အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) သခင်အဖြစ် အသိအမှတ်ပြုခြင်း
အသက်လတ်ပိုင်း အမျိုးသား၏ ဝိညာဉ်အမြုတေကို ဝါးမြိုပြီးနောက် အမည်းရောင် ကျောက်တုံးထူးမှာ သွေးကို ဝအင်အောင် သောက်ထားသည့် မိစ္ဆာကျောက်စိမ်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများ တောက်ပလာသည်။
မုန့်ဝမ်သည် မလှမ်းမကမ်းရှိ ကျောက်တုံးကို စူးစိုက်ကြည့်နေသည်။ ၎င်းအတွင်း၌ ပြင်းထန်သော စွမ်းအားတစ်ခု ကိန်းအောင်းနေပြီး တားမြစ်ချက် ကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားနေသည်ကို သူမ ခံစားနေရသည်။
"ဟီးဟီး... ဟုတ်တယ်၊ ဒီကျောက်တုံးထဲမှာ ပုန်းနေတာက ရှေးဟောင်း ထူးဆန်းတဲ့ ပိုးကောင်တွေထဲမှာ အဆင့် (၆) ရှိတဲ့ နက်ရှိုင်းသော မြူပိုး ပဲ..........."
မုန့်ဝမ်၏ စိတ်ထဲတွင် နှလုံးစားပိုးကောင်၏ စိတ်လှုပ်ရှားနေသော အသံမှာ အနည်းငယ် တုန်ယင်လျက် ထွက်ပေါ်လာသည်။
"ဒါမျိုးနေရာမှာ ပိတ်လှောင်ခံထားရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး..........."
စကားပင် မဆုံးသေးမီမှာပင် အဝေးမှ ကျောက်တုံးထူးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ အေးစက်ပြီး ရန်လိုသော ဝိညာဉ်အာရုံ တစ်ခုသည် ရှေးဟောင်းဆန်ပြီး ခန့်ညားသော ဖိအားများနှင့်အတူ မုန့်ဝမ်၏ အသိစိတ်ပင်လယ် ထဲသို့ တိုက်ရိုက် စီးဝင်လာသည်။
"ယုတ်ညံ့တဲ့ လူသားမျိုးနွယ် ... ငါ့ရဲ့ တားမြစ်ချက်ကို ချိုးဖျက်လိုက်တာ နင်လား..........."
မုန့်ဝမ်က မျက်ခုံးတစ်ချက် မြှင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာကာ ထိုကျောက်တုံးထူးကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ငါက နင့်ရဲ့ တားမြစ်ချက်ကို ချိုးဖျက်ပေးခဲ့တာဆိုတော့ နင် ငါ့ကို အညံ့ခံသင့်တယ် မဟုတ်ဘူးလား..........."
"အညံ့ခံရမယ်........... ဟားဟားဟားဟား..........."
နက်ရှိုင်းသော မြူပိုးကောင်အမမှာ အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်ရာ သူမ၏ မောက်မာသော ရယ်သံမှာ မုန့်ဝမ်၏ အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"နင်လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးက ငါ့ကို အညံ့ခံခိုင်းဖို့ စဉ်းစားနေတာလား........... ဒါက တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းတယ်။ ဒီအရှင်သခင်က နေရာအနှံ့ ကျော်ကြားခဲ့တာ၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် ငါ့ကို အမွှေးတစ်ပင်တောင် မထိနိုင်ဘူး။ နင်လို အကောင်လေးက ငါ့သွားကြားညှပ်ဖို့တောင် မလောက်ဘူး..........."
နက်ရှိုင်းသော မြူပိုးကောင်အမ၏ အသံမှာ လှောင်ပြောင်မှုနှင့် အထင်သေးမှုများ ပြည့်နှက်နေသည်။ ဤလူသားကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်အရ သူမကို ကိုင်တွယ်နိုင်မည့် 'ယူရင်မြက်' ကို မရှာနိုင်သရွေ့ သူမကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ဟု တွေးနေမိသည်။
"ဟုတ်လို့လား..........."
မုန့်ဝမ်၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းအနက်ပိုင်းတွင် သတိမထားမိနိုင်သော အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
"ငါ့လက်ထဲမှာ 'ယူရင်မြက်' ရှိနေခဲ့ရင်ကော..........."
နက်ရှိုင်းသော မြူပိုးကောင်အမမှာ ထိတ်လန့်သွားပြီးနောက် သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်သွားသည်။
"ဟင့်... ဟင့်အင်း၊ မဖြစ်နိုင်ဘူး၊ နင့်ဆီမှာ ယူရင်မြက် ရှိနေဖို့ လုံးဝ မဖြစ်နိုင်ဘူး..........."
ယူရင်မြက်ဆိုသည်မှာ သူမ ဆင့်ခေါ်သော နက်ရှိုင်းသောမြူထုထဲတွင်သာ ပေါက်ရောက်သောအပင်ဖြစ်ပြီး ၎င်းမှာ 'ယူဝူပိုး' များကို သဘာဝအတိုင်း နှိမ်နင်းနိုင်သော ထူးဆန်းသည့် မြက်တစ်မျိုး ဖြစ်သည်။
သို့သော် ၎င်းတို့၏ 'ယူရင်' မျိုးနွယ်စုမှလွဲ၍ ယူရင်မြက်၏ အသုံးဝင်ပုံကို သိသူမှာ အလွန်နည်းပါးသည်။ ဤလူသားမျိုးနွယ်သည် သူမကို လှည့်စားရန် ကြိုးစားနေခြင်းသာ ဖြစ်ရမည်...........
ထိုသို့တွေးလိုက်သောအခါ မြူပိုးကောင်အမမှာ သူမ၏ ထင်မြင်ချက်ကို ပို၍ ယုံကြည်သွားသည်။ ဤလူသားမျိုးနွယ်မှာ တကယ်ကို ကောက်ကျစ်တာပဲ၊ ငါတောင် အလိမ်ခံရတော့မလို့...........
မမျှော်လင့်ဘဲ မုန့်ဝမ်သည် သူမကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်ပြီး သိုလှောင်အိတ် ထဲမှ ထူးဆန်းသော ပုံစံရှိပြီး အလင်းလက်နေသော မြက်တစ်ဆုပ်ကို အေးဆေးစွာ ထုတ်ယူလိုက်သည်။
"ယူရင်မြက်ပဲ မဟုတ်လား........... နင် အဲဒါကို စားချင်တယ်ဆိုရင် အများကြီး ရှိသေးတယ်..........."
၎င်းကို မြင်လိုက်ရသောအခါ နက်ရှိုင်းသော မြူပိုးကောင်အမ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဤလူသားတွင် ယူရင်မြက် တကယ်ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ...........
"မဖြစ်နိုင်တာ........... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ နင်က ယူရင်မြက်ရဲ့ အသုံးဝင်ပုံကို ဘယ်လိုလုပ် သိနေတာလဲ......................"
မြူပိုးကောင်အမသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ အသံထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"အဲဒါ နင် သိဖို့ မလိုပါဘူး" မုန့်ဝမ်က အေးစက်စွာ ပြောလိုက်သော်လည်း သူမ၏ လက်မှာ လျော့ရဲမသွားချေ။ သူမသည် ယူရင်မြက်ထဲသို့ အခြေခံစွမ်းအင် များ ထည့်သွင်းလိုက်ရာ ၎င်း၏ ရနံ့များမှာ ပျံ့နှံ့သွားတော့သည်။
"လိမ္မာတဲ့ ပိုးကောင်လေး လုပ်ပြီး ငါ့ရဲ့ သန့်စင်ခြင်းကို အသာတကြည် ခံလိုက်ပါ"
ယူရင်မြက်၏ ဆေးစွမ်းများ တဖြည်းဖြည်း သက်ရောက်လာသည်နှင့်အမျှ နက်ရှိုင်းသော မြူပိုးကောင်အမမှာ အသည်းအသန် ရုန်းကန်နေတော့သည်။
သူမ၏ ဂုဏ်ယူရသော စွမ်းအားများမှာ တဖြည်းဖြည်း လျော့နည်းလာသည်ကို မြင်နေရသော်လည်း တားဆီးရန် အင်အား မရှိချေ။
"ဟင့်အင်း... ငါ အညံ့မခံဘူး........."
မြူပိုးကောင်အမ၏ အသံမှာ တဖြည်းဖြည်း အားနည်းလာသော်လည်း သူမ၏ စိတ်ဓာတ်မှာ အလွန် ခိုင်မာနေဆဲဖြစ်ကာ အညံ့ခံရန် ငြင်းဆန်နေသည်။
နှလုံးစားပိုးက စိုးရိမ်တကြီး ပြောလိုက်သည်။ "သခင်... ဒီမြူပိုးကောင်အမက ကျင့်ကြံသူ ဘယ်နှယောက်ရဲ့ ဝိညာဉ်အမြုတေတွေကို ဝါးမြိုထားလဲ မသိဘူး။ သူမရဲ့ ဝိညာဉ်စွမ်းအားက တအားများနေတော့ စောစောက ကျွန်တော်တို့ စုဆောင်းထားတဲ့ ယူရင်မြက်တွေက မလောက်တော့ဘူး ထင်တယ်"
မုန့်ဝမ်သည် စောစောက ချောက်ထဲတွင် ယူရင်မြက်ကို တွေ့စဉ်က စပ်စုလိုသော စိတ်ဖြင့်သာ အနည်းငယ် စုဆောင်းခဲ့ခြင်း ဖြစ်ရာ ယခုအခါ အကုန်နီးပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ယူရင်မြက်က မြူပိုးကောင်အမ၏ စွမ်းအားကို နှိမ်နင်းနိုင်သည်ဟု သိလိုက်ရမှတော့ သူမသည် ယခင် ချောက်ထဲသို့ ပြန်သွားပြီး ထပ်မံ စုဆောင်းရုံသာ ရှိတော့သည်။
သူမသည် ရွှမ်ကျီကို ကြည့်ကာ လိုက်ခဲ့ရန် အချက်ပြပြီးနောက် ချောက်ကမ္ဘား၏ အပြင်ဘက်သို့ မဆိုင်းမတွ လျှောက်သွားတော့သည်။ မြူပိုးကောင်အမ၏ စွမ်းအားမှာ ကန့်သတ်ခံထားရသောကြောင့် ဖြစ်ပေလိမ့်မည်၊ ချောက်ထဲမှ အမည်းရောင်မြူထုမှာ ကျဲပါးသွားပြီး မြင်ကွင်းမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။
မုန့်ဝမ်သည် လမ်းကြောင်းကို ကျွမ်းကျင်စွာပင် သူမ ယခင်က ယူရင်မြက် တွေ့ခဲ့သည့် နေရာသို့ ရောက်ရှိလာသည်။ သူမသည် ငုံ့လိုက်ပြီး ယူရင်မြက် တစ်ပင်ကို ဂရုတစိုက် ဆွတ်ယူလိုက်ကာ သူမ၏ လက်သည်းဖြင့် နုနယ်သော အရွက်စိမ်းလေးကို ဆိတ်လိုက်သည်။
စိမ်းမြမြ အရည်များမှာ ပင်စည်တစ်လျှောက် စီးကျလာပြီး ထူးဆန်းပြီး အေးမြသော ရနံ့တစ်ခု ထွက်ပေါ်လာကာ အနည်းငယ် ကျုံ့သွားသော အမည်းရောင် ကျောက်တုံးထူးပေါ်သို့ ကျရောက်သွားသည်။
"ရပ်စမ်း........... ရပ်လိုက်တော့..........." နက်ရှိုင်းသော မြူပိုးကောင်အမမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒီ ညစ်ပတ်တဲ့ အရာတွေကို ငါ့ဆီကနေ အမြန် ဖယ်ထုတ်ပေးပါ၊ အမြန်... အား—..........."
မုန့်ဝမ်က သူမကို ဂရုမစိုက်ဘဲ ကျောက်တုံးထူး၏ မျက်နှာပြင်ပေါ်တွင် ယူရင်မြက်အရည်များကို ဆက်လက် လိမ်းကျံနေသည်။ စိမ်းမြမြ အရည်များမှာ ကျောက်တုံးအတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး ကျောက်တုံးမှာ အနည်းငယ် တုန်ခါလျက် ပို၍ ကျုံ့သွားပြန်သည်။
ယူရင်မြက်၏ အာနိသင်ကြောင့် မြူပိုးကောင်အမ၏ စွမ်းအားမှာ တဖြည်းဖြည်း အားနည်းသွားပြီး သူမ၏ အော်ဟစ်သံများမှာလည်း တိုးသွားရာမှ လုံးဝ ပျောက်ကွယ်သွားသည်အထိ မုန့်ဝမ် ခံစားနေရသည်။
မုန့်ဝမ်သည် လက်ထဲမှ ကျောက်တုံးကို သေချာ စစ်ဆေးလိုက်ရာ မြူပိုးကောင်အမမှာ အလွန် အားနည်းနေပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ထို့နောက်မှ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အခြေခံစွမ်းအင်များကို လည်ပတ်စေကာ ကျောက်တုံးအတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်စေပြီး မြူပိုးကောင်အမကို စတင် သန့်စင်လိုက်တော့သည်။
မြူပိုးကောင်အမမှာ အလွန် မကျေမနပ် ဖြစ်နေသည်။ ဤလူသားသည် ယူရင်မြက်ကို သုံးပြီး သူမ၏ အင်အားကို ကန့်သတ်လိုက်ခြင်းမှာ တကယ်ကို မတရား လိမ်ညာခြင်းပင်...........
သို့သော် သေခြင်းနှင့် အညံ့ခံခြင်း ကြားတွင် သူမသည် နောက်ဆုံး၌ ခေါင်းငုံ့ရန် ရွေးချယ်လိုက်ရတော့သည်။
"ကျွန်မကို ချမ်းသာပေးပါ... ကျွန်မ အညံ့ခံပါတယ်........." မြူပိုးကောင်အမ၏ အားနည်းသောအသံမှာ မုန့်ဝမ်၏ အသိစိတ်ပင်လယ်ထဲတွင် မကျေမနပ်မှုနှင့် အကူအညီမဲ့မှုများဖြင့် ပဲ့တင်ထပ်သွားသည်။ "ကျွန်မ အညံ့ခံဖို့ အသင့်ပါပဲ၊ ကျွန်မရဲ့ အသက်ကိုပဲ ချမ်းသာပေးပါ........."
မုန့်ဝမ်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ရုံ ပြုံးလိုက်ပြီး သူမသည် မြူပိုးကောင်အမ၏ ဝိညာဉ်အာရုံ အနက်ရှိုင်းဆုံးနေရာတွင် ကျေးကျွန်တံဆိပ် တစ်ခု ခတ်နှိပ်လိုက်သည်။
တံဆိပ်ခတ်နှိပ်မှု ပြီးဆုံးသွားသည်နှင့် မုန့်ဝမ်နှင့် မြူပိုးကောင်အမအကြားတွင် သိမ်မွေ့သော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူမ အလိုရှိလျှင် မြူပိုးကောင်အမ၏ အသက်ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
"သခင်........." မြူပိုးကောင်အမ၏ အသံတွင် တုန်ယင်မှုနှင့် ကြောက်ရွံ့ရိုသေမှုများ ပါဝင်နေသည်။
မုန့်ဝမ်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး လက်ထဲမှ ကျောက်တုံးထူးကို အသာအယာ ပွတ်သပ်လိုက်သည်။
ကျောက်တုံးအတွင်းရှိ ဝိညာဉ်အာရုံ၏ ပိုင်ရှင်မှာ ပြင်းထန်စွာ တုန်ယင်နေသည်။
"နင် ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးမှတော့ နင် လိမ္မာသရွေ့ ငါ နင့်ကို အသက်ရှင်ဖို့ လမ်းပေးမှာပါ"
"ဟုတ်ကဲ့ပါ သခင်" မြူပိုးကောင်အမ၏ အနည်းငယ် ကျေးဇူးတင်သောအသံ ထွက်ပေါ်လာပြီးနောက် သူမက အနည်းငယ် ခက်ခဲစွာ ပြောလိုက်သည်။
"သခင်... ကျွန်မ အခု အရမ်း အားနည်းနေလို့ ပိုးကောင်သွင်းခံထားရတဲ့ ကျင့်ကြံသူတွေကို မထိန်းချုပ်နိုင်တော့ဘူး။ ပိုးကောင် လုံးဝ အမြစ်မတွယ်သေးတဲ့ ကျင့်ကြံသူတွေက......... မကြာခင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့မယ်"
"ငါ သိပြီ"
မုန့်ဝမ်၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး ပုံရိပ်ယောင်တစ်ခုအဖြစ် ကျောက်တံခါးဆီသို့ အပြင်းနှင်လိုက်သည်။
ရွှမ်ကျီသည်လည်း အမည်းရောင် အရိပ်တစ်ခုအလား မုန့်ဝမ်၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။
ကျောက်တံခါးနောက်ကွယ်ရှိ ကမ္ဘာသို့ ပြန်လည် ဝင်ရောက်လိုက်သောအခါ ကျောက်နံရံများတွင် မြှုပ်နှံထားသော အပြာရောင် အလင်းပေးကျောက်တုံးများကို ထပ်မံ မြင်တွေ့ရသည်။
မြူပိုးကောင်အမက အမြန် သတိပေးလိုက်သည်။ "သခင်... ဒီကျောက်တုံးတွေက ကျွန်မရဲ့ ပိုးဥတွေပါ။ သူတို့တွေ အကောင်ပေါက်လာရင် နက်ရှိုင်းသောမြူ လောက်ကောင်တွေ ဖြစ်လာပြီး သူတပါးကို ကပ်ပါးပြုနိုင်တဲ့ စွမ်းရည်ရှိလို့ အသုံးဝင်ပါလိမ့်မယ်"
မုန့်ဝမ်သည် ခေတ္တ ရပ်တန့်ကာ အပြာရောင် ကျောက်တုံးများကို ဝေ့ကြည့်လိုက်ပြီး အေးဆေးစွာ အမိန့်ပေးလိုက်သည်။
"ဒါတွေက နင် ပင်ပင်ပန်းပန်း မွေးထားတဲ့ ပိုးဥတွေဆိုမှတော့ နင်ပဲ သိမ်းထားလိုက်တော့"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် သခင်"
ပိုးဥများကို သိမ်းဆည်းပြီးနောက် မြူပိုးကောင်အမ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
အခန်း (၂၂၂) အကြီးအကဲများ ရောက်ရှိလာခြင်း
"သခင်... ခုလေးတင်ပဲ ကျွန်မရဲ့ နယ်မြေထဲကို ရွှေအမြုတေအဆင့် ကျင့်ကြံသူ အတော်များများ ကျူးကျော်ဝင်ရောက်လာတာကို အာရုံခံမိတယ်။ ကျွန်မတို့ ဘာလုပ်ကြမလဲ.......
ရွှေအမြုတေအဆင့် ကျင့်ကြံသူ အတော်များများ ဒီကို ရောက်နေတာလား...........
မုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ဤနေရာသို့ ဝင်သွားသော တပည့်များမှာ အချိန်အတော်ကြာသည်အထိ ပြန်မလာသဖြင့် ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့် အကြီးအကဲများမှာ စိုးရိမ်တကြီးနှင့် အခြေအနေကို လာရောက်စစ်ဆေးခြင်း ဖြစ်ပေလိမ့်မည်။
"နင်က ဘာကို ထိတ်လန့်နေတာလဲ........... အဲဒီ ရွှေအမြုတေကျင့်ကြံသူတွေက ငါ့ရဲ့ အကြီးအကဲတွေပဲ။ သူတို့ နင့်ကို ရှာမတွေ့နိုင်ဘူးဆိုတာ သေချာလား..........."
နက်ရှိုင်းသော မြူပိုးကောင်အမက အလွန်ယုံကြည်မှုရှိစွာဖြင့် "ကျွန်မ သေချာပါတယ်........နက်နဲသော ဝိညာဉ်အဆင့် ပညာရှင်ကြီးတွေတောင် ကျွန်မရှိတာကို အာရုံခံနိုင်မှာ မဟုတ်ဘူး၊ ဒီ ရွှေအမြုတေကျင့်ကြံသူ တစ်သိုက်ကိုတော့ ပြောနေစရာတောင် မလိုပါဘူး" ဟု ပြန်ပြောလိုက်သည်။
မုန့်ဝမ် ခေါင်းငြိမ့်လိုက်ပြီး "အရမ်းကောင်းတယ်။ 'ယူဝူပိုး' တွေ လုံးဝအမြစ်တွယ်ပြီးတဲ့ မိစ္ဆာအသွင် ပြောင်းသွားတဲ့သူတွေနဲ့ ကျင့်ကြံခြင်းဂူ အနက်ပိုင်းက ကိုးကွေ့တစ်ပတ် အစီအရင် ကို ငါ အကုန်သိမ်းမယ်။ ငါတို့ ဒီနေရာကနေ အမြန်ထွက်သွားရမယ်"
"ထွက်သွားမယ်..........."
နက်ရှိုင်းသော မြူပိုးကောင်အမက ချက်ချင်း တုံ့ပြန်လိုက်သည်။ "သခင်... ဒီမိုင်တစ်ထောင်အတွင်းမှာ ပျံ့နှံ့နေတဲ့ နက်ရှိုင်းသောမြူတွေက ကျွန်မ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ထားတဲ့ ရလဒ်တွေပါ။ အဲဒါတွေကိုပါ တစ်ခါတည်း ယူသွားလို့ ရမလား..........."
"ရတာပေါ့၊ ဒါပေမဲ့ နင်လုပ်နေတာကို ဘယ်သူမှ သတိမထားမိစေနဲ့"
ခွင့်ပြုချက်ရသည်နှင့် နက်ရှိုင်းသော မြူပိုးကောင်အမက ဂရုတစိုက် ဆောင်ရွက်ပါမည်ဟု ကတိပေးကာ ပတ်ဝန်းကျင်ရှိ မြူထုများကို စတင်စုပ်ယူတော့သည်။
မုန့်ဝမ်သည်လည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ မြူပိုးကောင်အမကို နက်ရှိုင်းသောမြူသစ်များ ထုတ်လွှတ်ခိုင်းပြီး ကျင့်ကြံခြင်းဂူ တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ထို့နောက် ရှောင်ရိ၊ ဟွာလီ ၊ လီဖော်တျန်း နှင့် အခြားသူများ သတိမရလာမီမှာပင် ယူဝူပိုးများ ကပ်ပါးပြုခြင်းခံရပြီး အသိစိတ်ပျောက်ဆုံးကာ မိစ္ဆာအဖြစ် လုံးဝပြောင်းလဲသွားသော ကျင့်ကြံသူအားလုံးကို သူမ သိမ်းဆည်းလိုက်သည်။
မိစ္ဆာအရေအတွက်မှာ မူလက တစ်ရာနီးပါး ရှိသော်လည်း ယခင်တိုက်ပွဲတွင် အချို့သေဆုံးသွားခဲ့ပြီး ပိုးကောင် အောင်မြင်စွာ အမြစ်မတွယ်နိုင်သူများကို ဖယ်ထုတ်လိုက်ရာ (၃၀) မှ (၄၀) ခန့်သာ ကျန်ရှိတော့သည်။
သို့သော်ငြားလည်း ဤသည်မှာ များပြားလှသော တိုက်ခိုက်ရေးအင်အားပင် ဖြစ်သည်။
ထိုအထဲတွင် အခြားမိစ္ဆာများထက် ကိုယ်လုံးကိုယ်ထည် ပိုမိုထွားကျိုင်းသော မိစ္ဆာကြီး လေးကောင်လည်း ပါဝင်ရာ ထိုလေးကောင်သာ ပူးပေါင်းတိုက်ခိုက်လာလျှင် မုန့်ဝမ်ပင်လျှင် ကိုင်တွယ်ရခက်ပေလိမ့်မည်။
ကိုးကွေ့တစ်ပတ် အစီအရင်ကို သိမ်းဆည်းပြီးနောက် သိမ်းယူနိုင်သမျှ အရာအားလုံးကို သိမ်းဆည်းကာ မုန့်ဝမ်သည် ရွှမ်ကျီနှင့်အတူ ဂူအတွင်းမှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။
မုန့်ဝမ် ထွက်သွားပြီးနောက် ကျောက်ခန်းမအတွင်းရှိ မြူထုများမှာ တဖြည်းဖြည်း လွင့်စင်သွားပြီး ခန္ဓာကိုယ်အတွင်းမှ ယူဝူပိုးများကို အသိစိတ်ဖြင့် ပြန်လည်ခုခံနေကြသောသူများမှာလည်း တဖြည်းဖြည်း အသိစိတ် ပြန်ဝင်လာကြသည်။
ရှောင်ရိသည် သူ၏ ကိုက်ခဲနေသော ဦးခေါင်းကို ဝေဝါးစွာ ပွတ်သပ်နေမိသည်။ သူ၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး အရေးကြီးသော မှတ်ဉာဏ်တစ်ခုခု ပျောက်ဆုံးနေသကဲ့သို့ ခံစားနေရသည်။
သူ ဝေ့ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ဟွာလီကို တွေ့ရပြီး သူမမှာလည်း အလားတူ အမူအရာမျိုး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
"ငါ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ..........."
လီဖော်တျန်းက သူမ၏ခေါင်းကို အားပါးတရ ခါယမ်းလိုက်ပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ ခံစားနေရသော်လည်း ဘာဖြစ်ခဲ့သည်ကိုမူ လုံးဝ မမှတ်မိချေ။
ဟွာလီ မျက်မှောင်ကြုတ်လိုက်သည်။ မှတ်ဉာဏ်များ ပျောက်ဆုံးနေသော ဤခံစားချက်က သူမကို အလွန် မသက်မသာ ဖြစ်စေပြီး အခြေအနေများမှာ ထိန်းချုပ်မှုအပြင်ဘက် ရောက်နေပြီဟု ခံစားနေရသည်။
အနီးအနားရှိ အစောပိုင်းက ဝင်ရောက်လာကြသော ထူးချွန်တပည့်များမှာလည်း သူတို့၏ ဝေဝါးမှုများမှ တဖြည်းဖြည်း ပြန်လည် နိုးထလာကြသည်။
သူတို့မှာလည်း မှတ်ဉာဏ် အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေပြီး စောစောက ဘာဖြစ်ခဲ့သည်ကို ဘာမျှ မသိကြချေ။
အစအဆုံး ယူဝူပိုးလောက်ကောင်များ၏ ကပ်ပါးပြုခြင်းကို မခံခဲ့ရသော ချင်းယွီ တစ်ဦးတည်းသာလျှင် မှတ်ဉာဏ်အားလုံး ကျန်ရှိနေခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ခေတ္တခဏက ဤနေရာမှာ မြူထုများဖြင့် လုံးဝဖုံးလွှမ်းနေသဖြင့် ဘာဖြစ်ခဲ့သည်ကို သူလည်း အပြည့်အစုံ မသိချေ။
သို့သော် သူ၏ အာရုံကမူ ဤကိစ္စသည် မုန့်ဝမ်နှင့် ဆက်စပ်နေနိုင်သည်ဟု ပြောနေသည်။
ထိုစဉ်မှာပင် မုန့်ဝမ်နှင့် ရွှမ်ကျီတို့ ကျောက်ခန်းမဝင်ပေါက်တွင် ပေါ်လာကြသည်။ မုန့်ဝမ်သည် အံ့သြသွားဟန်ဆောင်ကာ ဝေ့ကြည့်လိုက်ပြီး
"ဟင်........... နင်တို့အားလုံး ဘာလို့ ဒီမှာ ရှိနေကြတာလဲ........... ဘာတွေ ဖြစ်ခဲ့လို့လဲ..........." ဟု မေးလိုက်သည်။ သူမ၏ မျက်နှာမှာ ဘာမှမသိနားမလည်သည့်အလား ဝေဝါးမှုများ ပြည့်နှက်နေသည်။
"မုန့်ဝမ်... ဒါ နင့်လက်ချက်လား..........." ရှောင်ရိက မုန့်ဝမ်ကို စူးစိုက်ကြည့်ကာ စစ်မေးသည့်လေသံဖြင့် မေးလိုက်သည်။
မုန့်ဝမ်က နှာခေါင်းရှုံ့ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"နတ်သားတော် ရှောင်... အစားအသောက်ကို ကြိုက်သလို စားလို့ရပေမဲ့ စကားကိုတော့ ကြိုက်သလို ပြောလို့မရဘူးနော်။ ငါ ခုလေးတင် ကျောက်တံခါး ကနေ ဝင်လာတာ၊ ဘာမှမသိဘူး။ ဘာဖြစ်လို့ ငါ့ကို လာစွပ်စွဲနေတာလဲ..........."
ဟွာလီက သူတို့နှစ်ဦးကြား ဖြစ်လာတော့မည့် စကားများခြင်းကို လက်မြှောက်၍ တားလိုက်ပြီး လေးနက်သော အမူအရာဖြင့်—
"ဒီက မြူတွေ လွင့်စင်သွားပြီ။ ငါ အကြီးအကဲဆီက သတင်းရတယ်၊ သူတို့ မကြာခင် ရောက်လာလိမ့်မယ်။ အကြီးအကဲတွေနဲ့ တွေ့ရင် အရာအားလုံး ရှင်းလင်းသွားမှာပါ" ဟု ပြောလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက စကားရပ်လိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ အမွှေးတိုင် တစ်ဝက်ခန့်အကြာတွင် ကျောက်ခန်းမအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
အကြီးအကဲများ ရောက်လာပြီဟု အားလုံးက ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ ကျင်းချန်းနှင့် မုရွှယ်ယန် တို့ ဖြစ်နေသည်။
သူတို့နှစ်ဦးမှာလည်း သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအကြီးအကဲများထံမှ သတင်းရရှိထားပုံပေါ်သည်။ သူတို့မှာ ဘယ်သူနှင့်မျှ စကားမပြောဘဲ ကျောက်ခန်းမကို ဝေ့ကြည့်ပြီးနောက် နေရာတစ်ခုတွင် တိတ်တဆိတ် စောင့်နေကြသည်။
မကြာမီမှာပင် ရွှေအမြုတေအဆင့် အကြီးအကဲများ နောက်ဆုံး၌ ရောက်ရှိလာကြသည်။ ပထမဆုံး မြင်တွေ့လိုက်ရသူမှာ ရွှန်ထျန်းဓားဂိုဏ်း မှ အကြီးအကဲ ရွှမ်ကျီဇီ ဖြစ်သည်။ သူသည် ဓားပုံစံများ ပန်းထိုးထားသော စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ လေးနက်ကာ အလိုလို ကြောက်ရွံ့ရိုသေမှုကို ဖြစ်စေသည်။
ကပ်လျက်ပါလာသူမှာ ရွှေတိမ်တိုက်ဂိုဏ်း မှ အကြီးအကဲ ချင်ကျန်းရှန်း ဖြစ်သည်။ သူသည် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းပြီး သူ၏ အရှိန်အဝါမှာ တည်ငြိမ်လှကာ ကျားမျက်လုံးကဲ့သို့ စူးရှသော အကြည့်ဖြင့် တပည့်အားလုံးကို ဝေ့ကြည့်လိုက်သည်။
အကြီးအကဲ နှစ်ဦး၏ နောက်တွင် နတ်သမီးဝူမုံ့ အပါအဝင် အခြား ရွှေအမြုတေအဆင့် အကြီးအကဲ ဆယ်ဦးကျော် ပါဝင်လာသည်။
အားလုံး၏ အမူအရာမှာ လေးနက်နေပြီး ဤနေရာ၏ အခြေအနေကို အလွန်စိုးရိမ်နေကြပုံရသည်။
"အားလုံးပဲ... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..........."
အကြီးအကဲ ရွှမ်ကျီဇီက ဦးစွာ စကားစလိုက်သည်။ သူ၏အသံမှာ ကျယ်လောင်ဟိန်းထွက်နေပြီး မငြင်းဆန်နိုင်သော အရှိန်အဝါ ပါဝင်နေသည်။
၎င်းကို မြင်သောအခါ ရှောင်ရိက ရှေ့သို့ လှမ်းထွက်ကာ ဦးညွှတ်လိုက်သည်။
"အကြီးအကဲကို တင်ပြပါတယ်၊ ကျွန်တော်တို့ မြူထုထဲကို ဝင်သွားပြီးတဲ့နောက် မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားပါတယ်။ သတိရလာတဲ့အချိန်မှာ ဒီကို ရောက်နေတာပါ။ အဲဒီအချိန်အတွင်း ဘာဖြစ်ခဲ့သလဲဆိုတာ ဘာမှမသိရပါဘူး"
ဟွာလီကလည်း ခေါင်းငြိမ့်ပြကာ "စီနီယာအစ်ကို ရှောင်ရိ ပြောတာ မှန်ပါတယ်။ ကျွန်မတို့အားလုံး အတူတူပါပဲ။ စွမ်းအားတစ်ခုခုက ကျွန်မတို့ရဲ့ မှတ်ဉာဏ်တွေကို နှောင့်ယှက်နေပြီး အဲဒီအချိန်က အခြေအနေကို ပြန်မမှတ်မိအောင် တားဆီးထားပုံရပါတယ်" ဟု ပြောလိုက်သည်။
သူမ၏ လှပသော မျက်ခုံးလေးများမှာ ထိုဟာလာဟင်းလင်း ဖြစ်နေသော မှတ်ဉာဏ်ကို ပြန်စဉ်းစားရင်း အနည်းငယ် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
လင်းယွီနှင့် လီဖော်တျန်းတို့ကလည်း "ကျွန်မလည်း အတူတူပဲ........... ဒီမှာ နိုးလာတာ၊ ခေါင်းတွေလည်း တအား မူးနေတယ်" ဟု ထောက်ခံလိုက်ကြသည်။
အကြီးအကဲ နှစ်ဦးသည် အားလုံး၏ စကားကို နားထောင်ပြီးနောက် မျက်မှောင်များကို တင်းကြပ်စွာ ကြုတ်လိုက်ကြသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် လေးနက်မှုများကို မြင်နေရသည်။
ဤမြူထုအတွင်းရှိ စွမ်းအားမှာ အလွန်ထူးဆန်းလှပြီး လူများကို မသိမသာ မှတ်ဉာဏ်ပျောက်ဆုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။
"နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်သူ ရှိသေးလဲ..........."
အကြီးအကဲ ရွှမ်ကျီဇီက တပည့်အားလုံးကို ဝေ့ကြည့်ရင်း နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။ သူ၏ စူးရှသော အကြည့်မှာ လူတို့၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သည့်အလားပင်။
ကျင်းချန်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မုန့်ဝမ်က ဦးစွာ စကားဖြတ်ပြောလိုက်သည်။
"အကြီးအကဲတို့... ဒီတပည့်ကတော့ မြူထုထဲမှာ လှည့်လည်နေရင်း မှတ်ဉာဏ် မပျောက်ဆုံးခဲ့ပါဘူး။ ခုနက ဒီနေရာကနေ ဆူညံသံအချို့ ကြားလိုက်ရလို့ အပြေးအလွှား လာကြည့်တာပါ၊ ဘာဖြစ်ခဲ့လဲဆိုတာတော့ မသိပါဘူး"
ဤစကားကို ပြောလိုက်သည်နှင့် အားလုံး၏ အကြည့်မှာ မုန့်ဝမ်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ချင်းကျန်းရှန်း၏ အကြည့်မှာ အနည်းငယ် အေးစက်သွားပြီး "နင် တကယ်ပဲ ဘာမှမသိတာလား..........." ဟု မေးလိုက်သည်။
ချင်းကျန်းရှန်း၏ ရန်လိုသော စစ်ဆေးမှုကို ရင်ဆိုင်ရသောအခါ မုန့်ဝမ်သည် အနည်းငယ် တုန်လှုပ်သွားဟန်ပြကာ တွေဝေစွာဖြင့်—
"ဒီနေရာကို မဝင်ခင်မှာ အလွန်ထူးဆန်းတဲ့ အရာအချို့ကိုတော့ တွေ့ခဲ့ရပါတယ်" ဟု ပြောလိုက်သည်။
အားလုံးက အသက်ရှူပင် ရပ်တန့်သွားကြပြီး သူမ၏ နောက်ထပ်စကားကို စောင့်ဆိုင်းနေကြသည်။
"စောစောက စီနီယာအစ်မ လီဖော်တျန်းနဲ့အတူ သွားနေတုန်းမှာ သူမက အမည်းရောင် အမွှေးရှည်တွေ ဖုံးလွှမ်းနေတဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကလည်း အနည်းငယ် ထွားကျိုင်းလာပြီး သောင်းကျန်းနေတဲ့ သားရဲတစ်ကောင်လိုပါပဲ"
မုန့်ဝမ်က ထိတ်လန့်နေဆဲ အမူအရာဖြင့် "ကျွန်မသာ အချိန်မီ မရှောင်နိုင်ခဲ့ရင် သူမရဲ့ လက်ချက်နဲ့ သေသွားလောက်ပါပြီ။ ဒါဟာ ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ ကျိန်စာအတတ်တစ်ခုခု ဖြစ်နိုင်တယ်လို့ ကျွန်မ သံသယရှိပါတယ်" ဟု ပြောလိုက်သည်။