အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း (၂၃၅) မျိုးနွယ်စုကို သတ်ဖြတ်ခြင်း (အပိုင်း ၁)
မုန့်ချင်းကျူ ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး သူ၏နဖူးမှ စီးကျလာသော ချွေးစက်များသည် မြေပြင်ပေါ်သို့ တောက်ခနဲ၊ တောက်ခနဲ အသံထွက်ကာ ကျဆင်းနေသည်။
သူ၏ အကြည့်များသည် မုန့်ဝမ်နှင့် အမြွှာကလေးများအကြား ကူးချည်သန်းချည် ဖြစ်နေပြီးနောက် သူ၏မျက်နှာတွင် နာကျင်သော အမူအရာတစ်ခု ပေါ်လာသည်။
"ဝမ်အာ... နင်... နင်က ငါ့ကို ဒီလိုမျိုး အတင်းအကျပ် လုပ်ရက်အောင်ကို တကယ်ပဲ သွေးအေးပြီး တရားမဲ့ ဖြစ်နေတာပဲ.........."
မုန့်ချင်းကျူ ၏ အသံမှာ တုန်ယင်နေသည်။ အကယ်၍ သူသာ အမြွှာကလေးများကို သတ်လိုက်လျှင် သူ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သော်လည်း
ထိုသို့သောလုပ်ရပ်မှာ သူ၏ဂုဏ်သိက္ခာကို လုံးဝပျက်စီးစေမည်ဖြစ်ပြီး ကျင့်ကြံခြင်းလောကတွင် မည်သည့်အခါမှ ခြေကုပ်ပြန်ယူနိုင်တော့မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
"သွေးအေးပြီး တရားမဲ့ ဖြစ်တာလား.........."
မုန့်ဝမ်က ပြုံးလိုက်ရာ သူမ၏အသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။
"အဖေ... မိသားစုအကျိုးစီးပွားအတွက် ရင်သွေးတွေကို စတေးတာက မုန့်မိသားစုရဲ့ အစဉ်အလာ စတိုင်မဟုတ်ဘူးလား..........
ဘာလို့ အခုမှ ဟန်ဆောင်ပြီး သံယောဇဉ်ရှိပြနေတာလဲ.........."
မုန့်ချင်းကျူ ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူသည် ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်ခဲ့ဖူးသည်မှာ မှန်သော်လည်း၊
လူအများရှေ့တွင် မိမိ၏ရင်သွေးလေးများကို အသက်ရှင်ရုံသက်သက်အတွက် သတ်ဖြတ်ရန်မှာမူ နောက်ဆုံးတွင် သူ သတ္တိမရှိခဲ့ပေ။
မုန့်ချင်းကျူ ၏ ဝေခွဲမရဖြစ်နေမှုကို မြင်လိုက်ရသောအခါ မုန့်ဝမ်၏ အပြုံးမှာ ပိုမိုကျေနပ်အားရမှု ရှိလာသည်။
သူမသည် နောက်သို့ ဖြည်းညှင်းစွာ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူမ၏ အကြည့်မှာ မုန့်ချင်းကျူ ဆီတွင်သာ ရှိနေဆဲ ဖြစ်သည်။
"အဖေ... ရှင့်မှာ စဉ်းစားဖို့ အချိန်အများကြီး ရှိပါသေးတယ်။ ရပါတယ်... သေသေချာချာလေး ထပ်စဉ်းစားကြည့်ဦးလေ"
မုန့်ချင်းကျူ ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းလာပြီး လက်များမှာ တုန်ယင်နေကာ နဖူးမှ ချွေးများမှာလည်း တဒေါတည်း စီးကျနေသည်။
ပတ်ဝန်းကျင်ရှိ မုန့်မိသားစုဝင်များမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး မုန့်ဝမ်ကို လက်ညှိုးငေါ့ကာ ဆဲဆိုသံများမှာ ဒီရေအလား တိုးဝင်လာတော့သည်။
"မိုက်မဲတဲ့ မိန်းမယုတ်.......... နင်က တကယ်ကို ပုန်ကန်ရဲတာပဲ.......... ကိုယ့်ရဲ့ သွေးသားရင်းချာတွေကို သေခိုင်းဖို့ ဘယ်လိုတောင် အတင်းအကျပ် လုပ်ရဲရတာလဲ.........."
"မုန့်မိသားစုက ဒီလို အရှက်မရှိတဲ့လူမျိုး ဘယ်လိုထွက်လာတာလဲ.......... မိသားစုရဲ့ ကံဆိုးမှုပဲ၊ တကယ်ကို မိသားစုရဲ့ ကံဆိုးမှုပဲ.........."
"မုန့်ဝမ်... အချိန်မနှောင်းခင်မှာ နင့်ရဲ့ မြင်းဇက်ကို ပြန်ဆွဲလိုက်စမ်း.......... အခု အမှားဝန်ခံမယ်ဆိုရင် မနှောင်းသေးဘူး.........."
မုန့်ဝမ်သည် လူအုပ်ကို အေးဆေးစွာ ဝေ့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းတွင် လှိုင်းအနည်းငယ်မျှပင် မထချေ။
"ဆူညံလိုက်တာ"
သူမသည် စကားလုံးနှစ်လုံးကို တိုးတိုးလေး ရွတ်ဆိုလိုက်ပြီး သူမ၏ ပုံရိပ်မှာ နေရာမှာတင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူမ ပြန်ပေါ်လာသည့်အချိန်တွင် မုန့်ချင်းကျူ ၏ ရှေ့တွင် ရောက်နေပြီဖြစ်ကာ သူမ၏ သွယ်လျသော လက်ချောင်းများသည် မုန့်ချင်းကျူ၏ လည်ပင်းကို သံညှပ်ကဲ့သို့ ကျပ်ကျပ်တည်းတည်း ညှစ်ထားလေပြီ။
မုန့်ချင်းကျူ၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး မုန့်ဝမ်ကို ထိတ်လန့်တကြား ကြည့်ကာ သူ၏ လည်ချောင်းထဲမှ "ဟော့... ဟော့..." ဟူသော အသံများ ထွက်ပေါ်နေသော်လည်း စကားတစ်လုံးမျှ မပြောနိုင်တော့ချေ။
"မိသားစုခေါင်းဆောင်.........."
လူအုပ်ကြားမှ အာမေဍိတ်သံတစ်သံ ထွက်ပေါ်လာသည်။ မုန့်ဝမ်သည် မုန့်ချင်းကျူ၏ အသက်ကို နှုတ်ယူပြီးနောက် သူမ၏ ပုံရိပ်မှာ တစ်ဖန် လှုပ်ရှားသွားပြန်သည်။
ဤတစ်ကြိမ်တွင် သူမသည် မုန့်မိသားစု၏ အကြီးအကဲတစ်ဦးရှေ့တွင် ပေါ်လာပြီး သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို အသက်သွင်းကာ ထိုသူကို အလွယ်တကူပင် သန့်စင်လိုက်တော့သည်။
"အား.........."
အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကွင်းပြင်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
မုန့်ဝမ်သည် လူအုပ်ကြားတွင် အပန်းဖြေ လမ်းလျှောက်နေသည့်အလား လှုပ်ရှားနေပြီး သူမ ပေါ်လာတိုင်း အသက်တစ်ချောင်း စတေးနေရသည်။
ဤသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူများ ဖြစ်ကြပြီး မုန့်မိသားစု၏ အဓိက အကျဆုံးသော လူစုလည်း ဖြစ်သည်။
မုန့်မိသားစု၏ ခေါင်းဆောင်ပိုင်းများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရသည်နှင့်အမျှ ကြောက်ရွံ့မှုများမှာ ကူးစက်ရောဂါအလား ပျံ့နှံ့သွားသည်။
တစ်ချိန်က ရန်လိုနေခဲ့သော မုန့်မိသားစုဝင်များမှာ ယခုအခါ တစ်ဦးပြီးတစ်ဦး တုန်ယင်နေကြပြီး ယခင်က မာန်မာနများမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။ သူတို့သည် မုန့်ဝမ်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
"တော်ပါတော့.......... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့.........."
သက်ကြီးရွယ်အို တစ်ဦးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူသည် မုန့်ချင်းကျူ ၏ ဦးလေးတော်စပ်သူ ဖြစ်ပြီး ယခုအခါ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ လူကြီးတစ်ဦး၏ အရှိန်အဝါ တစ်စက်မျှ မကျန်တော့ချေ။
"ဟုတ်ပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မိသားစုဝင်တွေပဲလေ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ.........."
အခြားသူများလည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံနေကြပြီး သူတို့၏ အသံများမှာ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများကြောင့် တုန်ယင်နေကြသည်။
မုန့်ဝမ်သည် သူမ၏ သတ်ဖြတ်ပွဲကို ခေတ္တရပ်လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ သွေးနီရောင် အစွန်းအထွက်များမှာ ပိုမို ထင်ရှားနေသည်။
သူမသည် သွေးအိုင်ထဲတွင် ရပ်နေသည်မှာ သတ်ဖြတ်ခြင်းမှ မွေးဖွားလာသော အသူရာနတ်ဆိုး တစ်ဦးကဲ့သို့ပင်။
မုန့်ဝမ်သည် ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်သည်။
တစ်ချိန်က အထက်စီးမှ ဆက်ဆံခဲ့သော မုန့်မိသားစုဝင်များမှာ ယခုအခါ လမ်းဘေးခွေးများနှယ် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်ကို မြင်လိုက်ရသောအခါ
သူမ၏ စိတ်ထဲတွင် ကလဲ့စားချေနိုင်မှုကြောင့် ကျေနပ်အားရမှုတစ်ခု ဖြစ်ပေါ်လာသည်။
"ငါ ငယ်ငယ်ကတည်းက စဉ်းစားခဲ့တာ..."
သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ အသံမှာ ညင်သာသော်လည်း လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်စေသော အေးစက်မှုများ ပါဝင်နေသည်။
"အမြစ်ကအစ ပုပ်ဆွတ်နေတဲ့ မုန့်မိသားစုဆိုတဲ့ သစ်ပင်ကြီးကို ဖျက်ဆီးပစ်ဖို့ ငါ စဉ်းစားခဲ့တာ၊ ဒီနေ့တော့ ငါ တကယ် လုပ်နိုင်ခဲ့ပြီ"
ကြောက်ရွံ့မှုများမှာ ဒီရေအလား တိုးဝင်လာပြီး မုန့်မိသားစုဝင် အားလုံးကို ဝါးမြိုလုနီးပါး ဖြစ်နေသည်။ မုန့်ဝမ် ပေးဆောင်လာသော ဖိအားပေးသည့် အရှိန်အဝါ မှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။
အဘိုးအိုတစ်ဦးမှာ မြေပြင်ပေါ်တွင် ဝပ်စင်းကာ မျက်ရည်၊ နှပ်ရည်များဖြင့် ကြက်သွန်ဖြူထောင်းသကဲ့သို့ နဖူးနှင့်မြေကြီး တိုက်၍ အသည်းအသန် အသနားခံနေသည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ၊ ကျွန်တော်တို့ မှားမှန်းသိပါပြီ.......... နောက်ခါ မလုပ်ရဲတော့ပါဘူး.........."
အခြား မုန့်မိသားစုဝင်များမှာလည်း ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုယိုရင်း အသနားခံနေကြသည်။
သူတို့၏ တစ်ချိန်က မောက်မာစော်ကားခဲ့သော မျက်နှာထားများမှာ ပျောက်ကွယ်သွားပြီး အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် အစားထိုးသွားလေပြီ။
မုန့်ဝမ်က သူတို့၏ အခြေအနေကို ကြည့်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမက အေးစက်စွာ ပြောလိုက်သည်။
"အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အသက်ရှင်လိုသော ဆန္ဒများ တောက်ပလာသည်။
မုန့်ဝမ်က စကားကို ခေတ္တရပ်လိုက်ပြီး သူမ၏ လေသံမှာ ရုတ်တရက် ရေခဲကဲ့သို့ အေးစက်သွားသည်။
"မုန့်မိသားစုဝင် ဆယ်ယောက်ကို သတ်လိုက်၊ ဒါဆိုရင် အသက်ရှင်ခွင့် လမ်းစတစ်ခုနဲ့ လဲလှယ်လို့ရမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ မုန့်မိသားစုဝင်များမှာ ချက်ချင်းပင် ဆူညံသွားကြသည်။
ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများ ရောယှက်နေပြီး မကျေမနပ် အော်ဟစ်ဆဲဆိုသံများမှာ မုန့်မိသားစု နေအိမ်ဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
"နင်က အရူးပဲ.......... မုန့်ဝမ်... နင်ကကော မုန့်မိသားစုဝင် တစ်ယောက် မဟုတ်ဘူးလား.......... မုန့်မိသားစုမှာ အမှားတွေ ရှိခဲ့တာ မှန်ပေမယ့် ကိုယ့်မျိုးနွယ်စုဝင်တွေကို ပြန်နှိပ်စက်ဖို့ နင်ကကော လူသားတစ်ယောက် ဟုတ်ရဲ့လား..........
နင့်နှလုံးသားက သံမဏိနဲ့ လုပ်ထားတာလား.......... နင်က လူမဆန်လိုက်တာ.........."
လူလတ်ပိုင်း အမျိုးသားတစ်ဦးက မတ်တပ်ရပ်ကာ မုန့်ဝမ်ကို လက်ညှိုးငေါ့ပြီး အက်ကွဲသောအသံဖြင့် ဒေါသတကြီး စွပ်စွဲလိုက်သည်။
"မုန့်ဝမ်... နင်က ရက်စက်တဲ့ မိန်းမပဲ၊ နင်က မုန့်မိသားစုရဲ့ အမြစ်ကို တူးနေတာ.......... မုန့်မိသားစုက နင့်အပေါ် တစ်ချိန်က မမျှတခဲ့တာ ရှိပေမယ့် ငါတို့ကို မျိုးတုံးအောင် လုပ်ရလောက်တဲ့အထိတော့ နင် မရက်စက်သင့်ဘူး..........
နင်က မကောင်းမှုတွေ လုပ်ပြီး ကိုယ့်အတွက် နာကျည်းမှုတွေ စုဆောင်းနေတာပဲ.......... အဲဒီလို လုပ်ရင် မုန့်မိသားစုရဲ့ ဘိုးဘေးတွေက နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး.......... နင် ကိုယ့်သင်္ချိုင်းကိုယ် တူးနေတာပဲ.........."
တောင်ဝှေးကို အားပြုထားသော အဘွားအိုတစ်ဦးမှာ တုန်တုန်ချိချိဖြင့် မတ်တပ်ရပ်ကာ သူမ၏ ရှိသမျှ အင်အားသုံး၍ မုန့်ဝမ်ကို ဆဲဆိုနေသည်။
သူမ၏ အသံမှာ အက်ကွဲနေသော်လည်း မုန့်မိသားစု၏ သိက္ခာနှင့် သွေးသားကို ကာကွယ်နေသကဲ့သို့ ခိုင်မာသော စိတ်ဓာတ်ကို ဖော်ပြနေသည်။
"မုန့်ဝမ်... နင် ငါတို့ကို လမ်းဆုံးအောင် တွန်းပို့နေတာပဲ.......... ကိုယ့်ဆွေမျိုးသားချင်းကို ပြန်သတ်ခိုင်းပြီး ဆွေမျိုးသတ်တဲ့ နာကျည်းမှုကို ထာဝရ ထမ်းပိုးခိုင်းနေတာ..........
နင် ငါတို့ကို နင့်ရဲ့ နယ်ရုပ်တွေ၊ ကလဲ့စားချေဖို့ ကိရိယာတွေ ဖြစ်အောင် လုပ်လို့ရမှာ မဟုတ်ဘူး.........."
နုနယ်သော မိန်းကလေးတစ်ဦးက လက်သီးကို တင်းတင်းဆုပ်ကာ သွားကြိတ်ရင်း ဒေါသတကြီး ဆဲဆိုလိုက်သည်။
မုန့်ဝမ်က ပြုံးလိုက်ပြီး ထိုလူအနည်းငယ်၏ နဖူးဆီသို့ လက်ကို မြှောက်၍ ညွှန်ပြလိုက်သည်။
"ဗုန်း... ဗုန်း... ဗုန်း.........."
သွေးနီရောင် အလင်းတန်း သုံးခုမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ နဖူးအလယ်ဗဟိုကို ဖောက်ထွက်သွားသည်။
ထိုသုံးဦးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ နဖူးပေါ်ရှိ အပေါက်များမှ သွေးများ ဖြည်းညှင်းစွာ စီးကျလာသည်။
မုန့်ဝမ်၏ အမူအရာမှာ အေးစက်နေမြဲပင်။
"ငါ နင်တို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပြီးပြီ။ နင်တို့က တန်ဖိုးမထားမှတော့ သေလိုက်ကြပေါ့"
"ယုတ်မာတဲ့ မိန်းမယုတ်... ငါ နင်နဲ့ အသေအလဲ တိုက်မယ်.........."
မုန့်မိသားစု အကြီးအကဲတစ်ဦးမှာ သူ၏ မျက်လုံးတွင် ပြတ်သားသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ထက်ရှသော ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ သူမရှိရာသို့ အပြေးအလွှား လိုက်လာသည်။
သို့သော် သူ မလှုပ်ရှားရသေးမီမှာပင် မုန့်ဝမ်၏ ရိုက်ချက်တစ်ခုကြောင့် သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
"တတိယအစ်ကို.............................."
မျှော်လင့်ချက်မဲ့သော အော်ဟစ်သံတစ်ခုအပြီးတွင် အမျိုးသမီးငယ်တစ်ဦးက အော်ဟစ်ကာ မုန့်ဝမ်ဆီသို့ ပြေးဝင်လာသော်လည်း ထို့အတူပင် သူမ အနားမကပ်နိုင်မီမှာပင် ယင်ကောင်တစ်ကောင်နှယ် အရိုက်ခံရပြီး သေဆုံးသွားတော့သည်။
ထိုနှစ်ဦး သေဆုံးသွားခြင်းက အခြားသူများကို ကြောက်ရွံ့သွားစေမည့်အစား လူတိုင်း၏ တိုက်ခိုက်လိုစိတ်ကို ဟုန်းဟုန်းတောက်သွားစေသည်။
"အားလုံး အတူတူ သွားကြစို့၊ ဒီမိန်းမယုတ်ကို သတ်ပြီး ငါတို့ မျိုးနွယ်စုဝင်တွေအတွက် ကလဲ့စားချေကြမယ်.........."
သူမဆီသို့ တိုးဝင်လာသော လူထောင်ပေါင်းများစွာကို ရင်ဆိုင်ရင်း မုန့်ဝမ်ကမူ ပြုံးနေခဲ့သည်။
ကောင်းကင်ထက်မှာ ပျံသန်းနေတဲ့ လင်းယုန်တစ်ကောင်က အားနည်းတဲ့ ယုန်အုပ်စုကို ဘာကြောင့် ကြောက်နေမှာလဲ..........
အခန်း (၂၃၆) မျိုးနွယ်စုကို သတ်ဖြတ်ခြင်း (အပိုင်း ၂)
မုန့်ဝမ်သည် လေထဲသို့ ပျံတက်သွားပြီး ကွင်းပြင်ကြီး၏ အထက်တွင် ပျံဝဲနေသည်။
သူမ၏ ဆံပင်ရှည်များသည် လေထဲတွင် ဝေ့ယမ်းနေပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးပင်လယ်မှာလည်း အဆက်မပြတ် ဟုန်းဟုန်းတောက်နေကာ ……
နက်ရှိုင်းပြီး ခန့်ညားထည်ဝါသော အရှိန်အဝါ တစ်ခုသည် အောက်ဘက်ရှိ အရာအားလုံးကို ရက်ရက်စက်စက် ဖိနှိပ်ရန် ထွက်ပေါ်လာတော့သည်။
ဤကြီးမားလှသော သွေးဝိညာဉ်စွမ်းအင်များ၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် မုန့်မိသားစုဝင် အားလုံးသည် မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ် တုန်ယင်နေကြသည်။
ဘိုးဘေးကြီး သည် တစ်ကြိမ်မျှပင် ရင်မဆိုင်ရဲဘဲ အသည်းအသန် အဘယ်ကြောင့် ထွက်ပြေးသွားရသနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီ ဖြစ်သည်။
သူတို့သည် ဤသွေးပင်လယ်အတွင်းရှိ သနားစရာကောင်းသော ငါးနှင့် ပုစွန်များကဲ့သို့ပင် ဖြစ်ပြီး မုန့်ဝမ်၏ အတွေးတစ်ချက်ရှိရုံနှင့် လှိုင်းလုံးကြီးများက သူတို့ကို ရက်စက်စွာ ရိုက်သတ်သွားတော့မည့်အတိုင်းပင်။
ကွင်းပြင်ကြီးမှာ ခဏချင်းပင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားပြီး လေထဲတွင် အသက်ရှူသံ ခပ်တိုးတိုးများသာ ပဲ့တင်ထပ်နေသည်။
မုန့်မိသားစုဝင်များ၏ မျက်နှာတွင် ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် အကူအညီမဲ့မှုများ ဖုံးလွှမ်းနေသည်။
“အသက်ရှင်ရတာ ငြီးငွေ့နေပြီလား.......... ဒါဆိုရင်လည်း သေလိုက်ကြတော့။”
မုန့်ဝမ်၏ စကားပင် မဆုံးသေးမီ တစ်စုံတစ်ဦးက စတင်လှုပ်ရှားလိုက်သည်။
“တောင်းပန်ပါတယ်... ငါ မသေချင်ဘူး..............................”
လူလတ်ပိုင်း ကျင့်ကြံသူတစ်ဦး၏ မျက်လုံးများတွင် ရူးသွပ်မှုများ ဖုံးလွှမ်းသွားသည်။
သူသည် သူ၏ဘေးရှိ မိသားစုဝင်တစ်ဦးကို ဆွဲယူလိုက်ပြီး သူ၏လက်မှ ဝိညာဉ်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားကာ ထိုမိသားစုဝင်မှာ သွေးအိုင်ထဲသို့ လဲကျသွားတော့သည်။
သူ၏ တစ်ကိုယ်လုံးတွင် သွေးများ စင်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း နောက်ထပ် ပစ်မှတ်ဆီသို့ ပြတ်သားစွာ ပြေးဝင်သွားပြန်သည်။
ကြောက်ရွံ့မှုမှာ ကူးစက်ရောဂါအလား ပျံ့နှံ့သွားသည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့် အချို့သော မိသားစုဝင်များ၏ သတ်ဖြတ်မှုအောက်တွင် မုန့်မိသားစုဝင်များသည် လုံးဝ ရူးသွပ်သွားကြတော့သည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခြားခြင်းမရှိဘဲ စတင်သတ်ဖြတ်ကြလေတော့သည်။
“ဟားဟား၊ ဟားဟားဟား..........”
ဓားချင်း တိုက်ခိုက်သံများ၊ အသားနှင့် သွေးများ လွင့်စင်သွားသံများ ထွက်ပေါ်နေသည်။
အော်ဟစ်သံများ၊ ရှိုက်ကြီးတငင် ငိုသံများနှင့် ဟိန်းဟောက်သံများမှာ ကွင်းပြင်ထက်တွင် နိမ့်တစ်လှည့် မြင့်တစ်လှည့် ပဲ့တင်ထပ်နေပြီး ငရဲခန်းတစ်ခုအလား ဖြစ်နေတော့သည်။
အချို့မှာ အသက်ရှင်ရန်အတွက် ယခင်က ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများကို ရက်ရက်စက်စက် သတ်ဖြတ်ရန် ဝန်မလေးကြချေ။
အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်သူ အချို့မှာမူ နောက်ဆက်တွဲ ချောင်းမြောင်း တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးကြရသည်။
သွေးများဖြင့် စိုရွှဲနေပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် မုန့်မိသားစု အကြီးအကဲတစ်ဦးသည် သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲကာ မုန့်ဝမ်ဆီသို့ ယိုင်တိုင်တိုင် လျှောက်လာသည်။
သူ၏လက်တွင် သွေးစိုနေသော ဦးခေါင်းတစ်ခုကို ကိုင်ထားပြီး သူ၏မျက်လုံးများမှာ တုန်လှုပ်မှုနှင့်အတူ မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ပါဝင်နေသည်။
“ငါ... ငါ... ဆယ်ယောက်... သတ်ပြီးပြီ.......... ငါ၊ ငါ အသက်ရှင်လို့ ရပြီမဟုတ်လား..........”
“ဗြစ်..........”
သူ၏ စကားပင် မဆုံးသေးမီမှာပင် အေးစက်သော ဓားအလင်းတန်းတစ်ခုက သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
အကြီးအကဲသည် သူ၏ ရင်ဘတ်ရှိ ဓားသွားဖျားကို မယုံကြည်နိုင်စွာ ကြည့်ရင်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သူမှာ မုန့်မိသားစုမှ လူငယ်တပည့်တစ်ဦး ဖြစ်ပြီး ထိုအကြီးအကဲ၏ အချစ်ဆုံးသားလည်း ဖြစ်သည်။
“တောင်းပန်ပါတယ် အဖေ။ သားက ကိုးယောက် သတ်ပြီးပြီ၊ တစ်ယောက်ပဲ လိုတော့တာ။ အသေအချာ စဉ်းစားကြည့်ပြီးတဲ့နောက် အဖေ့ကို သတ်လိုက်တာက အသေချာဆုံးပဲ။”
သူသည် သူ၏ နှုတ်ခမ်းကို လျက်လိုက်ကာ အခြားသူများကို သတိကြီးစွာ ရှောင်တိမ်းရင်း မုန့်ဝမ်၏ ဘေးသို့ အမြန်လျှောက်လာသည်။
“ကျွန်တော် တာဝန်ပြီးမြောက်ပါပြီ။ ကျွန်တော် အသက်ရှင်လို့ ရမလား..........”
မုန့်ဝမ်က သူမ၏ နှုတ်ခမ်းကို ကွေးလိုက်သည်။ “ဒါပေါ့၊ ငါက ကတိတည်တဲ့လူပဲ။”
မုန့်မိသားစုဝင်များ ရူးသွပ်သွားကြသည်နှင့်အမျှ ဝံပုလွေအုပ်ကဲ့သို့သော အကြည့်များစွာသည် မုန့်ချင်းကျူ နှင့် သူ၏ဘေးတွင် တုန်ယင်နေသော အမြွှာနှစ်ဦးဆီသို့ ရောက်ရှိလာကြသည်။
မုန့်ချင်းကျူ သည် သူ၏ရှေ့မှ ငရဲခန်းကဲ့သို့ မြင်ကွင်းကို ကြည့်ရင်း ပိုမိုနီးကပ်လာသော ရန်လိုမှုများကို ခံစားလိုက်ရကာ သူ၏တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
အကယ်၍ သူသာ ချက်ချင်း ဆုံးဖြတ်ချက် မချပါက ယနေ့ ဤနေရာတွင် သူ အမှန်တကယ် သေရတော့မည်ကို သူ သိသည်။
မုန့်ချင်းကျူ သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏တုန်ယင်နေသော လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ သူ ကာကွယ်ထားသော အောက်ရှိ အမြွှာကလေးနှစ်ဦးကို အသည်းအသန်နှင့် ရူးသွပ်စွာ တိုက်ခိုက်လိုက်တော့သည်။
“နင်တို့ အပြစ်တင်ချင်ရင် နင်တို့ရဲ့ ကံကြမ္မာဆိုးကိုပဲ အပြစ်တင်လိုက်ကြတော့..........
နောက်ဘဝကျရင် အဖေက နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ် ခံပြီး နင်တို့အတွက် ပြန်ပေးဆပ်ပါ့မယ်..........”
ခဏအကြာတွင် မုန့်ချင်းကျူ သည် သူ၏လက်ကို အားအင်ကုန်ခမ်းစွာ လွှတ်လိုက်သည်။
သူ၏ လက်ချောင်းထိပ်များတွင် နွေးထွေးသော သွေးနံ့များ စွဲကျန်နေပြီး ၎င်းမှာ သူ၏ ကိုယ်ပိုင် သွေးသားရင်းချာများ၏ နွေးထွေးမှုပင် ဖြစ်သည်။
သတ်ဖြတ်မှုကြောင့် မျက်လုံးများ နီမြန်းနေသော အခြား မုန့်မိသားစုဝင်များသည် နောက်ဆုံးတွင် မုန့်ချင်းကျူ ဆီသို့ သူတို့၏ သတ်ဖြတ်ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။
“အား..........”
မုန့်ချင်းကျူ သည် မျှော်လင့်ချက်မဲ့စွာ ဟိန်းဟောက်လိုက်ပြီး နောက်သို့ ယိုင်ထွက်သွားသည်၊ သူ၏ အသံမှာ ဆုတ်ဖြဲခံထားရသော အဝတ်စုတ်များကဲ့သို့ စူးရှနေသည်။
“မုန့်ဝမ်.......... ငါ့ကို ကယ်ပါဦး.......... နင်ပြောသလို ငါ လုပ်ခဲ့ပြီ၊ ငါ သူတို့ကို သတ်လိုက်ပြီ.......... နင် ဘာလို့ ငါ့ကို မကယ်တာလဲ....................”
သူသည် မုန့်ဝမ်ကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ကြောက်ရွံ့မှု၊ နာကျည်းမှုနှင့် အသနားခံမှုတို့ ရောယှက်နေပြီး အရုပ်ဆိုးနေတော့သည်။
မုန့်ဝမ်သည် နောက်ဆုံးတွင် လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းထိပ်များမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏အပေါ်သို့ ကျရောက်တော့မည့် တိုက်ကွက်များကို တားဆီးပေးလိုက်သော မမြင်နိုင်သည့် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
“အဖေ... ရှင်က ကျွန်မကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး။”
မုန့်ဝမ်၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေပြီး ရင်လေးဖွယ် ဖိအားများ ပါဝင်နေသည်။ “ကိုယ့်အသက်ရှင်ဖို့အတွက် ကိုယ့်ရဲ့ ရင်သွေးလေးတွေကိုတောင် ရှင်က လက်ပြန်ပါ တိုက်ခဲ့တာပဲ။”
“မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး.......... ငါ... ငါက အတင်းအကျပ် ခိုင်းစေခံရလို့ပါ..........”
မုန့်ချင်းကျူ သည် ခေါင်းကို ရူးသွပ်စွာ ခါယမ်းကာ အက်ကွဲသော အသံဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုနေသည်။
သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ရေနစ်နေသူတစ်ဦးအလား အသက်ကို လုရှူနေရသည်။
“ငါသာ သူတို့ကို မသတ်ခဲ့ရင် ငါတို့ သုံးယောက်လုံး သေမှာပဲ.......... ငါတို့အားလုံး သေမယ့်အတူတူ ဘာလို့ တစ်ယောက်ယောက် အသက်ရှင်အောင် မလုပ်ရမှာလဲ..........”
မုန့်ဝမ်က တိုးတိုးလေး ရယ်မောလိုက်သည်။
“အဲဒီလိုလား.......... ဒါဆိုရင် ရှင်က ကိုယ့်ရဲ့ သွေးသားရင်းချာတွေကို သတ်လိုက်ရတာကို ကျေနပ်နေတာပေါ့..........”
“ငါ...”
မုန့်ချင်းကျူ သည် ခဏမျှ စကားဆွံ့သွားသည်။ သူ၏ ကာကွယ်ပြောဆိုချက်မှာ အားနည်းပြီး အရာမထင်မှန်း သူသိသော်လည်း သူ အမှန်တကယ် မသေချင်ပေ။
သူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး တုန်ယင်နေသော လက်ဖြင့် မုန့်ဝမ်ကို ညွှန်ပြကာ မျက်လုံးများ သွေးတက်နေတော့သည်။
“ဒါတွေအားလုံးက နင် အတင်းအကျပ် လုပ်ခိုင်းလို့ပဲ.......... နင်ပဲ.......... နင်က မိစ္ဆာမပဲ..........”
မုန့်ဝမ်၏ အပြုံးမှာ အရည်ပျော်နေသော နှင်းများကဲ့သို့ ပိုမိုနက်ရှိုင်းလာသော်လည်း အရိုးထဲအထိ စိမ့်တက်သွားစေသော အေးစက်မှုများ ပါဝင်နေသည်။
“အကယ်၍ ရှင်သာ ရှင့်ရဲ့ ကလေးတွေအပေါ် တကယ် စဉ်းစားခဲ့ရင် ရှင့်ဘာသာရှင် သေလိုက်လို့ ရတာပဲ၊ ဒါပေမဲ့ ရှင်က မသေရဲဘူး မဟုတ်လား၊ ချစ်လှစွာသော အဖေကြီး..........”
မုန့်ချင်းကျူ ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားပြီး နှုတ်ခမ်းများ တုန်ယင်ကာ အသံမှာ တုန်လှုပ်မှုနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။
“မဟုတ်ဘူး၊ ငါ သေမှာကို ကြောက်လို့ မဟုတ်ဘူး။ ငါက စိုးရိမ်လို့ပါ...........
နင် ငါ့ကို ပေးခဲ့တဲ့ ကတိက မတည်မှာကို စိုးရိမ်လို့.......... ဟုတ်တယ်၊ အဲဒီအတိုင်းပဲ။ နင် ဒါတွေအားလုံး ပြောနေတာက ငါတို့ကို အရှက်ခွဲဖို့ဆိုတာ ဘယ်သူသိမှာလဲ..........”
မုန့်ဝမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူမသည် လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းငါးချောင်းမှာ ချိတ်များကဲ့သို့ ဖြစ်သွားပြီး မုန့်ချင်းကျူ ၏ လည်ပင်းကို ညှစ်ကာ တစ်ကိုယ်လုံးကို မြှောက်လိုက်သည်။
မုန့်ချင်းကျူ ၏ ခြေထောက်များ မြေပြင်မှ လွတ်သွားပြီး မျက်နှာမှာ ခရမ်းရောင် သန်းလာကာ မုန့်ဝမ်၏ လက်မောင်းကို အသည်းအသန် ရိုက်ပုတ်နေသော်လည်း သံမဏိကို ရိုက်နေသကဲ့သို့ပင် ဘာမှ အရာမထင်ပေ။
“အဖေ... ရှင်က တကယ်ကို ချစ်ဖို့ကောင်းလောက်အောင် နုနယ်တာပဲ။”
မုန့်ဝမ်၏ အသံမှာ ကိုးထပ်သော ငရဲပြည်မှ လာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုများ ပါဝင်နေသည်။
“ငါသာ ရှင့်ကို သတ်ချင်ရင် ရှင် အခု အသက်ရှင်နေမယ် ထင်လို့လား.......... ငါသာ ငါ့ကတိကို မတည်ခဲ့ရင် ရှင် အခု သေနေပြီ..........”
သူမ၏ လက်ချောင်းထိပ်များက အနည်းငယ် ပိုမိုတင်းကြပ်သွားရာ မုန့်ချင်းကျူ ၏ လည်ချောင်းမှ မျှော်လင့်ချက်မဲ့သော အသံများ ထွက်ပေါ်လာပြီး မျက်လုံးများမှာလည်း ပြူးထွက်လုနီးပါး ဖြစ်နေသည်။
သေခါနီးအချိန်တွင် မုန့်ချင်းကျူ ၏ အရုပ်ဆိုးသော ရုန်းကန်မှုကို ကြည့်ရင်း မုန့်ဝမ်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
သူမသည် သူမ၏လက်ကို အသာအယာ ခါလိုက်ရာ မုန့်ချင်းကျူ မှာ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် လွင့်ကျသွားသည်။
မုန့်ချင်းကျူ သည် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသဖြင့် သူ၏ အရိုးများပင် တစ်စစီ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ လည်ချောင်းကို ကိုင်ကာ အသည်းအသန် ချောင်းဆိုးနေပြီး သူ၏ အဆုတ်များပင် ထွက်ကျလာတော့မည့်အတိုင်းပင်။
မုန့်ဝမ်သည် သူ့ကို ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် သနားခြင်း ကရုဏာ မရှိဘဲ နားမလည်နိုင်သော အေးစက်မှုများသာ ရှိသည်။
“ငါ ရှင့်ကို မသတ်ဘူး၊ မုန့်ချင်းကျူ ။”
သူမ၏ အသံမှာ အေးစက်ပြီး ကြည်လင်နေသည်။
“ရှင်လိုလူစားမျိုးက ဒီကမ္ဘာပေါ်မှာ အကြာကြီး၊ အကြာကြီး ရှင်သန်နေသင့်တယ်၊ လောကရဲ့ ကျိန်စာတွေကို အကြာကြီး၊ အကြာကြီး ခံစားသွားရမယ်၊
ဒီအဆုံးမရှိတဲ့ နာကျင်မှုနဲ့ နှိပ်စက်မှုတွေကို ခံစားနေရမှ ငါ့ရဲ့ တာအိုလမ်းစဉ်က ရှင်းလင်းမှာ။”
မုန့်ဝမ် စကားပြောပြီးနောက် မြေပြင်ပေါ်ရှိ ရွှံ့ပုံတစ်ပုံကဲ့သို့ ဖြစ်နေသော မုန့်ချင်းကျူ ကို ဆက်မကြည့်တော့ဘဲ အောက်ဘက်ရှိ သတ်ဖြတ်ပွဲကို ဆက်လက် ခံစားနေတော့သည်။
မုန့်ချင်းကျူ သည် မြေပြင်ပေါ်တွင် အရိုးမရှိသော ပိုးကောင်တစ်ကောင်ကဲ့သို့ လဲလျောင်းနေသည်။
“ကြည့်စမ်း၊ အသက်ရှင်ဖို့အတွက် မုန့်ချင်းကျူ က တကယ်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အလုပ်မျိုးကို လုပ်ခဲ့တာပဲ၊ ငါတို့ ကျင့်ကြံသူအားလုံးကို တကယ်ပဲ အရှက်ခွဲလိုက်တာပဲ..........”
“ကျားတောင်မှ ကိုယ့်အသားကို ပြန်မစားဘူး၊ ဒါပေမဲ့ သူကတော့ အသက်ရှင်ဖို့အတွက် ကိုယ့်ရဲ့ သွေးသားရင်းချာတွေကိုတောင် သတ်ခဲ့တယ်..........”