← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 23 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 23 Ch. 313-314

အပိုင်း(၃၁၃)

သီအိုဒိုသည် တည်ငြိမ်စွာ ပြုံးလိုက်သော်လည်း သူ၏ ရင်ထဲ၌မူ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ မာနန် ပြောသကဲ့သို့ပင် စာအုပ်ဆိုင်များသည် အတိတ်၏ အမှတ်အသားများ ဖြစ်လာတော့မည်လော…။

ကွန်ပျူတာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြကတည်းက ဖန်သားပြင်ပေါ်မှ စာဖတ်ခြင်းမှာ ပို၍ ခေတ်စားလာခဲ့သည်။ ဖြစ်နိုင်သည်က အနာဂတ်တွင် လူသားတို့သည် စာအုပ်များကို လုံးဝ စွန့်လွှတ်လိုက်ကြပေလိမ့်မည်။

သို့သော်… ထိုအချိန် မရောက်မချင်း သူသည် စာအုပ်ရောင်းသူတစ်ဦးအဖြစ်သာ ရပ်တည်သွားလိုသည်။

"ကြားရတာ ဝမ်းသာပါတယ်"

မာနန်က သီအိုဒို၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

"စာချုပ် ချုပ်ပြီးတာနဲ့ ပထမထပ်က Unit 16 ဟာ ခင်ဗျားရဲ့ ဆိုင်ခန်း ဖြစ်လာပါလိမ့်မယ်… ဒီကုန်သွယ်ရေးဇုန် ဖွင့်လှစ်တဲ့အခါ ရိုးလ် သယံဇာတ ဘက်ကလည်း အစွမ်းကုန် ကြော်ငြာပေးသွားမှာပါ… ကံကောင်းပါစေဗျာ…”

အခြေခံ စည်းကမ်းချက်များနှင့် ခံစားခွင့်များကို ဆွေးနွေးပြီးသား ဖြစ်သဖြင့် ယခုက ရင်းနှီးမှုအတွက် စကားစမြည် ပြောနေခြင်းသာ ဖြစ်သည်။

သီအိုဒိုက ရိုးသားစွာ ပြုံးလိုက်ပြီး ရင်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။

မကြာသေးမီက သူသည် အခြားသူများ မျက်စိကျနေသည့် ထူးခြားသော စာအုပ်အချို့ကို ရရှိခဲ့သဖြင့် အန္တရာယ်ပြုခံရမည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ၏ မူလဆိုင်ကို စွန့်လွှတ်ကာ ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေး၏ အကာအကွယ်အောက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤ အဖွဲ့အစည်းက ထိုသူများကို ဟန့်တားပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်သွားပြီ ဖြစ်သဖြင့် ဝန်းကျင် တစ်ခုလုံးမှာလည်း ပေါ့ပါး နေခဲ့သည်။

မာနန်က နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိကာ အားပါပါ ရှူလိုက်၏။ ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့်…

"တကယ်တော့ သခင်မလေးက ဒီစာအုပ်ဆိုင်ကို မကြာခဏ လာတတ်တယ်လို့ ကောလာဟလတွေ ကြားနေရတယ်… ဒီဆိုင်ရှင်က မှော်အတတ်ကို တတ်ကျွမ်းပြီးတော့ အံ့သြစရာကောင်းတဲ့ အစွမ်းတွေ ရှိတယ်လို့လည်း ဆိုကြတယ်... ဒါပေမဲ့ ကျွန်တော့်အထင်တော့ ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါပဲ…"

သီအိုဒိုမှာ အနည်းငယ် အံ့သြသွားမိ၏။

'ဒီတာဝန်ခံက ဒီလောက်အထိ အတင်းအဖျင်း ပြောတတ်မယ်လို့ ငါ မထင်ထားဘူး...'

အပြင်ပန်းတွင်တော့ သူက ခေါင်းခါလိုက်ကာ…

"ဒါက ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဖန်တီးထားတဲ့ လုပ်ကွက်တစ်ခုပဲ ဖြစ်မှာပါ… ဒီလို နည်းလမ်းမျိုးက စီးပွားရေးလောကမှာ အသုံးများပါတယ်… ဒီလို နည်းလမ်းတွေအထိ သုံးနေရပြီဆိုကတည်းက ဒီစာအုပ်ဆိုင်က နိဂုံးချုပ်ဖို့ နီးနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

ထိုကောလဟလများမှာ အလွန်ပင် ယုတ္တိမတန်လှချေ။ မှော်အစွမ်းများကို ထားလိုက်ပါဦး... ရိုးလ် သယံဇာတ၏ အမွေခံ သခင်မလေးက အဘယ်ကြောင့် ဤကဲ့သို့ နေရာမျိုးကို လာရမည်နည်း။

မာနန်က ရယ်မောလိုက်၏။

"အမှန်ပဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဟားဟားဟား... အဟွတ် အဟွတ်…”

သူ ရယ်မောနေရင်းနှင့်ပင် ရုတ်တရက် အသက်ရှူကျပ်သွားသကဲ့သို့ ဖြစ်သွားကာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး နာကျင်နေသော အမူအရာ ဖြစ်သွားသည်။

သီအိုဒိုသည် ထိတ်လန့်သွားကာ မာနန်ကို အလျင်အမြန် လှမ်းတွဲလိုက်၏။ သို့သော်လည်း… မာနန်၏ အကြည့်မှာ တစ်နေရာတည်းသို့ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သဖြင့် သူသည်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်မိသည်။

ကျွီ…

ဟောင်းနွမ်းစုတ်ပြတ်နေသည့် စာအုပ်ဆိုင် တံခါးဝရှေ့တွင် အလွန်တရာ တန်ဖိုးကြီးလှသည့် အနက်ရောင် ဇိမ်ခံကားကြီးတစ်စီး ဆိုက်ရပ်လာသည်ကို သူ မြင်လိုက်ရ၏။

သီအိုဒို၏ စိတ်ထဲ၌ ထူးဆန်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

မာနန် အသက်ကို ဝဝရှူရင်း စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်၏။ သူသည် ကားပေါ်မှ ဆင်းလာသူကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။ ထို့နောက်… သူ၏ ဦးနှောက်မှာ လုံးဝ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကာ မယုံကြည်နိုင်သည့် အသံဖြင့် အော်ဟစ်လိုက်တော့၏။

"သ... သခင်မလေး…"

…

လင်ကျဲသည် သူ၏ ထက်မြက်လှသော လက်ထောက်မလေးအတွက် ဖလော်ဆိုဖာ ကျောက်တုံးကို လက်ဆောင်အဖြစ် မည်သို့ ထုပ်ပိုးပေးရမည်နည်းဟု တွေးတောနေမိသည်။

သို့သော်လည်း… သူ၏ အတွေးမှာ စာအုပ်ဆိုင် အပြင်ဘက်၌ ဆိုက်ရပ်လာသော ဇိမ်ခံကားကြီးကြောင့် ပြတ်တောက်သွားခဲ့သည်။

အနက်ရောင် ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း ကားဆရာသည် ကားပေါ်မှ အရင်ဦးဆုံး ဆင်းလာခဲ့သည်။ ထို့နောက်… သူသည် ကားအနောက်ခန်းသို့ သွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်ကာ လက်တစ်ဖက်ဖြင့် ကားတံခါးဘောင်၏ အပေါ်ပိုင်းကို ကာပေးထားပြီး ကျန်လက်တစ်ဖက်ဖြင့် 'ကြွပါ' ဟူသော အမူအရာ ပြုလုပ်လိုက်သည်။

ကျိကျစ်ရှို့၏ သွယ်လျဖြူစင်သော ခြေတံလေးများမှာ မြေပြင်ပေါ်သို့ အရင်ဆုံး ရောက်ရှိလာသည်။ သူမ၏ နုနယ်သော ခြေကျင်းဝတ်လေးများတွင် အနက်ရောင် ဒေါက်မြင့်ဖိနပ်လေးများကို စီးထားပြီး တင့်တယ်လှပသော ကိုယ်လုံးလေး ပေါ်တွင်လည်း အနက်ရောင် ဝတ်စုံကိုပင် ဆင်မြန်းထားသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင်မူ သွေးရောင်လွှမ်းသော ကျောက်နားကပ်လေးများက ဟန်ချက်ညီစွာ တောက်ပနေကြသည်။

မိန်းကလေးမှာ ဟောင်းနွမ်းနေသော စာအုပ်ဆိုင်ကို မြင်လိုက်ရချိန်တွင် အသက်ကို ဝဝရှူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကားဆရာမှာ ကားနောက်ဖုံးဆီသို့ သွားကာ လေးလံသော ခရီးဆောင်သေတ္တာကြီး တစ်လုံးကို မထုတ်ယူလိုက်လေတော့၏။

…

ကျိကျစ်ရှို့သည် ဇိမ်ခံကားပေါ်မှ ဆင်းလာပြီးနောက် စာအုပ်ဆိုင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

သူမ၏ ကားဆရာသည် လေးလံလှသည့် ခရီးဆောင် သေတ္တာကြီးကို သယ်ဆောင်ထားဆဲဖြစ်ပြီး ကျိကျစ်ရှို့၏ အနားသို့ လျှောက်လာကာ သစ္စာရှိ အစေခံတစ်ဦးကဲ့သို့ သူမကို အဖြူရောင် လက်အိတ်စွပ်ထားသည့် လက်ဖြင့် တွဲကူပေးလိုက်သည်။

အဝေးမှ စောင့်ကြည့်နေသေည့် မာနန်မှာမူ ထိတ်လန့်မှုများ လျော့ပါးသွားကာ မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။

'သခင်မလေးကျိရဲ့ ဘေးမှာ ကားဆရာ ဒါမှမဟုတ် အစေခံတစ်ယောက် ပါလာတာမျိုး ငါ တစ်ခါမှ မမြင်ဖူးပါဘူး… အသစ်ငှားထားတာလား မသိဘူး...'

သူ၏ ဘေးရှိ သီအိုဒိုမှာလည်း ငိုင်တွေသွားမိသည်။

'ကျိမိသားစုရဲ့ သခင်မလေးက တကယ်ကို ဒီစာအုပ်ဆိုင်ကို လာတာပဲ...'

ကြည့်ရသည်က ဤသည်မှာ သာမန် လာရောက်လည်ပတ်ခြင်းမျိုး မဟုတ်ပေ။ သူမက လက်ဆောင်တစ်ခုပင် ယူဆောင်လာခဲ့ပြီး ထိုသေတ္တာ၏ အလေးချိန်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ငွေကြေးသက်သက် မဟုတ်သည်မှာ သေချာလှသည်။

ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုး တိုးတက်ရေး ကဲ့သို့သော အဆင့်အတန်းမျိုးတွင် ငွေကြေးမှာ အရေးမပါတော့ချေ။ များသောအားဖြင့် ရှားပါးပြီး အဖိုးမဖြတ်နိုင်သည့် ပစ္စည်းများကိုသာ လက်ဆောင်အဖြစ် အသုံးပြုလေ့ရှိကြသည်။

တစ်နည်းအားဖြင့်ဆိုရသော် သခင်မလေးကျိသည် ဤလာရောက်မှုကို အလွန်ပင် အရေးတကြီး သဘောထားနေခြင်း ဖြစ်သည်။

ဤသခင်မလေးသည် ရိုးလ် သယံဇာတ၏ လုပ်ငန်းများတွင် များစွာ ပါဝင်ပတ်သက်ခြင်း မရှိဟု ဆိုကြသော်လည်း သူမသည် ကျိပိုတုံ၏ တစ်ဦးတည်းသော သမီးဖြစ်နေဆဲပင်။

'အဲဒီ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေက အမှန်မဟုတ်ရင်တောင် ဒီစာအုပ်ဆိုင်ဟာ မြင်ရတာထက် ပိုပြီး ထူးခြားနေမှာတော့ အသေအချာပဲ...'

သီအိုဒိုမှာ ခေတ္တမျှ တွေဝေသွားမိသည်။

'ငါ့ဆိုင် ပြောင်းရွှေ့ပြီးသွားရင် ဒီဆိုင်ကို သွားလည်ရမလား… ဒီနေရာကလည်း စာအုပ်ရောင်းတာဆိုတော့ ငါ ရထားတဲ့ အဲဒီစာအုပ်ကို ရှင်းထုတ်ပစ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းများ တွေ့မလားလို့...'

သူ ထိုအတွေးကို ခါထုတ်ပစ်လိုက်သည်။ လောလောဆယ်တွင်မူ ထိုအစီအစဉ်မှာ နောက်ဆုံး ရွေးချယ်စရာသာ ဖြစ်သည်။

သူ့နောက်ကို လိုက်နေသော သူများမှာ သာမန်လူများ မဟုတ်ကြချေ။ အခြားသူများကို တမင်သက်သက် ဒုက္ခတွင်းထဲ ဆွဲသွင်းခြင်းမှာ သီအိုဒို၏ ကိုယ်ကျင့်တရားနှင့် မကိုက်ညီပေ။ သူသည် ရိုးလ် သယံဇာတ၏ အရှိန်အဝါကို အသုံးချကာ ခေတ္တ ပုန်းအောင်းနေမည်သာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ… သူသည် ဤဆိုင်ခန်းအတွက် ငွေအမြောက်အမြား ပေးချေထားရသည် မဟုတ်ပါလား။

သို့သော်လည်း...

သီအိုဒိုသည် လမ်းတစ်ဖက်ရှိ သခင်မလေးနှင့် အစေခံကို အားကျစွာ ကြည့်နေမိသည်။ ကားဆရာပင်လျှင် ရိုးလ် သယံဇာတ၏ ဝန်ထမ်းပီပီ ကျနလှသော အမူအရာ ရှိလှပေသည်။

***

အပိုင်း(၃၁၄)

စာအုပ်ဆိုင် တံခါးဝတွင်…

ကျိကျစ်ရှို့ ခေါင်းကို အနည်းငယ် စောင်းကာ နောက်မှ ကပ်လျက် လိုက်ပါလာသော အသက်လတ်ပိုင်း ကားဆရာကို ကြည့်ပြီး ပြုံးလိုက်မိ၏။ သူမ ရယ်သံ မထွက်အောင် မနည်း ထိန်းထားရသည်။

ထိုကားဆရာမှာ တည်ငြိမ်နေပုံရသော်လည်း သူ၏ မျက်လုံးထဲတွင်မူ မတတ်သာသည့် အရိပ်အယောင်များ ရှိနေသည်။ အနီးကပ် လေ့လာကြည့်မည်ဆိုပါက သူ၏ လှုပ်ရှားမှုများမှာ သဘာဝမကျဘဲ တောင့်တင်းနေသည်ကို တွေ့ရလိမ့်မည်။ သူ၏ လုပ်ဆောင်ချက်များမှာ စနစ်တကျ ရှိသော်လည်း ကျွမ်းကျင်မှု မရှိဘဲ အလုပ်သင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

“ဟူး…”

သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ မိမိ၏ သမီးဖြစ်သူအတွက် ကားဆရာနှင့် အစေခံ လုပ်ပေးရခြင်းမှာ ရှက်စရာ မဟုတ်ပေ။

ကျိကျစ်ရှို့ ငယ်စဉ်ကဆိုလျှင် သူသည် သူမ စီးရန်အတွက် မြင်းအဖြစ်ပင် ဟန်ဆောင်ပေးခဲ့ဖူးသည် မဟုတ်ပါလား...။

မှန်ပေသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ဤအသက်လတ်ပိုင်း ကားဆရာမှာ ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး၏ ဥက္ကဌ၊ ကျော်ကြားလှသော မစ္စတာ ကျိပိုတုံ ကိုယ်တိုင်ပင် ဖြစ်သည်။

စာအုပ်ဆိုင်ရှင်နှင့် တွေ့ဆုံရာတွင် မလိုလားအပ်သည့် အာရုံစိုက်မှုများကို ရှောင်ရှားနိုင်ရန် သူသည် ရုပ်ဖျက် လာခဲ့ခြင်း ဖြစ်သည်။ ဟာမစ်လက်စွပ်ကို အသုံးပြု၍ သာမန် ကားဆရာတစ်ဦးအဖြစ် အသွင်ပြောင်းကာ ကျိကျစ်ရှို့နှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။

ထို့ပြင် သူသည် A16 စံအိမ်တွင် မိမိ၏ ကိုယ်ပွားတစ်ခုကို ထားရှိခဲ့ရန် လျှို့ဝှက်ခန်းမှ ကြေးမုံကိုယ်ပွား ဟုခေါ်သော ကိရိယာကို အသုံးပြုခဲ့သည်။

ကြေးမုံကိုယ်ပွား ဆိုသည်မှာ သွေးသားဖြင့် ပြုလုပ်ထားသည့် ဗလာကျင်း ကိုယ်ထည်တစ်ခုသာ ဖြစ်သော်လည်း မန္တန်ကျွမ်းကျင်သော မှော်ဆရာတစ်ဦး၏ လက်ထဲသို့ ရောက်သွားပါက ၎င်း၏ အသုံးဝင်ပုံမှာ ပို၍ ကြီးမားသွားပေလိမ့်မည်။

သို့သော်လည်း… ကျိပိုတုံမှာ အီသာ၏ တည်ရှိမှုကို ခပ်ဖျော့ဖျော့ ခံစားနိုင်သည့် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ သူသည် သဘာဝလွန် စွမ်းအားရှင်တစ်ဦး ဖြစ်လာရန် ကြိုးစားခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် ပါရမီ မပါခဲ့ချေ။ အစွမ်းကုန် ကြိုးစားလျှင်ပင် ပတ်ဝန်းကျင်ရှိ အီသာ အနည်းငယ်ကိုသာ လှုပ်ခတ်စေနိုင်သည်။

ထို့ကြောင့် သူသည် မိမိ၏ အသိစိတ်ကို ခွဲထုတ်ကာ ကိုယ်ပွားကို ထိန်းချုပ်ရန်အတွက် အထက်လမ်းမှော်ဆရာတစ်ဦးထံမှ ရရှိထားသော ဂမ္ဘီရ သင်္ကေတများကို အသုံးပြုခဲ့ရသည်။ ၎င်းမှာ အလွန် ရှုပ်ထွေးကာ ပင်ပန်းလှသော လုပ်ငန်းစဉ်ကြီး ဖြစ်သည်။

ကံကောင်းစွာပင်… ထိုပြင်ဆင်မှုများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြုလုပ်ထားခဲ့ခြင်း ဖြစ်လေရာ ယခုအချိန်တွင် လက်တွေ့အသုံးချရန်မှာ မခက်ခဲတော့ပေ။

'ငါ့ရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တာတွေဟာ ဒီနေ့မှာ အသုံးချခွင့် ရလာခဲ့ပြီ… ဒါက တကယ်ကို တန်ပါတယ်'

ကျိပိုတုံက တိတ်တဆိတ် တွေးတောနေမိသည်။

သူ ခေါင်းကို မော့ကြည့်လိုက်ကာ ဓာတ်ပုံထဲတွင်သာ မြင်ဖူးပြီး သမီးဖြစ်သူ ခဏခဏ ပြောပြနေခဲ့သော ဆိုင်မျက်နှာစာကို စစ်ဆေးကြည့်လိုက်သည်။

ကျိပိုတုံ၏ စိတ်ထဲတွင် မြင်ယောင်နေခြင်းလား မသိ…၊ ဆိုင်မှာ ဟောင်းနွမ်းနေသော်လည်း မှုန်ရီနေသော မှန်ဗီဒိုများ၏ နောက်ကွယ်ရှိ စာအုပ်စင်တန်းများတွင် လူတိုင်းအား ဆွဲဆောင်နေသည့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသယောင် ခံစားရသည်။

သမီးဖြစ်သူက သူ့အား တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် တံခါးလက်ကိုင်ကို ဆွဲလိုက်၏။

ကျိပိုတုံ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤမျှလောက် ရင်မခုန်ခဲ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။

ကလောင်…

ကျိကျစ်ရှို့က တံခါးကို အသာအယာ ဖွင့်လိုက်ရာ ခေါင်းလောင်းသံလေး ထွက်ပေါ်လာသည်။

"ကြိုဆိုပါတယ်… ဪ၊ သခင်မလေးကျိပါလား… မတွေ့တာ ကြာပြီနော်…”

"အမ်… လက်ဆောင်ယူလာတာလား… ကြိုပြောထားရမယ်ဆိုရင်တော့ ကျွန်တော်က အရမ်းကို အဖိုးတန်လွန်းတဲ့ လက်ဆောင်တွေကိုတော့ လက်မခံဘူးနော်..."

လူငယ်တစ်ဦး၏ နွေးထွေးပြီး ခင်မင်ဖွယ်ကောင်းသော အသံမှာ ဆိုင်အတွင်းပိုင်းမှ ထွက်ပေါ်လာ၏။ ထိုအသံကရင်းနှီးသော မိတ်ဆွေတစ်ဦးကို နောက်ပြောင်နေသည့်အလားပင်။

ကျိပိုတုံ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားပြီး သူ၏ မျက်ခမ်းများမှာလည်း လှုပ်သွားသည်။

စာအုပ်ဆိုင်ရှင် လင်ကျဲ၏ 'အရာခပ်သိမ်းအား သိမြင်နိုင်စွမ်း' အကြောင်းကို သူ ကြိုတင်သိထားသော်လည်း လူချင်း မျက်နှာချင်းဆိုင် တွေ့ဆုံရချိန်တွင်မူ ထိတ်လန့်နေမိဆဲ ဖြစ်သည်။

သို့သော်လည်း… ကျိပိုတုံသည် မိမိကိုယ်မိမိ ပြင်ဆင်ထားပြီး ဖြစ်သည်။ စာအုပ်ဆိုင်ရှင်အနေဖြင့် သူတို့၏ လာရောက်မှုကို ကြိုတင် သိမြင်နေခြင်းမှာ မထူးဆန်းသလို တုန်လှုပ်စရာလည်း မဟုတ်ပေ။

သို့သော် ကျိပိုတုံကို စိတ်ပျက်သွားစေသည့် အရာက "အရမ်းကို အဖိုးတန်လွန်းတဲ့ လက်ဆောင်တွေကိုတော့ လက်မခံဘူး" ဟူသော စကားပင် ဖြစ်သည်။

ဤစကားလုံး အထားအသိုမှာ အခြေခံအားဖြင့် ငြင်းပယ်လိုက်ခြင်းပင် မဟုတ်ပါလား…။

ကျိကျစ်ရှို့မှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းကာ ယုံကြည်မှုရှိသော အပြုံးဖြင့်…

"မတွေ့တာ ကြာပါပြီ မစ္စတာလင်… ကျွန်မက လက်ဆောင်တစ်ခု ယူလာခဲ့တာပါ…ဒါပေမဲ့ အဓိကကတော့ အကူအညီတစ်ခု တောင်းချင်လို့ပါ..."

ဟု ပြောလိုက်လေသည်။

ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံခန့်ခွဲခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကျိပိုတုံသည် ယခုကဲ့သို့ စိတ်လေးလံမှုကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူသည် လေးလံသော ခြေလှမ်းများဖြင့်ပင် အသံထွက်ပေါ်ရာအရပ်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုအခါ လက်ထဲ၌ သွေးရောင် ကျောက်မျက် ရတနာတစ်ခုဖြင့် ဆော့ကစားရင်း ရယ်မောကာ သူတို့ဘက် လှမ်းကြည့်နေသည့် အနက်ရောက် ဆံပင်နှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူငယ်မှာ သစ္စာဖောက်မှုတစ်ခုမှ စတင်ကာ မုဆိုးအဖွဲ့အစည်းတစ်ခုလုံးကို ပြန်လည် တည်ဆောက်ခဲ့သူ၊ အမှန်တရားအသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံတမ်း မျှော်စင် နှစ်ခုစလုံးကို ထိတ်လန့်သွားစေခဲ့သူ၊ အမိုးခုံး ဘုရားကျောင်းတော်ကို ဖြိုချကာ နေမင်းယုံကြည်မှုကို ပြန်လည် တည်ထောင်ခဲ့သူပင် ဖြစ်သည်။

ဤသူကား သဘာဝလွန်လောကတွင် သွေးနှင့် သေခြင်းတရားတို့၏ မုန်တိုင်းကို တိုက်ခတ်စေခဲ့သူ ဖြစ်သည်။

သာမန်လူတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့လှသော သူ၏ အသွင်အပြင်မှာ သူ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များနှင့် မလိုက်ဖက်လှပေ။ သူ၏ မျက်နှာပေါ်ရှိ ရွှင်ပြသော အပြုံးမှာလည်း သူငယ်ချင်းဟောင်းတစ်ဦးနှင့် ပြန်လည် ဆုံတွေ့ရသည့်အတွက် ဝမ်းမြောက်နေပုံသာ ပေါက်နေသည်။

သို့သော်လည်း… ထပ်မံ၍ ပါးစပ်ဟလိုက်ချိန်တွင်မူ စာအုပ်ဆိုင် ပိုင်ရှင်မှာ သူ၏ လွှမ်းမိုးမှုကို ချက်ချင်းပင် ပြသလိုက်လေတော့သည်။

"ဆိုင်အပြင်ဘက်မှာ ကားတစ်စီး ရပ်ထားတာကို ငါ မြင်လိုက်သလိုပဲ…”

လင်ကျဲသည် သူ၏ ကိုယ်နေဟန်ထားကို ပြင်လိုက်ကာ ကျိပိုတုံကို မျက်ခုံးတစ်ဖက် ပင့်ကြည့်လိုက်၏။

"ဒါက မင်းရဲ့ ကားဆရာလား... ချမ်းသာတဲ့သူတွေရဲ့ ဘဝကတော့ တကယ့်ကိုပဲ... လူတွေကို အားကျစေတာပဲနော်..."

သူက မြည်တမ်းလိုက်လေသည်။

"..."

စာအုပ်ဆိုင်ရှင်အနေဖြင့် သူ၏ ဟာမစ် လက်စွပ် ဖန်တီးထားသည့် အမြင်အာရုံ လှည့်စားမှုကို မမြင်နိုင်ဘူးဆိုသည်ကို ကျိပိုတုံ လုံးဝ မယုံကြည်ပေ။

ဤသို့ဆိုလျှင်… ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။

၎င်းက သတိပေးချက်တစ်ခုပင်…။

စာအုပ်ဆိုင်ရှင်က အချက်တစ်ချက်ကို ဆိုလိုနေခြင်း ဖြစ်သည်။

သူ၏ စာအုပ်ဆိုင်အတွင်း၌ ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး၏ ဥက္ကဌသည်ပင် ကားဆရာတစ်ဦးနှင့် မခြားနား ဟု…။

***

All Chapters