရာတစ်ခု ကိန်းအောင်းလာသည်။
သူမအား စိုက်ကြည့်ကာ ရုန်းကန်နေရသည့် ဖောက်သည်ကို သတိမပြုမိသည့်အလား မွန်းက ခါးကို အနည်းငယ် ကိုင်းလိုက်ကာ ဝဖိုင့်နေသော အဖြူရောင် ကြောင်ကြီးတစ်ကောင်ကို ပွေ့ချီလိုက်၏။
"မြောင်…"
အဖြူရောင် ကြောင်ကြီးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် သူ၏ ခြေထောက်တိုတိုလေးများကို လေထဲတွင် ယမ်းနေသည်။ သို့သော်လည်း ကြောက်စရာကောင်းလှသော ပုဂ္ဂိုလ်ကြီးက သူ့အား ဆိုင်စောင့် 'လာဘ်ကောင်' အဖြစ် တာဝန်ပေးထားသည်ကို သတိရသွားသည်။ 'လာဘ်ကောင်' ဆိုသည်မှာ ဘာမှန်း သူ မသိသော်လည်း ခိုင်းသည့်အတိုင်း လုပ်ရမည်ဖြစ်ကာ ဝိုင်းကူပေးရမည် ဖြစ်သည်။
သို့ဖြစ်ရာ အဖြူလေးသည် သူ၏ နားရွက်လေးများကို တွန့်ကာ မတတ်သာသည့်အဆုံး အရှုံးပေးလိုက်ပြီး မွန်း၏ လက်ထဲ၌ ဇောက်ထိုး အချီခံကာ အခါခံလိုက်ရတော့သည်။
ဖတ်… ဖတ်… ဖတ်…
လိမ္မော်ရောင်နှင့် အဝါရောင် မျက်လုံးအစုံလိုက်မှာ ဖြူဖွေးသည့် အမွှေးများကြားမှ ထွက်ကျလာကာ ကောင်တာပေါ်တွင် အကြိမ်အနည်းငယ် ခုန်ပေါက်သွားကြ၏။ ၎င်းတို့အနက် အချို့မှာ 'အမွှေးအမျှင်' များကို မဖုံးကွယ်နိုင်တော့ဘဲ ဖြူတစ်ကောင် အလား ဖောင်းကြွလာကြ၏။
တည်ငြိမ်အေးစက်လှသည့် မွန်းသည် ထိုမျက်လုံးများကို အေးအေးလူလူပင် လိုက်လံ စုစည်းလိုက်၏။
သူမသည် ဤအရာများကို အလွန် ကောင်းမွန်စွာ သိထားသည်။
အမိုးခုံး ဘုရားကျောင်းတော်၏ နောက်ဆုံးတိုက်ပွဲတွင် ရော့ဒ်နီ ဆင့်ခေါ်ခဲ့သည့် နတ်ဘုရားတုမှာ အခြေခံအားဖြင့် ဤသို့သော ပုံစံမျိုးပင်။
ထူးခြားသည်က ယခုမျက်လုံးလေးများမှာ သေးငယ်သည့် ပုံစံလေးများ ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့နောက်… မွန်း၏ လက်ထဲတွင် ၎င်းတို့မှာ လုံးဝိုင်းသွားကာ 'ပုလဲလုံး' လေးများ ဖြစ်သွားကြသည်။ နို့ပုလဲလက်ဖက်ရည်ဟု ခေါ်ဆိုသော အရာထဲမှ ပုလဲလုံးများမှာ အမှန်စင်စစ် ဤနတ်ဘုရားတု၏ အစိတ်အပိုင်းလေးများသာ ဖြစ်ကြသည်။
စကားမစပ်... 'အမိုးခုံး ဘုရားကျောင်းတော်' သာသနာ့ဝန်ထမ်းများကို ထိန်းချုပ်ရန် အသုံးပြုခဲ့သော လပြည့်ဝန်း အဆီအနှစ်၏ အဓိက ပါဝင်ပစ္စည်းမှာလည်း ဤမျက်လုံးများကို အမှုန့်ကြိတ်ထားခြင်းပင် ဖြစ်သည်။
လပြည့်ဝန်း အဆီအနှစ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဆဲလ်များအတွင်းသို့ ပေါင်းစပ်သွားသောအခါ သူတို့၏ စိတ်နှင့် အတွေးအခေါ်များကို ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။
ယခုအခါ၌… ဤမျက်လုံးများကို မူလအတိုင်း အသုံးပြုထားခြင်းဖြစ်ရာ ၎င်းတို့ မည်မျှ အစွမ်းထက်မည်မှာ ထင်ရှားလှပေသည်။
မွန်းသည် ထိုပုလဲလုံးများကို ခွက်တစ်ခုထဲသို့ ထည့်ကာ... အသစ်စက်စက် နို့ပုလဲလက်ဖက်ရည် တစ်ခွက်ကို ဖျော်စပ်လိုက်သည်။
'ဒီပုလဲလုံးတွေက အဲဒီက လာတာလား…'
အင်ဒရူး၏ မျက်လုံးများ ပြူးကျယ်သွားကာ မသမာသည့် စီးပွားရေးသမားတစ်ဦးအပေါ် စားသုံးသူတစ်ဦးကဲ့သို့ ပြစ်တင်လိုစိတ်များ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုအဖြူရောင် ကြောင်ကြီးထံမှ ရင်းနှီးသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
အမိုးခုံး ဘုရားကျောင်းတော် အရေးအခင်း ဖြစ်ပွားစဉ်က အင်ဒရူးမှာ အကျယ်ချုပ်သဘောမျိုးဖြင့် ဖမ်းဆီးခံထားရသဖြင့် ထိုကိစ္စတွင် မပါဝင်ခဲ့ချေ။ ထို့ကြောင့် သတင်းအချက်အလက် အစီရင်ခံစာများထဲတွင် ပါရှိသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတုကို သူ ကိုယ်တိုင် မမြင်ခဲ့ဖူးပေ။
သို့သော်လည်း… ရင်းနှီးနေသည်မှာ သူ ဗဟိုဝတ်ပြုဆောင်သို့ သွားရောက်စဉ်က ခံစားခဲ့ရသော အငွေ့အသက်မျိုးပင်။
‘ပလ္လင်ပေါ်မှာ ပူဇော်ထားတဲ့ မြင့်မြတ်တဲ့ အမွေအနှစ် သုံးခုထဲက အိပ်မောကျနေတဲ့ လမင်းရင်သွေး…'
အင်ဒရူးသည် ကြောင်ဖြူကြီးကို မှင်တက်စွာ စိုက်ကြည့်နေမိ၏။ သူ၏ စိတ်အတွင်းတွင်တော့ အတွေးများစွာက ကြမ်းတမ်း ခက်ထန်စွာ ဖြတ်ပြေးနေခဲ့သည်။
'ဒါဆို... ဒီကြောင်ကြီးက အိပ်မောကျနေတဲ့ လမင်းရင်သွေး ဆိုတဲ့ အဓိပ္ပာယ်လား… ဒါပေမဲ့ သူက နိုးနေတာပဲလေ...'
‘ဒါဆို မစ္စတာလင်က နတ်ဘုရားတစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ မွေးမြူနေတာပဲ...'
'ပြီးတော့ အဲဒီနတ်ဘုရားကို နို့ပုလဲလက်ဖက်ရည် ဖျော်ခိုင်းနေတယ်... မဟုတ်ဘူး၊ မစ္စတာလင်က ဒါကို နို့လက်ဖက်ရည်လို့ ခေါ်နေပေမယ့် ဒီအရာလေးတွေဟာ သူ့အတွက်တော့ ရွေးချယ်ထားတဲ့ လက်ပါးစေတွေပဲ... ဒါကြောင့် သူက ဒီအရာတွေကို အသုံးပြုပြီး သစ္စာရှိမှုကို စမ်းသပ်နေတာပဲ…'
အင်ဒရူး မတတ်သာသည့်အဆုံး မြိုချလိုက်မိလေတော့သည်။
ဂလု…
ပုလဲလုံးလ များမှာ ထိုသို့ဖြင့် မြိုချခြင်း ခံလိုက်ရလေပြီ...။
အင်ဒရူး၏ မျက်နှာမှာ ဝမ်းချုပ်နေသူတစ်ဦးကဲ့သို့ ဖြစ်သွားကာ လည်ပင်းကို ပွတ်သပ်ရင်း ချောင်းဆိုးလိုက်၏။
သူ၏ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး နောက်ဆုံးကျန်ရှိနေသည့် ရုန်းကန်မှုများမှာ ငြိမ်သက် အေးချမ်းမှုအဖြစ်သို့ ကူးပြောင်း သွားတော့သည်။
အင်ဒရူး သူ့ နို့လက်ဖက်ရည်ခွက်ကို မြှောက်ကာ မွန်းကို အနည်းငယ် ပြုံးပြလိုက်ရင်း…
"စိတ်မရှိပါနဲ့... ဒီနို့ပုလဲလက်ဖက်ရည်ကို နောက်ထပ် အပိုနည်းနည်းလောက် ပါဆယ် ထုတ်ပေးလို့ ရမလားခင်ဗျာ… အရသာက အရမ်းကောင်းလို့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ ဝယ်သွားချင်လို့ပါ"
ဟု ဆိုလိုက်လေတော့သည်။
***