← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

အပိုင်း(၃၁၁)

"ကျေးဇူးတင်ပါတယ်… ဒီနို့ပုလဲလက်ဖက်ရည်က တကယ်ကို အရသာရှိတာမို့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း သဘောကျကြမှာ သေချာပါတယ်"

အင်ဒရူးက မွန်းကို ပြုံးပြနှုတ်ဆက်ရင်း ပါဆယ်ထုတ်ထားသည့် နို့ပုလဲလက်ဖက်ရည် ဆယ်ခွက်ကို သယ်ဆောင်ကာ ကျေနပ်အားရသည့် ဖောက်သည်တစ်ဦးအသွင်ဖြင့် ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ထိုခွက်များကိုတော့ သူသည် လျှော့စျေးမဟုတ်ပဲ ပုံမှန်စျေးနှုန်းအတိုင်း အပြည့်အဝ ပေးချေခဲ့ခြင်း ဖြစ်သည်။

ပုလဲလုံးဟု ခေါ်သည့် အရာများအား မြိုချလိုက်ရခြင်းအပေါ် သူ၏စိတ်ထဲတွင် မည်သည့် မကျေနပ်ချက်မျှ မရှိတော့ချေ။ ယခင်က ရုန်းကန်ခဲ့မိသည်မှာ ခန္ဓာကိုယ်၏ ဗီဇအရ တုံ့ပြန်မှုသက်သက်သာ ဖြစ်သည်ဟု သူ ယူဆလိုက်သည်။ ၎င်းတို့ကို သောက်သုံးပြီးနောက်တွင်မူ ထိုသို့သော ဆန့်ကျင်လိုသည့် စိတ်အာရုံများမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဤပုလဲလုံးများမှာ စာအုပ်ဆိုင် ပိုင်ရှင် မွေးထားသည့် အဖြူရောင် ကြောင်ကြီး သို့မဟုတ် အိပ်မောကျနေသည့် လမင်းရင်သွေးငယ်၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။ လူတစ်ဦး၏ စိတ်ဆန္ဒကို ပြောင်းလဲပစ်နိုင်သည့် လပြည့်ဝန်း အဆီအနှစ်နှင့် ခြားနားစွာပင် ဤကိုယ်ပွားလေးများမှာ လက်ခံသူ၏ အတွေးအခေါ်များကို ထိခိုက်စေခြင်း မရှိချေ။

သို့သော်လည်း လက်ခံသူတွင်သာ သစ္စာဖောက်လိုသည့် အကြံအစည် တစ်စုံတစ်ရာ ရှိလာပါက ၎င်းတို့သည် လက်ခံသူ၏ ဦးနှောက်ကို ချက်ချင်းပင် သိမ်းပိုက် ထိန်းချုပ်သွားကြမည် ဖြစ်သည်။

ဤသည်မှာ ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရရှိနိုင်သည့် 'လုံခြုံရေး မူဝါဒ' တစ်ခုပင်။ သို့သော်လည်း… ၎င်းမှာ 'ဖျက်ဆီးခြင်း အဆင့်' အောက်ရှိ သဘာဝလွန် စွမ်းအားရှင်များအတွက်သာ အကျိုးသက်ရောက်မှု ရှိပေသည်။

ဤအချက်မှာ 'ပညာဉာဏ် ရှာဖွေသူများ' အဖွဲ့ကို တိုးချဲ့တည်ဆောက်ရာတွင် အလွန်ပင် အကျိုးရှိလိမ့်မည်ဟု အင်ဒဂးရူး တွေးတောမိသည်။ စာအုပ်ဆိုင်အပေါ် သူ့ သစ္စာရှိမှုကို အာမခံချက် ပေးနိုင်သော်လည်း အခြားသူများ၏ သစ္စာရှိမှုကိုမူ သူ အာမခံချက် မပေးနိုင်ခဲ့ချေ။

ယခုမူ ဤနို့ပုလဲလက်ဖက်ရည်များက ထိုအာမခံချက်ကို ပေးစွမ်းနိုင်ပေပြီ။

"အသစ်တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုက သူ့ထက် အဆပေါင်းများစွာ ပိုပြီး အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခုထဲမှာ ရှင်သန်ကြီးထွားချင်တယ်၊ အတွင်းပိုင်းကနေ တဖြည်းဖြည်း အစားထိုး သိမ်းပိုက်ချင်တယ်ဆိုရင် အရေးအကြီးဆုံးက အဖွဲ့ဝင်တွေရဲ့ ခွန်အားမဟုတ်ဘူး... သူတို့ရဲ့ အကြွင်းမဲ့ သစ္စာရှိမှုပဲ…"

အင်ဒရူး စာအုပ်ကဖေးဆိုင်ထဲမှ ထွက်လာရင်း အဝေးရှိ အမှန်တရားအသင်းတော် တည်ရှိရာအရပ်သို့ ငေးကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒု-ဥက္ကဋ္ဌ ရာထူးအထိ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သဖြင့် အမှန်တရား အသင်းတော် ဆိုသည့် စကားလုံးနှစ်လုံးမှာ ပညာရှင်များအပေါ် မည်မျှအထိ သြဇာညောင်းသည်ကို သူ ကောင်းစွာ သိရှိထားသည်။

လက်ရှိ ဉာဏ်ပညာရှာဖွေသူများ အဖွဲ့ဝင် အများစုမှာ မိမိတို့ကိုယ်မိမိ သီးခြား အဖွဲ့အစည်းတစ်ခုအဖြစ် မယူဆကြသေးဘဲ ယခင် 'အမှန်တရား ရှာဖွေသူများ' အဖွဲ့တုန်းကကဲ့သို့ပင် အသင်းတော်အတွင်းရှိ အုပ်စုငယ်တစ်ခုအဖြစ်သာ မှတ်ယူထားကြဆဲ ဖြစ်သည်။

သူတို့၏ စိတ်ဆန္ဒမှာ အမှန်တရားအသင်းတော်ဘက်သို့သာ ယိမ်းနေဆဲ ဖြစ်သည်။

အသင်းတော်၏ အရှိန်အဝါကြောင့်ပင် ဟုဒ်သည် အဖွဲ့ဝင် အများစုအပေါ် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်မပြောရဲဘဲ သိမ်သိမ်မွေ့မွေ့လေးသာ လွှမ်းမိုးနေခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က စာအုပ်ဆိုင်သို့ လိုက်ပါလာသည့် အဖွဲ့ဝင် အရေအတွက်မှာလည်း အလွန်ပင် နည်းပါးခဲ့သည်။

ထိုနည်းလမ်းမှာ အလွန်တရာ နှေးကွေးလွန်းလှသည်။

"ငါတို့ရဲ့ ဉာဏ်ပညာရှာဖွေသူများ အဖွဲ့ကို ပိုပြီး ထိရောက်ပြတ်သားတဲ့ နည်းလမ်းတွေနဲ့ အင်အားတောင့်တင်းအောင် လုပ်ဖို့ လိုအပ်တယ်… အမှန်တရားအသင်းတော်က သတိမထားမိခင်မှာ ငါ့ရဲ့ လက်ရှိ အရှိန်အဝါကို အသုံးချပြီး အခြေခိုင်အောင် လုပ်ရမယ်…"

"ဒီနို့ပုလဲလက်ဖက်ရည် ဆယ်ခွက်ဟာ တော်လှန်ရေးတစ်ခုရဲ့ အစပျိုးခြင်းပဲ…"

အင်ဒရူးသည် သူ၏ ရင်ထဲ၌ မီးတောက်တစ်ခု လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ပင် စိတ်လှုပ်ရှားသွားမိ၏။

မစ္စတာလင်ကိုယ်တိုင်ကလာ်း နို့ပုလဲလက်ဖက်ရည်အကြောင်းကို လူသိများအောင် ဖြန့်ဝေပေးပါဟု ပြောခဲ့သည် မဟုတ်ပါလား။

"မစ္စတာလင်ရဲ့ ဆန္ဒကို ကျွန်တော် လက်ခံရရှိပါတယ်…”

…

မွန်းသည် အဖြူလေးကို စားပွဲပေါ်တွင် တင်လိုက်ပြီး အမွှေးများကို အသာအယာ သပ်ပေးလိုက်သည်။ အဖြူလေးမှာ အလွန်ပင် ဇိမ်ကျသွားဟန်ဖြင့် အမြီးကို ယမ်းကာ တဂီးဂီး မြည်သံလေးများ ပြုလုပ်ရင်း လဲလျောင်းနေသည်။ သူသည် ပက်လက်လှန်ရန် ကြိုးစားသော်လည်း သူ၏ ကိုယ်လုံးကြီးကြောင့် မလှန်နိုင်ဘဲ ဖြစ်နေသည်။

“...”

မွန်းသည် အဖြူလေး၏ အိစက်နေသည့် ဗိုက်ကလေးကို လက်ဖြင့်တို့၍ ထိုဝဖိုင့်လှသော ကြောင်ကြီး ပက်လက်လှန်နိုင်အောင် ကူညီပေးလိုက်သည်။ ထို့နောက် သူမ၏ အကြည့်များမှာ ထွက်ခွာသွားသည့် ဧည့်သည်၏ ကျောပြင်ဆီသို့ ရောက်ရှိသွားကာ အတွေးထဲ နစ်ဝင်သွားတော့သည်။

အမှန်တရားအသင်းတော်...။

ထိုနေရာမှာ သူမ မွေးဖွားရာ ဇာတိဖြစ်သည်။ သို့သော်လည်း… ထိုနေရာတွင် သူမသည် အရုပ်တစ်ခု၊ အရာဝတ္ထုတစ်ခု သို့မဟုတ် တန်ဆာပလာတစ်ခုမျှသာ ဖြစ်ခဲ့ပြီး နွေးထွေးမှုဟူသည်ကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူမ သိရှိခဲ့သမျှမှာ အေးစက်မှုများသာ ဖြစ်သည်။

တစ်နေ့ ထိုအေးစက်မှုများကို ပြင်းထန်သည့် မီးတောက်ကြီးတစ်ခုက ရိုက်ခွဲပစ်လိုက်သည်အထိ…။

နောက်တစ်ကြိမ် ပြန်လည် နိုးထလာချိန်တွင်မူ နွေးထွေးသော အပြုံးဖြင့် ကြိုဆိုခဲ့သည့် ထိုအမျိုးသားကို သူမ တွေ့လိုက်ရသည်။ သူ၏ မျက်ဝန်းများက အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပင်။

သူသည် သူမအား အမည်တစ်ခု ပေးခဲ့သလို စစ်မှန်သည့် ဘဝသစ်ကိုလည်း ပေးသနားခဲ့သည်။

ထို့ကြောင့်ပင် မွန်းသည် လင်ကျဲ ခိုင်းစေသမျှကို အစွမ်းကုန် ဆောင်ရွက်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း… အတိတ်ကာလက သူမသည် အားနည်းလွန်းနေခဲ့သေးသည်။ သို့ဖြစ်ရာ လင်ကျဲ၏ ဆန္ဒနှင့်အညီ ညစဉ်ညတိုင်း ဝါပူဂစ် ထံမှ စုန်းမတို့၏ အစွမ်းများကို သင်ယူခဲ့သည်။ ထို့နောက်တွင် နတ်ဘုရားတုကို သုတ်သင်ကာ အစွမ်းများကို ပြန်လည် ရယူနိုင်ခဲ့ပြီး လနတ်ဘုရားမသစ်အဖြစ်လည်းကောင်း၊ ညဖက်၏ အရှင်သခင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

ယခုအခါ လင်ကျဲသည် အမှန်တရား အသင်းတော်ကို သူ၏ ကစားစရာတစ်ခုအဖြစ် ဖန်တီးလိုနေသည်။ ထို့ကြောင့် မွန်းအနေဖြင့် ထိုဆန္ဒ ပြည့်မြောက်စေရန် အစွမ်းကုန် ကူညီပေးသွားမည် ဖြစ်သည်။

သူမသည် တရားမျှတမှုကို ဖော်ဆောင်ပေးမည့် လမင်း ဖြစ်လာပေလိမ့်မည်။ သို့သော် ထိုတရားမျှတမှု ဆိုသည်မှာ လင်ကျဲ၏ တရားမျှတမှုသာ ဖြစ်ရပေမည်။

"ငါတို့ နို့နဲ့ လက်ဖက်ရည်ရွက်တွေ လိုအပ်လိမ့်မယ်… နို့ရဲ့ ဆိမ့်တဲ့ အရသာနဲ့ လက်ဖက်ရွက်ရဲ့ အနံ့အရသာ ပေါင်းစပ်လိုက်ရင် အရမ်းကို ထူးကဲတဲ့ အရသာမျိုး ရမှာ.. တစ်ချိန်တည်းမှာပဲ... ဟဲဟဲ... တခြား ပါဝင်ပစ္စည်းလေးတွေ နည်းနည်းလောက် ထပ်ထည့်လိုက်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"

နို့လက်ဖက်ရည် ဖျော်စပ်နည်းကို လင်ကျဲ သင်ပေးစဉ်က ပြောခဲ့သော စကားများမှာ သူမ၏ စိတ်ထဲ၌ ယခုတိုင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ထိုစဉ်က လင်ကျဲသည် စီးပွားရေးသမားတစ်ဦးကဲ့သို့ လိမ္မာပါးနပ်သော အပြုံးဖြင့် သူမကို မျက်စိတစ်ဖက် မှိတ်ပြခဲ့သေးသည်။

"ပြီးတော့ အရေးအကြီးဆုံးက ပုလဲလုံးတွေပဲ... ဪ ဒါပေမဲ့ ဒီမှာတော့ အဲဒီအတွက် ကုန်ကြမ်းတွေ ရှိပုံမရဘူး… အင်း... ဒါကတော့ နည်းနည်း စိတ်ညစ်စရာပဲ၊ ဒါပေမဲ့ အစားထိုးလို့ရမယ့် အရာတစ်ခုခုတော့ ငါတို့ ရှာနိုင်မှာပါ၊ ဟုတ်တယ်မလား…”

ထိုစဉ်က လင်ကျဲသည် သူ၏ ထက်မြက်လှသော လက်ထောက်မလေးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ခဲ့သည်။

"စဉ်းစားကြည့်စမ်း မွန်း. ။ အမည်းရောင် အလုံးလေးတွေ ဖြစ်အောင် ဘာနဲ့ လုပ်လို့ရမလဲ... အဲဒါတွေက လုံးဝန်းနေရမယ်၊ ဝါးလို့ကောင်းရမယ်၊ ပျော့အိနေရမယ်၊ ပြီးတော့ နည်းနည်းလောက် စေးကပ်နေရင်လည်း ကောင်းမယ်… ဪ... အဓိကက စွဲလန်းသွားစေမယ့် အရသာမျိုး ဖြစ်ရမယ်နော်…”

"အဖြူလေး မင်း ဘာဖြစ်နေတာလဲ… ဘာလို့ ဒီလောက်တောင် တုန်နေရတာလဲ… ငါ့ကို ကြည့်ရအောင်... အပူလျှပ်တာတော့ မဟုတ်ပါဘူးနော်…”

"ဒီလောက် လှပတဲ့ ကြောင်လေးဆိုရင်တော့ အရသာရှိမှာ သေချာတယ်... အခု အကုန် အဆင်ပြေသွားပြီလား… ထူးဆန်းလိုက်တာ…"

"ဪ... ရှိတယ်ပေါ့… ဒါဆိုလည်း ကောင်းပြီလေ၊ မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့… မင်း လုပ်ပြီးသွားရင် ငါ့ကို တစ်ချက် လာစစ်ခိုင်းဦး…"

"ဒါတွေက ဖောက်သည်ရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ သော့ချက်တွေပဲ… ရှေးလူကြီးတွေ ပြောသလိုပေါ့... ဖောက်သည်ရဲ့ နှလုံးသားကို ရချင်ရင် အရင်ဆုံး သူတို့ရဲ့ အစာအိမ်ကို သိမ်းပိုက်ရမယ်..."

မွန်း သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်ကာ အဖြူလေး၏ အမွှေးများကို ဆော့ကစားနေမိ၏။ သူမ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ်မျှ တွန့်ကွေးကာ ပြုံးလိုက်မိသည်။ သူမ လက်ထဲမှ 'ပုလဲလုံး' တစ်လုံးကို အသာအယာ ဖိညှစ်လိုက်ရာ ထိုတစ်လုံးမှာ နှစ်လုံး၊ ထိုမှ တစ်ဆင့် များစွာအဖြစ်သို့ ပွားများသွားလေတော့၏။

'သူလည်း... တကယ်ကို ပျော်နေမှာလို့ ငါ ယုံကြည်တယ်…’

***

အပိုင်း(၃၁၂)

စာအုပ်ဆိုင်ထဲတွင်တော့ လင်ကျဲမှာ ဤမျှလောက် ကြီးမားသော ပတ္တမြားတစ်လုံးသည် မည်မျှ တန်ဖိုးရှိမည်နည်းဟု တွေးတောနေမိသည်။

သူသည် လက်ဖဝါးထဲ၌ ရှိနေသည့် သွေးနီရောင် ကျောက်မျက်ကြီးကို အသေအချာ စစ်ဆေးကြည့်နေမိသည်။ ဒေါ်လာ သန်းပေါင်းများစွာကို ကိုင်ထားရသကဲ့သို့ အလွန်ပင် ဂရုတစိုက် ရှိလှသည်။

ယခု ခံစားချက်မှာ အမှန်တကယ်ပင် ကြည်နူးစရာ ကောင်းလှပေသည်။

ဤအရာမှာ ဖလော်ဆိုဖာ ကျောက်တုံး ဟု ဆိုကြသော်လည်း လင်ကျဲအတွက်မူ အသုံးမဝင်ချေ။ သူသည် ဆိုင်ထဲတွင် လူမရှိခိုက် ဤကျောက်မျက်က သာမန်သတ္တုများကို ရွှေအဖြစ် ပြောင်းလဲနိုင်ခြင်း ရှိမရှိကို တိတ်တဆိတ် စမ်းသပ်ကြည့်ခဲ့သေးသည်။ သို့သော် ရလဒ်မှာမူ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။

'ဘာ ဖလော်ဆိုဖာ ကျောက်တုံးလဲ… အတုကြီးပဲ…’

'ဘာကိုမှ ရွှေဖြစ်အောင် မပြောင်းလဲနိုင်ဘူးဆိုရင် ဒါက ဘာအသုံးကျမှာလဲ…’

ထိုကျောက်မျက်တွင် ရှိသည်ဟု ဆိုကြသော အခြား ဒဏ္ဍာရီလာ အစွမ်းများဖြစ်သည့် ထာဝရရှင်သန်ခြင်း၊ သေသူကို ရှင်ပြန်ထမြောက်စေခြင်း အစရှိသည်တို့ကိုလည်း လင်ကျဲ စိတ်မဝင်စားချေ။

သေချာ စဉ်းစားကြည့်ပြီးနောက်တွင်မူ ဤအရာ၏ အကြီးမားဆုံး တန်ဖိုးမှာ သာမန် ကျောက်မျက်တစ်လုံးအဖြစ် ငွေကြေးနှင့် လဲလှယ်ရန်သာ ရှိပေတော့သည်။

သို့သော်လည်း စာအုပ်ကဖေး၏ စီးပွားရေးမှာ တက်ရိပ်ပြနေပြီ ဖြစ်သဖြင့် လင်ကျဲသည် ယခင်ကကဲ့သို့ မဆင်းရဲတော့ဘဲ ငွေပိုငွေလျှံပင် ရှိနေပြီဟု ခံစားနေရသည်။ ဤမျှ ကြီးမားပြီး ရှားပါးသည့် ပစ္စည်းတစ်ခုကို ရောင်းချပစ်ရန်မှာ အလွန်ပင် နှမြောစရာ ကောင်းလှသည်။

"မွန်းကိုပဲ ပေးလိုက်ရင် ကောင်းမလား…"

လင်ကျဲ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

"မွန်းက နို့ပုလဲလက်ဖက်ရည်ကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တာဆိုတော့ ဆုလာဘ်တစ်ခု ပေးသင့်တာပေါ့… သူက မိန်းကလေးဆိုတော့ တဖျပ်ဖျပ် တောက်နေတဲ့ အရာတွေကို ကြိုက်မှာပဲ…"

လင်ကျဲ တွေးလေလေ ဤအကြံမှာ ပို၍ ဖြစ်နိုင်ခြေရှိလေလေဟု ခံစားရသည်။

"လှလှပပ ပါကင်လေးနဲ့သာ ထုပ်ပိုးလိုက်ရင် ဒါက အသင့်တော်ဆုံး လက်ဆောင်တစ်ခု ဖြစ်မှာပဲ"

လင်ကျဲက ကျေနပ်အားရစွာ ရေရွတ်လိုက်လေတော့သည်။

…

"စာအုပ်ကဖေး... နာမည်က စာအုပ်ကဖေး လို့ ခေါ်တာမလား… ကြော်ငြာထဲမှာ ပါသလိုပဲ စာအုပ်ဆိုင်နဲ့ ကဖေးကို ပေါင်းစပ်ထားတာပေါ့… စီးပွားရေးကတော့ တကယ်ကို ဖြစ်ထွန်းနေပုံရတယ်"

သီအိုဒိုသည် လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အဦးကို ကြည့်ရင်း မနာလိုစွာဖြင့် ရေရွတ်လိုက်မိသည်။

ကဖေးဆိုင်တစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်ကို သူ မြင်နေရသည်။ အချို့က စာအုပ်များကို ငြိမ်သက်စွာ ဖတ်ရှုနေကြပြီး အချို့မှာမူ တက်ကြွစွာ စကားပြောဆိုနေကြသည်။ ထို့ထက် ပို၍ ထူးခြားသည်က စားပွဲတိုင်းလိုလိုတွင် ထူးခြားသော ဖျော်ရည်တစ်မျိုးစီ ရှိနေခြင်းပင် ဖြစ်သည်။

ဖောက်သည်တိုင်း၏ မျက်နှာပေါ်တွင် အေးချမ်းသော အပြုံးများ ရှိနေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း တည်ငြိမ်အေးချမ်းကာ ပျော်ရွှင်စရာ ကောင်းလှသည်။

ဤစာအုပ်ကဖေးသည် 'နို့ပုလဲလက်ဖက်ရည်' ဟု အမည်ရသော တစ်မူထူးခြားသည့် ဖျော်ရည်ကို တီထွင်ခဲ့သည်ဟု ဆိုကြသည်။ စတင်ရောင်းချချိန်တွင် ဖောက်သည် အမြောက်အမြား လာရောက်ခဲ့သဖြင့် ပစ္စည်းပြတ်လပ်သည်အထိ အောင်မြင်ခဲ့သည်။ ဝေးလံသော အရပ်ဒေသများမှ လာရောက်ကြသော ဖောက်သည်များစွာမှာပင် ဝယ်ယူခွင့်မရဘဲ ပြန်သွားခဲ့ကြရသည်။

သို့သော်လည်း ဝယ်လိုအား မြင့်မားလေလေ ကုန်ပစ္စည်း၏ တန်ဖိုးမှာ တက်လာလေလေပင်။ ဖျော်ရည်ကို မမြည်းစမ်းရသေးသူများကြားတွင်လည်း ၎င်း၏ ကျော်ကြားမှုမှာ ပိုမို ပျံ့နှံ့လာခဲ့သည်။ မြည်းစမ်းခွင့် ရရှိခဲ့သူ အနည်းငယ်ကမူ ဤ 'နို့ပုလဲလက်ဖက်ရည်' ၏ အရသာမှာ အလွန်ပင် ထူးကဲလှကြောင်း တညီတညွတ်တည်း ထောက်ခံပြောဆိုနေကြသည်။

ဤအချက်များကပင် လူတို့၏ စူးစမ်းလိုစိတ်ကို ပိုမို ဆွဲဆောင်နေတော့သည်။

"ဒါက ထူးထူးခြားခြားကို ကောင်းလွန်းနေတာပဲ"

သီအိုဒိုသည် ကဖေးဆိုင်အတွင်းရှိ လူအုပ်ကြီးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

မာနန်က သူ သောက်လက်စ စီးကလက်တိုကို မြေပြင်ပေါ်သို့ ပစ်ချကာ သားရေဖိနပ်ဖြင့် နင်းခြေ ဖျက်ဆီးလိုက်သည်။

"ဘာများ ထူးဆန်းလို့လဲ"

သူက ဂျာကင် အင်္ကျီထဲ ရင်ဘတ်ကို ဆွဲစိလိုက်သည်။

ထို့နောက် လက်မကို မြှောက်ကာ သူတို့၏ နောက်ဖက်၌ တည်ဆောက်နေသော အဆောက်အဦး အတန်းလိုက်ကြီးကို ညွှန်ပြလိုက်သည်။

"တို့ ရိုးသယံဇာတရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ဒီနေရာဟာ မကြာခင် အခုထက် အဆပေါင်းများစွာ ပိုပြီး စည်ကားလာတော့မှာ…"

မာနန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သူသည် ဤလုပ်ငန်း၏ တာဝန်ခံဖြစ်ပြီး သခင်မလေး ကျိကျစ်ရှို့ ကိုယ်တိုင် ပေးအပ်ထားသော တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။

သူသည် မြောက်ပိုင်းသားတစ်ဦးဖြစ်ပြီး မြောက်ပိုင်းသားတို့၏ ပင်ကိုယ် လက္ခဏာဖြစ်သည့် မဟူရာရောင် ဆံပင်နှင့် မဟူရာရောင် မျက်လုံးအစုံ ရှိသည်။ ထို့ကြောင့် သူသည် အခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန် မုတ်ဆိတ်မွှေးများကို အနည်းငယ် အရှည်ထားထားသည်။

မာနန်သည် ကျိပိုတုံနှင့် လက်တွဲလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယုံကြည်ရသော လူရင်းစာရင်းထဲတွင်တော့ မပါဝင်သေးချေ။ သို့သော်လည်း သူသည် ထက်မြက်သော လူတစ်ဦးဖြစ်ပြီး အရေးကြီးသော လုပ်ငန်းများကို သူ့ထံသို့သာ ယုံကြည်စွာ လွှဲအပ်လေ့ ရှိကြသည်။

ထို့ကြောင့် သူ၏ အမြင်တွင် ဤနေရာသည် ယခုအချိန်၌ လူသူကင်းမဲ့နေသယောင် ရှိသော်လည်း အမှန်စင်စစ် အလားအလာများစွာဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။

ထိုစာအုပ်ကဖေးမှာပင် ဤအချက်ကို သက်သေပြနေသည့် ခိုင်မာသော အထောက်အထားတစ်ခု ဖြစ်သည်။

သူ၏ ဘေးတွင်ရှိနေသည့် သီအိုဒိုမှာမူ လက်ရှိ ဆိုင်ခန်းငှားရမ်းခများကို လာရောက် စုံစမ်းသည့် အရေးမပါသော ကုန်သည်တစ်ဦးမျှသာ ဖြစ်သည်။

မာနန် သီအိုဒိုကို သတိထားမိနေခြင်းမှာ သူက နာမည်အနည်းငယ်ရနေသည့် 'တစ်ပတ်ရစ်' စာအုပ်ကုန်သည်တစ်ဦး ဖြစ်နေသောကြောင့် ပင်…။

သီအိုဒိုက ခေါင်းခါလိုက်၏။

"ကျွန်တော်ကပဲ အတွေးလွန်နေတာ ဖြစ်မှာပါ… ဒါပေမဲ့ အဲဒီထဲက ဖောက်သည်တွေက စာဖတ်နေကြတာနဲ့ မတူဘူး… အဲဒါက ဘာနဲ့ တူနေလဲဆိုတော့..."

သူသည် စကားလုံး ရှာမရသကဲ့သို့ ခေတ္တမျှ တုံ့ဆိုင်းသွား၏။

"ဝတ်ပြုဆုတောင်းနေကြတဲ့ ပုံစံမျိုးနဲ့ တူနေတယ်... ဟားဟား... ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေက အရမ်းကို လွန်ကဲနေပါပြီ…"

သီအိုဒိုသည် ပြောရင်းနှင့်ပင် ရယ်မောလိုက်မိသည်။ သူကိုယ်တိုင်ပင် သူ၏ စကားကို ရယ်စရာကောင်းသည်ဟု ထင်နေမိသည်။

ဤသည်မှာ စာအုပ်ကဖေးတစ်ခုသာဖြစ်ပြီး ဘုရားကျောင်းတစ်ခု မဟုတ်ပါချေ။ ထိုကဲ့သို့သော နေရာတွင် ဝတ်ပြုဆုတောင်းပွဲတစ်ခု မည်သို့ ကျင်းပနေနိုင်ပါမည်နည်း။ အကယ်၍သာ အမှန်တကယ် ဝတ်ပြုနေကြသည်ဆိုလျှင် သူတို့က နို့လက်ဖက်ရည် နတ်ဘုရားကို ကိုးကွယ်နေကြခြင်းလော။

မာနန်ကလည်း လိုက်လံ ရယ်မောလိုက်ရင်း…

"ဒီစာအုပ်ကဖေးရဲ့ စီးပွားရေး လုပ်ပုံလုပ်နည်းက တကယ့်ကို ထူးခြားတာပဲ… ခင်ဗျားလည်း သူတို့ဆီကနေ တစ်ခုခု သင်ယူသင့်တယ်နော်… အခုခေတ်မှာ စာအုပ်ဆိုင် သီးသန့်တွေက သိပ်ပြီး ခေတ်မစားတော့ဘူးလေ… ကြားတာတော့ ခင်ဗျားလည်း စီးပွားရေး သိပ်မကောင်းဘူးဆို… ဟိုဘက် စာအုပ်ဆိုင်လိုမျိုး ဖြစ်မသွားဖို့ ဆုတောင်းရမှာပဲ"

သူက ကဖေးဆိုင်ဘေးရှိ ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်ဆိုင်လေးကို နောက်ပြောင်သော သဘောဖြင့် ညွှန်ပြလိုက်သည်။

သီအိုဒို၏ အကြည့်မှာလည်း ထိုဘက်သို့ ရောက်ရှိသွားသည်။ ဆိုင်းဘုတ်မရှိသည့် ထိုစာအုပ်ဆိုင်ကို သူ စတင်ကတည်းက သတိထားမိခဲ့သည်။ စောစောကပင် ထိုဆိုင်ထဲမှ တစ်ဦးတည်းသော ဧည့်သည်မှာ လက်ဗလာဖြင့် စိတ်ပျက်လက်ပျက် ထွက်လာခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည်။ ထို့နောက် ထိုလူမှာ ဘေးရှိ စာအုပ်ကဖေးသို့ ဝင်သွားကာ ဖျော်ရည်များစွာ ဝယ်ယူပြီးနောက် ကျေနပ်အားရစွာဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုစာအုပ်ဆိုင်၏ စီးပွားရေးမှာ အလွန်ပင် ဆိုးဝါးနေကြောင်း ခန့်မှန်းနိုင်သည်။

"ဒါပေါ့... မဖြစ်စေရပါဘူး… စာအုပ်လောကမှာ ကျွန်တော့်ရဲ့ စီးပွားရေးက အေးနေပေမယ့် ကျွန်တော့်မှာ သစ္စာရှိတဲ့ ဖောက်သည်ဟောင်းတွေ ရှိပါသေးတယ်… နောက်ပြီး... ကျွန်တော် ကိုယ်ပိုင် စုဆောင်းထားတဲ့ ရှေးဟောင်း စာအုပ်တချို့ကိုလည်း ထုတ်ရောင်းဖို့ ပြင်ဆင်ထားပါတယ်… အဲဒါတွေကို အထက်တန်းစားတွေနဲ့ ပညာရှင်တွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်…"

သီအိုဒိုက တည်ငြိမ်စွာ ပြုံးရင်း ဆိုလိုက်လေ၏။

***

All Chapters