လိုက်လံဖမ်းဆီးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 17 Ch. 236
ကျင့်ကြံသူများထဲတွင် အန်လင်းတို့သည် ပေါက်ကွဲမှုနှင့် အနီးဆုံးနေရာတွင် ရှိနေကြသော်လည်း ဂမ်ဒမ်များ၏ ကာကွယ်ပေးမှုကြောင့် လုံခြုံမှုရှိကြလေသည်။
ပုရွက်ဆိတ်ဘုရင်မမှာမူ ပေါက်ကွဲမှုဗဟိုတွင် ရှိလေသည်။ နျူကလိယဗုံးသည် သူမ၏ကိုယ်တွင်း၌ ပေါက်ကွဲသွားခြင်းကြောင့် ရှင်သန်နေဦးမည်ဆိုလျှင် အံ့ဖွယ်တစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။
စွမ်းအားကြီး ပုရွက်ဆိတ် ၁၆ ကောင်သည် ပေါက်ကွဲမှု၏ သက်ရောက်မှုအား ခံစားလိုက်ကြရသည်။
သူတို့အားလုံးသည် ပုရွက်ဆိတ်ဘုရင်မ ဖောက်ခွဲခံရသည်ကို မြင်တွေ့ရသည့် အခါတွင် ကျင့်ကြံသူများထံသို့ ဒေါသတကြီး ပြေးဝင်သွားကြလေသည်။
အဓိက တရားခံများဖြစ်သည့် အန်လင်း၊ စုရှောင်လန် နှင့် ရွှမ်ယွမ်ချန်တို့မှာ သူတို့၏ ပစ်မှတ်များ ဖြစ်ကြသည်။ အထူးသဖြင့် နျူကလိယဗုံးအား ပစ်လွှတ်လိုက်သည့် ရွှမ်ယွမ်ချန်မှာ ပုရွက်ဆိတ်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများအား ခံစားနေရလေသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသည့် ပုရွက်ဆိတ်များသည် သူတို့၏ အသက်ကိုပင် စွန့်ကာ ရွှမ်ယွမ်ချန်အား တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
“အားလုံးပဲ ခဏလေးနေပါဦး။ ပုရွက်ဆိတ်ဘုရင်မက သေဆုံးသွားပြီဆိုတော့ ဒဏ်ရာရထားတဲ့ ပုရွက်ဆိတ် ၁၆ ကောင်က ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ အေးအေးဆေးဆေးပဲ သတ်ကြတာပေါ့။ ငါတို့အတွက် အနိုင်သေချာနေပြီပဲလေ။” ဓားအင်မော်တယ်လင်းရှောင်သည် လူတိုင်းထံသို့ အသံဖြင့် ပို့လွှတ်ဆက်သွယ်လိုက်သည်။
အန်လင်းတို့သည် ပေါက်ကြွမှုပြီးသည်နှင့် ချက်ချင်းဆိုသလို ဆုတ်ခွာလာခဲ့ကြသည်။ သို့သော်လည်း ဂမ်ဒမ်များ၏ အကာအကွယ်ပေးမှုကြောင့်သာ မဟုတ်ခဲ့လျှင် အစိတ်စိတ်အပိုင်းပိုင်း ပျက်သုန်းနှင့်ပြီး ဖြစ်သည်။
အခြေအနေမှာ ပိုမိုရှုပ်ထွေးလာနေပြီး ကျင့်ကြံသူအားလုံးသည် ရွှမ်ယွမ်ချန်၏အနားသို့ ရောက်ရှိလာကြပြီး ရွှမ်ယွမ်ချန်အား အားကုန်သုံးကာ တိုက်ခိုက်နေကြသည့် ပုရွက်ဆိတ်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြလေသည်။
စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူ၏လက်တစ်ဖက်အား ခုတ်ပိုင်းလိုက်သည်ကြောင့် ပုရွက်ဆိတ်ကြီးတစ်ကောင်မှ မယုံကြည်နိုင်စွာဖြင့် ရှိနေလေသည်။ အကြောင်းမှာ ရွှမ်ယွမ်ချန်အား လိုက်လံဖမ်းဆီးစဉ်တွင် ကျင့်ကြံသူတစ်ဦးသည် သူ၏လမ်းတွင် ပိတ်ရပ်နေခြင်းကြောင့် ဖြစ်သည်။
ပုရွက်ဆိတ်မျိုးနွယ်စု၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရသည့်အခါတွင် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး နှစ်ဘက်စလုံးတွင် အထိအခိုက်များလာသည်။
အန်လင်းသည် ခွေးပျံစီးနင်းကာဖြင့် အလျင်အမြန် ဆုတ်ခွာနေစဉ်မှာပင် သူ၏စိတ်ထဲ၌ ကြေညာချက်တစ်ခု ပေါ်လာသည်။
ဘာကြီးတုန်းဟ။
ထိုကြေညာချက်ကြောင့် အလွန်အမင်း ကြောင်အနေမိပြီး သူ၏ခွေးအား ရိုက်နှက်ပစ်လုနီးနီးပင်ဖြစ်သည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလိုက်ပြီးနောက်တွင်မှ အသိပြန်ဝင်လာကာ ရုတ်တရက်ဆိုသလို သဘောပေါက်လိုက်မိသည်။ ဖြစ်နိုင်တာက စနစ်လား။
ဟုတ်သားပဲ။ ငါက စနစ်တစ်ခုနဲ့ လူလေ။
အန်လင်း၏မျက်လုံးများ အရောင်လက်လာသည်။ ထိုစနစ်သည် “နေ့စဉ်နေ့တိုင်း ကြိုးစားကျင့်ကြံပြီး တိုးတက်အောင်လုပ်ပါ” ဟု စာချန်ထားပြီးနောက် တစ်နှစ်ပတ်လုံး တိတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စနစ်၏ တည်ရှိမှုကိုပင် မေ့လျော့နေခဲ့ခြင်းဖြစ်သည်။
ကြေညာချက်အား အလျင်စလို ဖွင့်ဖတ်လိုက်သည့်အခါ အထူးတာဝန်တစ်ရပ် ရှိနေသည်ကို တွေ့လိုက်ရသည်။
[လက်ခံသူမှာ ပုရွက်ဆိတ်မျိုးနွယ်စုရဲ့ လိုက်လံဖမ်းဆီးခြင်း ခံနေရသည်ကို ထောက်လှမ်းမိပါသည်။ ယခုအခါတွင် အထူးတာဝန်တစ်ရပ် ထမ်းဆောင်ရန် ရှိလာပြီ ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုရွက်ဆိတ် သုံးကောင်အား လက်ခံသူကိုယ်တိုင် သတ်ဖြတ်ပစ်ရမည် ဖြစ်သည်။
အချိန်ကန့်သတ်ချက်မှာ ၂ နာရီ ဖြစ်သည်။
တာဝန်ပြီးမြောက်အောင်မြင်ပါက လေစိတ်ဝိညာဉ်၏ ဒုတိယဆင့်ဖြစ်သည့် လေတောင်ပံသို့ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
တာဝန်ကျဆုံးခဲ့လျှင် ချီကျောက်တုံး ၂၀ တိတိ လျှော့ချခံရမည်။]
အထူးတာဝန်၏ သတ်မှတ်ချက်များကို ဖတ်ပြီးသည့်နောက်တွင် အန်လင်းမှာ မျက်နှာမဲ့သွားတော့သည်။ ထိုစနစ်အား အပိုင်းပိုင်းအစိတ်စိတ် ချေမှုန်းပစ်ချင်မိသည်။
ဝသဖ ထိုစနစ်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုရွက်ဆိတ် ၃ ကောင်အား ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်စေလိုနေသည်။ ထိုပုရွက်ဆိတ်များသည် သူတို့အသက်ကိုပင် စွန့်ကာဖြင့် သူ့အား လိုက်လံဖမ်းဆီးနေကြခြင်း ဖြစ်သည်။ သူတို့အား ရုတ်တရက်ဆန်စွာ ထိပ်တိုက်ရင်ဆိုငလိုက်မည်ဆိုလျှင် ထို့အစား သူ့ကိုယ်သူ သတ်သေလိုက်ခြင်းက ပိုမိုကောင်းမွန်ပေဦးမည်။
“သေလိုက်တော့။”
ရုတ်တရက်ဆိုသလို အန်လင်း နောက်ကျောဘက်မှ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။
လှည့်ကြည့်လိုက်သည့်အခါတွင် ပုရွက်ဆိတ်ကြီးတစ်ကောင်သည် သူ၏လက်အတွင်း၌ အနက်ရောင်မြူခိုးများ ရစ်ဝဲနေသည့် အနက်ရောင်တုတ်တစ်ခုအား ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုပုရွက်ဆိတ်သည် အန်လင်းတို့၏ ပေတစ်ရာ အကွာအဝေးအတွင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ထိုအနက်ရောင်တုတ်မှ အနက်ရောင်အရိုးခေါင်းများ ထွက်ပေါ်လာပြီး ထိုအရိုးခေါင်းများသည် နားကွဲလုမတတ် စူးစူးဝါးဝါး အော်ဟစ်နေလေသည်။ ကောင်းကင်တွင် အနက်ရောင်မြူခိုးများ စုစည်းလာကြပြီး အနက်ရောင်ဒီရေလှိုင်းများကဲ့သို့ သူတို့သုံးဦးထံ စီးဆင်းလာလေသည်။
“ဂမ်ဒမ် တစ် နဲ့ ဂမ်ဒမ် နှစ် သူတို့ကို တားထားလိုက်။”
အန်လင်းသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါတွင် သူ၏ ဂမ်ဒမ်မျးအား ထပ်မံဆင့်ခေါ်လိုက်ပြန်သည်။
ငွေရောင်တောက်တောက် ဂမ်ဒမ် နှစ်ကောင်သည် အန်လင်း၏အနောက်ဘက်တွင် စက်ရုပ်သဖွယ် ရပ်နေကြလေသည်။ ဂမ်ဒမ် တစ်ကောင်သည် အိုင်းယန်းခုခံကာကွယ်အစီအရင်အား ဖန်တီးကာဖြင့် အနက်ရောင်မြူခိုးများအား တားဆီးလိုက်သည်။ ကျန်ရှိသည့် ဂမ်ဒမ်မှာမူ မြေဆွဲအားစက်ကွင်းအား ဖန်တီးကာဖြင့် ပုရွက်ဆိတ်ကြီးအား အနက်ရောင်မြူခိုးများနှင့် ရစ်သိုင်းကာ မြေပြင်ပေါ်သို့ ဖိနှိပ်ပစ်လိုက်သည်။
အန်လင်းမှာ အသက်ရှူချိန်ပင် မရလိုက်ဘဲ သူ့ထံသို့ ထပ်မံရောက်ရှိလာသည့် ပုရွက်ဆိတ်တစ်ကောင်ကို မြင်လိုက်ရပြန်သည်။
ထိုပုရွက်ဆိတ်မှာ ရွှေရောင်ဖြစ်ပြီး ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် သူတို့သုံးဦးအား လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။
ငါတို့အမေကို သတ်ရဲတယ်ပေါ့။ ငါသေသွားရင်တောင် မင်းကို အပါခေါ်သွားမယ်ကွ။
ပုရွက်ဆိတ်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ယင်း၏ခန္ဓာကိုယ်မှ ရွှေရောင်သွေးများ ပန်းထွက်လာသည်။ သူ၏ လက်မောင်းတစ်ဖက်နှင့် ခြေထောက်များအားလုံး ပြတ်ထွက်သွားပြီ ဖြစ်သည်။ သို့သော်လည်း ကျန်ရှိနေသည့် လက်တစ်ဖက်ဖြင့် ရွှမ်ယွမ်ချန်အား ညွှန်ပြနေဆဲဖြစ်ကာ ရွှမ်ယွမ်ချန်ထံသို့ ရွှေဓားတစ်လက်သဖွယ် ပျံသန်းသွားလေသည်။
ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်စွမ်းမရှိသည့်အတွက် အသင်္ချေစိတ်ဝိညာဉ်ထိုက်ချီ နည်းစနစ်အား အသုံးပြုလိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်အကာအကွယ်တစ်ခု ရစ်ပတ်လာပြီး နောက်ကျောဘက်တွင် ယင်-ယန် သင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။
“အစ်ကိုကြီး ချန်”
အန်လင်းသည်လည်း ရပ်တံ့လိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်သည်။
“သေပေတော့” ပုရွက်ဆိတ်ကြီးသည် ရွှမ်ယွမ်ချန်၏အရှေ့တွင် ပေါ်လာပြီးနောက် ကျန်ရှိနေသည့် လက်တစ်ဖက်ဖြင့် ရွှမ်ယွမ်ချန်၏ နှလုံးအား ထိုးစိုက်လိုက်လေသည်။
“ကောင်းကင်နှင့်မြေပြင် ပြောင်းလဲခြင်း” ရွှမ်ယွမ်ချန်သည် ထိုအခိုက်အတံ့တွင် လှုပ်ရှားမှုကင်းမဲ့နေခြင်း ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ သူ၏ပတ်လည်ရှိ မြေကြီးနှင့် ပေါင်းစပ်သွားသယောင်ပင်။ သူ၏ဓားရှည်သည် ရေပြင်အား ထိုးစိုက်လိုက်သကဲ့သို့ ရွှေရောင်လက်တစ်ဖက်ဆီသို့ ထိုးစိုက်ပစ်လိုက်သည်။
ပုရွက်ဆိတ်၏၏ခန္ဓာကိုယ်သည် မူလလမ်းကြောင်းမှ သွေဖယ်သွားပြီးနောက် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖြတ်ကျော်သွားကြသည်။
ထိုအခိုက်အတံ့တွင် ရွှမ်ယွမ်ချန်သည် တစ်ဖက်လူ၏ ဝမ်းဗိုက်အား ဓားဖြင့်ခုတ်ပိုင်းလိုက်သည်ကြောင့် ရွှေရောင်သွေးများ ပန်းထွက်လာပြန်သည်။
စုရှောင်လန်၏ မီးလျှဓားဖြင့်လည်း ခုတ်ပိုင်းလာသည်ကြောင့် ပုရွက်ဆိတ်၏ခန္ဓာကိုယ်အား ထိခတ်မိသွားသည်။
ပုရွက်ဆိတ်ကြီးသည် မျက်လုံးများ ပြူးကျယ်ကာဖြင့် သူတို့သုံးဦးအား ကြည့်နေလေသည်။ အသက်လုပြေးနေသည့် ထိုသုံးဦးထံတွင် ဤကဲ့သို့သော အစွမ်းထက် ခုခံကာကွယ်နည်းများ ရှိနေခြင်းကြောင့် လွန်စွာတုန်လှုပ်နေခြင်းဖြစ်ကြောင်း သိသာလှလေသည်။
ထို့နောက်တွင် အန်လင်းသည် သူ၏ ဝါယောဓားအား အသုံးပြုကာဖြင့် ပုရွက်ဆိတ်ကြီးအား သတ်ဖြတ်ပစ်လိုက်တော့သည်။
“တင်းတောင် တာဝန်၏ သုံးပုံ တစ်ပုံ ပြီးမြောက်သွားပါပြီ။”
အသိပေးချက်သံ ထွက်ပေါ်လာသည့်အတွက် အန်လင်းမှာ အနည်းငယ် ထိပ်ထိပ်ပြာပြာ ဖြစ်သွားမိသည်။ ဒီလိုမျိုး ပြီးသွားတယ်တဲ့လား။
အင်း.. ဒါဆိုရင် သေကာနီး ပုရွက်ဆိတ်ကို သတ်တာကလည်း အကျုံးဝင်တာပေါ့။
သူတို့သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်တစ်ကြိမ် ပြီးပြည့်စုံစွာ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လွတ်မြောက်နိုင်ခဲ့ပြန်သည်။
ဝါယောဓားအား နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်ရန်အတွက် အန်လင်းသည် သွေးဝိညာဉ်ဆေးလုံးအား အသုံးပြုကာ သူ၏စွမ်းအင်နှင့် ချီစွမ်းအင်များအား ပြန်လည်ဖြည့်တင်းလိုက်သည်။
များမကြာမီတွင် ပုရွက်ဆိတ်နှစ်ကောင်သည် ကျင့်ကြံသူများ၏ ခံစစ်လိုင်းအား ဖြတ်ကျော်ကာ ရောက်ရှိလာကြပြီး အသက်ကိုမငဲ့ဘဲ တိုက်ခိုက်လာပြနသည်။
“သောက်ရမ်းစပ်စုမိလို့ နောင်တတွေ ရနေမိပြီ။ လိုက်ဖမ်းခံနေရာတာကို တကယ်မခံစားနိုင်ဘူး။” စုရှောင်လန်သည် စိတ်ကုန်သည့်အမူအရာဖြင့် နောင်တရနေပုံပင်။
ပုရွက်ဆိတ်ဘုရင်မ၏ -င်အား မီးမမြိုက်ခဲ့လျှင် သူမအနေဖြင့် ဤဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများ၏ လိုက်ဖမ်းခြင်းအား ခံရမည် မဟုတ်ပေ။
“မလန့်ပါနဲ့။ နောက်ထပ် ပုရွက်ဆိတ်နှစ်ကောင် ရောက်လာဦးမယ်ဆိုရင်သူတို့ကို ရင်ဆိုင်လိုက်ပါ့မယ်။” အန်လင်း၏မျက်လုံးများ အရောင်လက်နေပြီး တိုက်ပွဲအတွင် အသင့်ပြင်ထားပြီးဖြစ်သည်။
စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် အန်လင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်လာကြသည်။
စုရှောင်လန်သည် အံ့ဩတကြီးဖြင့် “နင်က အရင်ဆုံး ထွက်ပြေးခဲ့တာလေ။ ဘယ်တုန်းကများ အခုလို သတ္တိတွေ ရှိလာရတာတုန်း။”
ရွှမ်ယွမ်ချန်သည်လည်း စုရှောင်လန်၏ စကားကို ထောက်ခံစွာဖြင့် ကြည့်လာသည်။ “အတန်းဖော် အန်လင်းက မင်းရဲ့ အစစ်အမှန် တစ်ဖက်ခြမ်းကို ပြသပြီးပါပြီ။”
အန်လင်း : “…”
အန်လင်းမှာ အနည်းငယ် စိတ်ဓာတ်ကျလာလေသည်။ အဲတော့ သူတို့စိတ်ထဲမှာ ငါက ဘာကြီးလဲ။
ပုရွက်ဆိတ်ကြီးတစ်ကောင်သည် မီးဘောလုံးအသွင် ပြောင်းလဲပြီးနောက် ရွှမ်ယွမ်ချန်အား ဖိနှိပ်ခြေမှုန်းရန် ပြေးဝင်လာလေသည်။
မျှော်လင့်ထားသလိုပင် သူတို့၏ အဓိကပစ်မှတ်မှာ ရွှမ်ယွမ်ချန် ဖြစ်နေဆဲပင်။
သူတို့အဖွဲ့ခွဲလိုက်မည်ဆိုလျှင် ပုရွက်ဆိတ်များသည် ရွှမ်ယွမ်ချန်အား ပစ်မှတ်ထားနိုင်ပါဦးမည်လား။
သို့သော်လည်း မည်သို့ပင် ဆိုစေကာဖြင့် အစ်ကိုကြီးချန်အား လုံးဝ လုံးဝ စွန့်ခွာသွားမည် မဟုတ်ပေ။
“မျိုးမစစ်ကောင် ငါ့ရဲ့ ဓားအစီအရင်ထဲကနေ လွတ်မြောက်မယ်လို့ ထင်နေလား။” ထိုသို့အော်ဟစ်လိုက်ပြီးနောက်တွင် မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းဖြင့် အလင်းဓားတစ်ခု ပစ်လွှတ်လိုက်လေသည်။ ယင်းသည် ပုရွက်ဆိတ်၏ မီးတောက်များအား ထိုးဖောက်ကာဖြင့် ခန္ဓာကိုယ်အား ခုတ်ပိုင်းလိုက်လေသည်။
အန်လင်းသည် ကျောင်းတော်ရှိ ထိုကဲ့သို့ တိုက်ခိုက်နိုင်သူအား ရှာဖွေရန် မော့ကြည့်လိုက်သည်။
“ဖွီးးး” ပုရွက်ဆိတ်၏ ရင်ဘတ်တွင် အပေါက်ကြီတစ်ခု ဖြစ်ပေါ်လာပြီး သူ၏အရှိန်မှာလည်း သိသိသာသာ လျှော့ကျသွားလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများစွာဖြင့် စုတ်ပြဲလျက်ရှီသော်လည်း ရွှမ်ယွမ်ချန်အား လိုက်လံဖမ်းဆီးနေဆဲ ဖြစ်သည်။ သူ၏ အမြန်နှုန်းသာလျှင် တဖြည်းဖြည်းချင်း လျော့ကျလာခြင်း ဖြစ်သည်။
အန်လင်း လှုပ်ရှားရမည့်အချိန် ဖြစ်သည်။ ဝါယောဓားအား အသုံးပြုကာဖြင့် လျှပ်စီးကဲ့သို့ သော အမြန်နှုန်းအတိုင်း ပုရွက်ဆိတ်၏ ဦးခေါင်းအား ခုတ်ပိုင်းလိုက်လေတော့သည်။
“တင်းတာင် တာဝန်ရဲ့ သုံးပုံ နှစ်ပုံ ပြီးမြောက်သွားပါပြီ။”
ဟဟ ကောင်းလိုက်တာ။
ထိုအချိန်မှာပင် အန်လင်းအား အေးစက်တုန်ယင်မှုများ လွှမ်းခြုံလာလေသည်။
“အူ အိုးးးးးးးးးး” နဂါးတစ်ကောင်၏ ငိုကြွေးသံသည် မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။
အနက်ရောင်နဂါး လေးကောင်သည် ကြောက်မက်ဖွယ်ရာအော်ရာများ ထုတ်လွှတ်ကာဖြင့် အန်လင်းအား ဖမ်းဆီးလိုက်ကြသည်။
အနက်ရောင်သံချပ်ကာနှင့် ပုရွက်ဆိတ်ကြီးသည် နဂါးနက် လေးကောင်၏ အလယ်တွင် ရပ်ကာဖြင့် အေးစက်စွာ ပြောလေသည်။ “ငါ့ရဲ့ ညီလေးတွေကို မင်းက သတ်ရဲတယ်ပေါ့။ မင်းကိုလည်း သေချာပေါက် သတ်ဖြတ်ပေးမယ်။”
အန်လင်းမှာ သူ့ကိုယ်သူသာ ကျိန်ဆဲလိုက်မိသည်။ အဲဒီ ပုရွက်ဆိတ်က နည်းနည်းပိုပြီး အင်အားကျန်သေးပုံပဲ။
***