အခန်း (၃၂၁-၃၂၂)
Vol. 23 Ch. 321-322
အပိုင်း(၃၂၁)
ထိုထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းသော သက်ရှိ၏ အစိတ်အပိုင်းမှာ ဖော်ပြရန်ပင် ခက်ခဲလွန်းသည့် ကြီးမားလှသော အာရုံ တစ်ခုကို ဖန်တီးလိုက်သည်။
စကြဝဠာ၏ အနက်ရှိုင်းဆုံး တစ်နေရာမှ လူမျိုးစုတစ်ခု၏ သမိုင်းကြောင်း တစ်ခုလုံးသည် တွန့်လိမ်နေသော စိတ်ဝိညာဉ် အစုအဝေးများအဖြစ် သူမ၏ မျက်စိရှေ့တွင် အော်ဟစ်နေသကဲ့သို့ပင်။
၎င်းတို့သည် မရေမတွက်နိုင်အောင် ကွဲပြားသည့် အချိန်မှတ်တိုင်များမှ စတင်ကာ အချိန်ကာလ၏ အမှတ်အသားတစ်ခုတည်းသို့ စုစည်းသွားကြသည်။
ထိုနေရာတွင် အေးစက်စက် လေပြင်းများက အော်ဟစ် တိုက်ခတ်နေပြီး ကောင်းကင်ယံတွင် ကြီးမားသော အရိပ်မည်းကြီး တစ်ခုက ဖုံးလွှမ်းနေသည်။ ၎င်းသည် အောက်သို့ ဆင်းသက်လာကာ ထိုလူမျိုးစုဝင်များ၏ ခန္ဓာကိုယ်များကို ဝါးမြိုပစ်နေပြီး၊ သူတို့၏ တောက်ပသော ယဉ်ကျေးမှုကို ဖျက်ဆီးကာ လူမျိုးတုံး ပျောက်ကွယ်တော့မည့် အငွေ့အသက်များကို ဆောင်ကြဉ်းလာသည်။
သူတို့သည် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုံးသော စုပေါင်းအော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်ကြလေ၏။
"သိမ်းပိုက်လိုက်... အားလုံးကို သိမ်းပိုက်လိုက်... သူတို့နေရာမှာ အစားထိုးလိုက်ကြစို့..."
"သူတို့ ဖြစ်လာအောင် လုပ်ကြစို့..."
ထိုစုပေါင်း စိတ်ဝိညာဉ်များ၏ မြင်ကွင်းမှာ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် တည်ငြိမ်သွားကာ၊ သက်တံရောင် အကြေးခွံများနှင့် ရှည်လျားသော အာရုံခံ လက်တံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျိကျစ်ရှို့၏ မျက်လုံးများမှာ ထိုမြင်ကွင်းများ၏ တိုက်ခိုက်မှုကြောင့် အသက်မဲ့ကာ ဝေဝေဝါးဝါး ဖြစ်သွားခဲ့၏။
"မင်း လက်ခံတတ်အောင် သင်ယူရမယ်... နားလည်လား..."
လင်ကျဲ၏ အသံမှာ ကျိကျစ်ရှို့၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူမ၏ နှလုံးသားကို တင်းကျပ်သွားစေကာ နှလုံးခုန်နှုန်းများ မြန်လာစေသည်။ ထိတ်လန့်ဖွယ်ရာ အာရုံများကြောင့် ခဲနေသော သွေးများထဲသို့ နွေးထွေးမှုများ ပြန်လည်ဝင်ရောက်လာကာ တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြန်သည်။
သူမသည် ထုံထိုင်းနေသော အာရုံများထဲမှ နောက်ဆုံးတွင် နိုးထလာပုံရသည်။
'ဒါတွေက တကယ်ပဲ ဘာတွေလဲ...'
သတိပြန်ဝင်လာချိန်တွင် ကျိကျစ်ရှို့ တစ်ယောက် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးသွားမိသည်။ ထိုအချိန်တွင်မှ သူမသည် စာအုပ်ဆိုင်ထဲမှ မည်သို့ထွက်လာမှန်း မသိဘဲ အပြင်သို့ ရောက်နေသည်ကို သတိထားမိလိုက်သည်။
သူမ၏ လက်ထဲတွင် မစ္စဝာာလင် ပေးလိုက်သော စာအုပ်အပြင် စာအုပ်ဆိုင်၏ ကိုယ်စားလှယ် ရောင်းချခွင့်နှင့် ပတ်သက်သည့် စာချုပ်မူရင်း တစ်စောင်လည်း ရှိနေသည်။
'နေပါဦး... စာချုပ်...'
ကျိကျစ်ရှို့သည် ဖိုင်တွဲထဲမှ စာရွက်စာတမ်းများကို အလျင်အမြန် ထုတ်ယူကာ အစမှအဆုံး သေချာစွာ ဖတ်ရှုလိုက်သည်။ ၎င်းမှာ အလွန်စနစ်ကျပြီး ကျစ်လျစ်ကာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သင့်တင့်မျှတသော ငွေပေးချေမှုဆိုင်ရာ အချက်အလက်များ ပါဝင်သည်။ ကျိကျစ်ရှို့ကဲ့သို့သော သူတစ်ဦး၏ အမြင်မှာပင် အပြစ်ပြောစရာ တစ်ကွက်မျှ မရှိချေ။
အမှန်စင်စစ် သူမသည် စာအုပ်ဆိုင်ဘက်ကသာ အသာစီးရမည့် စာချုပ်မျိုးကို လက်ခံရန် စိတ်ပိုင်းဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ မျှတသော စာချုပ်မျိုးမှာ သူမ မျှော်လင့်ထားသည်ထက် ပိုနေပြီ ဖြစ်သည်။
စာချုပ်၏ အောက်ခြေတွင် ကျိကျစ်ရှို့၏ လက်မှတ်နှင့်အတူ လှေကားထစ် တံဆိပ် ပါရှိသည့် ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ၏ တရားဝင် တံဆိပ်တုံးကိုပါ ရိုက်နှိပ်ထားပြီး ဖြစ်သည်။
ကျိကျစ်ရှို့သည် စာအုပ်ဆိုင်ဘက်သို့ မရှုနိုင် မကယ်နိုင် လှည့်ကြည့်လိုက်မိသည်။ မှန်ပြတင်းပေါက်မှတစ်ဆင့် သူမ မြင်တွေ့နေရသည်မှာ ဝတ်စုံအသစ် ဝတ်ထားသော မွန်းက လင်ကျဲအတွက် လက်ဖက်ရည် ဖျော်ပေးနေခြင်း ဖြစ်သည်။ ကောင်တာပေါ်တွင်လည်း စာချုပ်နောက်ထပ် တစ်စောင် ရှိနေသည်။
ထိုခဏတာအတွင်းမှာပင် မွန်းသည် အလုပ်ဆင်းကာ စာအုပ်ဆိုင်သို့ ပြန်ရောက်လာပြီး ကျိကျစ်ရှို့နှင့် စာချုပ်ချုပ်ဆိုခဲ့ပုံရသည်။
အရာအားလုံးက အလွန်ချောမွေ့နေခဲ့သည်။
သို့သော်လည်း... ကျိကျစ်ရှို့အနေဖြင့်မူ ထိုအရာများအား လုပ်ဆောင်ခဲ့ခြင်းကို နည်းနည်းလေးမျှ မှတ်မိခြင်း မရှိတော့ချေ။
သူမ ပြန်လည်စဉ်းစားရန် ကြိုးစားကြည့်လိုက်၏။ သူမ ထိုအရာများကို လုပ်ဆောင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များမှာ နှင်းများဖုံးနေသော မှန်ကိုကြည့်ရသကဲ့သို့ ဝေဝါးနေသည်။ ထိုအချိန်အတွင်း၌ အခြားသော တည်ရှိမှုတစ်ခုက သူမကို ထိန်းချုပ်ကာ သူမကိုယ်စား လုပ်ဆောင်ပေးခဲ့သကဲ့သို့ပင်။
"ဟူး..."
ကျိကျစ်ရှို့သည် အသက်ကို ဝဝရှူကာ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည်။ လက်ထဲမှ စာအုပ်ကို သေချာကြည့်လိုက်ချိန်တွင် အဖြေတစ်ခုက သူမ၏ စိတ်ထဲသို့ ရောက်လာသည်။
'ဒီတစ်ခေါက် စာအုပ်က... တကယ်ကို ထူးခြားတာပဲ...'
၎င်းမှာ ယခင်စာအုပ်များကဲ့သို့ စွမ်းအားအသုံးပြုပုံ သို့မဟုတ် နိယာမများကို နားလည်စေသည့် အရာမျိုး မဟုတ်တော့ချေ။ အမှန်တကယ်တော့ ၎င်းကို စာအုပ်ဟုပင် မခေါ်သင့်ဘဲ လူမျိုးစုတစ်ခုလုံး၏ အကြွင်းအကျန်များဟု ခေါ်ဆိုရပေမည်။
‘ကြီးမြတ်သော ရစ်သ် မျိုးနွယ်...’
သူတို့သည် အချိန်ကာလ၏ အနှစ်သာရကို ထိန်းချုပ်နိုင်ရုံသာမက 'စိတ်ကူး ကိုယ်ပွားခြင်း' ဆိုသည့် ထူးခြားသော စွမ်းရည်ရှိသည့် အသိဉာဏ်ရှိ သက်ရှိများ ဖြစ်ကြသည်။ ရစ်သ်လူမျိုးများသည် သူတို့၏ စိတ်ဝိညာဉ်ကို အခြားသက်ရှိများထဲသို့ ထည့်သွင်းကာ ထိုခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ပြီး၊ ထိုလူမျိုးစု၏ အသွင်အပြင် အားလုံးကို ရရှိနိုင်ကြသည်။
စောစောပိုင်းက ကျိကျစ်ရှို့၏ စိတ်သည် ရစ်သ်မျိုးနွယ် တစ်ခုလုံး၏ စုပေါင်းစိတ်ဝိညာဉ် အကြွင်းအကျန်များနှင့် အလဲအလှယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုလူမျိုးစု၏ သမိုင်းကြောင်းနှင့် သတင်းစကား တစ်ခုလုံးကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် သူမကိုယ်စား ထိုလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးခဲ့သည်မှာ ရစ်သ်တို့၏ စိတ်ဝိညာဉ်ပင် ဖြစ်သည်။
အဘယ်ကြောင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ဝိညာဉ်မဟုတ်ဘဲ စုပေါင်းစိတ်ဝိညာဉ် ဖြစ်နေရသနည်းဆိုလျှင်၊ ကျိကျစ်ရှို့ မြင်တွေ့ခဲ့ရသည့်အတိုင်း ထိုကြီးမြတ်သော မျိုးနွယ်စုသည် နောက်ဆုံးတွင် သူတို့၏ ရန်သူတော်ကြီးကြောင့် ပျက်စီးသွားခဲ့ရသောကြောင့် ဖြစ်သည်။
ဤစာအုပ်အတွင်း၌ ကျန်ရှိနေသည်မှာ ရစ်သ်တို့၏ ဝိညာဉ်အကြွင်းအကျန်များသာ ဖြစ်သည်။ ယခုအခါ လေထဲသို့ ပျောက်ကွယ်သွားပြီဖြစ်သော ထိုအကြွင်းအကျန်စွမ်းအားများသည် ကျိကျစ်ရှို့အား ရစ်သ်တို့၏ အသိပညာနှင့် ခွန်အားများကို ရရှိစေရန်အတွက်သာ လုံလောက်တော့သည်။
ထိုကြီးမြတ်သော လူမျိုးစုသည် ယခုအခါ လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်သည်။ သို့သော် အခြားရှုထောင့်မှ ကြည့်လျှင် ကျိကျစ်ရှို့သည် ထိုလူမျိုးစု၏ နောက်ဆုံးသော အဖွဲ့ဝင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"မစ္စတာလင်က ဒီစာအုပ်ကို ငါ့ဆီ အပ်နှံခဲ့တာဟာ စာအုပ်ဆိုင်ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်လာဖို့အတွက် ငါ့ရဲ့ အရင်က ခွန်အားက မလုံလောက်သေးဘူးလို့ သူ ခံစားရလို့ပဲ... ဒါကြောင့် ငါ တိုးတက်လာဖို့ လိုတယ်..."
ကျိကျစ်ရှို့ စာအုပ်နှင့် စာချုပ်ကို စိတ်အားထက်သန်စွာဖြင့် သိမ်းလိုက်သည်။
"အခုလောလောဆယ် ငါ့ရဲ့ လက်ရှိ စွမ်းရည်တွေနဲ့ အချိန်နိယာမကို မထိန်းချုပ်နိုင်သေးပေမဲ့၊ စိတ်ကူး ကိုယ်ပွားခြင်းနဲ့ သံမဏိ စိတ်ဓာတ် တို့ကို ပေါင်းစပ်လိုက်ရင် လူအများကြီးကို ငါ့ရဲ့ ကိုယ်ပွားတွေလိုမျိုး တစ်ပြိုင်တည်း ထိန်းချုပ်နိုင်တော့မယ်..."
"ဒါဆိုရင် ပင့်ကူ ပဲဖြစ်ဖြစ် ရိုးလ် သယံဇာတ ပဲဖြစ်ဖြစ်၊ နှစ်ခုလုံးက အရင်ကထက် ပိုပြီး အစွမ်းထက်လာတော့မယ်..."
ကျိကျစ်ရှို့သည် ထိုအရာများကို လက်တွေ့ အကောင်အထည်ဖော်ရန် မစောင့်နိုင်တော့ချေ။
ကိုယ်တိုင် အဆက်မပြတ် စိတ်လှုပ်ရှားနေသဖြင့် ကျိကျစ်ရှို့သည် အလွန်သန့်စင်သော ဖလော်ဆိုဖာ ကျောက်တုံးကြောင့် စိတ်လွတ်သွားခဲ့သော သူမ၏ ဖခင်ကို ကိုင်တွယ်ဖြေရှင်းရန် သတိရသွားသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် ကျိပိုတုံသည် အာရုံများအားလုံး ပျောက်ဆုံးနေသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေဆဲပင် ဖြစ်သည်။ မစ္စဝာာလင်က ထပ်မံပြီး အပြစ်မတင်တော့သဖြင့် ဤသည်မှာ ပြစ်ဒဏ်၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ စိတ်လွတ်သွားသော အခြေအနေမျိုးမှာ မုဆိုးများအကြား အဖြစ်များလေ့ရှိပြီး ကုသပုံမှာ ရိုးရှင်းပါသည်။ သူတို့တွင် အထက်လမ်း မှော်ဆရာများ ဖော်စပ်ထားသော ဆေးများ အမြဲပါလေ့ရှိသည်။ ကျိကျစ်ရှို့သည် သူမ၏ ဖခင်အား သတိပြန်လည်စေသည့် ဆေးတစ်လုံးကို အလျင်အမြန် တိုက်လိုက်သည်။
အဟွတ် အဟွတ်...
ကျိပိုတုံမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီးမှ သတိပြန်ဝင်လာကာ ချောင်းဆိုးရင်း အသက်ကို ဝဝရှူလိုက်သည်။ သူ ကြောက်ရွံ့မှုများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ စာအုပ်ဆိုင်ထဲ၌ မရှိတော့သည်ကို သတိပြုမိလိုက်ချိန်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"နောက်မှ သမီးသေချာ ရှင်းပြမယ်... အခု အားလုံး ပြီးသွားပြီ၊ အရင်ဆုံး အိမ်ပြန်ကြမယ်”
ကျိကျစ်ရှို့က သူမ၏ ဖခင်ကို မျက်ရိပ်ပြလိုက်သည်။ သတိပြန်ဝင်လာပြီဖြစ်သော ကျိပိုတုံသည် ချက်ချင်းပင် တည်ငြိမ်သွားကာ ခေါင်းညိတ်လိုက်သည်။ ကားဆရာအဖြစ် ဆက်လက် ဟန်ဆောင်ရင်း သူသည် ကျိကျစ်ရှို့အတွက် နောက်ခန်းတံခါးကို ဖွင့်ပေးကာ မောင်းသူနေရာသို့ ဝင်ထိုင်လိုက်တော့သည်။
စိတ်ထဲတွင် အလွန်ပင် ရှုပ်ထွေးနေသော်လည်း သူသည် သမီးဖြစ်သူကို အသိဆုံး ဖြစ်သည်။ မျက်နှာအမူအရာအရ သမီးဖြစ်သူမှာ အလွန်ဝမ်းသာနေသည်ကို သူ သိလိုက်ရသဖြင့် သူလည်း တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။
အတန်ကြာ မောင်းနှင်လာပြီးနောက် သူက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
"သမီး... ဖေဖေတို့တွေ အောင်မြင်ခဲ့တာလား..."
"ဟုတ်ကဲ့... အောင်မြင်ခဲ့ပါပြီ သမီးတို့ လောင်းကြေး နိုင်ခဲ့ပြီ..."
ကျိကျစ်ရှို့က သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ဘဲ ပြုံးလိုက်၏။
"ရိုးလ် မြေအောက် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးဟာ သဘာဝလွန် စွမ်းအားရှင်တွေရဲ့ လက်ထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ အဆင့်မှာ မရှိတော့ဘူး... သမီးတို့တွေ မကြာခင် ဘယ်သူမှ လျှော့မတွက်ရဲတဲ့ အင်အားစုတစ်ခု ဖြစ်လာတော့မယ်..."
"ကောင်းလိုက်တာ... ဒါက တကယ်ကို ဝမ်းသာစရာပဲ..."
ကျိပိုတုံသည် စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အော်ဟစ် ရယ်မောမိတော့မတတ် ဖြစ်သွားသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူ နောင်တရစွာဖြင့် လှည့်ကြည့်လိုက်၏။
"တောင်းပန်ပါတယ် သမီးရယ်... ဖေဖေက သမီးအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
သူသည် ရင်ထဲ၌ ခါးသီးစွာ ပြုံးနေမိသည်။ သူသည် သမီးဖြစ်သူအတွက် ပိုမိုအကျိုးရှိစေရန် အထောက်အပံ့ပေးဖို့ လာခဲ့သော်လည်း၊ ဝင်လာသည့် ခဏမှာပင် ပိတ်ပင်ခြင်း ခံခဲ့ရသည်။ သာမန်လူတစ်ယောက်၏ အတွေးအခေါ်များသည် ဤကဲ့သို့သော သဘာဝလွန် စွမ်းအားရှင်ကြီးများ၏ ရှေ့မှောက်တွင် နေရာမရှိပါချေ။
သူ တကယ်ပဲ အိုမင်းသွားခဲ့ပြီ ဖြစ်သည်။ နောင်တွင် သူသည် လက်လွှတ်တတ်အောင် သင်ယူကာ သမီးဖြစ်သူကို ကိုယ်တိုင် တိုးတက်လာအောင် ခွင့်ပြုရတော့မည်။
ကျိကျစ်ရှို့က ခေါင်းခါရင်း သူမ၏ နားကပ်များကို ကိုင်တွယ်လိုက်၏။
"မဟုတ်ပါဘူး... ဖေဖေက သမီး အတွက် ဘယ်တော့မှ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါဘူး... ဆန့်ကျင်ဘက်အနေနဲ့ အဖေ့ကို ကျေးဇူးတင်ရမှာပါ... အဖေသာ မပါခဲ့ရင် ဒီအရောင်းအဝယ်က အောင်မြင်မှာ မဟုတ်ဘူး"
သူမက မတတ်သာသလို ပခုံးတွန့်လိုက်ရင်း...
"မစ္စတာလင်းက အဲဒီ ရှေးဟောင်းပစ္စည်း သေတ္တာကြောင့် သဘောတူခဲ့တာလေ..."
...
ကျိကျစ်ရှို့တို့ကို တံခါးဝ အထိ လိုက်ပို့ကာ နှုတ်ဆက်ပြီးနောက်
လင်ကျဲသည် သူ၏ နေရာတွင် ပြန်ထိုင်လိုက်၏။ မွန်းကတော့ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို စီစစ်နေသည်။
လင်ကျဲ ပူပူနွေးနွေး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ခရီးဆောင်သေတ္တာကြီးကို ဖွင့်ကာ အတွင်းရှိ လှပသော ပစ္စည်းများကို ကြည့်ရန် စိတ်အားထက်သန်နေမိသည်။
ကလစ်...
သေတ္တာသော့ပွင့်သွားသော်လည်း ၎င်းမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်။ အတွင်း၌ ပိတ်မှောင်နေသော အမှောင်ထုတစ်ခုသာ 'အခြေချ' နေ၏။ ၎င်းသည် အနည်းငယ် လှုပ်ခါသွားပြီးနောက် “ဂေ့...” ဆိုသည့် လေချဉ်တက်သံ တစ်ခုကို ထုတ်လွှတ်လိုက်လေတော့သည်။
***
အပိုင်း(၃၂၂)
ဘုတ်...
လင်ကျဲ ခရီးဆောင်သေတ္တာကို ပြန်ပိတ်လိုက်၏။ သူ အသက်ကို ဝဝရှူလိုက်ပြီး ပါးစပ်ထဲမှ လက်ဖက်ရည်ကို တည်ငြိမ်စွာ မျိုချလိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်ကို ကောင်တာပေါ်သို့ အသာအယာ တင်လိုက်ပြီး မွန်း ယူသွားနိုင်ရန် ပြုံးပြလိုက်သည်။
ဆယ်ကျော်သက် မိန်းကလေး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေရင်း လင်ကျဲ၏ အပြုံးမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ၊ မျက်နှာပျက်ပျက်ဖြင့် သားရေသေတ္တာကို ပြန်ဖွင့်လိုက်သည်။
"မင်းက ဒါတွေကို လိုချင်ရုံပဲလို့ ငါ ထင်ထားတာလေ... မင်းက တစ်ဆင့်တက်ပြီး ဒါတွေကို မုန့်လိုမျိုး စားပွဲတော် တည်လိုက်လိမ့်မယ်လို့ မထင်ထားဘူး... ဒါတွေက တကယ်ပဲ စားလို့ရလို့လား..."
"ကောင်းပြီလေ... မင်းလို ဘာမှန်း မသိတဲ့ သက်ရှိတစ်မျိုးအတွက်တော့ ဒါတွေက စားကောင်းရင် စားကောင်းမှာပေါ့၊ ဒါပေမဲ့ မင်းရဲ့ အစားအသောက် အာသီသက နည်းနည်းတော့ မလွန်လွန်းဘူးလား..."
လင်ကျဲ ဟာလာဟင်းလင်း ဖြစ်နေသော သေတ္တာကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေမိသည်။ ယခုတစ်ကြိမ်တွင်မူ အတွင်းရှိ အရိပ်ကိုပင် မမြင်ရတော့ချေ။
တရားခံမှာ ကိုယ်ယောင်ဖျောက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ထွက်ပြေးသည့် အရှိန်မှာလည်း ထိပ်တန်းအဆင့်ပင် ဖြစ်သည်။ လင်ကျဲ ရတနာများကို ဒုတိယအကြိမ် ပြန်ကြည့်ခွင့်ပင်မရလိုက်ဘဲ၊ အတွင်း၌ မည်သည့်ပစ္စည်းများ ပါဝင်သည်ကိုပင် အတိအကျ မသိလိုက်ရချေ။
ရုတ်တရက်ဆိုသလို... သူ၏ နားထဲတွင် ထူးဆန်းပြီး နားမလည်နိုင်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။ ၎င်းမှာ ရေရွတ်သံ သို့မဟုတ် တိုးတိုးလေး ပြောဆိုသံနှင့် တူသော်လည်း၊ လင်ကျဲအနေဖြင့် အမျိုးသား အသံလား၊ အမျိုးသမီး အသံလားဆိုသည်ကို မခွဲခြားနိုင်သကဲ့သို့ မည်သည့် ဘာသာစကားဖြစ်သည်ကိုလည်း မသိနိုင်ချေ။
သို့သော်လည်း လင်ကျဲသည် ၎င်း၏ အဓိပ္ပာယ်ကိုတော့ နားလည်နိုင်ခဲ့သည်။ အသံမှာ သူစိမ်းဆန်သော်လည်း တစ်ချိန်တည်းမှာပင် ရင်းနှီးနေသကဲ့သို့ ရှိသည်။ သူ ဤကမ္ဘာသို့ စတင် ရောက်ရှိလာစဉ် ဘလက်ကီ၏ အရိပ် ပုံသဏ္ဌာန် မပေါ်လာသေးခင်က ဘလက်ကီသည် သူနှင့် ဤနည်းအတိုင်း ဆက်သွယ်ခဲ့ဖူးသည်။
ယခုအခါ ဘလက်ကီတွင် အမှန်တကယ် ပုံသဏ္ဌာန်ရှိနေပြီ ဖြစ်သော်လည်း၊ အဝေးမှ ဆက်သွယ်ရန်အတွက် ဤနည်းလမ်းဟောင်းကိုပင် အသုံးပြုနေဆဲ ဖြစ်သည်။
၎င်းမှာ မုန့်များကို ခိုးစားနေစဉ် မိဘအုပ်ထိန်းသူကို မိသွားသဖြင့် အပြစ်ပေးခံရမည် စိုးသောကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်နေသော ကလေးတစ်ဦးနှင့် တကယ့်ကို တူလှသည်။
"ပြန်ပေးမလို့လား... မတော်တဆ စားမိလို့ ငါ့ကို အခု ပြန်ပေးချင်တာလား... မင်းအတွက် ဒါက အသုံးမဝင်ဘူးလား..."
လင်ကျဲက ဇဝေဇဝါဖြင့် မေးလိုက်ရင်း တစ်စုံတစ်ခုကို လက်ခံရယူရန်အတွက် သူ၏ လက်များကို အလျင်အမြန် ဖြန့်လိုက်သည်။
ဘာတွေဖြစ်နေမှန်း သူ မသိသော်လည်း၊ ဤသည်မှာ ဘလက်ကီက ကျန်ရှိသော ပစ္စည်းအချို့ကို ပြန်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ သူသည် စိတ်သက်သာရာ ရသွားသကဲ့သို့ တစ်ချိန်တည်းမှာပင် မျှော်လင့်ချက်လည်း ရှိနေမိသည်။
‘တန်ဖိုးအရှိဆုံး ဖြစ်သော ရွှေပန်းသီးများ ဖြစ်နေမလား...’
ဝှစ်...
ရုတ်တရက်... သူ့ ရှေ့တွင် ထူးဆန်းပြီး တွန့်လိမ်နေသည့် အမှတ်တစ်ခု ပေါ်လာကာ လည်ပတ်သွားပြီးနောက် ပစ္စည်းတစ်ခုကို ထွေးထုတ် လိုက်သည်။
ထိုပစ္စည်းမှာ လင်ကျဲ၏ လက်ထဲသို့ ကျရောက်လာ၏။ သူ သေချာ စိုက်ကြည့်လိုက်သည်။ ၎င်းမှာ မီးတောက် အမှတ်အသားများ ပါရှိသည့် ကျောက်တုံး အပိုင်းအစပင်...။
‘နင့်မေကြီးတော်...’
လင်ကျဲမှာ ပြောစရာ စကားလုံး ပျောက်ရှသွားတော့သည်။
'မင်းကတော့ တကယ့်ကိုပဲ...'
လင်ကျဲ သူ့ လက်ထဲမှ အပိုင်းအစကို စစ်ဆေးကြည့်သည်။ မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများမှအပ သာမန် ကျောက်တုံးတစ်ခုနှင့် မည်သို့မျှ မခြားနားသဖြင့် လင်ကျဲ၏ မျက်နှာမှာ ညှိုးငယ်သွားတော့သည်။
ထို့နောက် ထိုတွန့်လိမ်နေသော အမှတ်မှာ မမြင်ရသည့် အင်အားတစ်ခုကြောင့် ပြန်လည် ချောမွေ့သွားပြီး ရေရွတ်သံမှာလည်း ပျောက်ကွယ်သွားသည်။
ဘလက်ကီ ထွက်သွားပြီ ဖြစ်သည်။
လင်ကျဲမှာ ရယ်ရမလို ငိုရမလို ဖြစ်နေသော နှုတ်ခမ်းများဖြင့် ခဏမျှ ငိုင်နေမိသည်။ ထို့နောက် သူသည် တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်ကာ ထိုကျောက်တုံး အပိုင်းအစကို သူ၏ အိပ်မက်ဘုံထဲသို့ ထည့်လိုက်သည်။
"ကောင်းပြီလေ... ဒီအပိုင်းအစပေါ်က သင်္ကေတတွေကို သုတေသန လုပ်ကြည့်ဖို့တော့ တန်ပါတယ်... ပျက်စီးနေတာတွေ ရှိပေမဲ့၊ ကန်ဒယ်လာရဲ့ မှတ်ဉာဏ်တွေ အရ ဆိုရင်တော့ ဒီသင်္ကေတတွေဟာ ဒုတိယခေတ်ထက် ပိုပြီး ရှေးကျတဲ့ ပထမခေတ်က အသုံးပြုခဲ့တဲ့ စာလုံးတွေ ဖြစ်ပုံရတယ်..."
ဤသည်မှာ အမှန်တရားကို လက်ခံနိုင်ရန် လင်ကျဲက မိမိကိုယ်မိမိ အားတင်း၍ ပြောလိုက်သော စကားပင် ဖြစ်သည်။
"ဒါပေမဲ့ ကန်ဒဲလားကိုယ်တိုင်တောင် ဒီစာလုံးတွေကို မသင်ယူခဲ့ဘူး... အမှန်တရားအသင်းတော်ရဲ့ စာကြည့်တိုက်မှာ ရှာရင်တောင် ဒါတွေက ဘာကို ဆိုလိုသလဲဆိုတာ သိနိုင်ဖို့ လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရှိချင်မှ ရှိလိမ့်မယ်..."
မေးစေ့ကို အကြိမ်ကြိမ် ပွတ်သပ်ပြီးနောက် လင်ကျဲက တစ်ဦးတည်း ရေရွတ်လိုက်သည်။
"မိန်းကလေးကျိ ပြောတာတော့ ဒီပစ္စည်းအချို့ကို ရိုးလ် သယံဇာတ က အောက်ပိုင်းခရိုင် ကို တိုးချဲ့တူးဖော်ရင်း တွေ့ခဲ့တာတဲ့... ဒါက အောက်ပိုင်းခရိုင်မှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး ရှိနေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဖြစ်နိုင်တာက ငါ လိုအပ်တဲ့ အရာတွေလည်း အဲဒီမှာ ရှိနေမလား..."
ထို့နောက် သူက ခေါင်းခါလိုက်သည်။
"အောက်ပိုင်းခရိုင်က ဝင်ရောက်ခွင့် ကန့်သတ်ထားတာ... အဲဒီကို သွားချင်ရင် ဗဟိုခရိုင်က အဖွဲ့အစည်း အသီးသီးရဲ့ ခွင့်ပြုချက် လိုအပ်သလို ခိုင်လုံတဲ့ အကြောင်းပြချက်လည်း ရှိရမယ်... ငါကိုယ်တိုင် တောင်းဆိုရင်တော့ မဖြစ်နိုင်ဘူး၊ ရိုးလ် သယံဇာတ အနေနဲ့လည်း သူတို့ရဲ့ ခွင့်ပြုချက်ထဲမှာ တခြားလူတစ်ယောက်ကို ထည့်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်... ထားလိုက်ပါတော့၊ နောက်မှပဲ ပြန်စဉ်းစားတော့မယ်"
လင်ကျဲ သက်ပြင်းချကာ မတ်တတ်ရပ်၍ ညောင်းညာနေသော ခါးကို ဆန့်လိုက်ပြီးနောက် နောက်ဖက်မှ စာအုပ်စင်ဆီသို့ လှည့်သွားလိုက်သည်။
ယခုရက်ပိုင်း သူ၏ အဓိက အလုပ်မှာ ရိုးလ် သယံဇာတ ကုမ္ပဏီမှတစ်ဆင့် ရောင်းချရန်အတွက် သင့်တော်သော စာအုပ်များကို ဂရုတစိုက် ရွေးချယ်ပေးရန် ဖြစ်သည်။
ဈေးနှုန်း၊ ကော်မရှင်နှင့် မည်သို့ ရောင်းချမည်ဆိုသည့် အချက်အလက်အားလုံးကို မွန်းနှင့် ကျိကျစ်ရှို့တို့ လက်မှတ်ရေးထိုးခဲ့သော စာချုပ်တွင် အသေအချာ ဖော်ပြထားပြီး ဖြစ်သည်။ လင်ကျဲ လုပ်ဆောင်ရမည့်အရာမှာ လစဉ် သင့်တော်သော စာအုပ်များကို ရွေးချယ်ပေးရန်သာ ဖြစ်ပြီး ကျိကျစ်ရှို့က လာရောက် သိမ်းဆည်းသွားမည် ဖြစ်သည်။ ထို့နောက် ကျိကျစ်ရှို့ နောက်တစ်ကြိမ် လာရောက်ချိန်တွင် အရောင်းအဝယ် အစီရင်ခံစာ တင်ပြပြီး သူ၏ အမြတ်ဝေစုကို ပေးအပ်မည် ဖြစ်သည်။
လက်ရှိတွင် လင်ကျဲ၏ စိုးရိမ်ပူပန်မှုများမှာ သူ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဤစာအုပ်ဆိုင်ရှိ စာအုပ်အားလုံးမှာ ရောင်းချရန် မသင့်တော်ပါချေ။ အကြောင်းကား... စာအုပ်ပါ အကြောင်းအရာများစွာမှာ ဤကမ္ဘာတွင် တစ်ခါမျှ မရှိခဲ့ဖူးသော အရာများ ဖြစ်နေပြီး၊ မကောင်းသော ရည်ရွယ်ချက်ရှိသူများ လက်ထဲသို့ ရောက်ရှိသွားပါက ပရမ်းပတာမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သူသည် အထူး သတိထားရမည် ဖြစ်သည်။
ထိုစိတ်ကူးနှင့်အတူ စင်ပေါ်ရှိ စာအုပ်များမှာ ဝတ္ထုကဏ္ဍတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ မှန်ပေသည်။ ဂရုတစိုက် စဉ်းစားပြီးနောက် ဤဝတ္ထုများမှာ ဘေးအန္တရာယ် အနည်းဆုံး ဖြစ်သကဲ့သို့ တစ်ချိန်တည်းမှာပင် လူအများ လက်ခံနိုင်ဆုံးသော စာပေလက်ရာများလည်း ဖြစ်သည်။ အကယ်၍ ပါဝင်သော အကြောင်းအရာများမှာ ဤကမ္ဘာတွင် မရှိခဲ့လျှင်ပင် ၎င်းကို 'စိတ်ကူးယဉ် ဖန်တီးမှု' ဟူသော အယူအဆဖြင့် ရှင်းပြနိုင်ပြီး စာဖတ်သူများအတွက်လည်း ဗဟုသုတ ဖြစ်စေနိုင်သည်။ ဤသည်မှာ အန္တရာယ်အကင်းဆုံး နည်းလမ်းပင်။
သူသည် ယခင်ကလည်း ဖောက်သည်များကို ဝတ္ထုအမျိုးမျိုးကို အကြံပြုဖူးသည်။ သို့သော်လည်း... မမျှော်လင့်ထားသော အခြေအနေမျိုး တစ်ခါမျှ မကြုံခဲ့ဖူးချေ။ ထို့ပြင် အချစ်ဝတ္ထု သို့မဟုတ် စိတ်ကူးယဉ် ဝတ္ထုများမှာ အန္တရာယ် ပို၍ပင် နည်းပါးလှသည်။
မည်သို့ပင် ဆိုစေ... ဤအမျိုးအစားများမှာ လူအများ နှစ်သက်ကြသော အမျိုးအစားများ ဖြစ်သည်။ ကမ္ဘာမြေတွင် ဖြစ်စေ အဇီးတွင်ဖြစ်စေ လူသားအားလုံးမှာ ခံစားချက်များကို ဖော်ထုတ်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။
ထို့ကြောင့် လင်ကျဲ ပထမဆုံး ရွေးချယ်လိုက်သော စာအုပ်မှာ ‘မွန်တီ ခရစ္စတို မြို့စားကြီး’ ဖြစ်သည်။ လက်စားချေခြင်းကို အခြေခံထားသော ဤဝတ္ထုသည် ဂန္ထဝင်မြောက်လှပြီး စိတ်လှုပ်ရှားဖွယ် ဇာတ်အိမ်များကြောင့် ဤကမ္ဘာတွင်လည်း လူကြိုက်အများဆုံး ဖြစ်လာပေလိမ့်မည်။
လင်ကျဲက ခဏမျှ စဉ်းစားပြီးနောက် မာနနှင့် အစွဲ (Pride and Prejudice)စာအုပ်ကို ရွေးလိုက်သည်။ ၎င်းမှာ ဂန္ထဝင် အချစ်ဝတ္ထု ဖြစ်သကဲ့သို့ လူသားတို့၏ သဘာဝကိုလည်း ဆွေးနွေးထားသဖြင့် လူကြိုက်နည်းသွားမည့် အရာမဟုတ်ချေ။
နှိုင်းယှဉ်လျှင် ဂျိန်းအဲယား မှာလည်း လူကြိုက်များသော်လည်း... လင်ကျဲအနေဖြင့် ထိုစာအုပ်အပေါ် အမြင် သိပ်မရှိလှချေ။ ထိုခေတ်ကာလတွင် ၎င်းမှာ အမျိုးသမီး အခွင့်အရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့အတွက် အကောင်းဆုံးလက်ရာ ဖြစ်ခဲ့ကောင်း ဖြစ်နိုင်သော်လည်း၊ စာပေလက်ရာတစ်ခုအဖြစ် ချီးကျူးရန်မှာ အနည်းငယ် ချဲ့ကားရာ ရောက်နေမည်ဟု သူ ခံစားရသည်။
'တကယ်တော့ အဲဒီ စာအုပ်က "အာဏာရှင် CEO က ငါ့ကို ချစ်မိသွားတယ်" ဆိုတဲ့ မန်ဟွာတွေနဲ့ သိပ်ပြီး မကွာပါဘူး'
လင်ကျဲက စိတ်ထဲက နှာခေါင်းရှုံ့လိုက်ရင်း ‘အဖိုးအိုနှင့် ပင်လယ်’ ၊ ‘မင်းပုန်းတောင် သိုင်းသမား’ စသည့် စာအုပ်များကို ရွေးချယ်လိုက်သည်။
အဖိုးအိုနှင့် ပင်လယ်မှာ အန်းနက် ဟဲမင်ဝေး ရေးသားထားသမျှထဲတွင် လူသားတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသသည့် အကောင်းဆုံးလက်ရာ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
မင်းပုန်းတောင် သိုင်းသမားနှင့် ပတ်သက်၍မူ... ၎င်းမှာ တရုတ်ဂန္ထဝင် ဝတ္ထုကြီး လေးပုဒ်ထဲတွင် ယဉ်ကျေးမှုဆိုင်ရာ အဟန့်အတား အနည်းဆုံး ဖြစ်မည်ဟု ယူဆသည်။ အနည်းဆုံးတော့ နားလည်ရန် မခက်ခဲလှချေ။ အခြားသူများက ဖြန့်ချိပေးမည် ဖြစ်သဖြင့် လင်ကျဲအနေဖြင့် ဈေးကွက်ကို စမ်းသပ်ကြည့်ရန်အတွက် ဤစာအုပ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ဒီလေးအုပ်ဆိုရင်တော့ အကုန်စုံသွားပြီ... အမျိုးအစားစုံ ပါသွားတာပေါ့"
လင်ကျဲက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါက ငါတို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဆိုတော့... တစ်မျိုးကို အုပ်ရေ ၁၀၀ စီ ပေးလိုက်မယ်..."
လင်ကျဲအနေဖြင့် ကြီးကြီးမားမား စတင်ရန် လိုအပ်သည်ဟု ခံစားရသည်။ သူ စာအုပ်များကို ယူကာ တံခါးဆီသို့ ဦးတည်သွားစဉ် ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် စာအုပ်စင်မှ ‘ဂန္ထဝင် အိမ်ချက်ဟင်း တစ်ထောင် - ၃၆၅ ရက်စာ ရောင်စုံထုတ်ဝေမှု’ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်တော့သည်။
***